အခန်း ၈၅၂
Vol. 72 Ch. 852
အပိုင်း (၈၅၂)
ကျင်းဝူရွှမ်းက ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ “တိုက်ပွဲဝင်ဖို့ ပြင်ဆင်…”
ချက်ချင်းပဲ ခံတပ် အတွင်းရှိ စစ်သည် သိန်းချီနှင့် အသွင်ပြောင်း သိုင်းသမား ရှစ်သောင်းသည် အစွမ်းကုန် အသင့်ပြင်လိုက်ကြပြီး တိုက်ပွဲ စတင်ရန် ပြင်ဆင်ကာ ယွင်ကျုံးဟဲ့ စစ်တပ်၏ ကုန်းတက် မြို့သိမ်းတိုက်ပွဲကို ကြိုဆိုရန် ပြင်ဆင်လိုက်ကြသည်။
သို့ပေမည့် စစ်ပွဲ ပုံစံက ပြောင်းလဲသွားသည်။ မြို့တံခါး ပေါက်သွားပြီးနောက် ယွင်ကျုံးဟဲ့၏ စစ်တပ်သည် တိုက်ရိုက် ကုန်းပေါ် မတက်သေးဘဲ အမြောက်များဖြင့်သာ ဆက်လက် ရူးသွပ်စွာ ဗုံးကြဲနေ၏။
ဤတစ်ကြိမ်တွင် ကော်ဇောခင်း ဗုံးကြဲခြင်း ဖြစ်၏။ သို့ပေမည့် ဤတစ်ကြိမ် ပစ်မှတ်သည် မြို့ရိုး မဟုတ်တော့ဘဲ မြို့ရိုးပေါ်ရှိ ကာကွယ်ရေး အဆောက်အအုံများ၊ မြို့ရိုးပေါ်ရှိ စစ်တပ်များနှင့် အမြောက်စင်များ ဖြစ်သည်။
အထူးသဖြင့် အမြောက်စင်များ ဖြစ်သည်။ ကျင်းဝူရွှမ်းခံတပ်၏ အမြောက်စင်များသည် နောက်ကျနေ သော်လည်း အကယ်၍ စစ်တပ်ကြီး ကုန်းပေါ်တက်ပြီး မြို့သိမ်းတိုက်ပွဲ ဆင်နွှဲမည်ဆိုပါက ဤအမြောက်များသည် ပုံမှန် ပေါက်ကွဲနိုင်သော အမြောက်ဆန်များ အသုံးပြုသည်ဖြစ်စေ၊ စပျစ်သီး အမြောက်ဆန်များ အသုံးပြုသည်ဖြစ်စေ စစ်သည်များအပေါ် သတ်ဖြတ်နိုင်စွမ်းမှာ အလွန် အံ့ဩစရာ ကောင်းနေဆဲ ဖြစ်၏။
ထို့ကြောင့် ဤအမြောက်များကို ကြိုတင်ပြီး အားလုံး ဖျက်ဆီးပစ်ရမှာဖြစ်သည်။
“ဝုန်း.. ဝုန်း... ဝုန်း.. ဝုန်း... ဝုန်း...”
