အခန်း ၂၈
Vol. 3 Ch. 28
အပိုင်း (၂၈)
"အရမ်းကျေနပ်ဖို့ကောင်းတာပဲ... ယွီမော့ ဗိုက်ပြည့်သွားပြီ..."
စုယွီမော့က နီမြန်းနေတဲ့ မျက်နှာလေးကို ပင့်မော့ကာ ကျေနပ်ပီတိဖြစ်နေတဲ့ အမူအရာလေး ပြလိုက်ပြီးနောက် တစ်ကိုယ်လုံး ပျော့ခွေသွားပြီး အရက်ရှိန်ကြောင့် ရွှံ့စေးတုံးလို လုံးဝမူးလဲသွားတော့သည်။
သူမက ပျော့ပျောင်းအိစက်နေတဲ့ ကြောင်ပေါက်လေးတစ်ကောင်လို လျူယွမ်ရဲ့ရင်ခွင်ထဲ မှီတွဲကျလာခဲ့သည်။
အဋ္ဌမအဆင့် သိုင်းဂိုဏ်းချုပ်ရဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ ဖိအားတွေ မရှိတော့တာမို့ လျူယွမ်တစ်ယောက် တစ်ကိုယ်လုံး ပေါ့ပါးသွားပြီး လှုပ်ရှားနိုင်စွမ်း ချက်ချင်း ပြန်ရလာခဲ့သည်။
သူက သူ့အပေါ် ခွစီးထားတဲ့ ခယ်မလေးကို ချက်ချင်း တွန်းဖယ်လိုက်ပြီး ထထိုင်လိုက်သည်။
အရာရာမှာ အနိုင်ရတဲ့အရာ ရှိစမြဲဆိုတာ တကယ်ကြီးပဲ။
စုချင်းရွှယ် ပေါ်လာတာနဲ့တစ်ပြိုင်နက် ခယ်မလေးဟာ သွေးမျိုးဆက်ရဲ့ ဖိနှိပ်မှုကို ခံလိုက်ရပြီး ချက်ချင်း မူးလဲသွားတာပင် ဖြစ်သည်။
"မောင်... ဘာဖြစ်သွားသေးလဲ"
စုချင်းရွှယ်က သူမနောက်က တံခါးကို ပြန်ပိတ်လိုက်သည်။
အိမ်တွင်းရေး အရှုပ်အထုပ်တွေကို အပြင်လူတွေ မသိစေချင်တာကြောင့်ပင်။
သူမက ဖိနပ်ကိုတောင် သေချာပြန်မစီးနိုင်ဘဲ ဖြူဝင်းဥနေတဲ့ ခြေဗလာလေးတွေနဲ့ ဆိုဖာဆီ အပြေးအလွှား လျှောက်လာခဲ့ပြီး လျူယွမ်ရဲ့ အခြေအနေကို စိုးရိမ်တကြီး စစ်ဆေးလိုက်သည်။
သူ့မျက်နှာပေါ်မှာ တံတွေးတွေ ပေပွနေတာကလွဲရင် ကျန်တဲ့ဒဏ်ရာဆိုလို့ လည်ပင်းပေါ်က ထင်ရှားလှတဲ့ အနီရောင်အနမ်းအမှတ်အသားတစ်ခုပဲ ရှိသည်။
စုယွီမော့ဆီကတော့ အရက်နံ့တွေ နံဟောင်နေပြီး လုံးဝကို သတိလက်လွတ် မူးနေချေပြီ။
"မိန်းမ... မောင် ရှင်းပြပါရစေဦး၊ မင်းထင်သလို မဟုတ်ဘူးနော်"
လျူယွမ်က စုချင်းရွှယ်တစ်ယောက် သူနဲ့ ခယ်မလေးတို့ကို အထင်လွဲသွားမှာကို စိုးရိမ်မိသည်။
မမျှော်လင့်ဘဲ စုချင်းရွှယ်က အပြစ်မကင်းတဲ့ အမူအရာလေးနဲ့ -
