အခန်း ၈၄၁
Vol. 71 Ch. 841
အပိုင်း (၈၄၁)
မကြာမီမှာပဲ တာ့ယန် အင်ပါယာ စစ်သင်္ဘောကြီးများ၏ တတိယမြောက် ပစ်ခတ်မှု စတင်သည်။
“ရွှီး... ရွှီး...ရွှီး... ရွှီး......”
ဤတစ်ကြိမ်တွင်တော့ တိုက်ပွဲ ရလဒ်က သုည မဟုတ်တော့ပေ။
အမြောက်ဆန် တစ်လုံးသည် တာရှန်းမိစ္ဆာနိုင်ငံ၏ အဓိက မဟုတ်သော စစ်သင်္ဘော တစ်စင်းကို တိုက်ရိုက် ထိမှန်သွားသည်။
ကီလိုဂရမ် နှစ်ရာကျော် အလေးချိန်ရှိသော အမြောက်ဆန်သည် သံချပ်ကာများ ဖုံးအုပ်ထားသော သစ်သား စစ်သင်္ဘောကို အလွယ်တကူ ဆုတ်ဖြဲပစ်လိုက်ပြီးနောက် ပြင်းထန်စွာ ပေါက်ကွဲသွား၏။
“ဝုန်း.. ဝုန်း... ဘုန်း...”
ရေစူးတန်ချိန် နှစ်ထောင်ပင် မပြည့်သော တာရှန်း အင်ပါယာ စစ်သင်္ဘောသည် အလွန် ကြီးမားသော အပေါက်ကြီး တစ်ပေါက် ပေါက်ထွက်သွားပြီး မီးဟုန်းဟုန်း တောက်လောင်သွားကာ ပင်လယ်ရေများ မဝင်ရောက်မီမှာပဲ စစ်သင်္ဘော တစ်စင်းလုံး အလယ်မှ တိုက်ရိုက် ကျိုးပဲ့သွားသည်။
တာရှန်း အင်ပါယာ၏ ရေတပ်များ လုံးဝ အံ့ဩမှင်တက်သွားကြသည်။
‘စွမ်းအားက ဒီလောက် ကြီးတာလား။ ဒီလောက် ကြောက်စရာ ကောင်းတာလား။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ကျုပ်တို့က လက်တွေ့ စစ်ပွဲ လေ့ကျင့်မှုတွေ လုပ်ထားတာလေ။ သာမန် စစ်သင်္ဘော တစ်စင်း ဆိုရင် အနည်းဆုံး အမြောက်ဆန် ရာချီလောက် အပစ်ခံရမှ နစ်မြုပ်သွားတာလေ။ ဒါပေမဲ့ အခုတော့ အမြောက်ဆန် တစ်လုံးတည်းနဲ့တင် စစ်သင်္ဘော တစ်စင်းကို နစ်မြုပ်သွားစေတယ်လား။’
သူတို့ အံ့ဩ၍ပင် မပြီးသေးမီမှာပင် တာ့ယန် အင်ပါယာ စစ်သင်္ဘောကြီးများ၏ စတုတ္ထ အကြိမ် ပစ်ခတ်မှု ထပ်မံ စတင်ပြန်၏။
“ရွှီး... ရွှီး...ရွှီး... ရွှီး......”
ဤတစ်ကြိမ်တွင် တိုက်ပွဲ ရလဒ်က ပိုမို ကြီးမားပြီး အမြောက်ဆန် နှစ်လုံးက ရန်သူ့ သင်္ဘောကို ထိမှန်သွားသည်။
သို့ပေမည့် အလွန် နှမြောစရာ ကောင်းသည်မှာ အမြောက်ဆန် နှစ်လုံးစလုံးက စစ်သင်္ဘော တစ်စင်းတည်းကို တပြိုင်နက်တည်း ထိမှန်သွားခြင်း ဖြစ်ရာ အနည်းငယ် ဖြုန်းတီးရာ ကျသွား၏။
“ဝုန်း.. ဝုန်း...”
