အခန်း ၈၄၅
Vol. 71 Ch. 845
အပိုင်း (၈၄၅)
နောက်ထပ် သတင်းကောင်း တစ်ခု ရှိသေးသည်။ အင်ပါယာ ရေယာဉ်စုသည် စစ်သင်္ဘော ခုနစ်စင်း နစ်မြုပ်ခံခဲ့ရသော်လည်း တစ်နှစ်ပင် မပြည့်သော အချိန်အတွင်း မျိုးစုံသော စစ်သင်္ဘောသစ် အစင်း သုံးဆယ်ကျော် ရေချနိုင်ခဲ့ပြီး ထိုအထဲတွင် စစ်သင်္ဘောကြီး နှစ်စင်း ပါဝင်သည်။
ဤသည်မှာ ယွင်ကျုံးဟဲ့၏ အားကိုးရာပင် ဖြစ်သည်။ သူ၏ လေသင်္ဘော တပ်ဖွဲ့သည် ယခုအချိန်အထိ တစ်စင်းမှ ပျက်စီးသွားခြင်း မရှိသေးသော်လည်း အချို့မှာတော့ ထိခိုက် ဒဏ်ရာများ ရရှိခဲ့၏။
တစ်နှစ်ပင် မပြည့်သော အချိန်တို အတွင်းမှာပင် အင်ပါယာသည် ဧရာမ လေသင်္ဘောကြီး ကိုးစင်း ထုတ်လုပ် ပြီးစီးခဲ့ပြီး အားလုံးကို ယွင်ပြည်နယ်သို့ ပို့ဆောင်ပြီးစီးသွားပြီ ဖြစ်သည်။
တာ့ယန် အင်ပါယာ၏ ဧရာမ ရေယာဉ်စုကြီးသည် ခမ်းနား ကြီးကျယ်စွာဖြင့် အဆက်မပြတ် မြောက်ဘက်သို့ ချီတက်နေပြီး ကောင်းကင်ကို ဖုံးလွှမ်းသွားမတတ် ဖြစ်သည်။ တာရှန်းမိစ္ဆာနိုင်ငံ၏ စီးမိသားစု ကျွန်းဆွယ် နှင့် ပို၍ ပို၍ နီးကပ်လာခဲ့၏။
မိုင်သုံးထောင်...
မိုင်နှစ်ထောင်...
“မြို့စားကြီး... တာ့ယန် အင်ပါယာ ရေယာဉ်စုက ကျုပ်တို့နဲ့ မိုင်တစ်ထောင်ပဲ ကွာတော့တယ်။”
စီးပြန်းက မေးလိုက်သည်။ “မိုင်တစ်ထောင် အကွာမှာ အဆုံးအဖြတ် တိုက်ပွဲ လုပ်မလား၊ မြို့ရိုးအောက်မှာ အဆုံးအဖြတ် တိုက်ပွဲ လုပ်မလား။”
သေချာပေါက် ဤကိစ္စနှင့် ပတ်သက်၍ စောစောတည်းက ဆုံးဖြတ်ချက် ချထားပြီး ဖြစ်၏။
တာ့ယန် အင်ပါယာ၏ အမြောက်များက အကွာအဝေး ဝေးဝေး ပစ်နိုင်သောကြောင့် တာ့ယန် ရေယာဉ်စုကို မြို့နှင့် အနီးကပ် လာခွင့် မပြုသင့်ပေ။
ကျင်းဝူရွှမ်က ပြောလိုက်သည်။ “မိုင်တစ်ထောင် အကွာမှာ အဆုံးအဖြတ် တိုက်ပွဲ လုပ်မယ်၊ ထွက်ခွာမယ်။”
“ကောင်းပါပြီ။”
စီးပြန်းသည် တာရှန်းမိစ္ဆာနိုင်ငံ၏ သံချပ်ကာ ဝတ်စုံကို ဝတ်ဆင်ထားပြီး ကျင်းဝူရွှမ်းကို ဒူးထောက်ကာ ပြောလိုက်၏။ “ကျုပ် သေချာပေါက် တာဝန် ကျေပွန်အောင် ထမ်းဆောင်ပါ့မယ်။”