"မောင်... စိတ်မကောင်းပါဘူး၊ ဒါတွေအားလုံးက ကျွန်မအပြစ်တွေပါ။ မောင့်ကို ဒုက္ခတွေ အများကြီး ပေးမိပြီ"
သူမက လျူယွမ်ကို ဘယ်တုန်းကမှ သံသယမဝင်ခဲ့ချေ။
ညီမဖြစ်သူဆီက အရက်နံ့နဲ့ ခုနက စိမ်းဖန့်ဖန့် တောက်ပနေတဲ့ မျက်ဝန်းတွေကို ကြည့်ရုံနဲ့ ဘာဖြစ်ခဲ့လဲဆိုတာ သူမ သိပြီးသား ဖြစ်သည်။
ဒါက သူမရဲ့ ညီမအရင်းခေါက်ခေါက် ဖြစ်ပြီး အဆုံးမဲ့ကောင်းကင်ဘုံမှာ အတူတူ နေထိုင်လာခဲ့တာ ၁၉ နှစ်တောင် ရှိပြီ မဟုတ်ပါလား။
ကမ္ဘာမြေရဲ့ အချိန်နဲ့ တွက်မယ်ဆိုရင်တော့ နှစ်ပေါင်း ၆,၀၀၀ တိတိ ရှိခဲ့ပြီဖြစ်သည်။
သူမရဲ့ အကျင့်စရိုက်ကို စုချင်းရွှယ် ကောင်းကောင်းသိသည်။
"ဒီကောင်မလေးက မူးလာရင် အခြားလူတစ်ယောက်လို ပြောင်းလဲသွားတာပဲ" လျူယွမ်က တစ်ရှူးနဲ့ မျက်နှာကို သုတ်ရင်း - "ပြီးတော့ သူမက မိန်းမအပေါ်မှာ အစွန်းရောက်တဲ့ ပိုင်ဆိုင်လိုစိတ် ရှိနေပုံရတယ်"
ဒါဟာ သူမရဲ့ ဒုတိယပင်ကိုယ်စရိုက်ပဲ ဖြစ်ရမည်။
စုချင်းရွှယ်က လျူယွမ်ရဲ့ ဘေးမှာ ဝင်ထိုင်လိုက်ပြီး သွယ်လျတဲ့ လက်ချောင်းလေးတွေနဲ့ သူ့ရဲ့လည်ပင်းကို အသာအယာ ပွတ်သပ်ပေးလိုက်ရာ အနမ်းအမှတ်အသားတွေက ချက်ချင်း ပျောက်ကွယ်သွားပြီး အသားအရေက ပုံမှန်အတိုင်း ပြန်ဖြစ်သွားခဲ့သည်။
“ပင်ကိုယ်စရိုက် ကွဲပြားတဲ့ရောဂါလား" ဒါကို ကြားတော့ လျူယွမ်က စုယွီမော့ကို သနားကရုဏာ သက်စွာ ကြည့်လိုက်ပြီး - "ဒါက တော်တော်လေး ပြင်းထန်တဲ့ စိတ်ရောဂါပဲ။ မိန်းမတို့မိသားစုက သူမကို ဆေးမကုပေးကြဘူးလား"
"ဟို... ဟိုလေ..." စုချင်းရွှယ်က ခေါင်းလေးငုံ့သွားပြီး အပြစ်မကင်းသလို ဖြစ်နေသည်။
လျူယွမ်က လက်လှမ်းပြီး သူမရဲ့ မေးစေ့လေးကို အသာအယာ ဆွဲမလိုက်ရာ ဝိုင်းစက်စိုစွတ်နေတဲ့ မျက်ဝန်းလေးတွေနဲ့ သူ့ကို ကြည့်လာခဲ့သည် - "မိန်းမ... ပြောစရာရှိတာကို ပွင့်ပွင့်လင်းလင်း ပြောပါ"
"မောင်... ကျွန်မညီမရဲ့ ပြဿနာက ရိုးရိုးစိတ်ရောဂါတင် မဟုတ်ဘူး" စုချင်းရွှယ်ရဲ့ လက်ချောင်းလေးတွေက စိုးရိမ်စိတ်ကြောင့် အင်္ကျီအနားသတ်ကို တင်းတင်းဆုပ်ကိုင်ထားရင်း နောက်ဆုံးတော့ အမှန်တရားကို ဖွင့်ဟလိုက်သည် -
