အခန်း ၈၄၇
Vol. 72 Ch. 847
အပိုင်း (၈၄၇)
လျှပ်စစ်ဆိုသည်မှာ မည်သို့သောအရာဖြစ်ကြောင်းကို သူမ သိရှိထားသည်။ သို့ရာတွင် ဤမျှပြင်းထန်လှသော လျှပ်စစ်စွမ်းအင်ကို လူသားတို့က ဖန်တီးနိုင်စွမ်း ရှိပြီး မီတာတစ်ရာကျော် ရှည်လျားသော ဝေလငါးကြီးကိုပင် သတ်ဖြတ်နိုင်စွမ်း ရှိမည်ဟု မယုံကြည်နိုင်ပေ။
တာရှန်း မိစ္ဆာနိုင်ငံ ယဇ်ပုရောဟိတ်များသည် အထူး ဗို့အားမြင့် လျှပ်စစ် အကြောင်းကို လုံးဝ မသိရှိကြသလို တာ့ယန် အင်ပါယာ စစ်သင်္ဘောပေါ်ရှိ လျှပ်စစ်ထုတ်စက်၏ စွမ်းအားကိုလည်း လုံးဝ မသိရှိကြချေ။
နောက်ဆုံးတွင် ယဇ်ပုရောဟိတ်ချုပ် ပိုင်ရှယ် လက်လျှော့လိုက်သည်။ အဘယ်ကြောင့်ဆိုသော် သူမ ခေါ်ဆောင်လာသော အသွင်ပြောင်း ပင်လယ် သားရဲကြီးများ အားလုံးနီးပါး သေဆုံးသွားပြီဖြစ်ပြီး သူမ ထိန်းချုပ်ထားသော အသွင်ပြောင်း ဝေလငါးကြီး တစ်ကောင်တည်းသာ ကျန်ရှိတော့သည်။
ထို့ကြောင့် သူမသည် အသွင်ပြောင်း ဝေလငါးကြီးကို ထိန်းချုပ်ကာ ပင်လယ်ရေအောက်သို့ ငုပ်လျှိုးပြီး လွတ်မြောက်အောင် ထွက်ပြေးသွား၏။
အသွင်ပြောင်း ပင်လယ် သားရဲကြီးများကို ဆုံးရှုံးလိုက်ရသော တာရှန်းမိစ္ဆာနိုင်ငံ၏ ရေတပ်သည် ချက်ချင်း သတ်ဖြတ်ခံရမည့် သိုးသူငယ်များ ဖြစ်သွားကြသည်။
အရေအတွက် ဘယ်လောက်များများ အသုံးမဝင်တော့ပေ။ အဘယ်ကြောင့်ဆိုသော် မျိုးဆက် တစ်ခုမက နောက်ကျနေသောကြောင့်ပင်။
တာရှန်းမိစ္ဆာနိုင်ငံ၏ အဆင့်အမြင့်ဆုံး အမြောက်များပင်လျှင် ထိရောက်သော ပစ်ခတ်နိုင်သည့် အကွာအဝေးမှာ မီတာ သုံးလေးထောင်သာ ရှိပြီး တိကျမှု ဆိုသည်မှာလည်း အခြေခံအားဖြင့် မရှိသလောက်ပင် ဖြစ်သည်။
ထို့ကြောင့် ဧရာမ ရေတပ်ကြီး တစ်ခုလုံးသည် ထပ်မံ၍ အလူးအလဲ ခံရပြီး လုံးဝ ပြန်လည် မခုခံနိုင်သော အခြေအနေသို့ ရောက်ရှိသွားပြန်၏။
“ရွှီး... ရွှီး...ရွှီး... ရွှီး......”