ထို့နောက် သူသည် အိမ်တော် အမတ်များကို ဦးဆောင်ကာ စစ်သင်္ဘောပေါ်သို့ တက်ရောက်သွားသည်။
ဆွဲဆောင်မှု ရှိသော ယဇ်ပုရောဟိတ်ချုပ် ပိုင်ရှယ်သည် ယဇ်ပုရောဟိတ် ဆယ်ဂဏန်းခန့်ကို ဦးဆောင်ကာ ဖြည်းညင်းစွာ လျှောက်လာ၏။
ကျင်းဝူရွှမ်က ပြောလိုက်သည်။ “ယဇ်ပုရောဟိတ်ချုပ်... ဒီတစ်ကြိမ် ကြီးမားတဲ့ ရေတိုက်ပွဲက အဓိကအားဖြင့် ရှင်တို့အပေါ်မှာပဲ မူတည်နေပါတယ်။”
ယဇ်ပုရောဟိတ်ချုပ် ပိုင်ရှယ်က ပြော၏။ “စိတ်ချပါ မြို့စားကြီး... ကျွန်မတို့ ယွင်ကျုံးဟဲ့ရဲ့ ရေယာဉ်စုကို သေချာပေါက် တပ်လုံးကျွတ် သေဆုံးသွားအောင် လုပ်ပြမယ်။ တာရှန်း မိစ္ဆာနိုင်ငံရဲ့ လမ်းစဉ်ကသာ အမှန်ကန်ဆုံး ဆိုတာ သက်သေပြမယ်။
အမြောက်တွေ၊ ရူပဗေဒသစ် ဆိုတာတွေက အသက်မရှိတဲ့ ပစ္စည်းတွေပဲ ထုတ်လုပ်နိုင်တာ။ လုံးဝ အသုံးမကျဘူး။ နုဧကရာဇ်ရဲ့ အနက်ရောင်ကျမ်းစာ လမ်းစဉ်ကသာ ထာဝရ တည်တံ့မှာ ဖြစ်ပြီး အသက်ကို ပြောင်းလဲစေနိုင်တယ်၊ အသွင်ပြောင်းစေနိုင်တယ်၊ အဲဒါကမှ ထာဝရ တည်တံ့မှာပဲ။”
ဟုတ်ပေသည်။ ဤသည်မှာ တကယ်ကို ယဉ်ကျေးမှု နှစ်ခု၏ စစ်ပွဲ တစ်ရပ် ဖြစ်သည်။
ထို့နောက် ပိုင်ရှယ်သည် ယဇ်ပုရောဟိတ် ဆယ်ဂဏန်းခန့်ကို ဦးဆောင်ကာ အသွင်ပြောင်း ပင်လယ် သားရဲကြီးများကို အုပ်ချုပ်လျက် ပင်လယ်ပြင်ပေါ်တွင် ရပ်လိုက်၏။
“ထွက်ခွာ... ယွင်ကျုံးဟဲ့ရဲ့ စစ်တပ်ကို အမြစ်ပြတ် သုတ်သင်ပစ်မယ်။”
အမိန့်ပေးသံနှင့်အတူ တာရှန်းမိစ္ဆာနိုင်ငံ၏ အမျိုးအစားစုံလင်သော စစ်သင်္ဘော တစ်ထောင်နီးပါးသည် ခမ်းနား ကြီးကျယ်စွာဖြင့် တောင်ဘက်သို့ ခုတ်မောင်းသွားကြ၏။ ကောင်းကင်ကို ဖုံးလွှမ်းသွားမတတ် ဖြစ်ကာ အရှိန်အဝါ ပိုမို ကြီးမားသည်။
