အခန်း ၈၃၅
Vol. 71 Ch. 835
အပိုင်း (၈၃၅)
ဤသို့ဖြင့် တစ်နေ့သော အစည်းအဝေး၌ ဝန်ကြီးအဖွဲ့နှင့် စစ်တပ် ဦးစီးဌာနမှ အမတ်ကြီးများသည် ရုတ်တရက် တညီတညွတ်တည်း ဒူးထောက်ကာ ယွင်ကျုံးဟဲ့ကို ဧကရာဇ်အဖြစ် တင်မြှောက်ရန် တောင်းဆိုကြသည်။
သူတို့ စိတ်ထဲတွင် မည်သို့ပင် တွေးနေပါစေ ယွင်ကျုံးဟဲ့ ဧကရာဇ် ဖြစ်လာမည့် လှိုင်းလုံးကြီးကို မတားဆီးနိုင်ခဲ့သလို သူတို့၏ အတွင်းစိတ်ထဲတွင်လည်း ယွင်ကျုံးဟဲ့ကို ချစ်ခင် လေးစားကြ၏။
စိတ်ထဲတွင် စိုးရိမ်ပူပန်နေရခြင်းမှာ ဧကရာဇ် ဖြစ်လာသည်နှင့် အနာဂတ် ဧကရာဇ်၏ သားစဉ်မြေးဆက်များ မတော်လျှင် မည်ကဲ့သို့ ဖြစ်မည်နည်း ဆိုသည်ကိုဖြစ်သည်။ ထိုသို့ဆိုလျှင် နိုင်ငံ ပျက်စီးမည့် အန္တရာယ် ရှိလာနိုင်သည် မဟုတ်ပါလား။
ယွင်ကျုံးဟဲ့ ခဏမျှ တိတ်ဆိတ်သွားသည်။ ထို့နောက် ပြောလိုက်၏။ “အရှေ့ဘက်လောကမှာ ဧကရာဇ် တင်မြှောက်တယ် ဆိုတာ အရမ်းကို မြင့်မြတ်တဲ့ ကိစ္စပါ။ သုံးကြိမ် တောင်းဆိုပြီး သုံးကြိမ် ငြင်းပယ်ရပါတယ်။ ဒါပေမဲ့ ကျုပ်တို့က လုပ်ဖော်ကိုင်ဖက်ဟောင်းတွေပဲ ဆိုတော့ ကျုပ်လည်း ပွင့်ပွင့်လင်းလင်းပဲ ပြောမယ်၊ ဟန်မဆောင်တော့ဘူး။
ပထမဦးဆုံး အနေနဲ့ ဧကရာဇ် ဖြစ်လာတာနဲ့ သေချာပေါက် မျိုးရိုးစဉ်ဆက် ဆက်ခံတဲ့ စနစ် ဖြစ်သွားမှာပဲ။ ကျုပ် ကိုယ်တိုင်ကတော့ မဆိုးပါဘူး။ ဒါပေမဲ့ ကျုပ်ရဲ့ သားစဉ်မြေးဆက်တွေက ဉာဏ်ပညာ ကြီးမားမယ်လို့ ကျုပ် အာမ မခံနိုင်ဘူး။ ညံ့ဖျင်းတဲ့ ဧကရာဇ် တစ်ပါးရဲ့ ဖျက်ဆီးနိုင်စွမ်းက အတော်လေး ကြီးမားပါတယ်။
ဒုတိယ အနေနဲ့ ကျုပ် ဧကရာဇ် ဖြစ်သင့်၊ မဖြစ်သင့် ဆိုတာကို ကျုပ်ရဲ့ ကိုယ်ပိုင် ဆန္ဒကို ကြည့်လို့ မရဘူး။ အင်ပါယာရဲ့ အကျိုးစီးပွားကို ကြည့်ရမယ်။ အင်ပါယာက ကျုပ်ကို ဧကရာဇ် ဖြစ်ဖို့ လိုအပ်တယ်ဆိုရင် ကျုပ် ဧကရာဇ် ဖြစ်မှာပဲ။ ဒါပေမဲ့ အခု ကြည့်ရတာ အင်ပါယာက ကျုပ် ဧကရာဇ် ဖြစ်ဖို့ သိပ်မလိုအပ်လှပါဘူး။
