အခန်း ၂၇
Vol. 3 Ch. 27
အပိုင်း (၂၇)
"မဖြစ်နိုင်တာ"
လျူယွမ်က လျူစစ်ယဉ်ကို မျက်ဖြူလှန်ပြီးနောက် စျေးဝယ်လှည်းကို ငွေချေကောင်တာဆီ တွန်းကာ ထွက်သွားဖို့ ပြင်လိုက်သည်။
“ကျွန်မစကားတောင် မဆုံးသေးဘူးလေ”
လျူစစ်ယဉ်တစ်ယောက် သူ့နောက်ဆီ အပြေးအလွှား လိုက်လာခဲ့ကာ သွယ်လျတဲ့ လက်ချောင်းလေးတွေနဲ့ လျူယွမ်ရဲ့ လက်မောင်းကို လှမ်းဆွဲလိုက်သည်။ ပြီးတော့ ရင်းနှီးတဲ့ လေယူလေသိမ်းနဲ့ ပြောလိုက်သည် -
¹ ငါတို့က မိသားစုတွေပဲဟာ၊ မျိုးရိုးနာမည်တောင် 'လျူ' ချင်း တူနေတာပဲကို၊ အရမ်းကြီး စိမ်းကားမနေပါနဲ့။"
"နင်က ငါဘာလုပ်ဖို့ လာတာလဲဆိုတာကိုတောင် မမေးသေးဘူးလား"
လျူယွမ်က ခေါင်းလှည့်လိုက်ပြီး သူမရဲ့ နားဆီ အနည်းငယ် တိုးကပ်ကာ တိုးတိုးလေး ကပ်ပြောလိုက်သည် -
"မိသားစုချင်းမို့လို့ပဲ နင်က ငါ့ကို လာပြီး ကန့်သတ်ချက်တွေ၊ တောင်းဆိုချက်တွေ လုပ်နေတာလား"
လျူစစ်ယဉ် - "..."
သူမ၏ မျက်လုံးများ ပြူးကျယ်သွားပြီး တစ်ကိုယ်လုံး မှင်တက်သွားခဲ့သည်။
အမလေး... သူပြောတာလည်း တကယ်ကြီး အကျိုးအကြောင်း ရှိနေပါလား။
"ဒါဆိုရင်လည်း… အခြေအနေတွေကို မပြောတော့ဘူး" လျူစစ်ယဉ်က အလျှော့ပေးလိုက်ပြီး - "နတ်ဘုရားအိုကြီးကို မနှိမ်နင်းခင်စပ်ကြားမှာ နင့်မိန်းမနဲ့ ငါ့အဘိုးတို့ ခေတ္တခဏ စစ်ပြေငြိမ်းထားနိုင်ဖို့ ငါ မျှော်လင့်တယ်"
"နင့်ရဲ့ ရိုးသားဖြောင့်မတ်မှုကို အရင်ပြဦးလေ"
လျူယွမ်က သဘောတူခြင်း၊ ငြင်းပယ်ခြင်း မရှိဘဲ စျေးဝယ်လှည်းထဲက ပစ္စည်းတွေကို ငွေချေကောင်တာပေါ် တင်လိုက်သည်။
"ရိုးသားဖြောင့်မတ်မှု ဟုတ်လား။ လျူယွမ်… ငါတို့က နင့်ကို ကူညီနေတာနော်၊ နင့်ကို တောင်းပန်နေတာ မဟုတ်ဘူး" လျူစစ်ယဉ်က သူ့ရဲ့ မာကျောလှတဲ့ သဘောထားကြောင့် ဒေါသထွက်သွားပြီး အေးစက်စွာ အော်ငေါက်လိုက်သည်။
နောက်ဆုံးပစ္စည်းကို ကုဒ်ဖတ်ပြီးနောက် ငွေကိုင်ကောင်တာက ဝန်ထမ်းမလေးက အပြုံးဖြင့် - "အစ်ကိုရှင့်… အားလုံးပေါင်း ၅၂၀.၅ ယွမ် ကျသင့်ပါတယ်၊ ဘယ်လို ငွေချေမလဲရှင့်"
လျူယွမ်က သူ့နောက်က လျူစစ်ယဉ်ကို လက်ညှိုးထိုးပြလိုက်သည်။