ဤတစ်ကြိမ် ယွင်ကျုံးဟဲ့သည် ကျင်းဝူရွှမ်း၏ လဲ့ဖုန်း ဧရာမ ခံတပ်ကြီးကို ဝင်ရောက် တိုက်ခိုက်ရာတွင် ရေယာဉ်စု၏ ရှစ်ဆယ် ရာခိုင်နှုန်းကို အသုံးပြုခဲ့ပြီး အမျိုးအစားစုံလင်သော စစ်သင်္ဘော သုံးရာကျော်နှင့် ရေတပ် အင်အား တစ်သိန်းကျော် ပါဝင်၏။
သို့ပေမည့် ကျင်းဝူရွှမ်း လက်အောက်ရှိ တောင်ပိုင်း ရေတပ်တွင် စစ်သင်္ဘော တစ်ထောင် ရှိပြီး လူအင်အား သုံးသိန်းကျော် ရှိသည်။
တာရှန်း မိစ္ဆာနိုင်ငံ တည်ထောင်ပြီးနောက် ဤသည်မှာ ဝေစုခွဲပွဲကြီး တစ်ခုလည်း ဖြစ်ခဲ့သည်။ ယခင် စီးမိသားစု၏ ရေယာဉ်စု၊ တာ့ကျိုး အင်ပါယာနှင့် တာယင် အင်ပါယာတို့မှ ပင်လယ်ဓားပြများ အားလုံးကို ကျင်းဝူရွှမ်း၏ လက်အောက်သို့ ထည့်သွင်းပေးခဲ့၏။
ထို့အပြင် ပိုင်ယင်မြို့၏ ရေယာဉ်စုကိုလည်း အပြည့်အဝ အဆင့်မြှင့်တင်မှုများ ပြုလုပ်ခဲ့ပြီး မူလ ရေယာဉ်စုကိုလည်း ကျင်းဝူရွှမ်းလက်အောက်သို့ ထည့်သွင်းပေးခဲ့သည်။
တာရှန်းမိစ္ဆာနိုင်ငံ၏ တွက်ချက်မှုအရ ယွင်ကျုံးဟဲ့သည် တာ့ယန် အင်ပါယာ စစ်တပ်ကို ဦးဆောင်၍ ဝင်ရောက် တိုက်ခိုက်လာပါက မြောက်ဘက်မှ ကုန်းလမ်းဖြင့် လာမည်၊ သို့မဟုတ် တောင်ဘက်မှ ရေလမ်းဖြင့် လာမှာဖြစ်၏။
ထို့ကြောင့် လဲ့ဖုန်း ဧရာမ ခံတပ်ကြီး သည် အရေးအကြီးဆုံး နေရာ ဖြစ်လာခဲ့သည်။
တာရှန်း မိစ္ဆာနိုင်ငံသည် လွန်ခဲ့သော နှစ်အနည်းငယ်က ကျင်းဝူရွှမ်းထံသို့ နုဧကရာဇ် စစ်သင်္ဘော အချို့ကို ထောက်ပံ့ပေးခဲ့ပြီး ယဇ်ပုရောဟိတ် ဆယ်ဂဏန်းခန့်နှင့် အသွင်ပြောင်း ပင်လယ် သားရဲကြီး တစ်စုကိုလည်း စေလွှတ်ပေးခဲ့၏။
အမြင့်ဆုံး မီးပြတိုက်ပေါ်တွင် ရပ်ကာ တောင်ဘက်သို့ ခမ်းနား ကြီးကျယ်စွာ ထွက်ခွာသွားသော ရေယာဉ်စုကို ကြည့်ရင်း ကျင်းဝူရွှမ်းသည် စိတ်လှုပ်ရှားနေသလို ခံစားချက်များစွာလည်း ဖြစ်ပေါ်နေသည်။
တာရှန်း မိစ္ဆာနိုင်ငံ သည် အလွန် ရက်စက်ပြီး လူတိုင်းက ကိုယ့်တာဝန် ကိုယ်ယူရသည်။ အင်ပါယာ အတွင်းတွင် သူမ၏ နေရာကို စောင့်ကြည့်နေသူ မည်မျှ ရှိသနည်း။
