အခန်း ၃၁
Vol. 4 Ch. 31
အခန်း ၃၁။ထိမ်းမြားလက်ထပ်ခြင်း ဟူသည်..
"သခင်လေး... ကျွန်တော့် အပြစ်အတွက် ဒူးထောက် တောင်းပန်တယ်ဗျာ"
မင်္ဂလာပွဲ ကိစ္စရပ်များကြောင့် လူတိုင်း ခေါင်းပင်မကုတ်အားနိုင်အောင် အလုပ်ရှုပ်နေကြသဖြင့် ယခုမှပင် လျူကျင်းနှင့် ရှောင်ဟန်တို့နှစ်ယောက် သီးသန့် တွေ့ဆုံချိန်ရကြခြင်း ဖြစ်သည်။ ရှောင်ဟန်က သူ့ရှေ့တွင် ဝပ်စင်း ဒူးထောက်ချလိုက်သည်ကို ကြည့်ပြီး လျူကျင်း တစ်ခဏမျှ ကြောင်အမ်းအမ်း ဖြစ်သွားရရှာသည်။
"သခင်လေး ရဲ့ ကျေးဇူးတရားတွေအတွက် ကျွန်တော် အသက် နဲ့ရင်းပြီး သစ္စာစောင့်သိပါ့မယ်လို့ ကတိပြုခဲ့တာ ရင်ထဲကလာတဲ့ စကားအစစ်အမှန်ပါ"
ရှောင်ဟန်က ဦးခေါင်းကို မြေပြင်ထိ နှိမ့်ချဦးညွှတ်ထားရင်း တုန်ရီသော အသံဖြင့် ဆက်ပြောရှာသည်။
"ကျွန်တော့် စိတ်ထဲမှာ သခင်လေး သွားလေရာဆီ တစ်ဖဝါးမှမခွာပဲလိုက်မယ်လို့ပဲ ဆုံးဖြတ်ထားခဲ့တာ။ ဒါပေမဲ့... အခြေအနေတွေက ဒီလိုမျိုး ဖြစ်သွားခဲ့ရတော့ ကျွန်တော် လိုက်လို့မရတော့ဘူးထင်ပါတယ်..."
လျူကျင်းက လက်ပိုက်လိုက်ရင်း ရှောင်ဟန်စကားအဆုံးတွင် သက်ပြင်းတစ်ချက်ကို ခပ်ဖွဖွချကာ ပြောလိုက်သည်။
"ထပါ... မင်း ဘာမှ အားနာပြီး တောင်းပန်မနေပါနဲ့။ မင်းအစ်ကို ဆုံးသွားတဲ့ အချိန်ကတည်းက မင်းမှာ ဒီဂိုဏ်းခွဲမှာပဲ ဆက်နေဖို့ကလွဲလို့ တခြားရွေးချယ်စရာ မရှိတော့တာပဲဥစ္စာ"
ရှောင်ဒုန် အသတ်ခံရပြီးချိန်မှစ၍ ရှောင်ဟန်သည် ဤမျိုးနွယ်စုခွဲ၏ တစ်ဦးတည်းသော အမွေခံ ဆက်ခံသူ ဖြစ်လာခဲ့သည်။ ဤသည်မှာ လက်တွေ့အ မှန်တရားသာ ဖြစ်သည်
စင်စစ်မူ လျူကျင်းက ဆေးပညာဖြင့် ကုသပေးပြီး အသက်မကယ်တင်ပေးမီ အချိန်အထိ ရှောင်ဒင်သည် သူ့သားအပေါ် ဂရုစိုက်မှု လုံးဝမရှိခဲ့ပေ။ ထို့ကြောင့် ရှောင်ဟန်၏ သက်သာလာသော ရောဂါအခြေအနေကို လျှို့ဝှက်ထားနိုင်ခဲ့လျှင် ရှောင်ဟန်အား ၎င်းနှင့်ဝေးရာသို့ ခေါ်ထုတ်သွားရန် စည်းရုံး၍ ရနိုင်ကောင်းရနိုင်ပေလိမ့်မည်။ သို့သော် လျူကျင်း၌ ထိုကဲ့သို့ အောက်တန်းကျသော အကြံအစည်မျိုး လုံးဝမရှိခဲ့ပါ။ သူသည် ရှောင်ဟန်အား ကူညီခဲ့ခြင်းမှာ မိမိအတွက် အစေအပါးတစ်ယောက် ရရှိရန် ရည်ရွယ်ချက်ဖြင့် ကူညီခဲ့ခြင်း မဟုတ်ပေ။
ထို့အပြင် ရှောင်ဟန်ကဲ့သို့ အမြဲတစေ ရိုသေလွန်းပြီး ဝတ်ကြီးဝတ်ပြု လုပ်တတ်သူတစ်ဦး ဘေးတွင် ရှိနေပါက ရေရှည်တွင် စိတ်အနှောင့်အယှက် ဖြစ်စရာ ကောင်းပေမည်။လျူကျင်းအနေဖြင့် သူတစ်ပါး၏ အမွှမ်းတင် ချီးမွမ်းခန်းများကို အလွန်အကျွံ နားမထောင်ချင်သည်ကလည်း အမှန်ပင် ဖြစ်သည်။
"အဲ့ဒါကလဲ... ကျွန်တော်ကိုယ်တိုင် မေလီနဲ့လက်ထပ်ခွင့်ကို တောင်းလိုက်လို့လေ သခင်လေး။ အဲဒီတုန်းကတော့ မေလီနဲ့ လက်ထပ်ရဖို့ပဲ စိတ်စောသွားပြီး နောက်ဆက်တွဲ ဘာတွေဖြစ်လာမလဲဆိုတာ လုံးဝ ထည့်မစဉ်းစားမိခဲ့ဘူး။ တကယ်လို့ ကျွန်တော်သာ အဲဒီလို မလုပ်ခဲ့ရင် အဖေ့ကို သေချာဖျောင်းဖျပြီး သခင်လေးနဲ့အတူ လိုက်သွားခွင့် ရရင်ရနိုင်ဦးမှာ…”
ရှောင်ဟန် ပြောသည်မှာ ဖြစ်နိူင်ချေ အခွင့်အလမ်း အလွန်များသော်လည်း လျူကျင်းက ထိုအချက်ကို ၎င်းအား အသိမပေးလိုပေ။ သို့ဖြစ်ရာ လျူကျင်းက တည်ငြိမ်အေးဆေးသော မျက်နှာထားဖြင့်ပင် ပြန်လည်တုံ့ပြန်လိုက်သည်။
" မင်းရောဂါကို ကုပေးခဲ့တာက ငါ့အတွက် အခိုင်းအစေတစ်ယောက် ရချင်လို့ မဟုတ်ဘူး။ မင်းဘဝကို စိတ်ကြိုက် ဖြတ်သန်းနိုင်အောင်လို့ ကုပေးခဲ့တာ။ တကယ်လို့ မင်းဆန္ဒက အဲဒီမိန်းကလေး နဲ့ လက်ထပ်ချင်တာဆိုရင်လည်း ရပါတယ်... စိတ်မကောင်း ဖြစ်မနေပါနဲ့။"
"သခင်လေးကတော့ အမြဲတမ်း စိတ်သဘောထား ကြီးလွန်းပါတယ်။ ဒါပေမဲ့လည်း... ကျွန်တော့်အနေနဲ့ သခင်လေးအတွက် တစ်ခုခု ပြန်မလုပ်ပေးနိုင်ရင် ရင်ထဲမှာ အမြဲ အကြွေးတင်နေသလို ခံစားနေရမှာပါ”
ရှောင်ဟန်၏ ခိုင်မာထက်သန်လွန်းသော မျက်နှာရိပ်မျက်နှာကဲကို ကြည့်ရင်း လျူကျင်း၏ မျက်ခုံးတစ်ချက် ပင့်တက်သွားမိသည်။ တစ်ပြိုင်နက်တည်းမှာပင် သူ၏ စိတ်ကူးအာရုံထဲ၌ နက်နဲသော အကြံအစည်တစ်ခုက ဖျတ်ခနဲ ပုံပေါ်လာခဲ့ချေပြီ။
"မင်း ငါ့အတွက် တကယ် တစ်ခုခု လုပ်ပေးချင်တာလား"
"အသက်နဲ့လဲရပါစေ... သေချာပေါက် လုပ်ပေးချင်တာပါ သခင်လေး!"
