← Chapters

အခန်း ၃၈၇

Vol. 28 Ch. 387

အခန်း ၃၈၇

Vol. 28 Ch. 387

အပိုင်း(၃၈၇)

နောက်ထပ် နှစ်ရက်အကြာတွင် ရွှေချိုဘုရင်နှင့် ငွေချိုဘုရင်တို့သည် စွန်းဝူခုန်းနှင့် သူ၏အဖွဲ့ ဘာတွေတွေးနေကြသလဲနှင့် ဒီရက်ပိုင်းအတွင်း ဘာတွေလုပ်နေကြသလဲဆိုတာကို သိရှိရန် နတ်စံအိမ်တော်သို့ တိတ်တဆိတ် ချဉ်းကပ်သွားကြလေသည်။

သို့သော်လည်း နှစ်ရက်တိုင်တိုင် တိတ်တဆိတ် စောင့်ကြည့်ပြီးနောက်တွင် သူတို့ ဘာတစ်ခုမှ သိမလာခဲ့ပေ။ စွန်းဝူခုန်းနှင့် သူ၏အဖွဲ့သည် လုံးဝ ဂရုမစိုက်သည့် သဘောထားမျိုးကိုသာ ပြသနေကြပြီး နေ့စဉ်ရက်ဆက် နတ်စံအိမ်တော်ထဲတွင် စားသောက်ကာ ဟော့ပေါ့များကို ဆူဆူညံညံ စားသောက်နေကြသည်ကိုသာ မြင်တွေ့ခဲ့ရလေသည်။

စားသောက်ပြီးနောက် ပန်းကန်များ ဆေးကြောပြီးသည်နှင့် တစ်ပြိုင်နက် သူတို့သည် ဖဲကစားရန် အတူတကွ ထိုင်လိုက်ကြလေသည်။ လူအသွင်ပြောင်းထားသော နဂါးမြင်းဖြူသည်ပင် မာဂျောင် ကစားရာတွင် ဝင်ရောက်ပါဝင်နေသေးသည်။

တိတ်ဆိတ်သော နေရာတွင် ပုန်းကွယ်ကာ ကြည့်နေကြသည့် ရွှေချိုဘုရင်နှင့် ငွေချိုဘုရင်တို့သည် အံ့သြမှင်တက်သွားကြလေတော့သည်။

‘ဒီကောင်တွေ ဘာဖြစ်နေကြတာလဲ… သူတို့ဆရာ အဖမ်းခံရတာကို သိသိကြီးနဲ့ လာလည်းမကယ်၊ စိတ်ပူတဲ့အရိပ်အယောင်လည်းမပြဘဲ ဖဲတောင်ရိုက်နေလိုက်သေးတယ်ပေါ့လေ…’

ဤသည်မှာ ကွမ်းယင်ဗောဓိသတ်က အနောက်အရပ်သို့ ခရီးသွားရာတွင် ထန်ဆရာတော်အား အကာအကွယ်ပေးရန် သူတို့ထံမှ မျှော်လင့်ထားသည့် လုပ်ရပ်မျိုးလော။

အကယ်၍ အချိန်အခါသာ သင့်တော်မည်ဆိုပါက ရွှေချိုဘုရင်နှင့် ငွေချိုဘုရင်တို့သည် ကွမ်းယင်ဗောဓိသတ်ထံသို့ သွားရောက်၍ တိုင်တန်းသင့်သည်ဟုပင် ခံစားလိုက်ရလေသည်။

"နောင်တော်ကြီး... ဒီကိစ္စကို ငါတို့ ဘယ်လိုလုပ်ကြမလဲ..."

လာရောက်ကယ်တင်ရန် လုံးဝစိတ်ကူးမရှိဘဲ ထန်ဆရာတော် အဖမ်းခံရသည်ကို အနည်းငယ်မျှပင် ဂရုမစိုက်သည့် စွန်းဝူခုန်းနှင့် သူ၏အဖွဲ့၏ သဘောထားကို မြင်လိုက်ရသောအခါ ငွေချိုဘုရင်သည် ငိုချင်စိတ်ပင် ပေါက်လာလေတော့သည်။

"ဒါက... ဒါက... လောလောဆယ် ငါလည်း ဘာလုပ်ရမှန်း မသိတော့ဘူး..."