နောက်ဆုံး အနေနဲ့ အနာဂတ်မှာ ဧကရာဇ် ဖြစ်လာရင်တောင် ဧကရာဇ် အတုအယောင် စနစ်ဆီကို သွားရမယ်။ ဧကရာဇ်ဟာ အင်ပါယာရဲ့ အမြင့်ဆုံး ခေါင်းဆောင် ဖြစ်ပေမယ့် စိတ်ပိုင်းဆိုင်ရာ ခေါင်းဆောင် ပိုဖြစ်ပြီး တကယ်တမ်း အာဏာရှင်ဆန်ဆန် တစ်ဦးတည်း ချုပ်ကိုင်လို့ မရပါဘူး။ ကျုပ် ပြောချင်တာက ဒီလောက်ပါပဲ။ အားလုံး ဆက်ပြီး ဆွေးနွေးကြပါ။”
အမတ်ကြီးများ မထကြသေးပေ။
ယွင်ကျုံးဟဲ့က တိုက်ရိုက် ပြတ်သားစွာ ပြောလိုက်သည်။ “ကျုပ် အခု လုံးဝ ဧကရာဇ် လုပ်မှာ မဟုတ်ဘူး။ အနာဂတ်မှာ ဧကရာဇ် ဖြစ်ဖို့ လို၊ မလို ဆိုတာက အင်ပါယာရဲ့ လိုအပ်ချက်ပေါ် မူတည်တယ်။ ဒါပေမဲ့ အခုတော့ လုံးဝ မဟုတ်သေးဘူး။”
ထိုအခါမှသာ အမတ်ကြီးများ မတ်တတ်ရပ်ကာ ပြောလိုက်ကြ၏။ “ကောင်းပါပြီ အရှင်မင်းကြီး။ “
ယွင်ကျုံးဟဲ့က ပြောသည်။ “အခု အကြီးမားဆုံး ကိစ္စက အရှေ့ဘက်ကို စစ်ချီမယ့် နေ့ရက်ကို သတ်မှတ်ဖို့ပဲ။ ရှေးစကား ရှိပါတယ်။ အရာအားလုံး အဆင်သင့် ဖြစ်နေပြီ၊ အရှေ့လေလေးပဲ လိုတော့တယ်တဲ့။ အခု ချင်ဝမ် တူးမြောင်း ကိုလည်း ဖွင့်လှစ်ပြီးသွားပြီ။ ကျုပ်တို့ရဲ့ ရေယာဉ်စုတွေလည်း အားလုံး အဆင့်မြှင့်တင် ပြုပြင်မွမ်းမံပြီးသွားပြီ။ အင်ပါယာ စစ်တပ်တွေလည်း အဆင့်မြှင့်တင်ပြီးသွားပြီ။
ဟေးယန် အင်ပါယာမှာလည်း ပုန်ကန်မှုတွေ ဖြစ်လာဖို့ မဖြစ်နိုင်တော့ဘူး။ ကိုလိုနီ နယ်မြေ အသီးသီး ကလည်း အင်ပါယာ ပြည်တွင်း ဖြစ်လာပြီ။ အရာအားလုံး အဆင်သင့် ဖြစ်နေပြီဆိုတော့ ကျုပ်တို့ အရှေ့ဘက်ကို စစ်ချီပြီး တာရှန်း မိစ္ဆာနိုင်ငံကို သွားဖျက်ဆီးလို့ ရပြီ။ ကျုပ် အိမ်ပြန်ချင်စိတ် အရမ်းလောနေပေမယ့် နေ့ရက် တစ်ရက်ကိုတော့ သေချာပေါက် သတ်မှတ်ရပါမယ်။”
နောက်ဆက်တွဲ အနေဖြင့် ဝန်ကြီးအဖွဲ့နှင့် စစ်တပ် ဦးစီးဌာနတို့သည် စစ်ချီမည့် နေ့ရက်ကို စတင် ဆွေးနွေးကြ၏။
နှစ်နာရီ အကြာတွင် စစ်ချီမည့် နေ့ရက်ကို သတ်မှတ်နိုင်ခဲ့သည်။
ကိုးလပိုင်း ကိုးရက်နေ့တွင် အင်ပါယာ စစ်တပ်ကြီး စစ်ချီမည်။ ဤနေ့ရက်သည် နောက်ဆုံးတော့ ရောက်ရှိလာခဲ့ပြီ ဖြစ်၏။
...................