လျူကျင်းက စဉ်းစားဟန်ဖြင့် ခဏမျှ တိတ်ဆိတ်သွားပြီးမှ ခေါင်းကို ဖြည်းညှင်းစွာ ညိတ်လိုက်သည်။
"ကောင်းပြီလေ... ဒါဆိုရင် ငါ မင်းကို အမိန့်သုံးခု ပေးမယ်"
လျူကျင်းက လက်ကို မြှောက်ကာ လက်ချောင်းသုံးချောင်း ထောင်ပြလိုက်ရင်း လေးနက်စွာ ဆိုလိုက်သည်။
"ငါတို့နှစ်ယောက် နောက်တစ်ခါ ပြန်မတွေ့မချင်း... မင်း ဒီအမိန့်သုံးခုကို တစ်သဝေမတိမ်း လိုက်နာရမယ်။ ဒီကတိကို မင်း တည်နိုင်ပါ့မလား။
"ကျွန်တော် အမိန့်အတိုင်း ခံယူပါတယ် သခင်လေး.. ကျွန်တော့်ရဲ့ နောက်ဆုံးထွက်သက်အထိ သခင်လေးရဲ့ အမိန့်တွေကို အစွမ်းကုန် လိုက်နာစောင့်ထိန်းပါ့မယ်လို့ သစ္စာဆိုပါတယ်..”
လျူကျင်း၏ စိတ်ထဲမှ ဒီကောင် တယ်စကားပြောသွက်နေပါလားဟ ဟူ၍ တအံ့တသြ တွေးမိသွားသည်။ သူ တောင်းဆိုခဲ့သည်ထက် ရှောင်ဟန်ဘက်က ပိုပြီး လေးလေးနက်နက် ကတိတည်နေခြင်း ဖြစ်သော်လည်း ထားလိုက်ပါတော့လေ ဟုသာတွေးလိုက်သည်။
"ဒါဆိုရင် သေသေချာချာ မှတ်ထားနော်။ ပထမဆုံး အမိန့်က... မင်းက မင်းအစ်ကို ဆုံးတာ သိပ်မကြာသေးဘူး၊ သူ့ရဲ့ သတို့သမီးလောင်းကို ယူဖို့လုပ်တယ်..၊နောက်ဆိုရင် ဘယ်သူ့ဆီကမှ ဒီလိုမျိုး မိန်းကလေးတွေကို သွားမလုရဘူး၊ မသိမ်းပိုက်ရဘူး။”
လျူကျင်း၏ စကားလုံးများကို ကြားလိုက်ရသည်နှင့် တစ်ပြိုင်နက် ရှောင်ဟန်၏ မျက်နှာပျက် သွားသည်။ သူ ဤမျှ ခံစားသွားရခြင်းမှာလည်း အကြောင်းရင်း ခိုင်ခိုင်လုံလုံ ရှိနေပေသည်။
စင်စစ်မူ အမှန်အတိုင်း ပြောရပါက ဤဖြစ်ရပ်တစ်ခုလုံးသည် လျူကျင်းအတွက် ရင်ထဲတွင် တစ်မျိုးကြီး ဖြစ်နေစေခဲ့သည်။ ထိုနေ့က သူသည် ရှောင်ဟန်ဘက်ကနေ မလွှဲမရှောင်သာ ရှေ့နေလိုက် စကားပြောပေးခဲ့ရသော်လည်း၊ လက်တွေ့အဖြစ်ကိုမူ ပြောင်းလဲ၍ မရနိုင်ပေ။ ရှောင်ဟန်သည် အကိုဆုံးသည် နှင့် အခွင့်အရေး ရရချင်း မရီးလောင်းကို သိမ်းပိုက်ရန် ချက်ချင်း လှုပ်ရှားခဲ့ခြင်း ဖြစ်သည်။
၎င်းမှာ တစ်စုံတစ်ယောက်က အဓမ္မ ဖိအားပေး၍ လုပ်ဆောင်ခဲ့ရခြင်းမျိုး မဟုတ်ဘဲ၊ မိမိနှစ်သက်သော မိန်းကလေးနှင့် ပေါင်းဖက်ခွင့်ရမည့် အခွင့်အရေးကို မြင်တွေ့လိုက်ရသဖြင့် အမိအရ ဆုပ်ကိုင်လိုက်ခြင်းသာ ဖြစ်ပေသည်။
"သခင်လေးရဲ့ အမိန့်က တကယ် ပြတ်သားလွန်းပါတယ်..."
ရှောင်ဟန်က စိတ်မကောင်းစွာနှင့် ခေါင်းငုံ့ပြီး ခပ်တိုးတိုး ပြောသည်။
"မင်း လက်ခံနိုင်ရဲ့လား"
"သေချာပေါက် လက်ခံပါတယ် သခင်လေး!"
"ကောင်းပြီ... ဒုတိယမြောက် အမိန့်ကတော့၊ ဒီနေ့ကစပြီး မင်းဟာ ရှောင်ဂိုဏ်းရဲ့ အကျိုးစီးပွားကိုပဲ အရာရာထက် အရင်ဆုံး ဦးစားပေးရမယ်။ လဆန်းမြို့တော်မှာ ရှောင်ဂိုဏ်းရဲ့ အာဏာ တည်မြဲဖို့အတွက် လူတွေအများကြီး သွေးမြေကျပြီး အသက်ပေးခဲ့ကြရပြီးပြီ။ အခြေအနေတွေ အဆင်ပြေသွားရင် တစ်နေ့မှာ မင်းဟာ မင်းအဖေရဲ့ နေရာကို ဆက်ခံရမယ့်သူပဲ။ ပြီးခဲ့တဲ့ ဖြစ်ရပ်ဆိုးတွေအားလုံး ဘာတန်ဖိုးမှမရှိဘဲ အလဟဿ မဖြစ်သွားစေနဲ့..ကြားလား.."
စင်စစ်မူ ဤမျှအထိ ပေးဆပ်ခဲ့ရပြီးမှ ဘာကောင်းကျိုးမှ ဖြစ်ထွန်းမလာခဲ့လျှင် ထိုသေဆုံးသွားသူများအတွက် တကယ့်ကို သနားစရာ ကောင်းလွန်းလှသည် မဟုတ်ပါလော။
"သခင်လေး စိတ်ပျက်ရစေမှာ မဟုတ်ပါဘူး! ကျွန်တော် ရှောင်ဟန် တစ်သက်လုံး ရှောင်ဂိုဏ်းရဲ့ အကျိုးစီးပွားကိုပဲ အရာရာထက် အမြဲတမ်း ဦးစားပေးပါ့မယ်!"