တာရှန်း မိစ္ဆာနိုင်ငံ အတွက် တောင်ပိုင်း ပြည်နယ်သည် တံခါးပေါက် တစ်ခု သက်သက်သာ ဖြစ်သော်လည်း ကျင်းဝူရွှမ်းအတွက်မူ တောင်ပိုင်း ပြည်နယ်သည် အရာအားလုံး ဖြစ်ပြီး သူမ၏ အသက်အိုးအိမ်စည်းစိမ်ပင် ဖြစ်၏။ ထို့ကြောင့် သူမသည် အစွမ်းကုန် ကြိုးစားမှာဖြစ်သည်။
အကယ်၍ သူမကသာ ယွင်ကျုံးဟဲ့၏ တာ့ယန် အင်ပါယာ ပင်မ စစ်တပ်ကို အနိုင်ယူနိုင်ခဲ့ပါက ဘုရင် အဖြစ် ဘွဲ့ထူး ချီးမြှင့်ခံရမည့် နေ့ရက်သည် မဝေးတော့ပေ။
ကျင်းဝူရွှမ်းက တီးတိုးရေရွတ်လိုက်၏။ “နုဧကရာဇ်ရဲ့ အနက်ရောင် ကျမ်းစာ ကသာ ထာဝရ တည်တံ့မှာပါ။ ယွင်ကျုံးဟဲ့... ရှင် လျှောက်နေတဲ့ လမ်းက လမ်းမှားပဲ၊ သေချာပေါက် ကိုယ့်သေတွင်း ကိုယ်တူးနေတာပဲ။”
ဧရာမ ရေယာဉ်စုကြီး နှစ်ခုသည် ကျယ်ဝန်းလှသော ပင်လယ်ပြင်ပေါ်တွင် နီးကပ်လာနေပြီဖြစ်သည်။
ယွင်ကျုံးဟဲ့ ဘက်တွင် စစ်သင်္ဘော သုံးရာနီးပါးနှင့် လူတစ်သိန်းကျော် ရှိသည်။ ပင်မ ကြည်းတပ်က ယွင်ပြည်နယ်တွင် ရှိနေဆဲဖြစ်၏။
တာရှန်းမိစ္ဆာနိုင်ငံ၏ တောင်ပိုင်း ရေတပ်ကို အမြစ်ပြတ် ချေမှုန်းကာ ရေကြောင်း စိုးမိုးမှုကို အပြည့်အဝ ရယူပြီးနောက်မှသာ နောက်ကွယ်မှ ဧရာမ သယ်ယူပို့ဆောင်ရေး ရေယာဉ်စုကြီးက ပင်မ စစ်တပ် သိန်းချီကို ခေါ်ဆောင်ကာ တာရှန်း မိစ္ဆာနိုင်ငံအပေါ် ကုန်းတက် စစ်ဆင်ရေးကို စတင်မှာဖြစ်သည်။
တာရှန်းမိစ္ဆာနိုင်ငံ၏ တောင်ပိုင်း ရေတပ်တွင် စစ်သင်္ဘော တစ်ထောင်နှင့် လူသုံးသိန်းကျော် ရှိသည်။ ဤသည်မှာ လောကသမိုင်းတွင် တစ်ခါမှ မရှိခဲ့ဖူးသော ရေတိုက်ပွဲကြီး ဖြစ်ပေလိမ့်မည်။
ရှေးခေတ် အအေး လက်နက် ရေတိုက်ပွဲများတွင် လူအများအပြားနှင့် သင်္ဘော အများအပြား ရှိခဲ့သော်လည်း ခေတ်သစ်သို့ ရောက်ရှိပြီးနောက် အမြောက်ကြီးများနှင့် သင်္ဘောကြီးများကိုသာ အသုံးပြုလာကြသောကြောင့် စစ်သင်္ဘော အစင်း တစ်ထောင်ခန့် ပါဝင်သည့် အခြေအနေမျိုး လုံးဝ မဖြစ်နိုင်တော့ပေ။ သို့ပေမည့် စုစုပေါင်း ရေစူးတန်ချိန်မှာမူ အလွန် အံ့ဩစရာ ကောင်း၏။
