အခန်း ၆၅
Vol. 7 Ch. 65
အခန်း (၆၅) - ဩဇာအာဏာ တည်ဆောက်ခြင်း
ခန်းမပြင်ပမှ အော်ဟစ်သံ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ရန်ရှင်းကျိုး၏အနား၌ ရပ်နေသော ဟွမ်ဟေးဟူသည် အော်ဟစ်ကာ တံခါးဝဘေးရှိ သူ၏ သံတုတ်ကြီးကို ဆွဲယူပြီး အပြင်သို့ ပြေးထွက်သွားတော့သည်။
ထိုသူသည် တံတိုင်းပေါ်မှ ခန်းမဆောင်ရှေ့သို့ ဆင်းလာချိန်၌ ဟွမ်ဟေးဟူသည် ကောင်းကင်ယံသို့ ခုန်တက်သွားခဲ့ပြီဖြစ်ရာ သူ၏ သံတုတ်ကြီးမှာ လှံတစ်စင်းလို ပြောင်းလဲသွားပြီး ခြံအတွင်းရှိ လူ၏ ရင်ဘတ်ဆီသို့ တည့်တည့်မတ်မတ် ဦးတည်ထိုးနှက်လိုက်တော့သည်။
ရန်ရှင်းကျိုး လေနက်ခံတပ်၏ ခေါင်းဆောင်ကြီး ဖြစ်လာပြီးနောက် ဟွမ်ဟေးဟူသည် သူ၏ ကိုယ်ရံတော်နှင့် အစေခံအဖြစ် ဆန္ဒအလျောက် ဆောင်ရွက်ခဲ့သည်။ နံနက်တိုင်း အစည်းအဝေး ကျင်းပသည့်အခါ ဟွမ်ဟေးဟူသည် ရန်ရှင်းကျိုး၏ အနောက်၌ ကျောက်ရုပ်တစ်ရုပ်အလား မတ်မတ်ရပ်ကာ ရန်ရှင်းကျိုးအတွက် မည်သည့်အရပ်မျက်နှာမှမဆို ရန်သူများ ကျရောက်လာပါက အချိန်မရွေး ကာကွယ်ပေးရန် အသင့်အနေအထား ရှိနေတတ်၏။
လေနက်ခံတပ်အတွင်း၌ ရန်သူဟူ၍ မရှိသလောက်ပင် ဖြစ်သည်။ အကယ်၍ ရန်သူတစ်ဦးက ရန်ရှင်းကျိုး၏အနားသို့ အမှန်တကယ် ချဉ်းကပ်လာနိုင်ခဲ့လျှင် ထိုနေရာ၌ ဟွမ်ဟေးဟူ ရှိနေခြင်း သို့မဟုတ် မရှိနေခြင်းက ကြီးမားသော ခြားနားချက် ရှိလိမ့်မည်မဟုတ်ပေ။
သို့သော်လည်း ခံတပ်၏ အဖွဲ့ဝင်တစ်ဦးအနေဖြင့် အသက်တစ်ဆယ်ကျော်အရွယ် လူငယ်တစ်ဦးဖြစ်သော ဟွမ်ဟေးဟူသည် တစ်စုံတစ်ရာ လုပ်ဆောင်ရန် လိုအပ်ပေသည်။ ကလေးသူငယ်များပင် စက္ကူစက်တွင် ကူညီလုပ်ကိုင်ပေးရမှန်း သိကြရာ အခြေအင်္ဂါစုံလင်ပြီး သန်မာထွားကျိုင်းသော လူငယ်တစ်ဦးဖြစ်သည့် သူသည်လည်း ပျင်းရိစွာ မနေနိုင်သည်မှာ သဘာဝပင် ဖြစ်သည်။