ဤသည်မှာ တစ်ခါမှ မရှိဖူးသော ကြီးကျယ်ခမ်းနားသည့် မြင်ကွင်းကြီးဖြစ်ပြီး လောကစစ်ပွဲ သမိုင်းတွင် ပထမဆုံးသော ကော်ဇောခင်း ဗုံးကြဲမှုကြီး ဖြစ်၏။
တစ်မိနစ်လျှင် အမြောက်ဆန် တစ်ထောင်ကျော် မြို့ရိုးပေါ်သို့ ကျဆင်းနေ၏။ အသံများက နားကွဲမတတ် ဆူညံနေပြီး ဧရာမ မြို့ကြီး တစ်ခုလုံး တုန်ယင်နေသည်။
မြို့ရိုးပေါ်ရှိ စစ်တပ်များ၊ မြို့ရိုး နောက်ကွယ်ရှိ စစ်သည်များသည် ခေါင်းပင် မဖော်နိုင်ကြတော့ပေ။
ဤကော်ဇောခင်း ဗုံးကြဲမှုသည် တိကျမှုကို ဂရုမစိုက်တော့ဘဲ အချိန်တို အတွင်းမှာပင် မြို့ရိုးပေါ်ရှိ စစ်သည် များသည် ဆောင်းဦးလေက သစ်ရွက်ကြွေများကို လှည်းကျင်းသွားသကဲ့သို့ တိုက်ရိုက် လွင့်စင်သွားကြ၏။
ကျင်းဝူရွှမ်း၏ စစ်တပ်များသည် မြို့ရိုး အတွင်းပိုင်းရှိ ခံတပ်များ အတွင်းသို့ ပုန်းအောင်းနေကြရ၏။ သို့ပေမည့် ထိုသို့ဆိုလျှင်ပင် သာမန် စစ်သည်များ လုံးဝ မခံနိုင်တော့ပေ။ အဘယ်ကြောင့်ဆိုသော် ကောင်းကင်ကို တုန်လှုပ်စေသော ပေါက်ကွဲမှုများ အောက်တွင် တုန်ခါမှုကိုပင် မခံနိုင်သောကြောင့် ဖြစ်သည်။
ဤအဆုံးအစမရှိသည့် ဗုံးကြဲမှုကြီး မည်သည့်အချိန်မှ ပြီးဆုံးမည်နည်း ဆိုသည်ကို မသိနိုင်ပေ။
ကျင်းဝူရွှမ်း၏ မျက်နှာ ဖြူရော်သွားပြီး ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်နေသည်။ ‘ဒါ... ဒါက ရူပဗေဒပညာရဲ့ စွမ်းအားလား။ မိုင်အတော်ဝေးဝေးကနေတောင် ဒီလို ရူးသွပ်စွာ ဗုံးကြဲနိုင်တယ်လား။ ဒီတာ့ယန် အင်ပါယာက ဒီလောက်တောင် ချမ်းသာတာလား။ ဒီအမြောက်ဆန်တွေရဲ့ သံမဏိတွေချည်းပဲ တွက်ရင်တောင် နက္ခတ်ဗေဒင် ကိန်းဂဏန်းတွေလောက် ရှိနေလောက်ပြီ မလား။’
ဤလောက၌ သံမဏိထုတ်လုပ်မှု ရှိနေပြီ ဖြစ်သည်။ တာ့ယန် အင်ပါယာသစ်ကြီးတွင် အဆင့်အမြင့်ဆုံးသော သတ္တုတွင်းလုပ်ငန်းများ၊ ယမ်းမှုန့်များနှင့် ရေနွေးငွေ့သုံး စက်ယန္တရားကြီးများ ရှိနေသည့်အပြင် သန်းနှင့်ချီသော သတ္တုတွင်းအလုပ်သမားများလည်း ရှိနေ၏။
ထို့ကြောင့် သူတို့၏ နှစ်စဉ် သံမဏိထုတ်လုပ်မှုပမာဏမှာ နက္ခတ္တဗေဒဆိုင်ရာ ကိန်းဂဏန်းများပမာ အလွန်တရာ ကြီးမားများပြားလို့နေသည်။
နောက်ဆုံးတော့...
အချိန်မည်မျှ ကြာသွားသည်ကို မသိပေ။ ဤကော်ဇောခင်း ဗုံးကြဲမှုကြီး နောက်ဆုံးတော့ ပြီးဆုံးသွား၏။
ကျင်းဝူရွှမ်း၏ ခံတပ် မြို့ရိုးပေါ်တွင် အခြေခံအားဖြင့် လူတစ်ယောက်မှ မရှိတော့ဘဲ ဧရာမ ဒူးလေးကြီးများ အားလုံး၊ အမြောက်စင်များ အားလုံး အခြေခံအားဖြင့် အားလုံး ဖျက်ဆီးခံလိုက်ရပြီ ဖြစ်သည်။
စောစောက တာ့ယန် အင်ပါယာ စစ်သည်များ ကော်ဇောခင်း ဗုံးကြဲနေစဉ် အတွင်းမှာပဲ စစ်တပ်ကြီး၏ ကုန်းတက်မှု စတင်နေပြီ ဖြစ်၏။
“အမြောက်တွေနဲ့ အကာအကွယ်ပေး…”
“စစ်တပ်ကြီး ကုန်းတက်မယ်။”
အမိန့်ပေးသံနှင့်အတူ တာ့ယန် အင်ပါယာ၏ စစ်တပ်ကြီးသည် ရူးသွပ်စွာ ကုန်းတက်လာကြသည်။
