← Chapters

အခန်း ၄၂၆

Vol. 43 Ch. 426

အခန်း ၄၂၆

Vol. 43 Ch. 426

အခန်း (၄၂၆) အကြပ်အတည်း... ယောင်ယွဲ့ ရောက်ရှိလာခြင်း

မာယာကွမ်ရင် ဗောဓိသတ်၏ အသံမှာ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်ခု ပါဝင်နေပြီး ကြားရသူကို သူမ၏ စကားအား ယုံကြည်ကာ ခြွင်းချက်မရှိ အညံ့ခံလိုစိတ်များ ဖြစ်ပေါ်လာစေလေသည်။

တစ်ချိန်တည်းမှာပင် ရင်ထဲရှိ ဒေါသအမုန်းတရားများမှာလည်း သန့်စင်ခံလိုက်ရသည့်အလား ပျောက်ကွယ်သွားလေသည်။

ကျန်းချဲ့သည် ဤအခြေအနေမျိုးသို့ ရောက်ရှိနေပြီး အလိုအလျောက်ပင် ထိုကဲ့သို့သော အတွေးများ ဝင်လာသော်ငြား လျင်မြန်စွာပင် သတိဝင်လာကာ အခြေအနေမဟန်ကြောင်း ရိပ်မိသွားလေသည်။

သူသည် တစ်ဖက်လူ၏ လွှမ်းမိုးမှုကို ခံလိုက်ရပြီ ဖြစ်ပေသည်။

ကျန်းချဲ့သည် အရှေ့ကို စူးစိုက်ကြည့်ရင်း တစ်ခုခု မှားယွင်းနေပြီဖြစ်ကြောင်း ဆယ်ဆတိုး၍ သတိပြုမိလိုက်လေသည်။

တစ်ချိန်တည်းမှာပင် ချန်ချင်းဖန် ထံမှ ကြားသိခဲ့ရသော မာယာကွမ်ရင် ဗောဓိသတ်နှင့် ပတ်သက်သည့် အချက်အလက်များ ခေါင်းထဲတွင် လျင်မြန်စွာ ပေါ်ထွက်လာလေသည်။

သူမအား မာယာကွမ်ရင် ဟု ခေါ်ဆိုရခြင်း၏ အဓိက သော့ချက်မှာ 'မာယာ' ဟူသော စကားလုံးတွင် ရှိလေသည်။

ချန်ချင်းဖန်က သူမကို စကားလုံး အနည်းငယ်ဖြင့် အကဲဖြတ်ခဲ့ဖူးလေသည်။

'စိတ်ဆန္ဒရှိရာအတိုင်း ရုပ်သွင်အမျိုးမျိုး ဖန်တီးနိုင်သည်' ဟူ၍ ပင်ဖြစ်သည်။

ရိုးရိုးရှင်းရှင်း ပြောရလျှင် မာယာကွမ်ရင် ဗောဓိသတ်၏ အစစ်အမှန် ရုပ်သွင်ကို အလွန်နက်ရှိုင်းစွာ ဖုံးကွယ်ထားပြီး သူမ၏ ပတ်လည်တွင် မာယာရောင်စဉ်များ အမြဲတမ်း လွှမ်းခြုံနေလေသည်။ မိမိက သူမကို မည်သို့ မြင်ချင်သလဲ ထိုမြင်ချင်သော ပုံစံအတိုင်း ပေါ်လာမည် ဖြစ်လေသည်။

ထိုအရာကို တွေးမိသောအခါ ကျန်းချဲ့ ချက်ချင်း သတိဝင်လာလေသည်။

'ဒါကြောင့် ငါ ထူးဆန်းနေတယ်လို့ ထင်တာပဲ နိုင်ငံတော်ဆရာ တစ်ပါး သိုင်းသူတော်စင် အဆင့်ရှိတဲ့ ဗောဓိသတ် တစ်ပါးက ဘယ်လိုလုပ်ပြီး ဒီလို အဝတ်အစားမျိုး ဝတ်ပြီး ရင်ဘတ်ဟိုက်ကြီးကို ပြသနေမှာလဲ ဒါတွေ အကုန်လုံးက ငါ့မျက်လုံးထဲက မာယာတွေ သက်သက်ပဲ'

သေချာသည်ကတော့ သူ၏ ရင်ထဲရှိ လောကီဆန္ဒများကြောင့် တစ်ဖက်လူက ဤကဲ့သို့ ဝတ်စားဆင်ယင်ထားခြင်း ဖြစ်သည်ဟုတော့ သူ လုံးဝ ဝန်ခံမည် မဟုတ်ချေ။

"ဗောဓိသတ်ကို အရိုအသေပေးပါတယ်"

ရင်ထဲတွင် အတွေးပေါင်းများစွာ ဝင်လာသော်ငြား အပြင်ပန်းတွင်တော့ ကျန်းချဲ့က မည်သည့် ထူးခြားမှုကိုမျှ မပြသခဲ့ချေ။

"ဗောဓိသတ်က ဒီနေရာမှာ ကျုပ်ကို သီးသန့် လာစောင့်နေတာ ဘာကိစ္စများ ရှိလို့ပါလဲ"

"ကွမ်ကျွင်းနယ်စားက အရင်တုန်းက ငါ့ရဲ့ ဖိတ်ကြားချက်ကို ငြင်းဆန်ခဲ့လို့ ငါလည်း မလွှဲမရှောင်သာ ဒီနေရာကနေပဲ စောင့်နေရတာပါ"

မာယာကွမ်ရင် ဗောဓိသတ်၏ မျက်နှာပေါ်တွင် အမြဲတမ်း ခပ်ဖျော့ဖျော့ အပြုံးတစ်ခု ပေါ်လွင်နေပြီး မျက်ခုံးအကြားတွင်လည်း မေတ္တာကရုဏာ အရိပ်အယောင်များ လွှမ်းခြုံနေလေသည်။