"သူမနဲ့ အတူတူပဲ"
ပြောပြီးတာနဲ့ သူက ပစ္စည်းအိတ်ကြီး နှစ်အိတ်ကို ဆွဲကာ အပြင်သို့ လှမ်းထွက်ခဲ့သည်။
လျူစစ်ယဉ်တစ်ယောက် နေရာမှာတင် ကျောက်ရုပ်လို ဖြစ်သွားခဲ့သည်။ လျူယွမ်ရဲ့ ခန့်ညားလှတဲ့ ကျောပြင်ကြီး ထွက်ခွာသွားတာကို ကြည့်ရင်း၊ ပြီးမှ ကောင်တာပေါ်က ကျသင့်ငွေစာရင်းကို လှမ်းကြည့်ကာ ဗြုန်းခနဲ အော်ပြောလိုက်မိသည် -
"မရဘူးလေ… ငါ့မိသားစုက ဒေဝါလီခံထားရတာ"
လျူယွမ်က ခြေလှမ်းတွေကို ရပ်လိုက်ပြီး လှည့်ကြည့်ကာ ပြုံးပြလိုက်သည် - "ဒါဆိုရင်တော့ နင်က မရိုးသားဘူးပေါ့"
ဒီကောင်စုတ်လေး… ငါ အခု ခေါက်ဆွဲခြောက်တောင် ဝယ်စားဖို့ ပိုက်ဆံမရှိတဲ့ဟာကို။
လျူစစ်ယဉ်တစ်ယောက် စိတ်ထဲကနေ ကျိန်ဆဲရင်း တွန့်ဆုတ်တွန့်ဆုတ်နဲ့ အိတ်ကပ်ထဲက ခရက်ဒစ်ကတ်တစ်ခုကို ထုတ်လိုက်ရသည်။
အကြွေးနဲ့ပဲ ပတ်ချာလည်အောင် သုံးနေရတဲ့ဘဝ။
သိုင်းပညာ ကျင့်ကြံဖို့အတွက် ချေးငွေထုတ်ရတဲ့ ဒုက္ခကို ဘယ်သူက နားလည်မှာလဲ။
လျူယွမ်က တံခါးဝကနေ သူမကို "OK" လက်ဟန်ပြလိုက်ပြီး ပစ္စည်းတွေကို သယ်ကာ ထွက်လာခဲ့သည်။
လျူစစ်ယဉ်က ထွက်ခွာသွားတဲ့ သူ့ကျောပြင်ကို ကြည့်ရင်း သူမရဲ့ ရဲရဲနီနေတဲ့ နှုတ်ခမ်းသားလေးတွေကို လျှာနဲ့ သပ်လိုက်သည်။
"နင့်မိန်းမရဲ့ ခန္ဓာကိုယ်ကို ငါ ပိုင်ဆိုင်သွားတာနဲ့… နင်က ငါ ပထမဆုံး စားမယ့် သားကောင်ပဲ။ ငါက စာရှိမိအရသာကို သတိရနေခဲ့တာ"
"မမလေးရှင့်…" ငွေကိုင်ဝန်ထမ်းမလေးက အားနာတဲ့ အပြုံးလေးနဲ့ - "မမလေးရဲ့ ကတ်ထဲမှာ… ငွေပမာဏ မလုံလောက်ဘူး ဖြစ်နေပါတယ်ရှင့်"
အားးးးးး! ငါ တကယ် စုတ်ပြတ်သတ်နေပါလား။
လျူစစ်ယဉ်က အသက်ကို ပြင်းပြင်းရှူလိုက်ပြီး မျက်နှာပေါ်မှာ ချိုသာတဲ့ အပြုံးတစ်ခုကို ချက်ချင်း ဖန်တီးလိုက်ကာ ချစ်စရာ ပါးချိုင့်လေးနှစ်ဖက်ကို ဖော်ပြရင်း -
"ဟို… အစ်မရှင့်၊ ဒီစူပါမားကတ်မှာ လူလိုသေးလားဟင်။ ကျွန်မ အလုပ်လုပ်လို့ ရပါတယ်ရှင်"
