← Chapters

အခန်း ၈၅၅

Vol. 72 Ch. 855

အခန်း ၈၅၅

Vol. 72 Ch. 855

အပိုင်း (၈၅၅)

ကျင်းဝူရွှမ်း ဤမြင်ကွင်းကို မြင်လိုက်ရချိန်မှာတော့ အလွန် ဝမ်းသာသွား၏။

လွန်ခဲ့သော အချိန်များတွင် သူမ၏ စစ်သည် သိန်းချီသည် လုံးဝ အလူးအလဲ ခံခဲ့ရပြီး အဓိက ရေယာဉ်စု လုံးဝ ပျက်စီးသွားခဲ့၏။ သေဆုံး ဒဏ်ရာရမှု အလွန် များပြားခဲ့ပြီး အားလုံး ထွက်ပြေးသွားခဲ့ကြသည်။

သူမသည် ကျန်ရှိနေသော အသွင်ပြောင်း သိုင်းသမား သုံးသောင်းကျော်ကို ခေါ်ဆောင်ကာ မြေအောက် ကာကွယ်ရေး အဆောက်အအုံများ အတွင်း၌ ပုန်းရှောင်နေခဲ့ရပြီး ယွင်ကျုံးဟဲ့၏ ရူးသွပ်စွာ ဗုံးကြဲမှုကို ခံခဲ့ရကာ တကယ်ကို သနားစရာ ကောင်းလွန်းလှ၏။

သူမ၏ အတွင်းစိတ်ထဲတွင် အဆုံးအစမရှိသော အမုန်းတရားများ ပြည့်နှက်နေခဲ့၏။ ယခုအခါ ဤအခြေအနေမှ လွတ်မြောက်သွားခဲ့ပြီ ဖြစ်ပြီး ယွင်ကျုံးဟဲ့လည်း ဤလိုနေ့မျိုး ရှိလာခဲ့ပြီ ဖြစ်သည်။

‘ရှင့်ရဲ့ စစ်တပ်က ဘယ်လောက်ပဲ အင်အားကြီးကြီး လင်းနို့လေးတွေကို မယှဉ်နိုင်ပါဘူး။ ကျွန်မတို့ တာရှန်း မိစ္ဆာနိုင်ငံကမှ အနာဂတ်ပါပဲ။ သတ်… သတ်… သတ်… ယွင်ကျုံးဟဲ့ရဲ့ စစ်တပ်ကို တစ်ယောက်မကျန် သတ်ပစ်လိုက်ကြစမ်း။ ယွင်ကျုံးဟဲ့... ရှင် မျှော်လင့်ချက်မဲ့လိုက်တော့။’

ယွင်ကျုံးဟဲ့ ဤမြင်ကွင်းကို မြင်လိုက်ရချိန်မှာတော့ ဦးရေပြား တစ်ခုလုံး ထုံကျင်သွားပြီး တစ်ကိုယ်လုံး ပေါက်ကွဲထွက်တော့မည့် အလား ခံစားလိုက်ရ၏။

သူ၏ စစ်တပ်သည် လွန်ခဲ့သော ရက်အနည်းငယ်အတွင်း အသေအပျောက် အလွန် နည်းပါးခဲ့သော်လည်း ယခုအခါ အသွင်ပြောင်း လင်းနို့ အုပ်စု တစ်စု၏ သတ်ဖြတ်ခြင်းကို ခံနေရသည်လား။

‘သေချာပေါက် တားဆီးရမယ်။ မဟုတ်ရင် ကျုပ်ရဲ့ စစ်သည် ဘယ်လောက်တောင် သေဆုံးသွားမလဲ ဆိုတာ မသိနိုင်ဘူး။ အင်ပါယာ စစ်သည် တိုင်းက တန်ဖိုးရှိတယ်။’