"အရင်တုန်းက ကျုပ်မှာ အလုပ်တွေ အရမ်းများနေလို့ မလာနိုင်ခဲ့တာပါ ဗောဓိသတ် နားလည်ပေးပါ"

"ကိစ္စမရှိပါဘူး ငါက ကွမ်ကျွင်းနယ်စားကို တွေ့ရရင် ရပါပြီ"

"ဒီလိုဆိုမှတော့ ဗောဓိသတ် တိုက်ရိုက်ပဲ ပြောပါတော့"

အကြပ်အတည်းထဲ ရောက်နေသဖြင့် ကျန်းချဲ့ ရင်ထဲတွင် ဒေါသထွက်နေသော်ငြား ယာယီ ဖိနှိပ်ထားရုံသာ တတ်နိုင်လေသည်။

"ငါ လာတာက ကွမ်ကျွင်းနယ်စား အတွက် ဘေးအန္တရာယ် တစ်ခုကို ရှင်းလင်းပေးဖို့ပါ"

"ချီရွှယ်မိစ္ဆာသခင်လား"

ကျန်းချဲ့ မျက်လုံးများ မှေးကျဉ်းသွားလေသည်။

တစ်ဖက်လူ ပေါ်လာကတည်းက သူမ ဘာအတွက် လာသည်ကို သူ ကောင်းစွာ သိရှိထားပြီး ဖြစ်လေသည်။ ချီရွှယ်မိစ္ဆာသခင်မှလွဲ၍ သူနှင့် ဗုဒ္ဓဘာသာဂိုဏ်း အကြား တွင် မည်သည့် ရန်ငြိုးမျှ ကြီးကြီးမားမား မရှိချေ။

မာယာကွမ်ရင် ဗောဓိသတ်က ခေါင်းညိတ်ပြလိုက်လေသည်။

"ချီရွှယ်မိစ္ဆာသခင်က မကောင်းမှုတွေ အများကြီး လုပ်ခဲ့ပြီး သတ်ဖြတ်မှုတွေလည်း မရေမတွက်နိုင်အောင် ကျူးလွန်ခဲ့တယ် လူ့လောကရဲ့ ဘေးအန္တရာယ်ကြီး တစ်ခုပါပဲ အရင်တုန်းက နဂါးနိုင်ကိုယ်တော်က သူ့ကို နှိမ်နင်းခဲ့ပေမဲ့ ဒီမိစ္ဆာက ကောက်ကျစ်လွန်းလို့ အသက်နည်းနည်းလေး ကျန်ပြီး လွတ်သွားခဲ့တယ်"

"ဗုဒ္ဓဘာသာက လောကသားတွေကို ကယ်တင်ဖို့ ရည်ရွယ်ထားတာမို့ ဒီမိစ္ဆာ မသေသရွေ့ လောကကြီး ငြိမ်းချမ်းမှာ မဟုတ်ဘူး သူက ကွမ်ကျွင်းနယ်စားရဲ့ ဘေးမှာ နေတာလည်း ရည်ရွယ်ချက် တစ်ခုခု ရှိနေလို့ပဲ တိုင်းသူပြည်သားတွေ အတွက် နဂါးနိုင်ကိုယ်တော်က ငါ့ကို သူ့ကိုယ်စား လာပြီး ဒီမိစ္ဆာကို နှိမ်နင်းခိုင်းလိုက်တာပါ"

"ကွမ်ကျွင်းနယ်စား အနေနဲ့ အခြေအနေကို နားလည်ပြီး သူ့ကို ငါ့ လက်ထဲ အပ်လိုက်ပါ အဲ့ဒီလိုမှ မဟုတ်ရင် ဘေးအန္တရာယ်ကြီး ရောက်လာလိမ့်မယ်"

"နဂါးနိုင်ကိုယ်တော်က ဘာလို့ ကိုယ်တိုင် မလာတာလဲ"

"နဂါးနိုင်ကိုယ်တော်က တံခါးပိတ် ကျင့်ကြံရာကနေ မထွက်သေးလို့ပါ"

"ဗောဓိသတ် ပြောတဲ့ ဘေးအန္တရာယ်ကြီး ဆိုတာက ခင်ဗျား ကိုယ်တိုင်ကို ပြောတာလား"

ကျန်းချဲ့က တည်ကြည်လေးနက်စွာ ပြောလိုက်လေသည်။

မာယာကွမ်ရင် ဗောဓိသတ်က ပြုံးရုံသာ ပြုံးနေပြီး ဘာမှ ပြန်မပြောချေ။ သို့သော် သူမ၏ တိတ်ဆိတ်နေမှုကပင် အကောင်းဆုံး အဖြေဖြစ်နေလေသည်။

ဖိအားများ ချက်ချင်းပင် ကျန်းချဲ့၏ အပေါ်သို့ ကျရောက်လာလေသည်။

သိုင်းသူတော်စင် ကိုယ်တိုင် ရောက်လာပြီဖြစ်ရာ သူသာ စကားနားမထောင်ပါက တိုက်ပွဲတစ်ခု မလွဲမသွေ ဖြစ်ပွားရတော့မည် ဖြစ်လေသည်။ မဟုတ်ပေ တိတိကျကျ ပြောရလျှင် သူ တစ်ဖက်သတ် အဖိနှိပ်ခံရမည် ဖြစ်လေသည်။

သိုင်းသူတော်စင်ကို ရင်ဆိုင်ရချိန်တွင် သူ၏ နည်းလမ်းများ အားလုံးမှာ အလွန်တရာ သေးငယ်လွန်းလှပေသည်။

သို့သော် ချီရွှယ်မိစ္ဆာသခင်ကို ပေးအပ်ရန်လည်း သူ မလုပ်နိုင်ချေ။

သူသည် ရည်ရွယ်ချက် ပြည့်မြောက်ရန် ဘာမဆို လုပ်တတ်သော်ငြား ကျေးဇူးကန်းသည့် အလုပ်မျိုးကိုတော့ တစ်ခါမှ မလုပ်ခဲ့ဖူးချေ။ ရင်းနှီးမြှုပ်နှံသူတိုင်း လျိုကျစ်မှအစ ချီဆန်းကျား အဆုံး ထိုက်တန်သော အကျိုးအမြတ်များကို အဆက်မပြတ် ရရှိခဲ့ကြလေသည်။