တာရှန်း အင်ပါယာ၏ စစ်သင်္ဘောသည် တိုက်ရိုက် တစ်စစီ ဆုတ်ဖြဲခံလိုက်ရသည်။
“သက်တော်ရာကျော် ရှည်ပါစေ၊ သက်တော်ရာကျော် ရှည်ပါစေ။”
“တာ့ယန် သက်တော်ရာကျော် ရှည်ပါစေ။”
တာ့ယန် အင်ပါယာ ရေတပ်များ မနေနိုင်ဘဲ ဝမ်းသာအားရ အော်လိုက်ကြသည်။
တိုက်ပွဲ မစတင်မီက သူတို့ တကယ်ကို စိတ်လှုပ်ရှားနေခဲ့ကြသည်။ အဘယ်ကြောင့်ဆိုသော် ဤစစ်သင်္ဘောများသည် အရှင်မင်းကြီး ကိုယ်တိုင် ပုံစံရေးဆွဲထားခြင်းဖြစ်ပြီး ၎င်းတို့၏ စွမ်းအားများကို လူတိုင်း အကြမ်းဖျင်း သိရှိထားကြသော်လည်း တာရှန်းမိစ္ဆာနိုင်ငံ ရေတပ်က မည်သည့် အဆင့်အတန်းတွင် ရှိနေသည်ကို မသိရှိကြသောကြောင့်ပင်။
ထို့ကြောင့် မိမိတို့၏ စစ်သင်္ဘောကြီးများ မည်သည့် အဆင့်အတန်းတွင် ရှိနေသည်ကို လုံးဝ မသိရှိကြပေ။ သို့ပေမည့် ယခုအခါ သူတို့ အပြည့်အဝ သိရှိသွားကြပြီဖြစ်သည်။
တာ့ယန် အင်ပါယာသည် အနည်းဆုံးတော့ ရေတပ်တွင် တာရှန်း အင်ပါယာထက် အများကြီး၊ အများကြီး ပိုမို တိုးတက်နေပြီး မျိုးဆက် တစ်ခုမက ကွာခြားနေကြောင်း သိရှိသွားကြ၏။
ကျီးယန်လည်း သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်မိ၏။ သူမ ကိုယ်တိုင်က ရေတပ်တွင် တာ့ယန် အင်ပါယာသည် အများကြီး သာလွန်နေပြီး တာရှန်းမိစ္ဆာနိုင်ငံ၏ အားသာချက်မှာ အသွင်ပြောင်း သိုင်းသမားများ၊ အသွင်ပြောင်း စစ်တပ်များ ဖြစ်ကြောင်း ကြိုတင် ခန့်မှန်းထားခဲ့သည်။
သို့ပေမည့် ယခုအခါ မိမိတို့၏ ရေတပ်က ဤမျှလောက်အထိ သာလွန်နေကြောင်း တွေ့ရှိရသောကြောင့် အနည်းဆုံးတော့ ရေကြောင်း စိုးမိုးမှုကို ထိန်းသိမ်းထားနိုင်မည်ဖြစ်ပြီး ယွင်ပြည်နယ် အခြေစိုက် စခန်းကို ကာကွယ်နိုင်ပေလိမ့်မည်။
ထို့နောက် တာ့ယန် အင်ပါယာ၏ စစ်သင်္ဘောကြီး နှစ်စင်းသည် လုံးဝ လွတ်လပ်စွာ တိုက်ခိုက်ကြတော့ပြီး ထိုမျှလောက် သတိထား မနေတော့ပေ။
ရန်သူ့ သင်္ဘော အစင်း နှစ်ဆယ်ကျော်ကို ရင်ဆိုင်ရာတွင် စစ်သင်္ဘောကြီး နှစ်စင်းသည် တိုက်ရိုက် စောင်း၍ပင် ပြေးဝင်သွားကြသည်။
တစ်ကြိမ်ပြီး တစ်ကြိမ် ပစ်ခတ်မှုများကြောင့် အမြောက်ဆန်များသည် မိုးကြိုးများကဲ့သို့ အရှိန်အဟုန်ဖြင့် ပစ်ထွက်နေသည်။ စစ်သင်္ဘောကြီး နှစ်စင်းက ရန်သူ့ စစ်သင်္ဘော အစင်း နှစ်ဆယ်ကျော်ကို ဝိုင်းရံရန်ပင် ပြင်နေကြ၏။
သို့ပေမည့် ဤကဲ့သို့ ဧရာမ လက်နက်ကြီးများ၏ မျိုးဆက် ကွာခြားမှုသည် လူများကို မျှော်လင့်ချက် မဲ့သွားစေသည်။
အမြန်နှုန်းနှင့် လှုပ်ရှားနိုင်စွမ်းကို ယှဉ်မည် ဆိုလျှင် တာရှန်း အင်ပါယာ၏ စစ်သင်္ဘောများသည် တာ့ယန် အင်ပါယာ၏ စစ်သင်္ဘောကြီးများကို လုံးဝ မမီပေ။ အမြောက်များ၏ ပစ်ခတ်နိုင်သည့် အကွာအဝေး၊ တိကျမှုတို့ကို ယှဉ်မည် ဆိုပါက ပို၍ပင် မမီနိုင်တော့ပေ။
ထို့ကြောင့် တာရှန်းမိစ္ဆာနိုင်ငံ၏ စစ်သင်္ဘောများ မည်မျှပင် ကြိုးစားပါစေ၊ မည်မျှပင် အသက်လု တိုက်ခိုက်ပါစေ တာ့ယန်၏ စစ်သင်္ဘောကြီးများကို လုံးဝ မထိမှန်နိုင်ချေ။
“ဝုန်း.. ဝုန်း... ဝုန်း.. ဝုန်း... ...”
