အခန်း ၈၅၀
Vol. 72 Ch. 850
အပိုင်း (၈၅၀)
ရေတိုက်ပွဲကြီးကို အောင်ပွဲခံပြီးနောက် မကြာမီ ကုန်းတက် စစ်ဆင်ရေးကို ပြုလုပ်တော့မည်ဖြစ်ပြီး တာရှန်း မိစ္ဆာနိုင်ငံ၏ တောင်ပိုင်းကို တိုက်ရိုက် တိုက်ခိုက် သိမ်းပိုက်တော့မှာဖြစ်သည်။
‘အချိန် မဆွဲနိုင်တော့ဘူး၊ စစ်ရေးမှာ အမြန်နှုန်းက အရေးကြီးတယ်။’
သို့ပေမည့် ရေယာဉ်စုသည် ဆိပ်ကမ်းသို့ ပြန်လည် ဝင်ရောက်ကာ အနားယူပြီး ဖြည့်တင်းမှုများ ပြုလုပ်ရန် လိုအပ်သလို စစ်သင်္ဘော အချို့ကိုလည်း ပြုပြင်ရန် လိုအပ်၏။
ဤတစ်ကြိမ် ကုန်းတက် စစ်ဆင်ရေး၏ အဓိက ရည်မှန်းချက်မှာ ကျင်းဝူရွှမ်း၏ ဧရာမ ခံတပ်ကြီးကို တိုက်ခိုက် သိမ်းပိုက်ရန်နှင့် တာရှန်းမိစ္ဆာနိုင်ငံ၏ တောင်ပိုင်း အဓိက စစ်တပ်များကို အမြစ်ပြတ် ချေမှုန်းရန် ဖြစ်သည်။
ယခုအခါ ယွင်ကျုံးဟဲ့ လက်အောက်တွင် စစ်သည် ရှစ်သိန်း ရှိသည်။ ဤတစ်ကြိမ်တွင် စစ်သည် ငါးသိန်းနှင့် အမျိုးစုံသော စစ်သင်္ဘော တစ်ထောင်ကျော်ကို တိုက်ရိုက် အသုံးပြုမှာဖြစ်၏။
ကုန်းတက် စစ်ဆင်ရေး ပြုလုပ်မည့် နေ့ရက် ပို၍ ပို၍ နီးကပ်လာသည်။
စိတ်ဓာတ် တက်ကြွစေရန်နှင့် စစ်ပွဲတွင် ကျဆုံးသွားသော အင်ပါယာ စစ်သည်များကို ဂုဏ်ပြုရန်အတွက် ယွင်ကျုံးဟဲ့သည် တေးဂီတ ဖျော်ဖြေပွဲ တစ်ခု ပြုလုပ်ရန် ဆုံးဖြတ်လိုက်သည်။ သူကိုယ်တိုင် တီးခတ်မှာဖြစ်၏။
ချက်ချင်းပဲ အမတ်ကြီး အချို့က ပြင်းထန်စွာ ကန့်ကွက်လိုက်ကြသည်။ “အရှင်မင်းကြီး... အခု အရှင်မင်းကြီးက အင်ပါယာရဲ့ ဧကရာဇ် ဖြစ်နေပြီလေ။ ဘယ်လိုလုပ် တီးခတ်လို့ ဖြစ်မှာလဲ။ အဲဒါက ဂီတပညာရှင်တွေ လုပ်တဲ့ အလုပ်လေ။”
ယွင်ကျုံးဟဲ့ ချက်ချင်း ရယ်မောကာ ပြောလိုက်၏။ “ကျုပ်က အယောင်ဆောင်နေတာလား၊ ဒါမှမဟုတ် တကယ့် ဂီတပညာရှင်လား။”
ဘေးမှ လူတစ်ယောက်က ပြောသည်။ “အရှင်မင်းကြီးက သေချာပေါက် တကယ့် ဂီတပညာရှင်ပါ။ ပြီးတော့ အင်ပါယာရဲ့ နှစ်ပေါင်း ထောင်ချီ အတွင်းမှာ နံပါတ်တစ် ဂီတ ဆရာကြီးပါ။”
