အခန်း ၉၈
Vol. 10 Ch. 98
အခန်း (၉၈) အရူးများတွင် အရူးကံ ရှိလေသည်
မနက်စောစောတွင် ကျိုးချန်ယဲ့သည် မီးဖိုချောင်၌ အလုပ်များနေပြီ ဖြစ်လေ၏။
ဝက်ခေါင်းတစ်လုံးလုံး၊ ပြည့်ဖြိုးသော ဝက်ခြေထောက် လေးချောင်းနှင့် ဝက်နှလုံး၊ အသည်းနှင့် အူမ ကြီး အစရှိသော ကလီစာများကို မီးဖိုပေါ်တွင် သပ်ရပ်စွာ စီစဉ်ထားလေသည်။
ထျန်ရှောင်ယာသည် ကျောက်ခဲလေးကို ပွေ့ချီကာ လျှောက်လာပြီး တံခါးဘောင်ကို မှီလျက် ရယ်မော ကာ ပြောလိုက်လေသည်...။
"အာယဲ့... မနက်အစောကြီး အလုပ်တွေ များနေပါလား... ဒီအသားတွေ အားလုံးကို ဘာလုပ်မလို့လဲ..."
မနေ့ညက ထိုဝက်ခေါင်းကို မြင်လိုက်ရသောအခါ သူမသည် မျက်စိများပင် မှားသွားပြီဟု ထင်မှတ်ကာ အလွန်အမင်း လန့်သွားခဲ့ခြင်းဖြစ်လေသည်။
ယခု ကြည့်လိုက်သောအခါတွင်မူ အရသာရှိသော အစားအစာအတွက် မျှော်လင့်ချက်သာ ကျန်ရှိတော့ ပေသည်။
ကျိုးချန်ယဲ့က မော့ပင်မကြည့်ဘဲ အူမကြီးများကို လက်ဖြင့် ဆေးကြောရင်း ပေါ့ပေါ့ပါးပါး လေသံဖြင့် ပြောလိုက်သည်...။
"ဒါတွေကို အရင် သန့်ရှင်းရေး လုပ်ရမယ်... ပြီးရင် အသားပေါင်း ဟင်းခတ်အမွှေးအကြိုင်တွေ ပြင်ဆင် ပြီး ဖြည်းဖြည်းချင်း ပေါင်းရမှာပေါ့..."
"ခဏနေရင် အနံ့လေး ရှူကြည့်လိုက်... အချိန်တိုအတွင်းမှာပဲ ခြံဝင်းတစ်ခုလုံး အနံ့တွေ သင်းပျံ့သွား စေရမယ်လို့ အာမခံတယ်..."
ထိုသို့ ပြောပြီးနောက် သူက ဆက်ပြောလိုက်လေသည်...။
"အခု မင်းရဲ့ စီးပွားရေးနဲ့ တတိယအစ်ကိုရဲ့ စီးပွားရေးက တည်ငြိမ်သွားပြီဆိုတော့ အောင်ပွဲခံတဲ့အနေနဲ့ အရသာရှိတာလေး စားကြတာပေါ့... ပြီးတော့ ငါတို့ရဲ့ လုပ်ငန်းတွေထဲမှာ နောက်ထပ် စီးပွားရေးတစ်ခု ထပ်တိုးဖို့လည်း စဉ်းစားထားတယ်..."
တတိယအစ်ကိုသည် လက်ဆေးပြီး အထဲသို့ ဝင်လာစဉ် ထိုစကားကို ကြားလိုက်ရလေရာ ချက်ချင်းပင် အနီးသို့ လျှောက်လာကာ မေးလိုက်လေသည်...။
"ချန်ယဲ့... အခု ဘယ်လို စီးပွားရေးမျိုး လုပ်ဖို့ စီစဉ်နေတာလဲ..."
