အခန်း ၆၈
Vol. 7 Ch. 68
အခန်း (၆၈) နယ်ခြားစောင့်မဟာမင်းကြီးရုံး
တယ်လီပြည်၏ နယ်နိမိတ် ပြင်ပဒေသများတွင် နယ်ခြားစောင့်မဟာမင်းကြီးရုံးများကို အများအားဖြင့် နယ်စပ်အရေးအရာအားလုံးကို စီမံခန့်ခွဲရန် တည်ထောင်ထားလေ့ ရှိသည်။ ယင်းရုံးများသည် သီးခြားရပ်တည်သော အဖွဲ့အစည်းများဖြစ်ပြီး ဒေသတစ်ခုလုံးကို အုပ်ချုပ်ကြသဖြင့် အဆိုပါနယ်မြေများ၏ အရှင်သခင်များဟုပင် ဆိုနိုင်သည်။
လေနက်ခံတပ်သည် အနောက်ဘက်ဒေသ နယ်ခြားစောင့်မဟာမင်းကြီးရုံးနှင့် မိုင် ၃၀၀ ခန့် အကွာအဝေးရှိသော ဘေးအန္တရာယ် ထူပြောသည့် တောင်ကြားလမ်းတစ်ခုတွင် ရှိသည်။ ၎င်းသည် မဟာမင်းကြီးရုံး၏ တရားစီရင်ပိုင်ခွင့် နယ်မြေပြင်ပတွင် ရှိသည်ဟု ဆိုနိုင်သော်လည်း မဟာမင်းကြီးရုံးသည် နှစ်စဉ်နှစ်တိုင်း ဓားပြများကို နှိမ်နင်းရန် စစ်သည်များကို အရပ်ရပ်သို့ စေလွှတ်လေ့ရှိသည်။ ထိုအခါမျိုးတွင် လေနက်ခံတပ်မှ လူများသည် ကြိုတင်ဆုတ်ခွာပြီး ပုန်းအောင်းနေကြရသည်။ မဟာမင်းကြီးရုံး၏ စစ်သည်များ ပြန်သွားကြမှသာ ခံတပ်သို့ ပြန်လာကာ လုယက်တိုက်ခိုက်သည့် လုပ်ငန်းများကို ဆက်လက်လုပ်ကိုင်ကြသည်။
ရန်ရှင်းကျိုးသည် လေနက်ခံတပ်ကို တာဝန်ယူပြီးနောက်တွင်မူ အနောက်ဘက်ဒေသ နယ်ခြားစောင့်မဟာမင်းကြီးရုံးမှ လူများကို ပိုမို၍ သတိထားလာခဲ့သည်။ အစိုးရစစ်တပ်၏ ရုတ်တရက် တိုက်ခိုက်ခြင်းကို ခံရကာ လေနက်ခံတပ်တစ်ခုလုံး အမြစ်ပြတ်သွားခြင်းမှ ကာကွယ်ရန်အတွက် သူသည် မဟာမင်းကြီးရုံးအနီးတွင် စျေးဆိုင်များဖွင့်ကာ စစ်တပ်၏ လှုပ်ရှားမှုများကို အချိန်နှင့်တပြေးညီ စုံစမ်းရန် သူလျှိုများကို စေလွှတ်ထားခဲ့သည်။
ထို့ကြောင့်ပင် သူသည် မဟာမင်းကြီးရုံးမှ အရာရှိများနှင့် မဟာမင်းကြီး မူဟိုင်ဖုန်း၏ မိသားစုအကြောင်းကို အသေးစိတ် သိရှိနေခြင်း ဖြစ်သည်။ မူဟိုင်ဖုန်းတွင် သားသုံးယောက်နှင့် သမီးနှစ်ယောက် ရှိသည်။ သမီးနှစ်ဦးစလုံးမှာ မြို့တော်ရှိ လူကုံထံများနှင့် အိမ်ထောင်ကျသွားခဲ့ပြီး သားကြီးနှစ်ယောက်မှာမူ အခြားဒေသများကို အုပ်ချုပ်ရန် ထွက်ခွာသွားကြပြီ ဖြစ်သည်။ သူ၏ တတိယမြောက်သား မူယွန်းရှန်း တစ်ဦးတည်းသာလျှင် မဟာမင်းကြီးနှင့်အတူ နယ်ခြားဒေသတွင် လိုက်ပါနေခြင်း ဖြစ်သည်။ သို့သော် သူသည် ငယ်ရွယ်သေးသဖြင့် အရေးကြီးသော ကိစ္စရပ်များကို တာဝန်မယူနိုင်သေးပေ။ သူသည် နေ့စဉ်ရက်ဆက် သိမ်းငှက်များနှင့် အမဲလိုက်ခြင်း၊ ခွေးတိုက်ခြင်း စသည့် အပျော်အပါးများဖြင့်သာ အချိန်ကုန်လွန်စေသဖြင့် လူအများက သူ့အား အသုံးမကျသော သားအဖြစ် သိထားကြသည်။
သို့သော် ယနေ့ လေနက်ခံတပ်အတွင်း၌ ဟွမ်ဟေးဟူကို အလွယ်တကူ အနိုင်ယူနိုင်ခဲ့ပုံကို ကြည့်ခြင်းအားဖြင့် သူသည် အတိုင်းအတာတစ်ခုအထိ အစွမ်းရှိသူဖြစ်ကြောင်း သိသာလှပေသည်။ "အသုံးမကျသူ" ဟူသော စကားလုံးနှင့် သူသည် မသက်ဆိုင်ပေ။
ထိုကဲ့သို့သော အဆင့်အတန်းရှိသူတစ်ဦးကို ရန်ရှင်းကျိုးအနေဖြင့် ငြင်းပယ်ရန် မဖြစ်နိုင်ပေ။ သို့မဟုတ်ပါက ဤလူငယ်က သူ၏ဖခင်အား တောင်းဆို၍ စစ်သည်များကို စေလွှတ်ခိုင်းလိုက်လျှင် လေနက်ခံတပ်သည် အနောက်မြောက်ဒေသ မြေပုံပေါ်မှ ပျောက်ကွယ်သွားရလိမ့်မည်။
"အို... ဒီနေရာလေးကို ကြွချီးမြှင့်တာ မင်းသားလေး ဖြစ်နေတာပဲ။ ကျွန်တော်မျိုး ရန်ရှင်းကျိုးအတွက် တကယ်ကို ဂုဏ်ယူစရာပါပဲ။ ကဲ... တံခါးကိုဖွင့်ပြီး မင်းသားလေးကို အမြန်ကြိုဆိုကြစမ်း"
"မင်းသားလေး ကြွလာမယ်ဆိုတာကို ကျွန်တော်မျိုး မသိလိုက်ရလို့ ကောင်းကောင်းမွန်မွန် မကြိုဆိုနိုင်ခဲ့တာကို ခွင့်လွှတ်ပေးပါဦး ခင်ဗျာ"
"လူတွေကို ပြန်သွားခိုင်းပြီး လက်နက်တွေ အသင့်ပြင်ထားခိုင်းလိုက်။ တကယ်လို့ တစ်ခုခုဖြစ်လာရင် ငါ့ရဲ့ အချက်ပေးသံဖြစ်တဲ့ ဖန်ခွက်ခွဲသံကို နားထောင်ထား... ပြီးရင် တံခါးတွေအကုန်ပိတ်ပြီး သူတို့အားလုံးကို သတ်ပစ်"
ဝမ်ဟေးမန်းက နားမလည်နိုင်စွာဖြင့် "ခေါင်းဆောင်... အဲဒီ မင်းသားလေး ဆိုတာက ဘယ်သူမို့လို့လဲ" ဟု မေးလိုက်သည်။
ရန်ရှင်းကျိုးက "မမေးနဲ့တော့။ သူ့ရဲ့ အစစ်အမှန် အဆင့်အတန်းကို မင်းသိသွားရင် သူ့ကို လက်ဖျားနဲ့တောင် တို့ဝံ့မှာ မဟုတ်တော့ဘူး" ဟု ပြန်ပြောလိုက်သည်။
"ခေါင်းဆောင် ဒီလိုပြောမှတော့ ကျွန်တော် ပိုတောင် မတိုက်ရဲတော့ပါဘူး"
