စစ်ပွဲ (၂)
Vol. 6 Ch. 288
ရိုစယ်လီယာက ဘေ့ဘောရိုက်တံကို လက်နှစ်ဖက်နဲ့ ကိုင်ရင်း အောက်တည့်တည့်မှာရှိနေတဲ့ သွေးစွန်း ဘုန်းတော်ကြီးကို ရိုက်ချဖို့ ကြိုးစားတယ်။ သွေးစွန်းဘုန်းတော်ကြီးက ကိုယ်ကိုလှည့်ရှောင်လိုက်ရင်း ခရုပတ်ဓားကို အသင့်ထုတ် ရိုစယ်လီယာရဲ့လည်ပင်းကို ထိုးဖို့ ကြိုးစားတော့တာပေါ့။
ဘေ့စ်ဘောရိုက်တံကို ပြန်ရုပ်ဖို့နောက်ကျသွားပြီ။ ဒါပေမဲ့ သွေးစွန်းဘုန်းတော်ကြီးနဲ့ မျက်နှာချင်းဆိုင််မိပြီဖြစ်လို့ ရိုစယ်လီယာရဲ့မျက်ဝန်းတွေက သက်တံရောင် တောက်ပလာပြီး သွေးစွန်းဘုန်းတော်ကြီးရဲ့ မှတ်ဉာဏ်တွေကို ဖျက်ဆီးပစ်ဖို့ ကြိုးစားတယ်။
ဒါပေမဲ့ သွေးစွန်းဘုန်းတော်ကြီးက သူ့မျက်လုံးတွေကို မှိတ်ထားခဲ့တဲ့အတွက်ကြောင့် နောက်ကိုသာ ခုန်ဆုတ်လိုက်ရတာပေါ့။
‘တော်တော် အတွေ့အကြုံများတဲ့သူပဲ။' ပထမဆုံး တိုက်ကွက်ဖလှယ်မိတဲ့အချိန်မှာတင် ဒီတိုက်ပွဲက လွယ်မှာမဟုတ်မှန်း ရိုစယ်လီယာ ခန့်မှန်းမိလိုက်ပြီ။ သူ့ဘေ့စ်ဘောရိုက်တံမှာ မီးတွေတောက်လောင်လာပြီး သူ့ကျောမှာ မီးတောက်အတောင်ပံတွေ ပွင့်လာခဲ့တယ်။ တစ်ဖက်မှာတော့ သွေးစွန်းဘုန်းတော်ကြီးက ပုဝါဖြူ တစ်ခုကိုထုတ်ယူလိုက်ပြီး မျက်လုံးမှာစည်းလိုက်တာပေါ့။
“ရှင်က အမှောင်ကျောင်းသွေးကျင့်စဥ်ကို ကျင့်ထားသူပဲ။ ကျွန်မသွေးကို အာရုံခံပြီးတိုက်မယ်ပေါ့။”
ရိုစယ်လီယာကပြုံးလိုက်ပြီး ရှေ့ကိုခုန်ထွက်လိုက်ပါပြီ။ သွေးစွန်းဘုန်းတော်ကြီးက အနီးကပ်တိုက်ခိုက်ရာမှာ သန်မာတယ်။ ရိုစယ်လီယာကလည်း အလားတူပဲ။ သွေးစွန်းဘုန်းတော်ကြီးက လက်ကိုဝေ့ယမ်းပြီး သွေးလက်ဝါးကြီးနဲ့ ရိုစယ်လီယာရဲ့ရိုက်ချက်ကို တားစီးတယ်။ ရိုစယ်လီယာကလည်း ကျောနောက်က တောင်ပံတွေကို ပိုအားထည့်လိုက်လေရဲ့။
ဘုန်း... ဘုန်း.... ဘုန်....
