အခန်း ၈၅၇
Vol. 72 Ch. 857
အပိုင်း (၈၅၇)
ကျင်းဝူရွှမ်းက ပြောလိုက်၏။ “ယွင်ကျုံးဟဲ့… ဒီလောကမှာ ရှင်းလင်းတဲ့ တိုင်းတာမှု စံနှုန်း တစ်ခုတော့ အမြဲတမ်း ရှိရမှာပေါ့။ ကိုယ်ကျင့်တရား၊ စိတ်ခံစားမှု၊ ဉာဏ်ပညာ ဆိုတာတွေက အရမ်း စိတ်ကူးယဉ် ဆန်လွန်းတယ်။ တိုင်းတာလို့ မရဘူး၊ ရှင်းလင်းတဲ့ အမှတ်အသား မရှိဘူး။ ဒါပေမဲ့ သိုင်းပညာကတော့ ရှိတယ်။ လူတွေကို အလွှာ အသီးသီး ခွဲခြားပေးနိုင်တယ်။ ဘယ်လောက်ပဲ ဆိုးရွားတဲ့ တိုင်းတာမှု စံနှုန်း ဖြစ်နေပါစေ၊ စံနှုန်း မရှိတာထက်တော့ ပိုကောင်းပါတယ်။”
ကျင်းဝူရွှမ်း၏ ဤစကားက ယွင်ကျုံးဟဲ့ကို တိတ်ဆိတ်သွားစေသည်။
တကယ်တော့ ထိုအရာနှင့် ဆင်တူသော နောက်ထပ် သီအိုရီ တစ်ခု ရှိသေးသည်။ ၎င်းမှာ ငွေကြေးကိုသာ အထွတ်အမြတ် ထားခြင်းပင် ဖြစ်၏။
ကိုယ်ကျင့်တရား၊ စိတ်ခံစားမှု၊ ဉာဏ်ပညာ တို့ကို တိုင်းတာရန် မလွယ်ကူသော်လည်း ငွေကြေးကိုမူ ကိန်းဂဏန်းများဖြင့် ဖော်ပြနိုင်သောကြောင့် တစ်ခုတည်းသော တိုင်းတာမှု စံနှုန်း ဖြစ်လာခဲ့သည်။
ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “ခင်ဗျားပြောတာ မမှားပါဘူး။ ကိုယ်ကျင့်တရား၊ စိတ်ခံစားမှု၊ ဉာဏ်ပညာ ဆိုတာတွေက အရမ်း စိတ်ကူးယဉ်ဆန်လွန်းတယ်။ မျက်စိနဲ့ မမြင်ရဘူး၊ လက်နဲ့ စမ်းသပ်လို့ မရဘူး။ ဒါပေမဲ့ ဒီအရာတွေက လူနဲ့ သားရဲရဲ့ ကွာခြားချက်တွေပဲ။ အကယ်၍ အင်အားကြီးမားမှုကိုပဲ အဓိက ထားမယ် ဆိုရင် တိရစ္ဆာန်တွေနဲ့ ဘာကွာခြားတော့မလဲ။
ခြင်္သေ့အုပ်ထဲမှာ အသန်မာဆုံးနဲ့ အရက်စက်ဆုံး ခြင်္သေ့ကမှ ခြင်္သေ့မတွေ အားလုံးကို သိမ်းပိုက်ခွင့် ရှိတာလေ။ လေထုကို မျက်စိနဲ့ မမြင်ရဘူး၊ လက်နဲ့ စမ်းသပ်လို့ မရဘူး၊ ဒါပေမဲ့ အဖိုးတန်ဆုံးပဲ။ မိနစ်အနည်းငယ်လောက် အသက်မရှူရတာနဲ့ အောက်ဆီဂျင် ပြတ်ပြီး သေသွားမှာပဲ။”
ကျင်းဝူရွှမ်းက အေးစက်စက် ပြုံးကာ ပြောလိုက်၏။ “ကြက်လေး တစ်ကောင်တောင် မသတ်နိုင်တဲ့ ပညာတတ်ကြီး ပီသပါပေတယ်။ ဖြီးဖြန်းရာမှာ တစ်ခွန်းပြီး တစ်ခွန်းပဲ။”
