အခန်း ၄၃၀
Vol. 43 Ch. 430
အခန်း (၄၃၀) အသက်ကယ် ကျောက်စိမ်းရုပ်တု... နတ်သမီး ရောက်ရှိလာခြင်း
ခဲအို ဆိုသည့် အခေါ်အဝေါ်ကြောင့် ချီကျန်းနန် မကျေမနပ်ဖြစ်သွားမှန်း သိလိုက်ရသဖြင့် ကျန်းချဲ့ အနည်းငယ် စိတ်အေးသွားရလေသည်။
အကယ်၍ အခြားအခေါ်အဝေါ် တစ်ခုခုကြောင့်သာ ဆိုလျှင် သူ တကယ်ကို ရှင်းပြရန် ခက်ခဲသွားမည် ဖြစ်လေသည်။ ချက်ချင်းပင် ခေါင်းညိတ်လိုက်ပြီး...
"ဦးလေး ပြောတာ မှန်ပါတယ်... အိမ်ပြန်ရောက်ရင် နင်ပင်းကို သေချာပြောလိုက်ပါ့မယ်..."
"အင်း... သွားကြစို့..."
ချီကျန်းနန်က ခေါင်းညိတ်လိုက်ပြီး ထပ်မံ၍ စကားမဆိုတော့ချေ။
မည်သို့ပင်ဆိုစေ သူ၏ အဆင့်အတန်းဖြင့် ကျန်းချဲ့ကို ဤကိစ္စများ ပြောဆိုနေရခြင်းမှာ အနည်းငယ်တော့ မသင့်တော်လှချေ။ ပြဿနာမှာ မင်္ဂလာဆောင်ပြီးသည်မှာ လနှင့်ချီ ကြာမြင့်နေပြီဖြစ်သော်ငြား ယခင်အတိုင်း ခေါ်ဝေါ်နေဆဲ ဖြစ်ရာ အပြင်လူများ ကြားသိသွားပါက မြောက်ပိုင်းနယ် ပေလင် ချီမိသားစု၏ ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်သောကြောင့်သာ ကျန်းချဲ့ကို သတိပေးလိုက်ရခြင်း ဖြစ်လေသည်။
"ဘိုးဘေးဆီက ဘယ်လို သဘောထားမျိုး ရှိနေလဲ..."
ကျန်းချဲ့ က ရုတ်တရက် မေးလိုက်လေသည်။
မြောက်ပိုင်းနယ် ပေလင် ချီမိသားစု၏ ဘိုးဘေးနှင့် ပတ်သက်၍ ကျန်းချဲ့ လုံးဝ နားမလည်ဟုတော့ မဆိုနိုင်ချေ။ မည်သို့ပင်ဆိုစေ အနက်ရောင်ရုံးတော်တွင် ဤအကြောင်းအရာများနှင့် ပတ်သက်သော သတင်းအချက်အလက်များ ရှိနေလေသည်။ သို့သော် သူ၏ လက်ရှိ ရာထူးအာဏာ ကန့်သတ်ချက်များကြောင့် သူ ဖတ်ရှုခွင့်ရသော သတင်းများမှာ အပေါ်ယံမျှသာ ဖြစ်နေခဲ့လေသည်။
ပေလင် ချီမိသားစု၏ သိုင်းသူတော်စင် ဘိုးဘေး၏ အမည်ရင်းမှာ ချီယွမ် ဖြစ်ပြီး လွန်ခဲ့သော နှစ်ငါးရာခန့်က တာအိုလမ်းစဉ်ကို အောင်မြင်ခဲ့သူ ဖြစ်ကြောင်းကိုသာ သိရှိထားလေသည်။ သူသည် ထိုခေတ်အခါက အထွတ်အထိပ် ပါရမီရှင် အနည်းငယ်ထဲမှ တစ်ယောက်ဖြစ်ပြီး မြင့်မြတ်သော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသူ ဖြစ်လေသည်။ ပေလင် ချီမိသားစု တစ်ခုလုံးကို သူ တစ်ယောက်တည်း၏ အင်အားဖြင့်သာ ထောက်ပံ့ ထိန်းသိမ်းထားခဲ့ခြင်း ပင်ဖြစ်သည်။
သို့သော် သူ၏ မွေးရာပါ အေးချမ်းသော စိတ်နေသဘောထားကြောင့် သိုင်းလောကတွင် ကိုယ်ထင်ပြလေ့ အလွန် နည်းပါးလှပြီး သူ၏ ကျင့်ကြံမှု စွမ်းအား မည်မျှ အထိ ရှိသနည်း ဆိုသည်ကို အနက်ရောင်ရုံးတော် ပင်လျှင် တိကျသော သတ်မှတ်ချက် တစ်ခု မပေးနိုင်ခဲ့ချေ။
"ဘိုးဘေးက ဘာမှတော့ သေချာ မပြောပါဘူး... မင်းကို တစ်ခေါက်လောက် လာခဲ့ဖို့ပဲ ပြောတာ..."
ချီကျန်းနန် က အမှန်အတိုင်း ပြန်ပြောပြလေသည်။
"ဒါဆိုရင် ဦးလေး ထင်တာက..."
"ဘိုးဘေးက လူလုံးပြလေ့ သိပ်မရှိပေမဲ့... ဒီတစ်ခေါက် မင်းကို တွေ့မယ်ဆိုတော့ မျှော်လင့်ချက် အများကြီး ရှိပါတယ်... စိတ်ထဲမှာ အရမ်းကြီး ဖိအား မထားပါနဲ့... အဲ့ဒီ အချိန်ကျရင် ဦးလေး မင်းကို ကူညီပေးပါ့မယ်..."
ကျန်းချဲ့၏ မျက်နှာပေါ်တွင် သံသယ အရိပ်အယောင်များ ပေါ်ထွက်နေသည်ကို မြင်သောအခါ ချီကျန်းနန် က နှစ်သိမ့်ပြောဆိုလိုက်လေသည်။
"ကျေးဇူးတင်ပါတယ် ဦးလေး..."