ယွင်ကျုံးဟဲ့ မျက်စိမှိတ်လိုက်ပြီး ခေါင်းထဲတွင် လျင်မြန်စွာ စဉ်းစားလိုက်သည်။

‘ဒီအသွင်ပြောင်း လင်းနို့တွေကို ရင်ဆိုင်ဖို့ နည်းလမ်း ရှိလား။ ရှိတယ်၊ သေချာပေါက် ရှိတယ်။ နံပါတ် ၂၅ စိတ်ရောဂါသည် ရဲ့ ပါရမီ၊ တိရစ္ဆာန်တွေနဲ့ ရင်းနှီးပြီး ထိန်းချုပ်နိုင်တဲ့ ပါရမီ ကို သုံးမလား။ မရဘူး၊ လုံးဝ မရဘူး။ ဘာလို့လဲဆိုတော့ ဒီပါရမီက တစ်ကြိမ်ကို တစ်ကောင်ပဲ ထိန်းချုပ်နိုင်လို့ပဲ။ ပြီးတော့ အခု သူက ရင်းနှီးမှုကို မပြသနိုင်ဘူး၊ သူ့ရဲ့ အတွင်းစိတ်ထဲမှာ ဖျက်ဆီးချင်စိတ်ပဲ ရှိနေတာ။

ဘီသိုဗင် ရဲ့ စွမ်းရည်ကို သုံးမယ်။ ဟုတ်တယ်၊ ဟုတ်တယ်၊ ဟုတ်တယ်... အသံလွန်လှိုင်း တိုက်ခိုက်မှုကို သုံးမယ်။

သူ့နည်း သူ့ဟန်နဲ့ ပြန်လည် တုံ့ပြန်မယ်။ လင်းနို့တွေက အသံလွန်လှိုင်းတွေအပေါ် အာရုံခံစားမှု အမြန်ဆုံး ဖြစ်ပြီး သူတို့ ကိုယ်တိုင်ကလည်း အသံလွန်လှိုင်းတွေကို အားကိုးပြီး လားရာကို ခွဲခြားသိရှိကြတာလေ။ သူတို့ရဲ့ ဦးနှောက်က အရမ်း ထက်မြက်ပြီး အသံလွန်လှိုင်းတွေကို ခံစား သိရှိ လက်ခံနိုင်တယ်။’

ချက်ချင်းပဲ ယွင်ကျုံးဟဲ့သည် စောင်းတစ်လက်ကို ကောက်ကိုင်လိုက်ပြီး လေသင်္ဘောပေါ်သို့ တက်သွား၏။

“မြန်မြန်... မြန်မြန်... မြန်မြန်...”

ယွင်ကျုံးဟဲ့က အမိန့်ပေးလိုက်သည်။ “လေသင်္ဘော… လဲ့ဖုန်း ဧရာမ မြို့ကြီးရဲ့ ကောင်းကင်ယံကို ချက်ချင်း ပျံသန်းသွားပါ။”

အချိန်လုရမှာဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အချိန်တိုင်း အင်ပါယာ စစ်သည်များ လဲကျနေသောကြောင့်ပင်။

လေသင်္ဘောသည် ကောင်းကင်ယံသို့ ရောက်ရှိလာ၏။ မရေမတွက်နိုင်သော လင်းနို့များသည် ဤလေသင်္ဘောကို တွေ့ရှိသွားပြီးနောက် ရူးသွပ်စွာ ဝင်ရောက် တိုက်ခိုက်ကြသည်။

ထိုအချိန်မှာပင် ဘီသိုဗင် ဝင်ပူးထားသော ယွင်ကျုံးဟဲ့သည် ကြောက်စရာကောင်းသော သေမင်း ဂီတကို ရုတ်တရက် တီးခတ်လိုက်သည်။ ကြောက်စရာကောင်းသော အသံလွန်လှိုင်း တိုက်ခိုက်မှုများကို တီးခတ်လိုက်၏။

‘အသံလွန်လှိုင်း ကစားတာလား။ လက်ခြောက်ချောင်း စောင်းနတ်ဆိုး ဘီသိုဗင် ကမှ ဘိုးဘေးပဲ၊ ကမ္ဘာ့ နံပါတ်တစ် အကျော်အမော်ပဲ။’

“ဒေါင် ဒေါင် ဒေါင် ဒေါင် ဒေါင်...”

