← Chapters

အခန်း ၈၄၆

Vol. 71 Ch. 846

အခန်း ၈၄၆

Vol. 71 Ch. 846

အပိုင်း (၈၄၆)

“ပစ်...”

အမိန့်ပေးသံနှင့်အတူ တာ့ယန် အင်ပါယာ၏ အဓိက စစ်သင်္ဘော အစင်း ဆယ်ဂဏန်းခန့်ပေါ်ရှိ အဆင့်မြင့် အမြောက် ရာပေါင်းများစွာ တပြိုင်နက်တည်း ပစ်ခတ်လိုက်၏။

“ရွှီး... ရွှီး... ရွှီး...”

အမြောက်ဆန်များသည် မိုးသည်းထန်စွာ ရွာကျသကဲ့သို့ ပစ်ထွက်သွားပြီး လေထဲတွင် စူးရှသော လေခွင်းသံများ ထုတ်လွှတ်ကာ တာရှန်း မိစ္ဆာနိုင်ငံ ရေယာဉ်စုဆီသို့ ပြင်းထန်စွာ ကျဆင်းသွားသည်။

စက္ကန့် ဆယ်ဂဏန်း အကြာတွင်...

“ဝုန်း.. ဝုန်း... ဝုန်း.. ဝုန်း... ဝုန်း...”

အမြောက်ဆန် ရာပေါင်းများစွာ ပြင်းထန်စွာ ပေါက်ကွဲသွားသည်။ ဤသည်မှာ အချိန်ဆွဲ စနက်တံများ ဖြစ်ပြီး ထိမှန် ပေါက်ကွဲသည့် စနက်တံများ မဟုတ်သောကြောင့် ပင်လယ်ရေထဲသို့ ကျရောက်သွားလျှင်ပင် ပေါက်ကွဲမှာဖြစ်၏။

ဤအမြောက်ဆန်များတွင် အကြီးဆုံးမှာ ကီလိုဂရမ် ရာပေါင်းများစွာ ရှိပြီး အသေးဆုံးမှာ ကီလိုဂရမ် တစ်ရာခန့် ရှိ၏။ ပေါက်ကွဲမှု စွမ်းအားမှာ အလွန် အံ့ဩစရာ ကောင်းလှသည်။

တစ်ခဏချင်း အတွင်းမှာပဲ ပင်လယ်ပြင် တစ်ခုလုံး လုံးဝ ဆူပွက်သွား၏။

ပထမဆုံး အကြိမ် ပစ်ခတ်မှုတွင်ပင် တိုက်ပွဲ ရလဒ် မနည်းလှပေ။ တာရှန်းမိစ္ဆာနိုင်ငံ၏ စစ်သင်္ဘော အချို့သည် တိုက်ရိုက် ဖျက်ဆီးခံရခြင်း၊ သို့မဟုတ် ရေလှိုင်းကြီးများကြောင့် မှောက်လှန်ခံရခြင်းများ ဖြစ်သွားသည်။

“ပစ်...”

“ပစ်...”

ဒုတိယ အကြိမ်၊ တတိယ အကြိမ်၊ စတုတ္ထ အကြိမ်...

တာ့ယန် အင်ပါယာ ရေယာဉ်စုသည် ရူးသွပ်စွာ ပစ်ခတ်သည်။ ပစ်ခတ်သည့် စစ်သင်္ဘောများ ပို၍ ပို၍ များပြားလာပြီး နောက်ဆုံးတွင် တကယ့်ကို အမြောက်တစ်ထောင် တပြိုင်နက်တည်း ပစ်ခတ်သည့် အခြေအနေသို့ ရောက်ရှိသွား၏။

မည်သည့် စကားလုံးကမျှ ဤလှပသော မြင်ကွင်းကို ဖော်ပြ၍ မရနိုင်ပေ။

အမြောက်ဆန်များ ပစ်လွှတ်လိုက်သည့် အချိန်တွင် နီရဲနေ၏။ ထို့ကြောင့် ကောင်းကင်ယံမှ ကြယ်တံခွန် မိုးရွာကျလာသကဲ့သို့ပင် ဖြစ်နေသည်။