လုချန်ဖုန်းသည် သူ့ကို အကြိမ်ကြိမ် ကူညီခဲ့ပြီး မိမိ၏ နောက်ဆုံး အားကိုးရာဖြစ်သော နဂါးသွေးကြော ကိုပင် သူ့ကို ပေးအပ်ခဲ့လေရာ သေချာပေါက် သူ့အပေါ် အပြည့်အဝ ပုံအောထားပြီဖြစ်လေသည်။ ထို့ကြောင့် တစ်ဖက်လူကို သူ မည်သို့ ပေးအပ်နိုင်မည်နည်း။

ဘေးပတ်ဝန်းကျင်ရှိ လေထုမှာလည်း ချက်ချင်း အေးခဲသွားပြီး တိတ်ဆိတ်ငြိမ်သက်သွားလေသည်။

ကပ်ဆိုးတစ်သောင်း မိစ္ဆာဓား အတွင်းမှ ချီရွှယ်မိစ္ဆာသခင်က သက်ပြင်းတစ်ချက် ချလိုက်လေသည်။

"ကောင်လေး ကြည့်ရတာ ငါတို့ရဲ့ ရေစက်က ဒီမှာတင် ဆုံးခန်းတိုင်ပြီ ထင်တယ် ငါ့ကိုသာ ပေးလိုက်ပါ ငါ မင်းကို အပြစ်မတင်ပါဘူး ဒါပေမဲ့ နောင်တစ်ချိန် အခွင့်အရေး ရရင် ငါ့အတွက် လက်စားချေပေးဖို့တော့ မမေ့နဲ့"

"အော် ဒါနဲ့ ဒီကိစ္စကို အရင်ဆုံး အပြင်ကို မပြောနဲ့ဦး မဟုတ်ရင် ချင်းဖုန်းက ဘာကိုမှ ဂရုမစိုက်ဘဲ ဗုဒ္ဓဘာသာဂိုဏ်းဆီ သွားပြီး လက်စားချေဖို့ ကြိုးစားလိမ့်မယ်"

ချီရွှယ်မိစ္ဆာသခင်၏ စကားများမှာ သေတမ်းစာ မာနေသည့်အလား ပင်ဖြစ်သည်။ အမှန်တကယ်လည်း ထိုအတိုင်း ဖြစ်နေလေသည်။

အကယ်၍ ယခုတစ်ကြိမ် သူ့ကို လာရောက် ဖမ်းဆီးသူမှာ မဟာသိုင်းသခင်ကြီး သို့မဟုတ် မဟာသိုင်းသခင်ကြီး အနည်းငယ် သာဖြစ်မည်ဆိုပါက သူသည် ကျန်းချဲ့ကို အသေခံ တိုက်ခိုက်ခိုင်းမည် ဖြစ်လေသည်။ သို့သော် ပြဿနာမှာ ဤတစ်ကြိမ် ရောက်လာသူက သိုင်းသူတော်စင် အဆင့်ရှိသော ဗောဓိသတ် တစ်ပါး ဖြစ်နေခြင်းပင်။

သိုင်းသူတော်စင်၏ အစွမ်းထက်မှုကို သူ အလွန် ကောင်းစွာ နားလည်ထားလေသည်။ ဓမ္မရုပ်တုအဆင့် သိုင်းပညာရှင် များနှင့် လုံးဝ တစ်ဆင့်တည်း မဟုတ်ချေ။

ကျန်းချဲ့ ယခုအခါ မဟာသိုင်းသခင်ကြီးများကို ယှဉ်ပြိုင်နိုင်စွမ်း ရှိသည် ဆိုစေကာမူ သူကိုယ်တိုင် ဓမ္မရုပ်တုအဆင့် သို့ ရောက်ရှိသွားလျှင်တောင်မှ အစစ်အမှန် သိုင်းသူတော်စင် တစ်ပါးကို လုံးဝ ခုခံနိုင်မည် မဟုတ်ချေ။ အဆင့်ကွာဟချက် အလွန် ကြီးမားလွန်းလှလေသည်။

အကောင်းဆုံး ရွေးချယ်မှုမှာ ခေါင်းငုံ့ကာ သူ့ကို ပေးအပ်လိုက်ပြီး နောင်တစ်ချိန်မှ ပြန်လည် လက်စားချေရန် ပင်ဖြစ်သည်။

သူ ကျန်းချဲ့ကို မမုန်းတီးချေ။ စွမ်းအား ကွာဟချက် အရ ကျန်းချဲ့ လည်း ဘာမှ မတတ်နိုင်ကြောင်း သူ သိရှိထားလေသည်။ အပြစ်တင်ရမည် ဆိုလျှင် သူ့ကိုယ်သူသာ အပြစ်တင်ရမည်။ အန္တရာယ်ကင်းပြီဟု ထင်မှတ်ထားခဲ့သော်ငြား ဗောဓိသတ် တစ်ပါး၏ ကြံစည်မှုကို လုံးဝ ရှောင်လွှဲ၍ မရနိုင်ခဲ့ချေ။ ကံကြမ္မာကိုသာ အပြစ်တင်ရတော့မည်။

ချီရွှယ်မိစ္ဆာသခင်၏ စကားများက ကျန်းချဲ့၏ နားထဲတွင် အဆက်မပြတ် ပဲ့တင်ထပ်နေသော်ငြား ကျန်းချဲ့ ကတော့ မျက်နှာထား အုံ့မှိုင်းလျက် ဘာမှ ပြန်မပြောချေ။