ယွင်ကျုံးဟဲ့ ရူးသွပ်စွာ တီးခတ်လိုက်ရာ ထွက်ပေါ်လာသော အသံလွန်လှိုင်းများသည် မုန်တိုင်းများကဲ့သို့ အရပ်လေးမျက်နှာသို့ ပြင်းထန်စွာ ပစ်ထွက်သွားပြီး လုံးဝ မလွတ်တမ်း ဖုံးအုပ် တိုက်ခိုက်လိုက်သည်။

တီးခတ်လိုက်တိုင်း အသံလွန်လှိုင်းဗုံးတစ်လုံး ရုတ်တရက် ပေါက်ကွဲသွားသကဲ့သို့ ဖြစ်သွားပြီးနောက် ရူးသွပ်စွာ ရိုက်ခတ်သွား၏။

တစ်ခဏချင်း အတွင်းမှာပဲ အသွင်ပြောင်း လင်းနို့များသည် ယွင်ကျုံးဟဲ့ တီးခတ်လိုက်သော သေမင်း အသံလွန်လှိုင်းများကို လက်ခံရရှိသွားကြ၏။ ဤသည်မှာ သူတို့၏ ခံနိုင်ရည်ထက် လုံးဝ ကျော်လွန်နေသည်။

“ဘန်း... ဘန်း... ဘန်း... ဘန်း...”

လှပသော မြင်ကွင်း တစ်ခု ဖြစ်ပေါ်လာသည်။ အသွင်ပြောင်း လင်းနို့များသည် ကောင်းကင်ယံတွင် တစ်ကောင်ပြီး တစ်ကောင် ပေါက်ကွဲသွားကြပြီး တိုက်ရိုက် တစ်စစီ ကြေမွသွားကြ၏။

ယွင်ကျုံးဟဲ့၏ လက်ခြောက်ချောင်း စောင်းနတ်ဆိုး စွမ်းရည် ထပ်မံ ထွက်ပေါ်လာပြန်ပြီး အသွင်ပြောင်း တိရစ္ဆာန်များကို ရူးသွပ်စွာ သတ်ဖြတ်နေသည်။

သို့ပေမည့် သတ်ဖြတ်မှု အမြန်နှုန်းက လုံးဝ မလုံလောက်သေးပေ။ အဘယ်ကြောင့်ဆိုသော် အသွင်ပြောင်း လင်းနို့ အရေအတွက်က အလွန့်အလွန် များလွန်းနေသောကြောင့်ဖြစ်သည်။

နောက်ဆက်တွဲ အနေဖြင့် ယွင်ကျုံးဟဲ့၏ ဂီတသံ ပြောင်းလဲသွားပြီး သေမင်း အသံလွန်လှိုင်း မဟုတ်တော့ပေ။ ၎င်းသည် အသက်အန္တရာယ် ပေးနိုင်သော သွေးဆောင်ဖြားယောင်းသည့် အသံလွန်လှိုင်း တစ်မျိုး ဖြစ်လာပြီး မရေမတွက်နိုင်သော အသွင်ပြောင်း လင်းနို့များက ၎င်း၏ ဆွဲဆောင်မှုကို ခံလိုက်ရကာ ရူးသွပ်စွာ ပြေးဝင်လာကြ၏။

အသွင်ပြောင်း လင်းနို့ သိန်းချီသည် ယွင်ကျုံးဟဲ့ဆီသို့ ပျံသန်းလာကြ၏။ ဤမြင်ကွင်းသည် အလွန် ထူးဆန်းပြီး အလွန် ကြောက်စရာ ကောင်းလွန်းလှသည်။

