← Chapters

အခန်း ၈၄၀

Vol. 71 Ch. 840

အခန်း ၈၄၀

Vol. 71 Ch. 840

အပိုင်း (၈၄၀)

“တာရှန်း မိစ္ဆာနိုင်ငံရဲ့ ရေယာဉ်စုက အမြန်နှုန်း ဘယ်လောက် ရှိလဲ။” ယွင်ကျုံးဟဲ့က မေးလိုက်သည်။

လေသင်္ဘော တပ်ဖွဲ့မှ တပ်မှူးက ဖြေ၏။ “ကျုပ်တို့ရဲ့ စစ်သင်္ဘောတွေထက် တစ်နာရီကို ရှစ်ကီလိုမီတာကျော်လောက် နှေးပါတယ်။”

ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “ကျုပ်တို့ရဲ့ ကြည်းတပ်ကတော့ လက်တွေ့ စစ်ပွဲ အတွေ့အကြုံ အများကြီး ရှိပါတယ်။ ဒါပေမဲ့ ကျုပ်တို့ရဲ့ ရေတပ်ကတော့ လုံးဝ မရှိသေးပါဘူး။ ဒီတစ်ပွဲက ရေတပ်ကို သွေးပူ လေ့ကျင့်ခန်း လုပ်ခိုင်းလိုက်မယ်။ စစ်သင်္ဘော အရေအတွက်ကို နှစ်ဆ၊ သုံးဆလောက် စေလွှတ်ပြီး အမြစ်ပြတ် ချေမှုန်းနိုင်အောင် လုပ်ရမယ်။ ဒါပေမဲ့ စစ်တပ် လေ့ကျင့်တဲ့ ရည်ရွယ်ချက်ကိုလည်း သေချာအောင် လုပ်ရမယ်။”

ရေတပ် စစ်သူကြီး ကျီးဖန်က ပြောလိုက်၏။ “အရှင်... ကျုပ် နားလည်ပါတယ်။ ကျုပ် စစ်သင်္ဘော အစင်း ငါးဆယ် စေလွှတ်ပါ့မယ်။ စစ်သင်္ဘောကြီး နှစ်စင်းကို ငါးစာအဖြစ် သုံးပြီး ရန်သူ့ သင်္ဘောတွေကို ထောင်ချောက်ထဲ သွေးဆောင်ခေါ်ယူပါ့မယ်။

ပြီးတော့ ဒီစစ်သင်္ဘောကြီး နှစ်စင်းကို အဓိက တိုက်ခိုက်ရေး အင်အားစု အဖြစ် ထားရှိပြီး ကျန်တဲ့ သင်္ဘော အစင်း ဆယ်ဂဏန်းခန့်ကိုတော့ အရန် အနေနဲ့နဲ့ ပိတ်ဆို့ဖို့ ထားရှိပါ့မယ်။ စစ်သင်္ဘောကြီး နှစ်စင်းကို အပြင်းထန်ဆုံးနဲ့ အမြင့်ဆုံး ဖိအားပေးတဲ့ လက်တွေ့ စစ်ပွဲ အတွေ့အကြုံ ရရှိစေဖို့ သေချာအောင် လုပ်ဆောင်ပါ့မယ်။”

ယွင်ကျုံးဟဲ့က ခေါင်းညိတ်လိုက်သည်။ “ခင်ဗျားကျွမ်းကျင်တဲ့ ကိစ္စတွေကို ခင်ဗျားကိုပဲ အပ်ပါတယ်။”

ကျီးယန်က တောင်းဆိုလိုက်၏။ “အရှင်... ကျွန်မကို သွားတိုက်ခွင့် ပြုပါ။”

ဘေးရှိ အနက်ရောင်နဂါး သိုင်းသမား စစ်တပ်မှ တပ်မှူး ဝူကျန့် ကလည်း တောင်းဆိုလိုက်သည်။ “အရှင်... ကျုပ်ကိုလည်း သွားတိုက်ခွင့် ပြုပါ။”

ဝူကျန့် ဆိုသည်မှာ ဟေးယန် အင်ပါယာ၏ ပါရမီရှင် သိုင်းသမားဖြစ်သည်။ သူသည် ကျိန်စာတိုက်ခံထားရသော နယ်မြေရှိ ဆဋ္ဌမမြောက် ပိရမစ်မှ အောင်မြင်စွာ လေ့ကျင့် ထွက်ပေါ်လာသူ ဖြစ်ပြီး ယွင်ကျုံးဟဲ့က သူ့ကို အသက်ကယ်ခဲ့ဖူးကာ ငါးနှစ်ကျော်ကြာ ဦးနှောက်ဆေးခဲ့သူ ဖြစ်၏။