သို့ပေမည့် တာရှန်း မိစ္ဆာနိုင်ငံဘက်မှ အမြောက်များ ပစ်ခတ်ချိန်တွင်တော့ အတော်လေး ခန့်ညားလို့နေ၏။ အမြောက် ရာပေါင်းများစွာ တပြိုင်နက်တည်း ပစ်ခတ်ကြသည်။
အမြောက်ဆန် ရာပေါင်းများစွာသည် မိုးသည်းထန်စွာ ရွာကျသကဲ့သို့ ပစ်ဝင်လာသော်လည်း အလွန်ဆုံး မီတာ သုံးလေးထောင်သာ ပျံသန်းနိုင်ပြီး ပင်လယ်ထဲသို့ ပြုတ်ကျသွားကြ၏။
အသံမှာအလွန် ကျယ်လောင်သော်လည်း လုံးဝ အသုံးမဝင်ပေ။ တာ့ယန် အင်ပါယာ၏ စစ်သင်္ဘောကြီးများက အနည်းဆုံး မီတာ ငါးထောင်ကျော် အကွာတွင် ရှိနေသည်။
ဤသည်မှာ တာရှန်း အင်ပါယာ ရေယာဉ်စု၏ မတတ်သာဘဲ ဒေါသတကြီး ဟိန်းဟောက်နေမှုနှင့် ပိုတူ၏။
တာ့ယန် အင်ပါယာ၏ စစ်သင်္ဘောကြီးများမှာမူ ပို၍ ပို၍ တိကျလာ၏။ လုံးဝ တစ်ဖက်သတ် သတ်ဖြတ်မှုပင် ဖြစ်သည်။
တာရှန်းမိစ္ဆာနိုင်ငံ၏ စစ်သင်္ဘောများသည် တစ်စင်းပြီး တစ်စင်း နစ်မြုပ်သွားကြသည်။ နာရီဝက်ပင် မပြည့်သော တိုက်ပွဲ အချိန်တို အတွင်းမှာပင် တာရှန်းမိစ္ဆာနိုင်ငံ၏ စစ်သင်္ဘောများသည် ရူးသွပ်စွာ ထွက်ပြေးကြတော့၏။
သို့ပေမည့် ပြေးလွတ်နိုင်မည် မဟုတ်ပေ။
မူလက တာ့ယန် အင်ပါယာ၏ ကျန်ရှိနေသော စစ်သင်္ဘော အစင်း ဆယ်ဂဏန်းခန့်သည် ဝိုင်းရံ ပိတ်ဆို့ရန် ရည်ရွယ်ထားခဲ့ခြင်း ဖြစ်သည်။
သို့ပေမည့် ယခု အခြေအနေကို ကြည့်ရသည်မှာ အဓိက စစ်သင်္ဘောကြီး နှစ်စင်းကိုသာ တိုက်ပွဲ အားလုံး ပြီးဆုံးအောင် လုပ်ဆောင်စေပြီး ကျန်စစ်သင်္ဘောများက ဘေးမှ ကြည့်နေရန် ရည်ရွယ်ထားပုံ ရ၏။
ထို့ကြောင့် တာရှန်း မိစ္ဆာနိုင်ငံကို ဒေါသထွက်စေမည့် မြင်ကွင်း တစ်ခု ဖြစ်ပေါ်လာသည်။
တာ့ယန် အင်ပါယာ၏ စစ်သင်္ဘောကြီး နှစ်စင်းက စစ်သင်္ဘော ဆယ်စင်းကျော်ကို ရူးသွပ်စွာ လိုက်လံ သတ်ဖြတ်နေသည်။ ထို့အပြင် သူတို့၏ အမြန်နှုန်းမှာလည်း အလွန် မြန်ဆန်လွန်းသောကြောင့် ထွက်ပြေး၍ပင် မလွတ်နိုင်ပေ။
သတ်ဖြတ်မှု...