အမြောက်တစ်ထောင် တပြိုင်နက်တည်း ပစ်ခတ်သည့် စွမ်းအားသည်လည်း အလွန် အံ့ဩစရာ ကောင်းလှသည်။ တာရှန်းမိစ္ဆာနိုင်ငံ၏ ရေယာဉ်စုသည် တစ်စင်းပြီး တစ်စင်း ဖျက်ဆီးခံရ၏။

ဤမြင်ကွင်းကို မြင်လိုက်ရချိန်မှာတော့ တာရှန်းမိစ္ဆာနိုင်ငံ၏ တောင်ပိုင်း ရေတပ် တပ်မှူးကြီး ပိုင်ယဲ့နှင့် ဒုတိယ တပ်မှူးကြီး စီးပြန်း တို့ လုံးဝ အံ့ဩမှင်တက်သွားကြသည်။

ယခင်က သတင်းပို့ချက်များကို ကြားသိခဲ့ဖူးသော်ငြားလည်း၊ တကယ်တမ်း လက်တွေ့ ကြုံတွေ့ လာရချိန်မှာတော့ စကားလုံးများနှင့် စာသားများသည် ဖော်ကျူးရန် မည်မျှ အားနည်းလှကြောင်းကို ကိုယ်တိုင်ကိုယ်ကျ နက်ရှိုင်းစွာ သိလိုက်ရသည်။ အလွန်တရာ လှပလွန်းလှသကဲ့သို့ အလွန်အမင်းလည်း ကြောက်မက်ဖွယ် ကောင်းလို့နေ၏။

ယခင်က စီးပြန်း သည် တာရှန်းမိစ္ဆာနိုင်ငံ၏ လမ်းစဉ်အပေါ် အပြည့်အဝ ယုံကြည်ထားပြီး ၎င်းသည် ရက်စက်ပြီး မှောင်မိုက်သော်လည်း ပြိုင်ဘက်ကင်း ဖြစ်သည်ဟု ထင်မြင်ထားခဲ့၏။ ယွင်ကျုံးဟဲ့ လျှောက်လှမ်းနေသော ရူပဗေဒသစ် လမ်းကြောင်းသည် လမ်းမှား ဖြစ်ပြီး လုံးဝ သွား၍ မရနိုင်ဟု သူ ထင်မြင်ထားခဲ့သည်။

သို့ပေမည့် စွမ်းအားက ဤမျှလောက်အထိ အံ့ဩစရာ ကောင်းနေလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။ တကယ့်ကို လောကတစ်ခုလုံး ဖျက်ဆီးနိုင်သည့် စွမ်းအားဖြစ်၏။

‘မလောပါနဲ့၊ တာရှန်း မိစ္ဆာနိုင်ငံရဲ့ စွမ်းအားတွေ မကြာခင် ထွက်ပေါ်လာတော့မှာပါ။’

ယွင်ကျုံးဟဲ့သည် ကွပ်ကဲရေး မျှော်စင်ပေါ်တွင် ရပ်ကာ ပင်လယ်ပြင်ကို စေ့စေ့စပ်စပ် ကြည့်ရှုနေ၏။ ရုတ်တရက် သူ တစ်ခုခုကို ခံစားလိုက်ရသကဲ့သို့ ဖြစ်သွားသည်။

သူ မျက်စိမှိတ်လိုက်ပြီး အခြား စိတ်ပိုင်းဆိုင်ရာ အခြေအနေ တစ်ခုသို့ ဝင်ရောက်သွားရာ တစ်ခဏချင်း အတွင်းမှာပဲ သူ၏ အမြင်အာရုံ အတွင်းရှိ အရာအားလုံး ပြောင်းလဲသွားသည်။ ပုံမှန် အမြင်အာရုံ မဟုတ်တော့ဘဲ အရောင် အကွက်များ ဖြစ်သွား၏။

