အခန်း ၈၅၃
Vol. 72 Ch. 853
အပိုင်း (၈၅၃)
နာရီအနည်းငယ် အကြာတွင်…
တာ့ယန် အင်ပါယာ၏ စစ်သည် သိန်းချီကျော်သည် ကုန်းတက်မှု ပြီးစီးသွားခဲ့ပြီ ဖြစ်ပြီး စစ်သည် တစ်ဝက်ကျော်မှာ ကုန်းမတက်ရသေးသော်လည်း မြို့သိမ်း တိုက်ပွဲကို စတင် ဆင်နွှဲနိုင်ပြီ ဖြစ်၏။
ထို့နောက်တွင် မြို့တံခါးအတွင်းသို့ တိုက်ရိုက် ပြေးဝင်သွားမည်လား။ မဟုတ်ပေ။ မြို့တွင်းရှိ ရန်သူ့စစ်တပ်မှာ အလွန် အင်အားကြီးမားနေဆဲ ဖြစ်သည်။ တစ်ကြိမ်တည်းဖြင့် မြို့တံခါးအတွင်းသို့ လူမည်မျှ ဝင်ရောက်နိုင်မည်နည်း။
မရေမတွက်နိုင်သော အင်ဂျင်နီယာတပ်ဖွဲ့များသည် မြို့ရိုးအောက်သို့ ရောက်ရှိလာကြပြီး တွင်းများ စတင်တူး ဖော်ကာ မြို့ရိုးကြီးကို ဖောက်ခွဲရန် ပြင်ဆင်လိုက်ကြ၏။
ဤမြို့ရိုးကြီးမှာ အလွန်တရာ ခိုင်ခံ့လှသော်ငြားလည်း ပေါင်ထောင်နှင့်ချီသော TNT ယမ်းများ၏ ဒဏ်ကို ခံနိုင်ရည် ရှိပါမည်လား။
ထို့အပြင် တာ့ယန် အင်ပါယာ စစ်တပ်များ၏ ရူးသွပ်သော ပစ်ခတ်မှု ဖိအားအောက်တွင် မြို့ရိုးပေါ်၌ မည်သူကမှ ခေါင်းမဖော်နိုင်ကြပေ။ အင်ဂျင်နီယာ တပ်ဖွဲ့များသည် အေးအေးဆေးဆေး တွင်းများ တူးဖော်ပြီး ဖောက်ခွဲရန် ပြင်ဆင်နိုင်သည်။
ထိုအချိန်တွင် ကျင်းဝူရွှမ်းသည် အသွင်ပြောင်း သိုင်းသမားများကို အောက်သို့ ဆင်းကာ ဖျက်ဆီးရန် ထပ်မံ စေလွှတ်လိုက်၏။
တာ့ယန် အင်ပါယာ၏ အင်ဂျင်နီယာ တပ်ဖွဲ့များ အသေအပျောက် ရှိလာပြီး ဟေးယန် အသွင်ပြောင်း သိုင်းသမားများ ရှေ့တိုးလာကာ တာရှန်းမိစ္ဆာနိုင်ငံ၏ အသွင်ပြောင်း သိုင်းသမားများကို ရင်ဆိုင် တိုက်ခိုက်ပြီး အင်ဂျင်နီယာ တပ်ဖွဲ့များ ဆက်လက် ဖောက်ခွဲနိုင်ရန် အကာအကွယ် ပေးကြသည်။
နာရီအနည်းငယ် အချိန်ယူပြီးနောက် ဖောက်ခွဲရေး ပြင်ဆင်မှုများ အားလုံး ပြီးစီးသွားပြီဖြစ်၏။
“ဖောက်ခွဲ..”
