အခန်း ၃၂
Vol. 4 Ch. 32
အခန်း ၃၂။ အချိန်တန် အိမ်ပြန်ချိန် နှင့် မျှော်လင့်မထားသော သတင်းဆန်း
'အရှေ့ဘက် ဆိပ်ကမ်းမြို့တော်' ကြီးသည် ယခင်ကအတိုင်း ဘာမျှ ပြောင်းလဲခြင်း မရှိသေးပေ။
လျူကျင်း အရင်ဆုံး မြင်တွေ့လိုက်ရသည်က မိုးကုပ်စက်ဝိုင်းဆီသို့ အဆုံးမရှိ ရှည်လျားစွာ ဆန့်တန်းနေသည့် ပြာလဲ့လဲ့ ပင်လယ်ပြင်ကြီး ဖြစ်သည်။ ထို့နောက်တွင်မူ ခံ့ညားထည်ဝါလှသော မြို့တံတိုင်းကြီးများ ပေါ်လာသည်။ ထိုတံတိုင်းကြီးများကို ထုထည်ကြီးမားလှသော ကျောက်တုံးကြီးများကို အနုစိတ်ဆစ်ထုပြီး အခိုင်အမာ တည်ဆောက်ထားခြင်း ဖြစ်သည်။
၎င်းနှင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါက 'လဆန်းမြို့တော်' ၏ မြို့ရိုးများမှာ သဲဖြင့် ဆောက်လုပ်ထားသည့်အလား သေးသိမ်လွန်းလှပေသည်။ လျူကျင်းအနေဖြင့် အဝေးကနေ သေသေချာချာ မမြင်ရသေးသော်လည်း တံတိုင်းကြီးများအပေါ်၌ ကင်းစောင့်ရဲမက်များက မြို့တော်အတွင်းသို့ မလိုလားအပ်သော အန္တရာယ်များ မဝင်ရောက်နိုင်စေရန် စောင့်ကြပ်ကြည့်ရှုလျက် စစ်ဆေးနေကြသည်။
ပင်လယ်ပြင်မှ တိုက်ခတ်လာသော ရနံ့များက လျူကျင်း၏ နှာခေါင်းဝဆီသို့ တိုးဝှေ့ဝင်ရောက်လာခဲ့သည်။ ဤရနံ့သည် သူတစ်ဘဝလုံး ရင်းနှီးကျွမ်းဝင်စွာ ကြီးပြင်းလာခဲ့ရသည့် ရနံ့တစ်ခု ဖြစ်သော်လည်း၊ ယခုကဲ့သို့ မြို့တော်နှင့် အချိန်အတော်ကြာ ခွဲခွာခဲ့ရပြီးမှသာ ၎င်း၏ တန်ဖိုးကို ပိုမိုသိရှိနားလည်မိတော့သည်။
မြို့တံခါးဝတွင်မူ မြို့ထဲသို့ ဝင်ရောက်ရန် တန်းစီစောင့်ဆိုင်းနေကြသော ကုန်သည်အုပ်စုကြီးကို မြင်တွေ့ရသည်။ ကင်းစောင့်ရဲမက်များက ၎င်းတို့၏ တရားဝင် သဝဏ်လွှာများနှင့် ကုန်စည်များကို စနစ်တကျ စစ်ဆေးနေကြဆဲ ဖြစ်သည်။ မြို့တံတိုင်း၏ ပြင်ပဘက်တွင်လည်း ဆင်းရဲသား အိမ်ခြေများစွာ တည်ရှိနေကြပြီး၊ ၎င်းတို့မှာ အရှေ့ဘက် ဆိပ်ကမ်းမြို့တော်အတွင်း၌ မြေနေရာဝယ်ယူရန် တတ်နိုင်ခြင်းမရှိကြသည့် သာမန်လူသားများ ဖြစ်ကြသည်။
ဤသည်မှာ... လျူကျင်းအတွက် အလွန်ပင် ရင်းနှီးလွန်းလှသော မြင်ကွင်းတစ်ခု ဖြစ်ပေသည်။ ဤမြင်ကွင်းကို သူ ရာပေါင်း၊ ထောင်ပေါင်းများစွာ မြင်တွေ့ခဲ့ဖူးပြီးပြီ ဖြစ်သည်။