ယခင် နှစ်ကြိမ်ကကဲ့သို့ပင် ချီကျန်းနန် သည် မက်မွန်ဥယျာဉ် အတွင်းရှိ နောက်ဘက်တောင်တော် လျှို့ဝှက်နယ်မြေ၏ ဝင်ပေါက်ကို ဖွင့်လှစ်လိုက်ပြီး ကျန်းချဲ့ကို ခေါ်ဆောင်ကာ ဝင်ရောက်သွားလေသည်။ ထို့နောက် အလွန် လူသူကင်းမဲ့သော အရပ်မျက်နှာ တစ်ခုဆီသို့ ဦးတည်ကာ ကောင်းကင်ယံမှ ပျံသန်းသွားကြလေသည်။
မူလစွမ်းအင်များ အလွန် သိပ်သည်းနေသော တောင်ထွတ်တစ်ခု သို့ ရောက်ရှိသွားချိန်မှသာ သူတို့၏ ခြေလှမ်းများကို ရပ်တန့်လိုက်ကြလေသည်။
ဤ နေရာသည် ချီမိသားစု ဘိုးဘေး နေထိုင်ရာ နေရာဖြစ်ရမည်ဟု ကျန်းချဲ့ ကောင်းစွာ သိရှိလိုက်လေသည်။ အမှန်တကယ်ပင် လောကနှင့် ကင်းကွာနေသော ကျင့်ကြံသူ တစ်ယောက်၏ နေထိုင်ရာ နေရာနှင့် တူလှပေသည်။ မြင့်မားလှသော တောင်ထိပ်ပေါ်တွင် တည်ရှိနေပြီး အနည်းငယ် လျှို့ဝှက်ဆန်းကြယ်သော အငွေ့အသက်များကို ပေးစွမ်းနေလေသည်။
ချီမိသားစု ဘိုးဘေး ချီယွမ် နေထိုင်ရာ နေရာသည် တောင်ထိပ်ပေါ်ရှိ တာအိုကျောင်းဆောင် နှင့် ဆင်တူသော နန်းတော် တစ်ခု ပင်ဖြစ်သည်။ ဝိညာဉ်ကျောက်စိမ်းများဖြင့် ထုဆစ် တည်ဆောက်ထားပြီး ဘေးပတ်ဝန်းကျင်ရှိ မူလစွမ်းအင်များမှာလည်း အလွန်အမင်း သိပ်သည်း ပြည့်နှက်နေလေသည်။
နန်းတော်၏ အပေါ်ဘက်ရှိ ဆိုင်းဘုတ်ပေါ်တွင် စာလုံးနှစ်လုံးကို ထွင်းထုထားလေသည်။
'တာအိုမေးမြန်းရာ'
ချီကျန်းနန် နှင့် သူ ရောက်ရှိလာသည်ကို အာရုံခံမိသွားသည့်အလား တင်းကျပ်စွာ ပိတ်ထားသော တာအိုမေးမြန်းရာ နန်းတော်၏ တံခါးကြီးမှာ တဖြည်းဖြည်း ပွင့်ဟလာပြီး လူရိပ်တစ်ခုက ကျန်းချဲ့ နှင့် ချီကျန်းနန် တို့၏ မျက်လုံးထဲသို့ ဝင်ရောက်လာခဲ့လေသည်။
တစ်ဖက်လူသည် တရားထိုင်ဖျာပေါ်တွင် တင်ပျဉ်ခွေ ထိုင်နေပြီး ကိုယ်ပေါ်မှ မှေးမှိန်သော အလင်းရောင်များ ဖြာထွက်နေလေသည်။ မျက်နှာသွင်ပြင်မှာ အလွန်တရာ ချောမော ခန့်ညားပြီး ဓားတစ်လက်အလား ဖြောင့်တန်းနေသော မျက်ခုံးများက နားထင်စွန်းအထိ ရောက်ရှိနေသည်။ မျက်ဝန်းအစုံမှာ ကြယ်တာရာများအလား နက်ရှိုင်းပြီး တောက်ပနေကာ လောကကြီး တစ်ခုလုံးကို ထိုးဖောက် မြင်နိုင်စွမ်း ရှိသည့်အလား ပင်ဖြစ်သည်။
ကိုယ်ပေါ်ရှိ အရှိန်အဝါမှာ အလွန် သန့်စင် မြင့်မြတ်လှပြီး ခရမ်းရောင် ဝတ်ရုံရှည်ကြီး နှင့် ပေါင်းစပ်လိုက်သောအခါ တစ်ချက် ကြည့်ရုံဖြင့် သာမန်မဟုတ်ကြောင်း သိနိုင်ပေသည်။ အထူးသဖြင့် သူ၏ ရုပ်သွင်က ကျန်းချဲ့ကို အနည်းငယ် အံ့အားသင့်သွားစေခဲ့လေသည်။
အကြောင်းမူကား တစ်ဖက်လူမှာ အလွန် ငယ်ရွယ်လွန်းနေပြီး အသက်နှစ်ဆယ် အရွယ် လူငယ်တစ်ယောက် နှင့် တူနေသောကြောင့် ပင်ဖြစ်သည်။ မျက်ဝန်းများမှာ အရောင်လက်သွားပြီး ကျန်းချဲ့ ၏ ရင်ထဲတွင် ရှင်းပြ၍ မရနိုင်သော ရင့်ကျက် တည်ငြိမ်သည့် ခံစားချက် တစ်ခုကို ခံစားလိုက်ရလေသည်။
"ဘိုးဘေးကို အရိုအသေ ပေးပါတယ်..."
ချီကျန်းနန် က အလွန် ရိုသေလေးစားစွာဖြင့် ဦးစွာ အရိုအသေ ပေးလိုက်လေသည်။
သို့သော် သူတို့ နှစ်ယောက်၏ အခြေအနေမှာ အနည်းငယ် ထူးဆန်းနေလေသည်။ အကြောင်းမူကား ဘိုးဘေး ဖြစ်သူက အလွန် ငယ်ရွယ်နေပြီး မျိုးဆက်သစ် ဖြစ်သူကတော့ အလွန် ခန့်ညား ထည်ဝါသော သက်လတ်ပိုင်း အရွယ် အမျိုးသားကြီး တစ်ယောက် ဖြစ်နေသောကြောင့် ပင်ဖြစ်သည်။
ရင်ထဲရှိ ရှုပ်ထွေးနေသော အတွေးများကို ဖယ်ရှားလိုက်ပြီး ကျန်းချဲ့ လည်း အလျင်အမြန်ပင် ခါးညွှတ် အရိုအသေ ပေးလိုက်လေသည်။
"မျိုးဆက်သစ် ကျန်းချဲ့... ဘိုးဘေးကို ဂါရဝပြုပါတယ်..."