"အဓိက အကြောင်းရင်းက မျိုးရိုးလိုက်တဲ့ ရောဂါကြောင့်ပဲ"
"မျိုးရိုးလိုက်တဲ့ ရောဂါ ဟုတ်လား"
လျူယွမ်က ဒီစကားလုံးတွေကို ရွတ်ဆိုရင်း သေသေချာချာ စဉ်းစားကြည့်လိုက်ရာ တစ်ကိုယ်လုံး ကြက်သီးထသွားခဲ့ရသည် -
"မိန်းမ... မင်းကော စရိုက် ကွဲပြားတဲ့ ရောဂါ ရှိနေတာလား"
ဒီစကားက စုချင်းရွှယ်ရဲ့ အထိမခံတဲ့ အကြောကို သွားထိမိသလို ဖြစ်သွားခဲ့သည်။
သူမရဲ့ နုနယ်လှတဲ့ ခန္ဓာကိုယ်လေး တုန်ရင်သွားပြီး အဝတ်လျှော်ပြားပေါ် ဒူးထောက်ချလိုက်တော့သည်။
"မောင်... တောင်းပန်ပါတယ်၊ ကျွန်မ ဒါကို အမြဲတမ်း ဖုံးကွယ်ထားခဲ့မိတယ်"
“ကျွန်မ မောင့်ကို ပြောပြချင်နေတာ ကြာပါပြီ၊ ဒါပေမဲ့ မောင်က လက်မခံနိုင်မှာကို ကြောက်လို့ မပြောရဲခဲ့တာ..."
သူမက ခေါင်းလေးငုံ့၊ နှုတ်ခမ်းကို ကိုက်ထားရင်း ရှက်လွန်းလို့ လည်ပင်းတွေအထိ ရဲနီနေခဲ့သည်။
အမှားတစ်ခုခု လုပ်ထားမိလို့ အပြစ်ပေးခံရတော့မယ့် လိမ္မာယဥ်ကျေးတဲ့ ကောင်မလေးတစ်ယောက်ရဲ့ ပုံစံအတိုင်းပင်။
"ဒီလို မလုပ်ပါနဲ့၊ ငါတို့ သမီးလေး မြင်သွားရင် မကောင်းဘူး" လျူယွမ်က ခုနစ်လသား ကိုယ်ဝန်အရင့်အမာရှိနေတဲ့ မိန်းမဖြစ်သူရဲ့ ဗိုက်ကလေးကို အသာအယာ ကိုင်လိုက်ပြီး၊ သူမကို ပွေ့ချီကာ သူ့ရဲ့ ပေါင်ပေါ်မှာ ထိုင်စေလိုက်သည်။
“စရိုက်လေး ကွဲပြားတာပဲဟာ၊ ဘာဖြစ်လဲ။ မောင် လက်မခံနိုင်စရာ အကြောင်းမရှိပါဘူး"
လျူယွမ်က သူမရဲ့ ပါးပြင်လေးကို ဆွဲညှစ်လိုက်ရင်း အနည်းငယ် ဇဝေဇဝါဖြစ်စွာနဲ့ - "ဒါပေမဲ့ မောင်တို့ အတူတူ နေလာတာ ၃ နှစ်နဲ့ ၇ လတောင် ရှိပြီပဲ၊ မိန်းမရဲ့ စိတ်နေစိတ်ထားမှာ ဘာမှ ထူးဆန်းတာ မတွေ့မိပါဘူး"
သူ့မိန်းမက နူးညံ့သိမ်မွေ့ပြီး အလိုက်သိတတ်လှသည်၊ တစ်ခါတလေလည်း ချွဲတတ်ပြီး ချိုချိုသာသာ ပြောတတ်သေးတယ်... ကမ္ဘာပေါ်မှာ အကောင်းဆုံး ဇနီးသည်ပဲ မဟုတ်ပါလား။
စုချင်းရွှယ်က သူ့ရဲ့ ချီးမွမ်းစကားကြောင့် ပါးပြင်လေးတွေ နီမြန်းသွားပြီး ရှက်ပြုံးလေး ပြုံးလိုက်ကာ စိတ်ထဲမှာ ပေါ့ပါးသွားသလို ခံစားလိုက်ရသည်။