“ထွက်သွား၊ ထွက်သွား။ ဘယ်လိုပဲဖြစ်ဖြစ် ရှင် ရှိရှိ၊ မရှိရှိ အတူတူပဲ။ ကျွန်မဘဝမှာ စမ်းသပ်မှုတွေ ရှိနေရင် လုံလောက်ပြီ။ ယောက်ျားတွေက ပိုနေတဲ့ အရာတွေပဲ။” ကျီးချင့်က အထင်သေးစွာ ပြောလိုက်သည်။
ယွင်ကျုံးဟဲ့က သူမကို ညင်သာစွာ ဖက်ထားရင်း နူးညံ့စွာ ပြောလိုက်၏။ “မင်းအတွက် ငါ ဂုဏ်ယူပါတယ်။”
ဤနှစ်များအတွင်း ကျီးချင့်၏ သိပ္ပံနှင့် နည်းပညာ အောင်မြင်မှုများသည် တကယ်ကို အံ့မခန်း များပြားခဲ့သည်။ သူမ၏ အဖွဲ့သည် အတွင်းမီးလောင် အင်ဂျင် တည်ဆောက်မှုကို လုံးဝ အောင်မြင်စွာ ပြီးစီးခဲ့ပြီး ရှစ်နှစ်ကျော် အချိန်ယူခဲ့ရသောကြောင့် အတော်လေး ပြည့်စုံနေပြီ ဖြစ်သည်။
အတွင်းမီးလောင် အင်ဂျင် ရထားများ ထုတ်လုပ်ပြီးစီးသွားပြီဖြစ်ပြီး စမ်းသပ် မောင်းနှင်မှုများပင် စတင်နေပြီ ဖြစ်သလို ပထမဆုံးသော အတွင်းမီးလောင် အင်ဂျင် သံချပ်ကာ သင်္ဘောသည်လည်း ရေချရန် ပြင်ဆင်နေပြီ ဖြစ်၏။
အရှေ့ဘက်သို့ စစ်ချီမည့် အချိန်နှင့် မမီနိုင်သော်လည်း ဤစစ်ပွဲက အချိန် အကြာကြီး ကြာမြင့်နိုင်သောကြောင့် သိပ္ပံနှင့် နည်းပညာ အဆင့်မြှင့်တင်မှုက အလွန် အရေးကြီးသည်။
ထို့အပြင် ကား အင်ဂျင်၊ လေယာဉ် အင်ဂျင်များကိုလည်း ယွင်ကျုံးဟဲ့က အကြံဉာဏ်များ ပေးခဲ့ပြီးနောက် သူမ အဖွဲ့၏ အစီအစဉ်များတွင် ထည့်သွင်းထားပြီ ဖြစ်သည်။ အနည်းဆုံးတော့ ယခုအခါ အင်ပါယာ၏ လေသင်္ဘော တပ်ဖွဲ့သည် အလွန်တရာ ပြည့်စုံနေပြီ ဖြစ်၏။
ယခုအခါ အင်ပါယာ၏ နယ်မြေများ ကျယ်ဝန်းလာပြီး မူလ ပထမ၊ ဒုတိယ၊ တတိယ ကိုလိုနီ နယ်မြေများနှင့် ဟေးယန် အင်ပါယာတို့သည် အင်ပါယာ ပြည်တွင်း ဖြစ်လာခဲ့ကာ ချင်ဝမ် ပြည်နယ် ဆိုလျှင် မိုင်ပေါင်း တစ်သောင်းကျော် ဝေးကွာသည်။