ကျိုးချန်ယဲ့က မီးဖိုပေါ်ရှိ ပစ္စည်းများကို လက်ညှိုးထိုးပြလိုက်လေသည်...။
"အရင်က ဟင်းချက်စာအုပ် တစ်အုပ်ထဲမှာ အသားပေါင်း ချက်နည်းကို တွေ့ဖူးတယ်... ပြီးတော့ ဟင်း ခတ်အမွှေးအကြိုင်တွေ ဘယ်လိုလုပ်ရမလဲ ဆိုတာကိုလည်း မှတ်မိတယ်..."
"ဒီနေ့ စမ်းကြည့်ကြတာပေါ့... အခုခေတ် လမ်းမတွေပေါ်မှာ ချက်ပြုတ်ပြီးသား အစားအစာ ရောင်းတဲ့ သူ သိပ်မရှိဘူး... ဒါပေမဲ့ ငါတို့ရဲ့ ကျွမ်းကျင်မှုနဲ့သာ လုပ်မယ်ဆိုရင် သေချာပေါက် ရောင်းကောင်းမှာ ပဲ..."
"ပထမအချက်အနေနဲ့ ဝင်ငွေပိုရစေမယ်... ဒုတိယအချက်ကတော့... နောက်ကျရင် မိသားစုတွေ အသား စားဖို့ ပိုအဆင်ပြေသွားတာပေါ့..."
ထျန်ရှောင်ယာ၏ မျက်လုံးများမှာ လင်းလက်သွားခဲ့လေသည်...။
"အသားပေါင်း ဟုတ်လား... ရှင် အဲ့ဒါကိုလည်း လုပ်တတ်တာလား..."
"ဒါပေါ့..."
ကျိုးချန်ယဲ့က ဟင်းခတ်အမွှေးအကြိုင် ထုပ်ကို ကောက်ယူကာ လှုပ်ပြလိုက်လေသည်...။
"ပါဝင်ပစ္စည်းတွေ အားလုံးကို ပြင်ဆင်ပြီးပြီ... အားလုံး မြည်းကြည့်လို့ရအောင် ယနေ့ အရင်ဆုံး တစ်အိုး ပေါင်းကြည့်လိုက်မယ်..."
ဒုတိယမရီး ကျောက်ရှောက်ထင်က သဘောတူစွာဖြင့် ခေါင်းညိတ်လိုက်လေသည်...။
"အဲ့ဒါ အကြံကောင်းပဲ... ဒီအသားပေါင်းက အရက်နဲ့ တွဲသောက်ဖို့ အကွက်တိပဲလေ... အရသာသာ ကောင်းနေရင် သေချာပေါက် ရောင်းကောင်းမှာပဲ..."
ဒုတိယအစ်ကို ထျန်ချင်းလင်းက သဘောတူစွာဖြင့် ပေါင်ကို ရိုက်လိုက်လေသည်...။
"ကောင်းတာပေါ့... မုန့်ဆိုင် နားမှာက လူသွားလူလာ များတယ်... အဲ့ဒါ နည်းနည်းလောက် ကူရောင်း ပေးမယ်... အချိန်တိုအတွင်းမှာ သေချာပေါက် ရောင်းကုန်သွားမှာပဲ..."
ကျိုးချန်ယဲ့က ပြုံးလိုက်ပြီး သူ၏ အင်္ကျီလက်ကို ခေါက်တင်ကာ အိုးထဲသို့ ရေနှင့် ပါဝင်ပစ္စည်းများကို စတင် ထည့်လိုက်လေသည်...။
"ဒါဆိုလည်း သဘောတူပြီနော်... အားလုံး မြည်းကြည့်လို့ရအောင်နဲ့ ဈေးကွက် အခြေအနေကို စမ်းသပ် လို့ရအောင် ဒီနေ့ တစ်အိုး ပေါင်းကြတာပေါ့..."
ထျန်ရှောင်ယာသည် သူ အလုပ်များနေသည်ကို ကြည့်ရင်း အနည်းငယ် ပြုံးမိလျက်သား ဖြစ်သွားခဲ့လေ သည်။
ရုတ်တရက် သူမသည် ကျောက်ခဲလေးကို ဒုတိယအစ်ကို၏ လက်မောင်းထဲသို့ ထိုးထည့်လိုက်ပြီး ခြေ လှမ်းကျဲကြီးများဖြင့် လျှောက်သွားကာ ပြောလိုက်လေသည်...။
"အာယဲ့... ကျွန်မ ကူလုပ်ပေးမယ်လေ..."
