← Chapters

အခန်း ၁၀၀

Vol. 10 Ch. 100

အခန်း ၁၀၀

Vol. 10 Ch. 100

အခန်း (၁၀၀) အလွန်တရာ အသုံးဝင်လှပေသည်

ထျန်ရှောင်ယာသည် ချိုမြိန်မှုနှင့် အပြစ်တင်မှုတို့ ရောယှက်နေသော မျက်နှာထားဖြင့် သူ့အား မျက် စောင်းတစ်ချက် ထိုးလိုက်လေ၏။

"ကျွန်မက ငွေတွေအကုန်လုံးကို တိတ်တိတ်လေး ဖွက်ထားပြီး ရှင့်ကို မသုံးခိုင်းဘဲ နေမှာကို မကြောက် ဘူးလား..."

ကျိုးချန်ယဲ့က ပွင့်လင်းကာ ညင်သာစွာ ပြုံးလိုက်လေသည်။

"ဘာကို ကြောက်ရမှာလဲ... မင်းက ငါ့မိန်းမပဲလေ... ငွေတွေကို ငါ့အိတ်ကပ်ထဲမှာ ထားတာထက် မင်းဆီမှာ ထားရတာက ပိုပြီး စိတ်အေးရတယ်..."

ထို့အပြင် သူ၏ ကိုယ်ပိုင် စုဆောင်းငွေများမှာလည်း အစဉ်မပြတ် တိုးပွားနေခဲ့လေ၏။ ပွင့်ပွင့်လင်း လင်း ပြောရလျှင် သူသည် ဇနီးဖြစ်သူ၏ စုဆောင်းငွေများကို အမှန်တကယ်ပင် ဂရုမစိုက်ခဲ့ပေ။

သူသည် ဤကိစ္စများနှင့် ပတ်သက်၍ ထပ်ပြောရန် ရည်ရွယ်မထားခဲ့ချေ။ ဇနီးဖြစ်သူ ပျော်ရွှင်နေသရွေ့ ထိုအရာက အခြားအရာအားလုံးထက် ပို၍ အရေးကြီးလှပေသည်ပင်။

ထျန်ရှောင်ယာသည် ပြုံးကာ သူမ၏ မျက်လုံးများ မှေးကျသွားသည်အထိ ရယ်မောရင်း သူ့ကို ညင်သာစွာ တွန်းလိုက်လေ၏။

"ဟွန့်... ဘာက ကောင်းတယ်ဆိုတာကို သိတဲ့ ရှင့်ကိုက လည်တာပဲ... အဲ့ဒါဆိုရင်လည်း အခုကစပြီး လိမ္မာအောင် နေနော်... မဟုတ်ရင် ရှင့်ကို ကန်ထုတ်ပစ်မှာ..."

ကျိုးချန်ယဲ့က သနားစရာကောင်းသော အမူအရာကို ချက်ချင်း လုပ်ပြလိုက်လေသည်၊

"ငါက လိမ္မာပါတယ်... အလိမ္မာဆုံးပါ မိန်းမရယ်... မင်းရဲ့ ခင်ပွန်းကိုတော့ စွန့်ပစ်လို့ မရဘူးလေ..."

"အင်း... အဲ့ဒါက ရှင့်ရဲ့ လုပ်ရပ်အပေါ်မှာပဲ မူတည်တယ်လေ..."

သူ နောက်ပြောင်လိုက်သောကြောင့် ထျန်ရှောင်ယာ၏ ပါးပြင်များမှာ နီရဲသွားခဲ့လေ၏။

ကျိုးချန်ယဲ့၏ အပြုံးများမှာ ပို၍ နက်ရှိုင်းသွားခဲ့ပြီး သူ၏ အကြည့်များမှာ ကြင်နာမြတ်နိုးမှုနှင့် ပိုင်ဆိုင် လိုမှုတို့ ပြည့်နှက်နေကာ သူမ၏ အနီးသို့ ကပ်လျက် တိုးညှင်းပြီး ဆွဲဆောင်မှုရှိသော လေသံဖြင့် ပြော လိုက်လေသည်၊

"ကောင်းပြီလေ... မင်းရဲ့ ခင်ပွန်းက သေချာပေါက်... အကောင်းဆုံး လုပ်ပြပါ့မယ်..."