သို့ဖြစ်ရာ ခံတပ်အတွင်းရှိ နွား၊ မြင်း၊ သိုးနှင့် အခြားတိရစ္ဆာန်များကို ထိန်းကျောင်းကျွေးမွေးရုံသာမက ဟွမ်ဟေးဟူသည် နေ့စဉ်နေ့တိုင်း ရန်ရှင်းကျိုး၏ နောက်သို့ လိုက်ပါကာ ကိုယ်ရံတော်အဖြစ် ဆောင်ရွက်လျက် ခေါင်းဆောင်ကြီး ရန်ရှင်းကျိုး၏ နောက်လိုက်အဖြစ် ဟိတ်ဟန်ထုတ်ပေးရလေသည်။
ယခုအခါ ခြံထဲ၌ တစ်စုံတစ်ဦးက ရိုင်းစိုင်းစွာ ပြောဆိုလာသောကြောင့် ကိုယ်ရံတော် ဟွမ်ဟေးဟူအား အသုံးပြုရန် အကောင်းဆုံးအချိန် ဖြစ်ပေသည်။ သူသည် ခန်းမဆောင်အတွင်းမှ ပထမဆုံး ပြေးထွက်သွားခဲ့သည်။ သူ၏လက်ထဲရှိ သံတုတ်မှာ သူ၏အဘိုးဖြစ်သူက သူ့အတွက် သီးသန့်ပြုလုပ်ပေးထားသည့် သံနှောတုတ်ကြီး ဖြစ်သည်။ ၎င်းသည် ငန်းဥတစ်လုံးခန့် တုတ်ပြီး အလျား ဆယ့်နှစ်ပေ ရှိကာ အလေးချိန် ပိဿာနှစ်ဆယ်နီးပါး လေး၏။
ဆန့်ကျင်ဘက်မှ လူသည် မြေပြင်ပေါ်သို့ ခြေချမိရုံသာ ရှိသေးသော်လည်း သံတုတ်ကြီးမှာမူ သူ၏မျက်နှာတည့်တည့်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ ထိုသူသည် ထိတ်လန့်တကြားဖြစ်သွားပြီး သူ၏ဓားမြှောင်ကို ဆွဲထုတ်ကာ ဟွမ်ဟေးဟူ ဦးတည်ထိုးနှက်လာသည့် သံတုတ်ကြီးဆီသို့ အပြင်းအထန် ခုတ်ပိုင်းလိုက်သည်။
ဘုန်း...
ဓားနှင့် သံတုတ်ကြီး ရိုက်ခတ်မိသွားချိန်တွင် ထိုသူသည် အောင့်သက်သက် ငြီးတွားသံတစ်ချက် ထွက်ပေါ်လာပြီး သူ၏ဓားမှာလည်း လွင့်ထွက်သွားတော့သည်။ ၎င်းသည် ဟွမ်ဟေးဟူ၏ သံတုတ်ကြီးအား အနည်းငယ်မျှပင် တားဆီးနိုင်ခြင်း မရှိခဲ့ပေ။ သံတုတ်ကြီးသည် မူလအရှိန်အဟုန်အတိုင်း ရှေ့သို့ ဆက်လက်တိုးဝင်သွားပြီး သူ၏ရင်ဘတ်ဆီသို့ တည့်တည့်မတ်မတ် ထိုးစိုက်သွားလေသည်။
ရွှပ်....
