အခန်း ၃၈၁
Vol. 28 Ch. 381
အပိုင်း(၃၈၁)
ကျန်းလျို၏ လိုက်နာမှု ရှိသည့် အပြုအမူကို မြင်သောအခါ ရူလိုင်သည် နောက်ဆုံးတွင် ကျေနပ်သွားလေတော့သည်။ ခေါင်းကို အနည်းငယ် ညိတ်ပြလိုက်ပြီးနောက် သူ၏ ပုံရိပ်မှာ အလျင်အမြန် လှုပ်ရှားသွားကာ ထွက်ခွာသွားလေတော့သည်။
သူတို့၏ ပတ်ဝန်းကျင်ရှိ ရှုခင်းများမှာ မူလအတိုင်း ပြန်လည်ပြောင်းလဲသွားလေသည်။
"ဟူး... ငါ ဉာဏ်ကောင်းလို့ တော်သေးတာပေါ့… မဟုတ်ရင် ဒီနေ့ ဗုဒ္ဓရဲ့ ဆူပူတာကို ရှောင်လွှဲလို့ရမှာ မဟုတ်ဘူး..."
ကျန်းလျိုသည် စိတ်ထဲမှ တိတ်တဆိတ် သက်ပြင်းချလိုက်မိလေသည်။ တွေးကြည့်ရုံဖြင့် သောင်းကျန်းချင်တိုင်း သောင်းကျန်းထားသော သူ့ ပြဿနာများကို လိုက်လံရှင်းလင်းပေးခဲ့ရသော ရူလိုင်ဘုရား၏ စိတ်အခြေအနေ ဆိုးရွားနေမည်မှာ သေချာလှသည်။ သူ့ကို လာရှာခြင်းကလည်း သတင်းကောင်း ယူဆောင်လာမည် မဟုတ်ကြောင်းကို သိထားလေသည်။
သို့ရာတွင် ကံကောင်းထောက်မစွာဖြင့် အနောက်အရပ်သို့ ခရီးသွားခြင်း တာဝန်မှာ ပိုမို အရေးကြီးနေပြီး သူကိုယ်တိုင်၏ အဆင့်အတန်းမှာလည်း အရေးပါနေသဖြင့် ရူလိုင်ဘုရားသည် သူ့ကို အလွန်အကျွံ ဖိအားမပေးလိုခဲ့ပေ။
ထို့ကြောင့် သူက အလွန်အမင်း စိတ်ပျက်နေသည့်ဟန် ပြသပြီးနောက်တွင် ရူလိုင်ဘုရား အနေဖြင့် သူ့ကို ထပ်မံဆူပူရန် ရည်ရွယ်ချက် မရှိတော့ခြင်း ဖြစ်သည်။
"အင်း... နှမြောစရာပဲ… ကိုးကြိမ် သန့်စင် ရွှေဆေးလုံးကို ငါ မရှာတွေ့ခဲ့ဘူး… အနာဂတ်မှာ နတ်ဆေးလုံး ကို ခိုးယူနိုင်ဖို့ အခွင့်အရေးက လုံးဝနီးပါး မဖြစ်နိုင်တော့ဘူး မဟုတ်လား..."
ခေါင်းကို ခါယမ်းလိုက်ရင်း ကျန်းလျိုသည် ရူလိုင်ဘုရား၏ စိုးရိမ်ပူပန်မှုများကို ဘေးဖယ်ထားလိုက်ပြီး ချက်ချင်းပင် နောင်တရသည့် ခံစားချက်ကို ခံစားလိုက်ရလေသည်။
ကျန်းလျို၏ အတွေးများကို ခဏထားဦး...။ သူ၏ဘေးတွင် စွန်းဝူခုန်း သည် ရူလိုင်ဘုရား ထွက်ခွာသွားပြီးနောက် ဖြည်းညင်းစွာ မျက်လုံးများ ပွင့်လာပြီး ပတ်ဝန်းကျင်ကို လေ့လာကြည့်လိုက်လေသည်။
"ဆရာတော်... ကျွန်တော်တို့ ဘယ်ရောက်နေတာလဲ..."
ရင်းနှီးမှုမရှိသော ပတ်ဝန်းကျင် ရှုခင်းများကို ကြည့်ရင်း စွန်းဝူခုန်း က ကျန်းလျိုအား မေးလိုက်လေသည်။
"ငါလည်း သေချာမသိဘူး… မင်းထက်နည်းနည်းလေးစောပြီး ငါ နိုးလာတာ..."
