အခန်း ၆၂
Vol. 7 Ch. 62
အခန်း (၆၂) - လေနက်ခံတပ်သို့ ပြန်လည်ရောက်ရှိခြင်း
ရန်ရှင်းကျိုးသည် နံနက်ခင်း၏ ပထမဆုံးသော နေခြည်တန်းများ ကျရောက်နေသည့် တောင်ကုန်းငယ်တစ်ခုပေါ်တွင် မတ်တပ်ရပ်နေသည်။ ထိုစဉ် အရှေ့ဘက်မိုးကုတ်စက်ဝိုင်းမှ ခရမ်းရောင်အရှိန်အဝါသည် ရုတ်ချည်းပင် ခရမ်းရောင်လမ်းမကြီးတစ်ခုအဖြစ် ပြောင်းလဲသွားကာ သူနှင့် သူ့မြင်း၏ ရှေ့မှောက်တွင် ပြန့်ပြူးစွာ ဖြန့်ခင်းသွားသည်။
"တောက်... တောက်... တောက်..."
မြင်းပိုင်ရှင်၏ စေ့ဆော်မှုအောက်ဝယ် နက်မှောင်သော မြင်းကြီးသည် ခရမ်းရောင်အလင်းတန်းများဖြင့် ဖြစ်တည်နေသော လမ်းမကြီးထက်သွက်လက်စွာ ဒုန်းစိုင်းပြေးလွှားသွားတော့သည်။ ထိုပင်မလမ်းမကြီး၏ ရှေ့တည့်တည့်တွင်ကား ကြီးမားထည်ဝါလှသော ကြေးတံခါးကြီးတစ်ချပ် ရပ်တည်နေသည်။ ရန်ရှင်းကျိုးက မြင်းကို စီးနင်း၍ ရှေ့သို့ တိုးဝင်သွားစဉ် တံခါးကြီးသည် ဖြည်းညင်းစွာ ပွင့်ဟလာပြီး လမ်းကြောင်းငယ်တစ်ခု ပေါ်ထွက်လာသည်။ တံခါးဝသို့ ရောက်ရှိသွားချိန်တွင် ထိုဟောင်းလောင်းပွင့်နေသော လမ်းကြောင်းငယ်မှာ သူတို့ ဖြတ်သန်းသွားလာနိုင်ရန် လုံလောက်စွာ ကျယ်ပြန့်သွားခဲ့ပြီ ဖြစ်သည်။ တံခါး၏အတွင်းဘက်၌ကား ရန်ရှင်းကျိုး ရင်းနှီးကျွမ်းဝင်နေသည့် အခန်းငယ်လေးသာ ရှိနေသည်။
"ဟုန်း..."
တံခါးဝသို့ ရောက်သည်နှင့် ရန်ရှင်းကျိုးက ခပ်တိုးတိုး ဟစ်အော်ကာ မြင်းကို နှင်လိုက်ရာ ရှေ့သို့ ဒုန်းစိုင်းခုန်ပျံသွားပြီး လေထုထဲ၌ အလွန်ပင် ပြေပြစ်လှပသော စက်ဝိုင်းခြမ်းပုံသဏ္ဌာန် ပျံသန်းကာ အခန်းတွင်းသို့ ညင်သာစွာ ကျဆင်းသွားတော့သည်။
လူနှင့်မြင်း ဖြတ်သန်းသွားပြီးသည်နှင့် တံခါးကြီးသည် ကွယ်ပျောက်သွားကာ ပတ်ဝန်းကျင်တစ်ခုလုံး ချက်ချင်းပင် မှောင်မိုက်သွားတော့၏။ ထို့နောက် မြင်းသည် မြေပြင်ပေါ်သို့ ခြေချမိသွားပြီး စိုးရိမ်တကြီးဖြင့် ဟီသံတစ်ချက် ထွက်ပေါ်လာလေသည်။
ရန်ရှင်းကျိုးသည် သူ၏ အတွင်းအားကို မျက်လုံးများဆီသို့ စုစည်းကာ ပတ်ဝန်းကျင်ကို ဝှေ့ယမ်းကြည့်ရှုလိုက်သည်။ ခေတ္တမျှကြာပြီးနောက် သူသည် လေနက်ခံတပ်အတွင်း သူစတင်ဝင်ရောက်ခဲ့စဉ်က တိတ်ဆိတ်ငြိမ်သက်လှသော အခန်းငယ်အတွင်းသို့ အမှန်တကယ် ပြန်လည်ရောက်ရှိသွားပြီဖြစ်ကြောင်း သဘောပေါက်လိုက်သည်။ သို့သော်လည်း ထိုတိတ်ဆိတ်သော အခန်းငယ်မှာ အနည်းငယ် ကျဉ်းမြောင်းလှပြီး သူ အဖိုးတန်စွာ ဝယ်ယူခဲ့သော ဖာဂါနာ မြင်းကောင်းကြီးမှာမူ အလွန်ပင် ကြီးမားလှပေရာ အခန်းထဲ၌ ကိုယ်ကို လှည့်ရန်ပင် ခက်ခဲနေတော့သည်။