ရွှေချိုဘုရင်ကလည်း ခေါင်းခါကာ ပြန်ပြောလိုက်သည်။

လက်ရှိအခြေအနေကို သူတို့ ဘယ်လိုရင်ဆိုင် ဖြေရှင်းသင့်သနည်း။ သူတို့ကပဲ အပြင်ထွက်ပြီး စွန်းဝူခုန်းနှင့် အဖွဲ့ကို လာကယ်ပါဟု တောင်းပန်ရမည်လော။ ထိုသို့ဆိုလျှင် ဤစမ်းသပ်မှုကြီးက ဟာသတစ်ခုလို ဖြစ်မသွားပေဘူးလော။

"ငါတို့ ထန်ဆရာတော်ကို ဒီအတိုင်း လွှတ်ပေးလိုက်ရင်ကော ဘယ်လိုလဲ..."

တစ်ခဏမျှ တိတ်ဆိတ်နေပြီးနောက် ရွှေချိုဘုရင်က အကြံပြုကာ ပြောလိုက်သည်။

"သူ့ကို လွှတ်ပေးမယ်... လုံးဝ မဖြစ်နိုင်ဘူး..."

ငွေချိုဘုရင်က ခေါင်းခါလိုက်၏။

"နောင်တော်ကြီး... ငါတို့က ထန်ဆရာတော်ကို မနည်းဖမ်းထားရတာ… ပြီးတော့ ဒီစမ်းသပ်မှုမှာ အောင်မြင်ဖို့ နီးစပ်နေပြီလေ… သူ့ကို အခု လွှတ်ပေးလိုက်ရင် ငါတို့ရဲ့ ကြိုးစားအားထုတ်မှုတွေ အကုန်လုံး အလဟဿ ဖြစ်သွားမှာပေါ့..."

ငွေချိုဘုရင်က ပြတ်သားစွာ ခေါင်းခါနေသည်ကို မြင်သောအခါ ရွှေချိုဘုရင်က သူ၏ အကြံအစည်ကို ထပ်မံရှင်းပြလိုက်သည်။

"မဟုတ်ဘူး... ငါ 'လွှတ်ပေးလိုက်မယ်' လို့ပြောတာက တကယ်ကြီး လွှတ်ပေးလိုက်ဖို့ မဟုတ်ဘူး... ဒီရက်ပိုင်း ဂူထဲမှာ ထန်ဆရာတော်က တော်တော်လေး လိမ္မာနေတာပဲလေ... သူက အရမ်းစကားနားထောင်တဲ့ပုံစံ ဟန်ဆောင်ပြီး သူ့အချည်အနှောင်တွေကို ဖြုတ်ပေးလိုက်မယ်… ပြီးရင် သူ့ကို ထွက်ပြေးဖို့ အခွင့်အရေး ဖန်တီးပေးလိုက်မယ်လေ... မင်း ဘယ်လိုထင်လဲ..."

"ဒါက..."

ဤစကားကို ကြားသောအခါ ငွေချိုဘုရင်သည် တစ်ခဏမျှ စဉ်းစားလိုက်ပြီးနောက် နာကျင်နေသော မျက်နှာထားဖြင့် ခေါင်းညိတ်လိုက်သည်။

"အခု ငါတို့ တခြားဘာလုပ်နိုင်ဦးမှာလဲ... စွန်းဝူခုန်းနဲ့ တခြားသူတွေက သူ့ကို လာမှမကယ်တာ... ငါတို့မှာ အစီအစဉ်လို့တောင် ခေါ်လို့မရတဲ့ ဒီအစီအစဉ်တစ်ခုပဲ ကျန်တော့တာပေါ့... ထန်ဆရာတော် ကိုယ့်ဘာသာကိုယ် လွတ်အောင် ထွက်ပြေးနိုင်ပါစေလို့ပဲ မျှော်လင့်ရတော့မှာပဲ..."

ဒင် - အတွေ့အကြုံမှတ် +၆

ဒင် - အတွေ့အကြုံမှတ် +၆

ဒင် - အတွေ့အကြုံမှတ် +၇

…

မိစ္ဆာဂူအတွင်း၌ ကျန်းလျိုသည် မြေပြင်ပေါ်တွင် ထိုင်နေလေသည်။ သူ၏ကိုယ်ပေါ်ရှိ ကြိုးများသည် တစ်နည်းနည်းဖြင့် ပြုတ်ကျနေခဲ့ပြီး သူသည် ကောင်းကင်နဂါး ဓမ္မတေးသံကို တိတ်တဆိတ် ကျင့်ကြံနေလေသည်။ စနစ်ထံမှ အသိပေးချက်များသည် ကျန်းလျို၏ စိတ်ထဲတွင် ဆက်တိုက်ဆိုသလို ထွက်ပေါ်နေလေသည်။