ထို့နောက် သူမ၏ အကြည့်များက ကျင်းကျုံးယွဲ့ ဆီသို့ ရောက်ရှိသွားပြီး ပြောသည်။ “ကျင်းကျုံးယွဲ့... ဒီနှစ်တွေ အတွင်းမှာ နင့်ရဲ့ သိုင်းပညာ ဘယ်လောက် တိုးတက်လာလဲ ဆိုတာ မသိဘူး။ ငါတို့ သိုင်းပြိုင်ကြမလား။ အကယ်၍ ငါ နိုင်ရင် နင်တို့ ငါ့ကို ထွက်သွားခွင့် ပြုရမယ်။ အကယ်၍ ငါ ရှုံးရင် ငါ လက်နက်ချမယ်။”
ကျင်းကျုံးယွဲ့က ပြောလိုက်၏။ “ညီမလေး... တာရှန်းမိစ္ဆာနိုင်ငံက မှောင်မိုက်ပြီး ရက်စက်တယ်။ နင် စစ်ရှုံးသွားပြီ။ တောင်ပိုင်းပြည်နယ်ကို ဆုံးရှုံးသွားပြီ။ နင့်မှာ သွားစရာ လမ်းမရှိတော့ဘူး၊ လက်နက်ချလိုက်တော့။”
ကျင်းဝူရွှမ်းက ပြောလိုက်သည်။ “ငါ ရှုံးသွားတာက ငါ မသန်မာလို့ပဲ။ အဲဒါကြောင့် ငါ ပိုပြီး အင်အားကြီး လာအောင် လုပ်ရမယ်။ ကျင်းကျုံးယွဲ့... နင်က နင့်ရဲ့ သိုင်းပညာအပေါ် အရမ်း ယုံကြည်မှု ရှိနေတာ မဟုတ်ဘူးလား။ နင်က ဘယ်တော့မှ အရှုံးမပေးဘူး မဟုတ်ဘူးလား။ လာလေ... ငါတို့ သိုင်းပြိုင်ကြမယ်။ မင်း ငါ့ကို နိုင်တာနဲ့ ငါ လက်နက်ချမယ်။”
ကျင်းကျုံးယွဲ့က ကျင်းဝူရွှမ်းကို အတော်ကြာအောင် ကြည့်နေပြီးနောက် ပြောလိုက်၏။ “ပထမဆုံး အနေနဲ့ ငါ နင့်ကို မနိုင်ဘူး။ နင့်ရဲ့ သိုင်းပညာက ပိုမြင့်တယ်။ ဒုတိယအနေနဲ့ ရိုလန်နိုင်ငံကို နင့်ဆီ လွှဲပေးခဲ့ပြီး လူတစ်သောင်းကျော်ကို ခေါ်ပြီး အဝေးကို ထွက်သွားခဲ့တုန်းက ငါ နင့်ကို အကြွေး မတင်တော့ဘူး။”
ထို့နောက် ကျင်းကျုံးယွဲ့က တိုက်ရိုက် လှည့်ထွက်သွားလေတော့သည်။
ယွင်ကျုံးဟဲ့က ကျင်းဝူရွှမ်းကို ပြောလိုက်၏။ “ကျုပ် ငါးကနေ နောက်ပြန် ရေတွက်မယ်။ ခင်ဗျား လက်နက်ချပြီး အရှုံးပေးလိုက်။ ငါး၊ လေး၊ သုံး၊ နှစ်၊ တစ်…”
နောက်ပြန် ရေတွက်မှု ပြီးဆုံးသွားခဲ့သည်။
“ပစ်...”
လူသောင်းချီက ကျင်းဝူရွှမ်းကို ထပ်မံ၍ ရူးသွပ်စွာ ပစ်ခတ်လိုက်ကြ၏။
“ဒက်... ဒက်... ဒက်...”