သက်တံရောင်မီးလျံတွေက မီတာသုံးရာပတ်လည်မြေကို ကန္တာရအဖြစ်ပြောင်းလဲပစ်လိုက်ပြီး သွေးစွန်း ဘုန်းတော်ကြီးနောက်မှာရှိနေတဲ့ သွေးဘီလူးကြီးကတော့ တဖြည်းဖြည်းပိုမိုကြီးမားလာတယ်။ သွေးညှီနံတွေက နေရာအနှံပြန့်နှံနေခဲ့ပြီး ကြောက်ရွံမှုစွမ်းအားကြီးက ရိုစယ်လီယာကို ပင်လယ်လှိုင်းတွေလိုမျိုး ပိတ်ဆို့ တိုက်စားလို့နေလေရဲ့။
“တကယ့်ကို စွမ်းအားကြီးတာပဲ။ ဒါပေမဲ့ အဲဒါကိုက ငါ့ကို တိုက်ခိုက်ချင်စိတ် ပိုပြင်းထန်စေတယ်။”
ရိုစယ်လီယာရဲ့ခန္ဓာကိုယ်တစ်လုံးကို သက်တံမီးတွေက ဖုံးလွှမ်းသွားတယ်။ သူက သွေးဘီလူးကြီးကိုမကြောက်မရွံ ကြည့်လိုက်ပြီးတဲ့နောက် တောင်ပံတွေကိုခတ်ကာ ဖီးနစ် တစ်ကောင်လိုမျိုး ပျံသန်းသွားတယ်။ မြန်နှုန်းဟာ အသံထက်ကျော်လွန်သွားပြီး ဘေးပတ်ဝန်းကျင်က လေထုကတော့ သဏ္ဍာန်ပျက်ယွင်းလို့။
အဲဒီနောက်တော့ ပြိုင်ဘက်နှစ်ယောက်ရဲ့တိုက်ကွက်တွေ အကြိမ်ရာချီ ထပ်မံရင်ဆိုင်မိကြပြီး ကောင်းကင်ယံကြီး တစ်ခုလုံးကို လင်းထိန်သွားစေမယ့် ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပေါ် လာခဲ့ပါပြီ။
....
လေးတပ်ရင်းတပ်မှူးကြီး ဩစတင်းနဲ့ မြေကျောင်းအယ်ဒါ ရီဆာရဲ့တိုက်ပွဲကလည်း ဖော်ပြရခက်ခဲလောက်အောင်ကို ပြင်းထန်နေခဲ့ပါတယ်။ အယ်ဒါရီဆာရဲ့ခန္ဓာကိုယ်ကို အနက်ရောင် သတ္တုထုလုံးချွန်တွေက ဝန်းရံ ကာကွယ်ထားပြီး တိုက်စစ်ကိုတော့ မီတာရာနဲ့ချီကြီးမားတဲ့ သဲဟိုက်ဒရာကြီးတစ်ကောင်က တာဝန်ယူလို့။
သဲဟိုက်ဒရာကြီးရဲ့ခေါင်းတွေက လေပေါ်မှာပျံသန်းနေတဲ့ တပ်မှူးဩစတင်းကို ဝါးမျိုပစ်ဖို့လုပ်နေပါတယ်။ ဩစတင်းက အောက်စည်းရောက်နေပေမဲ့ သာသာယာယာ ရှိနေသေးပြီး နောက်ကိုသာ စနစ်တကျဆုတ်လို့။ သူ့လက်ထဲမှာ ဝဲပျံနေတဲ့ စာအုပ်တစ်အုပ်ရှိနေပြီး အလင်းမြားတိုတွေကို ဖန်တီးကာ တစ်ချက်တစ်ချက် တန်ပြန်တိုက်စစ်တွေကို ဖော်ဆောင်ဖို့ မမေ့ဘူး။
ထန်... ထန်... ထန်....