သတ်ဖြတ်မှုကြီးပင် ဖြစ်၏။
နှစ်နာရီ အကြာတွင် တိုက်ပွဲကြီး ပြီးဆုံးသွား၏။ တာရှန်းမိစ္ဆာနိုင်ငံ၏ ရေယာဉ်စုသည် တပ်လုံးကျွတ်နီးပါး သေဆုံးသွားပြီး ပင်လယ်ပြင်ပေါ်တွင် မရေမတွက်နိုင်သော သင်္ဘော အပျက်အစီးများနှင့် အလောင်းများ ပေါလောပေါ်နေသည်။
တာ့ယန် အင်ပါယာ၏ ကျန်ရှိနေသော စစ်သင်္ဘော အစင်း ဆယ်ဂဏန်းခန့်သည် အစမှ အဆုံးထိ တစ်ချက်မျှပင် မပစ်ခတ်ခဲ့ရဘဲ တိုက်ပွဲ ရလဒ် အားလုံးကို စစ်သင်္ဘောကြီး နှစ်စင်းကသာ ရယူသွားခဲ့ခြင်း ဖြစ်၏။
ယခုအခါ ရေတပ် တပ်မှူးကြီး အချို့သည် စစ်သင်္ဘောကြီး နှစ်စင်းပင် မလိုအပ်ဘဲ တစ်စင်းတည်းဖြင့်ပင် တာရှန်းမိစ္ဆာနိုင်ငံ၏ ရေယာဉ်စု တစ်ခုလုံးကို အမြစ်ပြတ် ချေမှုန်းနိုင်သည်ဟု ပို၍ပင် ယုံကြည်လာကြသည်။
အဘယ်ကြောင့်ဆိုသော် နှစ်ဖက်စလုံးသည် လုံးဝ တူညီသော အဆင့်အတန်းတွင် မရှိဘဲ ကွာဟချက်က အလွန် ကြီးမားလွန်းသောကြောင့်ပင်။
“သုံ့ပန်းတွေကို ကယ်မလား။”
ရေတပ် စစ်သူကြီး ခဏမျှ စဉ်းစားပြီးနောက် ခေါင်းယမ်းလိုက်၏။
ဤတစ်ကြိမ် တိုက်ပွဲတွင် သုံ့ပန်း မယူတော့ပေ။ အဘယ်ကြောင့်ဆိုသော် တစ်ဖက်ရန်သူ အကြောင်းကို သေချာ မသိသေးသလို အဓိက အချက်မှာ ယခုအခါ ယွင်ပြည်နယ် အခြေစိုက် စခန်းသည် အလွန် အားနည်းနေသေးသောကြောင့် ဖြစ်သည်။
အကယ်၍ သုံ့ပန်း ယူမည် ဆိုပါက အနည်းဆုံး လူသောင်းချီ ရှိမှာဖြစ်သည်။ တာ့ယန် အင်ပါယာ အနေဖြင့် ဤလူသောင်းချီကို စီမံခန့်ခွဲရန် အချိန်မရှိသေးသလို အင်ပါယာ ပြည်တွင်းသို့ ပြန်လည် ပို့ဆောင်၍လည်း မရနိုင်ပေ။
ကျီးယန်က ပြောလိုက်သည်။ “ကယ်လိုက်တာ ပိုကောင်းပါလိမ့်မယ်။”
ရေတပ် စစ်သူကြီး ကျီးဖန်က ငြင်းပယ်လိုက်၏။ “လူအရေအတွက်က အရမ်း များလွန်းတယ်။ အကယ်၍ အဲဒီအထဲမှာ တာရှန်း မိစ္ဆာနိုင်ငံရဲ့ သိုင်းသမားတွေ ပုန်းအောင်းနေပြီး ယွင်ပြည်နယ်ကို ပြန်ခေါ်သွားရင် ကျုပ်တို့အတွက် ဘေးအန္တရာယ် ဖြစ်သွားနိုင်တယ်။”