ယခင်က ဤအခြေအနေသို့ ရောက်ရှိရန် မီတျဲ ချိုင့်ဝှမ်း၏ ဆေးလုံးများကို သောက်သုံးရန် လိုအပ်သော်လည်း နဝမမြောက် ပိရမစ် အတွင်းမှ ထွက်လာပြီးနောက်ပိုင်း သူ တစ်ကိုယ်လုံး အသွင်ပြောင်းသွားသကဲ့သို့ ဖြစ်ကာ စိတ်စွမ်းအားများ ရုတ်တရက် တိုးတက်လာပြီး ဤစိတ်ပိုင်းဆိုင်ရာ အခြေအနေသို့ အချိန်မရွေး ဝင်ရောက်နိုင်နေပြီ ဖြစ်သည်။

ဤထူးခြားသော စိတ်ပိုင်းဆိုင်ရာ အမြင်အာရုံ အတွင်းတွင် တာရှန်းမိစ္ဆာနိုင်ငံ၏ အသွင်ပြောင်း ပင်လယ် သားရဲကြီးများ ရောက်လာသည်ကို သူမြင်တွေ့လိုက်ရသည်။ အရှေ့မြောက်ဘက် မီတာ သုံးထောင် အကွာတွင် ဖြစ်၏။

“အရှေ့မြောက်ဘက်၊ ၄၇ ဒီဂရီ၊ မီတာ နှစ်ထောင့်ခုနစ်ရာ။” ယွင်ကျုံးဟဲ့က ပြောလိုက်သည်။

ချက်ချင်းပဲ အောက်ထျန်း စစ်သင်္ဘောကြီးပေါ်ရှိ သေနတ်သမားများ အားလုံးက ယွင်ကျုံးဟဲ့ ညွှန်ပြသော နေရာသို့ ချိန်ရွယ်လိုက်ကြ၏။

“ပစ်...”

အမိန့်ပေးသံနှင့်အတူ စစ်သင်္ဘောကြီးပေါ်ရှိ အထူး အမြောက် ဆယ်လက်ကျော်၊ စက်အမြောက် ဆယ်လက်ကျော်က ရူးသွပ်စွာ ပစ်ခတ်လိုက်ကြသည်။

“ရွှီး... ရွှီး...ရွှီး... ရွှီး...ရွှီး... ရွှီး......”

မိုးသည်းထန်စွာ ရွာကျသကဲ့သို့ အမြောက်ဆန်များနှင့် ကျည်ဆန်များသည် ရူးသွပ်စွာ ပစ်ထွက်သွားပြီး အင်အားကြီးမားသော ပစ်ခတ်မှု ကွန်ရက် တစ်ခုကို ဖန်တီးလိုက်၏။

သို့ပေမည့် အကျိုးသက်ရောက်မှု သိပ်မရှိပေ။ အကြောင်းမှာ ထိုအသွင်ပြောင်း ပင်လယ် သားရဲကြီးက အရမ်း မြန်ပြီး ပင်လယ်ရေ အောက်ခြေမှာ ပုန်းနေခြင်း ဖြစ်သောကြောင့်ပင်။

“ရွှီး... ရွှီး...ရွှီး... ရွှီး...ရွှီး...”

မိုးသည်းထန်စွာ ရွာကျသကဲ့သို့ ရေအောက် ဗုံးများ ပစ်ထွက်သွားသည်။

ရေအောက်ဗုံး အလုံး ဆယ်ဂဏန်း၊ ရာဂဏန်းခန့် ပင်လယ်ရေအောက်တွင် ပေါက်ကွဲသွားသည်။ တစ်ခဏချင်း အတွင်းမှာပင် ပင်လယ်ပြင်ပေါ်တွင် ရေလှိုင်းကြီးများ လိမ့်တက်လာပြီး သွေးကွက်များ ထွက်ပေါ်လာ၏။

ဤအသွင်ပြောင်း ပင်လယ် သားရဲကြီး နောက်ဆုံး၌ ဒဏ်ရာ ရသွားပြီဖြစ်သည်။

သို့ပေမည့် နောက်တစ်စက္ကန့်မှာပဲ တာရှန်းမိစ္ဆာနိုင်ငံ၏ အသွင်ပြောင်း ပင်လယ် သားရဲကြီးများ စွမ်းအား ပြသလာသည်။ ပင်လယ်ရေအောက်မှ ရုတ်တရက် အပေါ်သို့ တက်လာပြီး တာ့ယန် အင်ပါယာ၏ စစ်သင်္ဘောများကို ဝင်တိုက်၏။

“ဝုန်း.. ဝုန်း... ဝုန်း.. ဝုန်း...”

