အခန်း ၉၁
Vol. 10 Ch. 91
အခန်း (၉၁) လာနေပြီ
ကလေးငယ်၏ ကြည်လင်သော ငိုသံက အခန်းတွင်းရှိ တိတ်ဆိတ်မှုကို ရုတ်တရက် ဖြိုခွင်းလိုက်လေ သည်။ ထျန်ရှောင်ယာမှာ အလွန်လန့်သွားသဖြင့် ကျိုးချန်ယဲ့၏အပေါ်မှ အမြန်ဖယ်လိုက်ရာ သူမ၏ မျက်နှာမှာ နီရဲသွားပြီး နားရွက်များပင် ပူထူသွားခဲ့လေသည်။
သူမသည် ရှုပ်ပွနေသော ဆံပင်များကို ကမန်းကတန်း သိမ်းဆည်းလိုက်ပြီး အင်္ကျီကို ဆွဲဆန့်လိုက်ရာ ရင်ထဲတွင်လည်း စည်တီးနေသကဲ့သို့ တဒိန်းဒိန်း ခုန်နေလျက်ရှိနေခဲ့ပေတော့သည်။
"ဟား…ဟား..."
ကျိုးချန်ယဲ့မှာ ရုတ်တရက် ထွက်ပေါ်လာသော ငိုသံကြောင့် သဘောကျသွားကာ တိုးညှင်းစွာ ရယ်မော လိုက်လေသည်။ သူသည် လက်ကိုဆန့်ထုတ်၍ ဇနီးဖြစ်သူ၏ ဆံပင်များကို ပွတ်သပ်လိုက်ရာ သူ၏ မျက်လုံးများထဲတွင် နှမြောတသဖြစ်မှု အရိပ်အယောင်လေးတစ်ခု ပါဝင်နေပြီး ကြင်နာမြတ်နိုးမှု တို့လည်း ရောယှက်လျက်ရှိနေခဲ့လေသည်။ ထို့နောက် သူက ဩရှရှ အသံဖြင့် သက်ပြင်းချကာ ပြောလိုက်လေသည်....။
"ငါတို့ရဲ့ သားရတနာလေးက အချိန်ကိုက် နိုးလာတာပဲ..."
ထျန်ရှောင်ယာမှာ ရှက်သွေးဖြာလျက်သူ့ကို ပုတ်လိုက်ပြီး ကုတင်ပေါ်မှ အမြန်ဆင်းကာ ပြောလိုက် လေသည်...။
"ကလေး ဆာနေပြီလားမသိဘူး သွားကြည့်လိုက်ဦးမယ်..."
ကတိုက်ကရိုက် ဖြစ်နေသော ဇနီးဖြစ်သူ၏ ကျောပြင်ကို ကြည့်ရင်း ကျိုးချန်ယဲ့က ပြုံးကာ ခေါင်းခါ လိုက်ပြီးနောက် သူကိုယ်တိုင်လည်း ထလိုက်လေသည်။
၎င်းတို့နှစ်ဦး ကလေးကို ချော့သိပ်ပြီးချိန်တွင် အပြင်ဘက်၌ လုံးဝ မိုးလင်းနေပြီ ဖြစ်လေသည်။
နူးညံ့လှသော ကလေးငယ်လေးကို ပွေ့ချီထားရင်း ထျန်ရှောင်ယာသည် မိုးမလင်းမီက သူမ တိတ် တဆိတ် တွေးထားခဲ့သော အကြံအစည်ကို ရုတ်တရက် သတိရသွားကာ သူမ၏ မျက်လုံးများမှာ ချက်ချင်းပင် ပြန်လည် တောက်ပလာခဲ့ပေသည်။
သူမသည် ကျိုးချန်ယဲ့၏ ဘေးတွင် ထိုင်လိုက်ပြီး အသံကိုနှိမ့်ကာ ဖုံးကွယ်မရနိုင်သော စိတ်လှုပ်ရှားမှု ဖြင့် ပြောလိုက်လေသည်...။
"အာယဲ့... ကျွန်မ ဆုံးဖြတ်ပြီးပြီ... ဘာလုပ်ချင်တယ်ဆိုတာ ကျွန်မ ဆုံးဖြတ်လိုက်ပြီ..."