၎င်းသည် လျူကျင်း၏ စိတ်နှလုံးကို အတိုင်းထက်အလွန် အေးချမ်းစေသည့် မြင်ကွင်းတစ်ခုလည်း ဖြစ်ပေသည်။
လျူကျင်းနှင့် ရှောင်နန်တို့အနေဖြင့် မြို့တံခါးကို ဖြတ်ကျော်ရန် မည်သည့်အခက်အခဲမျှ မရှိခဲ့ပါ။ ကင်းစောင့်ရဲမက်များက သူတို့နှစ်ယောက်ကို ချက်ချင်းပင် မှတ်မိသွားကြပြီး နှုတ်ဆက်စကားများနှင့် ဆုမွန်ကောင်းများ တောင်းပေးခဲ့ကြသည်။
ဤသို့ဖြင့်... လျူကျင်းတစ်ယောက် 'အရှေ့ဘက် ဆိပ်ကမ်းမြို့တော်' ကြီးဆီသို့ ပြန်လည်ခြေချနိုင်ခဲ့ချေပြီ။
မြို့ထဲသို့ ရောက်သည်နှင့် သူနှင့် ရှောင်နန်တို့ ချက်ချင်းပင် လမ်းခွဲလိုက်ကြသည်။ ရှောင်နန်အနေဖြင့် 'လဆန်းမြို့တော်' တွင် ဖြစ်ပျက်ခဲ့သမျှသော ကိစ္စရပ်များကို ဂိုဏ်းချုပ်ထံ အစီရင်ခံရန် လိုအပ်သလို၊ လျူကျင်းကိုယ်တိုင်ကလည်း... ယခုအချိန်တွင် ခေါင်းရှုပ်ခံပြီး အတွေးပွားစရာ ကိစ္စရပ်များစွာ ရှိနေသောကြောင့်ပင်ဖြစ်သည်။
လျူကျင်းအနေဖြင့် အိမ်သို့ တည့်တည့်မတ်မတ် ပြန်ရမည်ကို သိသော်လည်း မပြန်ဖြစ်ခဲ့ ပေ။ အကယ်၍ သူသာ အိမ်ခေါင်မိုးများပေါ်မှ သိုင်းကွက်နင်းကာ အမြန်သွားမည်ဆိုပါက အိမ်ပြန်ခရီးသည် ဆယ်မိနစ်ပင် ကြာလိမ့်မည် မဟုတ်ပေ။
သို့သော် သူ မပြန်ပဲ ခြေဦးတည့်ရာဆီသို့သာ ဖြည်းညှင်းစွာ လျှောက်လှမ်းနေမိသည်။ သူ့စိတ်ထဲတွင် သတ်မှတ်ထားသည့် ပန်းတိုင်ဟူ၍ လုံးဝမရှိဘဲ... အဆုံးမရှိ ရှည်လျားလှသော လမ်းမကြီးများနှင့် ဟာလာဟင်းလင်း ဖြစ်နေသည့် ကောင်းကင်ပြာကြီးကိုသာ ငေးမောနေမိတော့သည်။
အမြဲတမ်းလိုလို စည်ကားလှသော စျေးတန်းကြီးကတော့ ယခုလည်း လူအုပ်ကြီးဖြင့် ပြည့်နှက်နေဆဲပင်။ လေထုထဲတွင် အမဲသား၊ ဆေးဘက်ဝင် အပင်များနှင့် ဟင်းခတ်အမွှေးအကြိုင်တို့၏ ရနံ့များက ပျံ့လွင့်နေသည်။
လမ်းဘေးစျေးသည်များ၏ ဈေးခေါ်သံများ..၊ တရှဲရှဲ ကြော်လှော်ချက်ပြုတ်သံများဖြင့် စားချင်စဖွယ် အစားအစာမျိုးစုံကလည်း ဆာလောင်နေသည့် သူ့ဝမ်းဗိုက်ကို ဆွဲဆောင်နေကြသည်။ ဘေးပတ်ဝန်းကျင်မှ ထွက်ပေါ်လာသော လူအများ၏ စကားပြောသံ မျိုးစုံကတော့ အဓိပ္ပာယ်မရှိသည့် ဆူညံသံများအဖြစ်သာ သူ့နားထဲတွင် ရောထွေးနေတော့သည်။
ဤနေရာတွင် လမ်းလျှောက်နေသူ အလွန်များပြားလှသော်လည်း လမ်းမကြီးက ကျယ်ဝန်းလှသဖြင့် လူတိုင်းကို ဆန့်ဝင်စေကာ လဆန်းမြို့တော်၏ ကျဉ်းမြောင်းလှသော အနေအထားနှင့် သိသိသာသာ ကွဲပြားခြားနားနေပေသည်။