အမိန့်ပေးသံနှင့်အတူ ဖောက်ခွဲရေး နေရာ ဆယ်ခုကျော် ပြင်းထန်စွာ ပေါက်ကွဲသွားသည်။
ဖောက်ခွဲရေး နေရာ တစ်ခုစီတိုင်းတွင် ပေါင်ထောင်ချီ ရှိသော TNT များရှိရာ မြို့ရိုးသည် မည်မျှပင် ခိုင်ခံ့နေပါစေ ဆက်လက် မခံနိုင်တော့ပေ။
ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်စေသော ပေါက်ကွဲမှုကြီး အပြီးတွင် ဧရာမ မြို့ရိုးကြီးသည် ဧရာမ အပေါက်ကြီး ဆယ်ခုကျော် ဖောက်ခွဲခံလိုက်ရသည်။
နောက်ဆက်တွဲ အနေဖြင့် ထပ်မံ၍ ရူးသွပ်သော အမြောက်များဖြင့် မြေလှန်ပစ်ခြင်း ဖြစ်သည်။ ထိုအရာမှာ ဖောက်ခွဲခံလိုက်ရသော ဧရာမ အပေါက်ကြီး ဆယ်ခုကျော် နောက်ကွယ်တွင် ရူးသွပ်စွာ ဗုံးကြဲ တိုက်ခိုက်ပြီး အပေါက် နောက်ကွယ်တွင် မည်သူကမှ လာရောက် မတားဆီးနိုင်စေရန် သေချာအောင် လုပ်ဆောင်ခြင်းဖြစ်၏။
“စစ်တပ်ကြီး ရှေ့ဆက် တိုးမယ်၊ မြို့ထဲ ဝင်ဖို့ ပြင်ဆင်။”
အမိန့်ပေးသံနှင့်အတူ တာ့ယန် အင်ပါယာ၏ စစ်တပ်များသည် ရေလှိုင်းကြီးများကဲ့သို့ မြို့အတွင်းသို့ ပြေးဝင်သွားကြသည်။
ကျင်းဝူရွှမ်းလက်အောက်ရှိ စစ်သည်သိန်းချီသည် အခြေခံအားဖြင့် လုံးဝ အသုံးမဝင်တော့ဘဲ မြို့တံခါး ဖောက်ခွဲခံရခြင်း၊ မြို့ရိုး ဖောက်ခွဲခံရခြင်းတို့ကို မျက်စိသူငယ်ဖြင့်သာ ကြည့်နေနိုင်တော့၏။
တိုက်ပွဲ စတင်သည်မှာ တစ်ရက်ပင် မပြည့်သေးပေ။ ကျင်းဝူရွှမ်း၏ ဧရာမ ခံတပ်ကြီးသည် ကျဆုံးသွားခဲ့ပြီ ဖြစ်သည်။
တာရှန်းမိစ္ဆာနိုင်ငံ၏ တောင်ပိုင်း ပထမ စစ်ရေး ခံတပ်ကြီးသည် ဤသို့ဖြင့် ပျက်စီးသွားခဲ့ပြီ ဖြစ်၏။
တစ်နည်းအားဖြင့် ပြောရလျှင် မြို့ကျသွားပြီးနောက်မှသာ တကယ့် ခက်ခဲသော တိုက်ပွဲက စတင်ခြင်း ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် တာရှန်းမိစ္ဆာနိုင်ငံ၏ စစ်တပ်တွင် ပထဝီ အနေအထား အားသာချက် ရှိသောကြောင့်ပင်။
နောက်ဆက်တွဲ အနေဖြင့် လမ်းကြိုလမ်းကြား တိုက်ပွဲ အတွင်းသို့ ဝင်ရောက်သွား၏။ ကံကောင်းစွာဖြင့် တာရှန်း မိစ္ဆာနိုင်ငံတွင် သေနတ်များ မရှိဘဲ လေးမြားများသာ ရှိသော်လည်း ထိုအရာကပင်လျှင် အသေအပျောက်များကို ဖြစ်ပေါ်စေနိုင်သည်။
“ရွှီး... ရွှီး...ရွှီး... ရွှီး......”