ထိုစကားကို ကြားသောအခါ ကျိုးချန်ယဲ့က စိတ်ဝင်တစားဖြင့် လှည့်ကြည့်လာပြီး နှုတ်ခမ်းထက်တွင် အပြုံးလေးတစ်ခု ချိတ်ဆွဲလျက် မေးလိုက်သည်....။
"အွန်း... မင်းက ဘာလုပ်ချင်လို့လဲ..."
"ကိုယ်ပိုင် အထည်ဆိုင်လေး တစ်ဆိုင် ဖွင့်ချင်တယ်..."
ထျန်ရှောင်ယာက သူ၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်ရာ သူမ၏ အသံမှာ တုန်ယင်နေခဲ့ပြီး မျက်လုံးများမှာလည်း ကြယ်လေးများကဲ့သို့ တောက်ပနေခဲ့လေ၏။
"အခု လမ်းပေါ်က အဝတ်အထည်ဆိုင်တွေက အရမ်း ရောင်းကောင်းနေတာလေ... ပစ္စည်းတွေက ရှန်ဟိုင်းကနေ လာတာလို့ လူတိုင်းက ပြောကြတယ်..."
"ဒါပေမဲ့ အထည်ပုံစံတွေက ကျွန်မ အမြဲတမ်း ဝတ်နေကျ အထည်လောက်တောင် မလှဘူးလေ... အဲ့ဒါ ကိုတောင် လူတွေ အများကြီးက လုဝယ်နေကြတာ..."
"တကယ်လို့ ကျွန်မတို့သာ လှပပြီး ခေတ်မီတဲ့ အဝတ်အစားတချို့ကို ကိုယ်တိုင်ချုပ်မယ်ဆိုရင် ရောင်းရ ဖို့ လုံးဝ ပြဿနာမရှိနိုင်ဘူး..."
ကျိုးချန်ယဲ့က ဇနီးဖြစ်သူ ကိုယ်တိုင်ချုပ်ထားသော အံကိုက်ဖြစ်ပြီး ထူးခြားလှသည့် ကတ္တီပါအင်္ကျီလေး အား ငုံ့ကြည့်လိုက်လေသည်။
သပ်ရပ်သော အပ်ချုပ်ချုပ်တို့နှင့် စတိုင်ကျသော ပုံစံတို့ကြောင့် ဈေးကွက်ထဲတွင် ရှိနေသော ပျင်းစရာ ကောင်းသည့် မီးခိုးရောင်၊ အနက်ရောင်နှင့် အပြာရောင်တို့ထက် အဆပေါင်းများစွာ ပို၍ မျက်စိ အမြင်ကိုဖမ်းစားနိုင်ခြင်းရှိလေသည်။
သူ၏ဇနီးဖြစ်သူ၏ လက်မှုပညာစွမ်းရည်မှာ အမှန်တကယ် ပြိုင်ဘက်ကင်းကြောင်း သူ ကောင်းကောင်း ကြီး သိထားလေသည်။
သူမ အမြဲတမ်း ဝတ်ဆင်လေ့ရှိသော အဝတ်အစား အများစုမှာ သူမ၏ ကိုယ်ပိုင် စနစ်နေရာလွတ်ထဲမှ တိတ်တဆိတ် ထုတ်ယူထားခြင်း ဖြစ်ပြီး နူးညံ့သော ပစ္စည်းများဖြင့် ပြုလုပ်ထားကာ သန့်ရှင်းရိုးရှင်း သော စတိုင်များ ရှိလေသည်။
ကျန်သောအရာများကိုတော့ သူမဘာသာ ချုပ်လုပ်ခဲ့ခြင်းဖြစ်ပြီး ဇနီးသည်မှာ အပ်ချုပ်ပညာတွင် ကျွမ်းကျင်ကာ သွက်လက်သော လက်ချောင်းလေးများ ရှိပေသည်။
စနစ်နေရာလွတ်ထဲရှိ ပုံစံသစ်များ၏ လွှမ်းမိုးမှုကြောင့် သူမ၏ ကျွမ်းကျင်မှုများမှာလည်း တစ်ဟုန်ထိုး တိုးတက်လာခဲ့လေသည်။
ကျိုးချန်ယဲ့က ခဏတာ စဉ်းစားလိုက်ပြီးနောက် ညင်သာသော်လည်း ပြတ်သားသော လေသံဖြင့် ပြောလိုက်သည်...။
"ရတယ်... ဒီကိစ္စကို လုပ်လို့ရတယ်..."