စွန်းဝူခုန်း၏ အမေးကို ကြားပြီးနောက် ကျန်းလျိုက ခေါင်းခါ၍ ပြန်ဖြေလိုက်လေသည်။
"အင်းလေ... ကျုပ် စွန်းဝူခုန်း နန်းတွင်းအရက်တွေကို နည်းနည်း များများသောက်မိပြီး မူးမှောက်သွားတာထင်တယ် ဟုတ်လား..."
ခဏမျှ စဉ်းစားပြီးနောက် ယခင်က ဖြစ်ပျက်ခဲ့သည်များကို အနည်းနှင့်အများ ပြန်လည်အမှတ်ရသွားသော စွန်းဝူခုန်း က ပြောလိုက်လေသည်။
စကားပြောနေစဉ်မှာပင် စွန်းဝူခုန်းသည် ကျန်းလျို နှင့်အတူ ထူးကဲလှပသော နတ်စံအိမ်တော် သို့ ပြန်ရန် ပြင်ဆင်လိုက်လေသည်။
ဝူခုန်း သည် သူ၏ တိမ်တိုက်စီးနင်းခြင်း နတ်စွမ်းရည်ကို အသုံးပြုရန် ကြိုးစားလိုက်၏။ သို့သော်လည်း မအောင်မြင်ခဲ့ဘဲ အံ့အားသင့်ဖွယ်ရာ လေထဲမှ ပြုတ်ကျလာခဲ့လေသည်။
"ဘာတွေဖြစ်နေတာလဲ... ဒီအရက်ရဲ့ အရှိန်က တကယ်ပဲ အဲဒီလောက်တောင် ပြင်းတာလား..."
ဝူခုန်း တစ်ယောက် တိမ်တိုက်စီးနင်းခြင်း ကို အသုံးမပြုနိုင်သည်ကို ကြည့်ရင်း ကျန်းလျိုမှာ မှင်သက်သွားလေသည်။
သူ၏ အတိတ်ဘဝတွင် အရက်မူးပြီး ကားမောင်းခြင်းကို တင်းကျပ်စွာ တားမြစ်ထားခဲ့သည်။ အနောက်အရပ်သို့ ခရီးသွားခြင်း ကမ္ဘာကြီးတွင်လည်း ထိုနည်းတူပင် ဖြစ်နေမည်လော။
အရက်မူးပြီးနောက်မှာ စွန်းဝူခုန်း က သူ့ရဲ့ တိမ်တိုက်စီးနင်းခြင်း ကိုတောင် မခေါ်နိုင်တော့ဘူးလော။
မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီးနောက် ခေါင်းကိုကုတ်ကာ နားမလည်နိုင်သော မျက်နှာထားဖြင့် စွန်းဝူခုန်း က ကျန်းလျိုအား ချက်ချင်းပင် ပြောလိုက်လေသည်။
"မြင်းတောင် ခလုတ်တိုက်တတ်သေးတာပဲ... ဟီးဟီး... ဆရာတော်… ငါ စွန်းဝူခုန်း နောက်တစ်ခေါက် ထပ်စမ်းကြည့်လိုက်ဦးမယ်..."
စကားပြောနေစဉ်မှာပင် သူသည် အထက်သို့ ခုန်တက်လိုက်ပြီး လေထဲတွင် ဂျွမ်းတစ်ပစ်ကာ သူ၏ တိမ်တိုက်စီးနင်းခြင်း နတ်စွမ်းရည် ကို နောက်တစ်ကြိမ် အသုံးပြုရန် ကြိုးစားလိုက်လေသည်။
သို့ရာတွင် ခြွင်းချက်မရှိဘဲ ဝူခုန်း သည် ကောင်းကင်ယံမှ ထပ်မံပြုတ်ကျလာပြန်ပြီး မြေပြင်ပေါ်သို့ မှောက်လျက်သား ပြုတ်ကျသွားလေတော့သည်။
"ဆရာတော်... တစ်ခုခုတော့ မှားနေပြီ… ကျွန်တော့်ရဲ့ မန်နာတွေ အကုန်လုံး ပျောက်သွားသလိုပဲ... ကျုပ် စွန်းဝူခုန်း ကို ဘယ်သူကများ ဒီလိုလုပ်လိုက်တာလဲ..."
စွန်းဝူခုန်းသည် မြေပြင်ပေါ်မှ ထလာကာ စိတ်အနှောင့်အယှက်ဖြစ်နေသော မျက်နှာဖြင့် လှည့်ကာ ကျန်းလျိုအား ပြောလိုက်လေသည်။
"မင်းရဲ့ မန်နာတွေ အကုန်လုံး ပျောက်သွားတယ် ဟုတ်လား..."