“တိုက်… တိုက်…”
“တာ့ယန် အင်ပါယာ သက်တော်ရာကျော် ရှည်ပါစေ။”
“အရှင်ဧကရာဇ် သက်တော်ရာကျော် ရှည်ပါစေ၊ ရှည်ပါစေ၊ ရှည်ပါစေ။”
မိုင်နှစ်ဆယ်ခန့် ရှည်လျားသော ပင်လယ်ပြင်ပေါ်တွင် မရေမတွက်နိုင်သော ကုန်းတက် လှေငယ်များကို တွန်းချလိုက်ကြပြီး လှေငယ် တစ်စင်းစီတွင် စစ်သည် နှစ်ဆယ်ကျော်ခန့် မှောက်လျက် အနေအထားဖြင့် လှော်ခတ်နေကြ၏။
လှေငယ်များ ကမ်းစပ်သို့ ရောက်ရှိသွားချိန်မှာတော့ တာ့ယန် အင်ပါယာမှ စစ်သည်များသည် ရေထဲသို့ တစ်ယောက်ပြီး တစ်ယောက် ခုန်ဆင်းကာ ဆိပ်ကမ်းပေါ်သို့ တက်ရောက်လာကြသည်။
ကုန်းတက်သည့် ဖြစ်စဉ် တစ်ခုလုံးသည် အခြေခံအားဖြင့် မည်သည့် အတားအဆီးမှ မကြုံတွေ့ခဲ့ရပေ။
ခေတ်သစ်စစ်ပွဲများတွင် ကုန်းတက် စစ်ဆင်ရေးသည် အန္တရာယ် အများဆုံးဖြစ်ပြီး အသေအပျောက် ကြီးမားတတ်သည်။
သို့ပေမည့် ယခုအခါတွင်မူ အသေအပျောက် အခြေခံအားဖြင့် မရှိသလောက်ပင် ဖြစ်သည်။ အဘယ်ကြောင့် ဆိုသော် မြို့ရိုးပေါ်ရှိ စစ်တပ်များသည် အမြောက်များ၏ ဖိနှိပ်မှုအောက်တွင် ခေါင်းပင် မဖော်နိုင်ကြတော့ဘဲ ပြန်လည် မတိုက်ခိုက်နိုင်တော့သောကြောင့်ပင်။
ကျင်းဝူရွှမ်းသည် တာ့ယန် အင်ပါယာ စစ်တပ်များ စတင် ကုန်းတက်လာသည်ကို မြင်ချိန်မှာတော့ ချက်ချင်း အမိန့်ပေးလိုက်သည်။
“အသွင်ပြောင်း စစ်တပ်... ထွက်တိုက်... ရန်သူကို သတ်။ “
သူမ၏ အမိန့်ပေးသံနှင့်အတူ အင်အားကြီးမားသော အသွင်ပြောင်း သိုင်းသမား စစ်တပ်သည် ပြိုကျနေသော မြို့တံခါးမှတစ်ဆင့် ပြေးထွက်လာကြပြီး တာ့ယန် အင်ပါယာ၏ ကုန်းတက် စစ်တပ်ကို တားဆီးရန် ပြင်လိုက်၏။
သို့ပေမည့် အသုံးမဝင်ခဲ့ချေ။
တာ့ယန် အင်ပါယာ၏ အမြောက်များ ထပ်မံ ပစ်ခတ်လိုက်၏။ ဤတစ်ကြိမ် မြို့တံခါးကို ချိန်ရွယ်၍ ပစ်ခတ်ခြင်း ဖြစ်သည်။
အသွင်ပြောင်း သိုင်းသမားများမှာ အင်အားကြီးမားသော်လည်း ဤကဲ့သို့သော အမြောက်များ၏ ရူးသွပ်စွာ ဗုံးကြဲမှုကို မခံနိုင်ပေ။ အထူးသဖြင့် မြို့တံခါးပေါက်ကဲ့သို့ ကျဉ်းမြောင်းသော နေရာမျိုးတွင် ပေါက်ကွဲမှု စွမ်းအားကို အမြင့်ဆုံးအထိ အသုံးချနိုင်၏။
တစ်ခဏချင်း အတွင်းမှာပင် အသေအပျောက် ရေတွက်၍ မရနိုင်အောင် ဖြစ်သွား၏။ မြို့တံခါးပေါက်မှ ဘယ်နှယောက် ပြေးထွက်လာပါစေ၊ အားလုံး ဗုံးစထိမှန် လဲကျသွားရမည်သာ ဖြစ်သည်။
ထို့ကြောင့် ဤအသွင်ပြောင်း သိုင်းသမားများသည် မြို့ရိုးပေါ်မှ ခုန်ဆင်းလာကြသည်။ တာ့ယန် အင်ပါယာ၏ အမြောက်များက အလွန် ပြင်းထန်လွန်းသောကြောင့် အသွင်ပြောင်း သိုင်းသမားများသည် အတူတကွ မစုရုံးကြတော့ဘဲ လူစုခွဲ၍ ပြေးဝင်လာကြ၏။
သူတို့၏ သိုင်းပညာက အလွန် မြင့်မားပြီး အမြန်နှုန်းကလည်း အလွန် မြန်ဆန်လွန်းသောကြောင့် မျက်စိတစ်မှိတ် အတွင်းမှာပင် ပြေးဝင်လာကြသည်။
“ပစ်...”