ရုတ်တရက် ကလေးငယ်လေး တစ်ယောက် သူ၏ လက်မောင်းထဲသို့ ရောက်လာသဖြင့် ဒုတိယ အစ်ကိုမှာ ငုံ့ကြည့်လိုက်သောအခါ ကျောက်ခဲလေးကို မြင်လိုက်ရလေသည်။ ဦးလေးနှင့် တူတော် မောင်တို့ နှစ်ဦး မျက်လုံးချင်း ဆုံသွားကြပြီး လေထုမှာ တစ်ခဏမျှ ရပ်တန့်သွားသကဲ့သို့ ရှိနေခဲ့ ပေသည်။
မကြာမီမှာပင် အိုးထဲရှိ အသားပေါင်း အရည်များမှာ ပွက်ပွက်ဆူလာပြီး အသားပေါင်း အရည်၏ မွှေးပျံ့ သော ရနံ့က နှာခေါင်းထဲသို့ လွင့်ပျံလာကာ လူများကို တံတွေးမြိုချချင်စိတ် ဖြစ်လာစေခဲ့လေသည်။
ထျန်ရှောင်ယာသည် မီးဖိုဘေးတွင် ရပ်နေကာ အိုးအဖုံးကို မကြာခဏ မ၍ အထဲသို့ ချောင်းကြည့်နေခဲ့ လေ၏။ ဝက်ခေါင်းနှင့် ဝက်ခြေထောက်များမှာ အသားပေါင်း အရည်ထဲတွင် စိမ်ထားခြင်းကြောင့် နီရဲ ကာ တောက်ပနေပြီး အလွန်တရာ ဆွဲဆောင်မှု ရှိနေခဲ့ပေတော့သည်။
"အနံ့က သိပ်မွှေးတာပဲ... ဒီအရသာက လမ်းမပေါ်က အစိုးရပိုင် စားသောက်ဆိုင်တွေထက်တောင် ပိုပြီး မွှေးနေသေးတယ်..."
သူမသည် အိုးအနီးသို့ ကပ်ကာ အခါခါ နမ်းရှူရင်း အံ့ဩတကြီး ပြောလိုက်လေသည်။
ကျိုးချန်ယဲ့က ပြုံးကာ မီးဖိုထဲသို့ ထင်းတစ်ချောင်း ထပ်ထည့်လိုက်လေသည်...။
"မလောပါနဲ့... နည်းနည်းလောက် ထပ်တည်ထားရင် ပိုပြီး အရသာရှိလာမှာ..."
တတိယအစ်ကိုသည် ခြံဝင်းထဲတွင် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေပြီး လေထဲရှိ အသားရနံ့က သူ့အား ပြုစားထားသကဲ့သို့ပင် ဖြစ်နေခဲ့လေသည်။
"ချန်ယဲ့... မင်း စားဖိုမှူး မဖြစ်တာ တကယ် နှမြောစရာပဲ... အနံ့က တကယ်ကို မိုက်တာပဲ..."