မရေမတွက်နိုင်သော မြားများက အရပ်လေးမျက်နှာမှ ပစ်ခတ်လာပြီး အချိန်တို အတွင်းမှာပင် အသေအပျောက် အနည်းငယ် ဖြစ်ပေါ်စေခဲ့၏။
အထူးသဖြင့် တာရှန်းမိစ္ဆာနိုင်ငံ၏ အသွင်ပြောင်း သိုင်းသမားများသည် ခန္ဓာကိုယ် အလွန် သွက်လက်သောကြောင့် မြို့တွင်းရှိ အိမ်များကို အလွယ်တကူ ကျော်လွှားနိုင်သည်။
အဓိက အချက်မှာ မြို့တွင်းရှိ အိမ်အများစုသည် အလွန် ခိုင်ခံ့သော ခံတပ်များ ဖြစ်ကြပြီး မည်သည့် ပြတင်းပေါက် နောက်ကွယ်တွင်၊ မည်သည့် နံရံ နောက်ကွယ်တွင် တာရှန်းမိစ္ဆာနိုင်ငံ၏ စစ်သည်များ ရှိနေသည်ကို အခြေခံအားဖြင့် မသိရှိနိုင်ပေ။
“ခံတပ် စခန်းတွေ တည်ဆောက်…”
တာ့ယန် အင်ပါယာ စစ်တပ်များသည် အသေအပျောက်များကို ဂရုမစိုက်ဘဲ အတိုတောင်းဆုံး အချိန်အတွင်း ခံတပ် စခန်းများကို တည်ဆောက်ကြသည်။
လမ်းကြိုလမ်းကြား တိုက်ပွဲ အတွင်းသို့ ဝင်ရောက်သွားသည်နှင့် သေနတ် ကိုင်ကာ ကိုယ့်ဘာသာကိုယ် တိုက်ခိုက်နေ၍ မရနိုင်တော့ပေ။ မည်သို့ပင်ဖြစ်စေ ဤမြို့တွင်းတွင် တာရှန်းမိစ္ဆာနိုင်ငံ၏ စစ်တပ် သိန်းချီ ရှိနေသေးသည် မဟုတ်ပါလား။
ခံတပ်စခန်းများ တည်ဆောက်ပြီးစီးသွားသည်နှင့် အမြောက်များကို တစ်လက်ပြီး တစ်လက် ဆွဲထုတ်လာကြသည်။
ဤအမြောက်များ၏ စွမ်းအားသည် စစ်သင်္ဘောကြီးများ၏ အဓိက အမြောက်များကို မမီသော်လည်း အသေးစား စက်သေနတ်များထက် ပိုမို အင်အားကြီးမားပြီး ပြောင်းဝမှာ အနည်းဆုံး မီလီမီတာ တစ်ရာကျော် ရှိ၏။
စစ်တပ် သိန်းချီနှင့် အမြောက် အလက် တစ်ရာကျော်သည် သက်ဆိုင်ရာ ခံတပ် စခန်းများ အတွင်းသို့ ဝင်ရောက် နေရာယူလိုက်ကြသည်။
“ပစ်...”
“ရွှီး... ရွှီး...ရွှီး... ရွှီး...ရွှီး...”