လျူကျင်းသည် ထိုလူအုပ်ကြီးထဲတွင် အလိုက်သင့် ရောပါသွားသည်။ လက်ရှိတွင် သူသည် ရှောင်ဂိုဏ်းမှ အရှိန်အဝါကြီးမားလှသော အရေးပါသူတစ်ဦး မဟုတ်တော့ပေ။ သူသည် သာမန် လျူကျင်း သက်သက်မျှသာ ဖြစ်သည်။
အတိအကျဆိုရသော် အသက် (၁၁) နှစ်ပင် မပြည့်သေးသည့်... ကလေးငယ်တစ်ဦးမျှသာ ဖြစ်တော့သည်။
သူသည် သူ့အသက်အရွယ်တူ အခြားကလေးငယ်များထက် အနည်းငယ် အရပ်ပိုရှည်ကောင်း ပိုရှည်နေနိုင်ပေလိမ့်မည်။ သူ့တွင် ထူးခြားဆန်းပြားသည့် နီမြန်းသော မျက်ဝန်းအစုံနှင့် သပ်ရပ်လှပသော မျက်နှာကျမျိုး ရှိနေသော်လည်း၊ ထိုအချက်များက ဤကဲ့သို့သော လူအုပ်ကြီးထဲတွင် ထင်ရှားပေါ်လွင်ပြီး လူတကာကြားထဲ ထိုးထွက်နေစေရန်အတွက်တော့ လုံလောက်မှု မရှိလှပေ။
အချို့သော လူအနည်းငယ်ကတော့ သူ့ကို သမားတော်ကြီး လျူကျန့်ကော်၏ သားအဖြစ် မှတ်မိကြပေသည်။ အများစုမှာ သူ့အဖေ၏ လူနာဟောင်းများ ဖြစ်ကြ၏။
ထို သူတို့က လျူကျင်းကို ကြည့်ကာ "ဟေး... ဟိုကောင်လေးက... မဟုတ်မှလွဲရော... " ဟု လက်ညှိုးထိုး ပြောဆိုနေကြပြီး၊ ဘေးကလူကလည်း "မင်းပြောတာ ဟုတ်တယ်" ဟု ပြန်လည်ထောက်ခံနေကြပုံရသည်။ အချို့ဆိုလျှင် သူ့ကို လှမ်း၍ နှုတ်ဆက်ကြသေးသည်။ သို့သော်ငြားလည်း ဤအခြေအနေသည် လဆန်းမြို့တော်တွင် သူ ခံယူခဲ့ရသည့် မွန်းကျပ်စရာကောင်းလှသော အာရုံစိုက်မှုများနှင့် နှိုင်းယှဉ်ပါက ဘာမှမဟုတ်တော့ပေ။
ဤသည်မှာ... သူ လိုလားတောင့်တခဲ့သည့် သာမန်လူသားတို့၏ နေ့စဉ်ဘဝ အစစ်အမှန်ပင် ဖြစ်တော့သည်။
လျူကျင်း၏ နှုတ်ခမ်းအစုံမှာ အလိုလိုပင် ပြုံးယောင်သန်းလာခဲ့ရသည်။ ယခုအချိန်တွင်တော့ သူ၏ ကျင့်ကြံခြင်းအဆင့် ရှေ့မတိုးနိုင်တော့သည့် အားနည်းချက်အပေါ် သူတစ်ပါးတို့၏ ကွယ်ရာအတင်းအတုပ် ပြောဆိုသံများကို ကြားရလျှင်ပင် သူ ဘာမှ စိတ်အနှောင့်အယှက် ဖြစ်တော့မည်မဟုတ်ပေ။ မိမိ၏ မွေးရပ်မြေအိမ်ဂေဟာသို့ တဖန်ပြန်လည်ခြေချခွင့်ရခြင်း၊ ဤလမ်းမကြီးများပေါ်တွင် စိတ်လွတ်ကိုယ်လွတ် လျှောက်လှမ်းခွင့်ရခြင်း တို့ကတင် သူ့ကို အတိုင်းထက်အလွန် ပျော်ရွှင်စေခဲ့ပြီ ဖြစ်သည်။
