အခန်း ၉၆
Vol. 10 Ch. 96
အခန်း (၉၆) ထိုသူမှာ ခွန်အားများစွာကို လျို့ဝှက်သိမ်းထားသူဖြစ်သည်
အားလုံး အထဲသို့ ဝင်ရောက်ကာ ထိုင်လိုက်ကြသည်နှင့် တစ်ပြိုင်နက် ထျန်ရှောင်ယာသည် အချိန်ဖြုန်း မနေတော့ဘဲ ကြိုတင်သတ်မှတ်ထားသော အလုပ်များကို ချက်ချင်းထုတ်ယူကာ တစ်ခုချင်းစီ ရှင်းပြ လိုက်လေတော့သည်။
"အစ်မတို့... ကျွန်မ အားနာမနေတော့ဘူးနော်..."
"အနားသတ်ချုပ်တာတွေ၊ ကြယ်သီးတပ်တာတွေ အားလုံးကို အမျိုးအစားခွဲထားတယ်..."
"ပြီးတာနဲ့ ချက်ချင်း ယူလာခဲ့ပါ... ပြီးရင် အဲ့ဒီနေရာမှာတင် ရှင်းပေးမယ်..."
ဈေးနှုန်းမှာ မျှတပြီး အလုပ်မှာလည်း လွယ်ကူကြောင်း ကြားသိရသောအခါ ၎င်းတို့တစ်စုမှာ အလွန်တ ရာ ဝမ်းသာသွားကြပြီး ထျန်ရှောင်ယာအား အထပ်ထပ် ကျေးဇူးတင်စကား ဆိုကြလေတော့သည်။
"ညီမရှောင်ယာ... အရမ်းကို ကျေးဇူးတင်ပါတယ်... ညီမက ငါတို့ မိသားစုဝင်ငွေကို အထောက်အကူ ဖြစ်စေမယ့် အလုပ်တစ်ခုကို ရှာပေးခဲ့တာပဲ..."
"စိတ်မပူပါနဲ့... ငါတို့ သေသေချာချာနဲ့ ဂရုတစိုက် လုပ်ပေးမှာပါ... ညီမရဲ့ စီးပွားရေးကို လုံးဝ မနှောင့် နှေးစေရပါဘူး..."
"ငါတို့ အမြန်ဆုံး ပြီးအောင် အိမ်ပြန်ပြီး ချက်ချင်း စလုပ်လိုက်မယ်... ပြီးတာနဲ့ ညီမဆီ အမြန်ဆုံး ယူလာ ခဲ့မယ်နော်..."
"ကောင်းပါပြီ... လမ်းကို ဂရုစိုက်သွားကြပါဦး..."
ထျန်ရှောင်ယာသည် ၎င်းတို့အား လမ်းအနည်းငယ်မျှ လိုက်ပို့ရန်အတွက် မတ်တတ်ရပ်လိုက်လေသည်။
အန်တီကျူက အလျင်အမြန် လက်ခါပြလိုက်ပြီး ပြုံးလျက် ပြောလိုက်လေသည်...။
"လိုက်ပို့စရာ မလိုပါဘူး... ငါတို့ဘာသာ ပြန်လိုက်ပါမယ်... နင်တို့ အလုပ်သာ ဆက်လုပ်ကြပါ..."
ထိုသို့ ပြောပြီးနောက် သူမသည် ၎င်းတို့လူတစ်စုအား ဦးဆောင်ကာ ခြံတံခါးဝမှ ပေါ့ပါးသော ခြေလှမ်း များဖြင့် ထွက်ခွာသွားလေတော့သည်။
ထျန်ရှောင်ယာနှင့် ဝမ်တာ့ကျွမ်း၏ ဇနီးတို့သည် တစ်ဦးကိုတစ်ဦး ကြည့်ကာ နားလည်သဘောပေါက် စွာဖြင့် ပြုံးလိုက်ကြလေသည်။
၎င်းတို့နှစ်ဦး အလုပ်ဆက်လုပ်ရန် လှည့်လိုက်စဉ်မှာပင် ခြံတံခါးအပြင်ဘက်မှ နောက်ထပ် တံခါးခေါက် သံတစ်ခု ထွက်ပေါ်လာသည်ကို ကြားလိုက်ရလေသည်။
ထျန်ရှောင်ယာက မော့ကြည့်လိုက်ရာ ဟျောင်ရှင်းရှင်းသည် သူမ၏ လက်ထဲတွင် ဝါးခြင်းတောင်းတစ် တောင်းကို ကိုင်ဆောင်လျက် ခြံတံခါးဝ၌ ပြုံးကာ ရပ်နေသည်ကို မြင်လိုက်ရလေသည်။
"ရှောင်ယာ... မရီးဝမ်..."