သံချပ်ကာဖောက် အမြောက်ဆန်များ ထပ်မံ ပစ်ခတ်လိုက်ရာ ဖောက်ထွင်းနိုင်စွမ်းမှာ အလွန် အံ့ဩစရာ ကောင်းလှ၏။
မီတာ ရာပေါင်းများစွာ အကွာအဝေး အတွင်း မြို့တွင်းရှိ အိမ်များသည် မည်မျှပင် ထူထဲပါစေ မြို့ရိုးပေါ်ရှိ ကာကွယ်ရေး အဆောက်အအုံများကို မမီနိုင်သည်မှာ သေချာသည်။
မည်သို့ပင်ဖြစ်စေ အိမ်များ၏ နံရံအထူမှာ တစ်ပေထက် မပိုနိုင်ရာ သံချပ်ကာဖောက် အမြောက်ဆန်များသည် လွယ်ကူစွာ ဖောက်ထွင်းသွားနိုင်ပြီး အတွင်းတွင် ပေါက်ကွဲသွားနိုင်၏။
“ဝုန်း.. ဝုန်း... ဝုန်း.. ဝုန်း... ”
ရူးသွပ်သော အမြောက်များဖြင့် မြေလှန်ပစ်ခြင်း ထပ်မံ ဖြစ်ပေါ်လာပြန်၏။ လမ်းကြိုလမ်းကြား တိုက်ပွဲ ဖြစ်နေလျှင်ပင် အစွမ်းကုန် ပစ်ခတ်မှု ဖိအားပေးခြင်းကို အသုံးပြု၏။ အချိန်တို အတွင်းမှာပဲ အိမ်များ အားလုံး အပေါက်များစွာ ဖောက်ခံလိုက်ရသည်။
ထို့နောက် ကျွမ်းကျင်သော အမြောက်သမားများသည် ရန်သူများ၏ အရေးကြီးသော မြို့တွင်းခံတပ် ပစ်မှတ်များကို နေရာ သတ်မှတ်ပေးပြီး စစ်သင်္ဘောများထံသို့ သတင်းပို့ကြ၏။
နောက်ဆက်တွဲ အနေဖြင့် ပိုမို လှပသော မြင်ကွင်း တစ်ခု ထွက်ပေါ်လာသည်။
အဓိက စစ်သင်္ဘော ဆယ်စင်းကျော်သည် ပစ်မှတ် နေရာကို ရရှိပြီးနောက် အမြောက်ပြောင်းများကို ချိန်ညှိကာ ယမ်းမှုန့် ပမာဏကို ချိန်ညှိကြသည်။ ထို့နောက် ပြင်းထန်စွာ ပစ်ခတ်လိုက်ကြ၏။
“ရွှီး... ရွှီး...ရွှီး... ရွှီး......”
စစ်သင်္ဘောကြီးများ၏ အဓိက အမြောက်များ၏ ပြောင်းဝမှာ မီလီမီတာ သုံးရာနီးပါး ရှိပြီး အမြောက်ဆန်တိုင်းက ကီလိုဂရမ် ရာပေါင်းများစွာ ရှိသည်။
ထိုစွမ်းအားက မည်မျှ အံ့ဩစရာ ကောင်းမည်နည်း။
“ဝုန်း.. ဝုန်း... ဝုန်း.. ဝုန်း... ...”
ပြင်းထန်သော ပေါက်ကွဲမှုများ အဆက်မပြတ် ဖြစ်ပေါ်လာပြီး အိမ်များနှင့် ခံတပ်များသည် တစ်ခဏချင်း အတွင်းမှာပင် တစ်စစီ ကြေမွသွားသည်။ ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်စေသော ပေါက်ကွဲမှုကြီး ထပ်မံ ဖြစ်ပေါ်လာပြန်၏။
ခပ်လှမ်းလှမ်းတွင် ရှိနေလျှင်ပင် မြို့တွင်းသို့ ဝင်ရောက်လာသော တာ့ယန် အင်ပါယာ စစ်တပ်များသည် မြေကြီးပေါ်တွင် မှောက်နေရုံသာမက နှလုံးကို မြေကြီးနှင့် ကပ်မထားမိစေရန် သတိထားရ၏။ ထိုသို့မဟုတ်ပါက တုန်ခါမှုကြောင့် ဒဏ်ရာ ရသွားနိုင်သည်။