"မောင်... ဘာလို့လဲဆိုတော့... မောင်က ကျွန်မရဲ့ ကုထုံး (ဆေး) ဖြစ်နေလို့ပဲ"
စုချင်းရွှယ်က ခေါင်းမော့လိုက်ပြီး သူ့ကို အချစ်တွေ ပြည့်နှက်နေတဲ့ မျက်ဝန်းတွေနဲ့ စိုက်ကြည့်ကာ တိုးတိုးလေး ပြောလိုက်သည် -
"မောင့်နားမှာ နေခဲ့တဲ့ ၃ နှစ်တာ ကာလပတ်လုံး ကျွန်မရောဂါက တစ်ခါမှ ထမလာခဲ့ဘူး၊ ကျွန်မရဲ့ ဒုတိယစရိုက်လက္ခဏာက ရုန်းထွက်ဖို့ နေနေသာသာ လက္ခဏာတောင် မပြခဲ့ဖူးဘူး"
“ကျွန်မ မောင့်နားမှာပဲ ထာဝရ နေချင်တာ။ ကျေးဇူးပြုပြီး ကျွန်မကို ပစ်မသွားပါနဲ့၊ ဟုတ်ပြီလား”
ပြောပြောဆိုဆိုနဲ့ သူမက ရှေ့တိုးပြီး သူ့ကို နမ်းလိုက်ရာ လျူယွမ်ကလည်း နူးညံ့စွာ ပြန်လည် တုံ့ပြန်လိုက်သည်။
မသိစိတ်ထဲကနေ သူတို့နှစ်ယောက် ပထမဆုံး ဆုံတွေ့ခဲ့တဲ့ အချိန်ကို ပြန်လည် သတိရမိသွားသည်။
သတိမေ့မြောနေတဲ့ စုချင်းရွှယ်ကို ကယ်တင်ပြီး အိမ်ကို ခေါ်လာခဲ့တုန်းက၊ သူမ သတိရလာကတည်းက ဒီလို လိမ္မာယဉ်ကျေးတဲ့ ကောင်မလေး ပုံစံမျိုးကိုပဲ အမြဲပြသခဲ့ပြီး အပြစ်ကင်းစင်ကာ သူတစ်ပါးအလိုကို လိုက်တတ်တဲ့ သဘာဝ ရှိခဲ့သည်။
လျူယွမ်က သူမကို တမင်တကာ လိုက်ပိုးပန်းခဲ့တာတော့ မဟုတ်ပေ။ သူမကို တည်းခိုစရာ နေရာပေးတယ်၊ အဝတ်အစားနဲ့ စားစရာ ဝယ်ပေးတယ်၊ ပြီးတော့ စျေးဝယ်ထွက်တာနဲ့ ရုပ်ရှင်ကြည့်တာတွေကို အတူတူ သွားခဲ့ကြသည်။
အချိန်တွေ ကြာလာတာနဲ့အမျှ သဘာဝကျကျပင် သံယောဇဉ်တွယ်လာပြီး ချစ်သူတွေ ဖြစ်လာခဲ့ကြသည်။
နောက်ပိုင်းကျတော့ ခြံဝင်းထဲက အငြိမ်းစား လူကြီးတွေက အိမ်ထောင်ပြုဖို့ ခဏခဏ တိုက်တွန်းနေတာကြောင့် လျူယွမ်လည်း စုချင်းရွှယ်နဲ့ပဲ လက်ထပ်လိုက်တော့သည်။
ဖြစ်စဉ်တစ်ခုလုံးမှာ အလွန်ပင် ချောမွေ့လွန်းခဲ့သည်။
လျူယွမ်က အတိတ်က အဖြစ်အပျက်တွေကို သေသေချာချာ ပြန်တွေးကြည့်ပေမဲ့ သူ့မိန်းမမှာ ဒုတိယပင်ကိုယ်စရိုက် ရှိနေတယ်ဆိုတဲ့ သက်သေအထောက်အထား လုံးဝ ရှာမတွေ့ခဲ့ပေ။
ဒီတော့ သူ့မိန်းမရဲ့ ရောဂါက ခယ်မလေးလောက် မပြင်းထန်ဘဲ အပျော့စားလေးပဲ ဖြစ်နိုင်ပေသည်။
"ဒါပေမဲ့..."