စွန်းဝူခုန်း ၏ စကားကို ကြားသောအခါ ကျန်းလျို ၏ ရင်ထဲတွင် ထိတ်ခနဲ ဖြစ်သွား၏။ သူ၏ အကြည့်များက စွန်းဝူခုန်း အပေါ်သို့ အလျင်အမြန် ကျရောက်သွားကာ စိတ်ထဲမှ အမိန့်ပေးလိုက်သည်။
'ဇာတ်ကောင် အချက်အလက် မျက်နှာပြင်'
ကျန်းလျို ၏ ဇာတ်ကောင် အချက်အလက် မျက်နှာပြင် ပေါ်လာသည်နှင့် တစ်ပြိုင်နက် တစ်ပိုင်းဖောက်ထွင်းမြင်ရသော မျက်နှာပြင်တစ်ခုက သူ၏ရှေ့တွင် ပေါ်ထွက်လာလေသည်။
ဇာတ်ကောင် အဆင့်နှင့် အခြား အချက်အလက်များတွင် သိသာထင်ရှားသော အပြောင်းအလဲများ မရှိသော်လည်း စွန်းဝူခုန်း ၏ အမည်နောက်တွင် အခြေအနေတစ်ခု ထပ်တိုးနေသည်ကို ကျန်းလျို သတိပြုမိလိုက်လေသည်။
"ကျိန်စာသင့်နေသောအခြေအနေ - ဤအခြေအနေအောက်တွင် မန်နာတန်ဖိုးများ အားလုံးကို အသုံးချ၍မရနိုင်ပါ၊ ၇၂ နာရီ ကြာမြင့်မည်။"
"ကျိန်စာသင့်နေသောအခြေအနေ ဟုတ်လား..."
စွန်းဝူခုန်း အပေါ်ရှိ ဤအခြေအနေကို မြင်သောအခါ ကျန်းလျို သည် တစ်ခဏမျှ မှင်သက်သွားပြီး နားမလည်နိုင်အောင် ဖြစ်သွားရလေသည်။
စွန်းဝူခုန်း၌ အကြောင်းပြချက်မရှိဘဲ ဤကဲ့သို့သော အခြေအနေမျိုး ဖြစ်ပေါ်နေရန် အကြောင်းမရှိပေ။
တစ်စုံတစ်ယောက်က စွန်းဝူခုန်း အရက်မူးပြီး အိပ်ပျော်နေသည်ကို အခွင့်ကောင်းယူကာ ဤကျိန်စာကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိသာထင်ရှားလှပေသည်။
ထို့ပြင် ရူလိုင်လည်း ယခုလေးတင် ပေါ်လာခဲ့ပြီး စွန်းဝူခုန်း မှာ သူ၏ရှေ့တွင် သတိလစ်နေခဲ့ခြင်းဖြစ်ရာ ဤအရာကို သူ သတိမထားမိဘဲ နေမည်မဟုတ်ပေ။
"စွန်းဝူခုန်း ကို ဒီလို အခြေအနေမျိုး ဖြစ်သွားအောင် လုပ်နိုင်တာဆိုလို့ ရူလိုင်ဘုရား… ကျောက်စိမ်းဧကရာဇ် နဲ့ ထိုက်ရှန်းလောင်ကျွင်း တို့ပဲ ရှိတယ် မဟုတ်လား... ဒီကျိန်စာနောက်ကွယ်မှာ ဒီသုံးယောက်ထဲက တစ်ယောက်ယောက် ရှိနေပုံရတယ်… သူတို့ သုံးယောက်စလုံးကလည်း ဒီလိုလုပ်ဖို့ အကြောင်းပြချက် ကိုယ်စီ ရှိနေကြတာပဲလေ..."
အချိန်ခဏမျှ တွေးတောပြီးနောက် ကျန်းလျို သည် စွန်းဝူခုန်း ၏ အခြေအနေကို အနည်းနှင့်အများ နားလည်သဘောပေါက်သွားလေသည်။
ကံကောင်းထောက်မစွာဖြင့် ဤအခြေအနေ၏ ကြာမြင့်ချိန်မှာ သိပ်မရှည်လျားလှဘဲ ၇၂ နာရီသာ ဖြစ်နေသောကြောင့် အထက်တန်းပုဂ္ဂိုလ်ကြီး တစ်ဦးဦးက စွန်းဝူခုန်း အား သတိပေးသည့်အနေဖြင့် ဤနည်းလမ်းကို အသုံးပြုခဲ့ခြင်းဖြစ်ကြောင်း သိသာလှပေသည်။
"စွန်းဝူခုန်း..."
