အခန်း ၆၉
Vol. 7 Ch. 69
အခန်း (၆၉) အခြေချခြင်းမဟာနယ်ခြားစောင့်မင်းကြီး၏ သားဖြစ်သူ မူယန်ရှန်းသည် မွေးရာပါ မာနအရှိန်အဝါမြင့်မားသူ ဖြစ်ပြီး အနောက်ဘက်ဒေသ တစ်ခွင်ဝယ် သူ မတတ်နိုင်သော၊ သူ မလုပ်နိုင်သောကိစ္စဟူ၍ မရှိသလောက်ပင် ဖြစ်ရာ ထိုသို့သော လေလုံးထွားသည့် စကားမျိုးကို မဆိုင်းမတွပြောဆိုဝံ့ခြင်း ဖြစ်ပေသည်။ယန်ရှင်းကျိုး၏ တုံ့ဆိုင်းနေသော အမူအရာနှင့် ဝန်လေးနေသော စကားလုံးများကိုမြင်သောအခါ ယန်ရှင်းကျိုးက သူ့အား တမင်ဆွပေးနေခြင်း ဖြစ်မှန်း သိသော်လည်းမူယန်ရှန်းတစ်ယောက် စိတ်မထိန်းနိုင်ဘဲ ပြောလိုက်မိတော့သည်။"ညီအစ်ကို ယန်... ကျုပ် ကြွားဝါနေတာ မဟုတ်ဘူးနော်။ ဒီအနောက်ဘက်ဒေသမှာ ကျုပ်ဆုံးဖြတ်လို့မရတဲ့ ကိစ္စရယ်လို့ တကယ်ကို မရှိဘူး။ အကယ်၍ မင်းက ဒီစက္ကူလုပ်နည်းအတတ်ပညာကို ကာကွယ်ရေးမင်းကြီးရုံးဆီ ဆက်သမယ်ဆိုရင် ဒါဟာတန်ဖိုးဖြတ်လို့မရနိုင်တဲ့ အောင်မြင်မှုကြီး တစ်ခု ဖြစ်လာလိမ့်မယ်။ မင်းရဲ့တောင်းဆိုချက်တွေက သိပ်ပြီးတော့ အဓိပ္ပာယ်မရှိတာမျိုး မဟုတ်သရွေ့ ကျုပ်ကိုပွင့်ပွင့်လင်းလင်းသာ ပြောစမ်းပါ"
"ဒါဆိုလည်း ကျွန်တော် ပြောပါရစေဦး"
"ပြောသာပြောစမ်းပါ"
ယန်ရှင်းကျိုးက လက်နှစ်ဖက်ကို ပွတ်သပ်ကာ တဟားဟား ရယ်မောရင်း ပြောလိုက်သည်။"တကယ်တော့ ကျွန်တော် ဒီစက္ကူလုပ်နည်း အတတ်ပညာကို ဖန်တီးခဲ့တာကကာကွယ်ရေးစစ်သူကြီးမင်းဆီကို ဆက်သဖို့အတွက်ပါ။ သူ့အပေါ်မှာ ဘာတောင်းဆိုချက်မှမရှိသင့်ဘူးဆိုတာလည်း ကျွန်တော် သိပါတယ်။ ဒါပေမဲ့ အခု ကျွန်တော့်မှာက တစ်ကိုယ်တည်းမဟုတ်တော့ဘူးလေ။ လေနက်တောင်စခန်းက ထောင်နဲ့ချီတဲ့ လူတွေရဲ့ စားဝတ်နေရေးကကျွန်တော့်အပေါ်မှာ မူတည်နေတယ်။ အကယ်၍ ကျွန်တော်က ဒီအတတ်ပညာကိုကာကွယ်ရေးမင်းကြီးရုံးဆီ ဒီအတိုင်း အလကား ဆက်သလိုက်မယ်ဆိုရင် ကျွန်တော့်ရဲ့ကလေးတွေက ငတ်ပြတ်ကုန်ကြလိမ့်မယ်။"
ထို့နောက် သူက မူယန်ရှန်းကို ကြည့်ကာ ဆက်ပြောသည်။