ကုန်းတက် စစ်တပ်၏ အမိန့်ပေးသံနှင့်အတူ သူတို့၏ လက်ထဲရှိ ရိုင်ဖယ် သေနတ်များက ပြင်းထန်စွာ ပစ်ခတ်လိုက်ကြသည်။ ကုန်းတက် လှေငယ်များပေါ်ရှိ စစ်သည်များကလည်း ပြင်းထန်စွာ ပစ်ခတ်ကြ၏။
“ဒက်... ဒက်... ဒက်...”
စစ်သည် သောင်းချီ၏ ရိုင်ဖယ် သေနတ်များသည် အလွန် ပြွတ်သိပ်သော ပစ်ခတ်မှု ကွန်ရက် တစ်ခုကို ဖန်တီးလိုက်ပြီး မုန်တိုင်းများကဲ့သို့ ကျည်ဆန်များကို ပစ်ခတ်လိုက်သည်။
ဤအသွင်ပြောင်း သိုင်းသမားများ တကယ်ကို တော်လွန်းကြောင်း ဝန်ခံရမှာဖြစ်သည်။ အလွန် အင်အားကြီးမား၏။
ပုံမှန် သိုင်းသမား ဆိုလျှင် ကျည်ဆန် တစ်တောင့် အပစ်ခံရသည်နှင့် သေဆုံးသွားမှာဖြစ်၏။ သို့ပေမည့် သူတို့သည် အပစ်ခံရပြီးနောက် ခန္ဓာကိုယ် တစ်ချက် တုန်သွားရုံသာ ရှိပြီး ဆက်လက်၍ ပြေးဝင်လာကြသည်။
ထို့အပြင် သူတို့ ကိုယ်ပေါ်တွင် သံမဏိ သံချပ်ကာ ဝတ်စုံများ ဝတ်ဆင်ထားသောကြောင့် ကျည်ကာနိုင်စွမ်း အတိုင်းအတာ တစ်ခုအထိ ရှိသည်။ ထို့ကြောင့် ကျည်ဆန် ထိမှန်သွားလျှင်ပင် သတ်ဖြတ်နိုင်စွမ်း ခန္ဓာကိုယ် တစ်စိတ်တစ်ပိုင်းကို ကာကွယ်နိုင်မှာဖြစ်၏။
အသွင်ပြောင်း သိုင်းသမားတိုင်းသည် ကျည်ဆန် ဆယ်ဂဏန်းခန့် အပစ်ခံရလျှင်ပင် အံ့ဩစရာ ကောင်းလောက်အောင် မသေဆုံးကြပေ။
သို့သော်ငြား အကွာအဝေး နီးကပ်လာသည်နှင့်အမျှ ရိုင်ဖယ် သေနတ်များ၏ စွမ်းအားက ပိုပိုပြီး အင်အားကြီးလာ၏။
နောက်ဆုံးတွင် တာရှန်း မိစ္ဆာနိုင်ငံ၏ အသွင်ပြောင်း သိုင်းသမားများ မခံနိုင်တော့ဘဲ တစ်ယောက်ပြီး တစ်ယောက် လဲကျသွားကြသည်။
သို့ပေမည့် သူတို့သည် သေရမည်ကို လုံးဝ မကြောက်ရွံ့သကဲ့သို့ တစ်ယောက်ပြီးတစ်ယောက် အရှေ့မှ လဲကျသွားသူကို ကျော်လွန်၍ ပြေးဝင်လာကြ၏။
သူတို့အတွက် တာ့ယန် အင်ပါယာ၏ ကုန်းတက်စစ်တပ်နှင့် နီးကပ်သွားသည်နှင့် သေချာပေါက် အနိုင်ရမှာ ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် အနီးကပ် တိုက်ပွဲ ဆိုသည်မှာ အအေး လက်နက်များကို အားကိုးရခြင်း ဖြစ်ပြီး သူတို့၏ သိုင်းပညာသည် တာ့ယန် အင်ပါယာ စစ်တပ်ထက် အဆပေါင်းများစွာ သာလွန်သောကြောင့် တစ်ယောက်တည်းဖြင့် ဆယ်ယောက်၊ သို့မဟုတ် ထိုထက်မကကို လုံးဝ အနိုင်ယူနိုင်သောကြောင့်ပင်။