"ဖက်ရှင် စာအုပ်တချို့ မင်းအတွက် ရှာပေးကြည့်မယ်လေ... အဲ့ဒါဆို မင်း ကြည့်ပြီး လေ့လာလို့ရတာ ပေါ့..."
ဝိညာဉ်ကူးပြောင်းဝင်စားခြင်း မပြုမီက သူသည် စာအုပ်မျိုးစုံကို စုဆောင်းခဲ့ပြီး ကွန်ပျူတာထဲတွင် အချက်အလက် အများအပြားကို ဒေါင်းလုဒ်ဆွဲထားခဲ့ကာ ထိုအထဲတွင် အဝတ်အထည် ဖက်ရှင်ပုံစံ၊ ပုံစံထုတ်ခြင်းနှင့် ဖြတ်တောက်ခြင်းစသည့် အချက်အလက်များစွာ ပါဝင်ကြောင်းကို သူ၏ စိတ်ထဲတွင် တိတ်တဆိတ် တွက်ချက်လိုက်လေသည်။
နောက်မှ ထိုအရာများကို ရှာဖွေကာ ဇနီးဖြစ်သူ အသုံးပြုနိုင်ရန် အကုန်ထုတ်ပေးမည်ဟု တွေးလိုက် လေသည်၊ ထိုသို့ဆိုလျှင် သူမ နှစ်သက်ရာကို စိတ်ပူစရာမလိုဘဲ လုပ်ဆောင်နိုင်မည် ဖြစ်ပေသည်။
ထိုစကားကို ကြားသောအခါ ထျန်ရှောင်ယာ၏ မျက်လုံးများမှာ ပို၍ တောက်ပလာပြီး သူ၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်ထားမှုကို တင်းကျပ်လိုက်ကာ မေးလိုက်သည်...။
"တကယ်လား... ရှင် ကျွန်မကို တကယ် ထောက်ခံတာလား..."
"ငါ မင်းကို မထောက်ခံခဲ့တဲ့ အချိန်များ ရှိဖူးလို့လား..."
ကျိုးချန်ယဲ့က တိုးတိုးတိတ်တိတ် ရယ်မောလိုက်ပြီး သူမ၏ ဆံပင်များကို ပွတ်သပ်ရန် လက်လှမ်းလိုက် လေသည်...။
"မင်းရဲ့ ကျွမ်းကျင်မှုကို ငါ အသိဆုံးပါ... မင်း လုပ်ချင်နေသရွေ့ ငါ အနောက်ကနေ ပံ့ပိုးပေးမှာပေါ့..."
ထျန်ရှောင်ယာက ခေါင်းညိတ်လိုက်ပြီး လေးနက်စွာဖြင့် ပြောလိုက်လေသည်...။
"ကျွန်မက အဝတ်အစား ချုပ်ရမှာကိုတော့ မကြောက်ပါဘူး..."
သူမက ခဏရပ်လိုက်ပြီးနောက် ဆက်ပြောလိုက်လေ၏...။
"ကျွန်မတို့ အိမ်နီးချင်း မရီးဝမ်က အလုပ်တစ်ခု ရှာချင်တယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းက ပြောနေသေး တယ် ... ထျဲ့တန်လေးက နေ့ခင်းဘက်ဆို သူငယ်တန်းကို သွားတော့ သူမ တစ်ယောက်တည်း အိမ်မှာနေရတာ အရမ်းပျင်းနေတာလေ..."
