အခန်း ၃၈၈
Vol. 28 Ch. 388
အပိုင်း(၃၈၈)
ပျော်ရွှင်ဖွယ်ကောင်းလှပေသည်။ ဖျင်တင့်တောင်ရှိ ကျောက်ခန်းတစ်ခုလုံးသည် ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေလေသည်။
မိစ္ဆာငယ်လေးများ အားလုံးသည် ဤပျော်ရွှင်မှုကို ဂုဏ်ပြုရန်အတွက် သီချင်းဆို ကခုန်ချင်စိတ်များပင် ပေါက်နေကြလေသည်။
လဝက်နီးပါးခန့် စောင့်ဆိုင်းပြီးနောက် ထာဝရအသက်ရှင်ခြင်းကို ရစေနိုင်သော အသားမှာ မြင်သာမြင်ရပြီး မစားရသည့် အခြေအနေဖြစ်နေခဲ့သော်လည်း ယခုအခါတွင်မူ ရွှေချိုဘုရင်နှင့် ငွေချိုဘုရင်တို့က မနက်ဖြန်တွင် ထန်ဆရာတော်ကို သတ်ဖြတ်စားသောက်နိုင်ပြီဖြစ်ကြောင်း နောက်ဆုံးတွင် ဆုံးဖြတ်လိုက်ကြပြီဖြစ်သည်။
ထိုအချိန်ရောက်လျှင် ကျောက်ခန်းတစ်ခုလုံးသည် ထာဝရအသက်ရှင်ခြင်းကို ရစေနိုင်သော အသားကို မြည်းစမ်းခွင့်ရကြမည်ဖြစ်ရာ မိစ္ဆာငယ်လေးများ အားလုံးသည် အလွန်တရာ မျှော်လင့်စောင့်စားနေကြပြီး ဝမ်းသာလုံးဆို့နေကြလေသည်။
ယနေ့ညတွင် ဘုရင်ကြီးနှစ်ပါးက ကြိုတင်၍ပင် အောင်ပွဲခံလိုကြသဖြင့် စားသောက်ပွဲကြီး တစ်ခုကို ကျင်းပမည်ဖြစ်သည်။ မိစ္ဆာငယ်လေးများ အားလုံးကို တက်ရောက်ရန် ဖိတ်ကြားထားသည့်အပြင် ညကင်းလှည့်ခြင်းကိုပင် ဖျက်သိမ်းထားလိုက်လေသည်။
မွန်းလွဲပိုင်း တစ်နေကုန် ပြင်ဆင်ပြီးနောက် မကြာမီမှာပင် ကျောက်ခန်းအတွင်း၌ အရသာရှိသော အစားအစာများနှင့် ကောင်းမွန်သော ဝိုင်အရက်မျိုးစုံတို့ဖြင့် ပြည့်လျှံနေလေတော့သည်။
စားသောက်ပွဲတွင် ပေါများလှသော ဝိုင်အရက်များနှင့် အစားအသောက်များကို ကြည့်ကာ ရွှေချိုဘုရင်နှင့် ငွေချိုဘုရင်တို့သည်လည်း အလွန်ပျော်ရွှင်နေပုံရပြီး လူတိုင်းကို အားရပါးရ သောက်သုံးကြရန် သူတို့၏ ခွက်များကို မြှောက်ကာ တိုက်တွန်းနေကြလေသည်။
"လာကြ... မနက်ဖြန်ကျရင် ငါတို့အားလုံး ထာဝရအသက်ရှင်ခြင်းကို ရစေနိုင်တဲ့ အသားကို မြည်းစမ်းခွင့်ရတော့မယ့် အထိမ်းအမှတ်အနေနဲ့ ဒီတစ်ခွက်ကို ကုန်အောင် သောက်ကြစို့..."
"လာကြ... အားလုံးပဲ နောက်တစ်ခွက် ထပ်သောက်ကြဦး… ဒါက ငါတို့ရဲ့ ကံကောင်းမှုကြီးပဲ..."
"ထပ်သောက်ကြစမ်း… ဒီနေ့ ငါတို့ စိတ်တိုင်းကျ သောက်ကြမယ်… မမူးမချင်း မရပ်ကြေးပဲ..."
...