"ဒါကြောင့်မို့လို့ ကျွန်တော် ကာကွယ်ရေးမင်းကြီးရုံးနဲ့ ပူးပေါင်းပြီးစက္ကူလုပ်ငန်းခွင်တစ်ခု ဖွင့်လှစ်ဖို့ သတ္တိရှိရှိ တောင်းဆိုချင်ပါတယ်။စက်ရုံပတ်လမ်း စတင်လည်ပတ်ပြီဆိုရင် စက္ကူထုတ်လုပ်မှု အလုပ်အားလုံးကိုကျွန်တော်တို့ကပဲ တာဝန်ယူပါ့မယ်။ စက္ကူရောင်းရငွေရဲ့ အမြတ်အစွန်း ၃၀ရာခိုင်နှုန်းကိုပဲ ကျွန်တော်တို့က ယူပြီး ကျန်တဲ့ ၇၀ ရာခိုင်နှုန်းကိုတော့ကာကွယ်ရေးမင်းကြီးရုံးကို အပ်နှံပါ့မယ် ဒီလို ဆုံးဖြတ်ချက်မျိုးကို သခင်လေးသုံး အနေနဲ့ချမှတ်ပေးနိုင်မလားဆိုတာ ကျွန်တော် သိချင်မိပါတယ်"
"ဒါ... ဒါပဲလား မင်းရဲ့ တောင်းဆိုချက်က"
"ကျွန်တော်တို့လို တောင်စခန်းအတွက်တော့ ဒါဟာ သိပ်ကို ကြီးမားတဲ့ကိစ္စပါဗျာ။ ကာကွယ်ရေးမင်းကြီးရုံးနဲ့ စီးပွားလက်တွဲ လုပ်ခွင့်ရတာတင်ပဲ မဟာမင်္ဂလာတစ်ရပ်ပါပဲ။ ဒါကြောင့်လည်း ကျွန်တော် အနည်းငယ် တုံ့ဆိုင်းနေခဲ့တာပါ"
မူယန်ရှန်းက အားရပါးရ ရယ်မောရင်း ပြောလိုက်လေသည်။
"မင်း တောင်းဆိုတာ ဒီလောက်လေးပဲဆိုရင် ငါ့ခမည်းတော်ဆီ ခွင့်ပြုချက်တောင်းနေစရာတောင် မလိုဘူး။ ငါကိုယ်တိုင်ပဲ ဆုံးဖြတ်ပေးလိုက်မယ်။ကာကွယ်ရေးမင်းကြီးရုံးရဲ့ အပြင်ဘက်မှာ မင်းတို့ စက္ကူစက်ရုံ ဆောက်ဖို့မြေကွက်တစ်ကွက် ငါ ချပေးမယ်။ ဒီစက္ကူတွေ အရောင်းအဝယ် လုပ်လို့ရတဲ့ အမြတ်အစွန်းအားလုံးကိုလည်း မင်းတို့ပဲ ယူလိုက်တော့"
သူက စက္ကူပြုလုပ်သည့် နည်းပညာရပ်ကိုသာ တန်ဖိုးထားခြင်းဖြစ်ပြီး ထိုစက်ရုံမှရရှိမည့် အမြတ်အစွန်းကိုမူ စိုးစဉ်းမျှပင် ဂရုမစိုက်ချေ။ လေနက်တောင်စခန်းမှလူအားလုံး စက်ရုံအလုပ်သမား ဖြစ်သွားလျှင်ပင် တစ်နှစ်လျှင် ငွေပြား မည်မျှရရှိနိုင်မည်နည်း။ ကာကွယ်ရေးမင်းကြီးရုံး၏ ဘဏ္ဍာရေးနောက်ခံနှင့် ယှဉ်လျှင်ဤမျှ သေးငယ်သော ဝင်ငွေမှာ သွားကြားထိုးရန်ပင် မလောက်ပေ။
အမှန်တကယ် တန်ဖိုးရှိသည်ကား စက္ကူပြုလုပ်နည်း နည်းပညာသာ ဖြစ်သည်။စက္ကူပြုလုပ်ပုံ လျှို့ဝှက်ချက်ကို နန်းတော်သို့ ဆက်သနိုင်သရွေ့ ရရှိလာမည့်အကျိုးကျေးဇူးများမှာ မည်သည့် ငွေကြေးပမာဏထက်မဆို သာလွန်ပေသည်။