လျူမိသားစု ဒေဝါလီခံရပြီးကတည်းက လျူမိသားစုရဲ့ မျိုးဆက်တွေအားလုံးဟာ အေးစက်တဲ့ စက်ရုပ်တွေ ဖြစ်ကုန်ကြပြီး လုပ်ငန်းပေါင်းစုံမှာ ရုန်းကန်လှုပ်ရှားနေကြရသည်။ ဒါဟာ သူတို့ရဲ့ ဘိုးဘေးဖြစ်တဲ့ လျူဟွာချန်ကို ထောက်ပံ့ဖို့အတွက်ပဲ ဖြစ်သည်။
လျူယွမ်က လျူစစ်ယဉ် နောက်ကနေ လိုက်မလာတော့တာကို မြင်မှ စိတ်အေးသွားခဲ့သည်။
သူမပြောတဲ့ စကားတွေအရဆိုရင် သူမဟာ သူမရဲ့အဘိုး လျူဟွာချန်ကို သွေးမိစ္ဆာဧကရာဇ်က ပူးကပ်သိမ်းပိုက်ထားတယ်ဆိုတာကို သိနေတဲ့ ပုံပင်။
ဒီကောင်မလေးက ကြည့်ရတာ အထက်တန်းကျောင်းသူအရွယ်ပဲ ရှိဦးမယ်၊ စိတ်ဓာတ်က ဒီလောက်တောင် ကြံ့ခိုင်နေတာလား။
စိတ်ဓာတ်ပြိုလဲမသွားတဲ့အပြင် ငါနဲ့ လာပြီး ပူးပေါင်းဖို့တောင် သတ္တိရှိနေသေးတယ်။
ကြည့်ရတာ သူမရဲ့ စိတ်ဝိညာဉ်က သူမကိုယ်ပိုင် မဟုတ်တော့ဘဲ မိစ္ဆာဧကရာဇ်ရဲ့ ထိန်းချုပ်မှုကို ခံထားရတဲ့ ရုပ်သေးရုပ်တစ်ခု ဖြစ်နေပုံရသည်။
ဘာပဲဖြစ်ဖြစ် မိစ္ဆာမျိုးနွယ်စုတွေဟာ စိတ်ဝိညာဉ်တွေကို ထုတ်ယူပြီး ကျင့်ကြံခြင်းဆိုင်ရာ ကိရိယာအဖြစ် သုံးရတာကို အကျွမ်းကျင်ဆုံးပဲ မဟုတ်ပါလား။
လျူယွမ်၏ မျက်ဝန်းများ အနည်းငယ် ကျဉ်းမြောင်းသွားသည်။
မိစ္ဆာဧကရာဇ်ကသာ မဟာမိတ်ဖြစ်လာမယ်ဆိုရင် ကောင်းကင်ဘုံက လူတွေကို အနိုင်ယူဖို့ အခွင့်အရေးက ပိုပြီး များလာမှာ သေချာသည်။
ဒါပေမဲ့ စောင့်ကြည့်ပြီး သတိထားရပေဦးမည်၊ အဲဒီ အဖိုးကြီးကလည်း လူကောင်းမဟုတ်ပေ။
အိမ်ကို ရောက်လို့ တံခါးဖွင့် ဝင်လိုက်တာနဲ့…
“ဝိုင်း… ခဲအို ပြန်လာပြီပဲ"
စုယွီမော့က စာကလေးလေးတစ်ကောင်လို ပျံသန်းပြေးဝင်လာပြီး သူ့လက်ထဲက စျေးဝယ်အိတ်ကို တက်တက်ကြွကြွ လှမ်းယူလိုက်သည်။
"စားစရာ ကောင်းတွေ အများကြီး ဝယ်လာတာပဲ။ အစ်မက အစာငတ်ခံနေတာဆိုတော့ ဒါတွေက သေချာပေါက် ကျွန်မအတွက် ဝယ်လာတာ ဖြစ်ရမယ်။ ခဲအိုက ကျွန်မအပေါ် အကောင်းဆုံးပဲ"
"မဟုတ်ပါဘူး… အဲဒါ သူငယ်ချင်းတစ်ယောက်က ပေးလိုက်တာ" လျူယွမ်က ခေါင်းခါလိုက်ပြီး - "ဒါပေမဲ့ နင်စားချင်ရင်လည်း စားလို့ရပါတယ်"
"ကျေးဇူးပါ ခဲအို" စုယွီမော့က အာလူးကြော်ထုပ်ကို ဖောက်ပြီး ကိုယ်တိုင်တစ်လုပ်စားကာ နောက်တစ်ဖက်ကို လျူယွမ်ရဲ့ နှုတ်ခမ်းနားဆီ အတင်းတိုးပေးရင်း မျက်လုံးဝိုင်းလေးတွေနဲ့ - "ခဲအို… နည်းနည်းလောက် စားကြည့်ဦး"