ကျီးယန်က ရှင်းပြလိုက်သည်။ “ဒီရေတပ် စစ်သည် အများစုက အရင်က တာ့ကျိုး အင်ပါယာရဲ့ ရေတပ် စစ်သည်တွေ ဖြစ်လောက်တယ်။ အရှင်မင်းကြီးနဲ့လည်း အတိုင်းအတာ တစ်ခုအထိ ပတ်သက်မှု ရှိနေတယ်။ အကယ်၍ မကယ်ဘူး ဆိုရင် အရှင်မင်းကြီးရဲ့ စိတ်ထဲမှာ မကောင်း ဖြစ်နေလိမ့်မယ်။”
ကျီးဖန် ကြားပြီးနောက် ခေါင်းညိတ်ကာ ရေထဲ ကျနေသော ရန်သူများကို ကယ်တင်ရန် အမိန့်ပေးလိုက်သည်။ အဘယ်ကြောင့်ဆိုသော် ဤတာရှန်း အင်ပါယာ၏ ရေတပ် စစ်သည် အများစုသည် အသွင်ပြောင်း သိုင်းသမားများ မဟုတ်ဘဲ မူလ တာ့ကျိုးလူမျိုးများ ဖြစ်ကြကာ ယွင်ကျုံးဟဲ့နှင့်လည်း လူမျိုး တူတူ ဖြစ်သောကြောင့်ပင်။
ဤအချိန်တွင် ဘေးရှိ စစ်သင်္ဘော အစင်း ဆယ်ဂဏန်းခန့်သည်လည်း ကယ်ဆယ်ရေး လုပ်ငန်းများတွင် ပါဝင်ရန် နီးကပ်လာကြသည်။
အဘယ်ကြောင့်ဆိုသော် သုံ့ပန်းများကို စစ်သင်္ဘောကြီး နှစ်စင်းပေါ်တွင် လုံးဝ မထားရှိနိုင်သောကြောင့် ဖြစ်သည်။ အကယ်၍ မတော်တဆမှု တစ်ခုခု ဖြစ်ပွားသွားပါက နောက်ဆက်တွဲ အကျိုးဆက်များမှာ တွေးကြည့်၍ပင် မရနိုင်ပေ။
“ဝုန်း...”
သို့ပေမည့် ထိုအချိန်မှာပဲ ရုတ်တရက် ကျယ်လောင်သော အသံကြီး တစ်ခု ထွက်ပေါ်လာပြီး တာ့ယန် အင်ပါယာ၏ အသေးစား စစ်သင်္ဘော တစ်စင်းသည် ရေပြင်ပေါ်သို့ တိုက်ရိုက် ပင့်တင်ခံလိုက်ရကာ အလယ်မှ ကျိုးပဲ့သွားပြီး တိမ်းမှောက်သွားသည်။
လူတိုင်း လန့်ဖျပ်သွားကြ၏။
‘ဒါ... ဒါ ဘာကြီးလဲ။ ဒါ ဘာ မိစ္ဆာကောင်ကြီးလဲ။’
ထို့နောက် ကျယ်လောင်သော အသံကြီး တစ်ခု ထပ်မံ ထွက်ပေါ်လာပြန်သည်။
“ဝုန်း... ဝုန်း...”
နောက်ထပ် စစ်သင်္ဘော တစ်စင်း ပြင်းထန်စွာ တိုက်ခိုက်ခံလိုက်ရပြီး သင်္ဘောပေါ်ရှိ လူများ တိုက်ရိုက် လွင့်စင်သွားကြ၏။
စစ်သင်္ဘော တစ်စင်းလုံးတွင် ဧရာမ အပေါက်ကြီး တစ်ခု တိုက်ရိုက် ဖောက်ခံလိုက်ရပြီး ပင်လယ်ရေများ အဆက်မပြတ် ဝင်ရောက်လာသည်။
“ဝုန်း.. ဝုန်း... ဝုန်း...” နောက်ထပ် ကျယ်လောင်သော အသံကြီး တစ်ခု ထွက်ပေါ်လာပြီး ရေစူးတန်ချိန် တစ်ထောင်ကျော် ရှိသော စစ်သင်္ဘောသည် လုံးဝ မှောက်လှန်ခံလိုက်ရ၏။
“ဒေါင်... ဒေါင်... ဒေါင်... ဒေါင်... ဒေါင်...”