ဘယ်ဘက်သို့တစ်လှည့်၊ ညာဘက်သို့တစ်လှည့်နှင့် ကွေ့ကောက်လှသော လမ်းကြားပေါင်းများစွာကို ဖြတ်သန်းလာခဲ့ရာ လျူကျင်းတစ်ယောက် လမ်းဘယ်နှစ်လမ်း ကျော်ခဲ့ပြီလဲဆိုတာကိုပင် မမှတ်မိတော့ပေ။ သူသည် မည်သည့်ရည်ရွယ်ချက်မျှမရှိဘဲ ခြေဦးတည့်ရာ လမ်းတိုလမ်းကြိုများကိုသာ ရွေးချယ်လျှောက်လှမ်းခဲ့ခြင်း ဖြစ်သည်။ နေမင်းကြီး ဝင်လုဆဲဆဲ အချိန် ရောက်တော့မှပင် သူ့ခြေလှမ်းများက မိမိအိမ်တံခါးဝရှေ့သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိသွားခဲ့တော့သည်။
နှစ်ထပ် ဆောက်လုပ်ထားသော ထို ဆေးခန်းနှင့်တွဲရက်အိမ်ဂေဟာလေးမှာ ထူးထူးခြားခြား ဆန်းပြားလှသည်တော့ မဟုတ်ပေ။ မြို့တော်ကြီးအတွင်း၌ ဤကဲ့သို့သောအိမ်မျိုး မရေမတွက်နိုင်အောင် ရှိသလို၊ ယခုထက် ပိုမိုခမ်းနားထည်ဝါသောအိမ်များလည်း အများအပြား ရှိနေပေသည်။ လဆန်းမြို့ငယ်တွင် သူ တည်းခိုခဲ့ရသော အဆောင်အယောင်များကပင် ယခုအိမ်ထက် ပိုမိုဇိမ်ခံနိုင်ပြီး သက်တောင့်သက်သာ ရှိလှပေသည်။
သို့သော်ငြားလည်း... ဤအိမ်လေးသည် သူ ငယ်စဉ်ကတည်းက ကြီးပြင်းလာခဲ့ရသည့် အိမ်ဂေဟာ လေးဖြစ်ပေသည်။
အိမ်လေးကို လှမ်းမြင်လိုက်ရရုံမျှဖြင့် လျူကျင်း၏ ရင်ထဲ၌ ထူးဆန်းသော အေးချမ်းမှုမျိုး ခံစားလိုက်ရပြီး၊ တံခါးကိုဖွင့်ကာ အထဲသို့ ခြေချလိုက်သည့် ထိုအခိုက်အတန့်တွင်မူ သူ့ကိုယ်တိုင်ပင် သတိမထားမိဘဲ သယ်ဆောင်လာခဲ့ရသည့် ရင်တွင်းမှ ဝန်ထုပ်ဝန်ပိုးကြီးတစ်ခုလုံးကို နောက်ဆုံး၌ ချပစ်လိုက်နိုင်သကဲ့သို့ ခံစားလိုက်ရတော့သည်။
သူ၏ ရှည်လျားလှသော ခရီးကြမ်းကြီးကတော့ အဆုံးသတ်သွားခဲ့ချေပြီ။
နောက်ဆုံးတွင်တော့... သူ ပြန်လည်ရောက်ရှိလာခဲ့လေပြီ။
လျူကျင်းတစ်ယောက် အိမ်သို့ ပြန်ရောက်ခဲ့ချေပြီ။
သို့သော် ဆေးခန်းအတွင်း၌ လူတစ်ယောက်မျှ ရှိမနေခဲ့ပေ။ လျူကျင်းအနေဖြင့် အဖေသည် အနည်းဆုံး လူနာတစ်ယောက်စ၊ နှစ်ယောက်စကို ဆေးကုသပေးနေလိမ့်မည်ဟု မျှော်လင့်ထားခဲ့သော်လည်း၊ ယခုမူ ဆေးခန်းတံခါးဝတွင် 'ဆေးခန်းပိတ်သည်' ဟူသော ဆိုင်းဘုတ်ကိုသာ ချိတ်ဆွဲထားသည်ကို တွေ့လိုက်ရသည်။
“ဟင် ဘာများဖြစ်လို့ပါလိမ့်..”
“အကိုကြီး ရှောင်နမ်များ အဖေ့ကို ဒီနေ့ငါတို့ပြန်ရောက်မှာ ကြိုပြောထားလို့လား..”
“ဒါမှမဟုတ် ဆရာကြီး ကျန်းက ငါမြို့ထဲဝင်လာတာကိုအာရုံခံမိသွားတာများလား..”