အကယ်၍ ယခင် ဟေးယန် အင်ပါယာသာ ဆိုပါက သူ၏ သိုင်းပညာ အဆင့်အတန်းသည် ဟေးယန် အင်ပါယာ၏ ချင်ဝမ် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

ယွင်ကျုံးဟဲ့နှင့် မတွေ့ဆုံမီက ကျင်းကျုံးယွဲ့၏ သိုင်းပညာ တိုးတက်မှုသည် အလွန် မြန်ဆန်ခဲ့သည်။ သို့ပေမည့် သူနှင့် ပြန်လည် ပေါင်းစည်းပြီးနောက် သူမ၏ သိုင်းပညာ တိုးတက်မှု အမြန်နှုန်းမှာ သိသာထင်ရှားစွာ နှေးကွေးသွားခဲ့၏။ ကလေး နှစ်ယောက်ကိုလည်း ထပ်မံ မွေးဖွားခဲ့ရသေးသည် မဟုတ်ပါလား။

နှစ်နာရီ အကြာတွင်...

အင်ပါယာ၏ စစ်သင်္ဘော အစင်း ငါးဆယ်သည် မြောက်ဘက်သို့ ထွက်ခွာသွားပြီး တာရှန်းမိစ္ဆာနိုင်ငံ၏ ရေယာဉ်စုကို သွားရောက် တိုက်ခိုက်သည်။ ထိုအထဲတွင် ရှင်းကျုံး သင်္ဘောနှင့် ချင်ဝမ် သင်္ဘောတို့မှာ အဓိက စစ်သင်္ဘောကြီးများ ဖြစ်ကြသည်။

လေသင်္ဘော သုံးစင်းသည် ကောင်းကင်ယံ အမြင့်ပိုင်းသို့ ပျံတက်သွားပြီး ပင်လယ်ပြင်ကို စောင့်ကြည့်နေကြ၏။

ချင်ဝမ် စစ်သင်္ဘောကြီး၏ ကွပ်ကဲရေး မျှော်စင်တွင် ကျီးယန်သည် မှန်ပြောင်းဖြင့် အရှေ့သို့ လှမ်းကြည့်နေ၏။ ရေယာဉ်စု နှစ်ခု၏ အကွာအဝေးမှာ ပို၍ ပို၍ နီးကပ်လာခဲ့သည်။

“လူစုခွဲ...”

အမိန့်ပေးသံနှင့်အတူ ကောင်းကင်ယံမှ လေသင်္ဘောသည် အလံများကို ဝှေ့ယမ်းကာ ရေယာဉ်စု တစ်ခုလုံးကို အမိန့်ပေးလိုက်သည်။

‘တကယ် သနားစရာ ကောင်းလိုက်တာ။ ဒီလောက် အင်အားကြီးမားတဲ့ စစ်သင်္ဘောကြီးတွေက အခုထိ အလံတွေနဲ့ပဲ အမိန့်ပေးနေရတုန်းပဲ။’

ကြိုးမဲ့ ဆက်သွယ်ရေးစက်များကို လွန်ခဲ့သော နှစ်အနည်းငယ်တည်းက ယွင်ကျုံးဟဲ့က ပုံကြမ်းများ ပေးအပ်ခဲ့ပြီး ဓာတ်ခွဲခန်း အတွင်းတွင် သုတေသန ပြုလုပ်နေခဲ့ပြီ ဖြစ်၏။

သီအိုရီကို နားလည်သွားသည်နှင့် အခြေခံအကျဆုံး ကြိုးမဲ့ ဆက်သွယ်ရေးစက်များကို တည်ဆောက်ရန်မှာ မခက်ခဲပေ။ သို့ပေမည့် ဆက်သွယ်နိုင်သည့် အကွာအဝေးမှာ အလွန် နီးကပ်နေသေးသောကြောင့် ရေတိုက်ပွဲများတွင် အသုံးပြုရန် အဆင်မပြေသေးသလို တည်ငြိမ်မှုကလည်း အလွန် ညံ့ဖျင်းသည်။