တာ့ယန် အင်ပါယာ ရေတပ်သည် အမြန်နှုန်း မြင့်မားစွာ လှုပ်ရှားနိုင်စွမ်းကို အသုံးပြု၍ တာရှန်း မိစ္ဆာနိုင်ငံ ရေတပ်ကို ဝိုင်းရံနေရင်း ရူးသွပ်စွာ ပစ်ခတ်နေသည်။
အမျိုးအစားစုံလင်သော အမြောက် အလက် တစ်ထောင်ကျော်က ရူးသွပ်စွာ ပစ်ခတ်နေကြသည်။ တစ်ခါမှ မရှိဖူးသော ကြီးကျယ်ခမ်းနားသည့် မြင်ကွင်းကြီး၊ တစ်ခါမှ မရှိဖူးသော ခမ်းနားထည်ဝါမှု ဖြစ်၏။
ကောင်းကင်ယံ တစ်ခုလုံးတွင် ပြွတ်သိပ်နေသော အမြောက်ဆန် မိုးများက မိုးကုတ်စက်ဝိုင်းကို အဆက်မပြတ် ဖြတ်သန်းသွားကြ၏။ တကယ်ကို လှပလွန်းလှသည်။
ယဇ်ပုရောဟိတ်ချုပ် ပိုင်ရှယ် သည် တာရှန်းမိစ္ဆာနိုင်ငံ၏ အဓိက စစ်သင်္ဘောပေါ်သို့ ပြန်ရောက်လာ၏။
“ယဇ်ပုရောဟိတ်ချုပ်... ဒီအတိုင်း ဆက်သွားလို့ မဖြစ်တော့ဘူး။ ကျုပ်တို့ မကြာခင် တပ်လုံးကျွတ် သေဆုံး သွားတော့မယ်။ အသွင်ပြောင်း ပင်လယ် သားရဲကြီးတွေက ပြိုင်ဘက်ကင်းပြီး တာ့ယန် ရေတပ်က လုံးဝ မဖြေရှင်းနိုင်ဘူး ဆိုတာ မဟုတ်ဘူးလား။” စီးပြန်းက ကျယ်လောင်စွာ မေးလိုက်သည်။
ရေတပ် တပ်မှူးကြီး ပိုင်ယဲ့က တောင်းဆိုလိုက်၏။ “ယဇ်ပုရောဟိတ်ချုပ်.. နောက်ဆုံး လျှို့ဝှက် လက်နက်ကို ထုတ်သုံးလိုက်ပါတော့။”
ယဇ်ပုရောဟိတ်ချုပ် ပိုင်ရှယ်က အေးစက်စွာ ပြောလိုက်သည်။ “သေချာပေါက် လျှို့ဝှက် လက်နက်ကို ထုတ်သုံးရမှာပေါ့။”
တာ့ယန် အင်ပါယာ ရေယာဉ်စုကို ကြည့်သော သူမ၏ အကြည့်များတွင် အရိုးထဲထိ စွဲနေသော အမုန်းတရားများနှင့် ရန်လိုမှုများ ပြည့်နှက်နေ၏။
ထို့နောက် သူမသည် စစ်သင်္ဘော၏ အမြင့်ဆုံး နေရာတွင် ရပ်ကာ ထူးဆန်းသော အော်ဟစ်သံ တစ်ခုကို ထုတ်လွှတ်လိုက်သည်။
လုံးဝ နားမလည်နိုင်သော ဘာသာစကား တစ်မျိုးဖြစ်ပြီး နုဧကရာဇ်၏ အနက်ရောင် ကျမ်းစာထဲမှ မူလ ဘာသာစကား ဖြစ်သည်။ ထူးဆန်းသည်၊ လျှို့ဝှက်ဆန်းကြယ်သည်၊ မှောင်မိုက်နေသည်။ ပင်လယ်ပြင် တစ်ခုလုံးပင် ကြောက်စရာ ကောင်းလာသကဲ့သို့ ဖြစ်နေ၏။
“ရွှီး... ရွှီး...ရွှီး... ရွှီး...ရွှီး... ရွှီး...”