ကျည်ဆန်များ မိုးသည်းထန်စွာ ရွာကျသကဲ့သို့ ထွက်သွားသည်။
တကယ်တမ်းတွင် ယွင်ကျုံးဟဲ့သည် သိုင်းပညာကို လုံးဝ အသုံးပြုနိုင်သည်။ ကျင်းဝူရွှမ်း သည် မည်မျှပင် တော်နေပါစေ သူ၏ လက်အောက်ရှိ ထိပ်တန်း အင်အားကြီးသူ လေးဦးကို လုံးဝ မယှဉ်နိုင်ပေ။ သို့ပေမည့် သူက ကျင်းဝူရွှမ်း၏ သိုင်းပညာအပေါ် မာနကြီးမှု အားလုံးကို ဖျက်ဆီးပစ်ချင်နေ၏။
‘ကျုပ်တို့က သိပ္ပံပညာ ယဉ်ကျေးမှုရဲ့ လက်နက်တွေကို သုံးပြီး ခင်ဗျားလို ထိပ်တန်း အင်အားကြီးသူကို အမြစ်ပြတ် ချေမှုန်းပစ်မယ်။’
တာ့ယန် အင်ပါယာ သိုင်းသမား သောင်းချီက အဆက်မပြတ် ပစ်ခတ်နေပြီး ကျည်ကတ်များကို အလျင်အမြန် လဲလှယ်နေကြ၏။ မြင်ကွင်းက အံ့ဩစရာ ကောင်းနေဆဲ ဖြစ်သည်။
ကျင်းဝူရွှမ်း၏ ခန္ဓာကိုယ် အတွင်းမှ အတွင်းအားများ ရူးသွပ်စွာ ပေါက်ကွဲထွက်လာပြီး စွမ်းအင် အကာအကွယ်လွှာ တစ်ခု ဖန်တီးလိုက်ကာ ကျည်ဆန်များ အားလုံးကို ပြန်လည် လွင့်စင်သွားစေ၏။
ဤမြင်ကွင်းသည် အလွန် အံ့မခန်းဖြစ်ပြီး သူမ၏ သိုင်းပညာသည်လည်း အလွန် အံ့မခန်း ဖြစ်၏။ သို့ပေမည့် သူမ၏ အတွင်းအားမှာ အကန့်အသတ် ရှိ၏။ မကြာမီ သူမ၏ အတွင်းအားများ ကုန်ခမ်းသွားသည်။
“ရွှီး... ရွှီး... ရွှီး... ရွှီး...”
ကျည်ဆန် ဆယ်ဂဏန်းခန့်သည် သူမ၏ ခန္ဓာကိုယ် အတွင်းသို့ ဝင်ရောက်သွားသည်။ သွေးများ ပန်းထွက်လာပြီး သူမ၏ ခန္ဓာကိုယ်လေး လွင့်စင်သွားကာ မြေကြီးပေါ်တွင် မလှုပ်မယှက် လဲကျသွား၏။
‘ခင်ဗျားက ထိပ်တန်း သိုင်းသမား တစ်ယောက် ဖြစ်နေရင်တောင် အတွင်းအားတွေ ကုန်ခမ်းသွားတဲ့ အခိုက်အတန့်မှာ ခင်ဗျားကို ဖျက်ဆီးဖို့ ကျည်ဆန် တစ်တောင့်ပဲ လိုအပ်ပါတယ်။’
တာ့ယန် အင်ပါယာ၏ စစ်သည်များသည် တောင်ပိုင်းခံတပ်ကြီးကို လုံးဝ သိမ်းပိုက်နိုင်ခဲ့ပြီး ယာကျိုးမြို့ဟု အမည်ပေးလိုက်သည်။
ကျင်းဝူရွှမ်း၏ ပိုင်နက်သည် တောင်ပိုင်းပြည်နယ် တစ်ခုလုံးဖြစ်ပြီး စီးမိသားစု ကျွန်းဆွယ်နှင့်ပါ ပေါင်းလိုက်လျှင် စုစုပေါင်း ပြည်နယ် ငါးခု ရှိ၏။
နောက်ပိုင်းတိုက်ပွဲများမှာ ပြောစရာပင် မရှိတော့ပေ။ တာ့ယန် အင်ပါယာ၏ စစ်သည် သိန်းချီသည် တောက်လျှောက် တိုက်ခိုက် သိမ်းပိုက်သွားပြီး တစ်လပင် မကြာသော အချိန်အတွင်း တောင်ပိုင်းပြည်နယ် တစ်ခုလုံးကို လုံးဝ သိမ်းပိုက်နိုင်ခဲ့သည်။
စတုရန်း ကီလိုမီတာ တစ်သန်း သုံးသိန်း ကျယ်ဝန်းသော နယ်မြေသည် တာ့ယန် အင်ပါယာ၏ နယ်မြေသစ် ဖြစ်လာခဲ့၏။