စွန်းဝူခုန်း တစ်ယောက် မိမိ၏ အခြေအနေကြောင့် အာရုံလွင့်ပါးနေစဉ်မှာပင် ရုတ်တရက် အသံတစ်သံ ထွက်ပေါ်လာကာ စွန်းဝူခုန်း အား လှမ်းခေါ်လိုက်လေသည်။
"ဟင်... ဘယ်သူက ငါ စွန်းဝူခုန်း ကို ခေါ်နေတာလဲ..."
စွန်းဝူခုန်းက အလိုအလျောက်ပင် ပြန်လည်ထူးလိုက်လေသည်။
သို့ရာတွင် သူ စကားပြော၍ မဆုံးမီမှာပင် သူ၏ ပုံစံမှာ လျင်မြန်စွာ သေးငယ်သွားပြီးနောက် ဘေးသို့ လွင့်စင်သွားကာ ခရမ်းရွှေဘူးသီး ထဲသို့ စုပ်ယူခံလိုက်ရလေတော့သည်။
ငွေရောင်ဦးချိုနှင့် မိစ္ဆာ တစ်ကောင်သည် ခရမ်းရွှေဘူးသီး ကို ကိုင်ဆောင်ထားကာ အောင်ပွဲခံသည့်ဟန်ဖြင့် အားရပါးရ ရယ်မောလိုက်လေသည်။
ခေါင်းပေါ်တွင် ငွေရောင်ဦးချိုတစ်ခု ရှိနေပြီး စွန်းဝူခုန်း ကို ဖမ်းဆီးထားသော ခရမ်းရွှေဘူးသီး ကို ကိုင်ဆောင်ထားသည့် မိစ္ဆာ ကို ကြည့်ရင်း ကျန်းလျို ၏ ရင်ထဲတွင် အနည်းငယ် ကျဉ်းကြပ်သွားသကဲ့သို့ ခံစားလိုက်ရသည်။ အခြေအနေကို သူ နားလည်သဘောပေါက်သွားလေပြီ။
‘ငွေချိုဘုရင်... ဒါက ဖျင်တင့်တောင် လား...’
စွန်းဝူခုန်း ကို ခရမ်းရွှေဘူးသီး ဖြင့် ဖမ်းဆီးနိုင်ပြီး ခေါင်းပေါ်တွင် ဧရာမ ငွေရောင်ဦးချိုကြီး တစ်ခု ရှိနေခြင်းက ဤ မိစ္ဆာ ၏ အမည်နာမကို အထင်အရှားပင် အော်ဟစ်ပြောဆိုနေသကဲ့သို့ ရှိပေသည်။
သို့ဆိုလျှင် ဤနေရာက ဖျင်တင့်တောင် သေချာနေပြီ မဟုတ်ပါလော… ထိုက်ရှန်းလောင်ကျွင်း သို့မဟုတ် ရူလိုင်ဘုရား က သူ့ကို ဒီ ဖျင်တင့်တောင် ပေါ်မှာ တိုက်ရိုက် လာပစ်ထားခဲ့တာများလော…
"ရွှမ်ကျန်းဆရာတော်...”
စွန်းဝူခုန်းကို ခရမ်းရွှေဘူးသီးဖြင့် ဖမ်းဆီးပြီးနောက် ငွေချိုဘုရင်သည် ဘူးသီး၏အဝကို ကျန်းလျိုဘက်သို့ ချိန်ရွယ်ကာ အသံကျယ်ကျယ်ဖြင့် လှမ်းခေါ်လိုက်လေသည်။
"ဟင်..."
ကျန်းလျိုက သူ၏ခေါ်သံကို လျစ်လျူရှုကာ မတုန်မလှုပ် ရှိနေသည်ကို မြင်သောအခါ ငွေချိုဘုရင်မှာ ခဏမျှ မှင်သက်သွားပြီးနောက် ထပ်မံ၍ အသံကျယ်ကျယ်ဖြင့် အော်ခေါ်လိုက်ပြန်သည်။
"ရွှမ်ကျန်းဆရာတော်..."
ငွေချိုဘုရင်၏ ခေါ်သံများကို ကျန်းလျိုသည် နားပိတ်ထားလိုက်ပြီး လုံးဝ လျစ်လျူရှုထားလိုက်လေသည်။
"ဟေး... မင်း ဘာဖြစ်နေတာလဲ..."