သယ်ယူပို့ဆောင်ရေး အများစုကို သင်္ဘောများဖြင့် လုပ်ဆောင်ရသော်လည်း မိုင်နှစ်ထောင်၊ သုံးထောင် အကွာအဝေးရှိ လေသင်္ဘော ခရီးသည် ပို့ဆောင်ရေးမှာမူ အလွန် ပြည့်စုံနေပြီ ဖြစ်ပြီး မိုင်တစ်သောင်းကျော် လေသင်္ဘော ခရီးသည် ပို့ဆောင်ရေးကိုလည်း လေ့လာ အကဲဖြတ်နေဆဲ ဖြစ်၏။
ဤအရာများ၏ ထက်ဝက်မှာ ကျီးချင့် အဖွဲ့၏ ကျေးဇူး ဖြစ်ပြီး ကျန်ထက်ဝက်မှာ အင်ပါယာ၏ ပစ္စည်းသိပ္ပံ ကျေးဇူးပင် ဖြစ်သည်။
“ဒါဆို ရှင် ပြန်လာအုံးမှာလား။” ကျီးချင့်က မေးလိုက်၏။
“သေချာပေါက် ပြန်လာမှာပေါ့။ ဒီနေရာကလည်း ကျုပ်အိမ်ပဲလေ။” ယွင်ကျုံးဟဲ့က ဖြေသည်။
ကျီးချင့်က အေးစက်စွာ ပြုံးကာ ပြောလိုက်၏။ “ဒါဆို ရှင့်အိမ်တွေက တကယ်ကို မနည်းဘူးပဲ။”
ထို့နောက် သူမက ထပ်မံ၍ လှုပ်လှုပ်ရွရွ လုပ်ကာ ပြောလိုက်သည်။ “မြန်မြန် လုပ်ပါ၊ ပါးစပ်ကပဲ ပြောမနေနဲ့။”
..............
ကိုးလပိုင်း ကိုးရက်နေ့ တရားဝင် ရောက်ရှိလာပြီဖြစ်၏။ အင်ပါယာသည် တစ်ခါမှ မရှိဖူးသော အရှေ့ဘက် စစ်ချီပွဲ အခမ်းအနားကို ကျင်းပခဲ့ပြီး လူသိန်းချီ လာရောက် ပို့ဆောင်ကြသည်။
သေချာပေါက် ဤသည်မှာ အခမ်းအနား သက်သက်သာ ဖြစ်ပြီး တကယ်တမ်းတွင် စစ်သည် အများစုသည် ချင်ဝမ် ပြည်နယ်သို့ ကြိုတင် ထွက်ခွာသွားခဲ့ကြပြီ ဖြစ်၏။
ဤတစ်ကြိမ် အရှေ့ဘက် စစ်ချီပွဲ အခမ်းအနားတွင် ပါဝင်သည့် စစ်သည် အင်အားမှာ နှစ်သိန်းတိတိရှိပြီး မျိုးစုံသော စစ်သင်္ဘော ငါးရာကျော် ပါဝင်သည်။
“တာ့ယန် သက်တော်ရာကျော် ရှည်ပါစေ။”
“အရှင်မင်းကြီး သက်တော်ရာကျော် ရှည်ပါစေ၊ ရှည်ပါစေ၊ ရှည်ပါစေ။”
မိန့်ခွန်း မပြောကြားတော့ဘဲ ယွင်ကျုံးဟဲ့သည် စင်မြင့်ပေါ်တွင် ရပ်ကာ ပြည်သူ သိန်းချီကို လက်ပြ နှုတ်ဆက်လိုက်ပြီးနောက် အောက်ထျန်း စစ်သင်္ဘောကြီးပေါ်သို့ တက်သွား၏။
“ထွက်ခွာ...”