မူယန်ရှန်းက ထိုမျှလွယ်လွယ်ကူကူ သဘောတူလိုက်သည်ကို မြင်သော် ယန်ရှင်းကျိုးကသဘောကျစွာ ရယ်မောလိုက်ပြီး "သခင်လေးသုံးဆီက ဒီစကားကို ကြားရမှတော့ ကျွန်တော့်ဘက်ကပြောစရာ ဘာရှိတော့မလဲ။ ကဲ... လာပါ... ခန်းမဆောင်ကြီးထဲကို အတူတူ သွားကြရအောင်။သခင်လေးအတွက် စားသောက်ပွဲ ပြင်ဆင်ထားပြီးပါပြီ။ သောက်ရင်းစားရင်း ဆွေးနွေးကြတာပေါ့"ဟု ဖိတ်ခေါ်လိုက်လေသည်။လူအုပ်စုကြီး စားသောက်ခန်းမအတွင်းသို့ ဝင်လာကြစဉ် တောင်ပုန်းသမားများမှာဝက်များနှင့် သိုးများကို သတ်ဖြတ်ကာ စားစရာ အလျှံပယ် ပြင်ဆင်ထားပြီး ဖြစ်လေသည်။မူယန်ရှန်း ခေါ်ဆောင်လာသော အခြံအရံ မြင်းစီးသူရဲများအနက် ထက်ဝက်ခန့်မှာဝိုင်းများတွင် ဝင်ရောက်ထိုင်ကြသော်လည်း ကျန်တစ်ဝက်မှာမူ အစားမစား၊ အသောက်မသောက်ဘဲခြံဝင်းအပြင်ဘက်၌ စောင့်ကြပ်နေကြသည်။ ယန်ရှင်းကျိုးမှာ စိတ်ထဲမှ တိတ်တဆိတ် အံ့အားသင့်သွားရသည်။
"ကာကွယ်ရေးမင်းကြီးရုံးရဲ့ ကိုယ်ရံတော်တွေက တကယ်ကို သတိကြီးကြတာပဲ။ အထင်သေးလို့မရတဲ့ လူတွေပါလား။"
သူသည် အရက်ခွက်ကို မြှောက်ကာ မူယန်ရှန်းအား အဖန်ဖန် တိုက်လေတော့သည်။ မူယန်ရှန်းသည်ဂုဏ်သရေရှိ မိသားစုမှ ပေါက်ဖွားလာသူ ဖြစ်သဖြင့် ကောင်းနိုးရာရာ အရက်မျိုးစုံကိုမြည်းစမ်းဖူးသော်လည်း လေနက်တောင်စခန်းမှ ပြင်းထန်သော အရက်ကြမ်းမှာမူလည်ချောင်းဝတွင် အလွန်ဆိုးရွားပေသည်။ သို့သော်လည်း ယန်ရှင်းကျိုး၏ စကားပြောနှုတ်ရေး ကောင်းမွန်မှုနှင့် ဟာသဉာဏ် ရွှင်ပျမှုတို့ကြောင့် သူပြောသမျှစကားတိုင်းမှာ မူယန်ရှန်း၏ ရင်ဘတ်ကို တိုက်ရိုက်ထိမှန်နေသည်။ထို့ကြောင့်ပင် အရက်က ညံ့သော်လည်း စကားလုံးများကမူ ချိုသာလှသည်။ဝိုင်းဖွဲ့ပြီး မကြာမီအချိန်အတွင်းမှာပင် မူယန်ရှန်းသည် ပြင်းထန်သော အရက်ကြမ်းသုံးခွက်ကို သောက်ပြီးသွားလေပြီ။ ထို့နောက် အရက်ရှိန် တက်လာကာ သူ၏စိတ်တွေဝေဝါးသွားတော့သည်။ သူ ပြန်လည်နိုးလာသောအခါ နောက်တစ်နေ့မနက်ခင်းသို့ပင် ရောက်ရှိနေချေပြီ။တောင်စခန်းမှ ထွက်ခွာလာချိန်တွင်ပင် သူ၏ အသိစိတ်များမှာ မကြည်မလင် ဖြစ်နေဆဲ။မြင်းစီး၍ ခရီးနှင်လာပြီး