ထျန်ရှောင်ယာက အလျင်အမြန်ပင် အပြုံးဖြင့် ဆီးကြိုလိုက်လေသည်...။
"ရှင်းရှင်း... ဘယ်လိုရောက်လာတာလဲ... အထဲဝင်ပြီး ထိုင်ပါဦး..."
ဟျောင်ရှင်းရှင်းက ခြင်းတောင်းကို သူမထံ ကမ်းပေးလိုက်ပြီး ပြုံးလျက် ပြောလိုက်လေသည်...။
"ငါ အခုလေးတင် ကြံသကာ ကောက်ညှင်းမုန့်လေးတွေ လုပ်ထားလို့ နင်တို့ကို မြည်းကြည့်ရအောင် ယူလာတာ... ပူပူလေး ရှိသေးတယ်..."
ထျန်ရှောင်ယာက ပြုံးကာ ခြင်းတောင်းကို လှမ်းယူလိုက်ပြီး လက်တစ်ဖက်ဖြင့် ခြင်းတောင်းကို ကိုင် ကာ ကျန်လက်တစ်ဖက်ဖြင့် ဟျောင်ရှင်းရှင်း၏ လက်မောင်းကို ချိတ်ဆွဲလိုက်လေ၏။ ၎င်းတို့သည် ရယ်မော စကားပြောဆိုရင်းဖြင့် ဧည့်ခန်းမဆီသို့ လျှောက်သွားကြလေတော့သည်။
အိမ်ထဲသို့ ဝင်ရောက်သည်နှင့် တစ်ပြိုင်နက် ဟျောင်ရှင်းရှင်းက ခြင်းတောင်းကို ဖုံးအုပ်ထားသော အဝတ်ကို ဖယ်ရှားလိုက်ရာ ရွှေရောင်လွှမ်းကာ နူးညံ့စေးကပ်နေသော ကြံသကာ ကောက်ညှင်းမုန့် အတုံးလေးများ ပေါ်လာခဲ့ပေသည်။
"မြန်မြန် မြည်းကြည့်ကြပါဦး... အခုလေးတင် အိုးထဲက ချထားတာ..."
သူမ စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် ဝမ်တာ့ကျွမ်း၏ ဇနီးက တစ်တုံးကို ကောက်ယူကာ အနည်း ငယ် ကိုက်စားလိုက်ပြီးနောက် သူမ၏ မျက်လုံးများပင် မှေးစင်းသွားခဲ့လေသည်...။
"အမလေး... ချိုနေတာပဲ... နူးညံ့ပြီး မွှေးနေတာပဲ... မိန်းကလေး... နင့်ရဲ့ လက်ရာက တကယ်ကို အံ့ဩ စရာပဲ..."
ထျန်ရှောင်ယာကလည်း တစ်တုံးကို မြည်းကြည့်လိုက်ရာ ၎င်းမှာ ချိုသော်လည်း အီမနေဘဲ ဆန်၏ အရသာများ ပြည့်ဝနေလျက်ရှိလေသည်...။
"တကယ်ကို အရသာရှိတာပဲ... လမ်းဘေးမှာ ရောင်းတာတွေထက် အများကြီးပိုကောင်းသေးတယ်..."
