အခန်း ၃၉၀
Vol. 28 Ch. 390
အပိုင်း(၃၉၀)
"ဟေ... တကယ်ပဲ အဲဒီလို ဖြစ်ခဲ့တာလား..."
လူ့ပြည်မှ အဖြစ်အပျက်များကို ကြားသောအခါ ထိုက်ရှန်းလောင်ကျွင်းသည်လည်း ကြက်သေ သေသွားပြီး အံ့အားသင့်စွာဖြင့် ပြောလိုက်လေသည်။ အမှန်တကယ်ပင် မည်သူမဆို ဤပြဿနာများကို ကြားလျှင် အံ့သြသွားကြမည်သာ ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ အနောက်အရပ်သို့ ကျမ်းစာပင့်ဆောင်သူ အဖွဲ့၏ အပြုအမူနှင့် နည်းလမ်းများသည် လုံးဝကို သမားရိုးကျ မဟုတ်ပေ။
ထိုက်ရှန်းလောင်ကျွင်း သည်လည်း အံ့အားသင့်သော မျက်နှာထားဖြင့် တွေးတောနေသည်ကို မြင်သောအခါ ရွှေချိုဘုရင် က မေးလိုက်သည်။
"အရှင်... ကျွန်တော်မျိုးတို့ ဆက်ပြီး ဘာလုပ်ကြမလဲ..."
"အင်း... မင်းတို့ရဲ့ အခြေအနေကို ငါသိပြီဆိုတော့ မင်း ပြန်သွားလို့ရပြီ… ဘာလုပ်ရမလဲဆိုတာ ငါသိပြီ..."
တစ်ခဏမျှ စဉ်းစားပြီးနောက် ထိုက်ရှန်းလောင်ကျွင်းက တည်ငြိမ်စွာပင် ပြောလိုက်လေသည်။ ရွှေချိုဘုရင်အတွက်မူ ထိုက်ရှန်းလောင်ကျွင်းအပေါ် ယုံကြည်မှုက သဘာဝကျလှသည်။ သူက ဖြေရှင်းရန် နည်းလမ်းရှိသည်ဟု ပြောမှတော့ နောက်ထပ် မေးခွန်းထုတ်စရာ မလိုတော့ပေ။
ရွှေချိုဘုရင်သည် ခေါင်းညိတ်လိုက်ပြီး စိုးရိမ်ပူပန်မှုများ ရောထွေးနေသော အတွေးများဖြင့် လှည့်ကာ ထွက်ခွာသွားလေသည်။
ရွှေချိုဘုရင် ထွက်သွားသည်နှင့် တစ်ပြိုင်နက် ထိုက်ရှန်းလောင်ကျွင်းသည် ကျန်းလျိုနှင့် အဖော်များ၏ လုံးဝ ပုံမှန်မဟုတ်သော လုပ်ရပ်များကို တွေးတောလိုက်ရင်း နှုတ်ခမ်းထောင့်များတွင် အပြုံးတစ်ခု ပေါ်လာလေသည်။
“စိတ်ဝင်စားစရာပဲ...”