သွေးစက်များ နေရာအနှံ့ ပန်းထွက်သွားတော့သည်....(ရေးရင်းရွှေစိမ့်ကိုသတိရ)
စက္ကန့်ပိုင်းအတွင်း ထိုသူသည် ဘေးဘက်သို့ လျင်မြန်စွာ ရှောင်တိမ်းလိုက်သဖြင့် ရင်ဘတ်သို့ ထိုးစိုက်မည့် သံတုတ်ကြီး၏ ဒဏ်ချက်ကို သီသီလေး လွတ်မြောက်သွားခဲ့သော်လည်း ပခုံးဆီသို့ ကျရောက်လာမည့် ဒဏ်ချက်ကိုမူ မရှောင်လွှဲနိုင်ခဲ့ချေ။ ဟွမ်ဟေးဟူသည် သူ၏ သံတုတ်ကြီးဖြင့် ထိုသူ၏ ပခုံးဆစ်ဆီသို့ ရိုက်ချလိုက်ရာ ရှေ့ရောနောက်ပါ တစ်ပြိုင်နက်တည်း ထိုးဖောက်သွားတော့သည်။
ထိုသူသည် ပြင်းထန်လှသော ဝေဒနာကြောင့် စူးစူးဝါးဝါး အော်ဟစ်နေစဉ် ဟွမ်ဟေးဟူသည် သူ၏လက်ထဲမှ သံတုတ်ကြီးကို ဝှေ့ယမ်းကာ ထိုသူ၏ ပခုံးအဆစ်မှ လက်မောင်းတစ်ဖက်လုံးကို ဖြတ်တောက်ပစ်လိုက်ရာ သွေးများ ဖိတ်ဖိတ်စင်စင် ပန်းထွက်လာတော့သည်။
တိုက်ပွဲမှာ လျင်မြန်စွာ စတင်ခဲ့ပြီး လျင်မြန်စွာပင် ပြီးဆုံးသွားခဲ့သည်။ ရန်ရှင်းကျိုးနှင့် အခြားသူများ ခန်းမဆောင်အပြင်သို့ လျှောက်ထွက်လာချိန်တွင် ဝါရောင်ဝတ်စုံဝတ် အမျိုးသားတစ်ဦးသည် ပြတ်တောက်သွားသော သူ၏ပခုံးကို ဆုပ်ကိုင်လျက် စူးစူးဝါးဝါး အော်ဟစ်ညည်းတွားနေသည်ကို မြင်တွေ့လိုက်ကြရသည်။
"ရန်ရှင်းကျိုး"
အဝတ်အစား ဖရိုဖရဲဖြစ်နေပြီး ကလဲ့စားချေလိုသော သရဲတစ္ဆေတစ်ကောင်အလား ဖြစ်နေသည့် ထိုသူသည် ခန်းမဆောင်အတွင်းမှ ထွက်လာသော ရန်ရှင်းကျိုးကို စိန်းစိန်းဝါးဝါး စိုက်ကြည့်လျက် အော်ဟစ်လိုက်သည်။
"မင်း ငါ့အပေါ် ဒီလိုလုပ်ရဲတယ်ပေါ့... ငါတို့ အာ့ဟူကုန်းက လူတွေဟာ မင်းကို ဘယ်တော့မှ ခွင့်လွှတ်မှာ မဟုတ်ဘူး"
"မင်းက အာ့ဟူကုန်းက ဟန်ထျန်းစိလား..."
"မင်းတို့ အာ့ဟူကုန်းရဲ့ ခေါင်းဆောင် ဟန်ထျန်းယွိတောင် ငါ့ကို ဒီလိုမျိုး စကားမပြောရဲဘူး။ မင်းက ဘာမို့လို့လဲ..."
စကားများများ ပြောမနေတော့ဘဲ သူက လက်ကို ဝှေ့ယမ်းလျက် ဟွမ်ဟေးဟူအား အမိန့်ပေးလိုက်သည်။
"သူ့ကို သတ်ပစ်လိုက်"
"ဟုတ်”
သူသည် သူ၏ သံတုတ်ကြီးကို လွှဲယမ်းကာ ဟန်ထျန်းစိ၏ ဦးခေါင်းတည့်တည့်သို့ ရိုက်ချလိုက်တော့သည်။
ဟန်ထျန်းစိသည် ထိတ်လန့်တကြားဖြစ်သွားပြီး အနောက်သို့ လျင်မြန်စွာ ဆုတ်ခွာလျက် အော်ဟစ်လိုက်၏။
"ခေါင်းဆောင်ကြီး ရန်... ရပ်ပါဦး ကျွန်တော်တို့ ခေါင်းဆောင်က စာတစ်စောင် ပေးလိုက်လို့ပါ... သူက ကျွန်တော့်ကို ခေါင်းဆောင်ကြီးဆီ စာလာပို့ခိုင်းတာပါဗျာ"
ဟွမ်ဟေးဟူ၏ အရှိန်အဟုန်ဖြင့် ကျဆင်းလာသော သံတုတ်ကြီးမှာ လေထုထဲ၌ ရုတ်ချည်းပင် ငြိမ်သက်သွားတော့သည်။ သူက ရန်ရှင်းကျိုးဘက်သို့ လှည့်ကြည့်ကာ မေးမြန်းလိုက်၏။ "သူက စာလာပို့တာတဲ့ ခေါင်းဆောင်!"