ရန်ရှင်းကျိုးက မြင်းကြီးကို အခန်းထဲမှ သာသာယာယာ ဆွဲထုတ်ခဲ့သည်။ ပြင်ပသို့ ခြေလှမ်းလှမ်းလိုက်ပြီးနောက် ကောင်းကင်ကို မော့ကြည့်လိုက်ရာ မိုးသောက်ယံအချိန်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သူ သတိပြုမိသွားသည်။
သူသည် မြင်းကို ခြံထဲတွင် ချည်နှောင်ထားပြီးနောက် အသက်ကို အောင့်ကာ တစ်စုံတစ်ရာ ပြောင်းလဲမှုများ ရှိမရှိ တိတ်ဆိတ်စွာ အာရုံခံကြည့်လိုက်သည်။ မည်သို့ပင်ဖြစ်စေ သူသည် လျန်ချန်ကျမ်းစာ၏ ကမ္ဘာအတွင်း၌ ခြောက်လနီးပါး ဖြတ်သန်းခဲ့ပြီး ဖြစ်သည်။ ထို့အပြင် ခေါင်းဆောင်ကင်းမဲ့နေသော လေနက်ခံတပ်ကြီးအတွင်း မည်သည့် ကြီးမားသော အပြောင်းအလဲများ ဖြစ်ပျက်နေမည်ကို မည်သူမျှ မခန့်မှန်းနိုင်ပေ။ သို့ဖြစ်ရာ သူ သတိကြီးစွာ ထားခြင်းက အကောင်းဆုံးပင် ဖြစ်လိမ့်မည်။
ဝင်းခြံအတွင်း လှည့်ပတ်ကြည့်ရှုပြီးနောက် ရန်ရှင်းကျိုးသည် အလွန်ပင် အံ့အားသင့်သွားရသည်။ သူ လျန်ချန်ကျမ်းစာ၏ ကမ္ဘာသို့ မဝင်ရောက်မီက ဝင်းခြံထဲတွင် စိုက်ပျိုးထားသော အချိန်ပြပန်းလေးမှာ ဖူးပွင့်လုဆဲဆဲ ဖြစ်နေခဲ့သည်ကို သူ ရှင်းလင်းစွာ မှတ်မိနေ၏။ ထိုအချိန်ပြပန်းသည် နှစ်စဉ်နှစ်တိုင်း ပင်မပင်စည် တစ်ဆစ်စီ ကြီးထွားလေ့ရှိပြီး နေ့စဉ်နေ့တိုင်းလည်း အရွက်ပေါ်တွင် ဆူးငယ်တစ်ချောင်းစီ တိုးထွက်လာလေ့ရှိသည်။ ယင်းမှာ မလွဲမသွေ မှန်ကန်လေ့ရှိသဖြင့် ၎င်းကို အချိန်ပြပန်း ဟု ခေါ်ဆိုကြခြင်း ဖြစ်သည်။
ရန်ရှင်းကျိုးသည် သူ၏ ဝင်းခြံထဲရှိ အချိန်ပြပန်းကို အကြိမ်ကြိမ် အထပ်ထပ် အကဲခတ်ကြည့်ရှုလိုက်သော်လည်း ပန်း၏ အနေအထားမှာ မူလအတိုင်း မပြောင်းလဲဘဲ ရှိနေသည်ကို တွေ့ရှိရသည်။ ပင်မပင်စည် တစ်ဆယ့်ရှစ်ဆစ်ပေါ်ရှိ ဆူးအရေအတွက်နှင့် ပင်စည်၏ ဘယ်ဘက်အရွက်ပေါ်ရှိ ဆူးအရေအတွက်မှာပင် လုံးဝ ပြောင်းလဲသွားခြင်း မရှိချေ။
"မဖြစ်နိုင်တာ... ငါ လျန်ချန်ကျမ်းစာ ကမ္ဘာထဲမှာ ခြောက်လနီးပါးလောက် အချိန်ကုန်ဆုံးခဲ့တာတောင် ဒီကမ္ဘာမှာ တစ်ရက်တောင် မကုန်ဆုံးသေးဘူးပေါ့..."