ဖြစ်နိူင်သည် ဟုတွေးရင်း လျူကျင်းက ခေါင်းကို အသာညိတ်လိုက်မိသည်။ ထိုဖြစ်နိုင်ခြေ နှစ်ခုစလုံးက လွယ်လင့်တကူ ဖြစ်ပျက်သွားနိုင်သည်သာ ဖြစ်သည်။
ဆေးခန်း၏ ပထမထပ်မှာ သူ မသွားခင်က ထားရစ်ခဲ့သည့်အတိုင်း ဘာမှ ပြောင်းလဲခြင်း မရှိသေးပေ။ လိုအပ်ပါက လူနာများ နားနားနေနေ ဆေးစစ်ကုသမှု ခံယူနိုင်ရန် ကုတင်များကို ခင်းကျင်းထားသည်။ ဘေးဘက်တွင်မူ အဖေ၏ ဆေးကုသရာတွင် သုံးသည့် ဆေးပစ္စည်း ကိရိယာမျိုးစုံကို အမြဲတမ်း သန့်ရှင်းစင်ကြယ်စွာဖြင့် သေသေချာချာ အစီအစဉ်တကျ ထားရှိထားသည်။
သစ်သားဗီရို အသေးစား သုံးလုံးထဲတွင်တော့ အများဆုံး အသုံးပြုလေ့ရှိသည့် ဆေးဝါးများကို သိုလှောင်ထား၏။ ကြွက်သားနာကျင်ကိုက်ခဲမှု ပျောက်ဆေးများ၊ အအေးမိဖျားနာပျောက်ဆေးများနှင့် ကိုယ်ဝန်ဆောင် မိခင်များကို အထောက်အကူပြုသည့် အားဆေးများ စသည့် သာမန်ဆေးဝါးများသာ ဖြစ်ကြသည်။ သစ်သားတံခါးတစ်ချပ်၏ နောက်ကွယ်တွင်မူ ၎င်းတို့၏ ဆေးဝါးများနှင့် ဆေးဘက်ဝင်အပင်များကို သိုလှောင်သိမ်းဆည်းရာ အခန်းငယ်လေးတစ်ခု ရှိနေပေသည်။
လျူကျင်းသည် လှေကားထစ်များအတိုင်း အပေါ်ထပ်သို့ ဖြည်းညှင်းစွာ တက်လာခဲ့သည်။ သူ့ခြေလှမ်းသံများက ခပ်တိုးတိုးသာ ထွက်ပေါ်နေသော်လည်း၊ သူ့နားထဲတွင်မူ ကျယ်လောင်စွာ ပဲ့တင်ထပ်နေသကဲ့သို့ ခံစားနေရမိသည်။
“ဟင် …အဖေပါလား..”
မှန်ပေသည်။
သူ့အဖေသည်... သူ့ကို စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။
သူ့အဖေ လျူကျန့်ကော်သည် သူတို့သားအဖ နေ့လယ်စာ အတူတူ သုံးဆောင်လေ့ရှိသည့် စားပွဲဝိုင်းလေးတွင် ထိုင်နေသည်။ စားပွဲပေါ်ရှိ မီးဖိုအသေးလေးပေါ်တွင်တော့ လက်ဖက်ရည်ကရားတစ်ခု တည်ထားလျက် ရှိ၏။ အနီရောင် မျက်ဝန်းအစုံချင်း ဆုံစည်းသွားကြသည့် ထိုအခိုက်အတန့်တွင် အဖေ၏ မျက်နှာထက်၌ ကြင်နာတတ်သော အပြုံးတစ်ချက် ပေါ်ထွက်လာသည်။
သမားတော်ကြီး လျူကျန့်ကော်ကတော့ သူတချိန်လုံးအိမ်တွင်ရှိနေသည့်အလား မျက်နှာအမူအယာ ပြောင်းလဲခြင်း မရှိပေ။
လျူကျန့်ကော်သည် သူ့သားကဲ့သို့ပင် နီမြန်းသော မျက်ဝန်းအစုံနှင့် နက်မှောင်သော ဆံကေသာကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။ မျက်နှာကျသည် စူးရှထက်မြက်ပြီး အမြဲတမ်းလိုလို ခန္ဓာကိုယ် အသားအရေ ပြည့်ပြည့်စုံစုံ ရှိရန် လိုအပ်နေပုံမျိုး ပေါက်နေသည်။ သူ့ကိုယ်ပေါ်တွင် အဆီပိုဟူ၍ လုံးဝမရှိသလို၊ ထုထည်ကြီးမားသော ကြွက်သားမျိုးလည်း ရှိမနေပေ။ သူ့အဖေသည် အမြဲတမ်းလိုလို အလွန်အမင်း ပိန်ပါးလွန်းလှသဖြင့် ကြည့်ရသည်မှာ အစားအသောက်ကို ကောင်းကောင်းမွန်မွန် မစားသောက်ခဲ့ရသည့်အလား ထင်မှတ်ရပေသည်။
"သား..."