မြားတိုတချို့က သဲဟိုက်ဒရာကို ကျော်လွန်လာပြီး ရီဆာရဲ့ အနီးကိုရောက်လာတယ်။ အနက်ရောင် ထုလုံးချွန်တွေက တားဆီးလိုက်တဲ့အတွက် အနာတရ မဖြစ်ခဲ့ပေမဲ့ပေါ့။
ဩစတင်းရဲ့တန်ပြန်တိုက်စစ်တိုင်းဟာ အယ်ဒါရီဆာရဲ့ သေကွင်းသေကွက်တွေကိုချည်း ဦးတည်နေတယ်။ အယ်ဒါရီဆာသာ တိုက်ပွဲအတွေ့အကြုံမရင့်သန်ခဲ့ရင် သေနေတာကြာပါပြီ။
“ဒီအသက်အရွယ်နဲ့ ဘယ်အချိန်ထိ ကျုပ်ကို ဆက်တိုက်နေမှာလဲ။ မြန်မြန်အရှုံးပေးလိုက်ပြီး အရှင်မရဲ့လက်အောက်ခံဖြစ်လာတော့။”
ဩစတင်းက ရီဆာရဲ့သဲဟိုက်ဒရာခေါင်းနှစ်ခုကို ဖြတ်လိုက်ရင်းနဲ့ ရန်စလိုက်တယ်။ သူ့ရဲ့တောက်ပနေတဲ့ မျက်လုံးတွေကနေတစ်ဆင့် မောဟိုက်နေတဲ့ အဖွားအို ရီဆာရဲ့အခြေအနေကို မြင်နေရတာမှ အတိုင်းသား။ ဒါကြောင့်လည်း အောက်စည်းရောက်နေခဲ့ပေမဲ့ ဩစတင်းဟာ ယုံကြည်မှုအပြည့်ရှိနေခဲ့တာ။
သူ့အတွက်တော့ တိုက်ပွဲဆိုတာ အချိန်ပါပဲ။
....
ခရစ်စတိုဖာကတော့ တခြားသူတွေနဲ့မတူဘဲ အယ်ဒါအဆင့် တိုက်ခိုက်ရေးသမားတွေနဲ့ မကြုံခဲ့ပါဘူး။ ဘုရားကျောင်းက အင်အားကြီးတယ်ဆိုပေမဲ့ သူတော်စင်သုံးယောက်နဲ့ ရဟန်းမင်းကြီးပီးယပ်ကို ဆုံးရှုံးသွားပြီးတဲ့နောက်မှာ ညွန့်ပေါင်းတပ်ဖွဲ့ကို အယ်ဒါအရေအတွက်ပိုင်းအရ မယှဥ်နိုင်တော့ဘူး။
ကိုးကွယ်ယုံကြည်မှုစွမ်းအားကွာခြားချက်ကြောင့် အောက်ခြေတပ်သားတွေရဲ့စွမ်းအား ကွာခြားနေတယ် ဆိုရင်တောင်မှ ကျောင်းခြောက်ကျောင်းအနေနဲ့ သူတို့ကို ခုခံကိုင်တွယ်နိုင်ပါသေးတယ်။
“သေကြစမ်း....” အခုလည်း အယ်ဒါအသစ်သာဖြစ်တဲ့ ခရစ်စတိုဖာက ရေသူမလက်စွပ်ကိုဝတ်ဆင်ထားပြီး သုံးခွမှိန်းကိုကိုင်ကာ ရဟန်းမင်းကြီးကိုကာကွယ်ရတဲ့ ဘုရားကျောင်းအစောင့်တပ်နဲ့ရင်ဆိုင်တိုက်ခိုက်နေတယ်။
အစောင့်တပ်သား စုစုပေါင်းသုံးရာရှိပြီး သူတို့ဝတ်ဆင်တဲ့ ချပ်ဝတ်တွေက ငရဲစွမ်းအားနဲ့ အားဖြည့်ထားတာဖြစ်တာလို့ အယ်ဒါအဆင့်အောက်က ဘယ်သူမဆို သူတို့တွေထဲက တစ်ယောက်နဲ့ရင်ဆိုင်ရရင်တောင် သေသွားနိုင်တယ်။
“ရေသူမတေးသံ....” တိုက်ပွဲထဲရောက်ရောက်ချင်းပဲ ခရစ်စတိုဖာက လက်စွပ်ကိုအသက်သွင်းလိုက်ပါပြီ။ ရေသူမပုံရိပ်တွေက လက်စွပ်ထဲကနေထွက်လာပြီး ရန်သူတွေရဲ့အမြန်နှုန်းကို နှေးကွေးသွားစေဖို့အတွက် တေးသီဆိုကြတယ်။ ခရစ်စတိုဖာကိုယ်တိုင်ကတော့ သုံးခွမှိန်းကြီးကို ခေါင်းပေါ်မှာချာလည်လှည့်လိုက်ပြီး ဂါလံသောင်းချီတဲ့ရေတွေကိုဆင့်ခေါ်ကာ ရန်သူတွေကို စတင်တိုက်ခိုက်လေရဲ့။
အများနဲ့တစ်ယောက်။ သူဟာ အသားကြိတ်စက်တစ်လုံးလို ရန်သူ့စစ်တပ်ကြီးတစ်ခုလုံးကို တစ်ကိုယ်တော်ဖြိုခွင်းဖို့ ကြိုးစားနေတယ်။ အယ်ဒါဖြစ်လာတာမကြာသေးသလို အားလုံးထဲမှာ အားအနည်းဆုံးဖြစ်နေခဲ့ပေမဲ့ သူဟာ ပါရမီရှင်တစ်ယောက်ပါ။ သူ့ရဲ့လျင်မြန်တဲ့ သင်ယူနိုင်စွမ်းနဲ့ဆိုရင် ရန်သူတွေကိုအနိုင်ယူဖို့ မခက်ခဲလှဘူး။
....