သုံးကြိမ်တိုင်တိုင် ခေါ်ပြီးသည့်တိုင် ကျန်းလျိုမှာ မတုန်မလှုပ် ဆက်ရှိနေသည်ကို မြင်သောအခါ ငွေချိုဘုရင်သည် သူ၏လက်ထဲရှိ ခရမ်းရွှေဘူးသီးကို ချထားလိုက်ပြီး ကျန်းလျိုအား ပြောလိုက်သည်။
"မင်း ဘာဖြစ်နေတာလဲ... တစ်ယောက်ယောက်က နာမည်ခေါ်ရင် ထူးရမယ်လို့ မတွေးမိဘူးလား... အဲဒါက အရမ်း ရိုင်းစိုင်းလွန်းမနေဘူးလား..."
"ဘာဖြစ်ရမှာလဲ..."
ငွေချိုဘုရင်အား တုံးအသော သူဌေးသားတစ်ယောက်ကို ကြည့်နေသည့်အလား ကြည့်ရင်း ကျန်းလျို၏ နှုတ်ခမ်းထောင့်စွန်းများ အနည်းငယ် တွန့်ကွေးသွားကာ ပြောလိုက်သည်။
"ဒါနဲ့ မင်းက ငါ့ကို အဲဒီဘူးသီးထဲ စုပ်ယူခံရအောင်လို့ ထူးစေချင်နေတာပေါ့... ဟုတ်လား..."
"မင်း... ငါ့ဘူးသီးရဲ့ အစွမ်းကို မင်းက ဘယ်လိုလုပ် သိနေတာလဲ..."
ငွေချိုဘုရင်က အလန့်တကြားဖြင့် ကျန်းလျိုကို အံ့သြစွာ ကြည့်ကာ မေးလိုက်လေသည်။
"ခုနလေးတင် မင်း ဝူခုန်းကို ခေါ်လိုက်တာ သူ ထူးလိုက်တာနဲ့ အထဲကို စုပ်ယူခံလိုက်ရတယ် မဟုတ်ဘူးလား..."
ကျန်းလျို၏ မျက်နှာအမူအရာ မှောင်မည်းသွားလေသည်။
တကယ်ကြီးလား… ထိုက်ရှန်းလောင်ကျွင်း ရဲ့ အစေခံကောင်လေးက ဒီလိုမျိုးလား… ဒီလောက်တောင် တုံးအတာလား… အူကြောင်ကြောင်နဲ့ ချစ်စရာလေးပေါ့လေ…
"ငါ တစ်ခါလေးပဲ သုံးရသေးတယ်… အဖမ်းခံရဖို့အတွက် ထူးဖို့လိုတယ်ဆိုတဲ့ ငါ့ရဲ့ ဒီရတနာအကြောင်းကို မင်းက သိသွားပြီပေါ့... ဉာဏ်ကောင်းတဲ့ ရဟန်းလေးပဲ..."
ငွေချိုဘုရင်က အံ့သြတကြီး ပြောလိုက်လေသည်။
ကျန်းလျို၏ အမြင်တွင်မူ ခရမ်းရွှေဘူးသီး၏ အာနိသင်ကို သူ ကြိုတင်သိရှိထားပြီးဖြစ်ရာ သူ ထူးရန်ဆိုသည်မှာ လုံးဝ မဖြစ်နိုင်သောအရာပင်။
သို့ရာတွင် ငွေချိုဘုရင်၏ အမြင်တွင်မူ စွန်းဝူခုန်းကို ခေါ်လိုက်ရုံဖြင့် ဖမ်းဆီးနိုင်ခဲ့သည်ကို ကြည့်ပြီး သူ၏ ခရမ်းရွှေဘူးသီး ခေါ်သံကို ထူးလိုက်ပါက ဖမ်းဆီးခံရမည်ကို ချက်ချင်း သိရှိသွားသော ရွှမ်ကျန်းဆရာတော် မှာ အမှန်တကယ်ပင် ဉာဏ်ကောင်းလှပေသည်။
"ကောင်းပြီလေ... စီစဉ်ထားတဲ့အတိုင်း ရှေ့ဆက်ဖို့ အဆင်မပြေတော့မှတော့… ငါ ကိုယ်တိုင်ပဲ အရေးယူရတော့မှာပေါ့..."
ခရမ်းရွှေဘူးသီး၏ အာနိသင်ကို ကျန်းလျို သိရှိသွားပြီဖြစ်ရာ ငွေချိုဘုရင်သည် ဘူးသီးကို သိမ်းဆည်းလိုက်ပြီး တုံ့ဆိုင်းနေခြင်းမရှိဘဲ ကျန်းလျိုထံသို့ လျင်မြန်စွာ ရွေ့လျားသွားလေတော့သည်။
တစ်ချိန်တည်းမှာပင် ကျန်းလျိုသည် ဇာတ်ကောင် အချက်အလက်ပြ ဇယားကို စိတ်ထဲမှ ရေရွတ်လိုက်လေသည်။
***