ဟျောင်ရှင်းရှင်းသည် ၎င်းတို့နှစ်ဦး အရသာခံစားကာ စားသောက်နေသည်ကို ကြည့်ရင်း သူမ၏ အပြုံး များမှာ ပို၍ နက်ရှိုင်းလာခဲ့လေ၏။
သူမသည် စားပွဲဆီသို့ ဖြည်းညင်းစွာ လျှောက်သွားကာ ထိုင်လိုက်ပြီး အနည်းငယ် စူထွက်နေသော သူမ၏ ဗိုက်လေးကို မသိမသာ ညင်သာစွာ ပွတ်သပ်လျက် နူးညံ့ပျော့ပျောင်းသော လေသံဖြင့် ပြော လိုက်လေသည်...။
"ငါလည်း အိမ်မှာ အလကားနေရင်း ပျင်းနေတာနဲ့ တစ်ခုခု လုပ်ကြည့်မလို့ စမ်းလုပ်ကြည့်လိုက် တာပါ..."
ဟျောင်ရှင်းရှင်းသည် အခန်းထဲတွင် ဖြန့်ခင်းထားသော အထည်များနှင့် အပ်များကို ကြည့်လိုက်ပြီး နောက် မကြာသေးမီက အလွန်တရာ အလုပ်ကြိုးစားကာ ငွေရှာနေခဲ့သော ထျန်ရှောင်ယာအား ကြည့်လိုက်လေသည်။
သူမ၏ မျက်လုံးများထဲတွင် အားကျမှု အရိပ်အယောင်တစ်ခု ရောယှက်လျက် ပြုံးကာ ပြောလိုက် လေသည်...။
"ရှောင်ယာ... နင်က တကယ်ကို တော်တာပဲ... ငါ ကူလုပ်ပေးစရာ တစ်ခုခုများ ရှိမလားလို့ တွေးနေ တာ... မိသားစုကို ထောက်ပံ့ဖို့ ငါလည်း အပိုဝင်ငွေလေး ရှာချင်လို့ပါ..."
သူမက ခဏရပ်လိုက်ပြီးနောက် တိုးညှင်းစွာ ဆက်ပြောလိုက်လေသည်...။
"ကျန့်ကော်က ကျောင်းတက်ဖို့ ထောက်ပံ့ကြေး ရတယ်ဆိုပေမယ့် သူ့ရွာကလည်း သူ့ဆီကို တစ်ခါတ လေ ပစ္စည်းတွေ ပို့ပေးလေ့ရှိတယ်လေ..."
"ဒါပေမဲ့... ကျန့်ကော်မှာ ရွာမှာ ညီမလေးတွေ ရှိသေးတယ်လေ... သူတို့လည်း အရွယ်ရောက်လာကြ ပြီဆိုတော့... သူတို့က ငွေလိုနေတဲ့ အချိန်ဖြစ်နေပြီး သူ့မိသားစုကလည်း..."
ထျန်ရှောင်ယာက ချက်ချင်းပင် နားလည်သွားကာ သူမ၏ လက်ကို ကိုင်လျက် ပြုံးကာ ပြောလိုက် လေသည်...။
"ငါ နင့်အကြောင်း တွေးနေတာ ကြာလှပြီ..."
"နင့်လက်ရာက သိပ်ကောင်းတာပဲ... ပြီးခဲ့တဲ့တစ်ခေါက် ကျောက်ခဲလေး တစ်လပြည့်တုန်းက နင်လုပ် ပေးတဲ့ ကျားခေါင်းပုံ ဦးထုပ်လေးဆိုရင် ပန်းထိုးထားတာ သိပ်လှတာပဲ... တခြားဘယ်သူမှ ယှဉ်လို့မရ ဘူး..."
ထိုသို့ ပြောနေရင်းဖြင့် သူမသည် ဟျောင်ရှင်းရှင်း၏ အနည်းငယ် စူထွက်နေသော ဗိုက်ကလေးကို လှမ်းကြည့်လိုက်ကာ သူမ ပင်ပန်းသွားမည်ကို စိုးရိမ်နေခဲ့လေ၏။
သေချာစွာ တွေးတောပြီးနောက် ထျန်ရှောင်ယာက ပြောလိုက်လေသည်...
"နင်က အခု ကိုယ်ဝန်နဲ့ဆိုတော့ အားစိုက်ရမယ့် အလုပ်တွေကိုတော့ သေချာပေါက် လုပ်လို့မရဘူး လေ..."