ချီမိသားစု ဘိုးဘေး ချီယွမ်၏ အကြည့်များက ကျန်းချဲ့၏ အပေါ်သို့ ကျရောက်လာပြီး ခေတ္တမျှ စူးစမ်း အကဲခတ်လိုက်ကာ ခပ်ဖွဖွ ခေါင်းညိတ်ပြလိုက်လေသည်။
"ဝင်လာခဲ့ပါ..."
ချီယွမ်၏ အသံမှာလည်း အလွန် ငယ်ရွယ်နေပြီး အိုမင်းရင့်ရော်နေသည့် အရိပ်အယောင် လုံးဝ မရှိချေ။ သို့သော်လည်း လောကီရေးရာ များကို အပြည့်အဝ နားလည် သဘောပေါက်နေသည့် အလား ရင့်ကျက် တည်ငြိမ်မှုများ လွှမ်းခြုံနေဆဲ ပင်ဖြစ်သည်။
ကျန်းချဲ့ က သူ၏ စကားအတိုင်း လိုက်နာကာ တည်ကြည် လေးနက်သော အမူအရာဖြင့် တာအိုမေးမြန်းရာ နန်းတော် အတွင်းသို့ ဝင်ရောက်သွားလေသည်။ ဤသည်မှာ သူ၏ ရင်ထဲတွင် ကြောက်ရွံ့ တုန်လှုပ် နေသောကြောင့် မဟုတ်ဘဲ သိုင်းသူတော်စင် တစ်ပါး အပေါ် ထားရှိသော ရိုသေလေးစားမှု ကြောင့် ပင်ဖြစ်သည်။
မည်သို့ပင်ဆိုစေ ယခုအချိန်အထိ သူ မြင်တွေ့ဖူးသော သိုင်းသူတော်စင် များမှာ အနည်းငယ် ရှိနေပြီ ဖြစ်ပြီး ခေါက်ရှန်းနတ်မင်းကြီး ကျီချန်တောက် ကဲ့သို့သော အဆင့်အတန်းရှိသူ နှင့်ပင် ဆက်ဆံဖူးခဲ့လေပြီ။ ရိုသေလေးစားမှု ရှိသော်ငြား ကြောက်ရွံ့ တုန်လှုပ်မှုတော့ မရှိချေ။
ဘေးတွင် ရှိနေသော ချီကျန်းနန် လည်း နန်းတော် အတွင်းသို့ ဝင်ရောက်ရန် ပြင်လိုက်စဉ်မှာပင် အေးချမ်းလှသော အသံတစ်သံက သူ၏ နားထဲသို့ ဝင်ရောက်လာခဲ့လေသည်။
"မင်း အရင် ပြန်နှင့်လိုက်ပါတော့..."
"ဟုတ်ကဲ့ပါ ဘိုးဘေး..."
ချီကျန်းနန် သည် တစ်ခုခု ပြောရန် ပါးစပ်ဟလိုက်သော်ငြား နောက်ဆုံးတွင်တော့ ပြောချင်သော စကားများကို မျိုချလိုက်ပြီး ကျန်းချဲ့ကို အဓိပ္ပာယ်ပါပါ တစ်ချက် ကြည့်ကာ နောက်လှည့်၍ တောင်ထွတ်ပေါ်မှ ပျံသန်း ထွက်ခွာသွားလေတော့သည်။
ချီယွမ် သည် ကျန်းချဲ့ကို တည့်တည့် စိုက်ကြည့်လိုက်ပြီး စိတ်ဆန္ဒ တစ်ချက် လှုပ်ရှားလိုက်သည်နှင့် လေဟာနယ်ထဲတွင် သဏ္ဍာန်မဲ့ တရားထိုင်ဖျာ တစ်ခု ပေါ်ထွက်လာခဲ့လေသည်။ ကျန်းချဲ့ ချက်ချင်း သဘောပေါက်သွားပြီး ချီမိသားစု ဘိုးဘေး၏ မျက်နှာချင်းဆိုင်တွင် တင်ပျဉ်ခွေ ထိုင်လိုက်လေသည်။
ဘေးပတ်ဝန်းကျင်ရှိ လေထုမှာ အနည်းငယ် လေးလံသွားပြီး ကျန်းချဲ့ ခေတ္တမျှ စဉ်းစားကာ စကားစပြောရန် ပြင်လိုက်စဉ်မှာပင် ချီမိသားစု ဘိုးဘေး ၏ အသံက ထွက်ပေါ်လာခဲ့လေသည်။
"ဒါ ငါ မင်းကို တတိယအကြိမ် မြင်ဖူးတာပဲ..."
"တတိယအကြိမ်..."
ကျန်းချဲ့ အနည်းငယ် အံ့အားသင့်သွားရလေသည်။
"ပထမ တစ်ကြိမ်က ဒီ နောက်ဘက်တောင်တော် လျှို့ဝှက်နယ်မြေမှာပဲ... မင်း မင်ရှန်းတာအို ကျောက်တိုင် ဆီကနေ တာအို အသိဉာဏ် လေး တစ်ခု ယူသွားတာကို ငါ ကိုယ်တိုင် မြင်တွေ့ခဲ့တာပဲ... အဲ့ဒီတုန်းက ငါ ကျန်းနန်ကို မင်းအတွက် ကာကွယ်ရေး ရတနာ တစ်ခု ပြင်ဆင်ပေးဖို့ မှာခဲ့တာ..."
"နတ်အသွင်ပြောင်း ဝိညာဉ်အဆောင် လား..."
ကျန်းချဲ့ ထိုအချိန်က အခြေအနေကို ချက်ချင်း သတိရသွားလေသည်။
"မှန်တယ်..."
"ဒါဆို ဒုတိယအကြိမ်ကရော..."
"ဒုတိယအကြိမ်က မင်း ရှန်ရှန်းအဆင့် ကို တက်လှမ်းတဲ့ အချိန်... ကောင်းကင်နဲ့ မြေကြီးမှာ မဟာ ထူးကဲဖြစ်စဉ် လေးခု ပေါ်ထွက်လာတဲ့ အချိန်ပဲ..."
"မျိုးဆက်သစ်က ဉာဏ်နည်းလွန်းလို့ အဲ့ဒီတုန်းက ဘိုးဘေး ရှိနေတာကို မသိခဲ့ပါဘူး..."
"မင်းတောင်မှ ငါ ရှိနေတာကို သိနိုင်မယ်ဆိုရင်... ငါ လူ့လောကထဲမှာ လှည့်လည်သွားလာနေစရာ အကြောင်းမရှိတော့ဘူးပေါ့..."