ဤအမြောက် ပစ်ခတ်မှုသည်လည်း အချိန်အတော် ကြာမြင့်ခဲ့သည်။ အမြောက် ပစ်ခတ်မှု ပြီးဆုံးသွားချိန်မှာတော့ မျက်မှောက်ရှိ ဧရိယာ အတွင်းရှိ အိမ်များသည် အားလုံး အပျက်အစီးများအဖြစ် ပြောင်းလဲသွားပြီး မြေပြင်နှင့် တစ်ပြေးညီ ဖြစ်လုနီးပါး ဖြစ်သွား၏။
တာရှန်းမိစ္ဆာနိုင်ငံ၏ စစ်သည် မည်မျှ ပေါက်ကွဲ သေဆုံးသွားသည်ကို မသိနိုင်သလို မရေမတွက်နိုင်သော လူများ ဒဏ်ရာရကာ သွေးအိုင်ထဲတွင် လဲလျောင်းရင်း အော်ဟစ် ညည်းတွားနေကြသည်။
ရန်သူများက လိပ်ခွံ နည်းဗျူဟာကို အသုံးပြုလိုသော်လည်း လုံးဝ အသုံးမဝင်ပေ။
အမြောက်များဖြင့် မြေလှန်ပစ်ပြီးနောက် ကြည်းတပ်က စုရုံးကာ ရှေ့သို့ တိုးပြီး ခံတပ်သစ်များကို သိမ်းပိုက်ကာ ရိုင်ဖယ် သေနတ်များဖြင့် အသက်ရှင် ကျန်ရစ်သော ရန်သူများကို ပစ်သတ်ကြ၏။
ထိုသို့ဖြင့် တာ့ယန် အင်ပါယာ၏ စစ်တပ်သည် တစ်မီတာချင်းစီ ရှေ့သို့ တိုးလာပြီး တာရှန်း အင်ပါယာ တောင်ပိုင်း ခံတပ်သည်လည်း တစ်မီတာချင်းစီ ကျဆုံးလာသည်။
သုံးရက် အကြာတွင်…
နှစ်ဖက်စလုံး၏ ပြင်းထန်သော တိုက်ပွဲသည် နာရီပေါင်း ဆယ်ဂဏန်းခန့် ကြာမြင့်နေပြီဖြစ်ပြီး မြင်ကွင်းမှာ အလွန် ရက်စက်လှ၏။
ကျင်းဝူရွှမ်း၏ တောင်ပိုင်း ခံတပ်သည် တစ်ဝက်ခန့် ကျဆုံးသွားပြီဖြစ်ပြီး သူမ လက်အောက်ရှိ စစ်တပ် သိန်းချီမှာလည်း သုံးပုံတစ်ပုံကျော် အသေအပျောက် ရှိနေပြီ ဖြစ်သည်။
အထူးချွန်ဆုံး အသွင်ပြောင်း သိုင်းသမား စစ်သည် ရှစ်သောင်းသည်လည်း ငါးသောင်းခန့်သာ ကျန်ရှိတော့၏။
တာ့ယန် အင်ပါယာ၏ စစ်သည် သိန်းချီသည် အားလုံး ကုန်းပေါ်သို့ တက်ရောက် ပြီးစီးသွားပြီဖြစ်ပြီး ဧရာမ မြို့ကြီး တစ်ခုလုံးကို လုံးဝ ဝိုင်းရံထားလိုက်၏။ နောက်ဆက်တွဲ အနေဖြင့် အိုးထဲက ဖားကို ဖမ်းရုံသာ ရှိတော့သည်။
ဤသုံးရက်တာ ကာလအတွင်း တာ့ယန် အင်ပါယာ၏ ရှေ့တိုး အမြန်နှုန်းသည် အလွန် နှေးကွေးသော်လည်း အလွန် တည်ငြိမ်ပြီး အပြန်အလှန် လွန်ဆွဲသည့် တိုက်ပွဲမျိုး မဖြစ်ပေါ်ခဲ့ဘဲ ခုတ်ပိုင်းလိုက်သော ခံတပ်တိုင်းကို အပြည့်အဝ သိမ်းပိုက်နိုင်ခဲ့၏။