ကျန်းလျိုသည် ဘေးနားတွင် တိတ်ဆိတ်စွာ ထိုင်နေပြီး ကျောက်ခန်းအတွင်း၌ ပွဲခံနေကြသော ပျော်ရွှင်နေသည့် မိစ္ဆာများကို စောင့်ကြည့်နေလေသည်။ သူ၏ အရှေ့တွင်လည်း ခမ်းနားကြီးကျယ်သော ဟင်းလျာများကို ချထားပေးသော်လည်း အခြားသူများနှင့် ခြားနားစွာပင် ကျန်းလျိုထံတွင်တော့ သောက်စရာ ဝိုင်အရက် မရှိပေ။
ယေဘုယျအားဖြင့် ကြည့်မည်ဆိုလျှင် ဤ 'ကွပ်မျက်ခြင်းမတိုင်မီ စားသောက်ပွဲ' ဟုခေါ်သော အရာသည် အတော်လေး ခမ်းနားကြီးကျယ်ပုံရလေသည်။
သို့သော်လည်း အတန်ကြာ စားသောက်ပြီးနောက် ကျန်းလျိုသည် ပုံမှန်မဟုတ်သော အခြေအနေကို ဖြည်းဖြည်းချင်း ရိပ်မိလာလေသည်။
အဘယ်ကြောင့်ဆိုသော် ရွှေချိုဘုရင်နှင့် ငွေချိုဘုရင်တို့ ခွက်မြှောက်ကာ သောက်နေကြသည့် အကြိမ်အရေအတွက်မှာ များလွန်းနေသောကြောင့် ဖြစ်သည်။
ထို့အပြင် သူတို့ကိုယ်တိုင် ကြိုးကြိုးစားစား သောက်နေကြရုံသာမက အခြားသော မိစ္ဆာငယ်လေးများကိုလည်း သူတို့နှင့်အတူ ပါဝင်ပွဲခံရန် အဆက်မပြတ် တိုက်တွန်းနေကြလေသည်။
နာရီဝက်ခန့်အတွင်းမှာပင် ကျောက်ခန်းအတွင်းရှိ မိစ္ဆာများသည် တစ်ကောင်ပြီးတစ်ကောင် အရက်ဒဏ်ကို မခံနိုင်တော့ဘဲ မူးယစ်ကာ လဲကျသွားကြလေတော့သည်။
နောက်ဆုံးတွင် ရွှေချိုဘုရင်နှင့် ငွေချိုဘုရင်တို့ပင်လျှင် အရက်အိုးများကို ဖက်လျက် မူးယစ်အိပ်မောကျသွားကြလေသည်။
"ဒီလှည့်ကွက် အဟောင်းကြီးပဲလား...”
စားသောက်ပြီးနောက် ကျန်းလျိုသည် ကျောက်ခန်းအတွင်း လှည့်ပတ်ကြည့်ရှုလိုက်ရာ ရွှေချိုနှင့် ငွေချိုမှစ၍ မိစ္ဆာငယ်လေးများအထိ အားလုံး မူးယစ်ကာ သတိလစ်နေကြသည်ကို တွေ့လိုက်ရလေသည်။ ကျန်းလျို၏ နှုတ်ခမ်းထောင့်များက အနည်းငယ် ကွေးတက်သွားပြီး တိတ်တဆိတ် ပြုံးလိုက်လေသည်။
ဤလှည့်ကွက်ကို သူ ယခင်က မြင်ဖူးခဲ့ပြီးသား ဖြစ်သည်။ ဝူကျွမ်ကျောင်းတော်တွင် ရှိနေစဉ်က တာအိုဘုန်းကြီးလေးများဖြစ်ကြသော ချင်းဖုန်းနှင့် မင်ယွဲ့တို့က သူ့ကို တိတ်တဆိတ် လွှတ်ပေးချင်ကြသောအခါ ဤနည်းဗျူဟာကိုပင် အသုံးပြုခဲ့ကြသည် မဟုတ်ပါလော။
သူတို့ကိုယ်သူတို့ အရင်ဆုံး မူးယစ်နေအောင် သောက်ကြပြီးနောက် သူ့အတွက် ထွက်ပြေးရန် အခွင့်အရေး ဖန်တီးပေးခြင်းပင် ဖြစ်လေသည်။
သို့သော်လည်း ဝူကျွမ်ကျောင်းတော်တွင် ကြုံတွေ့ခဲ့ရသော ယခင်အတွေ့အကြုံတုန်းက ကျန်းလျိုသည် ထွက်ပြေးရန် ရည်ရွယ်ချက် မရှိခဲ့သလို ယခုတစ်ကြိမ်တွင်လည်း ထွက်မပြေးခဲ့ပေ။
လူတိုင်း သောက်စားပြီးသွားသောအခါ ကျန်းလျိုသည် မတ်တတ်ရပ်လိုက်ပြီး သူ ပုံမှန်အားဖြင့် အကျဉ်းချခံရလေ့ရှိသော ကျောက်ခန်းထဲသို့ ဝင်သွားလေသည်။ သူသည် တင်ပျဉ်ခွေထိုင်လိုက်ပြီး ကောင်းကင်နဂါး ဓမ္မတေးသံကျင့်စဉ်ကို ဆက်လက်လေ့ကျင့်နေတော့သည်။
...