ချီယွမ် က ခပ်ဖွဖွ ရယ်မောလိုက်ပြီး ကျန်းချဲ့ အပေါ် ဆက်ဆံပုံမှာ အလွန်တရာ ရင်းနှီး နွေးထွေးလှပေသည်။
"ဘိုးဘေး ပြောတာ မှန်ပါတယ်..."
"မင်းကို ဗုဒ္ဓဘာသာဂိုဏ်းက ကျာလော့ ဗောဓိသတ် ချုံခိုတိုက်ခိုက်တဲ့ ကိစ္စကို ကျန်းနန် ငါ့ကို ပြောပြတယ်... ကာကွယ်ရေး ရတနာ တစ်ခုတော့ ငါ ဖန်တီးထားတာ ရှိတယ်... ဒါပေမဲ့ ဒီအရာက အရမ်းကို အဖိုးတန်တယ်... မင်း ဒါကို ယူသွားချင်ရင် ချီမိသားစု အတွက် ဘာတွေ ပြန်ပေးနိုင်မလဲ..."
ချီယွမ် က ကျန်းချဲ့ ကို တည့်တည့် ကြည့်ကာ မေးလိုက်လေသည်။
ကျန်းချဲ့ ၏ မျက်နှာပေါ်တွင် တွေဝေသွားသည့် အရိပ်အယောင်များ ပေါ်ထွက်လာပြီး စက္ကန့်အနည်းငယ်ခန့် စဉ်းစားပြီးနောက် တည်ကြည်လေးနက်စွာ ပြန်ပြောလိုက်လေသည်။
"မျိုးဆက်သစ် အခုချိန်မှာ ချီမိသားစုကို ပေးနိုင်တဲ့ အရာ အများကြီး မရှိပါဘူး... ဒါပေမဲ့ မျိုးဆက်သစ် သိုင်းသူတော်စင် ဖြစ်လာတဲ့ အခါကျရင်တော့ ချီမိသားစု လိုချင်တာ အားလုံးကို ပေးနိုင်ပါတယ်..."
"သိုင်းသူတော်စင် ဖြစ်ရမယ်... မင်းကိုယ်မင်း တော်တော်လေး ယုံကြည်ချက် ရှိနေတာပဲ..."
"မျိုးဆက်သစ် ကြွားလုံးထုတ်နေတာ မဟုတ်ပါဘူး... အရင်တုန်းက မျိုးဆက်သစ် ရှန်ရှန်းအဆင့် ကို တက်လှမ်းတုန်းက ကောင်းကင်နဲ့ မြေကြီး ထူးကဲဖြစ်စဉ် လေးခု ပေါ်ထွက်လာတာကို ဘိုးဘေး ကိုယ်တိုင် မြင်တွေ့ခဲ့တာပဲ... မျိုးဆက်သစ်မှာ သိုင်းသူတော်စင် ဖြစ်လာနိုင်တဲ့ အရည်အချင်း ရှိတယ် ဆိုတာကို ဘိုးဘေး ကောင်းကောင်း နားလည်မှာပါ... နှစ်ခြောက်ဆယ် အတွင်းမှာ မျိုးဆက်သစ် သေချာပေါက် သိုင်းသူတော်စင် ဖြစ်လာစေရမယ်... အဲ့ဒီအတွက် ချီမိသားစုလည်း အကျိုးအမြတ်တွေ အများကြီး ရလာမှာပါ..."
ကျန်းချဲ့ ယခုအချိန်တွင် သိုင်းသူတော်စင် တစ်ပါးကို ဖြားယောင်းနိုင်မည့် အရာ ဘာတစ်ခုမှ မထုတ်ပေးနိုင်ချေ။ ထို့ကြောင့် လေထဲ တိုက်အိမ်ဆောက်ကာ စိတ်ကူးယဉ် အိပ်မက်များကိုသာ ဆက်လက် ရောင်းချနေရလေသည်။ သေချာသည်ကတော့ သူ၏ လေဖမ်းဒန်းစီးမှု က လူများကို မျှော်လင့်ချက် ကြီးကြီးမားမား ထားလာစေနိုင်စွမ်း ရှိလေသည်။ ဤအချက်ကို သူကိုယ်တိုင်လည်း သိသလို အခြားလူများလည်း သိရှိထားကြလေသည်။ ထိုသို့မှ မဟုတ်လျှင် ခေါက်ရှန်းနတ်မင်းကြီး ကျီချန်တောက် က သူ့ကို အဘယ်ကြောင့် မျက်စိကျနေပါမည်နည်း။
ချီယွမ် သည် ကျန်းချဲ့ကို စိုက်ကြည့်လိုက်ပြီး နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်ထွက်လာခဲ့လေသည်။ လက်တစ်ဖက်ကို ဖြန့်ချလိုက်ရာ အလင်းတန်း တစ်ခု လင်းလက်သွားပြီး မျက်နှာသွင်ပြင် ဝေဝါးနေသော လူပုံစံ ကျောက်စိမ်းရုပ်တု လေးတစ်ခု သူ၏ လက်ထဲတွင် ပေါ်ထွက်လာကာ ကျန်းချဲ့ ထံသို့ ကမ်းပေးလိုက်လေသည်။
"ဒီ ကျောက်စိမ်းရုပ်တု ကို ငါ ကိုယ်တိုင် ဖန်တီးထားတာ... အန္တရာယ်နဲ့ ကြုံလာရရင် တရားစွမ်းအင် နည်းနည်းလေး ထည့်ပေးလိုက်တာနဲ့ ရပြီ..."