ထိုအချိန်ရောက်ပါက တာရှန်း မိစ္ဆာနိုင်ငံ၏ အသွင်ပြောင်း သိုင်းသမားများ သတ်ဖြတ်မယ့် အချိန် ရောက်ပြီ ဖြစ်သည်။
ခဏအကြာတွင်…
ဤတာရှန်းမိစ္ဆာနိုင်ငံ၏ အသွင်ပြောင်း သိုင်းသမားများသည် တာ့ယန် အင်ပါယာ၏ ကုန်းတက် စစ်တပ် တပ်ဖွဲ့များ အတွင်းသို့ ရုတ်တရက် ပြေးဝင်လာကြသည်။ ထို့နောက် သူတို့ အကြီးအကျယ် သတ်ဖြတ်တော့မှာ ဖြစ်၏။
သို့သော်လည်း သူတို့ ရင်ဆိုင်နေရသည်မှာ သာမန် တာ့ယန်အင်ပါယာ စစ်သည်များ မဟုတ်ဘဲ အသွင်ပြောင်း သိုင်းသမားများသာ ဖြစ်နေကြောင်းကို သူတို့ တွေ့မြင်ရပေလိမ့်မည်။
ဟေးယန်အင်ပါယာ၏ အသွင်ပြောင်း သိုင်းသမား နှစ်သိန်းသည် ပုန်ကန်မှုကြောင့် အများစု အသတ်ခံလိုက်ရ သော်လည်း လူရှစ်သောင်းခန့်က ယွင်ကျုံးဟဲ့ကို သစ္စာခံနေဆဲ ဖြစ်သည်။
ဤပထမဆုံး ကုန်းပေါ်တက်လာသော စစ်တပ်မှာ ယခင်က ဟေးယန်အင်ပါယာ၏ အသွင်ပြောင်း သိုင်းသမားများ ဖြစ်ကြပြီး ယွင်ကျုံးဟဲ့က အနက်ရောင်နဂါး စစ်တပ်ဟု အမည်ပေးထား၏။
သို့ပေမည့် ဤအနက်ရောင်နဂါး စစ်တပ်သည်လည်း ပုံမှန် စစ်ဝတ်စုံများကို ဝတ်ဆင်ထားပြီး ရိုင်ဖယ် သေနတ်များလည်း ပါရှိကာ ပစ်ခတ်နိုင်စွမ်းလည်း ရှိ၏။ တစ်ချိန်တည်းမှာပဲ သူတို့၏ သိုင်းပညာသည်လည်း အလွန် မြင့်မားပြီး အနီးကပ် တိုက်ပွဲလည်း ဆင်နွှဲနိုင်သည်။
သေချာပေါက် အချက် တစ်ချက်ကိုတော့ ဝန်ခံရမှာဖြစ်သည်။ ဟေးယန်အင်ပါယာ၏ အသွင်ပြောင်း သိုင်းသမားများသည် သိုင်းပညာ အနည်းငယ် အားနည်းပြီး တာရှန်းမိစ္ဆာနိုင်ငံ၏ အသွင်ပြောင်း သိုင်းသမားများကို မမီပေ။ သို့ပေမည့် သူတို့၏ လက်နက်များက ကောင်းမွန်၏။
သူတို့၏ အနီးကပ် တိုက်ခိုက်ရေး လက်နက်များတွင် ထက်မြက်သော သတ္တုစပ် စစ်ဓားများအပြင် အထူး ဗို့အားမြင့် လျှပ်စစ် တုတ်တံများလည်း ပါဝင်သည်။
‘တာရှန်း မိစ္ဆာနိုင်ငံက အသွင်ပြောင်း သိုင်းသမားတွေရဲ့ သိုင်းပညာက အရမ်း မြင့်မားပါတယ်။ ဒါပေမဲ့... ခင်ဗျားတို့ အထူး ဗို့အားမြင့် လျှပ်စီးကြောင်းတွေကို တားဆီးနိုင်မလား။’