"ကောင်လေး အရမ်းကြီး ဝမ်းနည်းမနေပါနဲ့ ဒါက ငါ့ရဲ့ ကံကြမ္မာပဲ တကယ်တမ်း ပြောရရင် ငါ့ဘဝက ဘာမှ အချည်းနှီး မဖြစ်ခဲ့ပါဘူး စည်းစိမ်ချမ်းသာ တွေလည်း ခံစားဖူးတယ် ရန်သူ မိသားစုကိုလည်း မျိုးဖြုတ်ခဲ့ဖူးတယ်"

"သိုင်းလောကမှာလည်း ထင်တိုင်းကျဲခဲ့ဖူးတယ် ပိုင်ယွဲ့ ကိုလည်း မွှေနှောက်ခဲ့ဖူးတယ် သိုင်းသူတော်စင် တစ်ပါးရဲ့ လက်ချက်နဲ့ သေရတာလည်း တန်ပါတယ် ဒါပေမဲ့ မင်း ကတော့ ဒါနဲ့ ပြီးသွားပြီလို့ မထင်နဲ့ ငါ့ရဲ့ ကျေးဇူးကို ခံယူထားမှတော့ ငါ့ရဲ့ ရန်ငြိုးကိုလည်း လက်ခံရမှာပဲ နောင်တစ်ချိန် အခွင့်အရေး ရရင် နဂါးနိုင်ကိုယ်တော် နဲ့ မာယာကွမ်ရင် ကို သတ်ပေး မင်း လုပ်နိုင်မယ် ဆိုတာ ငါ သိပါတယ်"

"ပါးစပ်ပိတ်ထားစမ်းပါ အပိုတွေ လျှောက်ပြောမနေနဲ့ ခင်ဗျားကို ပေးလိုက်ရုံနဲ့ ငါ အန္တရာယ်ကင်းသွားမယ်လို့ ထင်နေတာလား မာယာကွမ်ရင် ဗောဓိသတ်က သေချာပေါက် နဂါးသွေးကြောနဲ့ သွေးပင်လယ် ပုတီးစေ့ကို လိုချင်လို့ လာတာ ဒီနှစ်ခုစလုံးက ငါ့ဟာတွေပဲ ငါ့လက်ထဲ ရောက်လာတဲ့ ပစ္စည်းကို ဘယ်တော့မှ ပြန်မပေးနိုင်ဘူး"

ကျန်းချဲ့ က အသံလွှင့်ကာ ပြန်လည် တုံ့ပြန်လိုက်လေသည်။

ကျန်းချဲ့၏ စကားမှာ အလွန် ရိုင်းစိုင်းသော်ငြား ချီရွှယ်မိစ္ဆာသခင် နားထောင်ရသည်မှာတော့ အနည်းငယ် နွေးထွေးမှုကို ခံစားလိုက်ရလေသည်။ ကျန်းချဲ့ က သူ့ကို လုံးဝ ပေးအပ်မည် မဟုတ်ကြောင်း ရပ်တည်ချက်ကို ပြသလိုက်ခြင်း ဖြစ်ကြောင်း သူ သိရှိလိုက်လေသည်။

သို့သော် သူ ဆက်ပြောလိုက်လေသည်။

"ခေါင်းမာ မနေနဲ့ ဒါက အသိဉာဏ် မရှိတဲ့ လုပ်ရပ်ပဲ အခု အချိန်မှာ အသက်ရှင်ဖို့က အရေးအကြီးဆုံးပဲ"

"စွန့်စားကြည့်တာပေါ့"

"ဘာနဲ့ သွားစွန့်စားမှာလဲ မင်း တောင့်ခံနိုင်မှာ မဟုတ်ဘူး"

"တောင့်မခံနိုင်လည်း အသက်ပေးပြီး ကြိုးစားကြည့်ရမှာပဲ အခု ငါက ကျီချန်တောက် မျက်စိကျနေတဲ့ သူ တော်ဝင်နန်းတော်ရဲ့ မျက်နှာစာ နံပါတ်တစ် ပါရမီရှင်ပဲ မာယာကွမ်ရင် ဗောဓိသတ် ငါ့ကို တကယ် ထိရဲချင်မှ ထိရဲမှာ"

ဤသည်မှာ ကျန်းချဲ့၏ ရင်ထဲရှိ နောက်ဆုံး မျှော်လင့်ချက် ပင်ဖြစ်သည်။ ဤမျှော်လင့်ချက် အပေါ် အားထားနေရခြင်းမှာ အလွန် မိုက်မဲကြောင်း သူ သိသော်ငြား ယခုအချိန်တွင် သူ့၌ ပိုမို ကောင်းမွန်သော ရွေးချယ်စရာ မရှိချေ။

"တကယ်လို့ သူက တကယ် ထိရဲတယ် ဆိုရင်ကော"

"ဒါဆိုရင်လည်း နောင်တစ်ချိန် ကျမှပဲ ခင်ဗျား အတွက် ပြန်ပြီး လက်စားချေပေးတော့မယ် ခုနက ခင်ဗျား ပြောသလိုပဲ ငါက သံယောဇဉ် မရှိတာ မဟုတ်ဘူး ရန်သူက အရမ်း အစွမ်းထက်နေလို့ပဲ တကယ်လို့ ခင်ဗျားသာ သေသွားရင် နောင်တစ်ချိန် ငါ ဗုဒ္ဓဘာသာဂိုဏ်း တစ်ခုလုံးကို ဖျက်ဆီးပြီး ခင်ဗျား အတွက် အဖော်လုပ်ပေးမယ်"

ကျန်းချဲ့ က အနည်းငယ် ပေါ့ပါးစွာ ပြောလိုက်လေသည်။

သို့သော် အမှန်တကယ်တော့ လေထုကို ပြေလျော့သွားစေရန် သက်သက်သာ ဖြစ်လေသည်။

ချီရွှယ်မိစ္ဆာသခင် က သူ့တွင် တောင့်ခံနိုင်မည့် အခွင့်အရေး လုံးဝ မရှိဘူးဟု ထင်မြင်သော်ငြား သူကိုယ်တိုင်ကတော့ ထိုသို့ မထင်မြင်ချေ။