တာရှန်း မိစ္ဆာနိုင်ငံ စစ်သင်္ဘောများပေါ်မှ အမည်းစက် တစ်ခုပြီး တစ်ခု ပျံသန်း ထွက်ပေါ်လာ၏။ ၎င်းတို့မှာ အသွင်ပြောင်း ကျီးကန်းများ ဖြစ်ကြပြီး အကောင်ရေ ဆယ်ဂဏန်း၊ ရာဂဏန်း၊ ထောင်ချီ ရှိသည်။
ဤမျှ များပြားလှသော အသွင်ပြောင်းကျီးကန်းများကို တစ်ကြိမ်တစ်ခါမှ မမြင်တွေ့ခဲ့ဖူးပေ။ ကျီးကန်း တစ်ကောင်စီတိုင်းသည် အလွန်တရာ ကြီးမားလှပြီး အတောင်ပံဖြန့်လိုက်ပါက နှစ်မီတာကျော်အထိ အရှည် ရှိကြ၏။
သို့ရာတွင် ၎င်းသည် ကြောက်မက်ဖွယ် အကောင်းဆုံးအချက် မဟုတ်သေးပေ။ ပို၍ ကြောက်မက်ဖွယ် ကောင်းလှသည်မှာ ထိုအသွင်ပြောင်းကျီးကန်းများ၏ ခြေထောက်များတွင် ပေါင်ဆယ်ဂဏန်းခန့် အလေးချိန် ရှိသော ဗုံးတစ်လုံးစီကို ချည်နှောင်ထားခြင်း ဖြစ်သည်။
‘လေကြောင်းကနေ တိုက်ခိုက်တော့မလို့လား။ ဒါ... ဒါက ဘယ်လို စိတ်ကူးမျိုးလဲ။’
တာ့ယန် အင်ပါယာသည် အဆင့်မြင့် လက်နက်များကို ပိုင်ဆိုင်ထားပြီး အင်အားကြီးမားသော လေသင်္ဘော တပ်ဖွဲ့ကို ပိုင်ဆိုင်ထားသော်လည်း လေကြောင်း တိုက်ခိုက်မှု ဆိုသည်ကို တစ်ခါမှ မတွေးဖူးခဲ့ချေ။
တာရှန်း မိစ္ဆာနိုင်ငံက လေကြောင်း တိုက်ခိုက်မှုကို အရင် စတင်လာလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။ ထို့အပြင် ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံ တိုက်ခိုက်မှု ဖြစ်နေသေး၏။
“ပျက်စီးလိုက်တော့ ယွင်ကျုံးဟဲ့...”
“ပျက်စီးလိုက်တော့ တာ့ယန် အင်ပါယာ...”
“သူတို့ကို ဖျက်ဆီးပစ်... သူတို့ကို ဖျက်ဆီးပစ်...”
“သွားကြ...”
ယဇ်ပုရောဟိတ်ချုပ် ပိုင်ရှယ်၏ အမိန့်ပေးသံနှင့်အတူ အသွင်ပြောင်း ကျီးကန်း ထောင်ချီသည် ကောင်းကင်ယံတွင် တန်းစီကာ တာ့ယန် အင်ပါယာ ရေယာဉ်စုဆီသို့ ပျံသန်းလာကြသည်။
ဤမြင်ကွင်းကို မြင်လိုက်ရချိန်မှာတော့ တာ့ယန် အင်ပါယာ၏ ရေယာဉ်စုသည် လုံးဝ အံ့ဩ မှင်တက်သွားကြ၏။
“အသင့်...”
“လေယာဉ်ပစ် လက်နက်တွေ... ပြင်ဆင်...”
ဤအသွင်ပြောင်း ကျီးကန်း ထောင်ချီသည် ကောင်းကင်ယံတွင် ပို၍ ပို၍ နီးကပ်လာပြီး မကြာမီ တာ့ယန် အင်ပါယာ ရေယာဉ်စု၏ ကောင်းကင်ယံသို့ ရောက်ရှိလာသည်။
ထို့နောက် ဤအသွင်ပြောင်း တိရစ္ဆာန်များသည် ကိုယ်ပိုင် ပစ်မှတ်များကိုပင် ရွေးချယ်တတ်ကြသေးပြီး ပျမ်းမျှ အားဖြင့် စစ်သင်္ဘော တစ်စင်းကို ကျီးကန်း ဆယ်ဂဏန်းခန့်က တိုက်ခိုက်ကြ၏။
“ရွှီး... ရွှီး...ရွှီး... ရွှီး......”