ယွင်ကျုံးဟဲ့က တာ့ယန် အင်ပါယာသစ်တွင် နတ်ဘုရားဖန်တီးရေး လှုပ်ရှားမှုကို ပြုလုပ်စဉ်က ကြီးမားသော အတိုင်းအတာ တစ်ခုအထိ သူ၏ အနုပညာ ပါရမီကို အားကိုးခဲ့ခြင်း ဖြစ်၏။
ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “ကျုပ်က ပထမဆုံး အနုပညာရှင် ဖြစ်ပြီး ဒုတိယမှ ဘုရင် ဖြစ်တာပါ။”
“ဧကရာဇ်ပါ။” ဘေးရှိ ကျီးယန်က တိုးတိုးလေး ပြောလိုက်၏။
ဤသည်မှာ တာ့ယန် အင်ပါယာ၏ အမတ်များ အားလုံး၏ စိတ်ထဲရှိ သံယောဇဉ်ကြိုး တစ်ခု ဖြစ်၏။ အင်ပါယာ ပြည်တွင်းတွင် ရှိစဉ်က လူတိုင်းက ယွင်ကျုံးဟဲ့၏ ဘွဲ့အမည်နှင့် ပတ်သက်၍ ဘာမှ မဖြစ်ခဲ့ကြဘဲ သူ့ကို ဧကရာဇ်အဖြစ် တင်မြှောက်ရန် လူထု ဆန္ဒတွေ ပေါ်လာချိန်တွင် အင်ပါယာ အထက်တန်းလွှာများသည် စိတ်ထဲတွင် စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေခဲ့ကြသည်။
သို့ပေမည့် အရှေ့ဘက်သို့ စစ်ချီပြီးနောက်၊ အထူးသဖြင့် တာရှန်း မိစ္ဆာနိုင်ငံနှင့် စစ်ပွဲ စတင်ပြီးနောက် လူတိုင်းသည် ဧကရာဇ် ဟူသော ဂုဏ်ပုဒ်၏ နိုင်ငံရေးဆိုင်ရာ ဆွဲဆောင်မှုကို ခံစားလာရ၏။
တာရှန်း မိစ္ဆာနိုင်ငံဘက်မှ အမြင့်ဆုံး ခေါင်းဆောင်မှာ ဧကရာဇ် ဖြစ်သော်လည်း တာ့ယန် အင်ပါယာ ဘက်တွင်မူ ဘုရင် တစ်ပါးသာ ဖြစ်နေ၏။ လူတိုင်းက အဆင့်နိမ့်နေသကဲ့သို့ ခံစားကြရသည်။
နောက်ဆက်တွဲအနေဖြင့် အမတ်များ အားလုံး ယွင်ကျုံးဟဲ့၏ ဆန္ဒကို မတားဆီးနိုင်ခဲ့ကြပေ။
တေးဂီတ ဖျော်ဖြေပွဲ တရားဝင် စတင်ပြီဖြစ်၏။ ဧရာမ ရင်ပြင်ကြီး အတွင်းတွင် စစ်သည် သုံးသိန်းကျော် မြေကြီးပေါ်တွင် တင်ပျဉ်ခွေ ထိုင်နေကြသည်။
ခမ်းနားသော အင်ပါယာ တေးဂီတ အဖွဲ့သည် စင်မြင့်ပေါ်တွင် ရှိနေပြီး ယွင်ကျုံးဟဲ့သည် စန္ဒရား ရှေ့တွင် ထိုင်နေကာ ဘေးပတ်လည်တွင် အသံချဲ့စက် ဆယ်ဂဏန်းခန့် ရှိ၏။
တေးဂီတ ဖျော်ဖြေပွဲ စတင်ပြီဖြစ်၏။ ယနေ့ ယွင်ကျုံးဟဲ့ တီးခတ်သည်များ အားလုံးမှာ စိတ်အားထက်သန်ပြီး တက်ကြွသော တေးသွားများချည်းသာ ဖြစ်သည်။
