အခန်း ၈၅၈
Vol. 72 Ch. 858
အပိုင်း (၈၅၈)
တောင်ပိုင်းပြည်နယ် ကျဆုံးသွားသည်မှာ လအနည်းငယ် ကြာမြင့်သွားပြီ ဖြစ်သော်လည်း တာရှန်း မိစ္ဆာနိုင်ငံ၏ အထက်တန်းလွှာများသည် မည်သည့် တုံ့ပြန်မှုမှ မရှိသကဲ့သို့ ဖြစ်နေသည်။
လာရောက် တိုက်ခိုက်မည့် စစ်တပ်ကြီး မရှိသလို မြေပြင်ပေါ်တွင်ဖြစ်စေ၊ ပင်လယ်ပြင်ပေါ်တွင်ဖြစ်စေ တာရှန်းမိစ္ဆာနိုင်ငံ၏ စစ်တပ်ကို မတွေ့ရပေ။ ဤအရာများ အားလုံးက မဖြစ်ပျက်ခဲ့သလိုမျိုးပင်။
လအနည်းငယ်အတွင်းမှာ တောင်ပိုင်းပြည်နယ် ဧရာမ ခံတပ်ကြီးကို တည်ဆောက် ပြီးစီးသွားပြီဖြစ်ပြီး သွားအထိ လက်နက် အပြည့်အစုံ တပ်ဆင်ထားပြီးပြီ ဖြစ်သည်။
ယွင်ပြည်နယ်၏ စစ်တပ်ကြီးကလည်း တောင်ပိုင်းပြည်နယ်ကို အဆက်မပြတ် ဆင်းသက်လာခဲ့ကြပြီဖြစ်ပြီး ယခုအခါ တောင်ပိုင်းပြည်နယ် တစ်ခုလုံးရှိ စစ်သည် အရေအတွက်မှာ ခုနစ်သိန်းကျော် ရှိနေပြီ ဖြစ်သည်။ အရှေ့တိုင်း တိုက်ကြီးပေါ်ရှိ တာ့ယန် အင်ပါယာ စစ်သည် အရေအတွက်မှာမူ တစ်သန်း နှစ်သိန်းကျော် ရှိနေပြီ ဖြစ်၏။
ထို့အပြင် တောင်ပိုင်းပြည်နယ်၏ မြောက်ဘက် ကာကွယ်ရေးလိုင်းများကိုပင် တည်ဆောက် ပြီးစီးလုနီးပါး ဖြစ်နေပြီ ဖြစ်၏။ နောက်ဆက်တွဲ အနေဖြင့် တာ့ယန် အင်ပါယာသည် ဒုတိယမြောက် တိုက်ပွဲကြီးကို စတင် ပြင်ဆင်နေပြီ ဖြစ်သည်။
ဒုတိယ တိုက်ပွဲအတွက် လားရာ နှစ်ခု ရှိသည်။ ပထမလားရာမှာ မြောက်ဘက်သို့ စစ်ချီခြင်း ဖြစ်ပြီး တောက်လျှောက် တိုက်ခိုက်သွားကာ ယခင် တာ့ကျိုး အင်ပါယာ၏ နယ်မြေ အားလုံးကို ပြန်လည် သိမ်းပိုက်ရန် ဖြစ်၏။
ဒုတိယလားရာမှာ ဧရာမ ရေတိုက်ပွဲကြီးဖြစ်ပြီး ပိုင်ယင်မြို့ကို ဝင်ရောက် တိုက်ခိုက်ရန် ဖြစ်သည်။ တာရှန်းမိစ္ဆာနိုင်ငံ၏ ရေတပ် အခြေစိုက် စခန်းမှာ ပိုင်ယင်မြို့တွင် ရှိပြီး ထိုနေရာသည်သာ သူတို့၏ ရေတပ် အဓိက အင်အားစု ရှိရာ နေရာ ဖြစ်သည်။
အကန့်အသတ်ရှိသော သတင်းအချက်အလက်များအရ တာရှန်းမိစ္ဆာနိုင်ငံ၏ သတ္တုတွင်းများ၊ ရွှေ၊ ငွေ အားလုံးသည် ရွှေရောင်တိုက်ကြီးမှ လာခြင်း ဖြစ်ကြောင်း သိရ၏။
ပိုင်ယင်မြို့၏ အဓိက ရေတပ် အင်အားစုကို အမြစ်ပြတ် ချေမှုန်းနိုင်သည်နှင့် တပြိုင်နက် ရွှေရောင်တိုက်ကြီးနှင့် တာရှန်းမိစ္ဆာနိုင်ငံပြည်တွင်းတို့၏ အဆက်အသွယ်ကို ဖြတ်တောက်နိုင်မှာဖြစ်သည်။