ရွှမ်ကျန်းနှင့် သူ၏အဖော်များသည် မည်သည့်အကြံအစည်များကို ကြံစည်နေကြသနည်း။ သူတို့ ဘာကြောင့် ဤသို့ ပြုမူနေကြရသနည်း။
ရွှေချိုနှင့် ငွေချိုတို့သည် သူ့လူများဖြစ်ကြောင်းကို ရွှမ်ကျန်းက ကြိုတင်သိရှိနေခဲ့သည်များလော။ ထို့ကြောင့် သူတို့က သူ၏အသက်အန္တရာယ်ကို ထိခိုက်စေမည်မဟုတ်မှန်း သိထား၍ ဘာကိုမှ မကြောက်မရွံ့ ဖြစ်နေခဲ့ခြင်းလော။ ဤရှင်းပြချက် တစ်ခုတည်းကသာလျှင် အဓိပ္ပာယ်ရှိပုံရလေသည်။
မည်သို့ပင်ဆိုစေကာမူ ရွှမ်ကျန်းနှင့် ထိုမျောက်တို့သည် တောက်ရွှိုင်နန်းတော်သို့ တစ်ကြိမ် လာရောက်လည်ပတ်ခဲ့ဖူးသည်။ ထိုအချိန်က သူရော ကလေးအစေခံနှစ်ဦးပါ တောက်ရွှိုင်နန်းတော်တွင် မရှိခဲ့ကြသဖြင့် သူတို့က တစ်ခုခုကို ရိပ်မိခန့်မှန်းသွားနိုင်ချေ ရှိလေသည်။
ယခုအခါ အရာရာ၏ အမှန်တရားကို ရွှမ်ကျန်းနှင့် သူ၏အဖော်များက သိရှိသွားပြီဖြစ်ရာ ဤဟန်ဆောင်မှုကို ဆက်လက်လုပ်ဆောင်နေခြင်းက အဓိပ္ပာယ်မရှိတော့ပုံရလေသည်။
ဤသို့တွေးတောရင်း ထိုက်ရှန်းလောင်ကျွင်းသည်လည်း လူ့ပြည်သို့ ဆင်းသက်ကာ သွားရောက်ကြည့်ရှုရန် ပြင်ဆင်လိုက်ပြီး စတင်လှုပ်ရှားလေတော့သည်။
သူ စတင်ထွက်ခွာမည် ပြုစဉ်မှာပင် တစ်စုံတစ်ခုကို သတိရသွားပုံပေါ်ပြီး ခြေလှမ်းများ ခေတ္တမျှ ရပ်တန့်သွားခဲ့သည်။
ချက်ချင်းပင် သူသည် လက်ကိုမြှောက်ကာ သူကိုယ်တိုင် ဖန်တီးထားသော မာဂျောင်နှင့် ဖဲချပ် တစ်စုံစီကို ယူလိုက်လေသည်။ ထို့နောက် သူသည် လှည့်ကာ ထွက်ခွာသွားလေတော့သည်။
...
ဖျင်တင့်တောင်ရှိ ဂူအတွင်း၌မူ ကျန်းလျိုသည် ယခင်ကအတိုင်း တည်ငြိမ်အေးချမ်းစွာ တင်ပျဉ်ခွေထိုင်လျက် ကောင်းကင်နဂါး ဓမ္မတေးသံကို ကျင့်ကြံနေဆဲပင် ဖြစ်လေသည်။
အပြင်ဘက်ရှိ မိစ္ဆာငယ်လေးများသည် သူတို့၏ ဓားများကို စိတ်အားထက်သန်စွာဖြင့် သွေးနေကြပြီဖြစ်သော်လည်း ကျန်းလျိုကမူ သူ၏ လုံခြုံရေးအတွက် လုံးဝ စိုးရိမ်ပူပန်ခြင်း မရှိသေးပေ။ သူ၏ တည်ငြိမ်အေးချမ်းမှုက မိစ္ဆာငယ်လေးများစွာကို အထင်ကြီးလေးစားသွားစေခဲ့သည်။
သေမင်းနှင့် ရင်ဆိုင်နေရချိန်၌ပင် ဤမျှ တည်ငြိမ်နေနိုင်သည်မှာ မဟာထန်ပြည်မှ ဆရာတော် ဟူသော ဘွဲ့နာမနှင့် အမှန်တကယ်ပင် ထိုက်တန်လှသည်။
ထို့ကြောင့်သာလျှင် သူ၏ အသားနှင့် သွေးများက ထာဝရအသက်ရှင်ခြင်းကို ပေးစွမ်းနိုင်သော ထူးကဲသည့် အာနိသင်များ ရှိနေရခြင်း ဖြစ်ရပေမည်။
အတန်ကြာပြီးနောက် ရွှေချိုဘုရင်သည် ကောင်းကင်ဘုံ ခရီးစဉ်မှ ပြန်လည်ရောက်ရှိလာလေသည်။
ထို့နောက်တွင်တော့ ရုတ်တရက် ဆိုသလို ကောင်းကင်ယံမှ အလင်းတန်းတစ်ခု ကျဆင်းလာခဲ့လေသည်။ တစ်ချိန်တည်းမှာပင် တည်ကြည်ခန့်ညားသော ထိုက်ရှန်းလောင်ကျွင်းသည် နွားပြာကြီးကို စီးနင်းလျက် ကောင်းကင်ယံတွင် ပေါ်ထွက်လာလေသည်။
ဤအလင်းတန်း ပေါ်ထွက်လာမှုသည် ကောင်းကင်နှင့် မြေကြီးကို တစ်ခဏမျှ ထိုးဖောက်သွားသကဲ့သို့ ဖြစ်သွားပြီး ကောင်းကင်ဘုံ၏ ဖြစ်စဉ်များနှင့် နတ်ဘုရားများ၏ သိမ်မွေ့သော အသံများကိုပါ ဖြစ်ပေါ်စေခဲ့လေသည်။
ဖျင်တင့်တောင်ခြေရင်းရှိ ထူးကဲလှပသော နတ်စံအိမ်တော် အတွင်းမှ ကောင်းကင်နှင့် မြေကြီး၏ ဤခမ်းနားလှသော အပြောင်းအလဲကို မြင်တွေ့လိုက်ရသောအခါ ရှားဝူကျင်းက အလျင်စလို အော်ခေါ်လိုက်လေသည်။
"ဟေး...အစ်ကိုကြီးနဲ့ ဒုတိယ အစ်ကို... လာကြည့်ကြပါဦး..."