ထိုညက သူသည် အလွန်တရာ အသုံးဝင်သော အမျိုးသားတစ်ဦး ဖြစ်ကြောင်းကို ဇနီးဖြစ်သူ ရှင်းလင်း စွာ သိရှိစေရန် အလက်တွေ့အကျဆုံး နည်းလမ်းကို အသုံးပြုခဲ့လေတော့သည်။

————————————

ပီကင်း စာတိုက်…။

တတိယအစ်ကိုသည် ဇနီးနှင့် သမီးဖြစ်သူတို့ ပီကင်းသို့ လာရောက်၍ မိသားစု ပြန်လည်ဆုံစည်းနိုင်ရန် မျှော်လင့်လျက် လျောင်နင်ပြည်နယ်ရှိ ဇာတိရွာသို့ စာပြန်ရေးပြီးကတည်းက သူ စောင့်မျှော်နေသော ပြန်စာကို လွတ်သွားမည်ကို စိုးရိမ်သဖြင့် နေ့စဉ် စာတိုက်သို့ သွားရောက်နေခဲ့လေသည်။

ထုံးစံအတိုင်း သူ စာတိုက်ထဲသို့ ခြေချလိုက်သည်နှင့် တစ်ပြိုင်နက် ဝန်ထမ်းများက သူ့အားတစ်ချက် ကြည့်ရုံဖြင့် မှတ်မိသွားကာ လှမ်းအော်လိုက်ကြလေသည်၊

"ရဲဘော်ထျန်... ခင်ဗျားရဲ့ စာ ရောက်လာပြီဗျို့..."

တတိယအစ်ကို၏ မျက်လုံးများမှာ လင်းလက်သွားခဲ့ပြီး ခြေလှမ်းများကို အလျင်စလို ပြင်ကာ ပြေး သွားခဲ့လေ၏။ ဖုံးကွယ်မရနိုင်သော စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေသည့် အသံဖြင့် သူက ပြောလိုက် လေသည်။

"တကယ်လား... နောက်ဆုံးတော့ ရောက်လာပြီပဲ... ကျေးဇူးအများကြီး တင်ပါတယ် ရဲဘော်ရယ်..."

"ကြည့်ပါဦး... ခင်ဗျား နေ့တိုင်း လာစောင့်နေတာ ဘယ်လောက်တောင် စိတ်ပူနေလဲ ဆိုတာကို... ခင်ဗျား သာ မလာရင် ကျွန်တော်ပဲ ခင်ဗျားအိမ်ကို စာရေးပေးရတော့မလို့..."

ဝန်ထမ်းက သူ့အား စာအိတ်ကို ကမ်းပေးရင်း ပြုံးကာ နောက်ပြောင်လိုက်လေသည်။

တတိယအစ်ကိုသည် မွေးရပ်မြေ၏ အငွေ့အသက်များ ပါဝင်နေသော စာအိတ်ကို လှမ်းယူလိုက်ရာ သူ၏ လက်ချောင်းထိပ်လေးများမှာ အနည်းငယ် တုန်ယင်နေခဲ့ပေသည်။ သူက အထပ်ထပ် ကျေးဇူး တင်စကား ဆိုလိုက်လေသည်၊

"ရဲဘော်... ကျေးဇူးအများကြီး တင်ပါတယ်... ငါ ဒီစာကို မျှော်နေတာ ကြာလှပြီ..."

သူသည် ထပ်မံ၍ စကားပြောရန် အချိန်မရတော့ဘဲ စာတိုက်ဝန်ထမ်းများအား ကမန်းကတန်း ကျေးဇူး တင်ကာ စာတိုက်ထဲမှ ထွက်ရန် လှည့်ထွက်လာခဲ့လေတော့သည်။

စာထဲတွင် မည်သို့ ရေးသားထားသည်ကို ဖတ်ရှုရန်အတွက် တိတ်ဆိတ်သော နေရာတစ်ခုကို ရှာဖွေရန် သူ မစောင့်ဆိုင်းနိုင်အောင် ဖြစ်နေခဲ့ပေသည်။

ထိုစာကို ဇနီးဖြစ်သူ ကိုယ်တိုင် ရေးသားထားခြင်းဖြစ်ပြီး ပစ္စည်းများအားလုံး ထုပ်ပိုးပြီးစီးပြီဖြစ်ကာ ရက်အနည်းငယ်အတွင်း သမီးဖြစ်သူကို ခေါ်ဆောင်လျက် ပီကင်းသို့ လာရောက်ကာ သူနှင့် ပြန် လည်ဆုံစည်းမည်ဖြစ်ကြောင်း ရေးသားထားလေ၏။