အခြေအနေက စိုးရိမ်ရကြောင်း သိသဖြင့် သူသည် ချက်ချင်းပင် အော်ဟစ်လိုက်ကာ လူတစ်စုကို ခေါ်ဆောင်၍ ခံတပ်အတွင်းသို့ ပြန်ဝင်သွားတော့သည်။ တံခါးတွင်မူ အစောင့်အချို့ကိုသာ ထားရစ်ခဲ့ပြီး ကျန်ရှိသောလူများက ခံတပ်အတွင်း၌ အမိန့်ကို စောင့်ဆိုင်းနေကြသည်။
မူယွန်းရှန်းသည် မြင်းကို ခံတပ်တံခါးဝအထိ စီးလာပြီးနောက် မြင်းပေါ်မှ ဆင်းလိုက်သည်။ အတွင်းရှိ စစ်သည်များကို ကြည့်ကာ မျက်ခုံးတစ်ချက် ပင့်လိုက်ပြီး "ခေါင်းဆောင်ရန်က ဒီစစ်သည်တွေကို တကယ်ပဲ ကောင်းကောင်း လေ့ကျင့်ပေးထားတာပဲ" ဟု ချီးကျူးလိုက်သည်။
"မင်းသားလေးက ချီးမွမ်းလွန်းနေပါပြီ။ ကျွန်တော်တို့လို အရပ်အမောင်း မရှိတဲ့ လူစုလူဝေးက မင်းသားလေးလို ပညာရှင်မျိုးရဲ့ မျက်စိထဲ ဘယ်ဝင်ပါ့မလဲ။ ရယ်စရာတောင် ဖြစ်နေဦးမယ်"
မူယွန်းရှန်းသည် ရန်ရှင်းကျိုးအား အဝေးမှ လှံဖြင့် ပစ်ပေါက်စဉ်က လေနက်ခံတပ်၏ ခေါင်းဆောင်မှာ သန်မာထွားကြိုင်းသော လူလတ်ပိုင်းတစ်ဦး ဖြစ်လိမ့်မည်ဟု ထင်မှတ်ခဲ့သည်။ သို့သော် ယခု အနီးကပ် မြင်တွေ့ရသောအခါတွင်မူ ရန်ရှင်းကျိုးမှာ အရပ်ရှည်ရှည်၊ ကိုယ်လုံးပါးပါးနှင့် ကျောက်စိမ်းကဲ့သို့ ချောမောသော မျက်နှာပိုင်ရှင် ဖြစ်နေသည်ကို တွေ့ရသည်။ အနီရောင် နှုတ်ခမ်းအစုံနှင့်အတူ ပိုးထည်ဝတ်စုံကို ဆင်မြန်းထားကာ ခါးတွင် ဓားရှည်တစ်စင်းကို ချိတ်ဆွဲထား၏။ ခံတပ်တံခါးဝတွင် ရပ်နေသော သူ၏ အသွင်အပြင်သည် လေထဲတွင် ဝင့်ကြွားနေသော ကျောက်စိမ်းပင်တစ်ပင်အလား ဖော်ပြ၍မရနိုင်လောက်အောင် ခန့်ညားထည်ဝါလှပေသည်။
ကြည့်ရသည်မှာ လူပေါင်းထောင်ချီကို အုပ်ချုပ်နေသည့် တောင်ပေါ်ဓားပြဗိုလ်နှင့် မတူဘဲ ယဉ်ကျေးသိမ်မွေ့သော စာဆိုပညာရှိတစ်ဦးနှင့် ပို၍ တူနေလေသည်။
ကျားမ မရွေး ချောမောလှပသော အသွင်အပြင်သည် အခွင့်အရေးများစွာကို ဆောင်ကြဉ်းပေးတတ်ရာ ရန်ရှင်းကျိုးလည်း ထိုနည်းတူပင် ဖြစ်သည်။ ယခုအခါ သူက ပြုံးရွှင်စွာဖြင့် မူယွန်းရှန်းကို လက်အုပ်ချီ နှုတ်ဆက်လိုက်သည့်အခါ မူယွန်းရှန်း၏ စိတ်ထဲတွင် ရန်ရှင်းကျိုးအပေါ် အထင်ကြီးလေးစားမှုများ ချက်ချင်း တိုးဝင်လာခဲ့သည်။