ဤအသွင်ပြောင်း ကျီးကန်းများသည် ရူးသွပ်စွာ စတင် ထိုးဆင်းလာကြပြီး ဗုံးကြဲရန် ပြင်ဆင်ကြသည်။
“ပစ်...”
အမိန့်ပေးသံနှင့်အတူ တာ့ယန် အင်ပါယာ ရေယာဉ်စု၏ လေယာဉ်ပစ် လက်နက်များ ရူးသွပ်စွာ ပစ်ခတ် လိုက်ကြ၏။
“ဒက်... ဒက်... ဒက်...”
မရေမတွက်နိုင်သော အမြန်နှုန်း မြင့်မားသည့် စက်အမြောက်များက ပစ်ခတ်နေကြသည်။
အလွန် အံ့ဩစရာကောင်းသော မြင်ကွင်း တစ်ခု ထပ်မံ ပေါ်ထွက်လာပြန်သည်။ တကယ့် သံမဏိ မုန်တိုင်းကြီး၊ တကယ့် ပစ်ခတ်မှု ကွန်ရက်ကြီး တစ်ခု ဖြာကျလာ၏။
ကောင်းကင်ယံ တစ်ခုလုံးတွင် သံမဏိ မုန်တိုင်းများ ပြည့်နှက်နေသည်။
လေယာဉ်ပစ် အမြောက် အများအပြားလည်း ပြင်းထန်စွာ ပစ်ခတ်နေကြပြီး အမြောက်ဆန်များသည် မီတာ ရာပေါင်းများစွာ အမြင့်သို့ ရောက်ရှိသွားပြီးနောက် ပြင်းထန်စွာ ပေါက်ကွဲသွားကြ၏။
တာရှန်းမိစ္ဆာနိုင်ငံ၏ ယဇ်ပုရောဟိတ်ချုပ် ပိုင်ရှယ်သည် ဤမြင်ကွင်းကို မြင်တွေ့လိုက်ရချိန်မှာတော့ ထပ်မံ၍ အံ့ဩမှင်တက်သွားပြန်သည်။
‘ဒါ... ဒါက ရူပဗေဒပညာရဲ့ အလှအပလား။ ဒါ... ဒါကလည်း အကြမ်းဖက်ခြင်းရဲ့ အလှအပ တစ်မျိုးပဲ။ ပြင်ပအားကို အားကိုးတဲ့ လက်နက်တွေကို ဒီအဆင့်အထိတောင် အသုံးချလို့ ရတယ်လား။’
အပစ်ခံရသော အသွင်ပြောင်း ကျီးကန်းများသည် တစ်ကောင်ပြီး တစ်ကောင် သနားစရာကောင်းအောင် အော်ဟစ်ပြီးနောက် အရှင်လတ်လတ် တစ်စစီ ဆွဲဖြဲခံလိုက်ရ၏။
သူတို့၏ ခြေသည်းများအောက်ရှိ ဗုံးများသည် တစ်လုံးပြီး တစ်လုံး ပေါက်ကွဲသွားပြီး သူတို့ကို တစ်စစီ ဖြစ်သွားအောင် ဖောက်ခွဲပစ်လိုက်သည်။
သို့သော်ငြား ၎င်းတို့သည် ထောင်နှင့်ချီသော အသွင်ပြောင်းကျီးကန်းများ ဖြစ်ကြသည်။ အတောင်ပံဖြန့်လိုက်ပါက နှစ်မီတာခန့် အကျယ်အဝန်း ရှိသော်ငြားလည်း၊ ကျယ်ပြောလှသော ကောင်းကင်ယံထက်တွင်မူ အလွန် သေးငယ်သော ပစ်မှတ်များသာ ဖြစ်နေသောကြောင့် တိကျစွာ ချိန်ရွယ်ပစ်ခတ်ရန်မှာ အခြေခံအားဖြင့် မဖြစ်နိုင်ပေ။
ထို့ကြောင့်ပင် လွတ်ကင်းသွားသော ကျီးကန်းများ အမြောက်အမြား ကျန်ရှိနေသေးသည်။
မရေမတွက်နိုင်လောက်အောင် များပြားလှသော အသွင်ပြောင်းကျီးကန်းများသည် တာ့ယန်အင်ပါယာ ရေယာဉ်စု၏ ကောင်းကင်ယံထက်သို့ အောင်မြင်စွာ ရောက်ရှိသွားကြပြီးနောက် ၎င်းတို့သယ်ဆောင်လာသော ဗုံးများကို ပစ်ချလိုက်ကြတော့၏။