“ကောင်းကောင်းတော့ အလုပ်ဖြစ်နေသားပဲ။” ဒေါက်တာ ဂျော်ဒန်က မြေသားနံရံကြီးပေါ်ကို ဖြည်းဖြည်းချင်း တက်ရင်း အယ်မာနဲ့ဘေးချင်းယှဥ်ကာရပ်လိုက်တယ်။ အယ်မာကိုယ်တိုင်ကတော့ သူ့ကိုချက်ချင်းပြန်မဖြေသေးဘဲ ကောင်းကင်မှာရှိနေတဲ့ သွေးနီရောင်ကြယ်ကိုသာ စိုက်ကြည့်လို့။ အဲဒီကြယ်က မြို့အနီးကိုရောက်တည်းက ရှေ့မဆက်၊ မလှုပ်ရှားသေးဘဲ ရှိနေခဲ့တာ ကြာပြီ။
လောလောဆယ်တော့ ဗီယက်နာမြို့ဟာ လုံခြုံနေတယ်။ ကျောင်းခြောက်ကျောင်းရဲ့အယ်ဒါတွေက ဘုရားကျောင်းရဲ့တပ်မှူးတွေနဲ့လက်ရွေးစင်တွေကို ထိန်းချုပ်ထားပြီး တချို့နေရာတွေမှာဆိုရင် အသာစီးရနေတယ်။
ဆီနိတ်တာတွေနဲ့တခြားတပ်ဖွဲ့တွေကတော့ မြို့တံတိုင်းကို တာဝန်ယူထားကြပြီး မြို့ကိုဝိုင်းထားတဲ့ ဘုရားကျောင်း စစ်တပ်ကြီးကို ခုခံနေလေရဲ့။ ဘုရားကျောင်းဘက်က မှော်မန္တန်ပေါင်းစုံပစ်နေလို့ တံတိုင်းတွေက တစ်ခါတစ်ခါ တုန်ခါအက်ကွဲသွားတတ်ပေမဲ့ အယ်မာရဲ့လည်ဆွဲက တောက်ပြလာပြီး အလိုလိုပြန်ပြင်ပေးနေတယ်။
“ ဂျော်ဒန်၊ ပြောစမ်းပါဦး။ အဲဒီမိန်းကလေးက ငါတို့ခံစစ်ကို ဖောက်ဖို့ လေ့လာနေတယ်လို့ထင်လား။”
အယ်မာက မေးလိုက်တော့ ဂျော်ဒန်က သူ့လက်တွေကို ဘောင်းဘီအိတ်ထဲထည့်လိုက်ပြီး ကြယ်နီကြီးကို ကိုယ်တိုင်မော့ကြည့်လိုက်တာပေါ့။
“အဖြေသိနေပြီးသား မေးခွန်းတစ်ခုကို ဘာလို့ မေးနေတာလဲ။ အချိန်တန်ရင် အဲဒီနိမိတ်ဆိုးကြီးက ငါတို့ခေါင်းပေါ်တည့်တည့် ဆင်းလာလိမ့်မယ်။”
ဂျော်ဒန်က ဟန်ဆောင်စကားတွေပြောရမှာပျင်းနေပုံပဲ။ အယ်မာကတော့ သက်ပြင်းချလိုက်ပြီး လက်ကိုပိုက်ကာ သူ့ရင်ဘတ်တွေကို ပင့်တင်တယ်။
“ငါ့ရဲ့ခံတပ်က ရှေးအယ်ဒါတစ်ယောက်ကိုခုခံဖို့ ဒီဇိုင်းဆွဲထားတာ။ သူအလွယ်တကူ ဖောက်နိုင်မှာ မဟုတ်ပေမဲ့ ငါ့စိတ်ထဲမှာ ထင့်နေတုန်းပဲ။”