ဘာကြောင့်လဲဆိုတော့ သူ့တွင် ကောင်းကင်ယဇ်ပလ္လင်ကျောက်တိုင် ရှိနေသောကြောင့် ပင်ဖြစ်သည်။ ယခင်က သူ အကြပ်အတည်းနှင့် ကြုံတွေ့ရချိန်တိုင်း အသက်ကို ပုံအောကာ ယဇ်ပူဇော်ပြီး စွန့်စားခဲ့ဖူးလေသည်။ လက်ရှိ ယဇ်ပူဇော်မည့် ပစ်မှတ်အတွက် ဝိညာဉ်ရတနာ နှစ်ခုသာ လိုအပ်တော့ရာ ကျန်ရှိနေသော သက်တမ်းကို အစားထိုး အသုံးပြု၍ ရနိုင်ပေသည်။

ထိုသို့ ယဇ်ပူဇော်ပြီးနောက် သိုင်းသူတော်စင် အဆင့်သို့ အတင်းအဓမ္မ တက်လှမ်းကာ ကောင်းကင် ကပ်ဘေး ကို ခံယူမည်။ ဤလုပ်ငန်းစဉ် အတွင်းတွင် မာယာကွမ်ရင် ဗောဓိသတ် အနေဖြင့် သူ့ကို လုံးဝ ဝင်ရောက် တိုက်ခိုက်ရဲမည် မဟုတ်ပေ။

အကယ်၍ ဝင်တိုက်ပါက သူမကိုယ်တိုင်လည်း ကောင်းကင် ကပ်ဘေး၏ အပြစ်ပေးခြင်းကို ခံရမည် ဖြစ်လေသည်။

သူ တွေးတောထားသည်မှာ ဤအချိန်အတွင်း မြို့တော်ရှိ ကျီချန်တောက် သိရှိသွားစေရန် ပင်ဖြစ်သည်။ ဤနေရာမှာ မြို့တော်နှင့် မိုင်တစ်ရာခန့်သာ ဝေးကွာပြီး အဝေးကြီးဟု ထင်ရသော်ငြား သိုင်းသူတော်စင် တစ်ပါးအတွက်တော့ အလွန် နီးကပ်လှပေသည်။ အခြေအနေ မဟန်ကြောင်း သိရှိသည်နှင့် တစ်ပြိုင်နက် ချက်ချင်း လာရောက် ကူညီနိုင်မည် ဖြစ်လေသည်။

ဤသည်မှာ လက်ရှိအချိန်အထိ အကောင်းဆုံးသော နည်းလမ်း ပင်ဖြစ်သည်။

အကယ်၍ ကျီချန်တောက် အချိန်မီ ရောက်မလာခဲ့ပါက သူသည် အစွမ်းကုန် ကြိုးစားကာ သူ၏ ရုပ်ခန္ဓာကိုယ်နှင့် ကျင့်ကြံမှု စွမ်းအားကို ပေါင်းစပ်ပြီး တစ်ဖက်လူကို အချိန်အနည်းငယ် ကြာအောင် ခုခံနိုင်မည်လား ဆိုသည်ကို စမ်းသပ်ကြည့်ရမည် ဖြစ်လေသည်။

သေချာသည်ကတော့ ဤကဲ့သို့ အသက်ကို ပုံအော တိုက်ခိုက်ရခြင်းက အလွန် ကြီးမားသော တန်ဖိုးကို ပေးဆပ်ရမည် ဖြစ်လေသည်။

သူ၏ သက်တမ်းမှာ မျက်စိတစ်မှိတ် အတွင်း ကုန်ဆုံးသွားနိုင်ပြီး ယဇ်ပူဇော်နေစဉ် အတွင်းမှာပင် အိုမင်းရင့်ရော်ကာ သေဆုံးသွားနိုင်ချေ ရှိလေသည်။ ပုံမှန် အချိန်မျိုးတွင်ဆိုလျှင် သူ လုံးဝ တွေးတောမည် မဟုတ်ချေ။

သို့သော် အကြပ်အတည်းနဲ့ ကြုံလာလျှင်တော့ စမ်းကြည့်ရမည်သာ ဖြစ်လေသည်။

ထို့အပြင် သူ၏ လက်ထဲတွင် သက်တမ်းတစ်ရာ ကြာပန်း ရှိနေသေးရာ ယဇ်ပူဇော်နေစဉ် အတွင်း အမှန်တကယ် သေဆုံးသွားလိမ့်မည်တော့ မဟုတ်ပေ။ သို့သော် ဤစကားများကိုတော့ မည်သူ့ကိုမျှ ပြောပြမည် မဟုတ်ချေ။

ချီရွှယ်မိစ္ဆာသခင် လည်း တိတ်ဆိတ်သွားပြီး ခေတ္တမျှ စဉ်းစားပြီးနောက် ပြန်ပြောလိုက်လေသည်။

"ဒါဆိုလည်း စမ်းကြည့်တာပေါ့ တကယ်လို့ သူမက တကယ် တိုက်ခိုက်လာရင် ငါ့ကို ချက်ချင်း စွန့်လွှတ်လိုက်ပါ ငါ့အသက်နဲ့ မင်းအသက်ကို လဲလိုက်ပါ နောက်ပိုင်း ငါ့အတွက် ဗုဒ္ဓဘာသာဂိုဏ်း တစ်ခုလုံးကို သတ်ပြီး လက်စားချေပေး"

"ကွမ်ကျွင်းနယ်စား စဉ်းစားလို့ ပြီးပြီလား"

မာယာကွမ်ရင် ဗောဓိသတ် က ပထမဆုံး စတင်၍ တိတ်ဆိတ်မှုကို ချိုးဖျက်လိုက်ပြီး မျက်နှာပေါ်တွင်လည်း အပြုံးတစ်ခု ရှိနေဆဲဖြစ်လေသည်။ သူမ၏ လက်ရှိ ခြိမ်းခြောက်မှုကိုသာ မသိရှိပါက မည်သူမဆို သူမကို အလွန် မေတ္တာကရုဏာ ကြီးမားသူဟု ထင်မှတ်ကြမည် ဖြစ်လေသည်။