ကျောက်စိမ်းရုပ်တု ၏ စွမ်းအား မည်မျှ ကြီးမားကြောင်း သူ မပြောခဲ့သော်ငြား သူ၏ စကားအရ ကျန်းချဲ့၏ အသက်အန္တရာယ်ကို သေချာပေါက် ကာကွယ်ပေးနိုင်မည် ဖြစ်ကြောင်း သေချာလှပေသည်။
ကျန်းချဲ့ သည် ကျောက်စိမ်းရုပ်တု ကို လှမ်းယူလိုက်ပြီး တည်ကြည်လေးနက်သော မျက်နှာထားဖြင့် ရင်ထဲတွင် အလွန်အမင်း စိတ်လှုပ်ရှား ဝမ်းသာနေမိလေသည်။
အသက်ကယ် အဆုံးစွန် လက်နက်... သိုင်းသူတော်စင် ကျောက်စိမ်းရုပ်တု... နောက်ဆုံးတွင်တော့ သိုင်းသူတော်စင် ကို တည့်တည့် ရင်ဆိုင်နိုင်မည့် ကာကွယ်ရေး နည်းလမ်းတစ်ခု သူ ပိုင်ဆိုင်သွားခဲ့လေပြီ။ ယခင်ကလိုမျိုး အကြပ်အတည်း ကို ကျော်ဖြတ်နိုင်ရန် အတင်းအဓမ္မ ယဇ်ပူဇော်နေရန် မလိုအပ်တော့ချေ။
ချက်ချင်းပင် ချီမိသားစု ဘိုးဘေးကို ဦးညွှတ် အရိုအသေ ပေးလိုက်လေသည်။
"ဘိုးဘေးရဲ့ လက်ဆောင်အတွက် မျိုးဆက်သစ် ကျေးဇူးတင်ပါတယ်..."
"ဒီနေ့ မင်းပြောခဲ့တဲ့ စကားကို မှတ်ထားရင် ရပါပြီ..."
ချီယွမ် က ပြုံးလျက် ပြောလိုက်လေသည်။
ကျန်းချဲ့ ပြောခဲ့သည့် အတိုင်းပင် ကျန်းချဲ့၏ ပါရမီနှင့် အရည်အချင်း က သံသယ ဖြစ်ဖွယ် လုံးဝ မရှိချေ။ ကောင်းကင်နှင့် မြေကြီး ထူးကဲဖြစ်စဉ် လေးခု နှင့်အတူ ရှန်ရှန်းအဆင့် ကို တက်လှမ်းနိုင်မှုမှာ သူကိုယ်တိုင်ပင် ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်း ဖြစ်ပြီး ကျန်းချဲ့၏ အလားအလာ က အလွန် ကြီးမားကြောင်း သူ ကောင်းစွာ နားလည်ထားလေသည်။
သိုင်းသူတော်စင် ဟူသော ကြီးမားလှသည့် အတားအဆီး က ဓမ္မရုပ်တုအဆင့် မဟာသိုင်းသခင် အများစုကို ပိတ်လှောင်ထားနိုင်သော်ငြား ကျန်းချဲ့ ကိုတော့ သေချာပေါက် ပိတ်လှောင်ထားနိုင်မည် မဟုတ်ချေ။
ထို့ကြောင့် ကျန်းချဲ့ အများကြီး ပြောနေစရာ မလိုဘဲ သူ ကျန်းချဲ့ကို တွေ့ဆုံခွင့်ပေးကတည်းက ကာကွယ်ရေး ရတနာ တစ်ခု ပေးအပ်ရန် ရည်ရွယ်ထားပြီး ဖြစ်လေသည်။ ဤကဲ့သို့သော အရာမျိုး က အဖိုးတန်သည် ဆိုစေကာမူ အနာဂတ် သိုင်းသူတော်စင် တစ်ပါးနှင့် နှိုင်းယှဉ်ပါက ဘာမှ မဟုတ်တော့ချေ။
ကျန်းချဲ့ ၏ မျိုးရိုးနာမည် က ချီ မဟုတ်သော်ငြား သူ၏ အကျိုးစီးပွားများ က ချီမိသားစု နှင့် ခိုင်မာစွာ ပတ်သက်ဆက်နွှယ် နေလေသည်။ အကယ်၍ ကျန်းချဲ့ သာ နောင်တစ်ချိန်တွင် သိုင်းသူတော်စင် ဖြစ်လာခဲ့ပါက ကျန်း နှင့် ချီ မိသားစု နှစ်ခု သည် နှစ်ရာနှင့်ချီ၍ ခိုင်မြဲသော မဟာမိတ်များ ဖြစ်သွားမည် ဖြစ်လေသည်။
သေချာသည်ကတော့ အရေးအကြီးဆုံးမှာ ကျန်းချဲ့ အပေါ် သူ ထားရှိသည့် မျှော်လင့်ချက် က သိုင်းသူတော်စင် အဆင့်သို့ တက်လှမ်းနိုင်ရုံ သက်သက် မဟုတ်ဘဲ ဤ လင်းယွီ (ဝိညာဉ်နယ်မြေ) ၏ အစစ်အမှန် ထိပ်တန်း သိုင်းပညာရှင် တစ်ယောက် ဖြစ်လာစေရန် ပင်ဖြစ်သည်။ သို့သော် ထိုကဲ့သို့ ဖြစ်လာရန် အခွင့်အလမ်း မှာ အလွန်တရာ သေးငယ်လွန်းလှရာ သူ၏ ရင်ထဲတွင်သာ တိတ်တဆိတ် မျှော်လင့်ထားရုံ သက်သက်သာ ဖြစ်လေသည်။
"ဘိုးဘေး စိတ်ချပါ... မျိုးဆက်သစ် သေချာပေါက် မှတ်ထားပါ့မယ်..."
"မင်း ချုံခိုတိုက်ခိုက်ခံရတဲ့ အချိန်က အခြေအနေကို ပြောပြပါဦး..."
ချီယွမ် သည် စကားလမ်းကြောင်း လွှဲလိုက်ပြီး အဓိပ္ပာယ် မရှိသော စကားများကို ဆက်လက် ပြောဆိုလိုသည့် ဟန် မရှိတော့ချေ။
ကျန်းချဲ့ လည်း အပိုစကားများ မပြောတော့ဘဲ မြို့တော်မှ ထွက်ခွာလာပြီးနောက် ကြုံတွေ့ခဲ့ရသော အဖြစ်အပျက်များကို အစအဆုံး အသေးစိတ် ပြန်လည် ရှင်းပြလိုက်လေသည်။ ချီရွှယ်မိစ္ဆာသခင် က သူတို့၏ အရှိန်အဝါများကို ဖုံးကွယ်ပေးခဲ့သည့် ကိစ္စကိုပါ ထည့်သွင်း ပြောဆိုလိုက်လေသည်။
"သိုင်းသူတော်စင် အောက်က သိုင်းပညာရှင် တွေ အတွက်တော့ ကိုယ်ပိုင် အရှိန်အဝါကို ဖုံးကွယ်ထားတာက တကယ် အသုံးဝင်ပါတယ်... သေသေချာချာလေး လျှို့ဝှက်ထားနိုင်မယ် ဆိုရင် ဓမ္မရုပ်တုအဆင့် မဟာသိုင်းသခင် ဘေးနားက ဖြတ်သွားရင်တောင် သတိထားမိမှာ မဟုတ်ဘူး... ဒါပေမဲ့ သိုင်းသူတော်စင် ကို ရင်ဆိုင်ရတဲ့ အခါကျရင်တော့... ဒီလို လှည့်ကွက် တွေက ဘာမှ အသုံးမဝင်တော့ပါဘူး..."