ဒုတိယ ကမ္ဘာစစ်၏ လေတေ ပင်လယ်ကွေ့ ရေတိုက်ပွဲတွင် နှစ်ဖက်စလုံး အသုံးပြုခဲ့သော စစ်သင်္ဘောများ၏ စုစုပေါင်း ရေစူးတန်ချိန်မှာ နှစ်သန်းကျော် ရှိခဲ့သည်။
ယခု ဤရေတိုက်ပွဲကြီးတွင် နှစ်ဖက်စလုံး၏ စစ်သင်္ဘောများသည် အဟောင်းနှင့် အသစ် ရောနှောနေ၏။
ယွင်ကျုံးဟဲ့ ဘက်တွင် တကယ့် အသစ်စက်စက် တည်ဆောက်ထားသော သံချပ်ကာ သင်္ဘောများမှာ အစင်း ဆယ်ဂဏန်းခန့်သာ ရှိပြီး ကျန်ရှိနေသော သင်္ဘောများ အားလုံးမှာ အဟောင်းများကို အဆင့်မြှင့်တင် ပြုပြင် မွမ်းမံထားခြင်း ဖြစ်၏။ စစ်သင်္ဘော သုံးရာကျော်၏ စုစုပေါင်း ရေစူးတန်ချိန်မှာ တန်ချိန် လေး၊ ငါးသိန်းခန့်သာ ရှိသည်။
တာရှန်း မိစ္ဆာနိုင်ငံဘက်မှ စစ်သင်္ဘော တစ်ထောင်၏ အခြေအနေမှာ ပို၍ပင် ရှုပ်ထွေးနေ၏။
ထို့ကြောင့် ဤကောင်းကင်ကို တုန်လှုပ်စေသော ကြီးမားသည့် ရေတိုက်ပွဲကြီးသည် တကယ်ကို ထူးခြားသော မှော်ဆန်သည့် အငွေ့အသက်များ ပြည့်နှက်နေသည်။
ဧရာမ လေသင်္ဘော ဆယ်စင်းကျော်သည် မီတာ ထောင်ချီ မြင့်သော ကောင်းကင်ယံတွင် ပင်လယ်ပြင်ကို စောင့်ကြည့်နေ၏။
ကြိုးမဲ့ ဆက်သွယ်ရေး စက်များ၏ ဆက်သွယ်နိုင်သည့် အကွာအဝေးမှာ မဝေးသေးသော်လည်း အနည်းငယ် အသုံးပြု၍ ရနေပြီ ဖြစ်သည်။
ယွင်ကျုံးဟဲ့သည် အဓိက စစ်သင်္ဘော၏ ကွပ်ကဲရေး မျှော်စင်တွင် ရပ်နေသည်။ မည်သည့် သင်္ဘောကို အဓိက သင်္ဘော အဖြစ် သတ်မှတ်မည်နည်း ဆိုသည်နှင့် ပတ်သက်၍ တာ့ယန် အင်ပါယာ အတွင်းတွင် အချိန် အကြာကြီး ငြင်းခုံခဲ့ကြ၏။
ယွင်ကျုံးဟဲ့က ရှင်းကျုံး သင်္ဘောကို အဓိက သင်္ဘောအဖြစ် သတ်မှတ်သင့်သည်ဟု ထင်မြင်သည်။ မည်သို့ပင်ဖြစ်စေ သူသည် တာ့ယန် အင်ပါယာသစ်၏ ကောင်းကင်ဘုံ ဧကရာဇ် ဖြစ်၏။
သို့ပေမည့် အခြား လူတစ်စုကမူ အောက်ထျန်း သင်္ဘောကို အဓိက သင်္ဘော အဖြစ် သတ်မှတ်သင့်သည်ဟု ထင်မြင်ကြသည်။ အဘယ်ကြောင့်ဆိုသော် ယခု လက်ရှိ ဘုရင်မှာ ယွင်ကျုံးဟဲ့ ဖြစ်သောကြောင့်ပင်။