"တတိယမြောက် အမိန့်... မင်း မိန်းမကို မင်း ဘယ်တော့မှ ရာနှုန်းပြည့် မယုံကြည်နဲ့ကွ။ အဲဒီမိန်းကလေးက မင်းအပေါ် ဘယ်လိုမှ စိတ်ရင်းအမှန် မရှိနိုင်ဘူး"
ဤစကားကို ကြားသော် ရှောင်ဟန်က ခပ်ဟဟ ရယ်မောလိုက်ပြီး—
"ဟဲဟဲ သခင်လေး... တကယ်အတည်ပြောနေတာလားခင်ဗျာ။ ကျွန်တော့်မိန်းမက စိတ်ရင်း မှန်မရှိဘူး ဟုတ်လား။ အဲ့မှာတုန်းက သူ့ မျက်ရည်တွေကို သခင်လေး မမြင်လို့လား။ သူ့လက်ကောက်ဝတ်က ဒဏ်ရာတွေကိုကော မတွေ့ခဲ့လို့လား။ ကျွန်တော့်မိန်းကလေးက ကျွန်တော်သိသမျှထဲမှာ စိတ်အကောင်းဆုံးနဲ့ အချစ်တတ်ဆုံး မိန်းကလေးပါ"
လျူကျင်းသက်ပြင်းတစ်ချက် ထပ်ချလိုက်မိသည်။ မျှော်လင့်ထားသည့်အတိုင်းပင် ရှောင်ဟန်သည် ဤအချက်ကို လုံးဝ သတိမပြုမိခဲ့ချေ။
"သူ့ ဒဏ်ရာတွေက အလကား ဟန်ဆောင်နေတာကွ "
ရှောင်ဟန် မျက်တောင်တခတ်ခတ်ဖြင့် ကြောင်သွားသည်။—
"ဗျာ... ဘာပြောလိုက်တာလဲခင်ဗျာ"
"သူ့ပြတဲ့ ဒဏ်ရာတွေက သေလောက်တဲ့ဒဏ်ရာမဟုတ်ဘူးလို့ပြောတာ"
လျူကျင်းက ထပ်ခါတလဲလဲ ပြောရင်း သူ့လက်မောင်းကို မြှောက်ကာ ခပ်ဖွဖွ ပုတ်ပြလိုက်သည်။
"သူ ငါတို့ကို ပြခဲ့တဲ့ ဒဏ်ရာတွေက ကြည့်ရဆိုးပြီး သေနိူင်လောက်တဲ့ဒဏ်ရာ ဖြစ်နေပေမဲ့ တကယ် တော့ ဒဏ်ရာအနက်ကတော့ သာမန်ပဲ။ အဲဒါမျိုးက လူတစ်ယောက်ကို သေစေနိုင်တဲ့ ဒဏ်ရာမျိုး မဟုတ်ဘူး။ အကိုရှောင်ဒုန်း သေသွားလို့ ဝမ်းနည်းပက်လက် ဖြစ်ပြီး သူ့ကိုယ်သူ အဆုံးစီရင်ဖို့ ကြိုးစား တာ သာ အမှန်ဆိုရင် ဒီထက်မက ပိုပီး ဒဏ်ရာတွေက နက်နေမှာပဲ .."
"အဲ... အဲဒါက... သူ လုပ်မိလုပ်ရာ လုပ်ရင်းနဲ့ လန့်သွားလို့ နေမှာပါ"
ရှောင်ဟန် တစ်ယောက် ဟူမေလီကို ကာပြောပေးချင်ဇောနှင့် စကားပင် ထစ်အ သွားရရှာသည်။
"တကယ်လို့ လန့်သွားတာပဲ ဖြစ်ဖြစ်၊ ကြောက်သွားတာပဲ ဖြစ်ဖြစ် ..အေး တကယ်လုပ်တယ်ထား ဟူမေလီက ပထမဆုံး ဓားချက်မှာတင် ရပ်လိုက်မှာပဲကွ.. ဒါပေမဲ့ အသက်အန္တရာယ် လုံးဝ မရှိနိုင်တဲ့ အရေပြား လောက်ပဲ ရှပ်ထိတဲ့ အနာကြီးကြီး နှစ်ခုကို သူကိုယ်တိုင် ရအောင် ဖန်တီးနိုင်ခဲ့တယ်ကွ။ ဒါကို မင်း ဘယ်လို ရှင်းမလဲ"
"အဲဒါက... ဖြစ်နိုင်တာက..."
"ပီးတော့ ဒဏ်ရာတွေ ရထားတာက အချိန်အကြာကြီး မရှိသေးဘူး…ငါ့ရဲ့ ဆေးပညာပိုင်း တွက်ချက်မှုအရ ဆိုရင်တော့ သူ ဒဏ်ရာတွေကို အဲဒီနေ့ မနက်ပိုင်းကျမှပဲ တမင်လုပ်ယူခဲ့တာ"
လျူကျင်းက စကားပြောရင်း ခေါင်းကို အသာညိတ်လိုက်သည်။ ဒဏ်ရာတစ်ခု၏ သက်တမ်းကို ခွဲခြားစိတ်ဖြာနိုင်စွမ်းတွင် သူ့ကိုယ်သူ အပြည့်အဝ ယုံကြည်မှု ရှိနေပေသည်။ ထိုအတတ်ပညာသည် သူ့အဖေနှင့် ဆရာကြီးကျန်းတို့ နှစ်ယောက်စလုံး သူ့ခေါင်းထဲ စွဲနေအောင် သေသေချာချာ သင်ကြားပြသပေးခဲ့သည့် ဆေးပညာအလေ့အကျင့်တစ်ခု ဖြစ်သောကြောင့်ပင် ဖြစ်သည်။
"သခင်လေး... ဘာကို ဆိုလိုချင်တာလဲခင်ဗျာ"
ရှောင်ဟန်သည် မျက်နှာတစ်ခုလုံး ဇဝေဇဝါဖြစ်ကာ လမ်းပျောက်နေသူတစ်ဦးကဲ့သို့ တုန်ရီစွာ မေးမြန်းရှာသည်။
"ငါ ပြောချင်တာက... ဟူမေလီက အကြီးအကဲတွေဆီကနေ သနားဂရုဏာ ရဖို့နဲ့ သူ့ အဖေ အတွက် လမ်းစပွင့်ဖို့ ဒဏ်ရာတွေကို ကိုယ့်ဘာသာကိုယ် တမင်ဖန်တီးခဲ့တာ။ အကိုရှောင်ဒုန်း ဆုံးသွားလို့ ဝမ်းနည်းလွန်းလို့ အဆုံးစီရင်ဖို့ ကြိုးစားခဲ့တာ မဟုတ်ဘူး။ သူနဲ့ သူ့ မျိုးနွယ်စုကို အကျပ်အတည်း ဒုက္ခတစ်ခုထဲကနေ ရုန်းထွက်နိုင်အောင်လို့ ဒီလို ဒဏ်ရာတွေ ဖန်တီးပြီး လှည့်ကွက်ဆင်ခဲ့တာပဲ..ကဲ မင်းနားလည်ဘီလား…"
"ဒါ... ဒါပေမဲ့ အဲဒါ တကယ်ဆိုရင် သခင်လေးက ဘာလို့ အဲ့အချိန်တုန်းက ထုတ်မပြောခဲ့တာလဲခင်ဗျာ"
လျူကျင်းက တကျွတ်ကျွတ်နှင့် စုတ်သပ်ရင်း ခေါင်းကိုသာ ခပ်ဖွဖွ ကုတ်လိုက်မိသည်။
"အင်း... အဲ့လောက်ထိ ပြောဖို့လိုမယ်မထင်လို့ပေါ့ကွ .."
"ဗျာ..."