ကျန်းချဲ့ သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်ပြီး ဟွမ်ကူးနတ်လှံတံ ကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်လေသည်။

"ချီရွှယ်မိစ္ဆာသခင် အပြင်မှာ မကောင်းမှုတွေ ဘယ်လောက် လုပ်ခဲ့လဲ ဆိုတာကို ကျုပ် မသိဘူး ကျုပ် သိတာက သူ ကျုပ်အပေါ်မှာ ကျေးဇူးရှိတယ် ဆိုတာပဲ ပြီးတော့ ကျုပ်ရဲ့ လူနေမှု စည်းမျဉ်းက ကျေးဇူးရှင်ကို ဘယ်တော့မှ သစ္စာမဖောက်ဘူး ဆိုတာပါပဲ ဒါကြောင့် လူကိုတော့ ပေးလို့ မရပါဘူး ဗောဓိသတ် တိုက်ခိုက်ချင်ရင်သာ တိုက်ခိုက်လိုက်ပါ"

"ဒါဆိုရင် ဒါက ကွမ်ကျွင်းနယ်စားရဲ့ အဖြေပေါ့"

မာယာကွမ်ရင် ဗောဓိသတ် ၏ အပြုံးက မပြောင်းလဲချေ။

"မှန်တယ် ဒါက ကျုပ်ရဲ့ အဖြေပဲ ဒါပေမဲ့ ကျုပ် ဗောဓိသတ်ကို သတိပေးချင်တာ တစ်ခုရှိတယ် ကျုပ်ကို သတ်လိုက်ရင် ခေါက်ရှန်းနတ်မင်းကြီး နဲ့ တော်ဝင်နန်းတော်က သေချာပေါက် ကျေနပ်နေမှာ မဟုတ်ဘူး ဗောဓိသတ်က ဒါတွေကို ဂရုမစိုက်ဘူး ဆိုရင်တော့ တိုက်ခိုက်လိုက်ပါ"

"ငါ့ကို ဘယ်သူမှ မခြိမ်းခြောက်ရဲတာ တော်တော်လေး ကြာနေပြီပဲ"

မာယာကွမ်ရင် ဗောဓိသတ် က ခပ်ဖွဖွ ရယ်မောလိုက်ပြီး ကျန်းချဲ့၏ ခြိမ်းခြောက်မှုကို ရယ်စရာ တစ်ခုအဖြစ် သဘောထားနေသည့် အလားပင်ဖြစ်သည်။

ကျန်းချဲ့ ၏ နှုတ်ခမ်းထောင့် အနည်းငယ် တွန့်ကွေးသွားပြီး လက်ထဲရှိ နတ်လှံတံကို ခပ်ဖွဖွ ဝှေ့ယမ်းလိုက်လေသည်။

"ဒါဆိုရင်တော့ ဗောဓိသတ် စိတ်ပျက်သွားရတော့မယ် ကျုပ် အကျွမ်းကျင်ဆုံးက သူများတွေကို ခြိမ်းခြောက်တာပဲ"

မျက်စိတစ်မှိတ် အတွင်းမှာပင် ဘေးပတ်ဝန်းကျင်ရှိ လေထုမှာ အလွန်အမင်း ဖိနှိပ် ချုပ်ချယ်လာလေသည်။ ကျန်းချဲ့ မျက်လုံးများကို ဖြည်းညင်းစွာ မှိတ်လိုက်ပြီး စိတ်ဝိညာဉ်ကို ကောင်းကင်ယဇ်ပလ္လင်ကျောက်တိုင် ထံသို့ နစ်မြုပ်လိုက်ကာ အတိုတောင်းဆုံး အချိန်အတွင်း အတင်းအဓမ္မ ယဇ်ပူဇော်ရန် အသင့် ပြင်ထားလိုက်လေသည်။

မာယာကွမ်ရင် ဗောဓိသတ် သည် ကျန်းချဲ့ကို စူးစိုက်ကြည့်နေပြီး မျက်ဝန်းများထဲတွင် အလင်းတန်းများ တလက်လက် တောက်ပနေကာ အကျိုးအမြတ် နှင့် ဆုံးရှုံးမှုများကို ချိန်ဆနေသည့် အလားပင်ဖြစ်သည်။ ရုတ်တရက် သူမ၏ အကြည့်များ ပြောင်းလဲသွားပြီး ဘယ်ဘက် အရှေ့ပိုင်းသို့ ကြည့်လိုက်လေသည်။ မျက်နှာပေါ်ရှိ အပြုံးများ ပထမဆုံး အကြိမ် အဖြစ် ဖြည်းညင်းစွာ ပျောက်ကွယ်သွားလေသည်။

ကျန်းချဲ့ လည်း ရင်ထဲတွင် လှုပ်ရှားသွားပြီး အလွန် ကြောက်မက်ဖွယ် ကောင်းလှသော ဖိအားကြီး တစ်ခုက ဤနယ်ပယ် အတွင်းသို့ ရုတ်တရက် ဝင်ရောက်လာကြောင်းကို ခံစားလိုက်ရလေသည်။

'ဘယ်သူများ ဖြစ်မလဲ'

သူ၏ ရင်ထဲတွင် ရုတ်တရက် အတွေးတစ်ခု ဖြတ်ပြေးသွားလေသည်။

"အကြီးက အငယ်ကို အနိုင်ကျင့်တာက ဗုဒ္ဓဘာသာဂိုဏ်းရဲ့ အကျင့်စရိုက်ပဲ ဒါပေမဲ့ ဒီနေ့ ကျန်းချဲ့ကို မင်း ထိလို့ မရဘူး တကယ်လို့ မင်းသာ ထိရဲရင် ငါ ကိုယ်တိုင် မင်းကို အနောက်ဘက် ဗုဒ္ဓဘုံကို ပို့ပြီး မင်းပြောနေတဲ့ ဗုဒ္ဓမြတ်စွာဘုရား နဲ့ သွားတွေ့ခိုင်းလိုက်မယ်"