တာ့ယန် အင်ပါယာက ထင်မြင်သည်မှာ ဘိုးဘေးများကို သေချာပေါက် လေးစားသင့်သော်လည်း အင်ပါယာ၏ ဖွံ့ဖြိုးတိုးတက်မှုကိုလည်း အသိအမှတ် ပြုသင့်ပြီး တစ်ဆက်ထက် တစ်ဆက် ပိုမို အင်အားကြီးလာကြောင်းကို အသိအမှတ် ပြုသင့်သည်ဟု ပြောကြ၏။
ယန်ရှင်းကျုံး ဧကရာဇ်ကို ကြည်ညိုလေးစားသင့်သော်လည်း ဤအချက်ကို အသုံးချပြီး လက်ရှိ ဘုရင်ကို ဖိနှိပ်ခြင်းမျိုး မလုပ်သင့်ပေ။ ဘိုးဘေးများကို ကြည်ညိုလေးစားသင့်သော်လည်း ဘိုးဘေးများကို နတ်ဘုရားများ အဖြစ် မဖန်တီးသင့်ပေ။
နောက်ဆုံးတွင် အောက်ထျန်း သင်္ဘောသည် ဤရေယာဉ်စု၏ အဓိက သင်္ဘော ဖြစ်လာခဲ့သည်။
“အရှင်... ကျုပ်တို့က တာရှန်း မိစ္ဆာနိုင်ငံရဲ့ တောင်ပိုင်း ရေယာဉ်စုနဲ့ မိုင်ခြောက်ရာပဲ ကွာတော့တယ်။ တစ်ဖက်ရန်သူက အခု သမရိုးကျ တပ်ဖွဲ့ ပုံစံကို အသုံးပြုထားပါတယ်။”
မိနစ် အနည်းငယ် ကြာတိုင်း ကောင်းကင်ယံမှ လေသင်္ဘောများက အချက်ပြမှုများ ပေးပို့နေ၏။
စစ်ရေး အစည်းအဝေးတွင် လူတိုင်းက ဤရေတိုက်ပွဲကြီးတွင် အရေးအကြီးဆုံးမှာ တာရှန်းမိစ္ဆာနိုင်ငံ၏ အသွင်ပြောင်း ပင်လယ် သားရဲကြီးများ ဖြစ်ကြောင်း သတ်မှတ်ထားကြသည်။
ဤအသွင်ပြောင်း ပင်လယ် သားရဲကြီးများကို အမြစ်ပြတ် ချေမှုန်းနိုင်ပါက တာရှန်းမိစ္ဆာနိုင်ငံ၏ စစ်သင်္ဘော တစ်ထောင်သည် လုံးဝ ပြဿနာ မဟုတ်တော့ပေ။
မည်သို့ပင်ဖြစ်စေ တာရှန်းမိစ္ဆာနိုင်ငံ၏ စစ်သင်္ဘောများသည် တာ့ယန် အင်ပါယာ၏ စစ်သင်္ဘောကြီးများထက် မျိုးဆက် တစ်ခုမက နောက်ကျနေသောကြောင့် ဖြစ်သည်။
သို့ပေမည့် တာရှန်းမိစ္ဆာနိုင်ငံ၏ စစ်သင်္ဘော တစ်ထောင်နှင့် အသွင်ပြောင်း ပင်လယ် သားရဲကြီးများသာ ပူးပေါင်း တိုက်ခိုက်မည် ဆိုပါက သတ်ဖြတ်နိုင်စွမ်းမှာ အလွန် အံ့ဩစရာ ကောင်းမှာဖြစ်၏။
တာရှန်းမိစ္ဆာနိုင်ငံ၏ စစ်သင်္ဘော တစ်ထောင်ကို အနီးကပ် ဝင်ရောက်ခွင့် ပြုလိုက်ပြီး သင်္ဘောပေါ် တက်ရောက်၍ အအေး လက်နက်များဖြင့် တိုက်ခိုက်လာပါက အသေအပျောက်မှာ အံ့မခန်း ဖြစ်သွားပေလိမ့်မည်။