မိုင်တစ်ရာကျော် ခန့် ရောက်ရှိမှသာ သူ၏ ဦးနှောက်မှာအမှန်တကယ် လန်းဆန်းကာ ကြည်လင်သွားတော့သည်။"ဦးလေးကျင်း... ငါ တောင်စခန်းမှာ ရှိနေတုန်းက ယန်ခေါင်းဆောင်ကို တခြားဘာတွေများကတိပေးခဲ့မိသေးလဲ"မူယန်ရှန်းသည် သူ၏မြင်းကို ဇက်ဆွဲကာ ကိုယ်ရံတော်ခေါင်းဆောင် ဂျင်းချောင်ကျုံးနှင့်ယှဉ်တွဲစီးနင်းရင်း သံသယစိတ်ဖြင့် မေးမြန်းလိုက်ခြင်း ဖြစ်သည်။
"ငါ့စိတ်ထဲမှာ ယန်ခေါင်းဆောင်ကို တောင်စခန်းမှာ တစ်ခုခု ကတိပေးခဲ့သလိုမျိုး ဘာလို့ ခံစားနေရတာလဲ""သခင်လေး... သခင်လေးက ထမင်းစားပွဲမှာ လေနက်တောင်စခန်းကို မီးနဂါးမြင်း အကောင်သုံးဆယ် ပေးမယ်လို့ ကတိပေးခဲ့တာလေ။ ကျွန်တော်မျိုးက အသည်းအသန်တားမြစ်လို့သာ သုံးကောင်အထိ လျှော့ချနိုင်ခဲ့တာ။ အဲဒါတွေက မီးနဂါးမြင်းတွေလေဗျာ။ကျွန်တော်တို့ ကာကွယ်ရေးမင်းကြီးရုံးတစ်ခုလုံးမှာတောင် စုစုပေါင်း ဘယ်နှကောင်ရှိလို့လဲ။"
"ငါက လေနက်တောင်စခန်းကို မီးနဂါးမြင်းပေးမယ်လို့ ကတိပေးခဲ့တယ် ဟုတ်လား။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ မီးနဂါးမြင်းက ဘယ်လောက်တောင် အဖိုးတန်တဲ့ ရတနာလဲ။ ငါကိုယ်တိုင်တောင် တစ်ကောင်မှ မရသေးတာကို လေနက်တောင်စခန်းကို ဘယ်လိုစိတ်နဲ့ ပေးမယ်လို့ ကတိပြုရမှာလဲ”"သခင်လေး ပြောခဲ့တာကတော့... တုံ့ဆန်း ရှန်းကျိုးက တီမိသားစုရဲ့ပျံလွှားနဂါး မြင်းကွင်းကို ငါတို့မင်းဆက်က သိမ်းပိုက်လိုက်ပြီ။ နန်းတော်က အဲဒီထဲကနေ မီးလျှံတောက် မီးနဂါးမြင်း ရှစ်ရာကို သိမ်းယူထားပြီး ငါတို့ ကာကွယ်ရေးမင်းကြီးရုံးကိုလည်း တစ်ချို့ ခွဲပေးလိမ့်မယ် ဆိုပြီး ယန်ခေါင်းဆောင်ကို ကြိုတင် ကတိပေးလိုက်တာပါ"
"ငါ တကယ်ကြီး ကတိပေးလိုက်တာလား"
"ကျွန်တော်မျိုးက သခင်လေးကို ဘယ်လိုလုပ် လိမ်ဝံ့ပါ့မလဲခင်ဗျာ"
"အဲဒါတွေက မီးနဂါးမြင်းတွေလေဗျာ။ တန်ဖိုးဖြတ်လို့မရတဲ့ မြင်းတွေ။ ငါကိုယ်တိုင်တောင်တစ်ကောင်မှ မရှိသေးတာကို လေနက်တောင်စခန်းကို သုံးကောင်တောင် ပေးလိုက်ရတော့မယ်ဟုတ်လား"