တာ့ယန် အင်ပါယာ၏ တိုက်ခိုက်ရေး ပုံစံကို ရင်ဆိုင်ရာတွင် တာရှန်း မိစ္ဆာနိုင်ငံသည် လုံးဝ အကြံအစည် မရှိတော့ပေ။
မူလက လမ်းကြိုလမ်းကြား တိုက်ပွဲ ဆင်နွှဲလိုပြီး လမ်းကျဉ်းလေးများတွင် သူရဲကောင်းသာ အနိုင်ရမည်ဟု တွေးကာ ပထဝီ အနေအထား အားသာချက်ကို အသုံးပြုလိုခဲ့သည်။
သို့ပေမည့် တာ့ယန် အင်ပါယာ စစ်တပ်သည် ဤကစားပွဲကို လုံးဝ မကစားဘဲ ရန်သူ အမြောက်အမြား ရှိနေသော ခံတပ်များနှင့် အိမ်များကို သေချာအောင် လုပ်ပြီးနောက် အမြောက်များဖြင့် တိုက်ရိုက် မြေလှန်ပစ်ခဲ့၏။
အရင်ဆုံး သူတို့ ယူဆောင်လာသော အမြောက် အလက် တစ်ရာကျော်ဖြင့် ဗုံးကြဲခဲ့၏။ အသေးစား အမြောက်များဖြင့် မရပါက ပင်လယ်ပြင်ပေါ်ရှိ စစ်သင်္ဘောကြီးများ၏ အဓိက အမြောက်များဖြင့် ဗုံးကြဲရန် တိုက်ရိုက် အကြောင်းကြားသည်။
ကျင်းဝူရွှမ်း၏ ဧရာမ ခံတပ်ကြီးသည် စီးမိသားစု ကျွန်းဆွယ်၏ အတောင်ဘက်ဆုံး အစွန်းပိုင်းတွင် ရှိပြီး မျက်နှာစာ သုံးဖက်စလုံးက ပင်လယ် ဝိုင်းရံနေသောကြောင့် စစ်သင်္ဘောများ၏ အဓိက အမြောက်များ ပစ်ခတ်နိုင်သည့် အကွာအဝေး အတွင်းတွင် အားလုံး ရှိနေပြီး လုံးဝ လွတ်ကင်းသည့် နေရာ မရှိပေ။
ထို့အပြင် တာ့ယန် အင်ပါယာ ရေယာဉ်စု၏ ဧရာမ အမြောက်များသည် အဆုံးအစ မရှိသကဲ့သို့ ဖြစ်နေပြီး ခဲယမ်းများမှာ အခြေခံအားဖြင့် မကုန်ခမ်းနိုင်သကဲ့သို့ ဖြစ်နေသည်။
တကယ်တမ်းတွင် စောစောတည်းက ကုန်ခမ်းသွားခဲ့ပြီ ဖြစ်သည်။ သို့ပေမည့် ထောက်ပံ့ရေး ရေယာဉ်စုများက အဆက်မပြတ် သယ်ယူပို့ဆောင်လာနေပြီး ရေကြောင်း စိုးမိုးမှု တစ်ခုလုံးကို ထိန်းချုပ်ထားသောကြောင့် မကုန်ခမ်းခဲ့ခြင်းဖြစ်၏။
သုံးရက်ဆိုသည့် အချိန်အတွင်းမှာပင် မြို့တစ်ခုလုံး၏ လေးပုံတစ်ပုံကျော်သော နေရာများသည် အပျက်အစီးများ အဖြစ် လုံးဝ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
ကျင်းဝူရွှမ်းသည် သုံးရက် သုံးညတိတိ မအိပ်ရသေးပေ။ ထို့အပြင် သူမ လက်အောက်ရှိ စစ်သည် သိန်းချီ၏ စိတ်ဓာတ်သည်လည်း ပြိုလဲတော့မှာဖြစ်၏။