သံမဏိ၊ ရွှေ၊ ငွေ စသည်တို့ကို ဆုံးရှုံးသွားပါက တာရှန်းမိစ္ဆာနိုင်ငံ၏ နိုင်ငံ အင်အားသည်လည်း အလွန်အမင်း ကျဆင်းသွားပေလိမ့်မည်။
ထို့အပြင် ရေကြောင်း စိုးမိုးမှု အားလုံးကို ရယူပြီးသည်နှင့် တပြိုင်နက် နောက်ဆက်တွဲ အနေဖြင့် တာ့ယန် အင်ပါယာ၏ ရေတပ်သည် တာရှန်းမိစ္ဆာနိုင်ငံ၏ မည်သည့် ကမ်းရိုးတန်းမြို့ကိုမဆို ဝင်ရောက် တိုက်ခိုက်နိုင်မှာဖြစ်ပြီး စစ်တပ်ကြီးကို စစ်သင်္ဘောများမှတစ်ဆင့် မည်သည့် နေရာသို့မဆို ပို့ဆောင်နိုင်မှာ ဖြစ်သည်။
ထို့ကြောင့် အစည်းအဝေး အကြိမ်အနည်းငယ် ပြုလုပ်ပြီးနောက် နောက်ဆက်တွဲ မဟာဗျူဟာ အစီအစဉ်ကို အကြမ်းဖျင်း အတည်ပြုနိုင်ခဲ့သည်။ ပိုင်ယင်မြို့ကို တိုက်ခိုက်မည်။
ယွင်ကျုံးဟဲ့၏ ခေါင်းထဲတွင် ပိုင်ဖေးဖေး၊ ပိုင်ယင်မြို့စားနှင့် လီဟွာမေ တို့၏ ပုံရိပ်များ အလိုအလျောက် ပေါ်လာသည်။
ယခင်က အချိန်အတော်ကြာသည်အထိ ပိုင်ယင်မြို့သည်သာ တာရှန်းမိစ္ဆာနိုင်ငံ၏ ဗဟိုချက် ဖြစ်ခဲ့သည်။ တာယင်ဧကရာဇ်က ပိုင်ယင်မြို့စားကို အနိုင်ယူပြီးနောက်တွင် ပိုင်ယင်မြို့သည် တာရှန်းမိစ္ဆာနိုင်ငံ၏ ဒုတိယ ဗဟိုချက် ဖြစ်လာခဲ့၏။
ယွင်ကျုံးဟဲ့နှင့် ပိုင်ဖေးဖေး တို့သည် နှစ်ကြိမ် တွေ့ဆုံဖူးသော်လည်း လူနှစ်ဦး၏ ဆက်ဆံရေးမှာ လုံးဝ မဖြူစင်တော့ပေ။
သူနှင့် ပိုင်ယင်မြို့စား တို့သည် တစ်ကြိမ်သာ တွေ့ဆုံဖူးသည်။ ပိုင်ကုသည် ယခင်က တာရှန်းမိစ္ဆာနိုင်ငံ၏ အမြင့်ဆုံး ဘုရင် ဖြစ်ခဲ့သော်လည်း တာယင် ဧကရာဇ် ထံတွင် ရှုံးနိမ့်သွားခဲ့ရာ သူ၏ စိတ်ထဲတွင် မည်သို့ ခံစားနေရမည်ကို မသိနိုင်ချေ။
နောက်ဆက်တွဲ အနေဖြင့် တာ့ယန် အင်ပါယာ၏ အရာအားလုံးသည် နောက်ထပ် တိုက်ပွဲကြီး တစ်ခုအတွက် ဝန်ဆောင်မှု ပေးနေသည်။ မဟာဗျူဟာ၊ စစ်ဗျူဟာများ အားလုံး အတည်ပြုပြီးစီးသွားပြီ ဖြစ်၏။
စစ်ရေး ယန္တရား တစ်ခုလုံး ထပ်မံ လည်ပတ်လာပြန်သည်။
သို့ပေမည့် အင်ပါယာ ပြည်တွင်းမှသည် အရှေ့တိုင်းအထိ လှိုင်းလုံးကြီး တစ်ခု ထပ်မံ ထွက်ပေါ်လာပြန်သည်။ ထိုလှိုင်းလုံးမှာ ယွင်ကျုံးဟဲ့ကို ဧကရာဇ် အဖြစ် တင်မြှောက်ရန် တောင်းဆိုခြင်း ဖြစ်၏။