"ငါ့လို ကလေးတစ်ယောက်ကတောင် ဒါကို သတိထားမိနေတာပဲ။ ကျန်တဲ့ ဂိုဏ်းအကြီးအကဲတွေကကော သတိမထားမိဘူးလို့ မင်း ထင်နေလို့လား"
စင်စစ်မူ ဤအဖြစ်သည် ရိုးရှင်းလှပေသည်။အကိုကြီး ရှောင်နန်ကတော့ သေချာပေါက် ရိပ်မိခဲ့ပြီးသား ဖြစ်လိမ့်မည်။ လျူကျင်းအတွက် အံ့အားသင့်စရာ ကောင်းသည်က ဂိုဏ်းခွဲသခင် ရှောင်ဒင်နှင့် အခြားဂိုဏ်းအကြီးအကဲ နှစ်ဦးပါ ထိုလှည့်ကွက်ကို ကောင်းကောင်းကြီး ရိပ်မိခဲ့ကြခြင်းပင် ဖြစ်သည်။ ထိုမျှမက အခြားရိပ်မိသူများလည်း ရှိနေဦးမည်မှာ မြေကြီးလက်ခတ်မလွဲပေ။
"ဒါဆိုရင်... သူတို့က ဘာဖြစ်လို့ ထုတ်မပြောခဲ့ကြတာလဲဗျာ!"
"ဒါကိုတော့ မင်းအဖေနဲ့ အကြီးအကဲတွေကိုပဲ သွားမေးပေါ့" လျူကျင်းက ပုခုံးတစ်ချက် တွန့်ပြရင်း ဆိုလိုက်သည်။
"ဒါပေမဲ့ ငါ့အထင်... သူတို့အားလုံးက သိသိကြီးနဲ့ သဘောတူ ပေးခဲ့ကြတာနေမှာပေါ့"
"သိသိကြီးနဲ့ …ဟုတ်လား.."
"ကိုယ့်မျိုးနွယ်စုအတွက် အဲဒီလောက်အထိ ပေါက်ပေါက်ရှာရှာ အကွက်ဆင် လုပ်ရဲတာကိုပဲ ကြည့်လေ..၊ ဒီလောက် ကိုယ့်အမျိုးကိုယ် ကာကွယ်ချင်တဲ့သူမျိုးဟာ တကယ် လေးစားစရာ ကောင်းတယ် ဘာညာ တွေးမိလို့နေမှာပေါ့"ဟု လျူကျင်းက ဆရာကြီးလေသံဖြင့် ပြောလိုက်သည်။
"သူတို့က မေလီရဲ့ လုပ်ဆောင်ချက်ဟာ လုံလောက်ပြီလို့ ယူဆခဲ့ကြပုံပဲ။ မင်းအဖေရဲ့ စိတ်ရင်းအမှန်ကို သိချင်ရင်တော့ မင်းကိုယ်တိုင်ပဲ သွားမေးကြည့်.. ဒါပေမဲ့ အခု ငါ မင်းကို သတိပေးနေတဲ့ အကြောင်းရင်းကတော့... မင်းဇနီး က အမြဲတမ်း သတိကြီးကြီးထားပြီး စောင့်ကြည့်ရမယ့်သူမျိုး ဆိုတာပဲ"
"ကျွန်.. ကျွန်တော် နားလည်ပါပြီ..."
ရှောင်ဟန်သည် တစ်စုံတစ်ယောက်က သူ့ခေါင်းကို ဒေါက်ခနဲ ခေါက်လိုက်သကဲ့သို့ မှိုင်တိုင်တိုင်ဖြင့် ဇက်ကလေး ပုဝင်သွားသည်။
ရှောင်ဟန်ဘက်က အချိန်အတော်ကြာအောင် စကားတစ်လုံးမှ ထွက်မလာတော့သဖြင့် လျူကျင်းက အကဲခတ်ရင်း ထပ်မေးလိုက်သည်။
“ကဲ..ဘယ်လိုလဲ တည်မှာလား ..”
ရှောင်ဟန်က သူ့ကို မော့ကြည့်လိုက်ပြီးနောက် စိတ်ကို တည်ငြိမ်အောင် အသက်ပြင်းပြင်းရှူချလိုက်သည် ။
"ဟူးးး လက်ခံပါတယ် သခင်လေးရာ ... အမိန့် သုံးခုစလုံးကို ကျွန်တော် လိုက်နာပါ့မယ်"
" ကျွန်တော် ဘယ်လိုမှကို နားမလည်ဘူးဗျာ …"
"ဘာကို နားမလည်ဖြစ်နေတာလဲ... ညီလေး လျူကျင်း"
ရှောင်ဟန်နှင့် ဟူမေလီတို့၏ မင်္ဂလာပွဲ ပြီးဆုံးသွားခဲ့ပြီဖြစ်လေသည်။
လျူကျင်းနှင့် ရှောင်နန်တို့အတွက်မူ လဆန်းမြို့တော်သည် ယခုအခါ သူတို့၏ နောက်တွင်အစက်အပြောက်ကလေးတစ်ခုမျှသာ ကျန်ရစ်ခဲ့တော့သည်။ သူတို့ ရှေ့ဆက်ရမည့် 'အရှေ့ဘက် ဆိပ်ကမ်းမြို့တော်' ဆီသို့ ဦးတည်ရာ မြေသားလမ်းမကြီးကတော့ မိုးကုပ်စက်ဝိုင်းအထိ ရှည်လျားစွာ ဆန့်တန်းနေပေသည်။
“ဒီလိုလေ... အစ်ကိုရှောင်ဒုန်းကလည်း ဟူမေလီကို ကြိုက်တယ်၊ ရှောင်ဟန်ကလည်း မေလီကိုပဲ ကြိုက်ပြန်တယ်၊ ကြည့်ရတာ လွန်ခိုင်ကလည်း ဒီလိုပဲ ထင်တယ်။"
လျူကျင်းသည် မျက်မှောင်ကြုတ်ပြီး လက်ကို ဝေ့ယမ်းပြရင်း ပြောလိုက်သည်။
"ကျွန်တော် ဘယ်လောက်ပဲ စဉ်းစားစဉ်းစား လုံးဝကို သဘောမပေါက်နိုင်ဘူး ဖြစ်နေတာ။ တကယ်ပဲ... အဲဒီကောင်မလေးကို ဘာကြည့်ကြိုက်တာလဲ နားမလည်ဘူး “
လျူကျင်း၏ အမြင်တွင်တော့ ဟူမေလီသည် ထိုမျှအထိ အဆင်း ရော အချင်းရော လှသည့် မိန်းမလှမျိုး မဟုတ်ပေ။
"ဟဲဟဲ... ညီလေး လျူကျင်းရာ..."
ရှောင်နန်က သဘောကျစွာဖြင့် ခပ်ဟဟ ရယ်မောလိုက်ရင်း—
"ယောက်ျားနဲ့ မိန်းမ ကြားက ဆက်ဆံရေးအကြောင်း မင်း လေ့လာရဦးမှာတွေ အများကြီး ရှိပါသေးတယ်။ သေသေချာချာ မှတ်ထား... မိန်းမတစ်ယောက်ရဲ့ အကြောင်းကို ပြောရမယ်ဆိုရင် သူက လှသလား ရုပ်ဆိုးသလား၊ ဉာဏ်ပညာ ထက်မြက်သလား ဉာဏ်နည်းသလား၊ ဒါမှမဟုတ် သီလသမာဓိနဲ့ ပြည့်စုံသလား စိတ်ပုပ်စိတ်ယုတ် ရှိသလား ဆိုတာတွေက လုံးဝ အရေးမကြီးဘူးကွ.."