မည်သို့ပင်ဖြစ်စေ တာ့ယန် အင်ပါယာ၏ စစ်သင်္ဘော အများစုသည် အဟောင်းများကို အဆင့်မြှင့်တင်ထားသော စစ်သင်္ဘောများ ဖြစ်သောကြောင့်ပင်။
“အရှင်... ကျုပ်တို့က တာရှန်း မိစ္ဆာနိုင်ငံ ရဲ့ တောင်ပိုင်း ရေယာဉ်စုနဲ့ မိုင်နှစ်ရာပဲ ကွာပါတော့တယ်။”
“မိုင်တစ်ရာပဲ ကွာပါတော့တယ်။”
“မိုင်ငါးဆယ်ပဲ ကွာပါတော့တယ်။”
တာ့ယန် အင်ပါယာ၏ ရေတပ်နှင့် ကောင်းကင်ယံမှ လေသင်္ဘော တပ်ဖွဲ့သည် ပင်လယ်ပြင်ကို စေ့စေ့စပ်စပ် ကြည့်ရှုနေကြသည်။
‘တစ်ဖက်ရန်သူရဲ့ အသွင်ပြောင်း ပင်လယ် သားရဲကြီးတွေ ဘာလို့ မပေါ်လာသေးတာလဲ။ ဘာလို့ သူတို့ကို ကြိုမလွှတ်တာလဲ။’
တာရှန်း မိစ္ဆာနိုင်ငံသည် အသွင်ပြောင်း ပင်လယ် သားရဲကြီးများနှင့် ရေယာဉ်စုကို ပူးပေါင်း တိုက်ခိုက်စေပြီး တာ့ယန် ရေယာဉ်စုကို အမြစ်ပြတ် ချေမှုန်းရန် ရည်ရွယ်ထားကြောင်း ထင်ရှားသည်။ ဤစစ်ဗျူဟာသည် မှန်ကန်ပြီး တာ့ယန် ရေယာဉ်စု အတွက်လည်း အန္တရာယ်များ၏။
“တွေ့ပြီ။”
“တွေ့ပြီ။”
ယွင်ကျုံးဟဲ့၏ အသက်ရှူသံများ ချက်ချင်း မြန်ဆန်လာသည်။ အဘယ်ကြောင့်ဆိုသော် တာရှန်းမိစ္ဆာနိုင်ငံ၏ တောင်ပိုင်း ရေယာဉ်စုသည် မြင်ကွင်း အတွင်းသို့ ဝင်ရောက်လာပြီ ဖြစ်သောကြောင့်ပင်။
တကယ်ကို အမည်းရောင် အတိဖြစ်နေပြီး အဆုံးအစမရှိ ဖြစ်နေသည်။ ကောင်းကင်နှင့် ပင်လယ် ထိစပ်နေသော နေရာတွင် အနက်ရောင် မျဉ်းကြောင်း တစ်ခု ပေါ်ထွက်လာပြီး မိုင်ဆယ်ဂဏန်းခန့် ရှည်လျား၏။
‘ဒီလောက် ကြီးမားတဲ့ မြင်ကွင်းမျိုး၊ ဒီလောက် အံ့ဩစရာကောင်းတဲ့ ရေယာဉ်စုမျိုးကို တစ်ခါမှ မမြင်ဖူးခဲ့ဘူး။’
သို့ပေမည့် ဤအချိန်တွင် အသွင်ပြောင်း ပင်လယ် သားရဲကြီးများ ထွက်ပေါ်လာခြင်း မရှိသေးပေ။
နှစ်ဖက် ရေယာဉ်စုများသည် ပို၍ ပို၍ နီးကပ်လာပြီး အနီးဆုံး နေရာတွင် မိုင်နှစ်ဆယ်ကျော်သာ ကွာဝေးတော့သည်။