"ဟိုက်... ဘယ်သူဆင်းလာတာလဲဟ... ကြွားလုံးထုတ်လိုက်တာများ လွန်လွန်ကျွံကျွံပဲ..."
အဝေးမှ သိမ်မွေ့သော နတ်ဘုရားတို့၏ အသံများကို နားထောင်ရင်း ကျူးပါကျဲသည် သူ၏ အိပ်မှုန်စုံမွှား မျက်လုံးများကို ပွတ်သပ်ကာ ညည်းတွားလိုက်သည်။
စွန်းဝူခုန်းကတော့ သူ၏ မျောက်လက်ဝါးကို မျက်လုံးပေါ်တွင် ကာလိုက်ရင်း အလင်းတန်းဆီသို့ လှမ်းကြည့်ကာပြောလိုက်သည်။
"အိုး.... ဟိုအဘိုးကြီး ထိုက်ရှန်းလောင်ကျွင်း ဆင်းလာတာပဲ... ငတုံးရ... ဒီနေ့ သူ တော်တော်လေး ကြွားလုံးထုတ်နေတယ်လို့ မင်းပြောတာ မမှားဘူး..."
"ဖွဖွဖွ..."
ထိုက်ရှန်းလောင်ကျွင်း ဆင်းသက်လာခြင်းဖြစ်ကြောင်း ကြားလိုက်ရသောအခါ ကျူးပါကျဲ တစ်ယောက် မျက်နှာ အမူအရာ ပြောင်းလဲသွားပြီးနောက် ချက်ချင်း အကြိမ်အနည်းငယ် တံတွေးထွေးချလိုက်ကာ သူ၏ ဝက်ပါးစပ်ကို လက်ဖဝါးဖြင့် ဖြည်းညင်းစွာ ရိုက်ချလိုက်လေတော့သည်။
ကောင်းပြီ...။ စောစောက သူ ပြောခဲ့တာတွေက လုံးဝ အဓိပ္ပာယ်မရှိတဲ့ စကားတွေချည်းပဲ ဖြစ်သည်။ ယခု ဆင်းသက်လာသူမှာ ထိုက်ရှန်းလောင်ကျွင်း ဖြစ်လေရာ သူ ထိုစကားကို မပြောသင့်ခဲ့ပေ။
စွန်းဝူခုန်း၏ စကားကို ကြားသောအခါ ရှားဝူကျင်းက သူ့ဘက်သို့ လှည့်ကြည့်လိုက်၏။
"ထိုက်ရှန်းလောင်ကျွင်း ဆင်းလာတာလား... ဒါဆိုရင် ငါတို့ ဘာလုပ်ကြမလဲ..."
"အင်း... အဲဒီအဘိုးကြီး ကိုယ်တိုင် ဆင်းလာမှတော့ သူ့ကို သွားတွေ့ကြတာပေါ့... ပြီးတော့ ငါ စွန်းဝူခုန်း ကို ဘာလို့ ရက်ပိုင်းလောက် နတ်စွမ်းအင်တွေ ပျောက်သွားအောင် လုပ်ခဲ့တာလဲဆိုတာကိုလည်း သူ့ကို မေးစရာရှိတယ်..."