"ဒီလို ဝေးလံခေါင်သီပြီး ဆင်းရဲတဲ့ နေရာမှာ ဒီလောက်အထိ ခန့်ညားတဲ့ သူရဲကောင်းတစ်ယောက် ပေါ်ထွက်လာလိမ့်မယ်လို့ ငါ လုံးဝ မထင်ထားခဲ့ဘူး”
မူယွန်းရှန်းသည်လည်း အလိုက်တသိဖြင့် လက်အုပ်ချီကာ ပြန်လည်ပြုံးပြလိုက်ရင်း "ငါ ဒီကို စိတ်ကူးပေါက်လို့ ရုတ်တရက် ရောက်လာတာပါ... ရန်ခေါင်းဆောင် အနေနဲ့ အားမနာပါနဲ့" ဟု ဆိုလိုက်သည်။
"အို... မဖြစ်နိုင်တာ မင်းသားလေးရာ။ မင်းသားလေး ကျွန်တော်တို့ ခံတပ်ကို လာလည်တာဟာ ကျွန်တော်တို့အတွက် တကယ်ကို ကြီးမားတဲ့ ဂုဏ်ယူစရာပါပဲ။ ဒါမျိုးကို အိပ်မက်တောင် မမက်ဝံ့ပါဘူး။ ဒီနေ့ မင်းသားလေး ကြွလာတာကိုပဲ အတိုင်းမသိ ဝမ်းသာနေရတာပါ။ ဘယ်လိုမှ အားနာစရာ မရှိပါဘူး။ ကဲ... ကြွပါ ခင်ဗျာ ကြွပါ"
ရန်ရှင်းကျိုး၏ ယဉ်ကျေးသိမ်မွေ့သော အပြုအမူများကို မြင်သောအခါ မူယွန်းရှန်းမှာ ပို၍ပင် စိတ်ကျေနပ်သွားတော့သည်။ နယ်ခြားစောင့်မဟာမင်းကြီးရုံး၏ တတိယမင်းသားဖြစ်သဖြင့် သူသည် ပုံမှန်အားဖြင့် မာနကြီးကာ သာမန်လူများကို အထင်သေးလေ့ရှိသည်။ သို့သော် ယနေ့ ရန်ရှင်းကျိုး၏ တည်ကြည်သော အမူအရာနှင့် ခန့်ညားသော ပုံစံကို မြင်လိုက်ရသည့်အခါ သူ့ကို ပိုမို ခင်မင်သွားမိသည်။
"ငါ့မှာသာ ဒီလိုလူမျိုးကို လက်ပါးစေအဖြစ် ထားခွင့်ရမယ်ဆိုရင် ငါ့အစ်ကိုကြီးထက်တောင် ပိုပြီး ဟိတ်ဟန်ထုတ်နိုင်မှာပဲ။ နှမြောစရာကောင်းတာကတော့ ဒီရန်ခေါင်းဆောင်က ဓားပြမျိုးရိုး ဖြစ်နေတာပဲ... လူပုံအလယ်မှာ ထုတ်ပြဖို့ကတော့ သိပ်အဆင်မပြေဘူး"
"တောက်... ဒီကလေး ဘာတွေ တွေးနေပါလိမ့်။ မင်းက ယဉ်ယဉ်ကျေးကျေး ပြောရင် ငါကလည်း မြှောက်ပင့်ပေးရတာပေါ့။ ဒါပေမဲ့ မင်းကသာ အတန်မသိ ကျော်လာမယ်ဆိုရင်တော့ မင်းခေါင်းကို တစ်ချက်တည်းနဲ့ ပြတ်အောင် ငါ ပိုင်းပစ်မယ်"
နှစ်ဦးသားမှာ ကိုယ့်အတွေးနှင့်ကိုယ် ရှိနေကြသော်လည်း လမ်းမကြီးကို ဖြတ်ကျော်ကာ ဧည့်ဆောင်သို့ ရောက်ရှိလာခဲ့ကြသည်။ ဤဝင်းကြီးမှာ လေနက်ခံတပ်မှ အရေးကြီးသော ဧည့်သည်များကို ဧည့်ခံရန် အထူးပြုလုပ်ထားခြင်း ဖြစ်သဖြင့် သူတို့သည် အိမ်ရှင်နှင့် ဧည့်သည်အဖြစ် နေရာယူလိုက်ကြလေသည်။