လျူကျင်းက နားမလည်နိုင်သဖြင့် ခေါင်းကို တစ်စောင်းစောင်း လုပ်လိုက်မိပြီး—
"ဒါဆိုရင် တကယ်တမ်း အရေးကြီးတာက ဘာလဲ... အစ်ကိုကြီး ရှောင်နန်"
"ဒါက ရှင်းရှင်းလေးပဲလေ ညီလေးရဲ့.. အရေးကြီးတဲ့ အချက်က တစ်ယောက်ယောက်က သူ့ကို လိုချင်စိတ် ရှိသလား၊ မရှိဘူးလား ဆိုတာပဲ။ မိန်းမတစ်ယောက်ရဲ့ တန်ဖိုးဆိုတာ အဲဒီအချက်ပေါ်မှာပဲ မူတည်တယ်။ လူတစ်ယောက်က အဲဒီမိန်းကလေးကို ဘယ်လောက်အထိ ရူးရူးမူးမူး ပိုင်ဆိုင်ချင်နေသလဲ၊ ပြီးတော့ သူ့ကို ပိုင်ဆိုင်ရအောင် ဘယ်သူတွေက ဘယ်လောက်အထိ ပေးဆပ်စွန့်စားရဲသလဲ ဆိုတာပါပဲ။ အဓိကအချက်က ဒါပဲလေ..ဟုတ်တယ်လေ... လောကကြီးရဲ့ တခြားအရာတွေအားလုံးလည်း ဒီအတိုင်းပဲ။ ပစ္စည်းတစ်ခုရဲ့ တန်ဖိုးဆိုတာ ငါတို့တွေ အဲဒီအပေါ်မှာ ထားတဲ့ အလိုဆန္ဒရဲ့ ပြင်းထန်မှုပဲ ဖြစ်တယ်။ အကြောင်းပြချက်တွေ ဆိုတာကတော့ ဒုတိယအဆင့်ပဲ ရှိပါတယ်"
လျူကျင်းက သက်ပြင်းအသာချရင်း—
"ကျွန်တော် သဘောမတူဘူး အကိုကြီး၊ မိန်းမတယောက်က မလှရင်တောင် မြင့်မြတ်တဲ့စိတ်ထားမျိုး ထက်မြက်တဲ့အမြင်မျိုး တော့ရှိသင့်တယ် ၊အကိုရှောင်နန်က မိန်းမတွေကို ပစ္စည်းတခုနဲ့နှိုင်းတာ လောကကြီးကို အရမ်းကို ဆိုးရွားတဲ့ အမြင်နဲ့ ကြည့်လိုက်တာပဲ... "
"ဟဲဟဲ.. မင်း အရွယ်ရောက်လာမှ ငါမှားနေရင် ပြန်ပြင်ပေးကွာ... ညီလေး လျူကျင်း"
လျူကျင်းအနေဖြင့် ထိုစကားကို မငြင်းပယ်နိုင်ခဲ့ပေ။ လွန်ရှုကဲ့သို့သော သူမျိုးက သူအလိုရှိရာကို ရရှိရန်အတွက် မည်မျှအထိ အောက်တန်းကျကျ လုပ်ဆောင်ရဲသည်ကို ကိုယ်တိုင်မြင်တွေ့ခဲ့ရပြီးနောက်တွင် ပို၍ပင် မငြင်းနိုင်တော့ပေ။ စင်စစ်မူ လျူကျင်းအနေဖြင့် မိမိ၏ တစ်သက်တာလုံးစာအတွက် ထိုကဲ့သို့သော လောကီအပုပ်နံ့များကို လုံလောက်အောင် မြင်တွေ့ခဲ့ရပြီဟု ခံစားနေရမိသည်။
"ဒါပေမဲ့ တခုတော့ရှိတယ်ကွ ... ရှောင်ဟန် ငနာလေးက သူ့အကိုအလောင်း မြေကျကျချင်း သူ့မရီးလောင်းကို အရယူသွားတာတော့ နဲနဲရုပ်ပေါက်သွားတာပေါ့လေ..” ဟု ရှောင်နန်က ပြောရင်း ပုခုံးတစ်ချက် တွန့်ပြလိုက်သည်။
"ဒါပေမဲ့ အခြေအနေ အရပ်ရပ်ကို ခြုံငုံကြည့်ရမယ်ဆိုရင်တော့ ဒါက အကောင်းဆုံး ဖြစ်သွားတာပါပဲ။ မဟုတ်ရင် ဒီကောင့်ကြည့်ရတာမအူမလည်နဲ့ ဒီထက်ပိုပြီး ဆိုးတဲ့ ဇနီးမျိုးကိုလည်း ရချင်ရသွားမှာ "
လျူကျင်းက ရှောင်နန်ကို မျက်တောင်မခတ်တမ်း စိုက်ကြည့်လိုက်မိသည်။ ရှောင်နန်ကတော့ ထိုအကြည့်ကို ရယ်မောလျက်သာ တုံ့ပြန်လိုက်လေတော့သည်။
"ဟားဟား…ငါ့ကို အဲဒီလို အကြည့်မျိုးနဲ့ ကြည့်မနေပါနဲ့ ညီလေးရဲ့။ ငါ တကယ် အတည်ပြောနေတာ။ အနည်းဆုံးတော့ မေလီက အူတူတူ အတတ မဟုတ်တာ သေချာတယ်။ ဒါက အနာဂတ်အတွက် ကောင်းတဲ့ လက္ခဏာပဲလေ။ သခင်ကြီး ရှောင်ဒင်အနေနဲ့လဲ သူ ချွေးမရဲ့ လှည့်ကွက် တွေ အကျင့်စရိုက်တွေကို ကောင်းကောင်းကြီး ထိန်းကျောင်း ပဲ့ပြင်နိုင်မှာပါ။ အဲ့လူကြီးက အနည်းဆုံး ဒါမျိုးတော့ ကျွမ်းပါတယ်၊ သူ ဂိုဏ်းခွဲသခင် ရာထူးကမဆင်းခင် အချိန်အထိတော့ သူနဲ့ ဂိုဏ်းအကြီးအကဲတွေ ရှောင်ဟန်ကို အရည်အချင်းရှိတဲ့ ဂိုဏ်းဆက်ခံသူတစ်ယောက် ဖြစ်လာအောင် ကျင့်ပေးကြပေါ့…၊ အချိန်အများကြီးရပါတယ်ကွာ တကယ်လို့ အဆင်မပြေခဲ့ရင်တောင်မှ... တခြား ဆက်ခံသူတစ်ဦးကို အချိန်မရွေး ပြန်ရွေးချယ်လို့ ရတာပဲ မဟုတ်ဘူးလား။ အားလုံးကို ခြုံကြည့်ရမယ်ဆိုရင်တော့ ဒီရလဒ်ဟာ ငါတို့ ရှောင်ဂိုဏ်းအတွက် ဘာမှ နစ်နာစရာ မရှိပါဘူး"
ရှောင်နန်ထောက်ပြသည်မှာ မှန်လေသည်။ ရှောင်ဒုန်း သေဆုံးသွားခဲ့ရခြင်းမှာ မည်သို့ပင် ကြည့်ကြည့် ဂိုဏ်းအတွက် ကြီးမားသော ဆုံးရှုံးမှုတစ်ခု ဖြစ်သော်လည်း၊ သူတို့သည် ထို အကျပ်အတည်းကို အချိန်တိုအတွင်း အလျင်အမြန် ပြန်လည် ကုစားနိုင်ခဲ့ကြသည်။
လက်ရှိတွင် ရှောင်ဂိုဏ်းသည် လဆန်းမြို့တော်တစ်ခုလုံးကို သူတို့၏ အာဏာစက်အောက်တွင် အခိုင်အမာ ချုပ်ကိုင်ထားနိုင်ခဲ့ပြီ ဖြစ်သည်။ သူယောင်မယ် သစ်တော' မှ ထွက်ရှိသော ကျင့်ကြံခြင်း အရင်းအမြစ်များနှင့် သူယောင်မယ် သစ်ပင်' အပါအဝင် အရာရာတိုင်းမှာ ယခုအခါ သူတို့ စိတ်တိုင်းကျ စီမံခန့်ခွဲပိုင်ခွင့် ရှိသွားခဲ့ချေပြီ။ သူတို့သည် မိမိတို့အား ရန်ပြု နှောင့်ယှက်လိုသူမှန်သမျှကို အမြစ်ပြတ် ချေမှုန်းနိုင်ခဲ့ပြီး ဂိုဏ်း၏ အဆင့်အတန်းကို အခိုင်အမာ အကာအကွယ် ပေးနိုင်ခဲ့ကြသည်။
ဤသည်မှာ... သူတို့၏ အနိူင်နှင့် ပိုင်းနိူင်သော အောင်ပွဲ အစစ်အမှန်ပင် ဖြစ်တော့သည်။
"အစ်ကိုကြီး ရှောင်နန်..."