ယွင်ကျုံးဟဲ့ အသွင်ပြောင်းပြီးနောက် စိတ်စွမ်းအားများ အဆပေါင်းများစွာ တိုးတက်လာသောကြောင့် တီးခတ်မှု အဆင့်အတန်းသည်လည်း နောက်ထပ်တစ်ဆင့် တက်လှမ်းသွားပြီး အဆုံးအစ မရှိသော ကူးစက်နိုင်စွမ်း၊ တုန်လှုပ်နိုင်စွမ်းများ ပြည့်နှက်နေ၏။
စစ်သည် သုံးသိန်းကျော်သည် ရူးသွပ်မိန်းမောစွာ နားထောင်နေကြပြီး သွေးဆူလာကြသည်။
စီးပြန်း ဦးဆောင်သော သုံ့ပန်း တစ်သောင်းကျော်သည်လည်း တေးဂီတ ဖျော်ဖြေပွဲကို လာရောက် နားထောင်ကြပြီး စီးပြန်းတို့ အဖွဲ့ လုံးဝ အံ့ဩမှင်တက်သွားကြ၏။
အဘယ်ကြောင့်ဆိုသော် ဤတေးဂီတ ဖျော်ဖြေပွဲ၏ ထိုးနှက်မှုသည် တကယ်ကို ကြီးမားလွန်းသောကြောင့် ဖြစ်သည်။
ဂီတလောက အတွင်းရှိ ကြောက်စရာကောင်းသော လှိုင်းလုံးကြီးများက ရိုက်ခတ်လာသည်မှာ တကယ်ကို ခံစားလို့ ကောင်းလွန်းလှ၏။
သေချာပေါက် ဖျော်ဖြေပွဲ အလယ်တွင် ကြားဖြတ် အစီအစဉ်လေး တစ်ခု ဖြစ်ပေါ်ခဲ့၏။ အကြောင်းမှာ ယွင်ကျုံးဟဲ့၏ သမီး ကျင်းချွဲ လှုပ်လှုပ်ရွရွ ဖြစ်လာပြီး အပေါ်သို့ ပြေးတက်ကာ ဖခင်နှင့်အတူ ထိုင်၍ တွဲဖက် တီးခတ်ခဲ့ကြသည်။
ဤအချက်သည် ယွင်ကျုံးဟဲ့အား အလွန်အမင်း အံ့အားသင့်သွားစေခဲ့သည်။ သူ၏ အချစ်တော် သမီးလေးသည် သိုင်းပညာကိုသာ အဓိကထား၍ အာရုံစိုက်လေ့ရှိသူဖြစ်ပြီး၊ စန္ဒရားကို စနစ်တကျ သင်ယူဖူးခြင်းလည်း မရှိချေ။
‘ဒီလောက် ကောင်းအောင် တီးနိုင်တာလား။’
အမှန်စင်စစ် သူ မသိရှိခဲ့သည်မှာ သမီးဖြစ်သူသည် ဖခင်ဖြစ်သူ တီးခတ်သည်ကို မကြာခဏ ကြည့်ရှုလေ့လာပြီး၊ ကိုယ်တိုင်လည်း တစ်ခါတစ်ရံ စမ်းသပ်တီးခတ်ရင်းဖြင့် အလိုအလျောက် တတ်မြောက်သွားခြင်း ဖြစ်သည်။
ထို့အပြင် သူမက ဤသို့ ပြောခဲ့သေးသည်။ တီးခတ်ခြင်းဆိုသည်မှာ အဆုံးစွန်အားဖြင့် စိတ်ပိုင်းဆိုင်ရာ နားလည်သဘောပေါက်မှုနှင့် ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်မှုသာ ဖြစ်၏။