သာမန်လူတစ်ဦးသည် လေးလံလှသော လက်နက်တစ်ခုကို အင်အားကုန်သုံး၍ ရိုက်ချနေစဉ် လမ်းဝက်၌ ရုတ်ချည်း ရပ်တန့်ရန် မဖြစ်နိုင်ချေ။ ထိုသို့ ချက်ချင်း ရပ်တန့်နိုင်သူများသည် သံသယဖြစ်ဖွယ်မရှိ သိုင်းပညာရှင်ကောင်းများသာ ဖြစ်ကြပေသည်။ ဟန်ထျန်းစိသည် ဟွမ်ဟေးဟူ၏ သံတုတ်ကြီးမှာ အလွန်လျင်မြန်သော အရှိန်အဟုန်မှ လုံးဝ ငြိမ်သက်သွားသည့် အခြေအနေသို့ မည်သည့်ပင်ပန်းသည့် လက္ခဏာမျှ မပြဘဲ ပြောင်းလဲသွားသည်ကို ကြည့်ကာ လက်တစ်ဖက် ဆုံးရှုံးသွားရသည်ထက်ပင် ပိုမို၍ ကျောပြင်တစ်ခုလုံး စိမ့်ခနဲ အေးစက်သွားရတော့သည်။
"ငါ လေနက်ခံတပ်မှာ အံ့အားသင့်စရာ ကောင်းလောက်အောင် အစွမ်းထက်တဲ့ သားရဲကျားကြီးတစ်ကောင် ရှိတယ်လို့ ကြားဖူးပေမဲ့... ဒီလောက်အထိ အစွမ်းထက်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး ငါတို့ခေါင်းဆောင်က လေနက်ခံတပ်ကို လုယူဖို့ ကြံစည်နေတာ... ဒီတစ်ကြိမ်တော့ တကယ်ပဲ တွက်ကိန်းလွဲသွားခဲ့ပြီ ငါတို့ အာ့ဟူကုန်းမှာ ဟွမ်ဟေးဟူကို တစ်ယောက်ချင်း ယှဉ်ပြိုင်နိုင်တဲ့သူ တစ်ယောက်မှ မရှိဘူး။ အခုအခြေအနေက ငါတို့က လေနက်ခံတပ်ကို လုယူဖို့ မဟုတ်တော့ဘဲ... သူတို့ ငါတို့ကို လာမတိုက်အောင် ဘယ်လိုတားဆီးရမလဲဆိုတာပဲ ဖြစ်နေပြီ"
"ဟေဟု... မင်း ဒီလောက်အထိ မောက်မာတဲ့ စာပို့သမားမျိုးကို တွေ့ဖူးလား။ သူက ငါတို့ရဲ့ စကားတွေကို ခိုးနားထောင်ရုံတင်မကဘူး... ငါတို့ရဲ့ စက္ကူပြုလုပ်နည်း လျှို့ဝှက်ချက်ကိုလည်း လုယူချင်တယ်လို့ စော်ကားမော်ကား ပြောဆိုခဲ့သေးတယ်။ ဟန်ထျန်းယွိတောင် ဒီလိုမျိုး စကား မပြောဝံ့ဘူး... ဒါပေမဲ့ ဒီစာပို့သမားကတော့ တကယ့်ကို သတ္တိကောင်းလွန်းလှတယ်"
"ခေါင်းဆောင်... ကျွန်တော့်ကို ပြောရုံသာပြော... သူ့ကို သတ်ရမလား၊ လွှတ်ပေးရမလား..."