လျူယွမ်က သူ့ကို အသည်းအသန် နမ်းနေတဲ့ မိန်းမဖြစ်သူကို အသာအယာ တွန်းဖယ်လိုက်ပြီး သူ အစိုးရိမ်ဆုံး မေးခွန်းကို မေးလိုက်သည် -
"မိန်းမ... မင်းပြောတာက ဒါက မျိုးရိုးလိုက်တဲ့ရောဂါဆိုတော့ ငါတို့ သမီးလေး မွေးလာရင်... သူမမှာပါ ဒီရောဂါ ပါလာနိုင်ခြေ ရှိလား"
"အင်း..." စုချင်းရွှယ်ရဲ့ လှပတဲ့ မျက်မှောင်လေးက ချက်ချင်း ကြုံ့သွားခဲ့သည်။ သူမက မိမိဗိုက်ကလေးကို ယုယစွာ ပွတ်သပ်ရင်း - "ဒါက ကျွန်မ အစိုးရိမ်ဆုံး အချက်ပဲ"
"ဒါဆိုရင်တော့ ငါတို့က သူမကို အနာဂတ်မှာ ပိုပြီး ချစ်ပေးရမှာပေါ့"
လျူယွမ်က ဇနီးသည်ရဲ့ အင်္ကျီကြယ်သီးတွေကို ဖြုတ်လိုက်ရာ ဖြူဝင်းချောမွေ့ပြီး အနည်းငယ် ဖောင်းကြွနေတဲ့ ဗိုက်ကလေး ပေါ်လာခဲ့ပြီး အသာအယာ နမ်းရှုံ့လိုက်သည်။
အံ့သြစရာကောင်းသည်မှာ ဗိုက်ထဲက သက်ရှိလေးဟာ ဖခင်ဖြစ်သူရဲ့ မေတ္တာကို ခံစားမိပုံရပြီး တုံ့ပြန်တဲ့အနေနဲ့ ပျော်ရွှင်စွာ လှုပ်ရှားကန်ကျောက်လာခဲ့သည်။
လျူယွမ်က မိန်းမဖြစ်သူရဲ့ ဗိုက်ကလေးနဲ့ ခဏတာ အချိန်ဖြုန်းပြီးမှ ခေါင်းပြန်မော့ကာ စူးစမ်းချင်စိတ်ဖြင့် မေးလိုက်သည် -
"မိန်းမ... မင်းရဲ့ ဒုတိယ စရိုက်က တကယ်တမ်း ဘယ်လို ပုံစံမျိုးလဲ"
"နေပါဦး... ကျွန်မ စဉ်းစားကြည့်..." စုချင်းရွှယ်က ပြန်လည် အမှတ်ရဖို့ ကြိုးစားလိုက်သည်။
ဒါပေမဲ့ မကြာခင်မှာပဲ သူမရဲ့ ခန္ဓာကိုယ်လေးက ထိန်းမနိုင်သိမ်းမရ တုန်ရင်လာပြီး မျက်ဝန်းတွေထဲမှာ နာကျင်မှုတွေ အရိပ်ထင်လာခဲ့သည်။
"တော်ပြီ... တော်ပြီ၊ မစဉ်းစားနဲ့တော့" လျူယွမ်က အခြေအနေ မဟန်တော့တာ မြင်တာနဲ့ ချက်ချင်း တားလိုက်ရသည်။
သူ အဲဒါကို သိဖို့ မလိုတော့ဘူးလို့ ခံစားလိုက်ရသည်၊ သူက အခုလက်ရှိ စုချင်းရွှယ်ကိုပဲ ချစ်တာမို့ ဒါနဲ့တင် လုံလောက်နေလေပြီ။
"မောင်... ကျွန်မ သတိရတဲ့အခါကျမှ မောင့်ကို ပြောပြမယ်နော်"