အချိန်အတော်ကြာအောင် စိုးရိမ်ပူပန်နေခဲ့ရသော တတိယအစ်ကို၏ ရင်ထဲမှာ ချက်ချင်းပင် အေးချမ်း သွားခဲ့ပြီး သူ၏ နှုတ်ခမ်းထောင့်များမှာ အလိုအလျောက် မြင့်တက်သွားကာ မျက်လုံးများထဲတွင် ဖုံး ကွယ်မရနိုင်သော ဝမ်းသာပျော်ရွှင်မှုတို့ အပြည့်အဝ ဖုံးလွှမ်းသွားခဲ့ပေတော့သည်။

အချိန်အတော်ကြာအောင် တန်းလန်းဖြစ်နေခဲ့ရသော သူ၏ စိတ်နှလုံးမှာ နောက်ဆုံးတွင် တည်ငြိမ် သွားခဲ့ပြီး သူ မပြုံးဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့လေ၏။ လွန်ခဲ့သော ရက်ပိုင်းများအတွင်း ကြိုးစားပမ်း စား လုပ်ကိုင်ခဲ့ရမှုများ အားလုံးမှာ တန်ကြေးရှိသွားပြီဟု သူ ခံစားလိုက်ရပေသည်။

သူသည် ဤနေ့ရက်ကို စောင့်မျှော်နေခဲ့သည်မှာ ကြာမြင့်လွန်းခဲ့ပြီ ဖြစ်လေသည်။

သို့ရာတွင် သူ၏ အကြည့်များက နောက်ဆုံးစာကြောင်းရှိ စာလုံးသေးသေးလေးများဆီသို့ ရောက်သွား သောအခါ တတိယအစ်ကိုသည် ရုတ်တရက် ရပ်တန့်သွားခဲ့ပြီး အစပိုင်းတွင် အံ့ဩမှင်တက်သွားကာ ထို့နောက်တွင်မူ အံ့ဩဝမ်းသာ ဖြစ်သွားခဲ့လေတော့သည်။

*အမေနဲ့အဖေက... ဇနီးဖြစ်သူနဲ့အတူ ပီကင်းကို တကယ်ကြီး လိုက်လာကြမှာတဲ့လား။

————————————

လျောင်နင်ပြည်နယ်…။

ထျန်မိသားစု၏ အိမ်မကြီးထဲတွင် အဖေထျန်သည် မျက်မှောင်ကြုတ်ကာ တံခါးခုံပေါ်၌ ထိုင်နေပြီး သူ၏ ဆေးတံကို တင်းကျပ်စွာ ဆုပ်ကိုင်ကာ ဆက်တိုက် ဖွာရှိုက်နေခဲ့လေသည်။

သူသည် ဇနီးဖြစ်သူက အပူပေးအုတ်ကုတင်ပေါ်တွင် အလုပ်များနေကာ ပစ္စည်းများကို ထုပ်ပိုးရန် အတွက် အံဆွဲများနှင့် ဗီရိုများကို မွှေနှောက်ရှာဖွေနေသည်ကို ကြည့်နေရင်း နောက်ဆုံးတွင် မအောင့် အည်းနိုင်တော့ဘဲ စကားစလိုက်လေတော့သည်။

သူ၏ အသံတွင် အနည်းငယ် တုံ့ဆိုင်းနေမှု အရိပ်အယောင်တစ်ခု ပါဝင်နေလျက်ရှိလေသည်၊

"မိန်းမ... ငါတို့ တကယ်ကြီး တတိယချွေးမနဲ့အတူ ပီကင်းကို သွားကြမှာလား..."

"ကြက်တွေ၊ ဘဲတွေ၊ ငန်းတွေ၊ လယ်ကွင်းတွေ၊ ဟင်းသီးဟင်းရွက်ခင်းတွေနဲ့... ငါ ဒါတွေ အားလုံးကို ဘယ်လို လုပ်ခဲ့ရမှာလဲ..."

အမေထျန်သည် ခေါက်ထားသော အဝတ်အစားများကို အထည်ကြမ်း အထုပ်တစ်ခုထဲသို့ ထိုးသိပ် ထည့်ရင်း အလုပ်များနေစဉ် ထိုစကားကို ကြားလိုက်ရလေ၏။ သူမသည် မော့ပင်မကြည့်ဘဲ အလုပ်ကို ဆက်လုပ်နေရင်း ပြောလိုက်လေသည်၊

"ဘာဖြစ်လဲ... ဘယ်လို လုပ်ရမလဲ ဟုတ်လား... အိမ်မှာ သားအကြီးဆုံးနဲ့ သူ့မိန်းမ ရှိနေတယ် မဟုတ် ဘူးလား..."