"ဘိုးဘေး ဆိုလိုတာက..."
"ကောင်းကင် လျှို့ဝှက်ချက်..."
ချီယွမ် က စကားလုံး နှစ်လုံးကို ဖွင့်ဟလိုက်ပြီးနောက် ဆက်ပြောလေသည်။
"သိုင်းသူတော်စင် လို့ ခေါ်ဆိုနိုင်ရတဲ့ အကြောင်းရင်း က မူလဝိညာဉ် ဟာ မိုးကြိုးကပ်ဘေး ကို ဖြတ်သန်းပြီးနောက်မှာ ယန်ဝိညာဉ် အဖြစ် ပြောင်းလဲသွားပြီး ကိုယ်ပိုင် ရုပ်ခန္ဓာကိုယ် လည်း အကြီးအကျယ် အသွင်ပြောင်းသွားလို့ပဲ... ကိုယ်ပိုင် သိုင်းသူတော်စင် နယ်ပယ်ကို ဖန်တီးနိုင်ရုံ သာမက ကောင်းကင်နဲ့ မြေကြီး ကြားက အရှိန်အဝါ တွေကို ခံစားသိရှိနိုင်စွမ်း လည်း အလွန် ထက်မြက်လာတယ်... တစ်စုံတစ်ယောက်က ကောင်းကင် လျှို့ဝှက်ချက် တွေကို ဝင်ရောက် မွှေနှောက် မထားဘူး ဆိုရင် သိုင်းသူတော်စင် ရဲ့ အာရုံခံနိုင်စွမ်း ကို ရှောင်ကွင်းဖို့ ဆိုတာ မဖြစ်နိုင်ဘူး... မင်းက ကျာလော့ ဗောဓိသတ် ကို တစ်ခါမှ မမြင်ဖူးပေမဲ့... သူမကတော့ မင်းအကြောင်းကို အကုန်လုံး သိနေပြီးသားပဲ... မင်း အရှိန်အဝါ တွေကို ဖုံးကွယ် ထားတယ် ဆိုရင်တောင်မှ သူမရဲ့ မျက်လုံးထဲမှာတော့ မင်းရဲ့ အရှိန်အဝါ တွေက အရမ်းကို ထင်ရှားနေဆဲပဲ..."
"ဒီလိုကိုး..."
ကျန်းချဲ့ မျက်နှာပေါ်တွင် နားလည် သဘောပေါက်သွားသည့် အရိပ်အယောင်များ ပေါ်ထွက်လာလေသည်။ ယခင်က ဤကိစ္စနှင့် ပတ်သက်၍ သူ ခန့်မှန်းမိခဲ့သော်ငြား ချီမိသားစု ဘိုးဘေး ရှင်းပြလိုက်သည်လောက် နားလည် သဘောပေါက်ရန် မလွယ်ကူခဲ့ချေ။
"ကျာလော့ ဗောဓိသတ် မြို့တော် အပြင်ဘက်မှာ ချုံခို တိုက်ခိုက် တာက တကယ်ပဲ သတ်ဖြတ်လိုစိတ် မရှိလို့ ဖြစ်လိမ့်မယ်... မင်းကို အကျပ်ကိုင်ဖို့ သက်သက်ပဲ... သူမသာ တိုက်ခိုက်လိုက်မယ် ဆိုရင် ဟို နတ်မင်းကြီး က သေချာပေါက် အာရုံခံမိမှာပဲ... နောက်ပိုင်း ယောင်ယွဲ့ ပေါ်လာတာကလည်း ငါ ထင်တာ မမှားဘူးဆိုရင် ကျီချန်တောက် နဲ့ ပတ်သက်နေလိမ့်မယ်..."
ချီယွမ် သည် အေးချမ်းသော မျက်နှာထားဖြင့် ကျန်းချဲ့၏ စကားများမှ တစ်ဆင့် အကြောင်းအကျိုးများကို တွက်ချက် ပေးလိုက်လေသည်။
"ဒါပေမဲ့ ကျီချန်တောက် က ဘာလို့ ယောင်ယွဲ့ ကို ဝင်ကူခိုင်းရတာလဲ..."
ကျန်းချဲ့ မျက်မှောင် အနည်းငယ် ကြုတ်သွားပြီး အတွေးများ ရှုပ်ထွေးသွားလေသည်။ ကျီချန်တောက် သည် ယောင်ယွဲ့ကို ဝင်ရောက် ကူညီပေးရန် အမိန့်ပေးခဲ့ခြင်း ဖြစ်နိုင်ကြောင်းကို ကျန်းချဲ့ နှင့် ချီရွှယ်မိစ္ဆာသခင် တို့ ဆွေးနွေးခဲ့ဖူးလေသည်။ သို့သော် သူ နားမလည်သည်မှာ ကျီချန်တောက် က ဘာကြောင့် ကိုယ်တိုင် ဝင်မပါခဲ့သနည်း။ ဘာကြောင့် ဤမျှလောက် အလုပ်ရှုပ်ခံနေရသနည်း။
"ယောင်ယွဲ့ ရဲ့ ကျေးဇူးကို မင်း မှတ်ထားစေချင်လို့လည်း ဖြစ်နိုင်တယ်... ဒါမှမဟုတ် သူ ကိုယ်ထင်ပြဖို့ အဆင်မပြေလို့လည်း ဖြစ်နိုင်တယ်... သေချာတာကတော့ နောက်ထပ် ဖြစ်နိုင်ချေ တစ်ခုလည်း ရှိသေးတယ်... အဲ့ဒါက ကျီချန်တောက် ရဲ့ အမြင်မှာ ကျာလော့ ဗောဓိသတ် က သူ ကိုယ်တိုင် ဝင်တိုက်ခိုက်ဖို့ မတန်သေးဘူးလို့ ထင်လို့လည်း ဖြစ်နိုင်တယ်..."
ချီယွမ် က ခပ်ဖွဖွ ရယ်မောလိုက်လေသည်။
"ဘိုးဘေးက ခေါက်ရှန်းနတ်မင်းကြီး ကို မြင်ဖူးလို့လား..."
