အခန်း ၃၈၅
Vol. 28 Ch. 385
အပိုင်း(၃၈၅)
ကျန်းလျို တစ်ယောက် မြေပြင်ပေါ်ရှိ ကြိုးကိုကောက်ယူကာ သူ့ကိုယ်သူ ပြန်လည်ချည်နှောင်ပေးရန် တောင်းဆိုလိုက်သည်ကို ကြည့်ရင်း စွန်းဝူခုန်း၏ မျက်နှာကြီး မည်းမှောင်သွားလေသည်။ တစ်စုံတစ်ခု မှားယွင်းနေကြောင်း သူ ခံစားမိသော်လည်း မည်သည့်အရာဖြစ်ကြောင်းကိုမူ တိတိကျကျ မသိနိုင်ပေ။
သို့သော်လည်း မျောက်သည် များစွာမပြောတော့ဘဲ ခေါင်းညိတ်လိုက်ကာ ကြိုးကိုယူ၍ ကျန်းလျိုအား ပြန်လည်ချည်နှောင်ပေးလိုက်သည်။
သို့သော်လည်း... ပေါင်တစ်သောင်းကျော် အလေးချိန်ရှိသော ရွှေတင်းပုတ်ကို အမှုမဲ့အမှတ်မဲ့ ကိုင်တွယ်အသုံးပြုနိုင်သည့် မျောက်တစ်ကောင်၏ အချည်အနှောင်က ကျန်းလျိုအတွက်တော့ ခံမရပ်နိုင်စရာပင် ဖြစ်နေပေသည်။ သူ၏သွေးတန်း အနည်းငယ် လျော့ကျသွားသည်ကိုပင် သတိထားမိလိုက်သောကြောင့် အမြန်ပင် အော်ပြောလိုက်ရလေသည်။
"အား... နည်းနည်းလောက် လျှော့ချည်စမ်းပါ… အရမ်းကျပ်နေတော့ နေရခက်တယ်… မင်းကလည်း လျှော့မလုပ်ဘူး… ဆရာ့ကို အသက်ရှူကျပ်ပြီး သေစေချင်နေတာလား… သာမန်ကာလျှံကာလေး ချည်ထားလိုက်စမ်းပါ… အချည်ခံထားရတဲ့ပုံစံ ပေါက်နေရင် ရပြီပေါ့..."
"အိုး... တောင်းပန်ပါတယ် ဆရာ..."
စွန်းဝူခုန်းသည် သူ၏ ခွန်အား ကြီးမားလွန်းသွားကြောင်း သဘောပေါက်သွားပြီး လက်ထဲရှိကြိုးကို အမြန်ပင် အနည်းငယ် လျှော့ချပေးလိုက်သည်။
"ဟူး..."
ကြိုးကို လျှော့ချပေးလိုက်သည်နှင့် တစ်ပြိုင်နက် ကျန်းလျိုသည် အတော်လေး နေလို့ထိုင်လို့ ကောင်းသွားလေသည်။ သူ့ကိုယ်ပေါ်မှ တောင်ကြီးတစ်လုံးကို ရုတ်တရက် ဖယ်ရှားလိုက်သကဲ့သို့ ခံစားလိုက်ရပြီး သက်ပြင်းရှည်ကြီးကို ချလိုက်လေသည်။
"ဆရာ... အဆင်ပြေရဲ့လား..."
ကျန်းလျို၏ အခြေအနေကို ကြည့်ကာ စွန်းဝူခုန်းက အနည်းငယ် ရှက်ကိုးရှက်ကန်းဟန်ဖြင့် မေးလိုက်သည်။
"တော်ပြီ… စကားသိပ်မများနဲ့တော့… အခု မြန်မြန်သွားတော့..."