သူမက ခဏရပ်လိုက်ပြီးနောက် ဆက်ပြောလိုက်လေသည်၊

"ပြီးတော့ခရီးက အဝေးကြီးကို... ရှင့်ရဲ့ မြေးမလေးကို တတိယချွေးမ တစ်ယောက်တည်း ခေါ်သွား ခိုင်းမလို့လား..."

"တကယ်လို့ တစ်ခုခုများ ဖြစ်သွားရင် ရှင့်ရဲ့ တတိယသားနဲ့ ခမည်းခမက်တွေကို ဘယ်လို ရှင်းပြ မလို့လဲ..."

အမေထျန်သည် အထုပ်၏ ထောင့်စွန်းများကို တင်းကျပ်စွာ စည်းနှောင်လိုက်ပြီး အဖေထျန်အား တစ် ချက်ကြည့်ကာ အနည်းငယ် နူးညံ့သွားသော သို့သော် ငြင်းဆန်၍ မရနိုင်သော အာဏာပါသည့် လေသံ ဖြင့် ပြောလိုက်လေသည်၊

"ရှင်က အိမ်က အဲ့ဒီ စုတ်ပြတ်နေတဲ့ အရာတွေကို တကယ်ပဲ မထားခဲ့ရက်ဘူး ဆိုရင်လည်း အိမ်မှာပဲ နေပြီး စောင့်နေရစ်ခဲ့လိုက်တော့..."

"ကျွန်မကတော့ ကျွန်မသမီးနဲ့ မြေးဦးလေးကို သွားကြည့်ဖို့ တတိယချွေးမနဲ့အတူ ပီကင်းကို သွား မယ်..."

ထိုသို့ ပြောပြီးနောက် အမေထျန်က သူမဘာသာ တီးတိုး ရေရွတ်လိုက်လေသည်၊

"ဒီ အဖိုးကြီးကတော့ အိမ်က မြေကွက်လေး အကြောင်းကိုပဲ တွေးဖို့ သိတာ..."

"ငါ့ရဲ့ အဖိုးတန် မြေးလေးကို မတွေ့ရတာ ကြာလှပြီ... အဲ့ဒီ ကောင်လေးက ငါ့ကို အဖွားမှန်း မှတ်မိပါ့ဦး မလားတောင် မသိဘူး..."

ထိုစကားကို ကြားသောအခါ အဖေထျန်မှာ ချက်ချင်းပင် စိုးရိမ်ပူပန်သွားကာ သူ၏ ဆေးတံကို တံခါး ဘောင်ပေါ်၌ ခပ်ဖွဖွ ခေါက်လိုက်ပြီး မတ်တတ်ရပ်ကာ လက်ခါပြလိုက်လေသည်၊

"အဲ့လို ဘယ်ဖြစ်မလဲ..."

"မင်းတို့ မိန်းမသားတွေချည်းပဲ ခရီးရှည်ကြီး သွားတာကို အိတ်တွေ ပစ္စည်းတွေ သယ်ပေးမယ့် ယောက်ျားတစ်ယောက်မှ မပါရင် လမ်းမှာ အဆင်မပြေ ဖြစ်နေမှာပေါ့..."

အမေထျန်သည် သူမ၏ မျက်လုံးများထဲရှိ အပြုံးများကို ဖုံးကွယ်ရန် မျက်လွှာချလိုက်ပြီး တိတ်တဆိတ် မျက်စောင်းထိုးကာ တမင်သက်သက် ဖြည်းညင်းစွာ ပြောလိုက်လေသည်၊

"အို... အခုကျမှ စိတ်ပူတတ်နေပြီလား... စောစောကတော့ အိမ်က ပစ္စည်းတွေကို ထားမခဲ့ရက်ဘူး ဆို..."

အဖေထျန်၏ အတွေးများ ပေါ်လာသောအခါ သူ၏ မျက်နှာမှာ ရှက်ရွံ့မှုကြောင့် နီရဲသွားခဲ့ပေသည်။

သူသည် ဆေးတံကို ပါးစပ်ထဲသို့ အလျင်အမြန် ပြန်တပ်လိုက်ပြီး အားပါးတရ နှစ်ခါခန့် ဖွာရှိုက်လိုက် ကာ မြေကြီးပေါ်ရှိ ကျောက်စရစ်ခဲများကို လေ့လာနေဟန်ဖြင့် ငေးစိုက်ကြည့်နေခဲ့လေတော့သည်။

အမေထျန်သည် သူ၏ ခေါင်းမာသော အမူအရာကို ကြည့်ရင်း မရယ်ဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့လေ ၏။ သူမသည် အပူပေးအုတ်ကုတင်၏ အစွန်းကို လက်လှမ်း၍ ပုတ်လိုက်လေသည်၊

"ကဲပါ ကဲပါ... အဲ့ဒီမှာ ဟန်ဆောင်ပြီး ရပ်မနေနဲ့တော့..."