အမိန့်ပေးသံနှင့်အတူ ဤရေယာဉ်စုကြီးသည် ခမ်းနား ကြီးကျယ်စွာဖြင့် အင်ပါယာ ပြည်တွင်းမှ ထွက်ခွာသွားသည်။
လူသိန်းချီသည် ရေယာဉ်စုကြီး ထွက်ခွာသွားသည့် နောက်ကျောကို ကြည့်ရင်း တာ့ယန် အင်ပါယာ သီချင်းကို သီဆိုလိုက်ကြ၏။
ရေယာဉ်စုကြီး ပင်လယ်ပြင်ပေါ်တွင် ပျောက်ကွယ်သွားသည့်တိုင်အောင် ထွက်မသွားကြပေ။
တာ့ယန် အင်ပါယာသစ်တွင် မည်သူကမှ အယူမသီးကြသော်လည်း ဤအချိန်တွင် လူတိုင်းနီးပါးက သူတို့၏ ဘုရင်ကို ကောင်းကင်ဘုံက စောင့်ရှောက်ပေးပါစေဟု စိတ်ထဲတွင် ဆုတောင်းနေကြသည်။
အဘယ်ကြောင့်ဆိုသော် ဤသည်မှာ စစ်တိုက်သွားခြင်းဖြစ်ပြီး အရှေ့ဘက်လောကနှင့် ပတ်သက်၍ အရာအားလုံးကို လုံးဝ မသိရှိသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ရွှီအန်းထင်၊ ကျင်းဝူပင်း တို့သည်လည်း အရင် မပြန်ကြသေးပေ။
ကျီးကျန်း၊ ဟွာပီ တို့သည်လည်း အင်ပါယာ အတွင်းတွင် ကျန်ရစ်ခဲ့ပြီး အနောက်ဘက် ခြံဝင်းကို စောင့်ရှောက် ရမှာ ဖြစ်သည်။
ဤတစ်ကြိမ် အင်ပါယာမှ စစ်ချီသော စစ်သည်အင်အားမှာ ငါးသိန်းဖြစ်ပြီး ကျင်းကျုံးယွဲ့၊ ကျီးယန်၊ ကျီးချန်တို့ သုံးဦးက စစ်သေနာပတိများ အဖြစ် တာဝန်ယူထား၏။
အင်ပါယာ ပင်မ စစ်သည် သုံးသိန်း၊ ရီလူမျိုး စစ်သည် တစ်သိန်းခွဲ၊ ဟေးယန် အင်ပါယာ သိုင်းသမား စစ်သည် ငါးသောင်း ဖြစ်သည်။
တန်ချိန် တစ်သောင်းခွဲကျော် ရှိသော စစ်သင်္ဘောကြီးသည် အလွန် တည်ငြိမ်ပြီး ယွင်ကျုံးဟဲ့သည် ကွပ်ကဲရေး မျှော်စင်တွင် မရှိဘဲ ကုန်းပတ်ပေါ်တွင် ပင်လယ်လေကို ရှူရှိုက်နေ၏။
သူ၏ ဘေးတွင် ရပ်နေသူမှာ အိမ်ရှေ့မင်းသား ကျိုးလီ ဖြစ်ပြီး စားကျက်ကွင်းတွင် ခုနစ်နှစ်၊ ရှစ်နှစ်ခန့် နေထိုင်ခဲ့ရပြီးနောက် ယခုအခါ လွတ်လပ်ခွင့် ပြန်လည် ရရှိသွားပြီ ဖြစ်သည်။
နောက်ဆုံး၌ အိမ်ပြန်နိုင်ပြီ ဖြစ်သော်လည်း ယခုအခါ သူ၏ ဆံပင်များ အားလုံး ဖြူဖွေးနေပြီ ဖြစ်၏။
“ခေတ်ကြီးက အရမ်း မြန်မြန်ဆန်ဆန် ဖွံ့ဖြိုးလာတော့ ကျုပ်က ချန်ထားခံလိုက်ရသလို ခံစားရတယ်။”
ကျိုးလီက ရုတ်တရက် ပြောလိုက်သည်။ “တာ့ကျိုး အင်ပါယာက ဘယ်လို နေမလဲ၊၊ အရှေ့ဘက် လောက က ဘယ်လို နေမလဲ မသိဘူးနော်။”
ဤအချက်ကို ယွင်ကျုံးဟဲ့ လည်း သိချင်နေသည်။ သူ အရှေ့ဘက်လောကမှ ထွက်ခွာလာခဲ့သည်မှာ ဆယ့်သုံးနှစ်ခန့် ရှိနေပြီ ဖြစ်၏။
ဤဆယ့်သုံးနှစ် အတွင်း တာ့ယန် အင်ပါယာသစ်တွင် ကောင်းကင်နှင့် မြေကြီး ပြောင်းပြန်လန်မတတ် အပြောင်းအလဲများ ဖြစ်ပေါ်ခဲ့ရာ အရှေ့ဘက်လောကတွင်ကော မည်သို့ ရှိနေမည်နည်း။
လဝက် အကြာတွင်...