ကျင့်စဉ်ကို ကိုးရာရှစ်ဆယ့်တစ်ကြိမ်တိတိ ကျင့်ကြံပြီးနောက် ကျန်းလျိုသည် ကျင့်ကြံခြင်းကို ရပ်တန့်လိုက်ပြီး မျက်လုံးများကို ဖွင့်ကာ သူ၏ သိုလှောင်နေရာထဲမှ ကျောက်စိမ်းသေရည် တစ်ခွက်ကို ထုတ်ယူ၍ တစ်ငုံ သောက်လိုက်လေသည်။

ဒင် - အတွေ့အကြုံမှတ် ၃၅,၃၂၀ ရရှိပါသည်

ဤကျောက်စိမ်းဝတ်ရည် တစ်ငုံကို သောက်လိုက်သည်နှင့် တစ်ပြိုင်နက် စနစ်၏ အသိပေးချက်များသည် မျှော်လင့်ထားသည့်အတိုင်း ထွက်ပေါ်လာခဲ့လေသည်။

သူသည် ဤနေရာတွင် အကျဉ်းချခံထားရစဉ်အတွင်း ချည်နှောင်ခံထားရသော်လည်း မည်သည့် ခုခံမှုမျှ မပြသခဲ့သောကြောင့် ရွှေချိုဘုရင်နှင့် သူ၏ နောက်လိုက်များသည် သူ၏ အချည်အနှောင်များကို ဖြုတ်ပေးထားခဲ့ခြင်း ဖြစ်သည်။

ကျန်းလျိုသည် အတွေ့အကြုံမှတ်များကို တိုးပွားစေရုံသာမက သူ၏ ပါရမီကိုပါ တိုးတက်စေရန် နေ့စဉ် ကျောက်စိမ်းဝတ်ရည် တစ်ငုံကို သောက်သုံးနေခဲ့သည်။ မသိမသာပင် သူ၏ ပါရမီသည် ထပ်မံတိုးတက်လာပုံရသည်။

ဥပမာအားဖြင့် ကျင့်ကြံနေစဉ်အတွင်း သူသည် ပုံမှန်အားဖြင့် အတွေ့အကြုံမှတ် ၆ မှတ် ရရှိလေ့ရှိသော်လည်း ယခုအခါ တစ်ခါတစ်ရံတွင် စနစ်က သူ့ကို အတွေ့အကြုံမှတ် ၇ မှတ် ရရှိကြောင်း အသိပေးချက်များဖြင့် အံ့အားသင့်စေခဲ့သည်။ ဤသည်မှာ ပါရမီတိုးတက်လာခြင်း၏ လက္ခဏာရပ် မဟုတ်ပေလော။

ကျင့်ကြံခြင်းကို ရပ်တန့်ပြီးနောက် ကျန်းလျိုသည် သူ၏ ဇာတ်ကောင် အချက်အလက် မျက်နှာပြင်ကို တိတ်တဆိတ် ဖွင့်ကြည့်လိုက်ရာ အဆင့် ၃၉ မှ ၄၀ သို့ တက်ရန်အတွက် စုစုပေါင်း အတွေ့အကြုံမှတ် ငါးသန်း လိုအပ်ကြောင်း တွေ့လိုက်ရသည်။ လက်ရှိတွင် သူ့၌ နှစ်သန်းနှစ်သိန်းခန့်သာ ရှိသေးသဖြင့် လိုအပ်ချက်များစွာ ကျန်နေသေးသည်။

ဤအတွေ့အကြုံမှတ်များကို မြင်သောအခါ ကျန်းလျိုသည် ကျောက်စိမ်းသေရည်ကို နောက်ထပ် သောက်ပြီး မူးယစ်သွားချင်စိတ်ပင် ပေါက်သွားသည်။ မည်သို့ပင်ဖြစ်စေ အဆင့် ၄၀ သို့ အရင်တက်သွားသည်က ပိုကောင်းပေမည်။