လျူယွမ်က ရယ်မောလိုက်ပြီး - "ဒီနေ့မှ ဘာလို့ ဒီလောက်တောင် လိမ္မာယဉ်ကျေးနေရတာလဲ၊ အလကားသက်သက်တော့ မဟုတ်လောက်ဘူးပဲ"
စုယွီမော့က ရင်ဘတ်ကို မတ်လိုက်ပြီး - "ခဲအို လျှောက်ပြောနေတာပဲ၊ ကျွန်မက အမြဲတမ်း လိမ္မာတဲ့သူပါနော်”
လျူယွမ်က သူမကို ဖော်ကောင်မလုပ်ချင်တော့တာမို့ - "နင့်အစ်မကော ဘယ်မှာလဲ"
"အစ်မက မစ်ခ်တီးဆိုင်ဆီ သွားပြီး ကိုယ်ဝန်ဖျက်ဆေး ကိစ္စကို သွားစုံစမ်းနေတယ် ထင်တယ်" စုယွီမော့က လျှို့ဝှက်ဆန်းကြယ်စွာ ပြုံးလိုက်ပြီး - "ခဲအို… အစ်မအကြောင်းပဲ တွေးမနေပါနဲ့။ လာပါ… ကျွန်မရဲ့ လက်ရာကို ပြရသေးတာပေါ့"
ပြောပြောဆိုဆိုနဲ့ သူမက မီးဖိုချောင်ထဲကနေ အနံ့အသက်နဲ့ အရသာ ပြည့်စုံလှတဲ့ ဟင်းပွဲအချို့ကို ဂုဏ်ယူစွာ သယ်ထုတ်လာခဲ့သည်။
သူမက စုချင်းရွှယ်ရဲ့ ပုံစံကို အတုခိုးပြီး လျူယွမ်ရဲ့ ပန်းကန်ထဲကို ဟင်းတစ်ဖတ် ထည့်ပေးလိုက်သေးသည်။
"ခဲအို… ဒီချိုချဉ်စပ် ဝက်သားတုံးလေးကို မြည်းကြည့်ဦး၊ အရသာ ဘယ်လိုလဲ"
လျူယွမ်က လှမ်းကြည့်လိုက်ရာ မျက်နှာအမူအရာက ထူးဆန်းသွားသည်။
"ဒါက… နင်မှာထားတဲ့ ပါဆယ်ထုတ်ပဲ မဟုတ်လား"
သူက ဘေးက အမှိုက်ပုံးကို အမှတ်မထင် ဖွင့်ကြည့်လိုက်ရာ သေချာပေါက်ပဲ ရင်းနှီးနေတဲ့ ပါဆယ်ဗူးအချို့က ငြိမ်သက်စွာ လဲလျောင်းနေကြသည်။
အကွက်မိသွားတဲ့ စုယွီမော့က လျှာလေးထုတ်ပြရင်း စနောက်လိုက်သည် - "ခဲအိုကလည်း… ကျွန်မလည်း အများကြီး အားထုတ်ထားရတာပဲဥစ္စာ"
လျူယွမ်က ခေါင်းညိတ်လိုက်ပြီး - "ဟုတ်ပါတယ်… ပါဆယ်ဗူးတွေကို ဖောက်ရတာလည်း အားစိုက်ရတာပဲလေ"
စုယွီမော့က နောက်ထပ် ရောစပ်ထားတဲ့ ဖျော်ရည်တစ်ခွက်ကို ယူလာပြီး - "ဒါဆိုရင် ဒါကို မြည်းကြည့်ဦး၊ ဒါက ကိုယ်တိုင်လုပ်ထားတာ၊ ပါဝင်ပစ္စည်းတွေကလည်း အဆုံးမဲ့ကောင်းကင်ဘုံက လာတာနော်"
ဖျော်ရည်ခွက်ထဲက အရည်တွေက မီးရောင်အောက်မှာ ရောင်စုံ ဖြာထွက်နေသည်။
လျူယွမ်က သူမ သူ့ကို ဆေးခတ်ထားမှာကို မစိုးရိမ်ဘဲ အခြေအနေကို စောင့်ကြည့်ဖို့အတွက် ဖျော်ရည်ကို တစ်ငုံ ငုံလိုက်သည်။