အချိန်ပြပန်းကို သေချာစွာ စစ်ဆေးပြီးနောက် ရန်ရှင်းကျိုး၏ မျက်နှာထက်တွင် အတိုင်းထက်အလွန် အံ့အားသင့်တုန်လှုပ်သွားသည့် အရိပ်အယောင်များ ပေါ်ထွက်လာ၏။
"ဒီကမ္ဘာနှစ်ခုရဲ့ အချိန်စီးဆင်းမှုက တစ်ထပ်တည်း မကျရုံတင်မကဘူး... ဒီလောက်တောင် ကွာခြားချက် ကြီးမားနေတာလား..."
သူသည် လေနက်ခံတပ်၏ ခေါင်းဆောင်အဖြစ်မှ ရုတ်တရက် ပျောက်ကွယ်သွားပါက ခံတပ်ရှိ လူငယ်များမှာ ဦးဆောင်သူမဲ့ကာ ခံတပ်ကြီး ပြိုကွဲပျက်စီးသွားမည်ကို အလွန်ပင် စိုးရိမ်ခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း သူသည် လျန်ချန်ကျမ်းစာ ကမ္ဘာ၌ အချိန်များစွာ ကုန်ဆုံးခဲ့သော်လည်း ပင်မကမ္ဘာဝယ် တစ်ညတာမျှသာ အချိန်ကုန်ဆုံးခဲ့လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
"ကောင်းလေစွ... တကယ့်ကို ကောင်းလှပေစွ..."
ရန်ရှင်းကျိုးသည် အတိုင်းမသိ ဝမ်းသာအားရ ဖြစ်သွားတော့သည်။ သူသည် သူ၏ လေနက်ခံတပ်ကြီး ပျက်စီးသွားမည်ကို သော်လည်းကောင်း၊ ခံတပ်ကြီးအတွင်း မပြောကောင်းမဆိုးကောင်း ကိစ္စရပ်များ ဖြစ်ပျက်နေမည်ကို သော်လည်းကောင်း စိုးရိမ်ပူပန်နေခဲ့ခြင်း ဖြစ်သော်လည်း ယခုအခါတွင်မူ ထိုပူပန်မှုများ အားလုံးမှာ ယူပစ်သလို ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
သူသည် အခန်းတွင်းသို့ ချက်ချင်း ပြန်လည်ဝင်ရောက်ကာ တရားထိုင်၍ အသက်ရှူခြင်းကို စနစ်တကျ ပြုပြင်ထိန်းညှိလိုက်ပြီး တစ်ချိန်တည်းမှာပင် ယခုကာလအတွင်း သူ၏ ရရှိမှုများနှင့် ဆုံးရှုံးမှုများကို စိတ်ထဲမှ တိတ်တဆိတ် ပြန်လည်သုံးသပ်နေတော့သည်။
"ငါ လျန်ချန်ကျမ်းစာ ကမ္ဘာထဲမှာ အမှားနှစ်ခု လုပ်ခဲ့မိတယ်။ ပထမတစ်ခုက လင်းကျင်ယီကြောင့် ကျင့်ကျိုးအစိုးရရုံးကို အတင်းဝင်ရောက် တိုက်ခိုက်ခဲ့တာပဲ... အဲဒါက တကယ့်ကို စိတ်လိုက်မာန်ပါ ဖြစ်လွန်းသွားခဲ့တယ်။ နောက်တစ်ကြိမ်ကတော့ ဖုန်းယွင်ချွမ်းကို အဆိပ်ခတ်တဲ့အချိန်တုန်းကပဲ။ အဲဒီမတိုင်ခင်က ကြိုတင်ပြင်ဆင်မှု မရှိခဲ့တဲ့အတွက် နန်စိချီနဲ့ ဒင်ဒီယန်တို့လည်း ဖိတ်ကြားခံထားရတဲ့ ဧည့်သည်တွေမှန်း ငါ မသိခဲ့ဘူး။ ရလဒ်အနေနဲ့ ဟွာထျယ်ကန်းရဲ့ ထိုးနှက်ချက်ကြောင့် သေလုနီးပါး ဖြစ်ခဲ့ရတယ်..."