သို့ပေမည့် သတင်းကောင်းမှာ ဤနည်းပညာသည် ကြီးမားသော တိုးတက်မှုများ ရရှိနေပြီဖြစ်ပြီး ဆက်သွယ် နိုင်သည့် အကွာအဝေး မီတာ တစ်သောင်းအထိ ရောက်ရှိပါက ရေတိုက်ပွဲများတွင် အောင်မြင်စွာ အသုံးပြုနိုင်မှာ ဖြစ်၏။

အဆင့်မြင့် ဆက်သွယ်ရေး စက်များကို စစ်သင်္ဘောများပေါ်တွင် တပ်ဆင်နိုင်ခဲ့ပါက စစ်ပွဲ ကွပ်ကဲမှုမှာ အလုပ် တစ်ဝက်ဖြင့် အကျိုးနှစ်ဆ ရရှိရုံသာမက ခေတ်သစ်ကို ဖွင့်လှစ်နိုင်မည့် အဓိပ္ပာယ်ပင် ဖြစ်သည်။

ရေတပ် စစ်သူကြီး ကျီးဖန်သည် အမြင့်ဆုံး ဖိအားပေးသည့် လက်တွေ့ စစ်ပွဲ အတွေ့အကြုံ ရရှိစေရန်အတွက် အတော်လေး ရဲရင့်သော နည်းလမ်း တစ်ခုကို အသုံးပြုခဲ့သည်။ ကျန်ရှိနေသော စစ်သင်္ဘောများကို မိုင်ဆယ်ဂဏန်းခန့် ဝေးကွာသော ပင်လယ်ပြင်သို့ ဖြန့်ကြက်ထားပြီး ရန်သူ၏ အမြင်အာရုံ အပြင်ဘက်မှနေ၍ သူတို့ကို ဝိုင်းရံထားရန် ဖြစ်၏။

အဓိက စစ်သင်္ဘောကြီး နှစ်စင်းကတော့ ရန်သူ၏ စစ်သင်္ဘော နှစ်ဆယ်ကျော်ကို ရင်ဆိုင်ရမှာဖြစ်၏။ ကောင်းကင်ယံမှ စောင့်ကြည့်နေသော လေသင်္ဘောက အချက်ပြမှုများကို အဆက်မပြတ် ပေးပို့နေသည်။

နှစ်ဖက်စလုံး မိုင်နှစ်ရာ ကွာဝေး၏။

နှစ်ဖက်စလုံး မိုင်တစ်ရာ ကွာဝေးသည်။

မကြာမီ နှစ်ဖက်စလုံးသည် အချင်းချင်း၏ မြင်ကွင်း အတွင်းသို့ ဝင်ရောက်လာကြ၏။

“အသင့်...”

စစ်သင်္ဘောကြီး နှစ်စင်း၏ အဓိက အမြောက်ကြီး ဆယ့်နှစ်လက်သည် အကွာအဝေးကို တိုင်းတာကာ စတင် ချိန်ရွယ်လိုက်ကြသည်။

အမြောက်ပြောင်းဝကို နှိုင်းယှဉ်ကြည့်မည် ဆိုပါက တာ့ယန် အင်ပါယာသစ်၏ စစ်သင်္ဘောကြီးရှိ အမြောက်များသည် မန်ချူးခေတ်က တိန့်ယွမ်သင်္ဘော၏ ၃၀၅ မီလီမီတာ ခရွပ် ၁၈၈၀ နောက်ပွင့် သံမဏိ အမြောက်များကို မမီသေးပေ။

သို့ပေမည့် စွမ်းအားကို နှိုင်းယှဉ်ကြည့်မည် ဆိုပါက တာ့ယန် အင်ပါယာသစ် စစ်သင်္ဘောကြီးများ၏ အဓိက အမြောက်များသည် အများကြီး သာလွန်သည်။ အမြောက်ဆန်၏ အဆင့်မြင့်မှုရော၊ ယမ်းမှုန့်၏ စွမ်းအားပါ အများကြီး သာလွန်၏။

တိန့်ယွမ် သင်္ဘော အသုံးပြုသော ပေါက်ကွဲနိုင်သည့် အမြောက်ဆန်များတွင် ယမ်းမှုန့် အနည်းငယ်သာ ပါဝင်ပြီး အမည်းရောင် ယမ်းမှုန့်များကိုသာ အသုံးပြုထားခြင်း ဖြစ်၏။ တိကျမှု၊ ပစ်ခတ်နိုင်သည့် အကွာအဝေးနှင့် အမြောက်ဆန်၏ အမြန်နှုန်း အားလုံး သာလွန်သည်။