ရေယာဉ်စုကြီးသည် ချင်ဝမ် ပြည်နယ်သို့ ရောက်ရှိလာသည်။ ထိုအရာမှာ အသစ် ဖောက်လုပ်ထားသော ချင်ဝမ် တူးမြောင်း တည်ရှိရာ နေရာပင် ဖြစ်သည်။
အဝေးကြီးတည်းက ဤနေရာရှိ ကောင်းကင်ယံသို့ ထိုးတက်နေသော မီးခိုးခေါင်းတိုင်များနှင့် ထူထပ်သော မီးခိုးငွေ့များကို မြင်တွေ့နေရ၏။
ချင်ဝမ် ပြည်နယ် တစ်ခုလုံးသည် အင်အားကြီးမားသော စစ်ရေး ခံတပ်ကြီး တစ်ခု ဖြစ်ရုံသာမက လက်နက် စက်ရုံများ၊ ရေနံချက်စက်ရုံများလည်း မရေမတွက်နိုင်အောင် ရှိနေသည်။
အင်ပါယာ ပြည်တွင်းရှိ ရှုခင်းများက အလွန် လှပပြီး လေထုကလည်း ကောင်းမွန်သောကြောင့် ယွင်ကျုံးဟဲ့ တကယ်ကို မဖျက်ဆီးရက်ပေ။
ထို့ကြောင့် လွန်ခဲ့သော နှစ်အနည်းငယ်တည်းက စက်မှုလုပ်ငန်းများကို အကြီးအကျယ် ပြောင်းရွှေ့ခဲ့ပြီး ပထမ၊ ဒုတိယ၊ တတိယ ကိုလိုနီ နယ်မြေများရှိ ကမ်းရိုးတန်း မြို့များသို့ ပြောင်းရွှေ့ခဲ့သည်။
အနာဂတ် လောကအဆင့် စစ်ပွဲကြီးတွင် ချင်ဝမ် ပြည်နယ်သည် စစ်ပွဲကာလ ကွပ်ကဲရေး ဌာနချုပ် သေချာပေါက် ဖြစ်လာမှာဖြစ်ပြီး ပစ္စည်းများ အားလုံးကို ဤနေရာတွင် လွှဲပြောင်းပေးရမှာဖြစ်သည်။ အင်ပါယာ စစ်တပ် ဦးစီးဌာန၊ အင်ပါယာ ရေတပ် ဝန်ကြီးဌာနတို့ပင်လျှင် ဤနေရာသို့ တစ်ဝက်ကျော် ပြောင်းရွှေ့လာခဲ့ပြီ ဖြစ်၏။
စစ်တပ် နှစ်သိန်းနှင့် စစ်သင်္ဘော ရာပေါင်းများစွာသည် တူးမြောင်းကို တဖြည်းဖြည်း ဖြတ်သန်း သွားကြပြီးနောက် ဆယ်ရက်ခန့် ထပ်မံ အနားယူကြသည်။
ဆယ်လပိုင်း သုံးရက်နေ့တွင် စစ်သည် ငါးသိန်းသည် ခမ်းနား ကြီးကျယ်စွာဖြင့် အရှေ့ဘက်သို့ ထွက်ခွာ သွားကြ၏။
အမျိုးအစားစုံလင်သော စစ်သင်္ဘော တစ်ထောင့်သုံးရာကျော်သည် ပင်လယ်ပြင်ပေါ်တွင် ဖြန့်ကြက်သွားရာ မိုင်တစ်ရာခန့် ကျယ်ဝန်းပြီး တကယ့်ကို အဆုံးအစမရှိ ကောင်းကင်ကို ဖုံးလွှမ်းသွားမတတ် ဖြစ်နေသည်။
ကောင်းကင်ယံတွင် ဧရာမ လေသင်္ဘော ဆယ်ဂဏန်းခန့်က ပင်လယ်ပြင်ပေါ်ရှိ အရာအားလုံးကို စောင့်ကြည့်နေကြ၏။
စစ်တပ်ကြီး ထွက်ခွာသွားပြီး ဆယ်ရက်မြောက်နေ့တွင် ချင်ဝမ် တူးမြောင်းမှ ခွာလာခဲ့သည်မှာ မိုင်ခုနစ်ထောင်ကျော် ရှိနေပြီ ဖြစ်သည်။
...............