အသွင်ပြောင်း ဝေလငါးကြီး ငါးကောင်က တစ်ခဏချင်း အတွင်းမှာပင် စစ်သင်္ဘော ငါးစင်းကို ဖျက်ဆီးပစ်လိုက်သည်။

တစ်ချိန်တည်းမှာပဲ ဧရာမ ရေဘဝဲကြီး တစ်ကောင်၏ ဧရာမ ရေဘဝဲလက်တံကြီး တစ်ခုက စစ်သင်္ဘောပေါ်သို့ ရုတ်တရက် ဆန့်ထွက်လာ၏။

‘အသွင်ပြောင်း ရေဘဝဲတောင် ရှိသေးတာလား။’

ဤရေဘဝဲ၏ လက်တံက အနည်းဆုံး မီတာ သုံးဆယ်၊ လေးဆယ်ခန့် ရှည်လျားပြီး အလေးချိန်မှာလည်း တန်ချိန် နှစ်တန်ကျော် ရှိလောက်သည်။

သို့ပေမည့် ထိုသို့ဆိုလျှင်ပင် စစ်သင်္ဘော တစ်စင်းကို မှောက်လှန်သွားအောင် ဆွဲချ၍ မရနိုင်ပေ။

သို့သော်ငြား သူ၏ လက်တံပေါ်တွင် ယမ်းထုပ်များ ပါနေသည်။ ထိုယမ်းထုပ်များက စစ်သင်္ဘော အတွင်းမှာ ပေါက်ကွဲသွား၏။

ချက်ချင်းပဲ နောက်ထပ် တာ့ယန် စစ်သင်္ဘော အချို့ မီးလောင် ပျက်စီးသွားပြန်သည်။

‘ဒါ ဘယ်သူ စဉ်းစားလိုက်တဲ့ အကြံလဲ။ ရေဘဝဲတွေကို ဗုံးပစ်ခိုင်းတယ်လား။’

ထို့နောက် ပိုမို အံ့ဩစရာကောင်းသော မြင်ကွင်း တစ်ခု ဖြစ်ပေါ်လာသည်။ ဧရာမ ရေဘဝဲကြီး တစ်ကောင်ပြီး တစ်ကောင် ပင်လယ်ရေအောက်တွင် ပုန်းအောင်းနေပြီး ဗုံးများကို ရူးသွပ်စွာ ပစ်ပေါက်နေကြကာ မီတာ ရာပေါင်းများစွာ အကွာအဝေးကို အလွယ်တကူ ပစ်ပေါက်နိုင်၏။

ထို့အပြင် ရေဘဝဲ တစ်ကောင်တွင် လက်တံ ရှစ်ခု ရှိပြီး ပစ်ပေါက်လိုက်သော ဗုံးများမှာလည်း ပေါင်ဆယ်ဂဏန်းခန့် အလေးချိန် ရှိသည်။

တာရှန်းမိစ္ဆာနိုင်ငံ၏ အသွင်ပြောင်း ပင်လယ် သားရဲကြီးများက တကယ်ကို ဖြေရှင်းရ ခက်ခဲပြီး တစ်ခဏချင်း အတွင်းမှာပင် တာ့ယန် အင်ပါယာကို အထိနာသွားစေ၏။

“ဝုန်း.. ဝုန်း... ဝုန်း.. ဝုန်း... ...”