လျူကျင်းက စကားစလိုက်ရင်း မျက်ဝန်းအစုံကို မြေပြင်သို့ အသာစိုပ်ကြည့်လိုက်သည်။
"ကျွန်တော်တို့ ရှောင်ဂိုဏ်းလုပ်ခဲ့တာတွေက... တကယ် ရော မှန်ရဲ့လားဟင် …"
ရှောင်ဂိုဏ်း ရောက်မလာခင်အချိန်အထိ လွန်မျိုးနွယ်စုနှင့် ဟူမျိုးနွယ်စုတို့သည် လဆန်းမြို့တော်တွင် နှစ်ပေါင်းတစ်ထောင်တိုင်တိုင် အခြေချ၍ စည်ပင်ထွန်းကားခဲ့ကြသည်။ သို့သော် ရှောင်ဂိုဏ်း ခြေချလာခဲ့ပြီးနောက်တွင်မူ ထိုမျိုးနွယ်စုကြီးနှစ်ခု၏ အာဏာစက်များ လျှောကျအားနည်းသွားခဲ့ရသည်။ ဟူမျိုးနွယ်စုသည် ၎င်းတို့၏ သမီးပျိုကို လက်ဆောင်အဖြစ် ဆက်သခဲ့ရပြီး၊ လွန်မျိုးနွယ်စုမှာမူ အရာရာကို လောင်းကြေးထပ် စွန့်စားခဲ့သော်လည်း နောက်ဆုံးတွင် ပျက်သုဉ်းခြင်းသို့သာ ရောက်ရှိသွားခဲ့ရသည်။
အကယ်၍... အကယ်၍သာ ရှောင်ဂိုဏ်းသည် လဆန်းမြို့တော်သို့ ခြေဦးမလှည့်ခဲ့ပါက အခြေအနေအရပ်ရပ်က ယခုထက် ပိုမိုကောင်းမွန်နေနိုင်မည်လော။
ရှောင်နန်က ချက်ချင်းပြန်မဖြေဘဲ ခဏမျှ တိတ်ဆိတ်သွားပြီးမှ ဆိုလိုက်သည်။
"ညီလေး လျူကျင်း... ငါ မင်းကို အရင်ကတည်းက ပြောဖူးသားပဲ။ အာဏာနဲ့ ခွန်အားရှိတဲ့သူတွေရဲ့ လုပ်ဆောင်ချက်မှန်သမျှဟာ—"
"တော်ပါဗျာ ၊ အင်အားကြီးတဲ့သူက လုပ်နိုင်စွမ်း ပိုရှိတဲ့အတွက် ဘယ်တော့မှ မမှားနိုင်ဘူး... ဒါပဲမလား "
လျူကျင်းတစ်ယောက် ရှောင်နန်၏ စကားကို ပထမဆုံးအကြိမ်အဖြစ် ကြားဖြတ်၍ အော်ဟစ်လိုက်မိသည်။
"ဒီစကားကို ကျွန်တော် နားထောင်ပြီးပါပြီ။ ဒါပေမဲ့... ဒါပေမဲ့လည်း... ကျွန်တော် ဒါကို လုံးဝ လက်မခံဘူး!"
အာဏာနဲ့ ခွန်အားကြီးမားခြင်းသည် အဘယ်မှာများ ကောင်းမြတ်တာ ရှိသနည်း။
မိမိလမ်းကို ပိတ်ဆို့ထားသူမှန်သမျှအား နင်းခြေဖျက်ဆီးပစ်ရသည်ကရော ဘာများ ကျေနပ်စရာ ကောင်းသနည်း။
အားနည်းသူတွေအား နှိပ်စက်ခြေမှုန်း ပစ်ရသည်ကရော အဘယ်မှာများ ပျော်စရာ ကောင်းသနည်း။
"အေးလေ လက်မခံတာကောင်းပါတယ် ၊ တကယ်လို့ မင်းသာ အဲဒီလို အာဏာလုပွဲတွေကို သဘောကျနေမယ်ဆိုရင်... ငါအရင်ဆုံး ခေါင်းကြိမ်းရမှာပေါ့ ညီလေး လျူကျင်းရာ"
ရှောင်နန်က လေသံခပ်အေးအေးဖြင့် ဆိုလိုက်သည်။ သူတို့နှစ်ယောက် ရှေ့ဆက်လျှောက်လှမ်းနေကြစဉ် ဘေးပတ်ဝန်းကျင်ရှိ သစ်တောကြီးတစ်ခုလုံးမှာ ဆိတ်ငြိမ်လျက် ရှိနေပေသည်။ လျူကျင်း၏ မျက်ဝန်းအစုံက မြေပြင်ပေါ်သို့သာ စိုက်ကျနေခဲ့သော်လည်း ရှောင်နန်ကမူ ရှေ့တည့်တည့်ဆီသို့သာ မမှိတ်မသုန် စိုက်ကြည့်လျက် ရှိသည်။
"တကယ်လဲ... မင်းအနေနဲ့ ဒီလို အကြမ်းဖက်မှုတွေကို ဘယ်တော့မှ သဘောမကျတာကပဲ အကောင်းဆုံးပါပဲ"
ထိုစဉ် ကောင်းကင်ပြာထက်၌ သိန်းငှက်တစ်ကောင်သည် သားကောင်ကို ရှာဖွေရန် ဝဲပျံနေချေသည်။ ယနေ့ နေမဝင်ခင်အချိန်၌ ထိုသိန်းငှက်၏ ခြေသည်းအစုံသည် သားကောင်၏ သွေးအိုင်ထဲတွင် သွေးစွန်းပေရဦးမည်မှာ အမှန်ပင်။ ဤသည်မှာ ထူးခြားဆန်းပြားသည့် ဖြစ်ရပ်တစ်ခု မဟုတ်ပေ။ လောကကြီး၏ မလွှဲမရှောင်သာသော သဘာဝတရား သက်သက်မျှသာ ဖြစ်တော့သည်။
"ဒါပေမဲ့... လက်ရှိကြုံရတဲ့ အဖြစ်အပျက်အများစုကလဲ ဒီလိုမျိုးတွေဆိုတာ မင်းသိထားရမယ် တကယ်တော့... သူတော်ကောင်းဆန်တဲ့ လုပ်ရပ်တွေ၊ တရားမျှတမှုတွေဆိုတာ ကိုယ့်မှာပိုင်ထားတဲ့ အာဏာနဲ့ အင်အားကို ပေးဆပ်စွန့်လွှတ်ပြီးမှပဲ ရနိုင်တာမျိုး။ တခြားနည်းလမ်းနဲ့ လုံးဝ မရနိုင်ဘူး။ အဲဒါကြောင့်ပဲ မင်းအနေနဲ့ တရားမျှတမှု ဆိုတဲ့အရာပေါ်မှာ စိတ် အရမ်း မနှစ်ထားစေချင်တာပေါ့ကွာ