ဤစစ်ပွဲကြီး လုံးဝ ပြီးဆုံးသွားပြီဖြစ်သည်။
တာရှန်းမိစ္ဆာနိုင်ငံ၏ စစ်သည် သိန်းချီကို အမြစ်ပြတ် ချေမှုန်းနိုင်ခဲ့ပြီး မိမိတို့၏ အသေအပျောက်မှာ ခုနစ်သောင်းကျော် ရှိခဲ့၏။
ဤအသေအပျောက်က ယွင်ကျုံးဟဲ့ကို အလွန် နှလုံးနာကျင်စေခဲ့၏။ ဤသည်မှာလည်း သူက ကျင်းဝူရွှမ်းကို လက်မခံချင်ရသည့် အကြောင်းရင်းပင် ဖြစ်သည်။
စစ်ပွဲ တစ်ခုလုံးတွင် အစပိုင်း၌ တာ့ယန် အင်ပါယာ စစ်တပ်များသည် အသေအပျောက် သိပ်မရှိခဲ့သော်လည်း ထိုအသွင်ပြောင်း လင်းနို့ သိန်းချီ၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရသောကြောင့် သောင်းချီသော အသေအပျောက် ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။ ဤအသေအပျောက် သောင်းချီကြောင့် ယွင်ကျုံးဟဲ့၏ အတွင်းစိတ်သည် အလွန် ဖိနှိပ်ခံနေရ၏။
အရှေ့ဘက်သို့ စစ်ချီသည်မှာ တစ်နှစ် ရှိသွားပြီဖြစ်ပြီး တောင်ပိုင်းပြည်နယ်ကို တိုက်ခိုက် သိမ်းပိုက်ရုံ ရှိသေးသော်လည်း တာ့ယန် အင်ပါယာတွင် အသေအပျောက် တစ်သိန်းနီးပါး ရှိနေပြီ ဖြစ်သည်။
ဤကျဆုံးစာရင်းများ အင်ပါယာ ပြည်တွင်းသို့ ရောက်ရှိသွားချိန်၌ သူတို့၏ မိဘများ မည်မျှ ဝမ်းနည်းကြမည်နည်း။
နောက်ပိုင်း လအနည်းငယ် အတွင်းတွင် ကြီးမားသော စစ်ပွဲများ ရှိတော့မည် မဟုတ်ပေ။ အဘယ်ကြောင့် ဆိုသော် တောင်ပိုင်းပြည်နယ် စစ်ပွဲတွင် တာ့ယန် အင်ပါယာသည် ခဲယမ်းများ အလွန်အကျွံ အသုံးပြုခဲ့ရ သောကြောင့် ဖြစ်သည်။
စစ်တပ်၏ စိတ်ဓာတ်သည် တက်ကြွနေသော်လည်း လက်နက် ကိရိယာများကို ဖြည့်တင်းရန်နှင့် အနားယူရန် လိုအပ်၏။
ထို့အပြင် ဤသည်မှာ ယဉ်ကျေးမှု စစ်ပွဲ ဖြစ်သောကြောင့် နောက်ပိုင်းအချိန်များတွင် တောင်ပိုင်းပြည်နယ်ကို တည်ဆောက်ရမှာ ဖြစ်သည်။
ထို့အတူ ဤနေရာရှိ လူသန်းဆယ်ဂဏန်းကို စည်းရုံးရမည်ဖြစ်ကာ မြောက်ဘက်ရှိ တာရှန်းမိစ္ဆာနိုင်ငံသို့ တိုးတက်သော ယဉ်ကျေးမှု၏ ဆွဲဆောင်နိုင်စွမ်းကို ပြသရမှာ ဖြစ်သည်။ လောက တစ်ခွင်ရှိ ပြည်သူ သန်းရာချီကို ကိုယ်တိုင် ရွေးချယ်ခွင့် ပေးရမှာဖြစ်၏။
ထို့ကြောင့် ခမ်းနား ကြီးကျယ်သော တည်ဆောက်ရေး လှိုင်းလုံးကြီးများ၊ ကုန်ထုတ်လုပ်မှု လှိုင်းလုံးကြီးများ စတင်လာတော့သည်။
တောင်ပိုင်းပြည်နယ်၏ လယ်ယာမြေများသည် အလွန် မြေသြဇာ ကောင်းမွန်ပြီး မြေနေရာ ကျယ်ဝန်း သောကြောင့် တစ်နှစ်လျှင် သုံးသီးစား စိုက်ပျိုး၍ ရနိုင်၏။