စုချင်းရွှယ်လည်း ကိုယ့်ကိုယ်ကိုယ် အတင်းအကျပ် မလုပ်တော့ပေ။ သူမက အကောင်းကြီး ရှိနေရာကနေ အဲဒီအကြောင်းတွေကို လျှောက်တွေးရင်း ရောဂါအခံကို သွားပြီး လှုံ့ဆော်မိမှာကို ကြောက်နေမိတာ ဖြစ်သည်။
နောက်တစ်နေ့ မနက်ခင်းတွင်…
စုယွီမော့က အမူးလွန်ပြီး နိုးလာခဲ့ကာ အနည်းငယ် ကိုက်ခဲနေတဲ့ ခေါင်းကို ပုတ်ရင်း မနေ့က အဖြစ်အပျက်တွေကို ပြန်စဉ်းစားဖို့ ကြိုးစားနေသည်။
"ငါ... ငါ ထင်တာတော့ ငါ အရက်မူးပြီးတော့ ခဲအိုကို အခွင့်ကောင်းယူပြီး အတူတူ အိပ်လိုက်မိတာလား"
သူမက စိတ်ထဲကနေ ပြတ်တောက်နေတဲ့ မှတ်ဉာဏ်အပိုင်းအစတွေကို စုစည်းပြီး အထင်မှားစေမည့် ဇာတ်လမ်းတိုလေးတစ်ခုအဖြစ် အလိုအလျောက် ပုံဖော်လိုက်မိသည်။
သူမရဲ့ ကိုယ်ခန္ဓာကို ပြန်ကြည့်လိုက်ရာ မနေ့က အဝတ်အစားတွေ မရှိတော့ဘဲ ညဝတ်အင်္ကျီကို လဲလှယ်ထားပြီးသား ဖြစ်နေသည်။
အဲဒီအချိန်မှာပဲ မနက်စာစားနေတဲ့ လျူယွမ်နဲ့ သူ့ကို အချစ်မျက်ဝန်းတွေနဲ့ ကြည့်နေတဲ့ စုချင်းရွှယ်တို့က အသံကြားလို့ စုယွီမော့ဆီကို လှည့်ကြည့်လာကြသည်။
"ခဲအို... ကျွန်မ ခဲအိုအတွက် တာဝန်ယူပါ့မယ်"
စုယွီမော့က ဆိုဖာပေါ်ကနေ ထရပ်ပြီး ထမင်းစားပွဲဆီ လျှောက်လာခဲ့ကာ အလွန် တာဝန်သိတတ်တဲ့ ပုံစံမျိုး လုပ်ပြလိုက်သည်။
"ဒူးထောက်စမ်း"
စုချင်းရွှယ်က ထမင်းစားတူကို အသာချပြီး အေးအေးဆေးဆေး ပြောလိုက်သည်။
“မမ... ညီမ မှားသွားပါတယ်"
စုယွီမော့တစ်ယောက် ချက်ချင်း လိပ်ပြာမလုံဖြစ်သွားပြီး အေးစက်တဲ့ ကြမ်းပြင်ပေါ်ကို "ဗြုန်း" ခနဲ ဒူးထောက်ချလိုက်တော့သည်။
သူမက လျူယွမ် မနက်စာစားနေတာကို ကြည့်ရင်း အစ်မဖြစ်သူ ကွယ်ရာကနေ လျူယွမ်ရဲ့ အင်္ကျီကို လှမ်းပြီး တိုးတိုးလေး ဆွဲနေသေးသည်။
အဓိပ္ပာယ်ကတော့ - ခဲအို... ကျွန်မအတွက် သနားခံပေးပါဦး ဆိုတဲ့ သဘောပင်။
"မိန်းမ... အပြစ်ပေးတဲ့အနေနဲ့ ဒူးထောက်ခိုင်းတာက သူမရဲ့ အရှက်သိက္ခာကို နည်းနည်း ထိခိုက်စေမယ် မဟုတ်ဘူးလား" လျူယွမ်က တိုးတိုးလေး မေးလိုက်သည်။