ဂျော်ဒန်က ခေါင်းညိတ်လိုက်ရင်း... “ခံတပ်ဆိုတာက အချိန်ဆွဲတာသက်သက်ပဲ။ ရန်သူကို အနိုင်ယူနိုင်မယ့် နည်းလမ်းမရှိရင် အကန့်အသတ်တစ်ခုရောက်တာနဲ့ ပြိုလဲသွားမှာပဲ။ နင်က ဘယ်သူ့ကိုစောင့်နေတာလဲ။ ငါတို့ကို လာကယ်မယ့်သူ မရှိဘူး။ အဲဒီကောင်လေးကို နင်ကိုယ်တိုင်ပဲ အဝေးပို့ခဲ့တာမဟုတ်လား။”
ဂျော်ဒန်ဆီက အမှန်တရားကိုကြားရတဲ့အချိန်မှာ အယ်မာက အပြစ်ရှိတဲ့စိတ်နဲ့ သူ့ရဲ့ဖောင်းအစ်နေတဲ့ ခြေထောက်တွေကို ငုံ့ကြည့်လိုက်မိတယ်။ ဒီပွဲမှာ အမှောင်ကျောင်းတော်ဝင်မပါရင် နိုင်မယ့်ကိန်းမရှိဘူး။
“တစ်ခါတလေ ငါတကယ်ပဲတွေးမိတယ်။ ဗျာတိတ်ကို ရှောင်ရှားဖို့အတွက် လူသန်းပေါင်းများစွာရဲ့ဘဝတွေကို ရင်းရတာ တန်ရဲ့လား။ နင်က အမှောင်ကြယ်ကို ချိပ်ပိတ်နိုင်တယ်ဆိုရင် ဘာလို့အလင်းကြယ်ကိုပါ အဲဒီလိုလုပ်ဖို့ မစီစဥ်ရတာလဲ။”
ဂျော်ဒန်က အယ်မာကို အပြစ်တင်တဲ့အနေနဲ့ပြောတော့ အယ်မာမှာ ပြန်ပြောစရာ ဘာမှရှိမနေဘူး။ အာလ္လုင်က သူ့သက်တမ်းတစ်လျှောက်လုံးမှာ အမှောင်ကြယ်ကို ချိပိပိတ်ဖို့ပဲ အစီအစဥ်ချနိုင်ခဲ့တာဖြစ်ပြီး ရိုမြူလက် ချက်ကျောင်းရဲ့အလင်းကြယ်ကိုတော့ မထိနိုင်ခဲ့ဘူး။
အမှောင်ကြယ်က တိုက်ပွဲမှာမရှိနေသမျှ အလင်းကြယ်က သူ့ကိုသတ်လို့မရတဲ့အတွက် ကစားပွဲက ပြီးမှာမဟုတ်သလို စစ်ပွဲကလည်း ပြီးမှာမဟုတ်ဘူး။ နောက်ဆုံးမှာတော့ ပြီးပြည့်စုံမှုမရှိသေးတဲ့အစီအစဥ်ကြောင့် လူသန်းရာနဲ့ချီ ပေးဆပ်ရလိမ့်မယ်။
“ဒါဆိုရင် နင်က ငါ့ကိုဘာလုပ်စေချင်တာလဲ။” အယ်မာက ဂျော်ဒန်ကို မျက်စောင်းထိုးလိုက်တော့ ဂျော်ဒန်က ပြုံးတယ်။ အဲဒီနောက်တော့ လက်ဖျောက်တီးလိုက်လေရဲ့။
မကြာခင်မှာပဲ သုတေသနပညာရှင်ဝတ်စုံနဲ့လူတချို့က ဧရာမသတ္တုသေတ္တာကြီးတစ်လုံးကိုထမ်းလာပြီး တံတိုင်းပေါ်ကို တက်လာလေရဲ့။