အဘယ်ကြောင့်ဆိုသော် စစ်ပွဲ၏ အရွယ်အစားမှာ ထင်ထားသည်ထက် ပိုမို ကြီးမားနေပြီး ယွင်ကျုံးဟဲ့ သည်လည်း လူတိုင်း ထင်မှတ်ထားသည်ထက် ပိုမို ကရုဏာကြီးပြီး တရားမျှတကာ ပိုမို အင်အားကြီးမားနေ သောကြောင့် ဖြစ်သည်။
ထို့ကြောင့် လူတိုင်းက ယွင်ကျုံးဟဲ့ ဧကရာဇ် ဖြစ်လာခြင်းသည် နောက်ဆက်တွဲ စစ်ရေး အခြေအနေများ အတွက် အကျိုးရှိမည်ဟု ထင်မြင်ကြ၏။
အထူးသဖြင့် အရှေ့တိုင်း ပြည်တွင်းရှိ ပြည်သူများ၏ သစ္စာရှိမှုကို ရရှိရန် ပိုအကျိုးရှိ၏။ အဘယ်ကြောင့် ဆိုသော် သူတို့တွင် အမြဲတမ်း ဧကရာဇ်များ ရှိခဲ့ပြီး ယွင်ကျုံးဟဲ့က အရှေ့တိုင်း ဇာတိမြေကို တိုက်ခိုက် သိမ်းပိုက်ပြီးနောက် ပြည်သူသန်းရာချီကို ဘုရင် တစ်ပါးထံတွင် သစ္စာခံခိုင်းခြင်းက ထူးဆန်းနေသကဲ့သို့ ခံစားရသောကြောင့်ပင်။
ယွင်ကျုံးဟဲ့က ထပ်မံ ငြင်းပယ်လိုက်ပြန်၏။ အဘယ်ကြောင့်ဆိုသော် အချိန် မရောက်သေးသလို သူ ရရှိထားသော အောင်ပွဲကလည်း မကြီးမားသေးဘူးဟု ထင်မြင်သောကြောင့် ဖြစ်သည်။
ထိုနေ့တွင် ယွင်ကျုံးဟဲ့သည် လယ်ယာမြေများကို စစ်ဆေးနေသည်။ စိမ်းလန်းစိုပြည်နေသော စပါးခင်း များသည် မျက်စိတစ်ဆုံး ပြည့်နှက်နေ၏။
ယွင်ကျုံးဟဲ့ မြင်းကို အပြင်းနှင်နေပြီး သမီးဖြစ်သူ ကျင်းချွဲက အနောက်မှ လိုက်ပါလာကာ လမ်းတစ်လျှောက်လုံး ပျော်ရွှင်စွာ ရယ်မောနေကြသည်။
နောက်ထပ် သတင်းကောင်း တစ်ခု ရှိသေးသည်။ သားဖြစ်သူ ကျင်းဟူ၊ ကျင်းဝူပင်း တို့အားလုံး ပြန်လာတော့မှာဖြစ်၏။
အနည်းငယ် လောနေသည်ဟု ထင်စရာပင်။ အဘယ်ကြောင့်ဆိုသော် ယွင်ကျုံးဟဲ့သည် လူသူကင်းမဲ့သော နေရာ၏ ဇာတိမြေကို ပြန်လည် မသိမ်းပိုက်နိုင်သေးသော်လည်း သူတို့ အားလုံး အိမ်ပြန်ချင်စိတ် လောနေကြပြီဖြစ်သည်။
အချိန် အတော်ကြာ ပြေးလွှားပြီးနောက် လူနှစ်ဦးသည် အမြန်နှုန်းကို လျှော့ချလိုက်၏။
“ချွဲအာ... သမီး ကျင်းဝူရွှမ်းကို မှတ်မိသေးလား။” ယွင်ကျုံးဟဲ့က ရုတ်တရက် မေးလိုက်သည်။
ကျင်းချွဲက ခဏမျှ တိတ်ဆိတ်သွားသည်။ ထိုအချိန်က ရိုလန်ဘုရင်နိုင်ငံတွင် ကျင်းဝူရွှမ်းနှင့် ဤအမြွှာ သားသမီး နှစ်ယောက်တို့၏ ဆက်ဆံရေးမှာ အလွန် ရင်းနှီးခဲ့ပြီး နှစ်အတော်ကြာ အတူတူ ရှိနေခဲ့ကြ၏။
ထိုအချိန်က ချွဲအာ သည် အသက် လေးငါးနှစ်ခန့်သာ ရှိသေးသောကြောင့် ထိုအချိန်က မှတ်ဉာဏ်များ ရှိမည် မဟုတ်ဟု ထင်မိသည်။