နောက်ထပ် တစ်နာရီခန့် တည်ပြီးသောအခါ ကျိုးချန်ယဲ့သည် နောက်ဆုံးတွင် မီးကိုပိတ်လိုက်ပြီး အသားများကို ထုတ်ယူရန် ပြင်ဆင်လိုက်လေတော့သည်။
အိုးအဖုံးကို မလိုက်သည်နှင့် တစ်ပြိုင်နက် မွှေးပျံ့သော ရနံ့က ပေါက်ကွဲထွက်လာပြီး ဟင်းခတ် အမွှေးအကြိုင်များနှင့် အသား၏ ရနံ့တို့က ခြံဝင်းတစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့ပေသည်။
လူတစ်စုမှာ အလွန်တရာ ဆာလောင်နေကြသဖြင့် မီးဖိုဘေးတွင် ဝိုင်းအုံကာ လိုချင်တပ်မက်စွာဖြင့် ကြည့်နေခဲ့ကြလေသည်။
ဆန်းဝါမှာ သွားရည်များပင် ကျလာခဲ့လေ၏။ သူသည် ကျောင်းစတက်ကတည်းက သူ့ကိုယ်သူ လူကြီး ပေါက်စလေး တစ်ယောက်ကဲ့သို့ အမြဲတမ်း ခံစားနေခဲ့ရလေသည်။ သူ သွားရည်ကျနေကြောင်းကို သတိပြုမိသွားသောအခါ ရှက်ရွံ့မှုကြောင့် သူ၏ မျက်နှာမှာ ချက်ချင်းပင် နီရဲသွားခဲ့ပေသည်။
သူသည် မည်သူမျှ မကြည့်နေစဉ် အင်္ကျီလက်ဖြင့် ပါးစပ်ကို အလျင်အမြန် သုတ်လိုက်ပြီး ဘာမျှ မဖြစ် ခဲ့သကဲ့သို့ လေးနက်သော အမူအရာဖြင့် ဟန်ဆောင်ကာ ရပ်နေခဲ့လေသည်။
သို့ရာတွင် ထိုမျက်လုံးများမှာမူ အလွန်တရာ ရိုးသားနေခဲ့ပြီး အိုးထဲရှိ ပွက်ပွက်ဆူနေသော အသား ပေါင်းများကိုသာ စိုက်ကြည့်နေကာ ရတနာတစ်ခုကို ရှာတွေ့သွားသကဲ့သို့ တောက်ပနေပြီး တစ်ခဏ မျှပင် အကြည့်မလွှဲနိုင်အောင် ဖြစ်နေခဲ့ပေသည်။
ဘေးမှ ကြည့်နေသော ထျန်ရှောင်ယာမှာ အသံထွက်၍ပင် မရယ်ဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့ လေသည်...။
"ကလေးလေး... စားချင်တယ်ဆိုရင်လည်း စားချင်တယ်လို့သာ ပြောပါ... ဟန်ဆောင်မနေပါနဲ့..."
————————————
ဝက်ခေါင်းသားမှာ နူးညံ့ကာ ကြည်လင်နေပြီး ဝက်ခြေထောက်များမှာ ဝါးလို့ကောင်းပြီး အိစက်နေကာ ဝက်နှလုံးနှင့် အသည်းများမှာ မာပြီး အရသာရှိလှပေသည်။ အူမကြီးကိုလည်း ညှီနံ့လုံးဝမရှိအောင် သေချာစွာ ဆေးကြောထားလေ၏။ အားလုံးမှာ တောက်ပနေပြီး ဇလုံကြီးတစ်ခုထဲတွင် သပ်ရပ်စွာ စီစဉ်ထားခဲ့လေသည်။
ထျန်ရှောင်ယာသည် အရင်ဆုံး ဝက်အသည်း သေးသေးတစ်တုံးကို တူဖြင့် ယူကာ မြည်းကြည့်လိုက် လေသည်။ သူမ၏ မျက်လုံးများမှာ ချက်ချင်းပင် လင်းလက်သွားခဲ့လေတော့သည်...
"အရသာရှိလိုက်တာ... မွှေးပြီး နူးညံ့နေတာပဲ... အရသာလည်း အရမ်းရှိတာပဲ..."
ဒုတိယအစ်ကို ထျန်ချင်းလင်းသည် ဝက်ခြေထောက် အတုံးကြီး တစ်တုံးကို အငမ်းမရ ကောက်ယူ လိုက်ပြီး ပါးစပ်အပြည့် ဆီများဖြင့် ကိုက်စားကာ မပီမသ အသံဖြင့် အာမေဍိတ်သံ ပြုလိုက်လေ သည်...။
"မိုက်တယ်... အရမ်း အရသာရှိတာပဲ... မနက်ဖြန် ငါ ကူရောင်းပေးမယ်... သေချာပေါက် ရောင်းကောင်း မှာပဲ..."