"နန်းတော်ထဲကို အတင်းဝင်ရောက်ပြီး ဧကရာဇ်ကို ရိုက်နှက်ဆုံးမခဲ့တဲ့ ကိစ္စကတော့ ဘာမှမဟုတ်ပါဘူး။ ဘာပဲဖြစ်ဖြစ် အရာအားလုံးက ငါ မျှော်လင့်ထားတဲ့အတိုင်း ဖြစ်ပျက်ခဲ့ပြီး ရလဒ်ကလည်း စိတ်ကျေနပ်စရာ ကောင်းခဲ့တာပဲ။ အင်း... နောင်အနာဂတ်ကျရင်လည်း ဒီလိုမျိုး စိတ်ကျေနပ်စရာကောင်းပြီး ဟိတ်ဟန်ထုတ်လို့ကောင်းတဲ့ ကိစ္စရပ်တွေကို ပိုပြီး လုပ်ဖို့ စဉ်းစားရမယ်... ဟဲဟဲ..."
ရန်ရှင်းကျိုးသည် အခန်းတွင်း၌ ထိုင်ရင်း လျန်ချန်ကျမ်းစာ ကမ္ဘာဝယ် သူ ကြုံတွေ့ခဲ့ရသော အတွေ့အကြုံများအားလုံးကို အစမှအဆုံး ပြန်လည်သုံးသပ်နေခဲ့သည်။ အချို့သော အခန်းကဏ္ဍများတွင် သူ ကောင်းမွန်စွာ မလုပ်ဆောင်နိုင်ခဲ့သော်လည်း ယေဘုယျအားဖြင့် အောင်မြင်မှုများစွာ ရှိခဲ့ကြောင်း သူ သဘောပေါက်လိုက်သည်။ သူသည် သွေးဓားဂိုဏ်း၏ အတွင်းအားကျင့်စဉ်နှင့် ဓားသိုင်းပညာရပ်များကို သင်ယူနိုင်ခဲ့ရုံသာမက တောင်ပိုင်းရဲ့ သူရဲကောင်းလေးဦးနှင့် အခြားသူများထံမှလည်း သူတို့၏ အထူးလျှို့ဝှက်ဆန်းကြယ်လှသော သိုင်းပညာရပ်များစွာကို တိတ်တဆိတ် သင်ယူနိုင်ခဲ့သည်။
တောင်ပိုင်းရဲ့ သူရဲကောင်းလေးဦးမှ လူတစ်ဦးချင်းစီသည် သွေးဓားဘိုးဘေးထက် မနိမ့်ကျသော တန်ခိုးကျင့်ကြံမှု အဆင့်အတန်းများကို ပိုင်ဆိုင်ထားကြသူများ ဖြစ်ကြသည်။ သွေးဓားဂိုဏ်း၏ သိုင်းပညာရပ်များမှာ အလွန်ထူးခြားဆန်းပြားလှသော်လည်း တောင်ပိုင်းရဲ့ သူရဲကောင်းလေးဦး၏ ပညာရပ်များမှာလည်း သာမန်မဟုတ်ပေ။ လူထျန်းရွှူး၏ ဓားကြီးသိုင်း၊ ဟွာထျယ်ကန်း၏ လှံသိုင်းနှင့် စွမ်းအားကြီး လင်းယုန်လက်သည်းသိုင်း၊ လျိုချန်ဖုန်း၏ ထိုက်ကျိဓားသိုင်းနှင့် ထိုက်ကျိကျင့်စဉ်၊ ရွှေတိုက်၏ ကိုယ်ဖော့အတတ်နှင့် ဓားသိုင်းပညာတို့မှာ အားလုံး ထူးခြားဆန်းကြယ်လှသော သိုင်းကောင်းပညာရပ်များ ဖြစ်ကြပေသည်။