ယွင်ကျုံးဟဲ့နှင့် သူ၏ လေသင်္ဘောသည် မရေမတွက်နိုင်သော လင်းနို့များ၏ လုံးဝ ဝိုင်းရံခြင်းကို ခံလိုက်ရသည်။ ထိုသို့ဖြင့် ယွင်ကျုံးဟဲ့သည် ဤအသွင်ပြောင်း လင်းနို့များကို ထိန်းချုပ်ကာ ကျင်းဝူရွှမ်း၏ မြို့စား အိမ်တော် ကောင်းကင်ယံသို့ ပျံသန်းသွား၏။

ဤအချိန်တွင် ကျင်းဝူရွှမ်းသည် အလွန် စိတ်လှုပ်ရှားပြီး အမုန်းတရားများ ပြည့်နှက်နေသည်။

သူမသည် အလွန် ကျေနပ်အားရနေပြီး အသွင်ပြောင်း လင်းနို့များက ယွင်ကျုံးဟဲ့၏ စစ်တပ်အား တစ်ယောက်မကျန် သတ်ဖြတ်ပစ်နိုင်ရန် မျှော်လင့်နေ၏။

သို့ပေမည့် အသွင်ပြောင်း လင်းနို့များကို ယွင်ကျုံးဟဲ့ကပင် ထိန်းချုပ်နိုင်လိုက်လေသည်လား။

နောက်တစ်စက္ကန့်တွင် ယွင်ကျုံးဟဲ့၏ စောင်းသံသည် တစ်ခဏချင်း အတွင်းမှာပင် အလွန် ပြင်းထန်လာသည်။

“ဒေါင် ဒေါင် ဒေါင် ဒေါင် ဒေါင်...”

အသွင်ပြောင်း လင်းနို့များသည် လုံးဝ ရူးသွပ်သွားသကဲ့သို့ ဖြစ်သွားပြီး မရေမတွက်နိုင်သော ကျည်ဆန်များ အသွင်ဖြင့် မြေပြင်ပေါ်ရှိ ကျင်းဝူရွှမ်း၏ စစ်တပ်ဆီသို့ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံ တိုက်ခိုက်မှုများကို ပြုလုပ်လိုက်တော့၏။

“ရွှီး... ရွှီး...ရွှီး... ရွှီး...ရွှီး...”

အသွင်ပြောင်း လင်းနို့ သိန်းချီသည် မိုးသည်းထန်စွာ ရွာကျသကဲ့သို့ အရှိန်အဟုန်ဖြင့် ထိုးဆင်းလာကြသည်။

ယခင်က သူတို့သည် တာရှန်းမိစ္ဆာနိုင်ငံ၏ အသွင်ပြောင်း သိုင်းသမားများကို မတိုက်ခိုက်ခဲ့သော်လည်း ယခုအခါ လုံးဝ ရူးသွပ်သွားကြပြီ ဖြစ်၏။

တာရှန်းမိစ္ဆာနိုင်ငံ၏ အသွင်ပြောင်း သိုင်းသမား သုံးသောင်းကျော်သည် အသွင်ပြောင်း လင်းနို့များကို သတ်ဖြတ်ရန် ရူးသွပ်စွာ ဓားဝှေ့ယမ်းကြသည်။

တစ်ခဏချင်း အတွင်းမှာပဲ မရေမတွက်နိုင်သော လင်းနို့များသည် သွေးမိုးများအဖြစ် ပြောင်းလဲကာ ကျဆင်းလာ၏။

သူတို့၏ သွက်လက်မှုသည် သာမန် စစ်သည်များကို တိုက်ခိုက်ရန် အဆင်ပြေသော်လည်း အင်အားကြီးမားသော အသွင်ပြောင်း သိုင်းသမားများကို တိုက်ခိုက်ရန်မှာ မဖြစ်နိုင်ပေ။