ကျန်းလျိုက လက်ကာပြလိုက်ပြီး စွန်းဝူခုန်းအား စိတ်ရှုပ်ဟန်ဖြင့် ပြောလိုက်သည်။ ကျန်းလျို အမှန်တကယ် အဆင်ပြေနေသည်ကို မြင်လိုက်ရသောအခါမှသာ စွန်းဝူခုန်းသည် အနည်းငယ် စိတ်သက်သာရာ ရသွားတော့သည်။
ထို့နောက် သူသည် ခေါင်းညိတ်လိုက်ပြီး ခန္ဓာကိုယ်ကို လှုပ်ရှားကာ အသွင်ပြောင်းလဲခြင်း အတတ်ပညာကို ထပ်မံအသုံးပြု၍ ခြင်ကောင်ငယ်လေးတစ်ကောင်အဖြစ် ပြောင်းလဲလိုက်ပြီး ကျောက်ခန်း၏ တံခါးအက်ကွဲကြောင်းကြားမှ တိုးထွက်သွားလေသည်။
စွန်းဝူခုန်း ပျံသန်းထွက်ခွာသွားသည်ကို ကြည့်ပြီးနောက် ကျန်းလျိုသည် ပြန်ထိုင်လိုက်ပြီး ကောင်းကင်နဂါး ဓမ္မတေးသံကျင့်စဉ်ကို စတင်လေ့ကျင့်ကာ အတွေ့အကြုံမှတ်များကို ဖြည်းဖြည်းချင်း စုဆောင်းနေတော့သည်။
ဤသို့ဖြင့် နောက်ထပ် ခုနစ်ရက်၊ ရှစ်ရက်ခန့် လျင်မြန်စွာ ကုန်လွန်သွားခဲ့သည်။
ကျန်းလျိုအတွက်မူ ထိုခုနစ်ရက်၊ ရှစ်ရက်သည် အချိန်များကို ကျင့်စဉ်လေ့ကျင့်ရင်းဖြင့်သာ ကုန်ဆုံးစေခဲ့ရသဖြင့် အနည်းငယ်တော့ ပျင်းစရာကောင်းလှသည်။ ပျင်းရိဖွယ်ကောင်းသော နေ့ရက်များကို ဖြတ်သန်းရသည်မှာ ခက်ခဲလှသော်လည်း ဤနေရာတွင် ခုနစ်ရက်၊ ရှစ်ရက်ကြာ အကျဉ်းချခံထားရခြင်းက သူ့အတွက် ကျင့်စဉ်လေ့ကျင့်ရန် အချိန်ပိုမို ရရှိစေပြီး အတွေ့အကြုံမှတ်များ တိုးတက်မှုကို ပုံမှန်ထက် ပိုမိုမြန်ဆန်စေသည်ဟု ဆိုရမည်ဖြစ်သည်။
ခုနစ်ရက်၊ ရှစ်ရက် ကြာပြီးနောက်တွင်တော့ ကျန်းလျို၏ အတွေ့အကြုံမှတ်များသည် သုံးသိန်းခန့်အထိ တိုးလာခဲ့လေပြီ။
ကျန်းလျိုသည် လုံးဝ အလျင်စလို မရှိဘဲ ကျင့်စဉ်ကို တည်တည်ငြိမ်ငြိမ်ဖြင့် ဆက်လက်လေ့ကျင့်နေလေသည်။ စွန်းဝူခုန်းနှင့် အခြားသူများသည် ကျန်းလျို၏ အမိန့်အရ နတ်စံအိမ်တော်တွင် အခြေချနေထိုင်နေကြပြီး မည်သူ့ကိုမျှ ကယ်တင်မည့် အရိပ်အယောင်ပင် မပြကြပေ။
အစပိုင်းတွင်တော့ ကျန်းလျိုသည် မိစ္ဆာတစ်ကောင်၏ ဖမ်းဆီးခြင်းကို ခံလိုက်ရကြောင်း ကြားသောအခါ ကျူးပါကျဲသည်ပင် ရှားရှားပါးပါး ကယ်တင်လိုစိတ်များ ပြင်းပြနေခဲ့သည်။ ရှားဝူကျင်းကလည်း သူ၏ မိစ္ဆာနှိမ်နင်းရေး ရတနာတောင်ဝှေးကို မြှောက်ကိုင်ကာ ကူညီလိုခဲ့သော်လည်း ဆရာတော်က သူတို့ကို လာမကယ်ရန် တားမြစ်ထားကြောင်း ပြောကာ စွန်းဝူခုန်းက တားဆီးခဲ့လေသည်။