တတိယအစ်ကိုက အစားစားရင်း သဘောတူစွာဖြင့် ခေါင်းကို ဆက်တိုက် ညိတ်လိုက်လေသည်...။
"ဒီအရသာပဲ... သေချာပေါက် အောင်မြင်မှာပဲ..."
အားလုံး အရသာရှိရှိ စားသောက်နေကြသည်ကို မြင်သောအခါ ကျိုးချန်ယဲ့မှာ ပို၍ ယုံကြည်ချက် ရှိလာ ခဲ့လေတော့သည်...။
"ဝက်သားတင် မကဘူး... ဘဲလည်ပင်းပေါင်း၊ ကြက်ခြေထောက်ပေါင်း၊ ကြက်တောင်ပံပေါင်း... နဲ့ ဟင်းသီးဟင်းရွက်တွေပါ ရတယ်... အရသာက တကယ်ကို မိုက်တာ..."
သူက ခဏရပ်လိုက်ပြီးနောက် ဆက်ပြောလိုက်လေသည်...။
"အသားပေါင်းက အစားအစာတစ်ခု ဖြစ်တဲ့အတွက် မုန့်တွေနဲ့ တွဲရောင်းမယ်ဆို ကွက်တိပဲ..."
"မနက်ဖြန် ဒုတိယအစ်ကို ကျွန်တော်နဲ့ လိုက်ခဲ့လေ... ဈေးကွက်ကို စမ်းသပ်ဖို့အတွက် အရင်ဆုံး တစ်အိုး ပေါင်းကြတာပေါ့..."
ဒုတိယအစ်ကို ထျန်ချင်းလင်းက သူ၏ ရင်ဘတ်ကို ပုတ်ကာ ပြောလိုက်လေသည်...။
"ရောင်းတဲ့ကိစ္စကိုသာ ငါ့တာဝန်ထားလိုက်... နည်းနည်းလေးတောင် မကျန်ရအောင် အကုန်ရောင်းကုန် စေရမယ်လို့ အာမခံတယ်..."
ထိုသို့ ပြောပြီးနောက် သူသည် အသားစားနေသော လူတန်းထဲသို့ ဝင်ရောက်သွားကာ အရသာခံလျက် စားသောက်နေခဲ့လေတော့သည်။
ကျိုးချန်ယဲ့၏ စကားကို ကြားသောအခါ ဒုတိယမရီး ကျောက်ရှောက်ထင်သည် အသားကောက်ယူနေ ခြင်းကို ရုတ်တရက် ရပ်တန့်လိုက်ပြီး သူမ၏ မျက်လုံးများထဲတွင် မယုံကြည်နိုင်မှုများဖြင့် မော့ကြည့် လိုက်လေသည်...။
"ဒါက မတ်လေး... ဒါက..."
ကျိုးချန်ယဲ့က ပြုံးကာ ခေါင်းညိတ်ပြလိုက်ပြီးနောက် အရသာခံ စားသောက်နေဆဲဖြစ်သော ဒုတိယ အစ်ကိုအား ကြည့်ကာ အပြုံးဖြင့် ပြောလိုက်သည်...။
"ဟုတ်ပါတယ်... ဒုတိယမရီး ဆိုလိုတဲ့အတိုင်းပါပဲ..."
ထိုစကားကို ကြားသောအခါ တတိယအစ်ကိုသည် ကျိုးချန်ယဲ့အား အံ့အားသင့်စွာ ကြည့်လိုက်ပြီး နောက် သူ၏ ဒုတိယအစ်ကိုကို ကြည့်ကာ စိတ်ထဲတွင် တွေးလိုက်လေသည်။
*အမေ ပြောတာ တကယ် မှန်တာပဲ... ဒုတိယအစ်ကိုက ကံကောင်းတဲ့ အရူးတစ်ယောက်ပဲ...*
ဉာဏ်မပြေးသော ဒုတိယအစ်ကိုပင်လျှင် တစ်စုံတစ်ခု မှားယွင်းနေကြောင်းကို ခံစားလိုက်ရပေသည်။
သူသည် ဇနီးဖြစ်သူ၏ အင်္ကျီလက်ကို အလျင်အမြန် ဆွဲလိုက်ပြီး အနီးသို့ ကပ်ကာတိုးညှင်းစွာ မေး လိုက်လေသည်...။
"မိန်းမ... ဘာဖြစ်လို့လဲ... ဘာလို့ အားလုံး ငါ့ကို အဲ့လို ကြည့်နေကြတာလဲ..."