အဘယ်ကြောင့်ဆိုသော် အသွင်ပြောင်း သိုင်းသမားများ၏ တုံ့ပြန်မှု အမြန်နှုန်းက အရမ်း မြန်ဆန်လွန်းပြီး သိုင်းပညာက အရမ်း မြင့်မားလွန်းသောကြောင့် ဖြစ်သည်။

တာရှန်းမိစ္ဆာနိုင်ငံ၏ အသွင်ပြောင်း သိုင်းသမားများသာမက ယွင်ကျုံးဟဲ့ဘက်မှ ဟေးယန်အင်ပါယာ အသွင်ပြောင်း သိုင်းသမားများသည်လည်း လင်းနို့များ၏ တိုက်ခိုက်မှုကို မခံရရုံသာမက အကြီးအကျယ် သတ်ဖြတ်နိုင်ကြသေး၏။

ထို့ကြောင့် တစ်ဆယ့်ငါးမိနစ်တိုတို အချိန်အတွင်းမှာပဲ အသွင်ပြောင်း လင်းနို့ သိန်းချီသည် တစ်ကောင်မကျန် သတ်ဖြတ်ခံလိုက်ရသည်။

အများစုမှာ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံ တိုက်ခိုက်မှုကြောင့် သေဆုံးသွားခြင်းဖြစ်ပြီး ကျန်တစ်စိတ်တစ်ပိုင်းမှာ တာရှန်း မိစ္ဆာနိုင်ငံ သိုင်းသမားများ၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရခြင်း ဖြစ်၏။

ယွင်ကျုံးဟဲ့၏ လေသင်္ဘောသည် ကောင်းကင်ယံ အမြင့်ပိုင်းတွင် ရှိနေပြီး သူ၏မိန်းမ ဖြစ်လုနီးပါး ဖြစ်ခဲ့သော ကျင်းဝူရွှမ်းကို အေးစက်စွာ ကြည့်နေသည်။

ထို့အပြင် ယခုအခါ ကျင်းဝူရွှမ်းနှင့် အသွင်ပြောင်း သိုင်းသမား သုံးသောင်းကျော် အားလုံးသည် မြေပြင်ပေါ်သို့ ရောက်ရှိလာကြပြီ ဖြစ်ပြီး မြို့စား အိမ်တော် အပျက်အစီးများ အတွင်းတွင် ရပ်နေကြ၏။

ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “အမိန့်ပေးလိုက်။ အဓိက စစ်သင်္ဘောတွေ အားလုံး ဒီနေရာကို ချိန်ရွယ်ပြီး ပစ်...”

လေသင်္ဘောသည် ချက်ချင်း အမိန့်ပေးလိုက်ပြီး တိကျသော ပစ်ခတ်မည့် နေရာကို သတင်းပို့လိုက်၏။

မိနစ် အနည်းငယ် အကြာတွင်…

“ရွှီး... ရွှီး...ရွှီး... ရွှီး...ရွှီး... ရွှီး......”

အဓိက စစ်သင်္ဘောများ အားလုံး၊ အမြောက်များ အားလုံး ရူးသွပ်စွာ ပစ်ခတ်လိုက်ကြသည်။

ရူးသွပ်သော ကော်ဇောခင်း ဗုံးကြဲမှုပင် ဖြစ်သည်။ ကျင်းဝူရွှမ်း၏ မြို့စား အိမ်တော် အပျက်အစီးများပေါ်တွင် ချက်ချင်းပဲ ထပ်မံ၍ မီးပင်လယ်ကြီး အဖြစ် ပြောင်းလဲသွား၏။

တာရှန်းမိစ္ဆာနိုင်ငံ၏ အသွင်ပြောင်း သိုင်းသမားများသည် ဘယ်လောက်ပဲ တော်နေပါစေ ကီလိုဂရမ် ရာပေါင်းများစွာ အလေးချိန်ရှိသော ဗုံးများ၏ ပေါက်ကွဲမှုကို မခံနိုင်ပေ။