မြေဩဇာသင်္ဘော တစ်စင်းပြီးတစ်စင်း ရောက်ရှိလာပြီး အသစ်စက်စက် မျိုးစေ့များလည်း ရောက်ရှိလာသည်။
တောင်ပိုင်းပြည်နယ်မှ ပြည်သူများသည် ပထမဆုံးအကြိမ် အနေဖြင့် ကိုယ်ပိုင် လယ်ယာမြေများကို ခွဲဝေ ရရှိခဲ့ကြပြီး မြေယာ ပိုင်ဆိုင်မှု စာချုပ်များပေါ်တွင် ရှင်းလင်းစွာ ရေးသားထား၏။
အင်ပါယာ စစ်သည်များသည်လည်း အချိန်ဖယ်ပေးကာ တောင်ပိုင်းပြည်နယ်မှ နိုင်ငံသားများနှင့်အတူ လယ်ထွန်ကြပြီး အတူတကွ မျိုးစေ့ချကြသည်။
ထို့အပြင် တောင်ပိုင်းပြည်နယ်တွင် အဝေးပြေး လမ်းမကြီးများကို စတင် ဖောက်လုပ်ကြပြီး အလုပ်ရုံများကို တည်ဆောက်ကြ၏။
တစ်ချိန်တည်းမှာပဲ အင်ပါယာ ပြည်တွင်းတွင် တည်ဆောက် ပြီးစီးသွားသော စတုတ္ထမြောက်၊ ပဉ္စမမြောက် စစ်သင်္ဘောကြီးများလည်း ရောက်ရှိလာသည်။
အရေးအကြီးဆုံးမှာ အမြောက်များ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် နောက်ဆက်တွဲ တိုက်ခိုက်ရမည့် နေရာများ အားလုံးမှာ ကုန်းတွင်းပိုင်းမြို့များ ဖြစ်ကြသောကြောင့် ရေယာဉ်စု၏ ပစ်ခတ်နိုင်သည့် အကွာအဝေး အတွင်းတွင် အခြေခံအားဖြင့် မရှိတော့သောကြောင့်ပင်။
ထို့ကြောင့် ပြောင်းဝကြီးသော အမြောက်များ၊ အမြောက်ကြီးများ၊ ဟောင်ဝစ်ဇာများ၊ စက်သေနတ်များ အမြောက်အမြား လိုအပ်သည်။
ထို့အပြင် အလွန် အရေးကြီးသော လက်နက် တစ်ခုလည်း ရှိသေးပြီး ထိုအရာမှာ တာရှန်းမိစ္ဆာနိုင်ငံ၏ ဝေဟင် အသွင်ပြောင်း စစ်တပ်များကို ရင်ဆိုင်ရန် ဖြစ်၏။
ထိုအသွင်ပြောင်းလင်းနို့ သိန်းချီမှာ အလွန် ကြောက်စရာ ကောင်းလွန်းပြီး အင်ပါယာ စစ်သည် သောင်းချီကို သတ်ဖြတ်ပစ်ခဲ့ရာ ယွင်ကျုံးဟဲ့ အနေဖြင့် ဤမြင်ကွင်းမျိုး ထပ်မံ ဖြစ်ပေါ်လာမည်ကို လုံးဝ မလိုလားတော့ပေ။
ထို့အပြင် သူသည် ဘုရင် တစ်ပါး အနေဖြင့် အကြိမ်တိုင်း စစ်တပ်နှင့်အတူ စစ်မြေပြင်သို့ လိုက်ပါသွားနိုင်မည် မဟုတ်ပေ။ ဤအသွင်ပြောင်း လင်းနို့များနှင့် ထပ်မံ တွေ့ဆုံပါက မည်သို့ လုပ်မည်နည်း။ အလွန် ထူးခြားသော လက်နက် တစ်မျိုး လိုအပ်သည်။
ထို့ကြောင့် ယွင်ကျုံးဟဲ့သည် ဧရာမ လျှပ်စစ် လက်နက်ကို ဒီဇိုင်းဆွဲခဲ့သည်။ ပို၍ ပွင့်ပွင့်လင်းလင်း ပြောရလျှင် ဧရာမ တက်စလာကွိုင်များကို လေသင်္ဘောများပေါ်တွင် တပ်ဆင်ရန်ဖြစ်ပြီး သေချာပေါက် အတူတကွ တပ်ဆင်ရမည်မှာ ဧရာမ လျှပ်စစ်ထုတ်စက်များပင် ဖြစ်၏။