"ကျိုးချန်ယဲ့ အရင်က ဝယ်ပေးထားတဲ့ သပ်သပ်ရပ်ရပ် အဝတ်အစားတွေကို မြန်မြန် သွားရှာလိုက်ဦး... ပြီးတော့ အိမ်မှာ လှန်းထားတဲ့ အခြောက်အခြမ်းတွေကို နှစ်အိတ်လောက် ထုပ်ပြီး ကလေးတွေ မြည်း ကြည့်လို့ရအောင် ယူသွားရမယ်..."

"ပီကင်းက ဘယ်လောက်ပဲ ကောင်းကောင်း အိမ်လောက်တော့ မကောင်းနိုင်ပါဘူး..."

အဖေထျန်က တိုးညှင်းစွာ ရယ်မောလိုက်ပြီး ဆေးတံကို သူ၏ ခါးပတ်ကြားတွင် ထိုးထည့်ကာ ဗီရိုထဲ တွင် မွှေနှောက်ရှာဖွေရန် ကတိုက်ကရိုက် သွားလိုက်ပြီး သူ့ဘာသာ တီးတိုးရေရွတ်လိုက်လေသည်၊

"အကုန်လုံး အပြည့် ထည့်ရမယ်... ပြီးတော့ အဲ့ဒီ ပျားရည်အိုးလည်း ပါသေးတယ်... ငါ့သမီးလေး အားရှိ အောင်လို့..."

အမေထျန်သည် သူ အလုပ်များနေသော ကျောပြင်ကို ကြည့်ရင်း ပြုံးကာ ခေါင်းခါလိုက်လေတော့ သည်။

————————————

အိမ်ရှိ ကိစ္စအဝဝကို ဖြေရှင်းပြီးစီးပြီးနောက် အမေထျန်နှင့် သူမ၏ အဖွဲ့သည် အိတ်ကြီးအိတ်ငယ်များ ကို သယ်ဆောင်လျက် ပီကင်းသို့ ဦးတည်မည့် ရထားပေါ်သို့ တက်ရောက်ခဲ့ကြလေသည်။

၎င်းတို့ တစ်စုမှာ ငွေကို အလဟဿ မသုံးစွဲလိုကြသဖြင့် အတိုချုံး ဆွေးနွေးပြီးနောက် သာမန် ထိုင်ခုံ လက်မှတ် လေးစောင်ကိုသာ ဝယ်ယူခဲ့ကြလေသည်။

ကံကောင်းထောက်မစွာဖြင့် လက်မှတ်များ အားလုံးမှာ တစ်ဆက်တည်း ဖြစ်နေသဖြင့် လူပြည့်ကျပ် နေသော ရထားတွင်း၌ တစ်ကွဲတစ်ပြားစီ ဖြစ်ရမည့် ဒုက္ခကို မခံစားခဲ့ကြရပေ။

ရထားတွင်းသို့ ခြေချလိုက်သည်နှင့် တစ်ပြိုင်နက် ရှောင်ထင်လေးမှာ စိတ်လှုပ်ရှားမှုတို့ဖြင့် ပြည့်နှက် သွားခဲ့လေသည်။ သူမ၏ မျက်လုံးဝိုင်းကြီးများမှာ လင်းလက်နေပြီး လက်သေးသေးလေးများက ပြတင်းပေါက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားကာ လွှတ်မပေးတော့ချေ။

"မေမေ... ဖိုးဖိုးနဲ့ ဖွားဖွား... ကြည့်ပါဦး... သစ်ပင်တွေ အကုန်လုံးက အနောက်ကို ပြေးနေကြတယ်..."

ရှောင်ထင်က ပြတင်းပေါက်အပြင်ဘက်မှ လျင်မြန်စွာ ဖြတ်သန်းသွားသော မြင်ကွင်းများကို လက်ညှိုး ထိုးပြကာ အံ့ဩတကြီးဖြင့် ငေးကြည့်ရင်း ပြောလိုက်လေသည်။

"ဟုတ်တယ်... ဟုတ်တယ်... ဟားဟား..."