"သူ့ခြေထောက်ကို ချိုးပြီး ဒီနေရာကနေ မောင်းထုတ်လိုက်"
"ဟုတ်ကဲ့”
"ဟေ့ကောင်လေး... ရုန်းမနေနဲ့ မင်း ရုန်းရင် မင်းရဲ့ ခြေထောက်နှစ်ဖက်လုံး ကျိုးသွားလိမ့်မယ်... မရုန်းရင်တော့ တစ်ဖက်ပဲ ဆုံးရှုံးရလိမ့်မယ်"
"ခေါင်းဆောင်ကြီး ရန်... ခင်ဗျား ငါ့အပေါ် ဒီလိုလုပ်ရဲတယ်ပေါ့... ငါ..."
"ခန်းမထဲ ပြန်ဝင်ကြစို့ ငါတို့ ဆက်ပြီး ဆွေးနွေးရအောင်"
ဘေးရှိ လူအချို့က ဟန်ထျန်းစိကို လွှတ်ပေးရန် ခေါင်းဆောင်ကြီးအား ဖျောင်းဖျလိုကြသော်လည်း ရန်ရှင်းကျိုးက ကိုယ်ကို လှည့်ကာ အခန်းတွင်းသို့ ဝင်ရောက်သွားပြီဖြစ်ကြောင်း မြင်တွေ့ရလျှင် သူတို့သည် ခေတ္တမျှ တုံ့ဆိုင်းသွားကြပြီး တစ်စုံတစ်ရာ ထပ်မံမပြောဝံ့တော့ဘဲ အချင်းချင်း အကြည့်ချင်း ဖလှယ်လျက် ရန်ရှင်းကျိုး၏ နောက်သို့ လိုက်ပါသွားကြတော့သည်။
သူတို့၏ အနောက်ဘက်တွင်ကား ဟန်ထျန်းစိ၏ အော်ဟစ်ဆဲဆိုသံများ ဆက်တိုက်ထွက်ပေါ်နေပြီး နောက်ဆုံးတွင် စူးစူးဝါးဝါး အော်ဟစ်အော်ညည်းသံများအဖြစ်သို့ ပြောင်းလဲသွားတော့သည်။ ရန်ရှင်းကျိုးကမူ မည်သို့မျှ မလှုပ်ရှားဘဲ သူ၏ကုလားထိုင်တွင် ထိုင်လျက် ခံတပ်၏ ကိစ္စရပ်များကို အခြားသူများနှင့် ဆက်လက်ဆွေးနွေးနေသည်။ ခေတ္တမျှကြာပြီးနောက် ဟွမ်ဟေးဟူသည် အပြင်ဘက်မှ အခန်းတွင်းသို့ ခေါင်းပြူကြည့်လိုက်သည်။
"ခေါင်းဆောင်ကြီး... ကျွန်တော် အဲဒီကောင်လေးရဲ့ ခြေထောက်ကို ချိုးလိုက်ပါပြီ... ဒါပေမဲ့ အားနည်းနည်း လွန်သွားလို့ ကျန်တဲ့ခြေထောက်တစ်ဖက်လည်း ကျိုးသွားတယ်ဗျ”
"ဒါက သူ့ဆီကနေ ရှာတွေ့ခဲ့တဲ့ စာပဲဗျ။ ဒီကောင်လေးဆီမှာ ငွေဒင်္ဂါး ဆယ်ဂဏန်းကျော်တောင် ရှိနေတာ... တကယ့်ကို သူဌေးလေးပဲ”
"အဲဒီ ငွေဒင်္ဂါးတွေရဲ့ တစ်ဝက်ကို မင်း သိမ်းထားလိုက်... ကျန်တဲ့တစ်ဝက်ကိုတော့ ခံတပ်ကို အပ်လိုက်ပါ။ ပြီးတော့ ဟန်ထျန်းစိရဲ့ ဒဏ်ရာတွေကို ဆေးထည့်ပေးလိုက်ပြီး လှည်းကို မင်းကိုယ်တိုင် မောင်းပြီး သူ့ကို အာ့ဟူကုန်းဆီ ပြန်ပို့ပေးလိုက်"
"ကောင်းပြီဗျာ... ကျွန်တော် အခုပဲ သွားလိုက်ပါ့မယ်"
အခန်းတွင်းရှိ လူများအကြားတွင် လှုပ်လှုပ်ရှားရှား ဖြစ်သွားကြ၏။ ဝမ်ယွီလျန်က မတ်တပ်ရပ်လျက် ပြောလိုက်သည်။
"ခေါင်းဆောင်ကြီး... ဟေဟုတစ်ယောက်တည်း အာ့ဟူကုန်းကို သွားတာက နည်းနည်း အဆင်မပြေဖြစ်နိုင်မလားဗျ။ သူက လူကိုလည်း ဒဏ်ရာရအောင် လုပ်ထားပြီးတော့ အဲဒီဒဏ်ရာရတဲ့လူကို သူတို့ဆီ ကိုယ်တိုင် သွားပို့ပေးတာက... သူတို့မျက်နှာကို ပါးရိုက်လိုက်သလို ဖြစ်နေပါတယ်။ တိုက်ပွဲဖြစ်ပွားဖို့ကတော့ ရှောင်လွှဲရ ခက်ပါလိမ့်မယ်"
"ကျားတစ်ကောင်က တိုက်ပွဲကို ကြောက်လို့လား..."