တုံ့ဆန်း ရှန်းကျိုးရှိ တီမိသားစု၏ ပျံလွှားနဂါး မြင်းကွင်းသည် မျိုးကောင်းမြင်းများ ထွက်ရှိရာအဖြစ် ကျော်ကြားလှပြီး ၎င်းတို့အနက် အကျော်ကြားဆုံးမှာ မီးနဂါးမြင်း ဖြစ်သည်။
မီးနဂါးမြင်းသည် ပျံလွှားနဂါး မြင်းကွင်း၏ အကောင်းဆုံး ထိပ်တန်းမြင်း မဟုတ်သော်လည်းပြင်ပကမ္ဘာတွင်မူ အလွန်ပင် ရှားပါးပြီး တန်ဖိုးကြီးလှသော သားကောင်းမြင်းတစ်ကောင်ဖြစ်၏။ ထိုမြင်းမျိုးသည် မဟာလီနိုင်ငံတော်သို့ ရောက်သည်နှင့်မင်းညီမင်းသားများနှင့် မှူးမတ်တို့က ချက်ချင်းပင် လုယူခွဲဝေကြမည် ဖြစ်ရာအနောက်ဘက်ဒေသ ကာကွယ်ရေးစစ်သူကြီး၏ သားဖြစ်သူ မူယန်ရှန်းပင်လျှင် ထိုကဲ့သို့သောမြင်းတစ်ကောင်ကို မပိုင်ဆိုင်ဖူးချေ။အမှန်စင်စစ် သူ၏ခမည်းတော် မူဟိုင်ဖုန်း၏ စီးတော်မြင်းဖြစ်သော မိုးပြာနဂါးသားရဲသည် မီးနဂါးမြင်းထက် များစွာ ပိုမိုအစွမ်းထက်သော်လည်း ၎င်းမှာလက်ရှိဧကရာဇ်မင်းမြတ်၏ သနားတော်မူသော လက်ဆောင်မွန်ဖြစ်၍ မူဟိုင်ဖုန်းကိုယ်တိုင်မှတစ်ပါး အခြားသူ မစီးနင်းအပ်ချေ။ မူယန်ရှန်းနှင့် အခြားသူများမှာမူမိမိတို့ဘာသာသာ စီးတော်မြင်းကို ရှာဖွေကြရသည်။
အခုမှ ခက်ခက်ခဲခဲနဲ့ မီးနဂါးမြင်းအချို့ ရဖို့ အခွင့်အရေး ကြုံခါမှလေနက်တောင်စခန်းကို ပေးလိုက်ရတော့မည်။ မူယန်ရှန်း၏ ရင်ထဲ၌ သွေးစိမ်းရှင်ရှင်ယိုစီးနေသကဲ့သို့ ခံစားရ၏။ သူက "သုံးကောင်တောင်ကွာ... ငါတို့ကာကွယ်ရေးမင်းကြီးရုံးတစ်ခုလုံး စုစုပေါင်း ဘယ်နှကောင်များ ရမှာမို့လို့လဲ။ ဒါတွေကနန်းတော်က ငါတို့ကို မျိုးပွားဖို့အတွက် ပေးထားတဲ့ မြင်းတွေ။ ဒါကို ငါကဘယ်လိုလုပ်ပြီး ပေးလိုက်ရမှာလဲ" ဟု တတွတ်တွတ် ရေရွတ်နေလေသည်။ သူ၏ သခင်လေး တနုံ့နုံ့ ခံစားနေရသည်ကို မြင်သောအခါ ဂျင်းချောင်ကျုံးက ခေတ္တစဉ်းစားပြီးမှ ပြောလိုက်ပြန်သည်။
"သခင်လေး... သခင်လေးက လေနက်တောင်စခန်းကို မီးနဂါးမြင်း သုံးကောင် ပေးဖို့ ကတိပြုခဲ့ရုံတင်မကဘူး။ သူတို့ရွာက လူတွေ အမြဲတမ်း အခြေချ နေထိုင်နိုင်ဖို့အတွက် လမ်းတစ်လမ်းလုံးကို ပေးမယ်လို့လည်း ကတိပေးခဲ့ပါသေးတယ်..."