ရန်ရှင်းကျိုးက ထိုသူလေးဦးထံမှ သိုင်းပညာရပ်များကို မေးမြန်းသင်ယူခဲ့ခြင်းမှာ လျန်ချန်ကျမ်းစာ ကမ္ဘာအတွင်းရှိ အမြင့်မားဆုံးသော ကျင့်ကြံမှုအဆင့်ရှိသည့် လူတစ်စုက သူ့အား ကိုယ်တိုင်ကိုယ်ကျ သင်ကြားပြသပေးခဲ့သည်နှင့် အလားသဏ္ဌာန်တူပေသည်။ ထိုကဲ့သို့သော အခွင့်အရေးမျိုးမှာကား လောက၌ မည်သူမျှ အလွယ်တကူ ရရှိနိုင်မည်မဟုတ်သော အရာပင် ဖြစ်သည်။
အထူးသဖြင့် သူသည် သွေးဓားဂိုဏ်း၏ အဖိုးတန်ဆုံး ရတနာဖြစ်သည့် သူ့လက်ထဲရှိ သွေးဓားကို ရရှိခဲ့ရုံသာမက ရှင်သန်ခြင်းအလင်းကျမ်းကိုလည်း ကူးယူနိုင်ခဲ့ကာ ယခုအချိန်အထိ အလွန်ပင် နက်ရှိုင်းသော အဆင့်တစ်ခုသို့ ရောက်ရှိသည်အထိ ကျင့်ကြံအားထုတ်နိုင်ခဲ့သည်။
သူ၏ သိုင်းပညာစွမ်းရည်မှာ ယခုအချိန်တွင် အလွန်ပင် မြင့်မားနေခဲ့ပြီ ဖြစ်သည်။ ၎င်းမှာ ဒင်ဒီယန်နှင့် အခြားသူများ၏ နက်ရှိုင်းလှသော အတွင်းအားစွမ်းရည်များကို မယှဉ်နိုင်သေးသော်လည်း သူသည် ကောင်းသောလမ်းစဉ်နှင့် ဆိုးသောလမ်းစဉ် နှစ်ရပ်စလုံး၏ အားသာချက်များကို ပေါင်းစပ်ထားနိုင်ခဲ့ပြီ ဖြစ်သည်။ သူ၏ ကစားကွက်များမှာ ကောက်ကျစ်ပြီး ခန့်မှန်းရခက်လှပေရာ တိုက်ပွဲတစ်ခု ဖြစ်ပွားလာပါက သူ့အား အနိုင်ယူနိုင်မည်ဟု မည်သူမျှ ရဲရဲဝံ့ဝံ့ ပြောရဲလိမ့်မည် မဟုတ်ပေ။
သူ၏ ကျင့်ကြံမှု အဆင့်အတန်း၊ သိုင်းပညာစွမ်းရည်နှင့် အတွင်းအားများကြောင့် ရှင်သန်ခြင်းအလင်းကျမ်းအပေါ် သူ၏ နားလည်သဘောပေါက်မှုမှာ အလိုအလျောက်ပင် အလွန် လျင်မြန်လှသည်။ တစ်လကျော်မျှသော အချိန်တိုအတွင်း သူသည် ကြီးမားသော တိုးတက်မှုကို ရရှိခဲ့ပြီ ဖြစ်သည။ ထိုစဉ်က မေနျန့်ရှန်းနှင့် ဒင်ဒီယန်တို့၏ အဆင့်အတန်းသို့ မရောက်ရှိသေးသော်လည်း ရွှေတိုက်နှင့် အခြားသူများ၏ သိုင်းစွမ်းနှင့်အလှမ်းမဝေးတော့ပေ။