"တစ်ခါတော့ ဆုံဖူးပါတယ်... ဒါပေမဲ့ စကားတော့ မပြောဖူးဘူး..."
"ဒါဆို ဘိုးဘေး ထင်တာ ခေါက်ရှန်းနတ်မင်းကြီး ရဲ့ စွမ်းအားက ဘယ်လောက်လောက် ရှိမလဲ..."
ကျန်းချဲ့ လည်း ဤကိစ္စနှင့် ပတ်သက်၍ အနည်းငယ် စပ်စုချင်သွားလေသည်။ ကျီချန်တောက် အလွန် အစွမ်းထက်ကြောင်း သူ သိထားသော်ငြား မည်မျှအထိ အစွမ်းထက်သနည်း ဆိုသည်ကို သူ အတိအကျ မသိရှိထားချေ။
ချီယွမ် သည် ကျန်းချဲ့၏ အမေးကြောင့် ခေတ္တမျှ တိတ်ဆိတ်သွားလေသည်။ အချိန် အနည်းငယ်ကြာအောင် စဉ်းစားပြီးနောက် မှသာ ပြန်ဖြေလိုက်လေသည်။
"ငါလည်း မသိဘူး..."
"မသိဘူး..."
"ကိုယ်တိုင် ဝင်မတိုက်ခိုက်ဖူး သရွေ့တော့ တစ်ဖက်လူက ဘယ်လောက်တောင် နက်နက်ရှိုင်းရှိုင်း ဖုံးကွယ်ထားလဲ ဆိုတာ ဘယ်သူမှ မသိနိုင်ဘူး... ဒါပေမဲ့ ငါ့ရဲ့ ခန့်မှန်းချက် အရ ဆိုရင်တော့... ကျီချန်တောက် က အနည်းဆုံး ဒုတိယ အဆင့်ကို ရောက်နေပြီ..."
ချီယွမ် က တည်ကြည်လေးနက်စွာ ပြောလိုက်လေသည်။
"ဒုတိယ အဆင့်..."
ဤသည်မှာ ကျန်းချဲ့ အတွက် နောက်ထပ် နားလည်ရခက်သော စကားလုံး တစ်ခု ပင်ဖြစ်သည်။
ချီယွမ် က ဤအချက်ကို သဘောပေါက်သည့်အလား ရှင်းပြလိုက်လေသည်။
"သိုင်းလမ်းစဉ် အဆင့် ခြောက်ဆင့် မှာ... အဆင့်တိုင်းမှာ အားနည်းတာ အားကြီးတာ ဆိုပြီး ကွာခြားချက် ရှိတယ်... သိုင်းသူတော်စင် လည်း ချွင်းချက် မဟုတ်ဘူး... ဒါပေမဲ့ သိုင်းသူတော်စင် အများစုက ပထမ အဆင့်မှာပဲ ပိတ်မိနေကြတာ... ဒုတိယ အဆင့်ကို ရောက်တဲ့ သူတွေက လင်းယွီ ရဲ့ အစစ်အမှန် ထိပ်တန်း သိုင်းပညာရှင် တွေပဲ..."
ထိုစကား ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ကျန်းချဲ့ ချက်ချင်း သဘောပေါက် သွားလေသည်။ ဤ အဆင့် ခွဲခြားမှုသည် ဓမ္မရုပ်တုအဆင့် အတွင်းရှိ ယွမ်ယင်း အဆင့် နှင့် ဓမ္မရုပ်တု အဆင့် တို့၏ ကွာခြားချက်နှင့် ခပ်ဆင်ဆင် တူလှပေသည်။ တစ်ခုက အစောပိုင်း အဆင့် ဖြစ်ပြီး နောက်တစ်ခုက အလယ်အလတ် အဆင့် ပင်ဖြစ်သည်။
"ရှင်းပြပေးတဲ့ အတွက် ဘိုးဘေးကို ကျေးဇူးတင်ပါတယ်..."
"ဒီ ပြဿနာ တွေကို ငါ မပြောပြဘူး ဆိုရင်တောင်မှ မင်း တစ်နေ့နေ့ တစ်ချိန်ချိန် ကျရင် သေချာပေါက် နားလည်လာမှာပါ... မင်းရဲ့ ပါရမီ က တကယ်ပဲ ငါ့ တစ်သက်တာမှာ မြင်ဖူးသမျှ အကောင်းဆုံးပဲ... အမှားအယွင်း မရှိဘူး ဆိုရင် သိုင်းသူတော်စင် အတားအဆီး က မင်းအတွက် အရမ်းကြီး ကြီးမားတဲ့ ပြဿနာ တစ်ခု မဟုတ်လောက်ဘူး... ဒါပေမဲ့ သိုင်းလမ်းစဉ် မှာ အဆုံးသတ် ဆိုတာ မရှိဘူး... မင်း စိတ်ထဲမှာ ဘယ်တော့မှ ပျင်းရိ နေလို့ မရဘူး..."
"မျိုးဆက်သစ် နားလည်ပါပြီ..."
"ဒီနေ့တော့ ဒီလောက်ပဲ ထားလိုက်ကြတာပေါ့... မင်း လီချန်ကော ကို ရင်ဆိုင်ချင်တယ် ဆိုရင် ကျန်းနန် နဲ့ပဲ တိုင်ပင်လိုက်ပါ... ငါက အဲ့ဒီ ကိစ္စတွေကို စိတ်မဝင်စားဘူး..."
ရိုးရှင်းသော စကားပြောဆိုမှုများ ပြီးဆုံးသွားပြီးနောက် ချီယွမ် သည် ဧည့်သည်ကို ပြန်လွှတ်ရန် ပြင်လိုက်လေသည်။ သူသည် ကျန်းချဲ့ကို သဘောကျသော်ငြား အလွန်အမင်း အလေးထားနေခြင်းမျိုးတော့ မဟုတ်ချေ။ ကျန်းချဲ့၏ နောက်ပိုင်း တိုးတက်မှုများ က သူ၏ ကိုယ်ပိုင် ကျင့်ကြံမှု အပေါ်တွင်သာ မူတည်နေလေသည်။ သူ ကိုယ်တိုင် ဝင်ရောက် စွက်ဖက်မည် မဟုတ်ချေ။
"မျိုးဆက်သစ် ပြန်ခွင့်ပြုပါဦး..."