တာ့ယန် အင်ပါယာ၏ စစ်သင်္ဘော အစင်းနှစ်ရာတွင် တစ်ဝက်ကျော်သည် လေကြောင်း တိုက်ခိုက်ရေး ဗုံးများ၏ ထိမှန်ခြင်းကို ခံလိုက်ရသည်။
တစ်ခဏချင်း အတွင်းမှာပဲ မီးတောက်များ ကောင်းကင်ယံသို့ ထိုးတက်သွားပြီး မီးဟုန်းဟုန်း တောက်လောင်နေ၏။
ကံကောင်းစွာဖြင့် တာ့ယန် အင်ပါယာ၏ စစ်သင်္ဘောများသည် မသေးငယ်သလို အလွန်လည်း ခိုင်ခံ့သည်။ တာရှန်းမိစ္ဆာနိုင်ငံ၏ ဗုံးများသည်လည်း ပေါင်ဆယ်ဂဏန်းခန့်သာ အလေးချိန် ရှိပြီး ယမ်းမှုန့်၏ စွမ်းအားမှာလည်း အလွန် မပြင်းထန်လှပေ။
ဖုန်တလူးလူး ဖြစ်သွားသော်လည်း နစ်မြုပ်သွားသော စစ်သင်္ဘော တစ်စင်းမျှ မရှိခဲ့ချေ။
“ဝုန်း.. ဝုန်း... ဝုန်း...”
စစ်သင်္ဘော အသီးသီး၏ အစီရင်ခံစာများ ရောက်ရှိလာပြီး မကြာမီမှာပဲ စစ်သင်္ဘော နှစ်စင်းသည် ကံကြမ္မာ အလွန် ဆိုးရွားစွာဖြင့် ခဲယမ်းတိုက်များကို ဗုံးထိမှန်သွားပြီး ပြင်းထန်သော ပေါက်ကွဲမှုများ ဖြစ်ပေါ်သွားသည်။ နောက်ထပ် နှစ်စင်း ဆုံးရှုံးသွားပြန်၏။
တာရှန်းမိစ္ဆာနိုင်ငံ၏ အသွင်ပြောင်း ကျီးကန်းများမှာမူ တာ့ယန်၏ ရူးသွပ်သော လေယာဉ်ပစ် လက်နက်များ အောက်တွင် ၇၀ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းခန့် အသေအပျောက် ရှိခဲ့ပြီး အကောင် တစ်ထောင်ပင် မပြည့်သော အရေအတွက်သာ လွတ်မြောက်သွားနိုင်ခဲ့သည်။
ဒေါသထွက်နေသော တာ့ယန် အင်ပါယာ ရေတပ်သည် အနည်းငယ်မှ မဆုတ်ခွာဘဲ ဆက်လက် ဝိုင်းရံထား၏။
ထို့နောက် အသွင်ပြောင်း ကျီးကန်းများ၏ ဒုတိယအကြိမ်၊ တတိယအကြိမ် လေကြောင်း တိုက်ခိုက်မှုများ ရောက်ရှိလာသည်။
လွတ်သွားသူများ ရှိနေသေးသော်လည်း အသွင်ပြောင်း ကျီးကန်းများ ပို၍ ပို၍ နည်းပါးလာသောကြောင့် လေကြောင်း တိုက်ခိုက်မှု၏ စွမ်းအားမှာလည်း ပို၍ ပို၍ သေးငယ်လာ၏။
နာရီအနည်းငယ် အကြာတွင်...
တာ့ယန် အင်ပါယာ ရေတပ်သည် နောက်ဆုံးတော့ တာရှန်း မိစ္ဆာနိုင်ငံ ရေယာဉ်စုကို ဝိုင်းရံ ပိတ်ဆို့မှု ပြီးစီးသွားခဲ့သည်။
ယခုအခါ တာရှန်းမိစ္ဆာနိုင်ငံ၏ လေကြောင်း တိုက်ခိုက်မှုများ ရပ်တန့်သွားပြီ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အသွင်ပြောင်း ကျီးကန်းများ အားလုံးနီးပါး သေဆုံးသွားပြီ ဖြစ်သောကြောင့်ပင်။
“ပစ်... ပစ်... ပစ်...”