"ခဲအို… သောက်ကြည့်ပြီး အရသာကို ခံစားကြည့်ဦး" စုယွီမော့က ရှေ့ကို တိုးလာပြီး - "အရသာ ဘယ်လိုနေလဲ"
လျူယွမ်မှာ အောင့်သက်သက် အပြုံးနဲ့ပဲ ချီးမွမ်းလိုက်ရသည် - "ချို၊ ချဉ်၊ ခါး၊ စပ်၊ ငန်… အရသာငါးမျိုးလုံး စုံနေတာပဲ၊ တကယ့်ကို အဆင့်ဆင့် ခံစားရတဲ့ အရသာပဲ"
စုယွီမော့၏ မျက်ဝန်းများ ချက်ချင်း မှေးမှိန်သွားခဲ့သည်။
"ကြည့်ရတာ… ကျွန်မက မမကို ဘယ်လိုမှ မမီနိုင်တာပဲ"
"နင်ကလည်း သူမမှာမရှိတဲ့ အားသာချက်တွေ ရှိတာပဲလေ" လျူယွမ်က နှစ်သိမ့်လိုက်သည်။
စုယွီမော့၏ မျက်လုံးများ ဝင်းခနဲ ဖြစ်သွားပြီး - "တကယ်ကြီးလား ခဲအို၊ ဒါဆို ပြောပြဦး၊ ဘယ်အချက်တွေလဲ"
လျူယွမ်က သူမကို သေသေချာချာ စိုက်ကြည့်ရင်း - "နင်က သူမထက် ပိုပြီး အစားပုတ်တယ်..."
စုယွီမော့ - "...”
ခဲအို… ဒါက နာကျင်ရတယ်နော်။
သူမက မတရားခံရသလို ခံစားချက်မျိုးနဲ့ ရောင်စုံ နတ်သမီးအရက်ကို ယူပြီး တစ်ကျိုက်တည်း မော့ချလိုက်သည်။
မကြာခင်မှာပဲ သူမရဲ့ ဖြူစင်တဲ့ ပါးပြင်လေးပေါ်မှာ နီမြန်းတဲ့ အရောင်တွေ လွှမ်းမိုးလာခဲ့သည်။
အယ်လ်ကိုဟော အာနိသင် ပြလာပြီ ဖြစ်သည်။
"ဝါးးးး…" သူမက ရုတ်တရက် မျက်နှာကို လက်နဲ့အုပ်ပြီး ငိုချလိုက်တော့သည် - “မမက ကျွန်မထက် ခန္ဓာကိုယ်အချိုးအစား ပိုလှတယ်၊ ပိုပြီးလည်း သန်မာတယ်၊ မိသားစုရဲ့ အချစ်ကိုလည်း ပိုရတယ်၊ ပြီးတော့ ပိုးပန်းတဲ့သူတွေလည်း မရေမတွက်နိုင်အောင် ရှိတယ်… ကျွန်မက အစ်မကို ဘယ်နေရာမှ မမီဘူး။ ခဲအိုလို သာမန်လူသားကတောင် အစ်မကိုပဲ ပိုချစ်ကြတာ"
ပြောပြောဆိုဆိုနဲ့ သူမက ရုတ်တရက် ခေါင်းမော့လာရာ မျက်ဝန်းတွေက ပြောင်းလဲသွားခဲ့လေသည်။
ဒေါသထွက်နေတဲ့ ကျားမလေးတစ်ကောင်လို သားကောင်ကို အမိဖမ်းသလိုမျိုး လျူယွမ်ကို ဆိုဖာပေါ် ဆွဲလှဲပစ်လိုက်သည်။
သူမရဲ့ အရပ်က ၁.၅ မီတာကျော်ပဲ ရှိပြီး ခြေတံတိုတိုနဲ့ ကောင်မလေးတစ်ယောက်ဆိုပေမဲ့ အဋ္ဌမအဆင့် သိုင်းဂိုဏ်းချုပ်တစ်ယောက်ရဲ့ ခွန်အားက အလှသက်သက်ပင် မဟုတ်ချေ။