ဆရာတော် မည်သည့်အရာကို ကြံစည်နေမှန်း သူတို့ နားမလည်ကြသော်လည်း ဆရာတော်၏ အမိန့်ဖြစ်နေသောကြောင့် ကျူးပါကျဲနှင့် အခြားသူများသည် စိတ်ရှည်လက်ရှည်ဖြင့်သာ စောင့်ဆိုင်းနေကြတော့သည်။
ခုနစ်ရက်၊ ရှစ်ရက်ကြာသော ဤကာလအတွင်း ကျန်းလျိုသည် တုန်လှုပ်ခြင်းအလျဉ်းမရှိသလို စွန်းဝူခုန်းနှင့် အခြားသူများကလည်း စိတ်ရှည်လက်ရှည်ဖြင့်သာ စောင့်ဆိုင်းနေကြသည်။ သို့သော်လည်း ဖျင်တင့်တောင်ရှိ မိစ္ဆာများမှာမူ အနည်းငယ် သည်းမခံနိုင်တော့ဘဲ နေ့ရက်များကို အလွန်ပင် ဆင်းရဲဒုက္ခရောက်စွာ ဖြတ်သန်းနေကြရလေသည်။
မိစ္ဆာငယ်လေးများအတွက်တော့ သဘာဝအရ ထန်ဆရာတော်၏ အသားကို စားသုံးရန် အမြဲမပြတ် စိတ်ကူးယဉ်နေကြတော့သည်။
အသားတစ်ဖဲ့ စားရုံဖြင့် ထာဝရအသက်ရှင်ခြင်းကို ရရှိနိုင်မည်တဲ့လော။ ဤမျှ ကြီးမားသော သွေးဆောင်မှုကို မည်သူကများ ခုခံနိုင်မည်နည်း။
သို့သော်လည်း ဘုရင်ကြီးနှစ်ပါးက မစားသရွေ့ သူတို့ဘာသာလည်း ကိုယ်တိုင် လှုပ်ရှားရန် မဝံ့ရဲကြပေ။ ထို့ကြောင့် ထာဝရအသက်ကို ရစေနိုင်သော အသားတုံးကြီးက မျက်စိရှေ့တွင်ရှိနေသော်လည်း လက်လှမ်းမမီနိုင်ဖြစ်နေရခြင်းသည် သူတို့ အတွက် အလွန်အမင်း ညှဉ်းပန်းနှိပ်စက်နေသကဲ့သို့ ဖြစ်နေတော့သည်။
ယခင်က ဘုရင်ကြီးနှစ်ပါးက ရက်အနည်းငယ်ခန့် စောင့်ဆိုင်းပြီး သေချာစွာ ဆေးကြောသန့်စင်ပြီးမှ ဆုံးဖြတ်မည်ဟု ပြောခဲ့ကြသည်။ သို့သော်လည်း ယခုအခါ ခုနစ်ရက်၊ ရှစ်ရက်ပင် ကုန်လွန်သွားခဲ့ပြီဖြစ်ရာ နောက်ထပ် မည်မျှကြာအောင် စောင့်ရမည်နည်း။
အခြားတစ်ဖက်၌... ရွှေချိုဘုရင်နှင့် ငွေချိုဘုရင်တို့သည် ကူကယ်ရာမဲ့စွာ အခြေအနေ အတွင်း ကျရောက် နေကြလေသည်။ လွန်ခဲ့သော ရက်အနည်းငယ်အတွင်း သူတို့၏ လက်အောက်ငယ်သားများက ထန်ဆရာတော်၏ အသားကို မည်သည့်အချိန်တွင် စတင်စားသုံးမည်နည်းဟု သွယ်ဝိုက်သောနည်းဖြင့် မေးမြန်းခဲ့ကြသည်မှာ အကြိမ်ပေါင်းမနည်းတော့ပေ။
"ကိစ္စတွေက အရမ်းထူးဆန်းနေတယ်လို့ မင်းမထင်ဘူးလား..."
ရွှေချိုဘုရင်၏ မျက်နှာတွင် ရှုပ်ထွေးမှုများ ပြည့်နှက်သွားပြီး နားမလည်သည့်ပုံစံဖြင့် ပြောလိုက်သည်။
"စွန်းဝူခုန်း ထွက်သွားခဲ့တာ ဒီလောက်ကြာတာတောင် ဘာလို့ သူ့ဆရာကို လာမကယ်သေးတာလဲ… ဖြစ်နိုင်တာက ဒီမျောက်က မေတ္တာတရားနဲ့ သစ္စာတရားဆိုတာ မရှိဘဲ သူ့ဆရာကိုတောင် မကယ်ချင်တော့တာများလား..."