ဒုတိယမရီးက သူ့အား တစ်စုံတစ်ခု တီးတိုးပြောပြပြီးနောက် ဒုတိယအစ်ကိုမှာ ထိတ်လန့်သွားကာ အလျင်အမြန် လက်ခါပြလိုက်လေသည်...။
"မဟုတ်ဘူး... မလုပ်ပါနဲ့... ဒီကိစ္စကို လက်မခံနိုင်ပါဘူး..."
"ငါက အလုပ်ကူလုပ်ပေးပြီး ခွန်အား နည်းနည်း စိုက်ထုတ်ရုံတင်ပါ... ဒီလောက်ကြီးတဲ့ အခွင့်အရေးကို ငါ ဘယ်လိုလုပ် ယူနိုင်မှာလဲ..."
"ငါ ပါဝင်ပစ္စည်းတွေကို လုံးဝ မကိုင်ဘူးလေ... ဒီအတိုင်း ကူလုပ်ပေးရုံတင်ပါ..."
"ဒုတိယအစ်ကို... မလောပါနဲ့... ကျွန်တော် ပြောတာ ဆုံးအောင် အရင် နားထောင်ပါဦး..."
ကျိုးချန်ယဲ့သည် ဒုတိယအစ်ကိုအား အရင်ဆုံး နှစ်သိမ့်လိုက်ပြီးနောက် သူ့အားအသေးစိတ် ရှင်းပြ လိုက်လေသည်...။
"ရှောင်ယာက အခုချိန်မှာ အဝတ်အစား ချုပ်တဲ့နေရာမှာပဲ သူမရဲ့ အာရုံစိုက်မှု အားလုံးကို ပေးထားရလို့ လုံလောက်အောင် အလုပ်များနေပြီလေ..."
"တတိယအစ်ကိုကလည်း အဝတ်အစား ရောင်းတဲ့ကိစ္စကို တာဝန်ယူထားတယ်... အမျိုးသားနဲ့ အမျိုး သမီး တန်းတူအခွင့်အရေး ရှိတယ်၊ အမျိုးသမီးတွေက ကောင်းကင်တစ်ဝက်ကို မ တင်ထားနိုင်တယ် လို့ ဆိုကြပေမယ့် အခုလက်ရှိ လူမှုရေး အခြေအနေက ရှေးရိုးစွဲ ဖြစ်နေတုန်းပဲ..."
"ကျွန်တော်တို့က အမျိုးသမီးနဲ့ ကလေးဝတ် အဝတ်အစားတွေကို အဓိက ရောင်းတာဆိုတော့ အရွယ် ရောက်ပြီးသား အမျိုးသား တစ်ယောက်ဖြစ်တဲ့ တတိယအစ်ကို အနေနဲ့ ဝတ်ဆင်ပြဖို့က သိပ်အဆင်မ ပြေဘူးလေ..."
"တတိယမရီး ရောက်လာရင်တော့ သူမက တတိယအစ်ကို အဝတ်အစား ရောင်းတဲ့နေရာမှာ ကူညီပေး ပါလိမ့်မယ်..."
"ဒါပေမဲ့ အသားပေါင်း လုပ်တဲ့ကိစ္စမှာကျတော့ ဒီလုပ်ငန်းကို ဆက်လုပ်ဖို့ ယုံကြည်စိတ်ချရတဲ့ မိသား စုဝင် တစ်ယောက် လိုအပ်တယ်လေ... ပြီးတော့ သေချာ စဉ်းစားကြည့်လိုက်တော့ အစ်ကို တစ်ယောက် တည်းကပဲ အသင့်တော်ဆုံး ဖြစ်နေတယ်..."