"ငါ့ဆီမှာ ပန်းပွင့်လေးတွေ၊ မြက်ခင်းလေးတွေ ပန်းထိုးဖို့ လိုတဲ့ အဝတ်အစားတချို့ တော့ရှိတယ်... အဲ့ဒါ က မျက်စိလည်း သိပ်အာရုံစိုက်စရာ မလိုသလို အချိန်အကြာကြီးလည်း ထိုင်နေစရာ မလိုဘူးလေ..."
"တကယ်လို့ နင် လုပ်ချင်တယ်ဆိုရင် ဒါတွေကို အိမ်ယူသွားပြီး နင့်ဘာသာ ဖြည်းဖြည်းချင်း လုပ်လေ... နင့်အတွက်လည်း လုပ်အားခကို တူတူပဲ ပေးမှာပါ..."
ထိုစကားကို ကြားသောအခါ ဟျောင်ရှင်းရှင်း၏ မျက်လုံးများမှာ ချက်ချင်းပင် လင်းလက်သွားခဲ့ လေတော့သည်...။
"တကယ်လား... အဲ့ဒါဆို သိပ်ကောင်းတာပေါ့... ကျေးဇူးပါပဲ ရှောင်ယာရယ်... စိတ်မပူပါနဲ့ ငါ အကောင်း ဆုံး လုပ်ပေးပါ့မယ်..."
ထိုသို့ ပြောဆိုနေစဉ် ထျန်ရှောင်ယာသည် ရိုးရှင်းသော ပန်းထိုးရန် လိုအပ်သည့် အဝတ်အစား အချို့ကို ထုတ်ယူကာ လိုအပ်ချက်များကို ဟျောင်ရှင်းရှင်းအား သေချာစွာ ရှင်းပြလိုက်လေသည်...။
"ရှင်းရှင်း... ဒီအပေါ်ထပ် အင်္ကျီလေးကတော့ အိတ်ကပ်နေရာမှာပဲ ပန်းပွင့်လေး နှစ်ပွင့်လောက် ထိုးပေး လိုက်..."
"ဒီဂျင်းဘောင်းဘီလေးတွေ ကတော့ အောက်နားစွန်း တစ်ဝိုက်မှာ ဇာပန်းနားလေး နည်းနည်း ထိုးပေးဖို့ လိုတယ်..."
၎င်းတို့ တစ်စုသည် အတူတကွ ထိုင်ကာ နေ့စဉ်ဘဝ အကြောင်းအရာများကို စကားစမြည် ပြောဆိုရင်း အချုပ်အလုပ်များကို လုပ်ကိုင်နေကြလေသည်။ အခန်းတွင်း၌ အပ်နှင့် ချည်ကြိုးများဖြင့် အလုပ်များ နေလျက်ရှိကြပြီး ရယ်မောသံများနှင့် အတင်းအဖျင်း ပြောဆိုသံများမှာလည်း မရပ်မနား ထွက်ပေါ်နေခဲ့ ပေတော့သည်။
ဟျောင်ရှင်းရှင်းက ဧည့်ခန်းမ နံရံတွင် ချိတ်ဆွဲထားသော နာရီကို မော့ကြည့်လိုက်ရာ ယခုအချိန်ဆိုလျှင် သူမ၏ ခင်ပွန်းဖြစ်သူ ကျောင်းမှ ပြန်ရောက်နေလောက်ပြီဖြစ်ပြီး အမြန်ပြန်မသွားပါက ညစာ စားချိန် လွတ်သွားမည်ဖြစ်ကြောင်း ချက်ချင်း သိလိုက်လေသည်။
သူမသည် လက်ထဲမှ အလုပ်ကို အလျင်အမြန် ချထားလိုက်ပြီး ထျန်ရှောင်ယာအား ပြုံးလျက် ပြော လိုက်လေသည်...။
"ရှောင်ယာ... အချိန်လင့်နေပြီ... ငါ သွားရတော့မယ်... ပြန်ပြီး ထမင်းချက်ရဦးမယ်လေ..."