တာရှန်းမိစ္ဆာနိုင်ငံ၏ ရေယာဉ်စုကလည်း တာ့ယန် အင်ပါယာသစ်၏ စစ်သင်္ဘောကြီး နှစ်စင်းကို အမြန် တွေ့ရှိသွားသည်။ သူတို့ အနည်းငယ် အံ့ဩသွားကြ၏။

‘နှစ်စင်းတည်းလား။’

အဘယ်ကြောင့်ဆိုသော် တာ့ယန် အင်ပါယာသစ်၏ ကျန်ရှိနေသော စစ်သင်္ဘောများသည် မြင်ကွင်း အပြင်ဘက်မှနေ၍ သူတို့ကို ဝိုင်းရံထားသောကြောင့် ဖြစ်သည်။

တာ့ယန် အင်ပါယာသစ်၏ စစ်သင်္ဘောကြီး နှစ်စင်းသည် အလွန် ကြီးမားပြီး ရေစူးတန်ချိန် တစ်သောင်းကျော် ရှိသော်လည်း ကိုယ်ထည် အရွယ်အစား သက်သက်ကိုသာ ကြည့်မည်ဆိုပါက တာရှန်းမိစ္ဆာနိုင်ငံ၏ အဓိက စစ်သင်္ဘောများထက် အများကြီး ပိုမကြီးပေ။

ထို့အပြင် တာ့ယန် အင်ပါယာသစ် စစ်သင်္ဘောကြီးများ၏ အလှအပ အမြင်မှာ သိပ္ပံနည်းကျမှုကို ပိုမို အလေးထားပြီး ရေစီးကြောင်းနှင့် ကိုက်ညီသော ပုံစံများကို အလေးထားသည်။

တာရှန်းမိစ္ဆာနိုင်ငံ၏ အဓိက စစ်သင်္ဘောများကမူ ယွင်ကျုံးဟဲ့ မြင်တွေ့ခဲ့ဖူးသော နုဧကရာဇ်၏ စစ်သင်္ဘောများ ကဲ့သို့၊ ဟေးယန် အင်ပါယာ၏ အနက်ရောင်နဂါး စစ်သင်္ဘောများကဲ့သို့ ကြောက်စရာ ကောင်းသည်၊ ကြမ်းတမ်းသည်၊ ခန့်ညားထည်ဝါပြီး ပင်လယ်ပြင်ပေါ်မှ ဧရာမ သားရဲကြီးများနှင့် တူ၏။

ထို့ကြောင့် အမြင်အာရုံ သက်သက်ကိုသာ ကြည့်မည်ဆိုပါက တာရှန်းမိစ္ဆာနိုင်ငံ၏ စစ်သင်္ဘောများက ပို၍ ကြောက်စရာ ကောင်း၏။ ဤသည်မှာ သိုင်းပညာ ယဉ်ကျေးမှု၏ လက္ခဏာပင် ဖြစ်ပြီး အပူ လက်နက်များကို တီထွင်လာလျှင်ပင် သိုင်းပညာ အငွေ့အသက်များ ပြည့်နှက်နေသည်။

ချက်ချင်းပဲ တာရှန်းမိစ္ဆာနိုင်ငံ၏ ထူးခြားသော ဦးချိုသံများ ထွက်ပေါ်လာသည်။ ရေယာဉ်စု တစ်ခုလုံးသည် တပ်ဖွဲ့ ပုံစံ ပြောင်းလဲကာ တာ့ယန် အင်ပါယာသစ်၏ စစ်သင်္ဘောကြီး နှစ်စင်းဆီသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်လာကြ၏။

တာ့ယန် အင်ပါယာ စစ်သင်္ဘောကြီး နှစ်စင်းသည် ဦးတည်ရာ ပြောင်းလဲကာ ထွက်ပြေးမည့်ဟန် ပြလိုက်သော်လည်း ထွက်ပြေးသည့် အမြန်နှုန်းမှာ အလွန် နှေးကွေးပြီး တာရှန်းမိစ္ဆာနိုင်ငံ၏ ရေယာဉ်စုထက် မမြန်ပေ။

နှစ်ဖက်စလုံး၏ အကွာအဝေးသည် အဆက်မပြတ် နီးကပ်လာသည်။ ကီလိုမီတာ သုံးဆယ်၊ ကီလိုမီတာ နှစ်ဆယ်၊ ဆယ့်ငါး ကီလိုမီတာ..