သို့သော်လည်း မိစ္ဆာများ ဝန်းရံထားသော မိစ္ဆာဂူထဲတွင် ရှိနေသောကြောင့် ကျန်းလျိုသည် အလျင်စလို မလုပ်ရန် ဆုံးဖြတ်လိုက်သည်။ မည်သို့ပင်ဖြစ်စေ နေ့စဉ် ကျောက်စိမ်းသေရည် တစ်ငုံ သောက်ခြင်းက စုပ်ယူမှုအတွက် ပိုမို အကျိုးရှိပေသည်။

ထိုစဉ်မှာပင် ကျောက်ခန်း၏ တံခါး ပွင့်သွားပြီး ရွှေချိုဘုရင်နှင့် ငွေချိုဘုရင်တို့ ဝင်လာကြလေသည်။

သူတို့ တံခါးဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် ကျန်းလျိုသည် ကျောက်စိမ်းသေရည်ကို အမြန်ဝှက်ထားလိုက်လေသည်။

"ထန်ဆရာတော်... အခြေအနေ ဘယ်လိုလဲ... ငါတို့ရဲ့ မိစ္ဆာဂူထဲမှာ နေရတာ လဝက်နီးပါးလောက် ရှိသွားပြီဆိုတော့ ဘယ်လို ခံစားရလဲ..."

ရွှေချိုဘုရင်က အနားသို့ ချဉ်းကပ်လာပြီး ကျန်းလျိုအား ရယ်မောကာ ပြောလိုက်သည်။

မြေပြင်ပေါ်တွင် ထိုင်နေသော ကျန်းလျိုသည် မျက်ခွံကို အနည်းငယ် ပင့်လိုက်ပြီး ရွှေချိုဘုရင်ကို တည်ငြိမ်စွာ ပြောလိုက်သည်။

"မိစ္ဆာယုတ်... အပိုစကားတွေ ပြောမနေနဲ့… သတ်မယ်ဆိုလည်း သတ်လိုက်တော့… ဘုန်းကြီးက သေရမှာကို မကြောက်ဘူး..."

သူ၏ အမူအရာက အသက်ရှင်ခြင်း သို့မဟုတ် သေဆုံးခြင်းကို အမှန်တကယ် ဂရုမစိုက်သည့်ပုံပင် ပေါက်နေလေသည်။

"ကောင်းတယ်... ဟားဟားဟား..."

သို့သော်လည်း ကျန်းလျို၏ စကားကို ကြားသောအခါ ရွှေချိုဘုရင်သည် ဒေါသမထွက်သည့်အပြင် ခေါင်းညိတ်ကာ ကျယ်လောင်စွာ ရယ်မောလိုက်၏။

"မင်းလို သေရမှာကို မကြောက်တဲ့ ယောက်ျားကောင်းကို ငါကိုယ်တော် သဘောကျတယ်… နှမြောစရာကောင်းတာက လူနဲ့ မိစ္ဆာဆိုတဲ့ ကွာခြားချက်သာ မရှိဘူးဆိုရင် ငါတို့တွေ သူငယ်ချင်းတောင် ဖြစ်နိုင်လောက်တယ်..."

စကားအဆုံးတွင် ရွှေချိုဘုရင်၏ မျက်နှာပေါ်၌ နောင်တရမှုနှင့် နှမြောတသဖြစ်မှုများ ပြည့်နှက်နေလေသည်။

"အိုး... ဒါဆို မင်းက ဒီနေ့ ငါ့ကို သတ်ဖို့ လာတာပေါ့..."

ကျန်းလျိုက တည်ငြိမ်သော မျက်နှာထားဖြင့် ရွှေချိုဘုရင်ကို ကြည့်ကာ ပြောလိုက်သည်။

ရွှေချိုဘုရင်က အလေးအနက် ခေါင်းညိတ်ကာ ကြေညာလိုက်သည်။

"မင်း ဒီဂူထဲမှာ အနားယူနေတာ လဝက်နီးပါး ရှိသွားပြီဆိုတော့ အခုဆို တော်တော်လေး အားပြည့်နေလောက်ပြီ… မနက်ဖြန်ကျရင် မင်းကိုသတ်ပြီး မင်းရဲ့ အသားကို စားဖို့ ငါ ဆုံးဖြတ်လိုက်ပြီ… ဒီဂူထဲက မိစ္ဆာငယ်လေးတွေ အားလုံးကိုလည်း မင်းရဲ့ ထာဝရအသက်ကို ရစေနိုင်တဲ့ အသားကို မြည်းစမ်းခွင့် ပေးလိုက်မယ်..."

"အော်... ကောင်းပြီလေ..."