ငွေချိုဘုရင်ကလည်း ခေါင်းခါလိုက်ပြီး အခက်တွေ့နေသော မျက်နှာထားဖြင့် ပြောလိုက်သည်။
"ဒါပေမဲ့ စွန်းဝူခုန်း မလာဘူးဆိုရင်တောင် ကျူးပါကျဲနဲ့ တခြားသူတွေကတော့ ကယ်ဖို့လာသင့်တယ် မဟုတ်ဘူးလား..."
“အေးလေ...”
ရွှေချိုဘုရင်က ခေါင်းညိတ်လိုက်သည်။ တစ်ခဏတာမျှ စဉ်းစားပြီးနောက် သူကပင် တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည်။
"မင်းဘယ်လိုထင်လဲ... စွန်းဝူခုန်းနဲ့ ထန်ဆရာတော်ကြားမှာ ရန်ငြိုးရန်စတွေရှိနေလို့ သူက တမင်သက်သက် မကယ်တာများလား… ပြီးတော့ သူ့ဆရာ အဖမ်းခံရတဲ့အကြောင်းကို ကျူးပါကျဲနဲ့ တခြားသူတွေကိုတောင် မပြောဘဲ ဖုံးထားတာများလား..."
ဤခန့်မှန်းချက်ကြောင့် ငွေချိုဘုရင်သည် တစ်ခဏမျှ တိတ်ဆိတ်စွာ စဉ်းစားသွားခဲ့၏။ ထို့နောက် သဘောတူညီစွာဖြင့် ခေါင်းညိတ်လိုက်သည်။
"ဒီရှင်းပြချက်လေး တစ်ခုတည်းကပဲ အဓိပ္ပာယ်ရှိပုံရတယ်..."
"ဒါဆိုရင် ဒီအကြောင်းကို ကျူးပါကျဲနဲ့ တခြားသူတွေသိအောင် ငါတို့ တစ်ခုခု ကြံမှရမယ်..."
စွန်းဝူခုန်းအပေါ် အားကိုးရန် မျှော်လင့်ချက်မရှိတော့သည်ကို မြင်သောအခါ ရွှေချိုဘုရင်နှင့် ငွေချိုဘုရင်တို့သည် သူတို့၏ အာရုံကို ကျူးပါကျဲထံသို့ ပြောင်းလဲလိုက်ကြသည်။
ထျန်းဖုန် စစ်သူကြီး၏ ဝင်စားသူတစ်ယောက်အနေဖြင့် သူသာ စတင်လှုပ်ရှားလာပါက သူတို့နှစ်ဦးက အတန်ကြာအောင် ခုခံထားလိုက်မည်ဆိုလျှင် သူ့ကို တောက်ရွှိုင်နန်းတော်ရှိ ထိုက်ရှန်းလောင်ကျွင်းကို ဆင်းသက်လာစေရန် အကူအညီတောင်းခံဖို့ ဖိအားပေးနိုင်လိမ့်မည်ဖြစ်ရာ မူလအစီအစဉ်နှင့် အတူတူပင် ဖြစ်သွားမည်ဖြစ်သည်။
ရွှေချိုဘုရင်နှင့် ငွေချိုဘုရင်တို့၏ အစီအစဉ်က ပြောင်းလဲသွားခြင်း မရှိပေ။ သူတို့သည် ဇာတ်ကောင်နေရာများကိုသာ လဲလှယ်လိုက်ခြင်းဖြစ်ပြီး စွန်းဝူခုန်း၏ နေရာတွင် ကျူးပါကျဲဖြင့် အစားထိုးလိုက်ခြင်းသာ ဖြစ်သည်။
ချက်ချင်းပင် သူတို့သည် ထိုနောက်ပိုင်းတွင် ကျူးပါကျဲကို မည်သို့ ရင်ဆိုင်ဖြေရှင်းရမည်ကို ဆွေးနွေးခဲ့ကြပြီး မကြာမီမှာပင် အစီအစဉ်ကို အတည်ပြုနိုင်ခဲ့ကြသည်။
ဤတစ်ကြိမ်တွင်မူ ရွှေချိုဘုရင် ကိုယ်တိုင် လှုပ်ရှားခဲ့သည်။ သူသည် နတ်စံအိမ်တော်သို့ တိတ်တဆိတ် ရောက်ရှိလာကာ စောင့်ဆိုင်းနေခဲ့သည်။ ကျူးပါကျဲ ထူးကဲလှပသော နတ်စံအိမ်တော်ထဲမှ ထွက်လာသည်နှင့် တစ်ပြိုင်နက် တစ်စုံတစ်ယောက်က စက္ကူဖြင့် ထုပ်ထားသော ကျောက်ခဲတစ်လုံးဖြင့် ကျူးပါကျဲ၏ ခေါင်းကို တည့်တည့် လှမ်းပေါက်လိုက်လေသည်။
"နင့်မေ စပ..."