“မှတ်မိတယ်။”
ကျင်းချွဲ က ပြောလိုက်၏။ “သူက သမီးကို အရမ်း ချစ်တယ်၊ မောင်လေးကိုလည်း အရမ်း ချစ်တယ်။ တချို့ အချိန်တွေမှာ သမီးတို့ကို စောင့်ရှောက်ပေးတာက အမေ့ထက်တောင် ပိုပြီး အသေးစိတ် ကျသေးတယ်။”
ထိုမျှမက ကျင်းဝူရွှမ်းသည် ကျင်းကျုံးယွဲ့ အတွက် တာ့ရှီ အင်ပါယာ၏ ဧကရာဇ် အဘိုးကြီးကိုပင် သွားရောက် လက်ထပ်ရန် ရည်ရွယ်ခဲ့သေးသည်။
သူမသည် ယခင်က စိတ်ခံစားမှုများ ပြည့်နှက်နေခဲ့သူ ဖြစ်သော်လည်း အသွင်ပြောင်းမှု အကြိမ်ကြိမ် ပြီးနောက် သူမသည် အာဏာနှင့် အင်အား၏ စက်ရုပ် တစ်ရုပ်အဖြစ် ပြောင်းလဲသွားသကဲ့သို့ပင်။ တာရှန်းမိစ္ဆာနိုင်ငံသည် လူတိုင်းကို အေးစက်သော စက်ရုပ်များ အဖြစ် ပြောင်းလဲပစ်နိုင်စွမ်း ရှိလို့နေ၏။
သေမင်းက ထာဝရ ရှင်သန်ခြင်း၊ နုဧကရာဇ်၏ အနက်ရောင် ကျမ်းစာ၊ အမှောင် အသွင်ပြောင်းခြင်း စသည်တို့ အားလုံးသည် လူမဆန်သော အရာများ ဖြစ်ကြသည်။
အင်အားကြီးမားမှုကို လိုက်စားခြင်းသည်သာ တန်ဖိုးကို တိုင်းတာသည့် တစ်ခုတည်းသော စံနှုန်း ဖြစ်လာချိန်မှာတော့ နိုင်ငံသည် အေးစက်ပြီး မည်သည့် နွေးထွေးမှုမှ မရှိတော့သည်မှာ သေချာ၏။
“အဖေ... လူတွေနဲ့ လူတွေကြားမှာ ရေစက် ဆိုတာ ရှိပါတယ်။ တချို့လူတွေက အဖေ့ကို အချိန် အတိုင်းအတာ တစ်ခုအထိပဲ အဖော်ပြုပေးနိုင်ပြီး တချို့လူတွေကတော့ တစ်သက်လုံး အဖော်ပြု ပေးနိုင်ပါတယ်။”
ကျင်းချွဲက ပြောလိုက်သည်။ “သမီးနဲ့ ဒေါ်လေး ကျင်းဝူရွှမ်းနဲ့က အချိန် အတိုင်းအတာ တစ်ခုအထိပဲ ရေစက် ရှိခဲ့တာ ဖြစ်နိုင်ပါတယ်။”
ယွင်ကျုံးဟဲ့က သူမ၏ ခေါင်းလေးကို ပွတ်သပ်ပေးလိုက်၏။
ထိုအချိန်မှာပဲ မြင်းစီးသူရဲ တစ်ဖွဲ့ အပြေးအလွှား ရောက်လာသည်။ “အရှင်... အရေးကြီးတဲ့ ကိစ္စ ရှိလို့ အရှင် နန်းတော်ကို ပြန်ကြွပါလို့ တောင်းဆိုပါတယ်။”
ယွင်ကျုံးဟဲ့ ခေါင်းညိတ်လိုက်ပြီးနောက် ဦးတည်ရာ ပြောင်းကာ အနီးဆုံး အခြေစိုက်စခန်း တစ်ခုဆီသို့ ရူးသွပ်စွာ ပြေးသွားပြီး ထိုနေရာမှ လေသင်္ဘော စီးကာ နန်းတော်ဆီသို့ ထွက်ခွာသွား၏။
နန်းတော်သို့ ရောက်ရှိပြီးနောက် တစ်နည်းအားဖြင့် စီးမိသားစု ကျွန်းဆွယ်ရှိ ဧရာမ ခံတပ်ကြီး အတွင်းသို့ ရောက်ရှိပြီးနောက်...