ဤအသွင်ပြောင်း ဝေလငါးကြီးများသည် လည်သွားပြီဖြစ်ပြီး အခြေခံအားဖြင့် ပင်လယ်ပြင်ပေါ်သို့ မထွက်လာတော့ဘဲ ပင်လယ်ရေအောက်တွင်သာ ကူးခတ်နေကာ အပေါ်သို့ ရုတ်တရက် ပင့်တင် တိုက်ခိုက်ကြသည်။

ဆယ့်ငါးမိနစ်ဆိုသည့် အချိန်အတွင်းမှာပင် တာ့ယန် အင်ပါယာ စစ်သင်္ဘော ဆယ်စင်းကျော် ဆုံးရှုံးသွား၏။

ဤအချိန်တွင် ယွင်ကျုံးဟဲ့၏ အမိန့်ပေးမှုနှင့် သတိပေးမှုများ မလိုအပ်တော့ဘဲ စစ်သင်္ဘော အသီးသီး၏ အဝေးပစ် အမြောက်များက တာရှန်း မိစ္ဆာနိုင်ငံ ရေယာဉ်စုကို ပစ်ခတ်နေကြသည်။

စစ်သင်္ဘောများပေါ်ရှိ ဧရာမ ဒူးလေးကြီးများ၊ စက်အမြောက်များ၊ ရွှေ့ပြောင်းရ လွယ်ကူသော အသေးစား အမြောက်များ၊ ရေအောက် ဗုံးများက ပင်လယ်ထဲသို့ အစွမ်းကုန် ပစ်ခတ်နေကြ၏။

သို့ပေမည့် အကျိုးသက်ရောက်မှု မရှိပေ။ အဘယ်ကြောင့်ဆိုသော် ဤအသွင်ပြောင်း ပင်လယ် သားရဲကြီးများသည် အလွန် နက်ရှိုင်းစွာ ပုန်းအောင်းနေကြပြီး မည်သည့် လက်နက်ကမျှ မထိမှန်နိုင်သောကြောင့် ဖြစ်သည်။

တိုက်ပွဲ မစတင်မီတည်းက သေရေးရှင်ရေး အမိန့် ပေးထားပြီး ဖြစ်သည်။ အသွင်ပြောင်း ပင်လယ် သားရဲကြီးများ၏ တိုက်ခိုက်မှုကို ခံရလျှင်ပင် လုံးဝ ကစဉ်းကလျား မဖြစ်စေရသလို၊ ကိုယ့်ဘာသာကိုယ် ထွက်ပြေးခြင်းမျိုး လုံးဝ မလုပ်ရဘဲ တာရှန်း မိစ္ဆာနိုင်ငံ ရေယာဉ်စုကို တိုက်ခိုက်နေခြင်းကိုလည်း မရပ်တန့်ရပေ။

ထို့ကြောင့် ယခုအခါ နှစ်ဖက် ရေယာဉ်စုများသည် ကြောက်စရာကောင်းသော အသေအပျောက်များကို ခံစားနေကြရသည်။

သေချာပေါက် နောက်ဆုံးတွင် တာရှန်း မိစ္ဆာနိုင်ငံ ရေယာဉ်စု၏ အသေအပျောက်က အများကြီး၊ အများကြီး ပိုမို များပြား၏။

အမြောက်တစ်ထောင် တပြိုင်နက်တည်း ပစ်ခတ်သည့် စွမ်းအားက တကယ်ကို ပြင်းထန်လွန်းလှသည်။

“ပစ်... ပစ်...”

ရေအောက်မှ အသွင်ပြောင်း ဝေလငါးကြီး တစ်ကောင် ရူးသွပ်စွာ ပြေးဝင်လာသည်ကို မြင်ချိန်မှာတော့ ချက်ချင်းပဲ ဧရာမ ဒူးလေးကြီး ဆယ်လက်ကျော်က ပြင်းထန်စွာ ပစ်ခတ်လိုက်၏။

‘နောက်ဆုံးတော့ ထိသွားပြီ။’

ဧရာမ ဒူးလေးမြား ဆယ်ချောင်းကျော်သည် အသွင်ပြောင်း ဝေလငါးကြီး၏ ခန္ဓာကိုယ် အတွင်းသို့ ရုတ်တရက် ထိုးစိုက်ဝင်သွားသည်။

သေချာပေါက် ဤရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုသည် အသွင်ပြောင်း ဝေလငါးကြီး အတွက် လုံးဝ မပြောပလောက်ပေ။ ၎င်းသည် မီတာ တစ်ရာကျော် ရှည်လျားပြီး အရေပြားနှင့် အသားများက အလွန် ထူထဲသောကြောင့် အပ်ဆယ်ချောင်းကျော် စိုက်ခံရခြင်းနှင့် အတူတူပင် ဖြစ်၏။