"အရင်ကတော့ ထောက်ပံ့ရေးနှင့် သမဝါယမအရောင်းဆိုင်ကို ပိုနေတဲ့ ကုန်ပစ္စည်းတွေ ပို့လို့ရပေမယ့် အခု သူတို့က လက်မခံတော့ဘူးလေ... ဒါကြောင့် မိသားစုကို ထောက်ပံ့ဖို့ အပိုဝင်ငွေ နည်းနည်း ဘယ် လိုရှာရမလဲဆိုပြီး သူက စိတ်ပူနေတာ..."
ထိုနေရာတွင် ထျန်ရှောင်ယာ၏ မျက်လုံးများ လင်းလက်သွားပြီး သူမ၏ အစီအစဉ်မှာ ရှင်းလင်းပြတ် သားနေခဲ့လေသည်၊
"ပန်းထိုးတာလိုမျိုး သိမ်မွေ့တဲ့ အလုပ်တွေကို ကျွန်မ ကြီးကြပ်ပေးမယ်လေ..."
"ရိုးရှင်းတဲ့ ဖြတ်တောက်တာတွေ၊ အနားသတ်ချုပ်တာတွေကိုတော့ မရီးဝမ်က အလွယ်တကူ ကိုင် တွယ်နိုင်မှာပါ..."
"ကျွန်မတို့ နှစ်ယောက်ပေါင်းပြီး လုပ်မယ်ဆိုရင် အလုပ်က အများကြီး ပိုမြန်သွားပြီး ပစ္စည်းတွေ ပိုများများ ချုပ်နိုင်မှာပေါ့..."
သူမက ခဏရပ်လိုက်ပြီးနောက် မျက်မှောင် အနည်းငယ် ကြုတ်လိုက်သည်...။
"အဝတ်အစား ရောင်းဖို့က နည်းနည်း ဒုက္ခများတယ်နော်..."
"အစပိုင်းမှာတော့ အဆင်ပြေပေမယ့် နောက်ပိုင်း အလုပ်များလာရင်တော့ နေ့တိုင်း ဈေးဆိုင်ထွက်ခင်း ဖို့ အချိန်ရမှာ မဟုတ်ဘူးလေ..."
"ရှင်ကလည်း ကျောင်းသွားဖို့ လိုသေးတယ်... အစ်ကိုကြီးကျွမ်းနဲ့ ဒုတိယအစ်ကိုတို့မှာလည်း အလုပ် တွေ ရှိနေကြတာပဲ..."
ကျိုးချန်ယဲ့က ပြုံးလိုက်ရာ သူ၏ လေသံမှာ အနည်းငယ် ထူးခြားနေခဲ့လေသည်...။
"မင်း အဲ့ဒီအတွက် စိတ်ပူစရာ မလိုပါဘူး... အသင့်တော်ဆုံးလူက လမ်းမှာ ရောက်နေလောက်ပါပြီ..."
ထျန်ရှောင်ယာက မော့ကြည့်လိုက်ပြီး ခင်ပွန်းဖြစ်သူအား နားမလည်နိုင်သော မျက်နှာအမူအရာဖြင့် ကြည့်လိုက်လေသည်။
ကျိုးချန်ယဲ့က မည်သည့်စကားမျှ မပြောဘဲ ပြုံးသာပြုံးနေခဲ့ပြီး ယုံကြည်ချက်ရှိကာ သေချာနေသည့်ပုံ ပေါက်နေခဲ့လေသည်။
————————————
လျောင်နင်ပြည်နယ်….။
ထိုညက ဇနီးဖြစ်သူနှင့် တိုင်ပင်ဆွေးနွေးပြီးနောက် တတိယအစ်ကိုသည် နောက်တစ်နေ့ အလုပ်ရောက် သည်နှင့် တစ်ပြိုင်နက် ထောက်ပံ့ရေးနှင့် သမဝါယမအရောင်းဆိုင်သို့ တန်းသွားကာ သူ၏ ကြီးကြပ် ရေးမှူးအား ထိုကိစ္စကို ပြောပြလိုက်လေသည်။
ထောက်ပံ့ရေးနှင့် သမဝါယမအရောင်းဆိုင် မန်နေဂျာ၏ ရုံးခန်းထဲတွင် လေထုမှာ အနည်းငယ် မှုန်မှိုင်း နေလျက်ရှိလေသည်။
မန်နေဂျာက တတိယအစ်ကိုအား ကြည့်လိုက်ပြီး မယုံကြည်နိုင်စွာဖြင့် မျက်မှောင်ကြုတ်ကာ မေးလိုက် လေသည်...။
"အော်မိုရီ... မင်း ဒီကိစ္စကို သေချာ စဉ်းစားပြီးပြီလား..."