ယွင်ကျုံးဟဲ့သည် မိတ်ဟောင်းဆွေဟောင်း တစ်ဦးဖြစ်သော တာရှန်းမိစ္ဆာနိုင်ငံ ချင်ဝမ် ကိုးယောက်ထဲမှ တစ်ဦးဖြစ်သည့် အနက်ရောင်ဘုရင် ကျိုး၏ အထူး ကိုယ်စားလှယ် လင်ကုန်းကို တွေ့မြင်လိုက်ရသည်။
ဤသူသည် တကယ့် မိတ်ဟောင်းဆွေဟောင်း ဖြစ်ပြီး သူတို့နှစ်ဦး အချိန် အကြာကြီး ဆက်ဆံခဲ့ဖူးသည်။ ဤသူသည် ယွင်ကျုံးဟဲ့ မြင်ဖူးသမျှထဲတွင် အကောက်ကျစ်ဆုံးနှင့် အကြံအစည် အများဆုံးသူ ဖြစ်၏။
ယခင်က အချိန် အတော်ကြာသည်အထိ သူသည် ယွင်ကျုံးဟဲ့၏ အကြီးမားဆုံး ပြိုင်ဘက် ဖြစ်ခဲ့ပြီး ဧကရာဇ် အဆက်ဆက်ကို ဖြတ်သန်းခဲ့သော်လည်း အမြဲတမ်း မပြိုလဲခဲ့သူဖြစ်ရာ ဤလူက တကယ်ကို တော်လွန်း လှသည်။
လင်ကုန်း လည်း ယွင်ကျုံးဟဲ့ကို မြင်ချိန်မှာတော့ အမှတ်ရစရာများ များပြားနေပြီး စိတ်လှုပ်ရှားနေပုံ ရ၏။
“အမတ်ကြီး လင်ကုန်း... မတွေ့ရတာ ကြာပြီနော်။ ” ယွင်ကျုံးဟဲ့က တည်ငြိမ်စွာ ပြောလိုက်သည်။
“ပြည်ပအမတ် လင်ကုန်း... အရှင်မင်းကြီးကို အရိုအသေပေးပါတယ်။”
လင်ကုန်းက ဒူးထောက်လိုက်ပြီး အက်ကွဲသော အသံဖြင့် ပြောလိုက်၏။ “မတွေ့ရတာ ကြာပါပြီ။”
ယခင် ကျင်းဝူရွှမ်းကို တွေ့ဆုံစဉ်က လင်ကုန်း သည် တည်ငြိမ်ပြီး မာနကြီးခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူသည် ဘုရင်၏ အထူး ကိုယ်စားလှယ် ဖြစ်သောကြောင့်ပင်။ သို့ပေမည့် ယခု ယွင်ကျုံးဟဲ့ကို ရင်ဆိုင်ရာတွင်မူ သူ ဒူးထောက်လိုက်ဆဲ ဖြစ်သည်။
ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “အမတ်ကြီး လင်ကုန်း... အိုသွားပြီပဲ။”
လင်ကုန်းက တုန်ယင်စွာဖြင့် ပြောလိုက်သည်။ “အရှင်မင်းကြီးကတော့ အရမ်းကို ခန့်ညားပြီး အရင်ကထက် အများကြီး သာလွန်နေပါတယ်။ ပြည်ပအမတ် အရမ်းကို ကြည်ညိုမိပါတယ်။”
သူ၏ စိတ်ထဲတွင် အဆုံးအစမရှိသော နာကျင်မှုများ ပြည့်နှက်နေပြီး ထပ်မံ၍ သက်ပြင်းချလိုက်မိပြန်သည်။ ယခင်က သူသည် ဧကရာဇ် လက်အောက်တွင် အယုံကြည်ရဆုံး ဝန်ကြီးချုပ် ဖြစ်ခဲ့ပြီး တာ့ကျိုး အင်ပါယာ၏ ပထမဆုံး အာဏာပိုင် အမတ်ကြီးဟုပင် ခေါ်ဆိုနိုင်၏။