"လမ်းတစ်လမ်းလုံး ဟုတ်လား"
မူယန်ရှန်းမှာ ကင်းမြီးကောက် အကိုက်ခံလိုက်ရသည့်အလား မြင်းပေါ်မှ လွှားကနဲခုန်ဆင်းမိလုနီးပါး ဖြစ်သွားကာ အော်ဟစ်လိုက်တော့သည်။
"ငါက သူတို့ကို လမ်းတစ်လမ်းလုံး ပေးလိုက်မယ်လို့ ပြောခဲ့တယ် ဟုတ်လား။""ကျွန်တော်မျိုးလည်း အကြိမ်ကြိမ် တားပါသေးတယ်။ ဒါပေမဲ့ သခင်လေးကနောက်ဆုံးတော့ သူတို့ကိုယ်ပိုင် စက်ရုံတွေ ဆောက်ဖို့ မြေကွက်တစ်ကွက် ပေးမယ်ဆိုပြီးသဘောတူလိုက်တာပါ"
"တော်သေးတာပေါ့...တော်သေးတာပေါ့... လမ်းတစ်လမ်းလုံး မပေးလိုက်ရလို့"
"ရှေးလူကြီးတွေ ပြောတာ တကယ်မှန်တယ်။ အရက်က တကယ်ကို ဒုက္ခပေးတာပဲ။ ဒါပေမဲ့ ယန်ခေါင်းဆောင်... မင်း တောင်းတာ တကယ် လွန်လွန်းတယ်ကွာ။ မစားရတဲ့ တောပုန်းဓားပြကြီးအတိုင်းပဲ"
ဂျင်းချောင်ကျုံးက အသံကိုနှိမ့်ကာ ပြောလိုက်သည်။
"သူက သခင်လေးဆီကနေ ဘာမှ တောင်းမယူခဲ့ပါဘူးခင်ဗျာ။ သူက သူ့လေနက်တောင်စခန်းက လူတွေ သေတဲ့လူသေ၊ မသန်မစွမ်းဖြစ်တဲ့လူဖြစ်နဲ့ ဆင်းရဲဒုက္ခ ရောက်နေရတဲ့အကြောင်းပဲ တစာစာငိုချင်းချနေခဲ့တာ။ နောက်ဆုံးတော့ သူက ပိုက်ဆံရှာဖို့ နည်းလမ်းတစ်ခု စဉ်းစားမိပေမဲ့ကာကွယ်ရေးစစ်သူကြီးမင်းဆီကိုပဲ ပေးအပ်ချင်ပါတယ်ဆိုပြီး သနားစရာ ကောင်းအောင်လုပ်ပြနေခဲ့တာပါ။ သူက သခင်လေးဆီကနေ ဘာမှ တိုက်ရိုက် မတောင်းပါဘူး။ဒီမီးနဂါးမြင်းတွေနဲ့ လမ်းတစ်လမ်းလုံးကို ပေးမယ်ဆိုတာ သခင်လေးကိုယ်တိုင် သူတို့ကိုလိုက်လျောပေးခဲ့တာချည်းပါပဲ"
မူယန်ရှန်းမှာ အချိန်အတော်ကြာ မှင်တက်သွားပြီးမှ သက်ပြင်းရှည်ကြီးတစ်ချက်ချလိုက်တော့သည်။
"တော်ပါပေတယ်... တော်ပါပေတယ်။ ယန်က တောပုန်းခေါင်းဆောင် လုပ်နေရတာတကယ့်ကို နှမြောစရာပဲ။ စည်းရုံးဟောပြောတဲ့ နေရာမှာဆိုရင် သူက ထိပ်တန်းပါရမီရှင်ဖြစ်မှာ သေချာတယ်"
ရက်အနည်းငယ် ကြာသောအခါ အနောက်ဘက်ဒေသ၏ ကာကွယ်ရေးစစ်သူကြီး မူဟိုင်ဖုန်းသည်နယ်စပ်တံခါးဝ အပြင်ဘက်ရှိ လေနက်တောင်စခန်းက စက္ကူလုပ်နည်း နည်းပညာကို နန်းတော်သို့ဆက်သမည်ဟူသော သတင်းကို ကြားသိရလျှင် အတိုင်းမသိ ဝမ်းမြောက်သွားလေသည်။ သူသည်လေနက်တောင်စခန်းမှ စက္ကူလုပ်သားများကို မင်းနေပြည်တော်သို့ ခေါ်ဆောင်ကာဧကရာဇ်မင်းမြတ်နှင့် တွေ့ဆုံရန်အတွက် သူ၏စံအိမ်သို့ အထူးစေလွှတ်၍ ခေါ်ယူစေခဲ့သည်။ကာကွယ်ရေးစစ်သူကြီးရုံးနှင့် ပူးပေါင်း၍ စက္ကူလုပ်ငန်းခွင် ဖွင့်လှစ်မည့်ကိစ္စကိုလည်း သူက လွယ်လင့်တကူ သဘောတူညီခဲ့ပြီး လေနက်တောင်စခန်းမှ စက္ကူလုပ်ငန်းစတင်ရန်အတွက် သီးသန့်မြေကွက်လွတ်တစ်ခုကိုလည်း ဖယ်ချပေးခဲ့သည်။