ဤကဲ့သို့ ကြီးမားသော အသွင်ပြောင်း လင်းနို့များနှင့် ထပ်မံ တွေ့ဆုံရပါက တက်စလာကွိုင်များက အံ့ဩစရာ ကောင်းသော လျှပ်စစ်များကို ထုတ်လွှတ်ပေးနိုင်မည်ဖြစ်ပြီး ဤကဲ့သို့ ကြိုးမဲ့ လျှပ်စစ် ထုတ်လွှတ်မှု သည်လည်း အခြေခံအားဖြင့် ၃၆၀ ဒီဂရီထောင့်ကို မလွတ်တမ်း ပစ်ခတ်နိုင်သည်။
ရုပ်မြင်သံကြားများပေါ်တွင် မြင်တွေ့ရသော တက်စလာကွိုင်များကြောင့် ဖြစ်ပေါ်လာသည့် ကြိုးမဲ့ လျှပ်စစ် ထုတ်လွှတ်မှုများသည် စွမ်းအား သိပ်မပြင်းထန်သလို လူကို ဓာတ်လိုက် မသေစေနိုင်သကဲ့သို့ ထင်ရ၏။
သို့ပေမည့် စွမ်းအားကို တိုးမြှင့်လိုက်ရုံဖြင့် သတ်ဖြတ်နိုင်စွမ်းမှာလည်း အံ့မခန်း ဖြစ်လာမှာဖြစ်ပြီး ထိုအသွင်ပြောင်း လင်းနို့များ လုံးဝ ခံနိုင်ရည် ရှိမည် မဟုတ်ပေ။
အချိန်များ ရေလို စီးဆင်းပြီး နေ့ရက်များ မြန်ဆန်စွာ ကုန်ဆုံးသွားကာ နောက်ထပ် လအနည်းငယ် ကုန်လွန် သွားခဲ့ပြန်သည်။
တောင်ပိုင်းပြည်နယ်၏ စပါးများသည် တစ်ခါမှ မရှိဖူးလောက်အောင် အထွက်နှုန်း ကောင်းမွန်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် မြေဆီလွှာကို ပြုပြင်မွမ်းမံထားပြီး ဓာတ်မြေဩဇာများကို အသုံးပြုထားကာ အသစ်စက်စက် မျိုးစေ့များကို အသုံးပြုထားသောကြောင့် တစ်ဧကလျှင် အထွက်နှုန်း ပေါင် ခြောက်ရာကျော် အထိ ရောက်ရှိခဲ့၏။
ဤအထွက်နှုန်းက လူတိုင်းကို အံ့ဩမှင်တက်သွားစေခဲ့ပြီး လုံးဝ နှစ်ဆ တိုးသွားခြင်းပင် ဖြစ်သည်။ တောင်ပိုင်းပြည်နယ်မှ ပြည်သူများသည် တစ်သက်လုံး စပါးစိုက်လာခဲ့ကြသော်လည်း ဤကဲ့သို့ အံ့မခန်း အထွက်နှုန်းမျိုး တစ်ခါမှ မရှိခဲ့ဖူးပေ။
‘ဒါက ဘယ်လောက်မှ မရှိသေးဘူး။ မျိုးစေ့တွေကို ထပ်ပြီး ပြုပြင်မွမ်းမံလိုက်ရင် တစ်ဧက အထွက်နှုန်း ပေါင် တစ်ထောင် ကျော်သွားအုံးမှာပဲ။’
တောင်ပိုင်းပြည်နယ်တွင် စုစုပေါင်း လယ်ယာမြေ ဧက သုံးသန်းကျော် ရှိပြီး အဆက်မပြတ် ဖော်ထုတ်နေဆဲ ဖြစ်ရာ ဤစပါးရာသီ တစ်ခုတည်း၏ အထွက်နှုန်းမှာပင် ပေါင် ဘီလီယံ နှစ်ဆယ်ကျော် ရှိသည်။
တောင်ပိုင်းပြည်နယ် ပြည်သူများသည် ထက်ဝက်ကို စားနပ်ရိက္ခာအဖြစ် ချန်ထားခဲ့ပြီး ကျန်ထက်ဝက် ကိုတော့ ကောင်းမွန်သော ဈေးနှုန်းဖြင့် တာ့ယန် အင်ပါယာ စပါးကျီသို့ ရောင်းချခဲ့ကြ၏။
ရလဒ် အနေဖြင့် ယခုအခါ ပြဿနာ တစ်ခုနှင့် ရင်ဆိုင်နေရသည်။ တာ့ယန် အင်ပါယာ အနေဖြင့် ပြည်တွင်းမှ စားနပ်ရိက္ခာများ သယ်ယူပို့ဆောင်လာရန် မလိုအပ်တော့ဘဲ လူသန်းဂဏန်းခန့် စား၍ပင် မကုန်နိုင်တော့ပေ။ စားနပ်ရိက္ခာ သိုလှောင်ရုံ အများအပြားကို မဖြစ်မနေ တည်ဆောက်ရတော့သည်။