ထို့ကြောင့် ခန္ဓာကိုယ်၏ အလားအလာများကို အဆုံးစွန်အထိ ဖော်ထုတ်နိုင်ပြီဆိုပါက အခြားသောအရာများကို သင်ယူရာတွင် အလွန်ပင် လျင်မြန်လာမည်ဖြစ်ပြီး၊ တစ်ခုခုကို တတ်မြောက်သွားပါက အရာအားလုံးကို တတ်မြောက်သွားသည့်အလား ခံစားရလိမ့်မည် ဟူ၍ပင်။
ဤစကားများသည် ယွင်ကျုံးဟဲ့အား ချက်ချင်းပင် အတွေးနယ်ချဲ့စေခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ ကျင်းချွဲနှင့် ဖခင်ဖြစ်သူတို့ တွဲဖက်၍ စန္ဒရားတီးခတ်ခဲ့မှုသည် ရလဒ်အလွန်ပင် ကောင်းမွန်ခဲ့ပြီး ဝန်းကျင်ရှိ လေထုကိုပင် အနည်းငယ် တက်ကြွလန်းဆန်းသွားစေခဲ့၏။
“တာ့ယန် သက်တော်ရာကျော် ရှည်ပါစေ။”
“အရှင်ဧကရာဇ် သက်တော်ရာကျော် ရှည်ပါစေ၊ ရှည်ပါစေ။”
ဘုရင် တစ်ပါးသာ ဖြစ်သော်လည်း စစ်သည် သုံးသိန်းကျော်က အရှင်ဧကရာဇ် သက်တော်ရာကျော် ရှည်ပါစေ ဟု ကျယ်လောင်စွာ အော်လိုက်ကြသည်။
တေးဂီတ ဖျော်ဖြေပွဲ အောင်မြင်စွာ ပြီးဆုံးသွား၏။
နောက်တစ်နေ့တွင်...
အင်ပါယာ ပြည်တွင်းမှ သယ်ယူပို့ဆောင်ရေး သင်္ဘောများ ထပ်မံ ရောက်ရှိလာပြန်ပြီး သင်္ဘော အစင်း နှစ်ရာ တိတိ ရှိကာ အင်ပါယာ စစ်သည် တစ်သိန်း ယွင်ပြည်နယ်သို့ ဆင်းသက်လာသည်။
ယွင်ကျုံးဟဲ့ ထင်မထားမိသည်မှာ ဤတစ်ကြိမ် စစ်တပ်ကို ဦးဆောင်လာသူမှာ စစ်တပ် ဦးစီးဌာန၏ ပထမ စစ်သူကြီး ကျီးကျန်း ဖြစ်နေ၏။
“အမတ်ကြီး ဘယ်လိုလုပ် ရောက်လာတာလဲ။” ယွင်ကျုံးဟဲ့ အံ့ဩစွာ မေးလိုက်သည်။
ကျီးကျန်းက ဖြေ၏။ “ကျုပ် စိတ်မချသေးလို့ပါ။ ဒီတာရှန်း မိစ္ဆာနိုင်ငံဟာ ကျုပ်တို့ တွေးထားတာထက် ပိုပြီး အင်အားကြီးမားနေပါတယ်။ ယွင်ပြည်နယ် အခြေစိုက် စခန်းက အရမ်း အရေးကြီးပြီး လုံးဝ အမှားခံလို့ မရပါဘူး။ အဲဒါကြောင့် ကျုပ်က ကိုယ့်ကိုယ်ကိုယ် အဆိုပြုပြီး ယွင်ပြည်နယ်ကို လာစောင့်ရှောက်တာပါ။”
ယွင်ကျုံးဟဲ့က ထပ်မေးသည်။ “ဒါဆို စစ်တပ် ဦးစီးဌာန ဘက်ကရော။”
ကျီးကျန်းက ဖြေလိုက်၏။ “ကျီးယင်းကို အပ်ထားခဲ့ပါတယ်။ ပြီးတော့ တူရှားကို စစ်တပ် ဦးစီးဌာနရဲ့ အဆင့်မြင့် အကြံပေး အဖြစ် ခန့်အပ်ထားပါတယ်။”