ဟွမ်ဟေးဟူသည် လေနက်ခံတပ်တစ်ခုလုံးတွင် ပြဿနာရှာသူများ၏ ဘိုးဘေးကြီးအဖြစ် ကျော်ကြားသူ ဖြစ်သည်။ ဤလူငယ်သည် အလွန်အမင်း သန်မာထွားကျိုင်းပြီး ဒေါသစရိုက် ကြမ်းတမ်းလှကာ ပြဿနာရှာရခြင်းကို နှစ်သက်သူ ဖြစ်သည်။ ရန်ရှင်းကျိုးမှတစ်ပါး သူသည် မည်သူ့ကိုမျှ ရိုသေလေးစားခြင်း မရှိချေ။
ထိုစဉ်က ဝတ်စုံဖြူဝတ် ဓားသမားသည် တောင်ပေါ်ခံတပ်ဝယ် လူသတ်ပွဲ ကျင်းပနေချိန်၌ ဤကလေးသည် သူ၏အဘိုးဖြစ်သူအား ပန်းပဲထုရန် ကူညီပေးနေခဲ့ခြင်းမှာလည်း ကံကောင်းသွားခဲ့သည်။ မဟုတ်ပါက လေနက်ခံတပ်သည် အဖိုးတန်သော အသက်တစ်ချောင်း ထပ်မံဆုံးရှုံးရလိမ့်မည်။
ဟွမ်ဟေးဟူသည် မွေးရာပါ ခွန်အားကြီးမားရုံသာမက ခြေဖဝါးအောက်တွင်လည်း အမွေးအမျှင်များ ရှိနေသဖြင့် ယုန်တစ်ကောင်ထက်ပင် ပိုမို လျင်မြန်သော အပြေးစွမ်းရည်ကို ပိုင်ဆိုင်ထားသည်။ အကယ်၍ သူသည် အာ့ဟူကုန်းသို့ သွားရောက်စဉ် တိုက်ပွဲတစ်ခု ဖြစ်ပွားလာပါက အာ့ဟူကုန်းရှိ လူများကို အနိုင်မယူနိုင်လျှင်ပင် သူသည် လွယ်ကူစွာ ထွက်ပြေးလွတ်မြောက်နိုင်စွမ်း ရှိပေသည်။
ထိုသို့ စဉ်းစားတွေးတောမိကြပြီးနောက် လူတိုင်းသည် အမှန်တကယ် စိုးရိမ်ပူပန်စရာမရှိကြောင်း သဘောပေါက်သွားကြတော့သည်။
ရန်ရှင်းကျိုးသည် လက်အိတ်များကို စွပ်လိုက်ပြီးနောက် ဓားကို ထုတ်ယူကာ ဟန်ထျန်းစိ၏ ကိုယ်ပေါ်မှ ရရှိခဲ့သော စာအိတ်ကို ဂရုတစိုက် ဖြတ်တောက်ဖွင့်လှစ်လိုက်သည်။ သူသည် စာကို ဖတ်ရှုပြီးနောက် လူတိုင်းကို ပြုံးပြလျက် ပြောလိုက်၏။
"ဟန်ထျန်းယွိက သူတို့မျိုးနွယ်စုထဲက နန်းတွင်းမှာ အလုပ်လုပ်နေတဲ့ နောင်တော်တစ်ဦးရှိပြီး ငါတို့ကို နန်းတွင်းအရာရှိတွေနဲ့ မိတ်ဆက်ပေးနိုင်တယ်လို့ ရေးထားတယ်။ ငါတို့ရဲ့ စက္ကူပြုလုပ်နည်းပညာကို နန်းတွင်းသို့ ဆက်သသရွေ့ ငါတို့အားလုံး သေချာပေါက် ကြီးမားတဲ့ ဆုလာဘ်တွေကို ရရှိလိမ့်မယ်လို့ ဆိုထားတယ်..."