"မဟုတ်တာ... အဲလို မဖြစ်ပါဘူး" စုချင်းရွှယ်က ရှင်းပြသည် - "ဒါက ကျွန်မတို့ စုမိသားစုရဲ့ စည်းကမ်းပဲ။ အမှားလုပ်ရင် ‘ပြစ်ဒဏ်စီရင်ရေးခန်းမ' မှာ ဒူးထောက်ရတာ၊ အခု အိမ်က အဲဒီခန်းမထက်စာရင် အများကြီး သက်တောင့်သက်သာ ရှိပါသေးတယ်"
"မျိုးရိုးကြီး မိသားစုဆိုတော့လည်း ဟုတ်တာပေါ့"
လျူယွမ်က ဒူးထောက်ပြီး အပြစ်ပေးတဲ့ နည်းလမ်းကို သိပ်သဘောမကျပေမဲ့ သူမတို့ရဲ့ ဓလေ့ကိုတော့ ရိုသေမှု ပြလိုက်သည်။
"ခဲအို..." စုယွီမော့က အစ်မဖြစ်သူ ဘာလို့ သဝန်မတိုတာလဲဆိုတာ နားမလည်တာကြောင့် တမင်တကာ မေးလိုက်သည် - "ကျွန်မမှာ ခဲအိုရဲ့ ကလေး ကိုယ်ဝန်ရသွားနိုင်ခြေ ရှိလားဟင်"
တကယ်တမ်းတော့ သူမလည်း အနည်းငယ် စိုးရိမ်နေမိတာ ဖြစ်သည်။
မနေ့ညက အမူးလွန်ခဲ့တဲ့ မှတ်ဉာဏ်က ဝေဝါးနေပေမဲ့ ဖြစ်စဉ်တစ်ခုလုံးက အလွန် စိတ်လှုပ်ရှားစရာ ကောင်းခဲ့မယ်လို့ ခံစားနေရလို့ပင် ဖြစ်သည်။
"မရှိနိုင်ပါဘူး"
လျူယွမ်က ခေါင်းခါပြလိုက်သည်၊ ဘာလို့လဲဆိုတော့ ဒီကောင်မလေးဟာ ဘယ်ဟာက ဘာမှန်းတောင် ခွဲခြားနိုင်တာ မဟုတ်လို့ပင်။
မနေ့က သူမက စိတ်ကူးပေါက်သလို လျှောက်ကိုက်နေခဲ့တာဖြစ်လို့ ကိုယ်ဝန်ရဖို့ဆိုတာ ဝေးလေစွ။
ဒါက လုံးဝ မသက်ဆိုင်တဲ့ ကိစ္စပင်။
"ခဲအို... ဒါဆို မနေ့က ကျွန်မ ခဲအိုကို ဘာတွေလုပ်ခဲ့လို့လဲ"
စုယွီမော့ရဲ့ စူးစမ်းချင်စိတ်က ပိုပြီး ပြင်းထန်လာခဲ့သည်၊ သူမရဲ့ စိတ်ကူးထဲမှာတော့ ဇာတ်လမ်းတို ခေါင်းစဉ်တစ်ခုတောင် ပေါ်နေပြီ ဖြစ်သည်။
[အစ်မဖြစ်သူ မရှိခိုက်၊ မူးနေသော ညီမငယ်လေးက ခန့်ညားလှသော ခဲအိုအား အခွင့်ကောင်းယူကာ အမှတ်မထင် ကိုယ်ဝန်ရရှိသွားခြင်း]
လျူယွမ်က ဘာမှမပြောဘဲ ဖုန်းကို ဖွင့်လိုက်ပြီး ဗီဒီယိုအတိုတစ်ခုကို ပြလိုက်သည်။
ဗီဒီယိုထဲမှာတော့ ဖုတ်ကောင်တစ်ကောင်က လူတစ်ယောက်ပေါ် ခွစီးပြီး ကိုက်ခဲဝါးမြိုနေလေသည်။
"ဒီဖုတ်ကောင်အတိုင်းပဲ"
စုယွီမော့ - "..."