စွန်းဝူခုန်းသည် စကားပြောနေရင်းပင် ခုန်ထကာ ဖျင်တင့်တောင်ဆီသို့ ပျံသန်းသွားလေတော့သည်။
...
"ကလေးတွေ... မင်းတို့ ထွက်မလာကြသေးဘူးလား... ဘယ်အချိန်မှ ထွက်လာကြမှာလဲ..."
နွားပြာကြီး၏ ကျောပေါ်တွင် ထိုင်နေသော ထိုက်ရှန်းလောင်ကျွင်းက သူ၏ မြင့်မားသော နေရာမှနေ၍ ကြေညာလိုက်လေသည်။ သူ၏ အသံသည် မကျယ်လောင်သော်လည်း နတ်စွမ်းအင်များဖြင့် အားဖြည့်ထားသောကြောင့် အောက်ဘက်သို့ ရှင်းလင်းပြတ်သားစွာ ရောက်ရှိသွားလေသည်။
ထိုက်ရှန်းလောင်ကျွင်း၏ စကားအဆုံးတွင် ရွှေချိုဘုရင်နှင့် ငွေချိုဘုရင်တို့သည် အလျင်အမြန် ပြေးထွက်လာကြလေသည်။
ထိုက်ရှန်းလောင်ကျွင်းကို မြင်သောအခါ ရွှေချိုဘုရင်နှင့် ငွေချိုဘုရင်တို့သည် ကြောက်လန့်နေသော ဟန်ပန်ကို ဟန်ဆောင်ပြလိုက်ကြသည်။
"ကလေးနှစ်ယောက်... မင်းတို့က ဂနာမငြိမ်ဘဲ လူ့ပြည်ကို တိတ်တဆိတ် ထွက်ပြေးလာပြီး မိစ္ဆာတွေလုပ်ခဲ့တဲ့အပြင် ထန်ဆရာတော်ကိုတောင် ဖမ်းပြီး သူ့အသားကို စားဖို့ ကြံရွယ်ခဲ့တယ်ပေါ့လေ... ဒီလောက် ကြီးမားတဲ့ အပြစ်ကို ကျူးလွန်ခဲ့မှတော့ အပြစ်ပေးခံရဖို့ တောက်ရွှိုင်နန်းတော်ကို ငါ့နောက် လိုက်ခဲ့ကြတော့..."
ထိုက်ရှန်းလောင်ကျွင်းက အမြင့်မှနေ၍ ပြောလိုက်လေသည်။
"ဘိုးဘိုးကြီး... ကျွန်တော်မျိုးတို့ မှားသွားပါတယ်..."
ထိုက်ရှန်းလောင်ကျွင်း၏ စကားကို ကြားသောအခါ ရွှေချိုဘုရင်နှင့် ငွေချိုဘုရင်တို့သည် ဒူးထောက်ချလိုက်ပြီး အသနားခံ စတင်တောင်းပန်ကြလေတော့သည်။
တစ်ချိန်တည်း၌ ကျန်းလျိုသည် ဖျင်တင့်တောင်ရှိ ဂူထဲမှ ထွက်လာပြီး အရှေ့ရှိ မြင်ကွင်းကို ကြည့်ကာ မျက်နှာကြီး မည်းမှောင်သွားလေသည်။
‘ဒါက ပြဇာတ်ရဲ့ အစိတ်လှုပ်ရှားရဆုံး အပိုင်းကို ကျော်ပြီး ဇာတ်သိမ်းပိုင်းဆီကို တိုက်ရိုက်သွားဖို့ ကြိုးစားနေတာပေါ့လေ...’
‘ဒီအတိုင်းလေး အဆုံးသတ်လိုက်ဖို့ စဉ်းစားနေတာလား… ဒီကိစ္စနဲ့ ပတ်သက်ပြီး သူ့ကို တစ်ယောက်ယောက်ကများ လာမေးဖူးလို့လား...’
"အဘိုးကြီး..."
ကောင်းကင်ယံတွင် အလင်းတန်းတစ်ခု လျှပ်တစ်ပြက် ဖြတ်ပြေးသွားပြီးနောက် ချက်ချင်းပင် စွန်းဝူခုန်းသည် ထိုက်ရှန်းလောင်ကျွင်း အရှေ့သို့ ရောက်ရှိလာကာ သူ့ကို လှမ်းခေါ်လိုက်လေသည်။
***