“အလင်းကြယ်ကို အနိုင်ယူဖို့အတွက် ငါ့ဘာသာ လုပ်ထားတဲ့ ပရောဂျက်အသေးလေးတစ်ခုရှိတယ်။ အမှောင်ကြယ်က တားမြစ်နယ်မြေတစ်ခုမှာ ပိတ်မိနေပြီး အလင်းကြယ်ကို ငါတို့ဖမ်းမိမယ်ဆိုရင် ဘယ်သူမှ ဒီတိုက်ပွဲမှာ မနိုင်တော့ဘူး။ ဆုတောင်းလည်း ဖြစ်လာမှာမဟုတ်တဲ့အတွက် နတ်ဘုရားတွေဖြစ်စေချင်တဲ့ ဆန္ဒကနေ လူသားတွေ လွတ်မြောက်သွားလိမ့်မယ်။”
အယ်မာက ဂျော်ဒန်ရဲ့အဖွဲ့သယ်လာတဲ့ သတ္တုသေတ္တာကို ကြည့်လိုက်တယ်။ ကောင်မရှင်နာဖြစ်တဲ့ သူတောင်မှ အတွင်းမှာဘာပါလဲ အယ်မာမသိဘူး။ ဂျော်ဒန်က အမြဲလိုလို လျှို့ဝှက်စမ်းသပ်မှုတွေ လုပ်နေခဲ့တာလေ။
‘ဘာပဲပြောပြော စမ်းကြည့်ဖို့ ထိုက်တန်တယ်။' လို့ သူတွေးမိလိုက်ပြီး ကောင်းကင်ပေါ်ကိုပြန်ကြည့်တယ်။ အဲဒီနောက်တော့ သူ့မျက်နှာပြောင်းလဲသွားပြီး ဂျော်ဒန်ကို သတိပေးတဲ့အနေနဲ့ ပြောလိုက်တယ်။
“သူလာပြီ။”
...
ကောင်းကင်မှာရှိနေတဲ့ သီယာက မြေပြင်ကတိုက်ပွဲကို စောင့်ကြည့်နေရင်းကနေ တစ်ချက်မဲ့လိုက်တယ်။ ဘုရားကျောင်းစစ်တပ်တွေက မြို့တံတိုင်းနားကို ကပ်လိုက်နိုင်ပေမဲ့ မထိုးဖောက်နိုင်သလို အယ်ဒါတွေနဲ့ တိုက်ပွဲမှာလည်း အသာစီးမရတာမျိုးရှိနေတယ်။
ဒါကြောင့် ပြောင်းလဲမှုတစ်ခုခု လုပ်ဖို့အချိန်တန်ပါပြီ။
သီယာက လက်ကိုရှေ့ထုတ်လိုက်တာနဲ့ အထွတ်အမြတ်ဒိုင်းက သူ့လက်ထဲရောင်လာတယ်။ ဒိုင်းဟာ သွေးနီရောင် သန်းနေပြီး ကြောက်စရာကောင်းတဲ့ဖိအားတွေကို ထုတ်လွှတ်လို့နေလေရဲ့။
“အကာအကွယ်ကောင်းချီး၊ မြန်နှုန်းကောင်းချီး၊ ခွန်အားကောင်းချီး....”
လေထုအနှံမှာရှိနေတဲ့ ကိုးကွယ်ယုံကြည်မှုစွမ်းအားတွေက သီယာရဲ့ဒိုင်းထဲကို တိုးဝင်လာပြီး အလင်းတန်းတွေအဖြစ် ပြောင်းလဲသွားကာ ဘုရားကျောင်းတပ်မှူးတွေနဲ့ တပ်ဖွဲ့ဝင်တွေဆီ ကျဆင်းသွားခဲ့ပါပြီ။
...