သို့ပေမည့် အခြေအနေများ ပြောင်းလဲလာမှုနှင့်အတူ သူ၏ အာဏာမှာ ပို၍ ပို၍ သေးငယ်လာခဲ့၏။ သူ့တွင် နက်ရှိုင်းသော ခံစားချက် တစ်ခု ရှိ၏။ ထိုအရာမှာ သူ ခေတ်နောက်ကျသွားပြီ ဆိုသည့်အတွေးပင်။
သူ ကျွမ်းကျင်တတ်မြောက်သည်မှာ နိုင်ငံရေးအကွက်ဆင်မှုများပင် ဖြစ်သည်။ သို့ရာတွင် တာရှန်းမိစ္ဆာ နိုင်ငံ၌မူ နိုင်ငံရေးလှည့်ကွက်များသည် အရေးမပါလှဘဲ ခွန်အားအာဏာကသာလျှင် ပဓာနကျသည်။
ထိုသို့ဆိုလျှင် တာ့ယန်အင်ပါယာသစ်ဘက်တွင်မူ မည်သို့ရှိပါမည်နည်း။ ထိုနေရာတွင်လည်း နိုင်ငံရေး အကွက်ဆင်မှုများသည် အရေးမကြီးလှပေ။
အင်ပါယာ၏ အရာရှိများအားလုံးသည် ရူပဗေဒပညာရပ်ဆိုင်ရာ နောက်ခံရှိကြသူများဖြစ်ပြီး တာ့ယန် အင်ပါယာသည် ကုန်ထုတ်လုပ်မှုစွမ်းအား တည်ဆောက်ရေးကိုသာ အဓိကထား၍ အလေးပေး ဆောင်ရွက်သည်။
ယခုအချိန်တွင် လင်ကုန်း သည် တကယ်ကို အက်ကြောင်းများ ကြားတွင်သာ ရှင်သန်နေရသည်။ အကြောင်းမှာ မိသားစုကို ကာကွယ်ရန်နှင့် နေစရာ နေရာလေး တစ်ခု ရရှိရန်သာ ဖြစ်၏။
ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ခင်ဗျားမှာ ဘာကိစ္စ ရှိလို့လဲ။”
လင်ကုန်းက ဖြေလိုက်သည်။ “ကျုပ်က ဘုရင် ကိုယ်စား အရှင်မင်းကြီးကို တရားဝင် ဖိတ်ကြားပါတယ်။ သူ့ကို လာတွေ့ဖို့ပါ။”
“ဘုရင် ဟုတ်လား။”
ယွင်ကျုံးဟဲ့က မေးလိုက်၏။ “အနက်ရောင်ဘုရင် ကျိုး လား။”
လင်ကုန်းက ဖြေသည်။ “ဟုတ်ပါတယ် အရှင်မင်းကြီး။”
အနက်ရောင်ဘုရင် ကျိုး၊ တာရှန်းမိစ္ဆာနိုင်ငံ၏ ချင်ဝမ် ကိုးယောက်ထဲမှ တစ်ဦးဖြစ်ပြီး ယခင် တာ့ကျိုး အင်ပါယာ၏ နယ်မြေဖြစ်သော စတုရန်း ကီလိုမီတာ လေးသန်းကျော်နှင့် ပြည်သူ သန်းတစ်ရာနီးပါးကို အုပ်ချုပ်ထားသူ ဖြစ်၏။
ထို့အပြင် သူသည် အမြဲတမ်း အနက်ရောင် သံချပ်ကာ ဝတ်စုံကို ခြုံနေပြီး မျက်နှာအစစ်ကို တစ်ခါမှ မပြသခဲ့ဖူးပေ။
ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ဒီအနက်ရောင်ဘုရင် ကျိုး မျက်နှာကို ဘယ်သူမှ မမြင်ဖူးဘူးလား။”
“ဟုတ်ပါတယ် အရှင်မင်းကြီး။” လင်ကုန်းက ဖြေလိုက်၏။
ယွင်ကျုံးဟဲ့က ထပ်မေးသည်။ “ခင်ဗျား အပါအဝင်လား။”
လင်ကုန်းက ခေါင်းညိတ်လိုက်၏။ “ဟုတ်ပါတယ်။ ကျုပ် အပါအဝင် ဘယ်သူမှ ဘုရင်ကြီးရဲ့ မျက်နှာအစစ်ကို မမြင်ဖူးပါဘူး။”
ယွင်ကျုံးဟဲ့က မေးသည်။ “အနက်ရောင်ဘုရင် ကျိုး က ဘာလို့ ကျုပ်နဲ့ တွေ့ချင်ရတာလဲ။”
လင်ကုန်းက ဖြေ၏။ “အရှင်မင်းကြီး သွားရင် သိပါလိမ့်မယ်။”
ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ဘယ်လို တွေ့ရမှာလဲ။”
လင်ကုန်းက ဖြေလိုက်၏။ “နိုင်ငံနှစ်ခုရဲ့ နယ်စပ်မှာ စင်မြင့်နှစ်ခု တည်ဆောက်ပြီး မီတာ ဆယ်ဂဏန်း အကွာကနေ တွေ့ဆုံရမှာပါ။ အရှင်မင်းကြီးက လူသုံးဆယ် ခေါ်လာလို့ရပြီး ကျုပ်တို့ ဘုရင်ကြီးကလည်း လူသုံးဆယ်ပဲ ခေါ်လာပါလိမ့်မယ်။”
ယွင်ကျုံးဟဲ့က ငြင်းပယ်လိုက်သည်။ “ကျုပ်တို့ တာ့ယန် အင်ပါယာနဲ့ တာရှန်းမိစ္ဆာနိုင်ငံဟာ ယဉ်ကျေးမှု စစ်ပွဲ ဆင်နွှဲနေတာ ဖြစ်ပြီး လုံးဝ သဟဇာတ မဖြစ်နိုင်ပါဘူး။ တကယ်တော့ တွေ့ဆုံစရာ အကြောင်း ဘာမှ မရှိပါဘူး။”
လင်ကုန်းက တောင်းဆိုလိုက်၏။ “မဟုတ်ပါဘူး။ ဒီတစ်ခါ တွေ့ဆုံမှုက အရှင်မင်းကြီးအတွက် အရမ်း အရေးကြီးပါတယ်။ ကျေးဇူးပြုပြီး သေချာပေါက် သွားရောက်ပေးပါ။”
ယွင်ကျုံးဟဲ့ ခဏမျှ တိတ်ဆိတ်သွားပြီး ဖြစ်နိုင်ခြေ မျိုးစုံကို စဉ်းစားပြီးနောက် ခေါင်းညိတ်ကာ ပြောလိုက်သည်။ “ကောင်းပြီ။”
ထို့နောက် သူသည် မြေပုံ ရှေ့သို့ သွားကာ နေရာတစ်ခုကို လက်ညှိုးထိုးပြပြီး ဆက်ပြော၏။ “ကျုပ်နဲ့ ခင်ဗျားတို့ ဘုရင်ကြီး ဒီနေရာမှာ တွေ့မယ်။”
လင်ကုန်းက ပြောလိုက်သည်။ “ကောင်းပါပြီ။ ဒါဆို ပြည်ပအမတ်ကို ပြန်လည် ထွက်ခွာခွင့် ပြုပါ။ ကျုပ်တို့ ဘုရင်ကြီးဆီ ပြန်ပြီး သတင်းပို့လိုက်ပါ့မယ်။”
...........................