"နှမြောစရာကောင်းတာက ငါ့ရဲ့ ရန်သွေးကြောနဲ့ တုသွေးကြောကို အခုချက်ချင်း မဖွင့်နိုင်သေးတာပဲ... မဟုတ်ရင်တော့... ဟဲဟဲ... အဲဒီတုန်းက ငါ့ကို သတ်ခဲ့တဲ့ ဝတ်စုံဖြူဝတ် ဓားသမားကိုတောင် ငါ ယှဉ်ပြိုင်အနိုင်ယူနိုင်မှာ သေချာတယ်... အင်း... ငါ့ရဲ့ ရန်သွေးကြောနဲ့ တုသွေးကြောကို ဖွင့်နိုင်ခဲ့ရင်တောင် အဲဒီ ဝတ်စုံဖြူဝတ် ဓားသမားကို ရင်ဆိုင်ရရင် နိုင်ခြေထက် ရှုံးခြေက ပိုများနေဦးမှာပဲ..."
သူသည် ကနဦးက မိမိ၏ အောင်မြင်မှုများအပေါ် အလွန်ပင် ကျေနပ်အားရနေခဲ့ပြီး ယခုကဲ့သို့ ငယ်ရွယ်နုပျိုသော အသက်အရွယ်ဖြင့် လျန်ချန်ကျမ်းစာ ကမ္ဘာ၏ သိုင်းလောကကို စိုးမိုးနိုင်ခဲ့သဖြင့် မိမိကိုယ်ကိုယ် ပါရမီရှင် သိုင်းပညာရှင်တစ်ဦးအဖြစ် ခံစားနေခဲ့ရသည်။ သို့သော်လည်း သူ့အား သတ်ခဲ့ဖူးသော ဝတ်စုံဖြူဝတ် ဓားသမားအကြောင်းကို တွေးမိလိုက်သည်နှင့် သူ၏ မာန်မာနများမှာ ချက်ချင်းပင် လွင့်ပျယ်သွားရပြီး စိတ်ပျက်အားလျှော့မှုနှင့် သံသယစိတ်များသာ အစားထိုး ဝင်ရောက်လာတော့သည်။
"အဲဒီ ဝတ်စုံဖြူဝတ်တဲ့ ကောင်လေးက အသက် တစ်ဆယ့်ငါးနှစ်၊ တစ်ဆယ့်ခြောက်နှစ်ပဲ ရှိသေးတာ... ဘယ်လိုလုပ် ဒီလောက်အထိ အစွမ်းထက်နေရတာလဲ..."
သူ၏ ယခု လက်ရှိ အမြင်ဖြင့် ကြည့်မည်ဆိုပါက ထိုစဉ်က သူတို့၏ ခံတပ်ကို စီးနင်းတိုက်ခိုက်ခဲ့သော ဝတ်စုံဖြူဝတ် ဓားသမား၏ သိုင်းပညာမှာ အလွန်ပင် နက်ရှိုင်းပြီး ဓားသိုင်းစွမ်းရည်မှာလည်း ပြိုင်ဘက်ကင်းလှရာ သူကိုယ်တိုင်ပင် ယှဉ်ပြိုင်နိုင်ရန် ခက်ခဲလိမ့်မည်။
အထူးသဖြင့် ထိုဝတ်စုံဖြူဝတ် ဓားသမားသည် သူ့ထက် အသက်မကြီးသည်ကို ထောက်ဆလျှင် ထိုသူ၌ အလွန်ပင် အံ့အားသင့်ဖွယ်ကောင်းသော နောက်ခံနောက်ကြောင်း ရှိရမည်ဖြစ်ပြီး ရန်ရှင်းကျိုး မပြိုင်ဆိုင်ဝံ့သော အင်အားကြီးမားလှသည့် ဂိုဏ်းအဖွဲ့အစည်းတစ်ခု သူ၏ နောက်ကွယ်တွင် ရှိနေမည်မှာ မြေကြီးလက်ခတ်မလွဲပေ။ ရန်ရှင်းကျိုးအနေဖြင့် ထိုဝတ်စုံဖြူဝတ် ဓားသမားကို အနိုင်ယူနိုင်ခဲ့လျှင်ပင် သူ၏ နောက်ကွယ်ရှိ အင်အားစုကြီးမှာ ရန်ရှင်းကျိုး ရင်ဆိုင်ဖြေရှင်းနိုင်မည့် အရာမဟုတ်ပေ။
"ငါ လေနက်ခံတပ်ကနေပဲ ထွက်သွားလိုက်ရမလား..."