အဖေ၏ အသံကို ကြားလိုက်ရရုံမျှဖြင့် လျူကျင်း၏ မျက်ဝန်းအစုံတွင် မျက်ရည်များ ဝဲတက်လာခဲ့ရသည်။
" အိမ်ကို ဘေးအန္တရာယ်ကင်းကင်းနဲ့ ပြန်ရောက်လာတာ ဝမ်းသာစရာပဲ ဆရာကြီးကျန်းကတော့ ဆေးပင်တွေ သွားရှာဖို့ အပြင်ထွက်သွားတယ်၊ ဒါပေမဲ့ သူ ပြန်လာရင် မင်းကို တွေ့ရလို့ သေချာပေါက် ပျော်သွားမှာပါ။"
"အဖေ..."
လျူကျင်း စကားပြောရန် ကြိုးစားလိုက်စဉ် သူ့အသံသည် လည်ချောင်းဝတွင် တစ်ဆို့နေသည်။
"အဖေ... သား... သား လူသတ်ခဲ့မိပြီ..."
ထိုစကားကို ကြားသောအခါ အဖေသည် ဘာစကားမှ ပြန်မပြောဘဲ စားပွဲမှ ထရပ်ကာ သူ့ထံသို့ ချက်ချင်း လျှောက်လှမ်းလာခဲ့သည်။ လျူကျင်း ဘာဖြစ်ပျက်နေမှန်း သေသေချာချာ မသိလိုက်ခင်မှာပင် အဖေ၏ နွေးထွေးလှသော လက်မောင်းအစုံက သူ့ခန္ဓာကိုယ်လေးကို တင်းကျပ်စွာ ပွေ့ဖက်လိုက်သည်။
ထိုမျှဆိုလျှင်ပင်... လုံလောက်ခဲ့ပါပြီ။
လျူကျင်းစိတ်ထဲ၌ အောင့်အည်းသည်းခံထားရသမျှ သောကဆည်ကြီးတစ်ခုလုံး ပြိုကျပျက်စီးသွားသကဲ့သို့ ခံစားလိုက်ရပြီး၊ လျူကျင်းတစ်ယောက် အသက် ဆယ် နှစ်ခန့်အရွယ် ကလေးငယ်တစ်ဦးပီပီ အဖေ၏ ရင်ခွင်ကျယ်ကြီးထဲ၌ ရှိုက်ကြီးတငင် အော်ဟစ်ငိုကြွေးမိလေတော့သည်။
လျူကျင်းတစ်ယောက် ငိုကြွေးခြင်းကို ရပ်တန့်နိုင်ရန်အတွက် အချိန်အတော်ကြာအောင် ကြိုးစားခဲ့ရသည်။ ထိုအချိန်အတောအတွင်း အဖေသည် သူ့ကို တင်းကျပ်စွာ ပွေ့ဖက်ထားပေးဆဲပင်ဖြစ်သည်။ သူ့အ ဖေသည် သူ့ မှားသည်မှန်သည်ကို ဝေဖန်ပိုင်းခြားခြင်းလည်း မပြုသလို၊ မည်သည့်မေးခွန်းကိုမျှ ထပ်မံမမေးမြန်းခဲ့ပေ။
လျူကျန့်ကော်သည် သားဖြစ်သူ စိတ်အေးချမ်းသွားစေရန်အတွက်သာ ငြိမ်သက်စွာ ဖက်ထားသည်။
လျူကျင်း စိတ်တည်ငြိမ်သွားပြီ ဖြစ်ကြောင်း သိလိုက်ရသည့်အခါမှသာ လျူကျန့်ကော်က သားဖြစ်သူအား စားပွဲဝိုင်းဆီသို့ ဖြည်းညှင်းစွာ တွဲခေါ်လာခဲ့သည်။ ထို့နောက် လျူကျင်းအတွက် လက်ဖက်ရည်ပူပူတစ်ခွက်ကို ငှဲ့ပေးကာ ရှေ့တွင် အသာအယာ ချပေးလိုက်၏။
လျူကျင်းသည် သူ့ အင်္ကျီလက်စဖြင့် မျက်ရည်များကို သုတ်ရင်း ထိုလက်ဖက်ရည်ခွက်ကို ကျေးဇူးတင်စွာဖြင့် လှမ်းယူလိုက်မိသည်။ အဖေကတော့ ဘာစကားမှ ဆက်မပြောသေးပေ။ လျူကျင်းသည် လက်ဖက်ရည်ကို တစ်ငုံပြီးတစ်ငုံ ဖြည်းဖြည်းချင်း သောက်လိုက်သည်။ မီးဖိုငယ်လေးကြောင့် လက်ဖက်ရည်က အလွန်ပူလောင်နေဆဲဖြစ်ပြီး သူ့လည်ချောင်းတစ်လျှောက် ပူခနဲ စီးဆင်းသွားခဲ့သည်။
လက်ရှိအခြေအနေတွင်မူ ဤသို့ပူလောင်မှုမျိုး ရှိနေခြင်းကပင် သူ့အတွက် ကောင်းမွန်လှပေသည်။ အဘယ်ကြောင့်ဆိုသော် ထိုအပူဓာတ်သည် သူ့အား စိတ်အာရုံပြန်လည်စုစည်းစေပြီး၊ အတွေးလွန်နေမှုများထဲမှ ဤဆေးခန်းအခန်းငယ်လေးဆီသို့ စိတ်ပြန်ရောက်လာအောင် ကူညီပေးနိုင်သောကြောင့်ပင် ဖြစ်သည်။
"သား တောင်းပန်ပါတယ်..."