ကြောက်မက်ဖွယ်ကောင်းတဲ့ ဖိအားတစ်ခုက လျူယွမ်ကို ချက်ချင်း လွှမ်းမိုးသွားခဲ့သည်။
စတုတ္ထအဆင့် သိုင်းရဲကောင်းမျှသာ ရှိသေးတဲ့ လျူယွမ်ဟာ ဒီစွမ်းအားရှေ့မှာ လုံးဝ မခုခံနိုင်ဘဲ လက်ချောင်းတစ်ချောင်းတောင် မလှုပ်နိုင်၊ အသံတောင် မထွက်နိုင် ဖြစ်သွားခဲ့ရသည်။
ဒါဟာ သူ အဋ္ဌမအဆင့် သိုင်းဂိုဏ်းချုပ်ရဲ့ ဖိအားကို ပထမဆုံးအကြိမ် အစစ်အမှန် ခံစားလိုက်ရခြင်း ဖြစ်သည်။
သူ့ရဲ့ ခယ်မလေးက သူ့ရဲ့ ခါးပေါ်မှာ ခွထိုင်ထားပြီး လက်သေးသေးလေးတွေနဲ့ သူ့ရဲ့ လက်မောင်းတွေကို ဖိထားသည်။
"ခဲအို…"
စုယွီမော့ရဲ့ မျက်ဝန်းတွေက ဝေဝါးနေပြီး မျက်နှာကလည်း နီမြန်းနေကာ သေချာပေါက် မူးနေပြီ ဖြစ်သည်။
"ကျွန်မကို တစ်ခါလောက်ပဲဖြစ်ဖြစ် ချစ်ပေးလို့ မရဘူးလား။ ဟို… မမကို ချစ်သလိုမျိုးလေ"
သူမရဲ့ နုနယ်လှတဲ့ မျက်နှာပေါ်က မျက်ဝန်းထောင့်ကနေ ပုလဲကဲ့သို့ မျက်ရည်တစ်စက် စီးကျလာပြီး စုယွီမော့ရဲ့ စိတ်ပိုင်းဆိုင်ရာ နာကျင်မှုကို ထင်ဟပ်နေစေသည်။
အသက် ခုနစ်နှစ်အရွယ်တုန်းက မိခင်ဖြစ်သူ ယိုကွမ်း သေဆုံးခဲ့ရပြီး ဖခင်ဖြစ်သူကလည်း အစ်မဖြစ်သူကိုပဲ အစွန်းရောက်အောင် အလေးပေး ချစ်ခင်ခဲ့တာကြောင့် စုယွီမော့ဟာ အချစ်ငတ်မွတ်ခြင်း ဝေဒနာကို ပြင်းထန်စွာ ခံစားခဲ့ရသူ ဖြစ်သည်။
"ခဲအို… နင်က… တောက်ပနေတာပဲ…"
"ကျွန်မ အဲဒါကို အရမ်းလိုချင်တယ်… ယွီမော့ တကယ် လိုချင်တယ်…"
"အဲဒါက မမက ယွီမော့ကို ပေးထားတဲ့အရာလေ… ပြန်ပေး"
စုယွီမော့၏ အကြည့်များက ပိုမို ကြောက်မက်ဖွယ်ကောင်းလာပြီး မျက်သူငယ်အိမ်ထဲကနေ စိမ်းဖန့်ဖန့် အရောင်တွေ ထွက်လာခဲ့သည်။
အမှုကတော့ ပေါ်သွားချေပြီ။
ဒီစိမ်းဖန့်ဖန့် အရောင်ကို ကြည့်ပြီး လျူယွမ်တစ်ယောက် နောက်ဆုံးတော့ နားလည်သွားခဲ့သည်။
သူ့ရဲ့ ခယ်မလေးက သူ့ကို တကယ် စိတ်ဝင်စားနေတာ မဟုတ်ပေ။
သူမက သူ့ကို အစ်မဖြစ်သူကို လုယူသွားတဲ့သူအဖြစ် သဘောထားပြီး မကျေမနပ် ဖြစ်နေတာပင်။
စုမိသားစုထဲမှာ မိခင်ဖြစ်သူ ယိုကွမ်းအပြင် သူမအပေါ် အကောင်းဆုံး ဆက်ဆံခဲ့တာက အစ်မဖြစ်တဲ့ စုချင်းရွှယ် ဖြစ်သည်။