ကျန်းချဲ့ ချက်ချင်း မတ်တပ်ရပ်ကာ ခါးညွှတ် အရိုအသေ ပေးလိုက်ပြီးနောက် လှည့်ထွက်ကာ တာအိုမေးမြန်းရာ နန်းတော် မှ ထွက်ခွာလာခဲ့လေသည်။ ကျန်းချဲ့ နောက်သို့ လှည့်ကြည့်လိုက်သောအခါ မည်သည့် အချိန်ကတည်းက ပိတ်သွားမှန်း မသိသော တာအိုမေးမြန်းရာ နန်းတော်၏ တံခါးကြီး မှာ တိတ်ဆိတ်စွာ ပိတ်နေပြီ ဖြစ်လေသည်။
သိုင်းသူတော်စင် တစ်ပါး၏ လွတ်လပ် ပေါ့ပါးမှုကို ရင်ထဲတွင် သက်ပြင်းချကာ ချီးကျူးလိုက်ပြီးနောက် ကျန်းချဲ့ လေဟာနယ် အတွင်းသို့ တစ်လှမ်း ခြေချလိုက်ပြီး ထိုနေရာမှ ထွက်ခွာလာခဲ့လေသည်။
တောင်အပြင်ဘက်တွင် ချီကျန်းနန် သည် ထွက်ခွာမသွားသေးဘဲ အပြင်ဘက်တွင် ကျန်းချဲ့ကို စောင့်ဆိုင်းနေလေသည်။ ကျန်းချဲ့ ဤမျှလောက် မြန်မြန်ဆန်ဆန် တာအိုမေးမြန်းရာ နန်းတော်မှ ထွက်လာသည်ကို မြင်သောအခါ သူ၏ မျက်မှောင် အနည်းငယ် ကြုတ်သွားရလေသည်။ တိုက်ရိုက်ပင် မေးလိုက်လေသည်။
"ဘိုးဘေး က လက်မခံလိုက်လို့လား..."
"ဦးလေး ကို စိတ်ပူစေမိပြီ... ဘိုးဘေး က လက်ခံလိုက်ပါတယ်... ကျွန်တော့်ကို ကာကွယ်ရေး ရတနာ တစ်ခု ပေးလိုက်တယ်... အခုတော့ မျိုးဆက်သစ် လည်း နောက်ဆုံးတော့ ယုံကြည်ချက် နည်းနည်း ရှိသွားပါပြီ..."
ကျန်းချဲ့ က ဟီးဟီး ရယ်မောကာ ပြောလိုက်လေသည်။
"ဒါဆိုလည်း တော်သေးတာပေါ့... သွားကြစို့... ဘိုးဘေး က တခြားလူတွေ အနှောင့်အယှက် ပေးတာကို သိပ်မကြိုက်ဘူး..."
ချီကျန်းနန် သက်ပြင်းချလိုက်ပြီး ကျန်းချဲ့ကို ခေါ်ဆောင်ကာ လာရာလမ်း အတိုင်း ပြန်လှည့်လာခဲ့လေသည်။
ခေတ္တမျှ စကားစမြည် ပြောဆိုပြီးနောက် ကျန်းချဲ့ သည် မက်မွန်ဥယျာဉ်မှ ထွက်ခွာလာပြီး ဝမ်ပင်းအဆောက်အအုံ သို့ ပြန်လာခဲ့လေသည်။ အလွန် တိုက်ဆိုင်လှစွာပင် သူ ပြန်ရောက်လာချိန်တွင် ကျောက်ရှန်းကျီ ကလည်း ဤနေရာတွင် စောင့်ဆိုင်းနေခဲ့လေပြီ။ ချီညီအစ်မ နှစ်ယောက်နှင့် အတူ စကားပြောဆို နေကြလေသည်။
"အန်တီကျောက်... ခဲအို ပြန်ရောက်လာပြီ... အန်တီ့မှာ သူ့ကို ပြောစရာ အရေးကြီး ကိစ္စ ရှိတယ် ဆို... မြန်မြန် ပြောလိုက်ပါ..."
ချီနင်ပင်း က မတ်တပ်ရပ်ကာ ပြောလိုက်လေသည်။
ကျောက်ရှန်းကျီ က ခေါင်းညိတ်ပြလိုက်ပြီး လက်ထဲရှိ သိုလှောင်ရေး ဝိညာဉ်လက်ကောက် တစ်ခုကို ကျန်းချဲ့ ထံသို့ ကမ်းပေးလိုက်လေသည်။
"မင်း လိုချင်တဲ့ ပစ္စည်း..."
"နတ်သမီး ကို ကျေးဇူးတင်ပါတယ်..."
ချီညီအစ်မ နှစ်ယောက် ရှိနေသဖြင့် ကျန်းချဲ့ ၏ အပြုအမူမှာ အလွန် ပုံမှန် ဖြစ်နေလေသည်။
"ပစ္စည်းလည်း ပေးပြီးပြီဆိုတော့... ကျမ အရင် ပြန်နှင့်ပါရစေ..."
ကျောက်ရှန်းကျီ က ချီညီအစ်မ နှစ်ယောက်ကို မျက်လုံးထောင့်မှ တစ်ချက် ကြည့်လိုက်ပြီး နှုတ်ခမ်းကို တင်းတင်းစေ့ထားလိုက်လေသည်။ သူမ ဤနေရာတွင် ရှိနေရသည်မှာ အလွန် နေရခက်လှပေသည်။ ထို နှစ်ယောက်စလုံးက သူမကို အန်တီကျောက် ဟု တစ်ခွန်းပြီး တစ်ခွန်း ခေါ်နေကြရာ သူမ၏ ရင်ထဲတွင် အနည်းငယ် အပြစ်ရှိသလို ခံစားနေရလေသည်။
ကျန်းချဲ့ မျက်နှာထား အနည်းငယ် တည်ကြည်သွားလေသည်။
"နတ်သမီး ဖြည်းဖြည်း သွားပါ... ကျုပ် လိုက်ပို့ပေးပါ့မယ်... အတော်ပဲ... ကျုပ် ခင်ဗျား နဲ့ ဆွေးနွေးစရာ ကိစ္စလေး တစ်ခု ရှိနေလို့..."
ကျောက်ရှန်းကျီ စက္ကန့်အနည်းငယ်ခန့် တိတ်ဆိတ်နေပြီးနောက် ခပ်ဖွဖွ ခေါင်းညိတ်လိုက်လေသည်။
"ကောင်းပြီလေ…”