ရုတ်တရက် ရွှေရောင် လောကကြီးသည် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကြီး တစ်ခု၏ အတင်းအဓမ္မ ဆွဲဖြဲခြင်းကို ခံလိုက်ရပြီး ကောင်းကင်ယံထက်တွင် အပြာရောင် ပုံရိပ်တစ်ခု ဝေဝါးစွာ ပေါ်ထွက်လာကာ အဆုံးအစမရှိသော ဖိအားများကို လွှမ်းခြုံထားလေသည်။

ဘေးပတ်ဝန်းကျင်ရှိ ရွှေရောင် နယ်ပယ်မှာလည်း အခြား နယ်ပယ်တစ်ခု၏ ဖိနှိပ်ခြင်းကို ခံလိုက်ရသည့်အလား ကောင်းကင်နှင့် မြေကြီး တစ်ခုလုံး နှစ်ပိုင်း ကွဲသွားလေသည်။ တစ်ဖက်က ရွှေရောင် ဗုဒ္ဓဘာသာ နယ်ပယ် ဖြစ်ပြီး အခြားတစ်ဖက် ကတော့ အေးစက်လှသော ရေခဲ နယ်ပယ် ပင်ဖြစ်သည်။

လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေသော လောက နှစ်ခုသည် တစ်ခုနှင့် တစ်ခု ပေါင်းစပ်နေသလို အပြန်အလှန် လည်း တိုက်ခိုက်နေကြပြီး အလွန်တရာ လှပ ခမ်းနားလှပေသည်။

'နိုင်ငံတော်ဆရာ ယောင်ယွဲ့'

ကျန်းချဲ့၏ မျက်ဝန်းသူငယ်အိမ်များ ရုတ်တရက် ကျုံ့ဝင်သွားလေသည်။

ကောင်းကင်ယံထက်ရှိ ထိုပုံရိပ်မှာ ဝေဝါးနေသော်ငြား ဘေးပတ်ဝန်းကျင်ရှိ အသံနှင့် အခေါ်အဝေါ်ကို ကြည့်ခြင်းအားဖြင့် သူ၏ ခေါင်းထဲတွင် ဤနာမည် ချက်ချင်း ပေါ်ထွက်လာခဲ့လေသည်။ အမှန်တကယ်ပင် ထိုအတိုင်း ဖြစ်လေသည်။

အလင်းတန်းများ ပျောက်ကွယ်သွားပြီးနောက် ဒေါင်လိုက် အစင်းများပါသော ဝတ်ရုံကို ဆင်မြန်းထားပြီး ပြိုင်ဘက်ကင်း အလှပိုင်ရှင် ဖြစ်သော နိုင်ငံတော်ဆရာ ယောင်ယွဲ့ သည် ကောင်းကင်ယံမှ တစ်လှမ်းချင်း ဆင်းသက်လာလေသည်။ ခြေအောက်တွင် မျက်စိတစ်မှိတ် အတွင်းမှာပင် ရေခဲ လှေကားထစ်များ အဆင့်ဆင့် ဖြစ်ပေါ်လာပြီး သူမကို လူ့လောကသို့ ဆင်းသက်လာသော နတ်သမီး တစ်ပါးအလား ဖြစ်ပေါ်စေလေသည်။

"နိုင်ငံတော်ဆရာ ယောင်ယွဲ့ ဒီနေရာမှာ ပေါ်လာလိမ့်မယ်လို့ တကယ်ကို ထင်မထားခဲ့ဘူး"

မာယာကွမ်ရင် ဗောဓိသတ် က တစ်ဖက်လူ ဆင်းသက်လာသည်ကို အမူအရာ ကင်းမဲ့စွာဖြင့် ကြည့်နေပြီး လေသံမှာလည်း ဝမ်းသာခြင်း ဝမ်းနည်းခြင်း ကင်းမဲ့နေလေသည်။ ကြာပလ္လင် အပေါ်တွင် ဖန်သားအလား ဖြူစင် တောက်ပနေသော ကျောက်စိမ်း ပုလင်း တစ်လုံး ပေါ်ထွက်လာပြီး ပုလင်း အတွင်းတွင်တော့ မိုးမခ ကိုင်း တစ်ကိုင်းကို စိုက်ထားကာ အလင်းတန်းများ တလက်လက် တောက်ပနေလေသည်။

"ငါ က နေရာတိုင်းမှာ ရှိတယ်"

ယောင်ယွဲ့ က အေးစက်စက် လေသံဖြင့် ပြန်ပြောလိုက်လေသည်။

"ငါ သိထားသလောက်တော့ ကွမ်ကျွင်းနယ်စား နဲ့ ရွှမ်ထျန်း ဝူကျိ နန်းတော် ကြားမှာ ဘာပတ်သက်မှုမှ မရှိဘူးလေ ပြီးတော့ သိုင်းလောက ပြိုင်ပွဲ တုန်းကတောင် ရန်ငြိုး ရှိခဲ့သေးတယ် မဟုတ်လား"

မာယာကွမ်ရင် ဗောဓိသတ် မျက်မှောင်ကြုတ်ကာ မေးလိုက်လေသည်။

ယောင်ယွဲ့ သည် အပြာရောင် ဝတ်ရုံကို ဆင်မြန်းကာ ကျောဘက်တွင် ဓားတစ်လက်ကို လွယ်ထားပြီး မျက်နှာပေါ်တွင် ရေခဲများ ဖုံးလွှမ်းနေသည့်အလား အေးစက်စွာဖြင့် ပြန်လည် ဖြေကြားလိုက်လေသည်။