အချိန်များသည် တစ်စက္ကန့်ပြီးတစ်စက္ကန့် ကုန်လွန်သွားခဲ့ပြီး ကောင်းကင်ကြီး တဖြည်းဖြည်း လင်းထိန်လာသောအခါ ရွှေချိုဘုရင်သည် ဖြည်းညင်းစွာ ထိုင်လိုက်ပြီး သူ၏ခေါင်းကို ညင်သာစွာ ပုတ်လိုက်လေသည်။
အရက်နာကျပြီးနောက် သူ၏ခေါင်းသည် တင်းကျပ်သော ကြိုးကွင်းတစ်ခုဖြင့် စွပ်ခံထားရသကဲ့သို့ ခံစားနေရကာ အတော်လေး နေရထိုင်ရ ခက်ခဲနေလေသည်။
"ညီတော်... ထတော့… မြန်မြန်ထတော့..."
နိုးလာပြီးနောက် ရွှေချိုဘုရင်သည် သူ၏ပတ်ဝန်းကျင် အခြေအနေကို လေ့လာကြည့်ရှုလိုက်ပြီး ငွေချိုဘုရင်ကို ချက်ချင်း လှုပ်နှိုးကာ ပြောလိုက်သည်။
ရွှေချိုဘုရင်၏ ခေါ်သံကို ကြားသောအခါ ငွေချိုဘုရင်သည်လည်း တဖြည်းဖြည်း သတိပြန်ဝင်လာပြီး သူ၏ခေါင်းကို ပွတ်ကာ ပတ်ဝန်းကျင်ကို ဝမ်းသာအားရ ကြည့်ရှုရင်း မေးလိုက်သည်။
"နောင်တော်ကြီး... ထန်ဆရာတော် ဘယ်မှာလဲ..."
"ငါတို့အားလုံး မူးသွားကြတော့ သူ ထွက်ပြေးသွားတာ ဖြစ်ရမယ်..."
ရွှေချိုဘုရင်၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု တိတ်တဆိတ် ပေါ်လာခဲ့၏။ သူ၏စကားများကမူ ပြင်းထန်သော နောင်တရမှုကို ဖော်ပြနေလေသည်။
"ဟူး... နောက်ဆုံးတော့ သူ ထွက်ပြေးသွားပြီပေါ့လေ..."
ငွေချိုဘုရင်ကတော့ စိတ်ထဲမှနေ၍ သက်ပြင်းချလိုက်လေသည်။ ချက်ချင်းပင် သူတို့နှစ်ဦးသည် မြေပြင်ပေါ်တွင် ပြန့်ကျဲနေသော မိစ္ဆာငယ်လေးများ အားလုံးကို လှုပ်နှိုးလိုက်ကြပြီး မနေ့ညက သူတို့အားလုံး အရက်မူးသွားကာ ထန်ဆရာတော်ကို ထွက်ပြေးခွင့်ပြုမိသွားကြောင်းနှင့် သူ့ကို အမြန်ဆုံး ပြန်လည်ဖမ်းဆီးရန် လိုအပ်ကြောင်း အသိပေးလိုက်ကြလေသည်။
"ဘာ... ထန်ဆရာတော် ထွက်ပြေးသွားတယ်..."
ရွှေချိုဘုရင်နှင့် ငွေချိုဘုရင်တို့၏ စကားကို ကြားသောအခါ ကျောက်ခန်းအတွင်းရှိ မိစ္ဆာငယ်လေးများ၏ မျက်နှာများမှာ မှုန်ကုပ်သွားကြလေသည်။
သူတို့သည် ယနေ့တွင် ထာဝရအသက်ရှင်ခြင်းကို ရစေနိုင်သော အသားကို စားရတော့မည်ဟု မျှော်လင့်နေခဲ့ကြသော်လည်း ယခုတော့ ထန်ဆရာတော်က ထွက်ပြေးသွားပြီတဲ့လား… ဤသည်မှာ လက်ခံနိုင်စရာ မရှိပေ…
ရွှေချိုဘုရင်နှင့် ငွေချိုဘုရင်တို့ဘက်မှ များစွာ တိုက်တွန်းနေရန် မလိုတော့ဘဲ မိစ္ဆာငယ်လေးများသည် ထန်ဆရာတော်၏ သဲလွန်စကို ရှာဖွေရန် အလျင်အမြန် လူစုခွဲ၍ ထွက်သွားကြလေတော့သည်။
ထာဝရအသက်ရှင်ခြင်းကို ရစေနိုင်သော အသားကို မည်သည့်စရိတ်နှင့်မဆို ဖမ်းဆီးရမည်ဖြစ်ပြီး သူ့ကို ဒီအတိုင်း အလွယ်တကူ ထွက်ပြေးခွင့် မပြုနိုင်ပေ။
"အာ... နေကြဦး... နေကြဦး..."