အကယ်၍ အသွင်ပြောင်း သိုင်းသမားများ၏ ဖိနှိပ်မှုသာ မရှိပါက ဤတောင်ပိုင်း ကာကွယ်ရေး တပ်များသည် စောစောတည်းက ထွက်ပြေးသွားကြလောက်ပြီ ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ သူတို့သည် သာမန်လူများ ဖြစ်ကြသည်။
ဤတိုက်ပွဲသည် လူများကို မျှော်လင့်ချက်မဲ့သွားစေသည်။ ဤကဲ့သို့သော တိုက်ပွဲမျိုးကို တစ်ခါမှ မမြင်ဖူးခဲ့ပေ။ ရန်သူကိုပင် မမြင်ရသေးဘဲ သေဆုံးသွားခဲ့ပြီဖြစ်ပြီး အနားသို့ ချဉ်းကပ်ရန် ဆိုသည်မှာ ပို၍ပင် မဖြစ်နိုင်ပေ။
မည်သည့် နေရာတွင် ပုန်းနေပါစေ၊ မည်မျှ ခိုင်ခံ့သော ခံတပ် အတွင်းတွင် ပုန်းနေပါစေ ဗုံးကြဲခံရမည်ဖြစ်ပြီး တစ်စစီ ဖြစ်သွားမှာဖြစ်သည်။ မြေအောက်သို့ ပုန်းရှောင်သွားလျှင်သာ လွတ်နိုင်မှာဖြစ်၏။
ယွင်ကျုံးဟဲ့မှာ သူတို့ အားလုံး မြေအောက် ခံတပ်များ အတွင်းသို့ အစုလိုက် အပြုံလိုက် ပုန်းရှောင်သွားရန်ကိုသာ မျှော်လင့်နေသည်။ ထိုသို့ဆိုလျှင် အတွင်းသို့ အဆိပ်ငွေ့များ တိုက်ရိုက် လွှတ်သွင်းလိုက်ရုံဖြင့် အားလုံး ပြီးဆုံးသွားမှာဖြစ်သည်။
ထို့အပြင် အမြောက်များဖြင့် မြေလှန်ပစ်ချိန်တွင် နားကွဲမတတ် ဆူညံသံများ၊ ကြောက်စရာကောင်းသော မြေကြီး တုန်ခါမှုများသည် တကယ်ကို ငလျင်လှုပ်နေသကဲ့သို့ပင် ဖြစ်သည်။ ဤပတ်ဝန်းကျင်သည် တကယ်ကို မျှော်လင့်ချက်မဲ့စရာ ကောင်းလှ၏။
နောက်ထပ် နှစ်ရက် ကုန်လွန်သွားပြန်သည်။
တာ့ယန် အင်ပါယာ စစ်တပ်သည် နောက်ထပ် လေးပုံတစ်ပုံကို သိမ်းပိုက်နိုင်ခဲ့ပြီး တောင်ပိုင်း ခံတပ် တစ်ခုလုံး၏ လေးပုံသုံးပုံသည် အားလုံး ကျဆုံးသွားခဲ့ပြီ ဖြစ်၏။
ကျင်းဝူရွှမ်း၏ စစ်သည် သိန်းချီသည်လည်း တစ်ဝက်ကျော် အသေအပျောက် ရှိနေပြီ ဖြစ်သည်။
ဤကဲ့သို့ မျှော်လင့်ချက်မဲ့မှုနှင့် တုန်လှုပ်မှုများ ကြားတွင် တာရှန်းမိစ္ဆာနိုင်ငံ၏ သာမန် စစ်တပ်များသည် ပြိုလဲသွားခဲ့ပြီဖြစ်ပြီး အသွင်ပြောင်း သိုင်းသမား စစ်တပ်များ၏ ဖိနှိပ်မှုကလည်း အသုံးမဝင်တော့ပေ။
သူတို့ စတင် ထွက်ပြေးကြပြီး တာ့ယန် အင်ပါယာ၏ စစ်တပ်ထံသို့ လက်နက်ချ အရှုံးပေးကြသည်။ ဤကဲ့သို့ ထွက်ပြေးမှုသည် လျင်မြန်စွာ ကွင်းဆက် တုံ့ပြန်မှု ဖြစ်လာသည်။ အစပိုင်းတွင် လူရာဂဏန်းခန့်သာ အရှုံးပေးခဲ့သော်လည်း နောက်ပိုင်းတွင် ထောင်သောင်းချီ ဖြစ်လာ၏။