ထို့အပြင် ဤလျှပ်စစ် တုတ်တံများမှာ အရင်က ယွင်ကျုံးဟဲ့ စီးကွမ်ကို သတ်တုန်းက သုံးခဲ့သည့် လျှပ်စစ် တုတ်တံများထက် အများကြီး ပိုပြီး အဆင့်မြင့်နေပြီဖြစ်၏။
ဤတာရှန်းမိစ္ဆာနိုင်ငံ၏ အသွင်ပြောင်း သိုင်းသမားများသည် လျှပ်စစ် တုတ်တံဖြင့် အထိုးခံရသည်နှင့် တပြိုင်နက် တစ်ကိုယ်လုံး တုန်ယင် ထုံကျင်သွားပြီး ချက်ချင်း လှုပ်ရှားနိုင်စွမ်း ပျောက်ဆုံးသွားသည်။
ဟေးယန်အင်ပါယာ သိုင်းသမားများက အခွင့်အရေးကို မည်ကဲ့သို့ လက်လွှတ်ခံမည်နည်း။ ပြိုင်ဘက်က လျှပ်စစ်ကြောင့် ထုံကျင်နေသည့် အချိန်ကို အခွင့်ကောင်းယူပြီး ဓားဖြင့် တစ်ချက်တည်း ရန်သူ၏ လည်ပင်းကို ဖြတ်ပစ်လိုက်၏။
ဤနည်းဖြင့် တာရှန်း မိစ္ဆာနိုင်ငံ၏ အင်အားကြီးမားသော အသွင်ပြောင်း သိုင်းသမားများက အသုတ်လိုက်၊ အသုတ်လိုက် အသတ်ခံလိုက်ရသည်။
ဤမြင်ကွင်းကို မြင်လိုက်ရချိန်မှာတော့ ကျင်းဝူရွှမ်း၏ ခန္ဓာကိုယ်လေး ထပ်မံ၍ အေးစက် တုန်ယင်သွား၏။ ‘ယွင်ကျုံးဟဲ့ရဲ့ လက်ထဲမှာ ဘာလို့ အသွင်ပြောင်း သိုင်းသမားတွေ ရှိနေရတာလဲ။ ပြီးတော့ ဒီလောက် ထူးဆန်းတဲ့ လက်နက်တွေကိုတောင် တပ်ဆင်ထားသေးတယ်လား။’
နာရီဝက်ပင် မပြည့်သော အချိန်တို အတွင်းမှာပင် တာ့ယန် အင်ပါယာ ကုန်းတက်လာခြင်းကို တားဆီးရန် သူမ စေလွှတ်လိုက်သော အသွင်ပြောင်း သိုင်းသမား တစ်သောင်းစလုံး လုံးဝ ဆုံးရှုံးသွားခဲ့ပြီဖြစ်သည်။
ထိုသို့ဖြင့် တာ့ယန် အင်ပါယာ၏ ကြည်းတပ်သည် အဆက်မပြတ် ကုန်းပေါ် တက်လာကြသည်။ မိုင်နှစ်ဆယ်ကျော် ရှည်လျားပြီး မီတာ ငါးရာကျော် ကျယ်ဝန်းသော မြေလွတ်ပေါ်တွင် ပြည့်ကျပ်နေ၏။
ကုန်းပေါ် ရောက်ရှိလာသော ကြည်းတပ်သည် ချက်ချင်း ခံတပ်များ တည်ဆောက်ပြီး စက်သေနတ် အသေးစား ရာပေါင်းများစွာကိုလည်း တပ်ဆင်လိုက်ကြသည်။
စက်သေနတ် ရာပေါင်းများစွာသည် မြို့ရိုး နောက်ကွယ်ရှိ စစ်တပ်များဆီသို့ ရူးသွပ်စွာ ပစ်ခတ်နေကြ၏။
ဤမြင်ကွင်းကို ကြည့်ရင်း ကျင်းဝူရွှမ်းသည် စစ်ပွဲ၏ ပုံစံ လုံးဝ ပြောင်းလဲသွားပြီ ဖြစ်ကြောင်း၊ ယခင်က မြို့သိမ်း တိုက်ပွဲ၊ မြို့စောင့် တိုက်ပွဲ သီအိုရီများ လုံးဝ အသုံးမဝင်တော့ကြောင်း သိရှိသွားသည်။