တစ်ခဏချင်း အတွင်းမှာပင် သွေးနှင့် အသားများ လွင့်စင်သွားသည်။ ရူးသွပ်သော အမြောက်များဖြင့် သတ်ဖြတ်ခြင်းပင် ဖြစ်၏။

ထိုအချိန်မှာပဲ ယဇ်ပုရောဟိတ်ချုပ် ပိုင်ရှယ်သည် ကောင်းကင်ယံရှိ ယွင်ကျုံးဟဲ့ကို တွေ့ရှိသွားသည်။ အထီးကျန်နေသော လေသင်္ဘော တစ်စင်းဖြစ်ပြီး ဘေးတွင် ကာကွယ်ပေးမည့်သူ သိပ်မရှိဘဲ လူဆယ်ဂဏန်းခန့်သာ ရှိသည်။

ချက်ချင်းပဲ သူမ အလွန် ဝမ်းသာသွား၏။

‘ဒါက တစ်ထောင်မှာ တစ်ခါ ကြုံတောင့်ကြုံခဲ အခွင့်အရေးပဲ။ ယွင်ကျုံးဟဲ့ကို သတ်လိုက်ရုံနဲ့ ဒီတိုက်ပွဲက လုံးဝ အပြတ်အသတ် အနိုင်ရသွားပြီ။ တာ့ယန် အင်ပါယာရဲ့ စစ်သည် သိန်းချီကို သုတ်သင်ပစ်တာထက်တောင် ပိုကောင်းသေးတယ်။ ယွင်ကျုံးဟဲ့ သေသွားတာနဲ့ တာ့ယန် အင်ပါယာလည်း တိုက်ခိုက်လိုစိတ် လုံးဝ ပျောက်ဆုံးသွားမှာဖြစ်ပြီး ဒီစစ်ပွဲကြီးကို မတိုက်ဘဲ အနိုင် ရနိုင်ပြီ။’

ချက်ချင်းပဲ သူမက ထူးဆန်းသော အော်ဟစ်သံ တစ်ခု ထုတ်လွှတ်လိုက်သည်။

အသွင်ပြောင်း ကျီးကန်း တစ်ထောင်ကျော်သည် အတောင်ပံ ခတ်ကာ မြင့်မားစွာ ပျံတက်သွားပြီး ယွင်ကျုံးဟဲ့ဆီသို့ ပျံသန်းလာကြ၏။

‘ဒီကျီးကန်းတွေက စစ်တပ်ကို မသတ်နိုင်ပေမယ့် ရှင် တစ်ယောက်တည်းကို သတ်ဖို့တော့ လုံလောက်တာထက်တောင် ပိုနေသေးတယ်။ ယွင်ကျုံးဟဲ့… ရှင့်ကို တစ်စစီ ခုတ်ထစ်ပစ်နိုင်တယ်။’

သို့ပေမည့် ယဇ်ပုရောဟိတ်ချုပ် ပိုင်ရှယ် အတွေး လွန်သွားခဲ့ခြင်းဖြစ်သည်။

ယွင်ကျုံးဟဲ့၏ လက်ခြောက်ချောင်း စောင်းနတ်ဆိုး စွမ်းရည် ထပ်မံ ထွက်ပေါ်လာပြန်သည်။ အဘယ်ကြောင့် ဆိုသော် စောစောက အသွင်ပြောင်း လင်းနို့ သိန်းချီကို ရင်ဆိုင်ရစဉ်က ယွင်ကျုံးဟဲ့သည် လက်ခြောက်ချောင်း စောင်းနတ်ဆိုးအပေါ် နားလည်သဘောပေါက်မှု ထပ်မံ တိုးတက်လာခဲ့သောကြောင့် သူ၏ သေမင်း စောင်းသံ သည်လည်း ထပ်မံ၍ အဆင့်မြှင့်တင် အသွင်ပြောင်းသွားခဲ့သောကြောင့် ဖြစ်၏။