"သိုင်းလောက ပြိုင်ပွဲ ဆိုတာ လူငယ်တွေ အချင်းချင်း ယှဉ်ပြိုင်ကြတာ သက်သက်ပါ နိုင်တာ ရှုံးတာ ကိုယ့်အရည်အချင်း နဲ့ ကိုယ်ပဲလေ ဒါပေမဲ့ ကျန်းချဲ့က တော်ဝင်နန်းတော် ရဲ့ အရာရှိ တစ်ယောက် ဖြစ်တယ် ငါ ကလည်း တာ့ကျိုး နိုင်ငံတော် ရဲ့ နိုင်ငံတော်ဆရာ ဖြစ်နေတော့ ဘယ်လိုလုပ်ပြီး လက်ပိုက် ကြည့်နေလို့ ရမှာလဲ"

အမှန်တကယ်တော့ သူမသည် တစ်စုံတစ်ယောက်၏ တောင်းဆိုချက်ကြောင့် ရောက်ရှိလာခြင်း ဖြစ်ကြောင်းကို မည်သူကမျှ မသိရှိကြချေ။ အစောပိုင်းက ကျီချန်တောက် သည် ငါးကြင်း နှစ်ကောင်ကို အသုံးပြုကာ ကျန်းချဲ့ကို ကူညီစောင့်ရှောက်ပေးရန် သူမအား သတိပေးခဲ့ခြင်း ပင်ဖြစ်သည်။ ယခုလေးတင် သူမ သည် ဤနေရာတွင် ရှိနေခဲ့သော်ငြား မာယာကွမ်ရင် ဗောဓိသတ် ၏ နယ်ပယ် အတွင်းသို့ ဝင်ရောက်ခြင်း မရှိခဲ့ချေ။

နယ်ပယ်၏ အပြင်ဘက်မှ နေ၍ ထူးခြားသော ရတနာ တစ်ခုဖြင့် အခြေအနေ အားလုံးကို လျှို့ဝှက် စောင့်ကြည့်နေခဲ့ခြင်း ပင်ဖြစ်သည်။

အကယ်၍ ကျန်းချဲ့ သာ ချီရွှယ်မိစ္ဆာသခင် ကို ပေးအပ်လိုက်ပြီး မာယာကွမ်ရင် ဗောဓိသတ် ကလည်း သူ့ကို အလွတ်ပေးလိုက်မည် ဆိုပါက သူမ ကိုယ်ထင်ပြမည် မဟုတ်ချေ။ သို့သော် မာယာကွမ်ရင် ဗောဓိသတ် က ကျန်းချဲ့ကို တိုက်ခိုက်ရန် ပြင်ဆင်လာပါက သူမ အနေဖြင့် လက်ပိုက် ကြည့်နေမည် မဟုတ်ချေ။

သေချာသည် ကတော့ အခြေအနေကို စောင့်ကြည့်နေခြင်းမှာ ကျန်းချဲ့၏ စိတ်နေသဘောထား မည်ကဲ့သို့ ရှိသနည်း ဆိုသည်ကို သိရှိလိုသောကြောင့် ပင်ဖြစ်သည်။ ယခု ကြည့်ရသည်မှာ အတော်လေး ကောင်းမွန်လှပေသည်။

အသက်အန္တရာယ်နှင့် ကြုံတွေ့နေရချိန်တွင်ပင် ကျေးဇူးရှင်ကို သစ္စာမဖောက်ခဲ့ချေ။ လုပ်ရပ်များ အနည်းငယ် ရိုင်းစိုင်း ကြမ်းကြုတ်သည် ဆိုစေကာမူ အမှန်တကယ် စိတ်ရင်းမှန်သူ တစ်ယောက်ဟု ဆိုနိုင်ပေသည်။ သူမ ဝင်ရောက် ကူညီပေးရခြင်းမှာ တန်လှပေသည်။

"နိုင်ငံတော်ဆရာ ကို အများကြီး ကျေးဇူးတင်ပါတယ်"

ကျန်းချဲ့ အလျင်အမြန်ပင် လက်ယှက် အရိုအသေ ပေးလိုက်လေသည်။

ယောင်ယွဲ့ သာ ကူညီပေးမည် ဆိုပါက သူ၏ အသက်ကို ပုံအော တိုက်ခိုက်နေရန် မလိုအပ်တော့ချေ။ တစ်ဖက်လူ ဤမျှလောက် အချိန်ကိုက် ရောက်ရှိလာခြင်း အပေါ် အနည်းငယ် အံ့အားသင့် မိသော်ငြား လက်ရှိ အခြေအနေတွင် အများကြီး တွေးတော နေရန် အချိန်မရှိချေ။

မာယာကွမ်ရင် ဗောဓိသတ် သည် ယောင်ယွဲ့ကို အချိန် အတော်ကြာ စူးစိုက်ကြည့်နေပြီး သူမ၏ ပြတ်သားသော ရပ်တည်ချက်ကို ခံစား သိရှိလိုက်ရလေသည်။ ထို့နောက် အကြည့်ကို ကျန်းချဲ့ ထံသို့ ရွှေ့လိုက်ကာ ခေတ္တမျှ တိတ်ဆိတ်သွားလေသည်။

"ငါ့ ရဲ့ အချိန်တွေက ကန့်သတ်ချက် ရှိတယ် တကယ်လို့ တိုက်ခိုက်ချင်ရင် မြန်မြန် တိုက်ခိုက်ပါ ဒီနှစ်တွေ အတွင်းမှာ ငါတို့ နှစ်ယောက်စလုံး နိုင်ငံတော်ဆရာ တွေ ဖြစ်ခဲ့ပေမဲ့ တစ်ခါမှ မယှဉ်ပြိုင် ဖူးကြဘူးလေ ငါ လည်း ဗောဓိသတ် ရဲ့ စွမ်းရည်တွေကို တကယ်ပဲ စမ်းသပ် ကြည့်ချင်နေတာ"

ယောင်ယွဲ့ က အေးစက်စွာ ပြောလိုက်ပြီး သူမ၏ ကိုယ်ပေါ်တွင် ကြီးမားလှသော ယုံကြည်ချက် တစ်ခု ဖုံးလွှမ်းနေသည့် အလား ပင်ဖြစ်သည်။

All Chapters