ထျန်ရှောင်ယာက မော့ကြည့်ကာ ပြုံးလျက် ပြောလိုက်လေသည်...။
"ကောင်းပါပြီ... အဲ့ဒါဆို ပြန်တဲ့အခါ လမ်းကို ဂရုစိုက်သွားဦးနော်..."
ထိုစကားကို ကြားသောအခါ ဝမ်တာ့ကျွမ်း၏ ဇနီးကလည်း သူမ၏ အလုပ်ကို ချထားလိုက်ပြီး ပြုံးကာ လက်ပြလျက် ပြောလိုက်လေသည်...။
"ညီမရှောင်ယာ... ငါလည်း ပြန်ပြီး ထမင်းချက်တော့မယ်... မနက်ဖြန်မှ ထပ်လာခဲ့မယ်နော်..."
၎င်းတို့နှစ်ဦး ထွက်သွားသည်နှင့် တစ်ပြိုင်နက် ထျန်ရှောင်ယာသည် စားပွဲပေါ်ရှိ အဝတ်အစားများကို တစ်ထည်ချင်းစီ ခေါက်ကာ သိမ်းဆည်းလိုက်ပြီးနောက် ညစာ ပြင်ဆင်ရန် မီးဖိုချောင်ထဲသို့ လှည့်ဝင် သွားခဲ့လေတော့သည်။
အခြားတစ်ဖက်တွင်လည်း ကျိုးချန်ယဲ့သည် အိမ်အပြန်လမ်း၌ ရှိနေခဲ့လေသည်။
သူသည် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ မည်သူမျှ မရှိသည်ကို မြင်သောအခါ သူ၏ စနစ်နေရာ လွတ်ထဲမှ ဆီစိမ်စက္ကူဖြင့် ထုပ်ထားသော ဘဲကင်တစ်ကောင်ကို တိတ်တဆိတ် ထုတ်ယူလိုက်ပြီး လက်ထဲတွင် ဂရုတစိုက် ကိုင်ဆောင်ကာ အိမ်သို့ အလျင်အမြန် လျှောက်သွားခဲ့လေသည်။
ခြံဝင်းထဲသို့ ဝင်ရောက်သည်နှင့် တစ်ပြိုင်နက် အစားအစာ၏ မွှေးရနံ့များ လွင့်ပျံလာခဲ့ပြီး ထျန်ရှောင် ယာ သည် မီးဖိုချောင်ထဲမှ ဟင်းပွဲများကို သယ်ဆောင်လာသည်ကို မြင်လိုက်ရပေသည်။
ကျိုးချန်ယဲ့သည် သူမ၏အနီးသို့ သွက်လက်စွာ လျှောက်သွားကာ လက်တစ်ဖက်ဖြင့် သူမ၏ လက်ထဲမှ ဟင်းပွဲများကို လှမ်းယူလိုက်ပြီး ဘဲကင်ကို အဖိုးတန် ရတနာတစ်ပါးကဲ့သို့ သူမအား ပြသလျက် ပြော လိုက်လေသည်...။
"မိန်းမ... ကြည့်ပါဦး..."
ထျန်ရှောင်ယာသည် ဆီရွှဲနေသော ဘဲကင်ကို မြင်လိုက်ရသောအခါ သူမ၏ မျက်လုံးများမှာ အစပိုင်း တွင် လင်းလက်သွားခဲ့သော်လည်း ထို့နောက်တွင် သူ့အား မျက်စောင်းတစ်ချက် ညင်သာစွာ ထိုးလိုက် လေသည်။
သူမက တိုးညှင်းသော လေသံဖြင့် ပြောလိုက်လေသည်...။
"ရှင် ငွေတွေ ထပ်ဖြုန်းပြန်ပြီ... ချွမ်ကျွီးတက် ရဲ့ ဘဲကင်က အရမ်း ဈေးကြီးတာကို... ဘဲတစ်ကောင်ကို ယွမ်ရှစ်ကျပ် ထက်တောင် ပိုသေးတယ်..."