"အများဆုံးရှိလှ သူက နန်းတွင်း လက်မှုဌာနရဲ့ အမှုထမ်းခေါင်းဆောင်ငယ်လေးတစ်ဦးသာ ဖြစ်ပါလိမ့်မယ်။ ဘယ်လိုမျိုး ကြီးမားတဲ့ ဆုလာဘ်ကို ရရှိနိုင်မှာလဲဗျာ။ အစိုးရရဲ့ စကားကို ယုံကြည်တဲ့သူတိုင်းဟာ နောက်ဆုံးမှာ ဆိုးကျိုးတွေကိုသာ ရင်ဆိုင်ရပါလိမ့်မယ်"
"ဒီချွီအိုကြီးဟာ အတိတ်တုန်းကလည်း တကယ့်ကို ဉာဏ်များပြီး လည်ဝယ်တဲ့သူတစ်ဦး ဖြစ်ခဲ့ရမယ်!"
သူသည် ထိုစာကို သိမ်းဆည်းလိုက်ပြီး ဘေးရှိ လူယုံတစ်ဦးထံသို့ ပေးလိုက်သည်။ ထို့နောက် စက္ကူနှင့် ကလောင်တို့ကို ယူဆောင်လာရန် အမိန့်ပေးကာ အာ့ဟူကုန်းမှ ဟန်ထျန်းယွိထံသို့ ပြန်စာတစ်စောင် ရေးသားလိုက်သည်။ ထို့နောက် ဟွမ်ဟေးဟူကို ခေါ်ယူကာ ပြောလိုက်၏။
"ဒီစာကို ဟန်ထျန်းယွိဆီ လူကိုယ်တိုင် သွားပေးလိုက်... ပြီးတော့ စက္ကူပြုလုပ်နည်းကို သူတို့ စိတ်ကူးတောင် မယဉ်ဖို့ ပြောလိုက်ပါ။ အကယ်၍ သူတို့ တခြားစိတ်ကူးတွေ ရှိနေဦးမယ်ဆိုရင် ငါတို့ အာ့ဟူကုန်းတစ်ခုလုံးကို မြေလှန်ပစ်လိုက်မယ်လို့ ပြောလိုက်"
ဟွမ်ဟေးဟူသည် စာကို ယူကာ သူ၏ အိတ်ကပ်ထဲသို့ ထည့်လိုက်ရင်း စိတ်ထဲမှ တိတ်တဆိတ် တွေးတောနေမိတော့သည်။
"ဘာဖြစ်လို့ ဒီလောက်အထိ အပင်ပန်းခံနေရတာလဲ... ဒီတစ်ခေါက်တည်းနဲ့ သူတို့ကို အကုန် သုတ်သင်ပစ်လိုက်တာက ပိုကောင်းတာပေါ့။ ငါ အဲဒီကို ရောက်ရင်တော့ သေချာပေါက် တုန်လှုပ်ခြောက်ချားသွားအောင် လုပ်ပြရမယ်"
***
ပြိုင်ဖက်ကင်းဓားသမား