တာ့ယန် အင်ပါယာ၏ ရေယာဉ်စုသည် ရန်သူကြီးနှင့် ရင်ဆိုင်နေရသကဲ့သို့ အသင့်ပြင်လိုက်ကြသည်။
“ရန်သူ လာတိုက်ပြီ။”
“ရန်သူ လာတိုက်ပြီ။”
ထို့နောက် ဟေးယန် သိုင်းသမား တစ်ယောက်ပြီး တစ်ယောက် ရေထဲသို့ ခုန်ဆင်းကာ ဤရေအောက်မှ ရန်သူကို ရှာဖွေလိုက်ကြ၏။
နောက်တစ်စက္ကန့်တွင် ဤအင်အားကြီးမားသော ရေအောက် ရန်သူသည် တိုက်ရိုက် ထွက်ပေါ်လာ၏။ ထိုအရာမှာ ဝေလငါး တစ်ကောင် ဖြစ်သည်။
သို့ပေမည့် ၎င်းသည် တစ်ခါမှ မမြင်ဖူးသော ဝေလငါး တစ်ကောင် ဖြစ်ပြီး ပုံမှန် ဝေလငါးထက် နှစ်ဆ၊ သုံးဆခန့် ပိုကြီး၏။
ပုံမှန် ဝေလငါး တစ်ကောင်သည် အလွန်ဆုံး တန်ချိန် နှစ်ရာကျော်သာ ရှိသော်လည်း ဤဝေလငါးကြီးသည် မီတာ တစ်ရာကျော် ရှည်လျားပြီး လုံးဝ ဧရာမ သားရဲကြီး တစ်ကောင် ဖြစ်သည်။
ထိုမျှမက ဤဝေလငါးသည် ပုံမှန် ဝေလငါးများနှင့်လည်း လုံးဝ မတူညီပေ။ ပုံမှန် ဝေလငါးများသည် ရိုးအသော အသွင်အပြင် ရှိသော်လည်း ဤဝေလငါးကြီးသည် အလွန် ရက်စက် ကြမ်းကြုတ်ပြီး ကြောက်စရာကောင်းသော အသွင်ပြောင်းမှုများ ဖြစ်ပေါ်နေ၏။
ထို့အပြင် ၎င်း၏ ခေါင်းပေါ်တွင် ကြောက်စရာကောင်းသော ချို(ဂျို) တစ်ချောင်းလည်း ရှိသည်။
ကမ္ဘာမြေပေါ်တွင် ချိုပါသော ဝေလငါးများ ရှိသော်လည်း အရွယ်အစား အလွန် သေးငယ်သည်။ မျက်မှောက်ရှိ ဤမိစ္ဆာကောင်ကြီးသည် လုံးဝ ချိုပါသော ဝေလငါး မဟုတ်ဘဲ ဤချိုမှာ အထူး သတ္တုတစ်မျိုး ဖြစ်ပြီး လူလုပ် တပ်ဆင်ထားခြင်း ဖြစ်၏။
ကျီးယန်၏ ခန့်မှန်းချက် မှန်ကန်သည်။ တာရှန်း မိစ္ဆာနိုင်ငံသည် အင်အားကြီးမားသော အသွင်ပြောင်း စစ်တပ်များကို ပိုင်ဆိုင်ထားသည်။
ဤအချိန်တွင် အသွင်ပြောင်း ဝေလငါးကြီးသည် သူ၏ ပါးစပ်ကြီးကို ဟကာ ရေထဲ ကျနေသော တာရှန်း အင်ပါယာ ရေတပ် စစ်သည်များကို ရူးသွပ်စွာ မျိုချနေ၏။
ပါးစပ်ကြီးကို ဟလိုက်ပြီးနောက် အတွင်းရှိ သွားများသည် ငါးမန်းများနှင့် မကွာခြားဘဲ ထက်မြက်သော ဓားမကြီးများကဲ့သို့ ဖြစ်နေသည်။