"ငါတို့ရဲ့ ထောက်ပံ့ရေးနှင့် သမဝါယမအရောင်းဆိုင်က တရားဝင်ပြီး လုံခြုံတဲ့ အလုပ်တစ်ခုလေ... ဝင်ချင်နေတဲ့သူတွေ မရေမတွက်နိုင်အောင် ရှိတယ်... မင်းက ဒီအတိုင်း အလွယ်တကူ ထွက်နိုင်မယ်လို့ ထင်နေတာလား... မိုက်မဲတဲ့ ဆုံးဖြတ်ချက်မျိုး မချချင်စမ်းပါနဲ့..."
သူက ခဏရပ်လိုက်ပြီး နောက်ထပ် မေးခွန်းတစ်ခု ထပ်မေးလိုက်လေသည်...။
"မင်းက ဒီအလုပ်ကို အခြားလူဆီ လွှဲပြောင်းပေးမလို့လား... မင်းရဲ့ ညီမလေးတို့ရော သိရဲ့လား..."
"မန်နေဂျာ... ကျွန်တော် ဒီကိစ္စကို ရှင်းရှင်းလင်းလင်း စဉ်းစားပြီးပါပြီ... ချက်ချင်း အလောတကြီး ဆုံး ဖြတ်လိုက်တာ မဟုတ်ပါဘူး..."
တတိယအစ်ကို၏ မျက်လုံးများမှာ ခိုင်မာပြတ်သားနေလျက်ရှိပြီး အနည်းငယ်မျှပင် တုံ့ဆိုင်းနေခြင်း မရှိခဲ့ချေ။
သူက ခဏရပ်လိုက်ပြီးနောက် ဆက်ပြောလိုက်လေသည်...။
"ကျွန်တော့် ဇနီးကလည်း ဒီကိစ္စကို သိထားပြီး ကျွန်တော် ဒီလိုလုပ်ဖို့ကို အပြည့်အဝ= ထောက်ခံပေး ထားပါတယ်..."
"ဟူး... ကောင်းပြီလေ..."
မန်နေဂျာက သက်ပြင်းရှည်ကြီး ချလိုက်ရာ သူ၏မျက်နှာတွင် နှမြောတသဖြစ်မှုများ ပြည့်နှက်နေသော် လည်း တတိယအစ်ကို၏ ပြတ်သားသော သဘောထားကို မြင်လိုက်ရသောအခါ ထပ်မံ ဖျောင်းဖျနေ ခြင်းက အသုံးဝင်မည် မဟုတ်ကြောင်းကို သူ သိလိုက်လေသည်။
မကြာသေးမီက နေ့စဉ်နှင့်အမျှ သူ၏ဇနီးဖြစ်သူက ပူညံပူညံ လုပ်နေခဲ့သည်များကို သူ ပြန်လည် အမှတ်ရသွားပြီး အခြေအနေကို နားလည်သွားသောကြောင့် ထိုကိစ္စနှင့် ပတ်သက်၍ ပွင့်ပွင့်လင်းလင်း ပြောဆိုရန် ဆုံးဖြတ်လိုက်လေသည်။
"အော်မိုရီ... အဲ့ဒါဆိုရင် ငါ မင်းကို ပွင့်ပွင့်လင်းလင်းပဲ ပြောတော့မယ်..."
မန်နေဂျာက ရှေ့သို့ ကိုင်းလာပြီး အသံကိုနှိမ့်ကာ ပြောလိုက်လေသည်....