သို့သော်ငြား ဤဧရာမ ဒူးလေးမြားများတွင် အဆိပ်များ သုတ်လိမ်းထားပြီး စမ်းသပ်ချက်များအရ ဤအဆိပ် တစ်ဂရမ်သည် ဆင်ဆယ်ကောင်ကျော်ကို သေစေနိုင်သည်။

ဤဧရာမ ဒူးလေးမြားများပေါ်ရှိ အဆိပ်များသည် ဂရမ်ဆယ်ဂဏန်းခန့် ရှိပြီး ဆင်ရာပေါင်းများစွာကို သေစေနိုင်သည်။ သို့ပေမည့် ယခုအခါ ဤအသွင်ပြောင်း ဝေလငါးကြီး၏ လှုပ်ရှားမှုကို အနည်းငယ် နှေးကွေးသွားစေရုံသာ ရှိ၏။

‘အသွင်ပြောင်းပြီးနောက် အဆိပ်ခံနိုင်ရည်က ဒီလောက်တောင် အားကောင်းသွားတာလား။’

“လျှပ်စစ် လွှတ်..”

အမိန့်ပေးသံနှင့်အတူ အထူး ဗို့အားမြင့် လျှပ်စီးကြောင်းများသည် ဤဧရာမ ဒူးလေးမြားများ၏ ဗို့အားမြင့် လျှပ်စစ်ကြိုးများမှတစ်ဆင့် အသွင်ပြောင်း ဝေလငါးကြီး၏ ခန္ဓာကိုယ် အတွင်းသို့ ရုတ်တရက် ဝင်ရောက်သွားသည်။

အထူး ဗို့အားမြင့် လျှပ်စီးကြောင်း ဆယ်ခုကျော် ဖြစ်၏။

‘အသွင်ပြောင်း ဝေလငါးကြီးက ဘယ်လောက်ပဲ တော်နေပါစေ အထူး ဗို့အားမြင့် လျှပ်စီးကြောင်းတွေကို ခံနိုင်ရည် ရှိအုံးမလား။ ကျုပ် မယုံဘူး။’

ထင်သည့်အတိုင်းပင်။ အထူး ဗို့အားမြင့် လျှပ်စီးကြောင်း ထိမှန်ခံရသော အသွင်ပြောင်း ဝေလငါးကြီးသည် ရုတ်တရက် တုန်ယင်သွားပြီး အစပိုင်းတွင် သနားစရာကောင်းသော အော်ဟစ်သံများ ထုတ်လွှတ်ခဲ့သော်လည်း နောက်ပိုင်းတွင် လှုပ်ရှားနိုင်စွမ်း လုံးဝ ပျောက်ဆုံးသွားသည်။

စက္ကန့် သုံးဆယ် အချိန်အတွင်းမှာပင် ဤအသွင်ပြောင်း ဝေလငါးကြီးသည် ဗိုက်လှန်ကာ ရေပေါ် ပေါ်လာ၏။

‘သေချာတာပေါ့... အထူး ဗို့အားမြင့် လျှပ်စစ်ကပဲ အသုံးဝင်တာ။’

နောက်ဆက်တွဲ အနေဖြင့် စစ်သင်္ဘော အချို့သည် ဤသတင်းအချက်အလက်ကို ချက်ချင်း ဖြန့်ဝေလိုက်သည်။

အသွင်ပြောင်း သားရဲကြီးများကို ရင်ဆိုင်ရာတွင် စက်အမြောက်များ၊ အသေးစား အမြောက်များ၊ ရေအောက် ဗုံးများက သိပ်အသုံးမဝင်ဘဲ အထူး ဗို့အားမြင့် လျှပ်စစ်ကသာ အသုံးဝင်၏။

ခဏတာ ကစဉ်းကလျား ဖြစ်သွားပြီးနောက်...