နောက်တခုက မင်း လက်တွေ့ဖြစ်နေတဲ့ သဘောကိုလက်မခံနိူင်ရင် မင်း အတ္တနဲ့ အမှားတွေကို ဖုံးကွယ်ဖို့၊ ကိုယ့်ကိုယ်ကိုယ် စိတ်သက်သာရာရစေဖို့ အကြောင်းပြချက်တွေ ရှာလာလိမ့်မယ်။ နောက်ဆုံးမှာတော့ မင်းဟာ ကိုယ့်ကိုယ်ကိုယ် လိမ်ညာမယ်၊ လမ်းမှားလိုက်မယ်၊ ပြီးတော့ အရာရာကို ဆင်ခြေပေးပြီး ကိုယ့်ဘက်ကပဲ မှန်နေသလို တွေးရင်းနဲ့ ကြောက်စရာကောင်းတဲ့ မိစ္ဆာကောင်ကြီးတစ်ကောင် ဖြစ်လာလိမ့်မယ်။ ငါ့မျက်စိ ရှေ့ တင် ဒီလိုလူမျိုးတွေကို မရေမတွက်နိုင်အောင် မြင်ခဲ့ရဖူးပြီးပြီ"
ရှောင်နန်က သက်ပြင်းတစ်ချက်ကို ခပ်လေးလေးချရင်း ဆက်ပြောလိုက်သည်။
"ငါတို့အားလုံးက ဒီလို ရက်စက်လွန်းတဲ့ လောကကြီးရဲ့ နိယာမထဲမှာ ပဲလှော်ကြားဆားညပ် ပါနေရသူတွေဆိုတာကို လက်ခံလိုက်တာက ပို အဆင်ပြေတယ်ကွ..၊ ဥပမာပြောရရင်... ငါတို့ ရှာတွေ့ခဲ့တဲ့ သူယောင်မယ် သစ်ပင်' က စိတ်ဝင်စားဖို့ ကောင်းတယ်ဆိုပေမဲ့ လောကကြီးမှာ ထူးထူးခြားခြား တစ်ပင်တည်း ရှိနေတာတော့ မဟုတ်ဘူး။ ငါတို့ ရှောင်ဂိုဏ်းက အဲဒီ့သစ်ပင်ထက် ပိုအံ့ဩစရာကောင်းတဲ့ ကျင့်ကြံခြင်း အရင်းအမြစ်တွေကို ပိုင်ဆိုင်ထားပြီးသား။ တခြား ရတနာတွေနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် အဲ့သစ်ပင်ဟာ သာမန်အဆင့်လို့တောင် ခေါ်လို့မရနိုင်ဘူး"
လျူကျင်းသည် ရှောင်နန်ကို မမှိတ်မသုန် စိုက်ကြည့်ရင်း—
"ဒါဆိုရင် ... လဆန်းမြို့တော်ဆိုတာ ဂိုဏ်းအတွက် ဘာမှ အရေးမပါတဲ့ နေရာလေးသက်သက်ပဲပေါ့ ဟုတ်လား"
ရှောင်ဒုန်း... လွန်ရှုအပါအဝင်…လူပေါင်းများစွာ သွေးမြေကျခဲ့ရပြီ ဖြစ်သည်။ သူတို့အားလုံး၏အသက်သည် ဘာတန်ဖိုးမှမရှိဘဲ အလဟဿ သေဆုံးသွားခဲ့ကြသည်လား...။
"အင်းလေ …၊ အဲ့လိုတွေးရင်တော့လဲ စိတ်မကောင်းစရာပေါ့ကွာ ..."
ရှောင်နန်က ပြုံးလိုက်သော်လည်း ထိုအပြုံးတွင် ပျော်ရွှင်ရိပ် အစအနမျှပင် မရှိချေ။
"ဒါပေမယ့်လဲ ..အကိုတို့ ရှောင်ဂိုဏ်း လဆန်းမြို့ထဲကို ခြေမချခဲ့ရင်တောင် တစ်နေ့မှာ တခြားသိုင်းဂိုဏ်းတစ်ခုခုက သေချာပေါက် ရောက်လာမှာပဲ။ ပြင်ပအင်အားစုတွေရဲ့ ကြားဝင်နှောင့်ယှက်မှု မရှိခဲ့ရင်တောင်မှ 'ဝက်ဝံနက်ဓားပြ' ရဲ့ အန္တရာယ်က ရှိနေဦးမှာပဲလေ။ အဲဒီပြဿနာက လွန်မျိုးနွယ်စုကိုယ်တိုင် ဖန်တီးခဲ့တာကွ။ ဘယ်ဂိုဏ်းမှ ဝင်မလာရင်တောင် အဲ့မျိုးနွယ်စုကြီးနှစ်ခုဟာ တစ်နေ့နေ့မှာ အချင်းချင်းခွေး ရူးတွေလို မြင် မြင်ရာ ကိုက်ကြမှာပဲ …”
ရှောင်နန့် စကားက မှန်ကန်ပေသည်။ သေချာပေါက်... သူ့အစ်ကိုကြီး ပြောသည်မှာ မှန်ကန်လှပေသည်။ လွန်ရှုသည် တစ်နေ့နေ့တွင် အကြံဆိုးတခုကို သေချာပေါက် ကြံစည်လိမ့်မည်သာ ဖြစ်သည်။ ဟူမျိုးနွယ်စုနှင့် လွန်မျိုးနွယ်စုတို့ ကတိသစ္စာပြု လက်ထပ်ခဲ့ကြလျှင်ပင် ထိုအရာသည် လွန်ရှူး၏ အာဏာစက်ကို ပိုမိုခိုင်မာအောင် ထောက်ပံ့ပေးရုံသာ ရှိပေလိမ့်မည်။
အကယ်၍ သူသာ လဆန်းမြို့တော်ကို အပိုင်စိုးမိုးနိုင်ခဲ့ပါက... တစ်နေ့တွင် ပြင်ပလောကကြီးကိုပါ ဝါးမြိုဖို့ ခြေလှမ်းပြင်လာမည်လား...။
"ဒါပေမဲ့လည်း... အဲ့လိုဆိုတိုင်း ငါတို့လုပ်ရပ်တွေအပေါ် ဆင်ခြေပေးလို့မရဘူးကွ ..၊ ငါတို့တွေက သူများ ဝါးမြိုတာ မခံရဖို့အတွက် ကိုယ်တိုင် ပြန် ဝါးမြိုနေကြရတာ..