ကျီးယင်း ဆိုသည်မှာ ယခင် အင်ပါယာ ဒုတိယ တပ်တော် တပ်မှူး၊ အင်ပါယာ စစ်တက္ကသိုလ် ကျောင်းအုပ်၊ ထို့နောက် စစ်တပ် ဦးစီးဌာန၏ ဒုတိယ စစ်သူကြီး အဖြစ် ရာထူးတိုးလာသူ ဖြစ်သည်။
တူရှား အာဏာ စွန့်လွှတ်ထားသည်မှာ ဆယ်နှစ်ကျော် ရှိပြီဖြစ်ပြီး ယခုအခါ အာဏာကို တစ်ဖန် ပြန်လည် ရယူလာခဲ့ပြီ ဖြစ်သည်။ မူလက ဤနေရာကို ကျီးချင့်ကို ပေးလျှင် ပိုသင့်တော်သော်လည်း ဤအမျိုးသမီးက အာဏာ ကိုင်စွဲရန် လုံးဝ မသင့်တော်ပေ။
အကြီးအကဲ ကျီးကျန်း ရောက်ရှိလာတာက အလွန်ပင် ကောင်းမွန်လှသည်။ အကြောင်းမူကား တာရှန်းမိစ္ဆာ နိုင်ငံနှင့် ဖြစ်ပွားမည့် စစ်ပွဲ၏ အတိုင်းအတာမှာ ကြိုတင်တွေးဆထားသည်ထက် များစွာ ကျယ်ပြန့် လာတော့မည်ဖြစ်၍ ယွင်ပြည်နယ်ရှိ အခြေစိုက်စခန်းသည် အရေးအကြီးဆုံးနေရာ ဖြစ်လာတော့မှာဖြစ်သည်။
အနာဂတ်ကာလတွင် လက်နက်စက်ရုံများနှင့် ဓာတ်ခွဲခန်းအမြောက်အမြားကို ဤနေရာသို့ ပြောင်းရွှေ့ လာရမှာဖြစ်၏။
ထို့အပြင် စစ်တက္ကသိုလ်တစ်ခုအပြင် တက္ကသိုလ်နှစ်ခုကိုပါ ဤနေရာ၌ ကျောင်းခွဲများ တည်ထောင် ပေးရမည်။ လယ်ယာမြေများနှင့် စားကျက်ကွင်းများကိုလည်း အမြောက်အမြား ဖော်ထုတ်ပေးရဦးမှာ ဖြစ်သည်။
ဤနေရာသည် အင်ပါယာ၏ အကြီးမားဆုံးသော စစ်ရေးအခြေစိုက်စခန်း ဖြစ်လာရုံသာမက တာရှန်းမိစ္ဆာနိုင်ငံမှ ပြည်သူသန်းရာချီအား ပြသရမည့် ပြတင်းပေါက်တစ်ခုလည်း ဖြစ်လာမည်ဖြစ်ရာ ထိုနေရာ၏ အရေးပါမှုမှာ ပိုမိုကြီးမားလာမည်မှာ အသေအချာပင်။
ထို့အပြင် ဤနေရာသည် သုညမှ စတင်၍ တည်ဆောက်ရမည့်နေရာဖြစ်သည့်အတွက် မိမိ၏ စိတ်ကူးအတိုင်း စံပြမြို့တော်တစ်ခုကို တည်ဆောက်နိုင်မည်ဖြစ်ပြီး အင်ပါယာ၏ ယဉ်ကျေးမှုသစ်နှင့် ပညာရပ်ဆိုင်ရာများ ကိုလည်း စိတ်ကြိုက်အသုံးချနိုင်ပေလိမ့်မည်။
နှစ်အနည်းငယ်အတွင်း၌ ယွင်ပြည်နယ်သည် တာ့ယန်အင်ပါယာ၏ ပြည်တွင်းပြီးလျှင် ဒုတိယအရေးအပါဆုံး နေရာ ဖြစ်လာနိုင်ချေရှိသည်။ ထို့ကြောင့် အကြီးအကဲ ကျီးကျန်းကဲ့သို့သော အထူးအမတ်ကြီးတစ်ဦးက ဤနေရာ၌ လာရောက်စောင့်ရှောက်ပေးခြင်းမှာ အကောင်းဆုံး ဖြစ်သည်။