ဤသို့ ရှုပ်ရှုပ်ထွေးထွေး ကိစ္စရပ်များ လုပ်ဆောင်ရင်းဖြင့် တစ်လတာ အချိန်ကာလမှာလျင်မြန်စွာ ကုန်ဆုံးသွားခဲ့ပြီ။
ထိုတစ်လအတွင်း ယန်ရှင်းကျိုးသည် တောင်စခန်းရှိ သက်ကြီးရွယ်အိုများ၊မကျန်းမာသူများနှင့် မသန်မစွမ်းဖြစ်နေသော မိသားစုဝင် အားလုံးကိုကာကွယ်ရေးမင်းကြီးရုံး၏ အနီးအနားသို့ ပို့ဆောင်ပေးခဲ့သည်။ ဤနေရာသည် နယ်စပ်တံခါးဝ၏အပြင်ဘက်၌ တည်ရှိသော်လည်း ဆင်းရဲမွဲတေလှသော လေနက်တောင်စခန်းနှင့် ယှဉ်လျှင်မူများစွာ ပိုမိုစည်ကား စိုပြည်လှသည်။ တောင်စခန်းရှိ လူအိုများနှင့်ကလေးငယ်များအတွက်မူ ဤသို့သော နေရာသို့ ရောက်ရှိလာရခြင်းမှာ သူတို့တစ်သက်တွင်စိတ်ကူးပင် မယဉ်ဖူးသော သာယာဝပြောမှုမျိုး ဖြစ်ပေသည်။
ကာကွယ်ရေးစစ်သူကြီးရုံး၏ ကူညီပံ့ပိုးမှုဖြင့် လေနက်တောင်စခန်းမှ လူများကိုအခြေချပေးနိုင်ခဲ့ပြီးနောက် ယန်ရှင်းကျိုးသည် စိတ်သက်သာရ ရသွားတော့သည်။ သူ တောင်စခန်း၏ ခေါင်းဆောင် ဖြစ်လာကတည်းက နေ့စဉ်နှင့်အမျှ ပူပန်နေရသည်မှာ စခန်းရှိ လူများ၏ စားဝတ်နေရေးကို မည်သို့ တိုးတက်ကောင်းမွန်အောင် ပြုလုပ်ပေးရမည်ဟူသော အချက်ပင် ဖြစ်သည်။ ယခုအခါ သူတို့အားလုံး ကာကွယ်ရေးစစ်သူကြီးရုံး၏ အကာအကွယ်အောက်တွင် အေးချမ်းစွာ အခြေချနိုင်ခဲ့ပြီဖြစ်ရာ သူ၏ ကနဦး ရည်မှန်းချက် ပန်းတိုင်ကို အောင်မြင်စွာ ဆွတ်ခူးနိုင်ခဲ့ပြီ ဖြစ်လေသည်။
သို့ရာတွင် ယန်ရှင်းကျိုးသည် တောင်စခန်း၏ အရေးပေါ် ဆုတ်ခွာရာ လမ်းကြောင်းဖြစ်သောလေနက်တောင်စခန်းကိုမူ လုံးဝ စွန့်ပစ်ရန် စိတ်မကူးခဲ့ပေ။ ထို့ပြင် ထိုနေရာသည် အဓိကကုန်သွယ်ရေး လမ်းမကြီးနှင့် နီးကပ်စွာ ရှိနေသဖြင့် ဖြတ်သန်းသွားလာကြသောကုန်သည်များအား ဝန်ဆောင်မှုပေးရန် တည်းခိုခန်းတစ်ခု ဖွင့်လှစ်ထားခြင်းမှာလည်းအကျိုးအမြတ် များစွာ ရရှိနိုင်သည်။ သို့ဖြစ်၍ စခန်း၏ အထူးရွေးချယ်ထားသောအစွမ်းထက် လက်ရွေးစင် တိုက်ခိုက်ရေးသမားများကို လေနက်တောင်စခန်းတွင် ပုံမှန်အလှည့်ကျ စောင့်ကြပ်စေပြီး ကာကွယ်ရေးမင်းကြီးရုံးရှိ အစောင့်များနှင့်လည်းတစ်လတစ်ကြိမ် အလှည့်ကျ လဲလှယ်စေခဲ့သည်။