“ကြည့်ရတာ အရှင်နီကိုလပ်က ငါ့ကို လိုက်မလာ စေချင်သေးပုံပဲ။” တပ်မှူးဂျူလီယာရဲ့ဒဏ်ရာတွေ ပြန်ကောင်းသွားပြီး ဒူးထောက်နေရာကနေ ထလာတယ်။ သူ့ခန္ဓာကိုယ်ကို သွေးနီရောင်အလင်းတွေ လွှမ်းခြုံထားပြီး လူကောင်လည်းပိုကြီးလာပြီ။ အဲဒီနောက်တော့ ရှားလော့ခ်ကို ကြည့်လိုက်ရင်း
“ ခွေးမ၊ သေဖို့သာပြင်ထား။”
....
“ကြည့်ရတာ အချိန်ကျလာပြီပဲ။” တပ်မှူးဩစတင်းလည်း ပြုံးလိုက်တယ်။ သွေးနီရောင်အလင်းတွေ သူ့အပေါ် ကျလာချိန် သူ့မြန်နှုန်းက သုံးလေးဆတက်သွားခဲ့ပြီး ရီဆာ လိုက်မဖမ်းနိုင်တော့ဘူး။ မီတာတစ်ရာလောက် ရှေ့ကိုပျံထွက်ပြီးတဲ့နောက် သူ့စာအုပ်ကိုဖြန့်လိုက်တယ်။
အလင်းမြားတိုထောင်သောင်းချီဟာ ကောင်းကင် တစ်ခုလုံး ဖုံးလွှမ်းလုမတတ်ထွက်ပေါ်လာခဲ့ပြီးတော့ အယ်ဒါရီဆာကို ဝန်းရံထားလိုက်တော့တယ်။
....
“ငါ့ရှေ့မှာ ကပြနေတာတော်သင့်ပြီ၊ ကောင်မလေး။”
အခုထိ လက်ရည်ညီညီယှဥ်ပြိုင်နေခဲ့ကြပေမဲ့ သွေးရောင် အလင်းတွေ ကျဆင်းလာချိန်မှာတော့ သွေးစွန်းဘုန်းတော်ကြီးက ပထမဆုံးအကြိမ်အဖြစ် ရိုစယ်လီယာကို ရိုက်ထုတ်လိုက်နိုင်ပါပြီ။
ရိုစယ်လီယာရဲ့ပါးစပ်ထဲကနေ သွေးတွေ အန်ထုတ်လိုက်ရပြီး ရင်ဘတ်ကိုဆုပ်ကိုင်ကာ နောက်ကို ဆုတ်သွားရတယ်။
“အခြေအနေမကောင်းတော့ဘူး။” ပုံမှန်မဟုတ်မှန်း သတိထားမိလိုက်တဲ့ ရိုစယ်လီယာက ထိပ်တိုက် ဆက်လက်ရင်ဆိုင်နေမယ့်အစား ဗျူဟာကျကျ ရှောင်ပြေးရင်း တန်ပြန်တိုက်စစ်ဆင်ဖို့ ဆုံးဖြတ်လိုက်တယ်။
....
သီယာက သူ့တပ်ဖွဲ့တွေကို ကူညီပြီးတဲ့နောက်မှာတော့ ရပ်တန့်မနေခဲ့ဘူး။ အဲဒီအစား ခံတပ်ကြီးကိုကြည့်လိုက်ပြီး ဒိုင်းကိုင်မထားတဲ့ ညာဖက်လက်ကိုဆန့်ထုတ်လိုက်တယ်။ ဓားသူတော်စင် ဆားဗီးယပ်ကိုင်ဆောင်ခဲ့တဲ့ မွန်မြတ်ဓားက လက်ထဲရောက်လာပြီးတဲ့နောက် စကားတစ်ခွန်းကို ရေရွတ်ခဲ့တယ်။
“မောရှေ ပင်လယ်ပြင်ကို ပိုင်းဖြတ်ခြင်း”