တာ့ယန် အင်ပါယာ၏ အမြောက် အလက် တစ်ထောင်သည် ထပ်မံ၍ ပြင်းထန်စွာ ပစ်ခတ်လိုက်ပြန်သည်။
မရေမတွက်နိုင်သော ဒေါသထွက်နေသည့် အမြောက်ဆန်များသည် ထပ်မံ၍ ပျက်စီးခြင်း မုန်တိုင်းများကဲ့သို့ တာရှန်းမိစ္ဆာနိုင်ငံ၏ ရေယာဉ်စုပေါ်သို့ ပြင်းထန်စွာ ကျဆင်းလာ၏။
အပြင်းထန်ဆုံး သတ်ဖြတ်မှု ဖြစ်ပြီး ပျက်စီးခြင်းတို့မှာ မရေမတွက်နိုင်အောင်ပင်။
နောက်ထပ် နာရီအနည်းငယ် အကြာတွင် ရေတိုက်ပွဲကြီး ပြီးဆုံးသွားပြီး တာရှန်း မိစ္ဆာနိုင်ငံ ရေတပ် တပ်လုံးကျွတ် သေဆုံးသွားသည်။
မိုင်ရာပေါင်းများစွာ ရှည်လျားသော ပင်လယ်ပြင်ပေါ်တွင် နေရာတိုင်း၌ စစ်သင်္ဘော အပျက်အစီးများ ရှိနေပြီး မီးလောင်နေဆဲ ဖြစ်သည်။ နေရာတိုင်းတွင် အလောင်းများ ပေါလောပေါ်နေ၏။
ထွက်ပြေး လွတ်မြောက်သွားသော စစ်သင်္ဘော အနည်းငယ်မှလွဲ၍ ကိုးဆယ့်ငါး ရာခိုင်နှုန်းသော စစ်သင်္ဘောများသည် နစ်မြုပ်ခံရခြင်း၊ သို့မဟုတ် အဖမ်းခံရလိုက်ရသည်။
ယွင်ကျုံးဟဲ့သည် ကွပ်ကဲရေး မျှော်စင်ပေါ်တွင် ရပ်ကာ တာ့ယန် အင်ပါယာ၏ ရေယာဉ်စု တစ်ခုလုံးကို အပေါ်စီးမှ ကြည့်ရှုရင်း အလွန် နှလုံးနာကျင်နေသည်။
ဤတစ်ကြိမ် တိုက်ပွဲတွင် ဆုံးရှုံးမှု တကယ် ကြီးမားလှသည်။ တာ့ယန် အင်ပါယာမှ စစ်သင်္ဘော အစင်း နှစ်ရာကျော် ထွက်ခွာခဲ့သော်လည်း အစင်း သုံးဆယ်ကျော် နစ်မြုပ်ခံခဲ့ရပြီး အစင်း ငါးဆယ်ခန့် အကြီးအကျယ် ပျက်စီးခဲ့ကာ အသေးစား ပျက်စီးမှုများမှာမူ ရေတွက်၍ပင် မရနိုင်ပေ။
စစ်သင်္ဘော တစ်စင်းမှ ဒဏ်ရာ မရဘဲ ပြန်မလာနိုင်ခဲ့ဟု ပြော၍ ရနိုင်သည်။ နောက်ဆုံးအချိန်တွင် ဝင်ရောက် တိုက်ခိုက်ခဲ့သော အသွင်ပြောင်း ကျီးကန်းများ၏ လေကြောင်း တိုက်ခိုက်မှုသည် တကယ်ကို ရွံစရာ ကောင်းလွန်းလှပြီး အရေအတွက် အလွန် များပြားလွန်းသောကြောင့် အခြေခံအားဖြင့် ကာကွယ်၍ မရနိုင်ခဲ့ချေ။
တာရှန်းမိစ္ဆာနိုင်ငံ၏ ယမ်းမှုန့် စွမ်းအားက မပြင်းထန်သလို အသွင်ပြောင်း ကျီးကန်းများ သယ်ဆောင်နိုင်သော ဗုံးအလေးချိန်ကလည်း အကန့်အသတ် ရှိနေသောကြောင့်သာ တော်သေးသည်။