ငါတို့တွေ အမြဲတမ်း ပိုပြီး အင်အားကြီးလာအောင် ကြိုးစားနေရမယ်။ ဘာလို့လဲဆိုတော့ ငါတို့ ခြေလှမ်းရပ်လိုက်တဲ့ အချိန်မှာတင် တခြားလူတွေက ငါတို့ကို အရှင်လတ်လတ် ဝါးမြိုပစ်ကြမှာမို့လို့ပဲ။"
ထို့နောက် ရှောင်နန်က ဆက်ပြီး—
"ငါတို့ ရှောင်ဂိုဏ်းသာ အားနည်းသွားရင် ထောင်သောင်းချီတဲ့ ရန်သူတွေဟာ လင်းတတွေလိုမျိုး ငါတို့ဆီကို အုပ်စုလိုက်ကြီး ပြေးဝင်လာကြလိမ့်မယ်။ ဒါကတော့ ကျိန်းသေ အမှန်တရားပဲ။ အဲဒီလို ဖြစ်ရပ်ဆိုးမျိုးကို တားဆီးနိုင်မယ့် တစ်ခုတည်းသော နည်းလမ်းကတော့... ငါတို့ကိုယ်တိုင် ပိုပြီး အင်အားကြီးလာအောင် အမြဲတမ်း ကြီးထွားနေဖို့ပဲကွ"
ထိုစကားများအဆုံးတွင် ရှောင်နန်သည် လျူကျင်းအား ရင်နင့်စရာကောင်းသော မျက်ဝန်းအစုံဖြင့် စိုက်ကြည့်လိုက်သည်။
"ငါ့ ညီလေးကို လောကကြီးရဲ့ အမှန်တရားအကြောင်း ဒီလိုနည်းမျိုးနဲ့ မသိစေချင်ခဲ့ဘူး။ ဒါပေမဲ့ ဒါက ညီလေး တစ်နေ့နေ့မှာ မဖြစ်မနေ သိရှိနားလည်သွားရမယ့် အရာမျိုးပဲလေ။ ဒီလောကကြီးထဲမှာ... ရှေ့မဆက်ဘဲ ရပ်တန့်နေတဲ့သူမှန်သမျှ ပျက်သုဉ်းရတာပဲ။ ရှေ့ကို တက်လှမ်းနိုင်သူတွေပဲ ရှင်သန်ခွင့်ရကြတာ။ ဒါပေမဲ့ အရှေ့ကို လှမ်းနိုင်ဖို့ဆိုရင်တော့... မင်းအနေနဲ့ လူပေါင်းများစွာရဲ့ ပျော်ရွှင်မှုတွေကို နင်းခြေပြီးမှပဲ သွားရလိမ့်မယ်"
"ကျွန်တော်... ကျွန်တော် ဒီအယူအဆကို မကြိုက်ဘူးဗျာ..."
လျူကျင်းသည် နောက်ဆုံးတွင် မြေပြင်ပေါ်မှ သူ့မျက်ဝန်းများကို ပြန်လည်မော့ကြည့်လိုက်မိသည်။ ကောင်းကင်ကြီးက သူ့စိတ်အခြေအနေနှင့်မလိုက်အောင် ကြည်လင်တောက်ပနေသော်လည်း သူ့ မျက်ဝန်းများမှာ စိတ်များမှာ မှိုင်းညို့ရီဝေနေလေသည်။
"တကယ်လို့ ဒါက လောကကြီးရဲ့ မလွှဲမရှောင်သာတဲ့ နိယာမတရားဆိုရင်လည်း... ကျွန်တော် အဲဒီအထဲမှာ လုံးလုံးပါချင်စိတ်မရှိဘူး"
"ဒါဆိုရင်တော့... ညီလေး လျူကျင်း တစ်ယောက် လောကပြင်ပမှာ အောင်မြင်မှုအပေါင်းနဲ့ ပြည့်စုံပါစေလို့ပဲ အကို ဆုတောင်းပေးရတော့မှာပေါ့"
“အာ..."
လျူကျင်းက အံ့အားသင့်သွားကာ ခေါင်းကို ဝှေ့ယမ်းလျက် မေးလိုက်သည်။
" အစ်ကိုကြီး က ကျွန်တော့် စိတ်ကူးတွေကို ပြောင်းလဲပစ်ဖို့ ဖျောင်းဖျလိမ့်မယ်လို့ ထင်နေတာ"
"အမ်မာ… အခုအချိန်မှာ ညီလေးရဲ့ စိတ်ကူးကို အတင်းအကျပ် ပြောင်းလဲဖို့ ကြိုးစားရင်လည်း ဘာကောင်းကျိုးမှ ထွက်လာမှာ မဟုတ်ဘူးလေ။"
ရှောင်နန်က ပြန်ပြောလိုက်သည်။
"ပီးတော့ အကို ခုနက ပြောတာ လိမ်ညာတာမဟုတ်ဘူး။ ညီလေး အောင်မြင်ပါစေလို့ တကယ်စိတ်ရင်းနဲ့ ဆုတောင်းပေးတာပါ။ ဒါပေမဲ့လည်း... ဒီလောကကြီးနဲ့ မပတ်သက်ဘဲ ရုန်းထွက်ဖို့ဆိုတာ ထင်သလောက် မလွယ်ကူဘူးဆိုတာတော့ မမေ့နဲ့ဦးပေါ့"
"မဟုတ်ဘူး အကိုကြီးရ…၊ ကျွန်တော်က သမားတော်တစ်ယောက် ဖြစ်လာမှာလေ။ ကျွန်တော့်အနေနဲ့ သူများကို တိုက်ခိုက်ဖို့ ဒါမှမဟုတ် နှိပ်စက်ချေမှုန်းဖို့ လိုမယ်မထင်ဘူး"
လျူကျင်းက သူ့ခံယူချက်နှင့်သူ ပြတ်သားစွာပင် ပြန်လည်တုံ့ပြန်လိုက်သည်။
"ကျွန်တော်တို့ အရှေ့ဘက် ဆိပ်ကမ်းမြို့တော်ကို ပြန်ရောက်ရင်တော့ ကျွန်တော်က သာမန် ဆေးကုသတဲ့ နေ့စဉ်ဘဝဆီပဲ ပြန်သွားတော့မှာ။ ဖြစ်နိုင်ရင်တော့... ကျွန်တော့် တစ်သက်တာလုံးမှာ ဒီလိုမျိုး အကျိုးလို လို့ ညောင်ရေလောင်းတဲ့ မင်္ဂလာပွဲတွေကို နောက်တစ်ကြိမ် ထပ်ပြီး မမြင်ချင်တော့ဘူး"
ထိုစကားကို ကြားလိုက်ရသည်နှင့်တပြိုင်နက် ရှောင်နန် တစ်ယောက် မျက်လုံးပြူး ကာ လည်ပင်းနင်သွားသည်။
လျူကျင်းတစ်ယောက် တအံ့တဩကြည့်နေရင်းခြေခေါက်၍ လဲကျလုနီးပါးပင် ဖြစ်သွားရရှာသည်။
အကြောင်းမူကား သူ၏ တစ်သက်တာတွင် ဤမျှအထိ ရှောင်နမ် ထိတ်လန့်သွားပုံကို တစ်ကြိမ်တစ်ခါမျှ မမြင်ဖူးခဲ့သောကြောင့်ပင် ဖြစ်သည်။
"အဲ ..အဲ့ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့လေ..."
ရှောင်နန်က ရုတ်တရက်ဆိုသလို ဂနာမငြိမ်ဘဲ ပြာပြာသလဲ ဖြစ်နေသော မျက်နှာထားဖြင့်—
"အစ်ကိုကြီးဘက်ကတော့ သတင်းဆိုးတစ်ခု ပေးစရာရှိတယ် ညီလေးရေ။ လဆန်းမြို့တော်မှာ ရှိတုန်းကတည်းက ဂိုဏ်းချုပ်ဆီကနေ လျှို့ဝှက်သဝဏ်လွှာတစ်စောင် အကို ရခဲ့တယ်”
“အမ် ဘာစာလဲ အကိုကြီး..”
“သိပ်မကြာခင် အရှေ့ဘက် ဆိပ်ကမ်းမြို့တော်မှာ ကြီးကျယ်ခမ်းနားတဲ့ မင်္ဂလာပွဲတစ်ခု ကျင်းပတော့မှာတဲ့။ အဲဒီပွဲကလေ ညီလေး လျူကျင်းကိုယ်တိုင် မဖြစ်မနေ ပါရမှာတဲ့ .."
လျူကျင်းက မျက်တောင်တခတ်ခတ်ဖြစ်သွားသည်။
“ ဟင်..ဘယ်သူ့ရဲ့ မင်္ဂလာပွဲမို့လို့လဲဟင်"
"ဟိုလေ ..အေးကွာ မင်း မင်္ဂလာပွဲ တဲ့ လေ"