မိမိအနေဖြင့် ထိုဝတ်စုံဖြူဝတ် ဓားသမားထံမှ စာအုပ်တစ်အုပ်ကိုလည်း ခိုးယူခဲ့ဖူးသည်ကို တွေးမိလိုက်သောအခါ ရန်ရှင်းကျိုး၏ ကျောပြင်တစ်ခုလုံး စိမ့်ခနဲ အေးစက်သွားရသည်။
"ဒီလို ဝေးလံခေါင်သီတဲ့ နယ်စပ်ဒေသကနေ ထွက်ခွာပြီး စည်ကားဝပြောတဲ့ နေရာတစ်ခုဆီကို သွားလိုက်တာက... နဂါးတစ်ကောင် သမုဒ္ဒရာထဲ သက်ဆင်းသွားသလို၊ ကျားတစ်ကောင် တောင်ပေါ်ကို ပြန်တက်သွားသလိုမျိုး လွတ်လပ်သွားမှာပဲ။ အဲဒီအချိန်ကျရင် ငါ့ကို ဘယ်သူ ရှာတွေ့နိုင်တော့မှာလဲ..."
"ဒါပေမဲ့ ဒီခံတပ်ထဲက လူတွေအားလုံးက ငါနဲ့အတူ ကြီးပြင်းလာခဲ့ကြတဲ့ ကလေးဘဝ သူငယ်ချင်းတွေပဲ။ သူတို့ရဲ့ ကူညီစောင့်ရှောက်မှုသာ မရှိခဲ့ရင် ငါ ဒီလောက်အထိ အသက်ရှင်နိုင်ခဲ့မှာ မဟုတ်ဘူး။ ငါ ထွက်ပြေးသွားတာက ပြဿနာမရှိပေမဲ့... အဲဒီ ဝတ်စုံဖြူဝတ် ဓားသမားက ငါ့ကို လိုက်ရှာရင်း ဒေါသပုံချပြီး သူတို့ကို အကုန် သတ်ပစ်လိုက်ရင်တော့... တကယ်ကို မတွေးရဲစရာပဲ..."
သူသည် တုန်လှုပ်ချောက်ချားနေပြီး မည်သို့ ဆုံးဖြတ်ရမည်ကို ခက်ခဲနေသည်။
ထိုစဉ် ဝင်းပြင်ပမှ ခြေသံအချို့ ထွက်ပေါ်လာ၏။ တောင်ကုန်းခံတပ်မှ လူငယ်တစ်ဦးသည် ရန်ရှင်းကျိုး၏ ဝင်းတံခါးကို တွန်းဖွင့်ဝင်ရောက်လာပြီး အော်ဟစ်လိုက်သည်။
"ခေါင်းဆောင်ကြီး... ထမင်းစားလို့ ရပြီနော်... ဟင် ဒါနဲ့ ဒီမြင်းကြီးက ဘယ်က ရောက်လာတာလဲ... အို... ခေါင်းဆောင်ကြီး... ဒီမြင်းကြီးကို ဘယ်ကနေ သွားခိုးလာတာလဲဗျာ..."
***
ပြိုင်ဖက်ကင်းဓားသမား