ထိုသို့ ပြောနေသော်လည်း ဇနီးဖြစ်သူမှာ အနည်းငယ် ပြုံးမိလျက်သား ဖြစ်သွားခဲ့ပြီး သူမ၏ မျက်လုံး များမှာ ဝမ်းသာပျော်ရွှင်မှုတို့ဖြင့် ပြည့်နှက်နေခဲ့ပေတော့သည်။
ကျိုးချန်ယဲ့က ပြုံးကာ ဘဲကင်ကို သူမ၏ လက်ထဲသို့ ထည့်ပေးလိုက်လေသည်...။
"ဘယ်လောက်ပဲ ဈေးကြီးကြီး မင်းလောက်တော့ အရေးမကြီးပါဘူး... မင်း ဒါကို ကြိုက်မှန်း ငါသိပါ တယ်... ဒါပေမဲ့ ပုံမှန်ဆိုရင် အပြင်ထွက်စားဖို့ မင်း နှမြောနေမှာဆိုတော့ မင်းအတွက် ငါ ဝယ်လာခဲ့ တာ..."
"ကြိုက်သလောက်သာ စားပါ... ငါတို့ဆီက ငွေတွေက မင်းနဲ့ သားကို ထောက်ပံ့ဖို့ လုံလောက်တာ ထက်တောင် ပိုနေပါသေးတယ်..."
ထျန်ရှောင်ယာက မည်သည့်စကားမျှ ထပ်မပြောတော့ဘဲ သူ့အား ညင်သာသော မျက်စောင်းတစ်ချက် သာ ထိုးလိုက်လေသည်...။
"ရှင်ကတော့ အမြဲတမ်း အကြောင်းပြချက်တွေ များနေတာပဲ..."
၎င်းတို့နှစ်ဦးသည် စားပွဲတွင် ထိုင်ကာ စားသောက်ကြလေ၏။ စားပွဲပေါ်တွင် အငွေ့တထောင်းထောင်း ထနေသော ဟင်းပွဲများကို ခင်းကျင်းထားပြီး ခုတ်ထစ်ကာ တည်ခင်းထားသော ဘဲကင်မှာလည်း အလွန် တရာ မွှေးပျံ့နေခဲ့ပေတော့သည်။
ကျိုးချန်ယဲ့သည် အသားပြည့်နေသော ဘဲကင်တစ်တုံးကို အရင် ကောက်ယူကာ ထျန်ရှောင်ယာ၏ ပန်းကန်ထဲသို့ ထည့်ပေးလိုက်ပြီး အပြုံးဖြင့် မေးလိုက်လေသည်...။
"ဒီနေ့လည်း တတိယအစ်ကို ညစာစားဖို့ အိမ်မပြန်လာပြန်ဘူးလား... ဒီလောက်ကြီးတော့ မလုပ်သင့် ပါဘူး..."
ထျန်ရှောင်ယာက အစာကို ကိုင်ထားဆဲဖြစ်သော လက်ကို ခဏရပ်လိုက်ပြီး သက်ပြင်းချလိုက်လေ သည်...။
"ဟုတ်တယ်... သူ နေ့တိုင်း အရမ်းနောက်ကျမှ ပြန်လာတာ..."
"မနက်ပိုင်း အကုန်ရောင်းပြီးသွားရင် နေ့လယ်စာ အမြန်စားဖို့ အိမ်ပြန်လာတယ်... ပြီးတာနဲ့ သူက ကျွန်မ ချုပ်ထားတဲ့ အဝတ်အစားသစ်တွေကို ယူပြီး ဈေးဆိုင်ထပ်ခင်းဖို့ ပြန်ထွက်သွားတာပဲ... မမှောင် မချင်း အိမ်ကို ပြန်မလာဘူးလေ..."
"တစ်ခါတလေ အရမ်း အလုပ်များနေရင် နေ့လယ်စာ စားဖို့တောင် အိမ်ပြန်မလာဘူး... သူ့ရဲ့ ဒုတိယ အစ်ကိုကပဲ အချိန်နည်းနည်းပေးပြီး အဝတ်အစားတွေ လာယူသွားတာ..."
ကျိုးချန်ယဲ့က သဘောတူစွာဖြင့် ခေါင်းညိတ်လိုက်လေသည်...။
"ငါ နားလည်ပါတယ်... တတိယအစ်ကိုက ခွန်အားတွေ အများကြီးကို လျို့ဝှက်သိမ်းထားတာလေ..."