တာ့ယန် အင်ပါယာ၏ အရာရှိ စစ်သည်များသည် စိတ်ထဲတွင် အလွန် စိတ်လှုပ်ရှားနေကြပြီး ကျီးယန်၊ ကျီးဖန် စသည့် စစ်သေနာပတိများပင် အပါအဝင် ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် မကြာမီ ပေါက်ကွဲထွက်လာတော့မည်မှာ တာ့ယန် အင်ပါယာနှင့် တာရှန်း မိစ္ဆာနိုင်ငံ တို့၏ ပထမဆုံး တိုက်ပွဲ ဖြစ်ပြီး သမိုင်းဝင် အဓိပ္ပာယ်များ ပြည့်နှက်နေသောကြောင့်ပင်။

ဤသည်မှာ ယဉ်ကျေးမှု နှစ်ခု၏ တိုက်ပွဲပင် ဖြစ်သည်။ တာ့ယန် အင်ပါယာ၏ ယဉ်ကျေးမှုသစ်က ပိုမို အဆင့်မြင့်သလား ဆိုသည်ကို ဤတိုက်ပွဲက အဖြေပေးနိုင်မှာဖြစ်သည်။

တကယ်တမ်းတွင် တာရှန်းမိစ္ဆာနိုင်ငံ၏ ရေယာဉ်စုသည် တာ့ယန် အင်ပါယာ စစ်သင်္ဘောကြီးများ၏ ပစ်ခတ် နိုင်သည့် အကွာအဝေး အတွင်းသို့ စောစောတည်းက ဝင်ရောက်လာခဲ့ပြီဖြစ်ပြီး လုံးဝ ထိရောက်စွာ ပစ်ခတ်နိုင်သည့် အကွာအဝေးပင် ဖြစ်၏။

သို့ပေမည့် တာ့ယန် အင်ပါယာ၏ စစ်သင်္ဘောကြီးများသည် ထိရောက်သော သတ်ဖြတ်နိုင်စွမ်းကို သေချာစေရန် အတွက် အကွာအဝေး နီးကပ်လာမည့် အချိန်ကို အမြဲတမ်း စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။

နှစ်ဖက်စလုံး၏ အကွာအဝေးသည် မီတာ တစ်သောင်း အတွင်းသို့ ရောက်ရှိလာပြီဖြစ်ရာ ဤအကွာအဝေးသည် လုံလောက်ပြီဖြစ်ပြီး စတင် တိုက်ခိုက်နိုင်ပြီ ဖြစ်၏။

“ဝုန်း.. ဝုန်း... ဝုန်း.. ဝုန်း...”

အမိန့်ပေးသံနှင့်အတူ တာ့ယန် အင်ပါယာ၏ စစ်သင်္ဘောကြီးများက ပြင်းထန်စွာ ပစ်ခတ်လိုက်သည်။

ချက်ချင်းပဲ တာရှန်း မိစ္ဆာနိုင်ငံ စစ်သင်္ဘောများ လန့်ဖျပ်သွားကြ၏။ ‘ဒီအကွာအဝေးကနေ ပစ်တာလား၊ ခင်ဗျားတို့ ဦးနှောက် ပျက်နေတာလား။’

အဘယ်ကြောင့်ဆိုသော် တာရှန်း မိစ္ဆာနိုင်ငံ စစ်သင်္ဘောများ၏ အမြောက် ပစ်ခတ်နိုင်သည့် အကွာအဝေးသည် အလွန်ဆုံး မီတာ သုံးလေးထောင်ထက် မပိုသောကြောင့်ဖြစ်ပြီး ယခုအခါ မီတာ တစ်သောင်းတိတိ ကွာဝေးနေသောကြောင့် ဖြစ်သည်။

သို့ပေမည့် ကြောက်စရာကောင်းသော ကိစ္စရပ် ဖြစ်ပေါ်လာသည်။

တာ့ယန် အင်ပါယာ စစ်သင်္ဘောကြီးများ၏ အမြောက်များ ပစ်ခတ်ပြီးနောက် အမြောက်ဆန်များ၏ အမြန်နှုန်းမှာ တကယ်ကို လျှပ်စီးလက်သကဲ့သို့ ဖြစ်ပြီး ကနဦး အမြန်နှုန်းသည် အသံထက် နှစ်ဆနီးပါး မြန်ဆန်၏။

“ရွှီး... ရွှီး...ရွှီး... ရွှီး......”