မိစ္ဆာငယ်လေးများ ထန်ဆရာတော်ကို ခြေရာခံရန် လူစုခွဲလိုက်စဉ်မှာပင် ရုတ်တရက် အလွန်လိမ္မာပါးနပ်သော မိစ္ဆာငယ်လေး တစ်ကောင်က ပြေးထွက်လာပြီး ပြောလိုက်လေသည်။
"သူ မပြေးဘူး... သူ မပြေးသွားဘူး... ထန်ဆရာတော်ကို အကျဉ်းချထားတဲ့ ကျောက်ခန်းကို ကျွန်တော် အခုလေးတင် သွားစစ်ကြည့်လိုက်တာ… သူ ထွက်မပြေးသွားဘူး… အထဲမှာ ရှိနေတုန်းပဲ..."
"အိုး... တကယ်လား..."
မိစ္ဆာငယ်လေးများစွာသည် ဆုံးရှုံးသွားသော အရာတစ်ခုကို ပြန်လည်ရရှိလိုက်သကဲ့သို့ ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားကြကာ အော်ဟစ်အားပေးလိုက်ကြပြီး ထန်ဆရာတော် ရှိနေသည့် ကျောက်ခန်းဆီသို့ ချက်ချင်း ပြန်လှည့်သွားကြလေသည်။
"ဘာ... သူ ထွက်မသွားဘူးလား..."
မိစ္ဆာငယ်လေးများနှင့် နှိုင်းယှဉ်ပါက ရွှေချိုဘုရင်နှင့် ငွေချိုဘုရင်တို့မှာမူ အံ့သြမှင်တက်သွားကြပြီး တစ်ယောက်ကိုတစ်ယောက် နားမလည်နိုင်သော မျက်နှာထားများဖြင့် ကြည့်လိုက်ကြလေသည်။
ထို့နောက် သူတို့သည်လည်း ထန်ဆရာတော်ကို ဖမ်းဆီးထားသော ကျောက်ခန်းဆီသို့ အလျင်စလို သွားကြလေသည်။
ထန်ဆရာတော်သည် လုံးဝ ထွက်မသွားခဲ့ပေ။ သူသည် ယခင်ကအတိုင်း တည်ငြိမ်အေးချမ်းစွာဖြင့် တင်ပျဉ်ခွေထိုင်နေဆဲဖြစ်ပြီး ကျင့်စဉ်လေ့ကျင့်နေသည့်ပုံပင် ပေါက်နေလေသည်။
"အားလုံးပဲ...အချိန်ကျပြီလေ… အခု ဘုန်းကြီးကို သတ်ကြတော့မှာလား..."
ဆူညံသံများကို ကြားလိုက်ရသောအခါ ကျန်းလျိုသည် သူ၏မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်ကြည့်လိုက်ရာ သူ့အား ဝန်းရံထားသော မိစ္ဆာသတ္တဝါများအားလုံးကို မြင်လိုက်ရပြီး ပြောလိုက်လေသည်။
"ဟီးဟီး... ဘုန်းကြီး… မင်းက တော်တော်လေး အခြေအနေကို နားလည်တာပဲ..."
ကျန်းလျို ထွက်ပြေးရန် အားထုတ်မှုမရှိဘဲ ထိုနေရာတွင် ထိုင်နေသည်ကို မြင်သောအခါ မိစ္ဆာအိုကြီး တစ်ကောင်သည် သက်ပြင်းရှည်ကြီးကို ချလိုက်ပြီး ဝမ်းသာအားရ ပြောလိုက်လေသည်။
သို့သော်လည်း ငွေချိုဘုရင်သည် ကျန်းလျိုအား လုံးဝ နားမလည်နိုင်သော မယုံကြည်နိုင်သော အကြည့်တို့ဖြင့် ကြည့်ကာ မေးလိုက်လေသည်။
"မင်း... မင်း ဘာလို့ ဒီမှာ ရှိနေသေးတာလဲ..."
ထိုအခါ ကျန်းလျိုက ငွေချိုဘုရင်ကို အံ့သြသွားသည့် မျက်နှာထားဖြင့် ပြန်ပြောလိုက်လေတော့သည်။
"ဘုရင်ကြီး... ခင်ဗျားရဲ့ မေးခွန်းက ထူးဆန်းနေတယ်… ငါ ဒီမှာ မရှိရင် တခြားဘယ်မှာ ရှိရမှာလဲ… ခင်ဗျားတို့ပဲ ငါ့ကို ဒီမှာ ပိတ်လှောင်ထားတာ မဟုတ်ဘူးလား..."
***