ခေတ္တမျှ စကားစမြည် ပြောဆိုပြီးနောက် မူယွန်းရှန်းက ပြုံး၍ ဆိုလိုက်သည်။ "ရန်ခေါင်းဆောင်... ငါ့ခမည်းတော်က စာရေးတာကို သိပ်ဝါသနာပါတယ်။ အားလပ်ချိန်ရတိုင်း သဲကန္တာရထဲမှာ ကဗျာတွေ ရေးလေ့ရှိတယ်။ သူရေးတဲ့ ကဗျာတွေဟာ နာမည်ကျော် ပညာရှိတော်တော်များများရဲ့ ချီးကျူးမှုကို ခံရပြီး အနောက်မြောက်ဒေသရဲ့ အကောင်းဆုံး စာဆို လို့တောင် အမည်တွင်နေတာ"
"ဟုတ်ပါပေ့... ဟုတ်ပါပေ့။ မဟာမင်းကြီး မူဟိုင်ဖုန်းက သဲပြင်ပေါ်မှာ ကဗျာရေးတယ်ဆိုတာ အနောက်မြောက်ဒေသမှာ ဘယ်သူက မသိဘဲ နေမှာလဲ။ တခြား အရာရှိကြီးတွေက ပိုးထည်တွေ၊ ဝါးပြားတွေကို သုံးပြီး အယုတ္တ အနတ္တတွေ လုပ်နေကြချိန်မှာ မဟာမင်းကြီး တစ်ယောက်တည်းကပဲ အရင်းအမြစ်တွေကို တန်ဖိုးထားပြီး ခြိုးခြံချွေတာတာပါ။ ဒါကြောင့်လည်း ပိုးထည်တွေ၊ ဝါးပြားတွေ၊ သားရေချောတွေကို မဖြုန်းတီးဘဲ သဲပြင်ပေါ်မှာပဲ ရေးတာ မဟုတ်လား"
"ဒီသတင်းကို ကြားရတဲ့အချိန်မှာ ကျွန်တော် တကယ်ကို စိတ်လှုပ်ရှားခဲ့ရပါတယ်။ မဟာမင်းကြီးရဲ့ ဒီလို ခြိုးခြံချွေတာတတ်တဲ့ စိတ်ဓာတ်ကို အထူးပဲ လေးစားမိပါတယ်။ သဲပြင်ပေါ်မှာ ရေးတာက မဟာမင်းကြီးရဲ့ ဂုဏ်သိက္ခာနဲ့ မကိုက်ညီသလို၊ သားရေတွေ ဝါးပြားတွေ သုံးတာကလည်း ဖြုန်းတီးရာ ရောက်နေလိမ့်မယ်လို့ ကျွန်တော် တွေးမိတယ်။ ဒါကြောင့် ကျွန်တော် အစွမ်းကုန် ကြိုးစားလိုက်တာ ဆံပင်တွေတောင် အတော်လေး ဖြူကုန်ပါပြီ။ နောက်ဆုံးတော့ ကျွန်တော် စက္ကူပြုလုပ်နည်း တစ်မျိုးကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဒါပေမဲ့ ဒီစက္ကူက ခုမှ စထုတ်တာဆိုတော့ အရည်အသွေးကို လုံးဝ စိတ်မချရသေးလို့ မင်းသားလေးကို မဆက်သရဲသေးတာပါ"
"အို... ဒါဆို ရန်ခေါင်းဆောင်က ငါ့ခမည်းတော်အတွက် ရည်ရွယ်ပြီး ဒီစက္ကူကို ဖန်တီးခဲ့တာပေါ့ ဟုတ်လား"