ထိုသို့မဟုတ်ပါက ဤလေကြောင်း တိုက်ခိုက်မှု အကြိမ်အနည်းငယ်သည် ရေယာဉ်စုကို အများကြီး ပိုမို ကြီးမားသော ဆုံးရှုံးမှုများ ဖြစ်ပေါ်စေမည်မှာ သေချာ၏။
“အရှင်... ဒီတစ်ကြိမ် တိုက်ပွဲမှာ ကျုပ်တို့ အင်ပါယာ ရေတပ်က စုစုပေါင်း လူတစ်သိန်း တစ်သောင်း ပါဝင်ခဲ့ပြီး ကိုးထောင် သေဆုံးကာ နှစ်သောင်းလောက် ဒဏ်ရာ ရရှိခဲ့ပါတယ်။”
ယွင်ကျုံးဟဲ့၏ မျက်နှာ အနည်းငယ် တုန်ယင်သွားပြီးနောက် လေကို ပြင်းပြင်း အကြိမ်ကြိမ် ရှူထုတ်လိုက်သည်။
ဤအသေအပျောက် အချိုးအစားသည် အလွန် ထူးချွန်ကြောင်း သေချာလှသည်။ တာရှန်း မိစ္ဆာနိုင်ငံ ရေတပ်မှ လူသုံးသိန်းနီးပါး တပ်လုံးကျွတ် သေဆုံးသွားခဲ့ပြီး တာ့ယန် အင်ပါယာ ရေတပ်မှ အသေအပျောက်မှာ သုံးသောင်းပင် မပြည့်ခဲ့ပေ။
သို့ပေမည့် ဤအသေအပျောက် အရေအတွက်က ယွင်ကျုံးဟဲ့ကို အနည်းငယ် ထိတ်လန့်သွားစေဆဲဖြစ်ပြီး နှလုံးနာကျင်စေဆဲ ဖြစ်၏။
သူ၏ စိတ်ထဲတွင် ဤစစ်သည်များ၏ မျက်နှာများကိုပင် ပြန်လည် မြင်ယောင်လာသည်။ အဘယ်ကြောင့်ဆိုသော် သူ တာ့ယန် အင်ပါယာသစ်သို့ ရောက်ရှိပြီးနောက် ပထမဆုံး အနေဖြင့် အင်ပါယာ စစ်သည် အများအပြားနှင့် ထိတွေ့ခဲ့ရသောကြောင့်ပင်။
ကင်းမှူးလီရွှယ် လက်အောက်ရှိ လူနှစ်ရာကျော်ကို ယွင်ကျုံးဟဲ့က တစ်ယောက်မကျန် သိရှိသည်။ သူတို့ အားလုံးသည် စစ်တပ်မှ အနားယူထားသော စစ်သည်များ ဖြစ်ကြသည်။
သို့ပေမည့် အင်ပါယာက အရှေ့ဘက်သို့ စစ်ချီရန် ဆုံးဖြတ်လိုက်ပြီးနောက် အနားယူထားသော စစ်သည် အများအပြားသည် စစ်တပ်သို့ ပြန်လည် ဝင်ရောက်လာကြပြီး ထိုအထဲမှ အများအပြားသည် ယွင်ကျုံးဟဲ့နှင့်အတူ အရှေ့ဘက်လောကသို့ လိုက်ပါလာခဲ့ကြ၏။
ယခင်က ယွင်ကျုံးဟဲ့နှင့် လူငယ်သဘာဝ တွေ့ဆုံခဲ့ဖူးသော အမျိုးသမီး တပ်မှူးများသည်လည်း အင်ပါယာ ပင်မ စစ်တပ်မှ ဖြစ်ကြပြီး အားလုံး လိုက်ပါလာခဲ့ကြသည်။