လျူကျင်းက လက်ဖက်ရည်ခွက်ကို စိုက်ကြည့်ရင်း ခပ်တိုးတိုး ဆိုသည်။ ငိုထားရသဖြင့်လည်းကောင်း၊ စိတ်လွတ်ကိုယ်လွတ် ပေါက်ကွဲမိသွားသည့်အတွက် ရှက်ရွံ့မိသဖြင့်လည်းကောင်း သူ့မျက်နှာတစ်ခုလုံး နီမြန်းနေခဲ့ရသည်။
"သား ဒီလိုမျိုး... ခံစားချက်တွေ ပေါက်ကွဲပြီး မထိန်းနိုင်မသိမ်းနိုင် ငိုမိသွားဖို့ ရည်ရွယ်ချက် မရှိပါဘူး..."
"သား... မင်း ငါ့ကို ဘာမှ တောင်းပန်နေစရာ မလိုပါဘူး" ဟု အဖေက တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။
"မင်းက ငါ့ကို ဒီလိုမျိုး တောင်းပန်ဖို့ လိုတယ်လို့ တွေးနေတာကပဲ ငါ့ကိုယ်ငါ အဖေကောင်းတစ်ယောက် ဟုတ်ရဲ့လားဆိုပြီး သံသယဝင်စေတယ်ကွ။ ငါ့သားက ငါ့ရှေ့မှာ စိတ်လွတ်ကိုယ်လွတ် ငိုဖို့တောင် စိတ်မချရလောက်အောင်အထိ ဆိုးရွားတဲ့ အဖေမျိုး ဖြစ်နေလို့လား..”
"မဟုတ်ပါဘူး အဖေရယ်!"
လျူကျင်းတစ်ယောက် လန့်သွားကာ ချက်ချင်းပင် မျက်ဝန်းအစုံကို ပင့်မော့ကြည့်လိုက်မိသည်။ သူ့ လက်ကို အသည်းအသန် ယမ်းခါပြလိုက်မိသဖြင့် စားပွဲပေါ်က လက်ဖက်ရည်ခွက်ပင် မှောက်ကျလုနီးပါး ဖြစ်သွားရရှာသည်။
"အဲလိုမျိုး လုံးဝမဟုတ်ပါဘူး အဖေ! ကျွန်... ကျွန်တော်က ဒီလိုမျိုး... ..."