"ငါ့ ယောက်ဖက လောလောဆယ် အလုပ်လက်မဲ့ ဖြစ်နေပြီး နေရာတိုင်းမှာ အလုပ်လိုက်ရှာနေတာ... မင်းရဲ့ နေရာကို ငါပဲ ဝယ်လိုက်မယ်လေ... ဘယ်လိုသဘောရလဲ..."
တတိယအစ်ကိုက အလွယ်တကူပင် သဘောတူလိုက်လေသည်...။
"ကောင်းပါပြီ... မန်နေဂျာ ပြောသလို လုပ်ကြတာပေါ့..."
"ကောင်းပြီလေ..."
မန်နေဂျာက ခေါင်းညိတ်လိုက်ပြီး တွေးတွေးဆဆဖြင့် ပြောလိုက်သည်..။
"အခုအချိန်မှာ သာမန် အလုပ်ရုံ အလုပ်တစ်ခုတောင်မှ ယွမ် လေးငါးရာလောက်နဲ့ ရောင်းလို့ရနေတာ..."
"ဒီအလုပ်က ရုံးခန်းထဲမှာ ထိုင်နေရတဲ့ လွယ်ကူတဲ့ အလုပ်တစ်ခုဆိုတော့ ဘာကာယလုပ်အားမှ စိုက် ထုတ်ဖို့ မလိုဘူးလေ... ဈေးက ပိုများသင့်တယ်..."
"ဒီလို လုပ်ကြတာပေါ့... ငါ ယွမ် ခုနစ်ရာ ပေးမယ်လေ... ဘယ်လိုလဲ..."
တတိယအစ်ကိုက အလျင်စလို လက်ခါပြလိုက်ပြီး ပြုံးလျက်ပြောလိုက်လေသည်...။
"မန်နေဂျာ... အဲ့ဒီလောက် အများကြီး မလိုပါဘူး... မန်နေဂျာက ကျွန်တော့်ကို အမြဲတမ်း ဂရုစိုက် ပေးခဲ့တာပဲ... ငါးရာဆိုရင် ရပါပြီ..."
အပြန်အလှန် ဆွေးနွေးပြီးနောက် နောက်ဆုံးတွင် ယွမ် ခြောက်ရာဖြင့် ဈေးတည့်သွားခဲ့လေတော့သည်။
မန်နေဂျာက တတိယအစ်ကိုအား သူ၏ယောက်ဖကို သေချာစွာ လမ်းညွှန်ပေးရန်နှင့် အလုပ်လွှဲပြောင်း မှု ချောမွေ့စေရန်အတွက် နောက်ထပ် ရက်အနည်းငယ် ဆက်နေပေးရန် ထပ်ခါတလဲလဲ မှာကြားခဲ့လေ သည်။ တတိယအစ်ကိုကလည်း အလွယ်တကူပင် သဘောတူလိုက်လေ၏။
တတိယအစ်ကိုသည် ရုံးခန်းထဲမှ ထွက်လာသည်နှင့် တစ်ပြိုင်နက် ထောက်ပံ့ရေးနှင့် သမဝါယမ အရောင်းဆိုင်မှ သူ၏ လုပ်ဖော်ကိုင်ဖက်များသည် သူ၏အနားသို့ ဝိုင်းအုံလာခဲ့ကြလေသည်။
ကျောက်ဖျင်အန်းက သူ၏လက်မောင်းကို ဆွဲကိုင်ကာ တိုးညှင်းသော အသံဖြင့် တိုက်တွန်းလိုက်လေ သည်...။
"အော်မိုရီ... မင်း အလုပ်ထွက်တော့မယ်လို့ ငါ ကြားတယ်... မမိုက်မဲစမ်းပါနဲ့... ဒီလောက် လုံခြုံတဲ့ အလုပ်ကို ဒီအတိုင်း လွှင့်ပစ်လိုက်လို့ မရဘူးလေ... အပြင်ဘက်မှာ မင်း ဘာလုပ်နိုင်မှာလဲ..."