ယခုအခါ သူ၏ သေမင်း စောင်းသံ သတ်ဖြတ်နိုင်စွမ်းသည် နောက်ထပ် တစ်ဆင့် တက်လှမ်းသွားခဲ့၏။ ကြောက်စရာကောင်းသော သေမင်း စောင်းသံ၊ သေမင်း အသံလွန်လှိုင်း၊ ၃၆၀ ဒီဂရီ လုံးဝ ထောင့်မလွတ်ဘဲ ရူးသွပ်စွာ ပစ်ထွက်သွားသည်။

အသွင်ပြောင်း ကျီးကန်းများ ရူးသွပ်စွာ ပြေးဝင်လာပြီးနောက် ကောင်းကင်ယံတွင် ရုတ်တရက် ဦးနှောက်များ ပေါက်ကွဲသွားသည်၊ မျက်လုံးများ ပေါက်ကွဲထွက်သွားပြီး သေဆုံးကာ ပြုတ်ကျသွားကြ၏။

“အာ့… အာ့...”

သနားစရာကောင်းသော အော်ဟစ်သံများ အဆက်မပြတ် ထွက်ပေါ်လာပြီး အသွင်ပြောင်း ကျီးကန်း တစ်ထောင်ကျော်သည် ရူးသွပ်စွာ သတ်ဖြတ်ခံနေရသည်။

ယွင်ကျုံးဟဲ့၏ သေမင်း စောင်းသံသည် ပို၍ ပို၍ ပြင်းထန်လာပြီး ပို၍ ပို၍ ကြောက်စရာ ကောင်းလာသည်။ နောက်ဆုံးတွင် ထိုအသွင်ပြောင်း ကျီးကန်းများသည် ချက်ချင်း တစ်စစီ ဖြစ်သွားကြ၏။

သူ၏ စောင်းသံ သတ်ဖြတ်နိုင်သည့် အချင်းဝက်မှာ မီတာ တစ်ရာ့ငါးဆယ် ဝန်းကျင်ခန့် ရှိ၏။ ဤပတ်ဝန်းကျင် အတွင်းသို့ ဝင်ရောက်လာသော အသွင်ပြောင်း ကျီးကန်းတိုင်း အားလုံး သေဆုံးသွားရသည်။

ဤမြင်ကွင်းသည် တကယ်ကို အလွန် လှပပြီး ကြက်သီးမွေးညင်း ထစရာ ကောင်းလှသည်။ အချိန်တိုလေး အတွင်းမှာပဲ အသွင်ပြောင်း ကျီးကန်း တစ်ထောင်ကျော် တစ်ကောင်မကျန် သေဆုံးသွား၏။

ယွင်ကျုံးဟဲ့သည် လေသင်္ဘော တွဲလောင်းခန်း၏ ကုန်းပတ်ပေါ်တွင် ဆက်လက် ရပ်နေပြီး မြေပြင်ပေါ်ရှိ ကျင်းဝူရွှမ်းကို အေးစက်စွာ ကြည့်နေသည်။

ဤအချိန်တွင် အဝေးရှိ ယဇ်ပုရောဟိတ်ချုပ် ပိုင်ရှယ်၏ မျက်နှာသည် ဖြူရော်သွားသည်။ ဤမြင်ကွင်းကို ကြည့်ရင်း မလှုပ်ရှားနိုင်အောင် ဖြစ်သွားပြီး အတော်ကြာမှ လက်ကို ဝှေ့ယမ်းကာ အမှောင် မြင်းစီးသူရဲ တစ်ထောင်ကျော်ကို ခေါ်ဆောင်၍ ရူးသွပ်စွာ ထွက်ပြေးလေတော့၏။

All Chapters