အပေါ်ယံမှာတော့ သူမက စုချင်းရွှယ်ကို မနာလိုဖြစ်နေပုံရပေမဲ့၊ မသိစိတ်ထဲမှာတော့ သူမ တကယ် မနာလိုဖြစ်နေတာက ခဲအိုဖြစ်တဲ့ သူ့ကိုပင် ဖြစ်သည်။
သူက ဘာလို့ ငါ့အစ်မကို လက်ထပ်ခွင့် ရခဲ့တာလဲ။
သူက ဘာလို့ အစ်မနဲ့ ရင်းနှီးခွင့် ရှိရတာလဲ။
ဘာလို့ အစ်မက သူ့ကလေးကို ကိုယ်ဝန်ဆောင်ထားရတာလဲ။
အစ်မရဲ့ အချစ်တွေအားလုံးက ခဲအိုဆီ ရောက်သွားခဲ့ပြီ။
မိခင်ကို ဆုံးရှုံးပြီးနောက်မှာ စုယွီမော့ဟာ သူမရဲ့ ချစ်လှစွာသော အစ်မကိုပါ ထပ်မံ ဆုံးရှုံးလိုက်ရခြင်း ဖြစ်သည်။
သူမက လျူယွမ်ဆီကနေ အစ်မရဲ့ အချစ်တွေကို ပြန်လည် တိုက်ယူချင်နေခဲ့ခြင်း ဖြစ်သည်။
ဒါဆိုရင် ဒီခယ်မလေးက အစ်မကို အစွန်းရောက် ချစ်ခင်စွဲလမ်းပြီး စိတ်ကောက်တတ်တဲ့ ယန်ဒဲရီ(Yandere) တစ်ယောက် ဖြစ်နေတာပေါ့။
မူးနေတဲ့ စုယွီမော့ကတော့ လုံးဝ မထိန်းချုပ်နိုင်တော့ဘဲ သူမရဲ့ ကျားစွယ်လေးတွေကို ဖြဲကာ လျူယွမ်ကို ကိုက်ခဲတော့သည်။
သူမ ကိုက်နေတဲ့ ပုံစံက ရေခဲမုန့် စားနေသလိုပင်၊ မြန်မြန်စားရင်လည်း ကုန်မှာကြောက်၊ နှေးနှေးစားရင်လည်း ငတ်မွတ်နေတုန်းပင် ဖြစ်သည်။
"ငါ စားမယ်… ငါ စားမယ်… အားလုံးက ယွီမော့ရဲ့ ဟာပဲ… အားလုံးက ယွီမော့ရဲ့ အပိုင်ပဲ…"
စုယွီမော့ရဲ့ မျက်လုံးတွေက သုံးရက်လောက် အစာမစားရတဲ့ သရဲတစ်ကောင်လို စိမ်းဖန့်ဖန့် အရောင်တွေ တောက်ပနေပြီး လျူယွမ်ကို ရူးသွပ်စွာ ဝါးမြိုနေတော့သည်။
ဒီလိုလုပ်ခြင်းအားဖြင့် အစ်မဖြစ်သူက ခဲအိုအပေါ်မှာ ဖုံးကွယ်ထားတဲ့ အချစ်တွေကို အကုန် စုပ်ယူနိုင်မယ်လို့ ထင်နေပုံရသည်။
အဲဒီအချိန်မှာတင်…
"ကလစ်" ဆိုတဲ့ အသံနဲ့အတူ၊
တံခါး ပွင့်လာခဲ့သည်။
ကိုယ်ဝန်အရင့်အမာနဲ့ စုချင်းရွှယ်က အပြင်ကနေ အိမ်ထဲကို လှမ်းဝင်လာပြီး မျက်နှာပေါ်မှာ နူးညံ့တဲ့ အပြုံးလေးတစ်ခု ရှိနေသည်။
သူမက ဆိုဖာပေါ်က အခြေအနေကို မြင်လိုက်ရတဲ့အချိန်မှာတော့… မျက်နှာပေါ်က အပြုံးတွေက တစ်လက်မချင်းစီ အေးခဲသွားခဲ့တော့သည်။
ကောင်းကင်ကြီး ပြိုကျချေပြီ။
သူမရဲ့ ညီမအရင်းခေါက်ခေါက်က သူမရဲ့ လင်ယောက်ျားပေါ်ကို ခွစီးနေသည် မဟုတ်ပါလား။