ယန်ရှင်းကျိုး ကိုယ်တိုင်မူ ကာကွယ်ရေးစစ်သူကြီးရုံးသို့ ပြောင်းရွှေ့မနေထိုင်ခဲ့ပေ။သူသည် တောင်စခန်းမှ စက္ကူလုပ်သား အချို့ကိုသာ ကာကွယ်ရေးမင်းကြီးရုံးသို့ စေလွှတ်၍မဟာစစ်သူကြီးနှင့်အတူ နေပြည်တော်သို့ သွားရောက်ကာ ဧကရာဇ်မင်းမြတ်ကိုဖူးမြော်စေခဲ့ပြီး သူကိုယ်တိုင်မူ တစ်ဖက်မှ အခြေအနေများကိုစောင့်ကြည့်ကွပ်ကဲရန်အတွက် လေနက်တောင်စခန်း၌ ကျန်ရစ်ခဲ့လေသည်။
လပြည့်ညတစ်ည၌ ယန်ရှင်းကျိုးသည် ဟွမ်ဟေးဟုအား ခြံဝင်းအတွင်းသို့ခေါ်ဆောင်ကာမြင့်မြတ်သောအလင်း ကျင့်စဉ်ကျမ်းကို သင်ကြားပြသပေးနေစဉ် ရုတ်တရက်ဆိုသလို သူ၏ စိတ်တွင် အကြံတစ်ခု ဖြတ်သန်းသွားတော့သည်။ သူက ဟွမ်ဟေးဟုအား
"ငါ့စိတ်ထဲမှာ တစ်စုံတစ်ခုကို ခံစားမိပြီး စိတ်ကူးဉာဏ်အလင်း တစ်ချက် ပွင့်သွားတယ်။ အခုသီးသန့်ကျင့်ကြံဆောင်ထဲကိုသွားပြီး တရားကျင့်ရမယ်။ ဘယ်သူ့ကိုမှ ငါ့ရဲ့ကျင့်ကြံမှုကို လာပြီး မနှောင့်ယှက်စေနဲ့"
သူသည် အဝတ်အစားများကို လျင်မြန်စွာ ပြင်ဆင်ဝတ်ဆင်ကာ ဓားကို လက်မောင်း၌ စလွယ်သိုင်း၍ကျင့်ကြံဆောင်အတွင်းသို့ ဝင်ရောက်သွားခဲ့သည်။ ထို့နောက် တင်ပျဉ်းခွေထိုင်၍ အသက်ရှူစနစ်ကို တည်ငြိမ်အောင် ညှိယူရင်း စိတ်အာရုံကို ချက်ချင်းပင် စူးစိုက် စုစည်းလိုက်လေသည်။
ခေတ္တမျှ ကြာသောအခါ သူ၏ရှေ့မှောက်၌ မရေမရာ တံခါးနှစ်ချပ်သည် တိတ်တဆိတ် ပွင့်ဟလာပြီးယန်ရှင်းကျိုး၏ စိတ်ဝိညာဉ်အတွင်းပိုင်းမှ ဆန်းကြယ်သော ရွတ်ဆိုသံတစ်ခုထွက်ပေါ်လာလေသည်။
"အတုမဲ့ ကနဦးတရားအသီးကို ဆွတ်ခူးနိုင်ရန်၊ လောကီလောကဓံတရားများအကြား စိတ်ဝိညာဉ်ကိုဆေးကြောရမည်။ ကြည်လင်နိုးကြားသော တရားစိတ်သည် နတ်ဒေဝါတို့ဘုံသို့ ပို့ဆောင်ပေး၍၊ထိုအချိန်မှစကာ လူနှင့် နတ်ဒေဝါတို့၏ လမ်းစဉ်မှာကွဲပြားခြားနားသွားပေတော့မည်"
ယန်ရှင်းကျိုးက အားရပါးရ ကျယ်လောင်စွာ ရယ်မောလိုက်ပြီး မတ်တပ်ရပ်ကာသူ၏ရှေ့မှောက်ရှိ အရှိတရားနှင့် အလိမ်အညာတို့ ရောယှက်နေသော ထူးဆန်းဆန်းပြားသည့်ဂိတ်တံခါးကြီးဆီသို့ ခြေလှမ်းကျဲကြီးများဖြင့် ဦးတည် လျှောက်လှမ်းသွားတော့သည်။
***
ပြိုင်ဖက်ကင်းဓားသမား