“ဒါဆိုရင် ဒုက္ခပေးရတော့မယ်။” ယွင်ကျုံးဟဲ့က ပြောလိုက်၏။
ရက်အနည်းငယ် အကြာတွင် အမျိုးအစားစုံလင်သော စစ်သင်္ဘော တစ်ထောင်ကျော် စုရုံးလာပြီး ဧရာမ လေသင်္ဘော ခြောက်ဆယ် ကောင်းကင်ယံသို့ ပျံတက်သွားသည်။
စစ်သည် ငါးသိန်းသည် စစ်သင်္ဘောများပေါ်သို့ တက်ရောက်ကာ ကျန်ရှိနေသော စစ်သည် လေးသိန်းက ယွင်ပြည်နယ် အခြေစိုက် စခန်းကို ကာကွယ်နေ၏။
“အရှင်မင်းကြီး အောင်ပွဲခံနိုင်ပါစေ။”
ယွင်ကျုံးဟဲ့ စစ်သင်္ဘောပေါ်သို့ တက်ရောက်ကာ စစ်သည် ငါးသိန်းကို ဦးဆောင်ပြီး မြောက်ဘက်သို့ ချီတက်ကာ ကျင်းဝူရွှမ်း၏ ဧရာမ ခံတပ်ကြီးဆီသို့ ပြေးဝင်သွားသည်။
တာရှန်းမိစ္ဆာနိုင်ငံ၏ တောင်ပိုင်း ရေတပ် တပ်လုံးကျွတ် သေဆုံးသွားပြီ ဖြစ်သောကြောင့် တာ့ယန် အင်ပါယာသည် ဤမိုင်ထောင်ချီ ကျယ်ဝန်းသော ပင်လယ်ပြင်၏ ရေကြောင်း စိုးမိုးမှုကို ရရှိထားပြီ ဖြစ်သည်။ မိုင်ထောင်ချီ ကျယ်ဝန်းသော ပင်လယ်ပြင်တွင် အတားအဆီး မရှိ ဖြတ်သန်းသွားလာနိုင်ပြီ ဖြစ်၏။
ရက်အနည်းငယ်အကြာတွင်...
တာရှန်း မိစ္ဆာနိုင်ငံ တောင်ပိုင်း မြို့စား ကျင်းဝူရွှမ်း၏ လဲ့ဖုန်း ဧရာမ ခံတပ်ကြီး မျက်စိရှေ့သို့ ရောက်ရှိလာ၏။ ယွင်ကျုံးဟဲ့၏ စစ်သည် သိန်းချီသည် မြို့ရိုးအောက်သို့ ရောက်ရှိလာပြီဖြစ်သည်။
တာရှန်း မိစ္ဆာနိုင်ငံ တောင်ပိုင်း ရေတပ် တပ်လုံးကျွတ်နီးပါး သေဆုံးသွားကြောင်း သတင်းဆိုး ရောက်ရှိလာ ပြီးနောက် ကျင်းဝူရွှမ်းသည် မူလ နေရာတွင် မလှုပ်မယှက် ရပ်နေပြီး စကားတစ်ခွန်းမျှ မပြောနိုင်တော့ပေ။
အဘယ်ကြောင့်ဆိုသော် သူမက စစ်ပွဲအစတည်းက သိနေခဲ့ခြင်းကြောင့် ဖြစ်သည်။
အစစ်အမှန်တရားမှာ ရေတိုက်ပွဲကြီး စတင် ဖြစ်ပွားပြီးနောက် သူမသည် ကင်းမျှော်စင်ပေါ်တွင် အမြဲ ရပ်နေခဲ့ခြင်း ဖြစ်၏။