တာ့ယန် အင်ပါယာ ရေယာဉ်စုသည် တာရှန်းမိစ္ဆာနိုင်ငံ၏ အသွင်ပြောင်း ပင်လယ် သားရဲကြီးများကို သုတ်သင်မည့် လျှို့ဝှက်ချက်ကို နောက်ဆုံးတော့ ရှာတွေ့သွားပြီ ဖြစ်သည်။

‘မင်း ထွက်ပေါ်လာမယ့် အချိန်ကိုပဲ စောင့်နေမယ်၊ မင်း ဝင်တိုက်မယ့် အချိန်ကိုပဲ စောင့်နေမယ်။’

အသွင်ပြောင်း ပင်လယ် သားရဲကြီး တစ်ကောင်ကောင် ထွက်ပေါ်လာသည်နှင့် ပတ်ဝန်းကျင်ရှိ ဧရာမ ဒူးလေးကြီးများ အားလုံး တပြိုင်နက်တည်း ပစ်ခတ်ကြ၏။

‘မင်းက ဘယ်လောက်ပဲ သွက်လက်နေပါစေ၊ မီတာ တစ်ရာကျော် ကြီးမားတဲ့ ခန္ဓာကိုယ်ကြီးက ချိန်ရွယ်ရတာ အရမ်း လွယ်ကူပါတယ်။’

ထို့အပြင် ပစ်ခတ်ပြီးသည်နှင့် တပြိုင်နက် လျှပ်စစ်ဓာတ်ကို ချက်ချင်းလွှတ်ပေးလိုက်ပြီး၊ ပစ်မှတ် ထိမှန်မည့် အချိန်အထိ စောင့်ဆိုင်းနေမည် မဟုတ်ပေ။

အကြောင်းရင်းမှာ ပင်လယ်ရေသည် လျှပ်စစ်ဓာတ် ကူးနိုင်စွမ်းရှိသောကြောင့် ဖြစ်သည်။ ထို့ကြောင့် အနီးသို့ ရောက်ရှိသွားသည်နှင့် တပြိုင်နက် အသွင်ပြောင်း ပင်လယ်သားရဲကြီးများသည် လျှပ်စစ်ဓာတ် အဟပ်ခံရကာ ချက်ချင်း ထုံကျင်သွားမည်ဖြစ်ပြီး ၎င်းတို့၏ သွက်လက်လျင်မြန်မှုများလည်း ဆုံးရှုံးသွားပေလိမ့်မည်။

ဤသို့ဖြင့် ကြီးမားသော ဆုံးရှုံးမှုများကို ခံစားရပြီးနောက် တာ့ယန် အင်ပါယာ ရေယာဉ်စုသည် အသွင်ပြောင်း ပင်လယ် သားရဲကြီးများကို ပြန်လည် သတ်ဖြတ်နိုင်ခဲ့သည်။

တစ်ဆယ့်ငါးမိနစ် အချိန်အတွင်းမှာပဲ အသွင်ပြောင်း ဝေလငါးကြီး တစ်ကောင်ပြီး တစ်ကောင် ဗိုက်လှန်ကာ ပင်လယ်ပြင်ပေါ်တွင် ပေါ်လာသည်။ အသွင်ပြောင်း ရေဘဝဲ တစ်ကောင်ပြီး တစ်ကောင် မီးကျွမ်းပြီး အသေဆိုးနှင့် သေဆုံးသွားကြ၏။

ယဇ်ပုရောဟိတ်ချုပ် ပိုင်ရှယ် သည် မျက်မှောက်ရှိ ဤမြင်ကွင်းကို မယုံကြည်နိုင်အောင် ဖြစ်သွားသည်။

‘ပြီးခဲ့တဲ့ တိုက်ပွဲတုန်းက တာ့ယန် အင်ပါယာက အသွင်ပြောင်း ဝေလငါးကြီးကို လုံးဝ မဖြေရှင်းနိုင်ခဲ့ဘူးလေ။ အခုကျတော့ ဖြေရှင်းနိုင်မယ့် နည်းလမ်းကို ရှာတွေ့သွားပြီလား။ ဒါက လျှပ်စစ် လား။ လျှပ်စစ်နဲ့ တိုက်ခိုက်လို့ ရသေးတယ်လား။’

......................

All Chapters