"အမှန်အတိုင်း ပြောရရင် ကျွန်တော်ဟာ မဟာမင်းကြီးကို လေးစားနေတာ ကြာပါပြီ။ ဒါပေမဲ့ ကျွန်တော့်ရဲ့ နိမ့်ကျတဲ့ မျိုးရိုးကြောင့် သူ့ကို သွားတွေ့ဖို့ မဝံ့ခဲ့ဘူး။ အခုတော့ ကျွန်တော့်ရဲ့ စက္ကူပြုလုပ်တဲ့ အတတ်ပညာက အတော်လေး အဆင်ပြေလာပြီဆိုတော့ ဒါဟာ မဟာမင်းကြီးကို ဆက်သဖို့ အကောင်းဆုံး အခွင့်အရေးပါပဲ။ မင်းသားလေး အခုလို ရောက်လာတာ အတော်ပဲ။ ကျွန်တော် ဒီစက္ကူပြုလုပ်နည်းကို မင်းသားလေးကတစ်ဆင့် မဟာမင်းကြီးဆီ တိုက်ရိုက် ဆက်သပါရစေ"
"ရန်ခေါင်းဆောင်... မင်းပြောတာ တကယ်ပဲလား"
"ဒီလောကမှာ ရန်ရှင်းကျိုးဟာ စကားတည်တဲ့လူ၊ ရွှေစင်ရွှေသားလို စိတ်ထားရှိတဲ့လူဆိုတာ လူတိုင်းသိပါတယ်"
မူယွန်းရှန်းသည် လေနက်ခံတပ်သို့ လာခဲ့ခြင်းမှာ စက္ကူပြုလုပ်နည်းကို လိုချင်သောကြောင့် ဖြစ်သည်။ လေနက်ခံတပ်က ဤလျှို့ဝှက်ချက်ကို သိမ်းဆည်းထားမည်ကို စိုးရိမ်သဖြင့် သူသည် အာ့ဟူကုန်းနှင့် အခြားသူများကို စုစည်းကာ လေနက်ခံတပ်ကို တိုက်ခိုက်ပြီး စက္ကူပြုလုပ်နည်းကို အတင်းအဓမ္မ လုယူရန် စီစဉ်ထားခဲ့သည်။ ထို့နောက် လေနက်ခံတပ်ကို ဖျက်ဆီးကာ အကျိုးအမြတ်အားလုံးကို ယူ၍ နန်းတော်သို့ ဆက်သရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။ သို့မှသာ သူ၏ဖခင် နယ်ခြားစောင့်မဟာမင်းကြီး၏ ရာထူးမှာ ပိုမို ခိုင်မြဲပေလိမ့်မည်။
သို့သော် မမျှော်လင့်ဘဲ ယနေ့ ရန်ရှင်းကျိုးနှင့် တွေ့ဆုံသောအခါ ရန်ရှင်းကျိုးက စကားစသည်နှင့် တိုက်ရိုက်ပင် ကမ်းလှမ်းလာခဲ့သည်။ ရန်ရှင်းကျိုးသည် စက္ကူပြုလုပ်နည်းကို ဆက်သရန် အစောကတည်းက ရည်ရွယ်ထားခြင်း ဖြစ်ရာ သူ၏ ယခင် စီစဉ်ထားသမျှမှာ လုံးဝ အပိုဖြစ်သွားတော့သည်။
"ရန်ခေါင်းဆောင်... မင်းသာ ငါ့ခမည်းတော်ကို ဒီစက္ကူပြုလုပ်နည်း ပေးမယ်ဆိုရင် မင်းလိုချင်တာ မှန်သမျှ တောင်းဆိုနိုင်ပါတယ်။ သိပ်ပြီး ခက်ခဲတဲ့ ကိစ္စမဟုတ်ရင် ငါ မင်းအတွက် ချက်ချင်း လုပ်ပေးမယ်လို့ အာမခံတယ်"
"ထားလိုက်ပါတော့။ ဒီကိစ္စက ကျွန်တော့်အတွက် နည်းနည်း ခက်ခဲနေလို့ မပြောတော့ပါဘူး။ ကျွန်တော်တို့ လေနက်ခံတပ်က ဒီစက္ကူပြုလုပ်နည်းကို မဟာမင်းကြီးဆီကိုပဲ အလကား ဆက်သလိုက်ပါ့မယ်"
"ရန်ခေါင်းဆောင်... မင်းက ငါ့ကို အဲဒီလောက်တောင် အထင်သေးနေတာလား"
***
ပြိုင်ဖက်ကင်းဓားသမား