ကျိုးပဲ့ပျက်စီးနေသော သင်္ဘော အနည်းငယ် ပြန်ရောက်လာပြီး သင်္ဘောတိုင်းတွင် ဒဏ်ရာများ ရရှိထားသည်ကို မြင်လိုက်ရချိန်မှာတော့ ဤတိုက်ပွဲ ရှုံးနိမ့်သွားပြီဖြစ်ပြီး အလွန့် အလွန် ဆိုးရွားစွာ ရှုံးနိမ့်သွားပြီ ဖြစ်ကြောင်း သူမ သိရှိလိုက်သည်။
တစ်ခဏချင်း အတွင်းမှာပဲ ကျင်းဝူရွှမ်း၏ တစ်ကိုယ်လုံး အေးစက်သွားပြီး အချိန် အကြာကြီး အသိစိတ် လွတ်သွား၏။
‘တကယ်ကြီး ရှုံးသွားတာလား။ သူမရဲ့ အင်အားကြီးတဲ့ အသွင်ပြောင်း ပင်လယ် သားရဲကြီးတွေတောင် ရှုံးသွားတာလား။ လူသုံးသိန်းလောက် ရှိတဲ့ ရေတပ်ကြီးက ဒီလိုပဲ လွယ်လွယ်ကူကူ ရှုံးသွားတာလား။’
သူမ၏ ရေတပ် ရှုံးနိမ့်သွားသည်နှင့် တပြိုင်နက် ရေကြောင်း စိုးမိုးမှုကို လုံးဝ ဆုံးရှုံးသွားပြီ ဖြစ်၏။ နောက်ဆက်တွဲ အနေဖြင့် ယွင်ကျုံးဟဲ့၏ စစ်တပ်ကြီးသည် မြို့သိမ်းတိုက်ပွဲကို ဆင်နွှဲတော့မှာဖြစ်သည်။
ထိုသို့ဆိုလျှင် သူမ ဘာလုပ်ရမည်နည်း။ ပိုင်ယင်မြို့ဆီ ချက်ချင်း အကူအညီ တောင်းရမလား။ အဘယ်ကြောင့် ဆိုသော် တာရှန်းမိစ္ဆာနိုင်ငံ၏ အဓိက ရေတပ် အင်အားစုမှာ ပိုင်ယင်မြို့တွင် ရှိသောကြောင့်ပင်။
သို့ပေမည့် အချိန် လုံးဝ မမီတော့ပေ။ ပိုင်ယင်မြို့သည် မိုင်တစ်သောင်း သုံးထောင်ကျော် ကွာဝေးရာ ဤအသွားအပြန် ခရီးစဉ်အတွက် အချိန်မည်မျှ ယူရမည်နည်း။ ထို့အပြင် ပိုင်ယင်မြို့၏ ရေတပ်များ စုရုံးပြီး တောင်ဘက်သို့ ဆင်းလာရဦးမည် မဟုတ်ပါလား။
အရေးအကြီးဆုံး အချက်မှာ ပိုင်ယင်မြို့က အဓိက ရေတပ် အင်အားစုကို စေလွှတ်ပြီး သူမကို ကူညီပေးမည်လား ဆိုသည်ပင် ဖြစ်သည်။
တာရှန်း မိစ္ဆာနိုင်ငံသည် ခွဲဝေ အုပ်ချုပ်သော စနစ်ကို အသုံးပြုထားသောကြောင့် ကိုယ့်ပြဿနာ ကိုယ်ရှင်းရသည့် အစဉ်အလာ ရှိ၏။
ထို့အပြင် ပိုင်ယင်မြို့၏ အဓိက ရေတပ် အင်အားစုသည်ကော ယွင်ကျုံးဟဲ့ ရေတပ်၏ ပြိုင်ဘက် ဖြစ်နိုင်ပါမည်လား။
ထို့ကြောင့် ရေကြောင်း စိုးမိုးမှု ဆုံးရှုံးသွားပြီ ဖြစ်ကြောင်း သေချာသွားပြီဖြစ်ရာ တစ်ခုတည်းသော မျှော်လင့်ချက်မှာ မြေပြင် တိုက်ပွဲတွင်သာ ရှိတော့သည်။