အဖေထျန်သည် မြေးဖြစ်သူကို ကြည့်ကာ မျက်နှာပေါ်တွင် အရေးအကြောင်းများ ပေါ်လာသည်အထိ ရယ်မောရင်း ဆက်တိုက် သဘောတူနေခဲ့လေသည်။

လမ်းတစ်လျှောက်လုံး ချော့မြှူကာ နောက်ပြောင်ခံရသော်လည်း ဤအတွေ့အကြုံအပေါ် ကလေး မလေး၏ စိတ်အားထက်သန်မှုမှာ အနည်းငယ်မျှပင် လျော့ပါးသွားခြင်း မရှိခဲ့ပေ။

သူမသည် လက်ကိုဆန့်ထုတ်၍ သာမန် ထိုင်ခုံကို ကိုင်တွယ်ကြည့်လိုက်၊ ထို့နောက် အပြင်သို့ ချောင်း ကြည့်ကာ လူသွားလမ်းတွင် အသွားအလာ လုပ်နေကြသော လူများကို ကြည့်လိုက်ဖြင့် အလုပ်များ နေခဲ့လေတော့သည်။

သူမ၏ ပါးစပ်သေးသေးလေးမှာ မရပ်မနား ပွစိပွစိ ပြောဆိုကာ မေးခွန်းများ မေးမြန်းနေပြီး ခရီးပန်း နေသည့် အရိပ်အယောင် အနည်းငယ်မျှပင် မပြသခဲ့ချေ။

အမေထျန်မှာ ရယ်လည်းရယ်ချင်ကာ မတတ်နိုင်သကဲ့သို့လည်း ဖြစ်နေခဲ့ပေသည်။ သူမသည် လက် လှမ်း၍ ကလေးမလေးကို အနီးသို့ ဆွဲယူလိုက်ပြီး ညင်သာစွာ ချော့မြှူလိုက်သည်၊

"ကဲပါ ကဲပါ... ငြိမ်ငြိမ်လေး ထိုင်နေတော့နော်..."

ရှောင်ထင်က လိမ္မာစွာ ခေါင်းညိတ်လိုက်ပြီး အဖွားဖြစ်သူ၏ ရင်ခွင်ထဲတွင် ငြိမ်သက်စွာ မှီခိုနေသော် လည်း သူမ၏ မျက်လုံးများကမူ ပြတင်းပေါက်ပေါ်တွင်သာ တည်ရှိနေပြီး တစ်ခဏမျှပင် အကြည့်မလွှဲ နိုင်အောင် ဖြစ်နေခဲ့လေတော့သည်။

————————————

ရထားသည် တစ်နေ့တာ၏ အချိန်အများစုကို တဂျုံးဂျုံးမြည်ကာ ယိမ်းထိုးမောင်းနှင်ပြီးနောက် နောက် ဆုံးတွင် တစ်ဆင့်စီး ဘူတာရုံသို့ ဆိုက်ရောက်လာခဲ့လေတော့သည်။

ခရီးသည်များ အတက်အဆင်း လုပ်နေကြစဉ် ၎င်းတို့၏ တန်းရှိ ထိုင်ခုံနှစ်ခုံ လွတ်သွားခဲ့ပေသည်။

မကြာမီမှာပင် အသက်ကြီးကြီး အမျိုးသမီးတစ်ဦးနှင့် ကလေးငယ်တစ်ဦး တက်လာကြရာ ၎င်းတို့မှာ သားအမိပုံစံ ပေါက်နေခဲ့လေ၏။

အဘွားအို တက်လာသည်နှင့် တစ်ပြိုင်နက် သူမ၏ မျက်လုံးများက အခန်းတွင်းသို့ ဝေ့ကြည့်လိုက်ပြီး နောက် ရှောင်ထင်ထင် ထိုင်နေသော ပြတင်းပေါက်နံဘေးရှိ ထိုင်ခုံပေါ်သို့ ချက်ချင်းပင် ကျရောက် သွားခဲ့ပေတော့သည်။

သူမ၏ မျက်နှာမှာ ချက်ချင်းပင် တင်းမာသွားခဲ့ပြီး စူးရှကြမ်းတမ်းသော လေသံဖြင့် ပြောလိုက်လေ သည်၊

"ဟေ့... ကလေးမလေး... အခု ချက်ချင်း ထစမ်း... ပြတင်းပေါက်နားက ခုံကို ငါတို့ကိုပေး..."

All Chapters