စက္ကန့် ဆယ်ဂဏန်းခန့် အကြာတွင် အမြောက်ဆန် ဆယ်လုံးကျော်သည် တာရှန်းမိစ္ဆာနိုင်ငံ၏ ရေယာဉ်စု ကောင်းကင်ယံသို့ ရောက်ရှိလာသည်။

တာရှန်းမိစ္ဆာနိုင်ငံ၏ ရေတပ်က မနေနိုင်ဘဲ ခေါင်းမော့ကြည့်လိုက်ရာ အမြောက်ဆန် တစ်တန်းကြီးက ကြယ်တံခွန် မိုးရွာကျသကဲ့သို့ သူတို့၏ ခေါင်းပေါ်မှ တိုက်ရိုက် ပျံသန်းသွားသည်ကို မြင်တွေ့လိုက်ရ၏။

ဤမြင်ကွင်းသည် တကယ်ကို အံ့ဩစရာ ကောင်းပြီး အလွန်လည်း လှပ၏။ လူတိုင်း လုံးဝ အံ့ဩမှင်တက်သွား ကြသည်။

‘ဒီလောက် ဝေးဝေး ပစ်နိုင်တယ်လား။ ပြီးတော့ ဒီလောက် မြန်မြန် ပစ်နိုင်တယ်လား။’

တာရှန်းအင်ပါယာ ရေတပ် တပ်မှူးသည် မှန်ပြောင်းဖြင့် အကြမ်းဖျင်း ကြည့်လိုက်ရာ တာ့ယန် စစ်သင်္ဘောကြီးများ၏ အမြောက်များ အလွန် နည်းပါးကြောင်း တွေ့လိုက်ရသည်။ ဤမျှ ကြီးမားသော သင်္ဘော တစ်စင်းပေါ်တွင် အမြောက် အလက် နှစ်ဆယ်ပင် မပြည့်ပေ။

တာရှန်းမိစ္ဆာနိုင်ငံ၏ အဓိက စစ်သင်္ဘောများသည် ဤမျှ မကြီးမားသော်လည်း အမြောက် အလက် ရာချီ ရှိသည်။

“ဝုန်း.. ဝုန်း... ဝုန်း.. ဝုန်း... ...”

“ရွှီး... ရွှီး...ရွှီး...”

ထို့နောက် မကြာမီမှာပဲ တာ့ယန် အင်ပါယာ စစ်သင်္ဘောကြီးများသည် ဒုတိယအကြိမ် ထပ်မံ ပစ်ခတ်လိုက ်ပြန်သည်။ မီတာ တစ်သောင်း အကွာအဝေးမှပင် ဖြစ်၏။

တာရှန်း အင်ပါယာ၏ ရေတပ်များ ပို၍ပင် အံ့ဩသွားကြသည်။ ‘ပစ်ခတ်မှု အမြန်နှုန်းက ဒီလောက် မြန်တာလား။ ပထမ တစ်ကြိမ် ပစ်ခတ်ပြီးတာ ဘယ်လောက်တောင် ကြာသေးလို့လဲ။’

ကောင်းကင်ယံတွင် စူးရှသော လေခွင်းသံများ အဆက်မပြတ် ထွက်ပေါ်လာပြီးနောက် အမြောက်ဆန် ဆယ်လုံးကျော်သည် သူတို့၏ ခေါင်းပေါ်မှ တိုက်ရိုက် ပျံသန်းသွားပြန်၏။

နှစ်ကြိမ် ပစ်ခတ်မှု အပြီးတွင် တိုက်ပွဲ ရလဒ်မှာ သုည ဖြစ်သည်။

တာ့ယန် အင်ပါယာ၏ အမြောက်များသည် အလွန် အဆင့်မြင့်ပြီး တိကျမှုကလည်း အလွန် မြင့်မားသော်လည်း မည်သို့ပင်ဖြစ်စေ အကွာအဝေးက ဤမျှ ဝေးကွာနေပြီး ပင်လယ်ပြင်ပေါ်တွင် ဖြစ်သောကြောင့် ထိမှန်နိုင်ခြေမှာ အတော်လေး နည်းပါး၏။

All Chapters