ကျူးပါကျဲ တစ်ယောက် လန့်ဖျပ်သွားကာ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
"ဘယ်သူလဲကွ... မှောင်ရိပ်ထဲမှာ ပုန်းနေတာ ဘယ်သူလဲ… သတ္တိရှိရင် ထွက်လာခဲ့စမ်း..."
အတန်ကြာ ကျိန်ဆဲပြီးနောက် မည်သူမျှ ထွက်မလာသည်ကို မြင်သောအခါ ကျူးပါကျဲသည် နောက်ဆုံးတွင် ငုံ့ကာ မြေပြင်ပေါ်ရှိ ကျောက်ခဲကို ပတ်ထားသော စာရွက်ကို ကောက်ယူလိုက်သည်။
"မင်းရဲ့ဆရာ ငါ့လက်ထဲမှာ ရှိနေတယ်… မနက်ဖြန်ကျရင် သူ့ကိုသတ်ပြီး သူ့အသားကို ငါစားမယ်… သတ္တိရှိရင် လာကယ်လှည့်... ဖျင်တင့်တောင် ရွှေချိုဘုရင်..."
စာရွက်ပေါ်ရှိ စာသားများကို တွေ့မြင်ပြီးနောက် ကျူးပါကျဲသည် အံ့အားသင့်သွားပြီးနောက် အမြန်လှည့်ကာ စွန်းဝူခုန်းနှင့် အခြားသူများကို သွားရောက်တိုင်ပင်လေတော့သည်။
သူတို့က မနက်ဖြန်တွင် ဆရာတော်ကို သတ်ကြတော့မည်တဲ့လော… ထိုကိစ္စကတော့ လုံးဝ ဖြစ်၍မရပေ…။
...
"ဟီးဟီး... အလုပ်ဖြစ်သွားပြီပဲ..."
ကျူးပါကျဲ စာရွက်ကို ဆုပ်ကိုင်ကာ အလျင်စလို နောက်သို့ လှည့်ပြေးသွားသည်ကို ကြည့်ရင်း ရွှေချိုဘုရင်သည် တိတ်တဆိတ် ပြုံးလိုက်၏။ ထို့နောက် လှည့်ကာ ဖျင်တင့်တောင်သို့ တိတ်တဆိတ် ပြန်သွားလေသည်။
"နောင်တော်ကြီး... အခြေအနေ ဘယ်လိုလဲ..."
ရွှေချိုဘုရင် ပြန်ရောက်လာသည်ကို မြင်သောအခါ ငွေချိုဘုရင်က မေးလိုက်သည်။
"အလုပ်ဖြစ်သွားပြီ… ငါပေါက်လိုက်တဲ့ စာရွက်ကို ကျူးပါကျဲ ရသွားပြီ... မကြာခင် သူ ကယ်ဖို့ လာလိမ့်မယ်..."
ရွှေချိုဘုရင်က ပြုံး၍ ခေါင်းညိတ်ကာ ပြောလိုက်သည်။
"ကောင်းပြီ… ဒါဆို ငါတို့လည်း အသင့်ပြင်ထားရမယ်..."
ဤစကားကို ကြားသောအခါ ငွေချိုဘုရင်ကလည်း ခေါင်းညိတ်ကာ ပြန်ပြောလိုက်လေသည်။
***