ကျန်းလျိုက တည်ငြိမ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။ သူ့ဘေးရှိ ငွေချိုဘုရင်၏ နှုတ်ခမ်းထောင့်မှာ အနည်းငယ် တွန့်ကွေးသွားလေသည်။

‘အစ်ကိုကြီးရယ်... ကျုပ်တို့က ခင်ဗျားကို စားတော့မယ်လို့ ပြောနေတာကို ခင်ဗျားက 'အော်' ဆိုတဲ့ တစ်ခွန်းတည်းနဲ့ ပြန်ဖြေသေးတယ်ပေါ့လေ… ဒီထက် နည်းနည်းလောက် ယုတ္တိတန်တဲ့ တုံ့ပြန်မှုမျိုးလောက်တော့ မပေးနိုင်ဘူးလား...

"ဘုရင်ကြီး... မနက်ဖြန်ကျရင် ဒီ ထာဝရအသက်ကို ရစေနိုင်တဲ့ အသားကို တကယ်ပဲ စားရတော့မှာလား..."

ကျန်းလျိုဘက်မှ တုံ့ပြန်မှု နည်းပါးလှသော်လည်း သူတို့နောက်မှ လိုက်ပါလာကြသော မိစ္ဆာငယ်လေးများမှာမူ သိသိသာသာ စိတ်လှုပ်ရှားနေကြပြီး ရွှေချိုဘုရင်ကို မျှော်လင့်တကြီး စိုက်ကြည့်ကာ မေးလိုက်ကြလေသည်။

"ငါကိုယ်တော်ရဲ့ စကားတွေကို အတည်မယူလို့ရတဲ့ အချိန်များ ရှိဖူးလို့လား..."

ရွှေချိုဘုရင်သည် မိစ္ဆာငယ်လေးများကို မျက်မှောင်ကြုတ်ကြည့်ကာ စိတ်မရှည်စွာဖြင့် ပြောလိုက်သည်။

"မဟုတ်ရပါဘူး... မဟုတ်ရပါဘူး... ကျွန်တော်မျိုးတို့က အရမ်းစိတ်လှုပ်ရှားသွားလို့ပါ… ကျေးဇူးတင်ပါတယ် ဘုရင်ကြီး..."

ရွှေချိုဘုရင်၏ စကားကို ကြားသောအခါ မိစ္ဆာငယ်လေးများမှာ အလွန်စိတ်လှုပ်ရှားသွားကြပြီး စကားများပင် ဗလုံးဗထွေး ဖြစ်ကုန်ကြလေသည်။

"သူတို့က ငါ့ကိုသတ်ပြီး စားချင်တယ်ပေါ့... အခုတလော ဘာတွေ ထပ်ပြီး အကြံအစည်ထုတ်နေကြပြန်တာလဲ... ဟူး..."

ကျန်းလျို စိတ်ထဲမှနေ၍ သက်ပြင်းချလိုက်လေသည်။ ဤနေရာတွင် လဝက်နီးပါးခန့် အချိန်ဖြုန်းပြီးနောက် ကျန်းလျိုသည် နောက်ထပ် လအနည်းငယ်ခန့် ဆက်နေရန် မျှော်လင့်ထားခဲ့သည်။

သေချာပေါက် သူတို့က သူ့ကို ထွက်သွားစေရန် နည်းလမ်းရှာနေကြသည်တော့ မဟုတ်လောက်ပေ…။

ထိုကဲ့သို့ ဖြစ်လို့ မရချေ… မည်သည့်အခြေအနေမျိုးမှာမှ သူ ထွက်သွားလို့ မဖြစ်ပေ…။

နောက်ဆုံး၌ ရွှေချိုဘုရင်သည် ကျန်းလျိုဘက်သို့ လှည့်ကာ ပြောလိုက်လေတော့သည်။

"ကဲ... ဆရာတော်... ဒီနေ့ ငါ့ရဲ့ဂူထဲမှာ မင်းရဲ့ ထာဝရအသက် ပေးစွမ်းနိုင်တဲ့ အသား အတွက် ကြိုတင်အောင်ပွဲခံတဲ့အနေနဲ့ ပွဲကြီး တစ်ပွဲ ကျင်းပမယ်… ဆိုတော့ မင်းရဲ့ နောက်ဆုံး စားသောက်ပွဲကြီးကို ဆင်နွှဲဖို့ ဖိတ်ခေါ်ပါတယ်..."

***

All Chapters