သူ့ကိုယ်သူ ထိန်းချုပ်နိုင်စွမ်း ကင်းမဲ့သွားရခြင်းအပေါ် သူ မကျေမနပ်ဖြစ်နေခဲ့ခြင်း ဖြစ်သည်...။
သူ့တစ်ဘဝလုံးတွင် သူ့စိတ်သူ အမြဲထိန်းချုပ်ရန်ကြိုးစားခဲ့သည်။ သူသည် လူနာများကို ဆေးကုသပေးနေချိန်တွင်လည်း စိတ်အေးအေးထားရန် အမြဲလိုအပ်ခဲ့သည်။ ရှောင်ဂိုဏ်းတွင် သူ့အထက်မှ သူများနှင့် ဆက်ဆံရချိန်တွင်လည်း စိတ်တည်ငြိမ်အောင် ထိန်းထားရသည်။ ထို့ပြင် ပတ်ဝန်းကျင်မှ လူအများက သူ့အဖေအပေါ် မကောင်းသတင်း ကွယ်ရာအတင်းအတုပ်များ ခပ်တိုးတိုး ပြောဆိုနေကြချိန်တွင်လည်း ဒေါသကို မြိုသိပ်ကာ စိတ်ကို အေးချမ်းအောင် ထိန်းချုပ်ထားခဲ့ရသည်။
အကယ်၍... အကယ်၍သာ သူသည် မိမိကိုယ်ကိုယ် မထိန်းချုပ်နိုင်ခဲ့ပါက အဖေအတွက် မလိုလားအပ်သော ဒုက္ခပြဿနာများကိုသာ ဖန်တီးပေးမိသလို ဖြစ်သွားလိမ့်မည်။ ဤသည်မှာ သူ ငယ်စဉ်ကတည်းက အသည်းထဲစွဲအောင် မှတ်ခဲ့ရသည့် အလေ့အထတခုပင်ဖြစ်သည်။
လျူကျင်းအနေဖြင့် ဤသို့စိတ်ထိန်းနိုင်စွမ်းမျိုး အမြဲတမ်း မအောင်မြင်ခဲ့သော်လည်း၊ ၎င်းသည် သူ့ကိုယ်သူအစဉ်အမြဲ တင်းကျပ်စွာ စောင့်စည်းထိန်းသိမ်းလာခဲ့သည့် ကိုယ်ကျင့်တရား စံနှုန်းတစ်ခု ဖြစ်ပေသည်။
"သား..."
သူ့အဖေက နူးညံ့ပြီး ယုံကြည်အားကိုးထိုက်သော လေသံဖြင့် ဆိုလိုက်သည်။
"အဖေ မင်းရဲ့ ဘေးနားမှာ အမြဲတမ်း ရှိနေပေးမှာပါကွ"
"ကျွန်တော် သိပါတယ်..."
အဖေသည် ယခင်ကတည်းက ယနေ့တိုင် သူ့အနားတွင် အမြဲတစေ တည်ရှိပေးခဲ့သူ ဖြစ်သည်။
"ဒါဆိုရင်... ဖြစ်ပျက်ခဲ့သမျှကို အဖေကို အကုန်ရင်ဖွင့်လိုက်နော်"
ထို့နောက် လျူကျင်းလည်း ဖြစ်ပျက်ခဲ့သမျှ တစ်လုံးမကျန်ကို သူ့အဖေအား ဖွင့် ပြောလိုက်တော့သည်။ လဆန်းမြို့ငယ်တွင် ဖြစ်ပျက်ခဲ့သမျှသော ကိစ္စရပ်အားလုံးကို စီစဉ်တကျ မနားတမ်းပြောပြမိတော့သည်။ လွန်မျိုးနွယ်စု၊ ဟူမျိုးနွယ်စု၊ ဝက်ဝံနက်ဓားပြအဖွဲ့ အပါအဝင် ရှောင်ဒုန်း၊ လွန်ခိုင် နှင့် လွန်ရှုတို့၏ အကြောင်းကို အကုန်အစင် ရင်ဖွင့်လိုက်မိသည်။
သူ့ ပြောဆိုပြီးသွားချိန်တွင် လျူကျင်းသည် လေးခွက်မြောက် လက်ဖက်ရည်ခွက်ကိုပင် သောက်သုံးနေပြီဖြစ်သည်။ သူ့အဖေဖြစ်ကမူ နောက်ထပ် လက်ဖက်ရည်အသစ်ကို ထပ်မံပြင်ဆင်ပေးနေဆဲ ဖြစ်သည်။
"အမှန်အတိုင်း ပြောရရင်..." သူ့အဖေက လေးနက်စွာ စကားစ လိုက်သည်။
"ဒီလိုမျိုး သွေးထွက်သံယို ကိစ္စတွေ စောစောစီးစီး ကြုံလာရလိမ့်မယ်လို့ အဖေ မျှော်လင့်မထားခဲ့ဘူး။ သား အသက် အရွယ် ဒီလောက် ငယ်ငယ်လေးနဲ့ ဒီလို ကြောက်စရာကောင်းတဲ့ ကိစ္စကြီးကို ဖြတ်သန်းခဲ့ရတာဟာ အဖေစိတ်မကောင်းဘူး"
"အဖေ... အဲလိုမဟုတ်..." လျူကျင်း အလျင်စလိုပြောပြီးမှ တခုတွေးမိသွားကာ စကားကို ချက်ချင်းရပ်လိုက်ပြီး ပြန်မေးလိုက်မိသည်။
"စောစောစီးစီး ဟုတ်လားဟင်..."
လျူကျန့်ကော်က အငွေ့တထောင်းထောင်း ထွက်နေသော လက်ဖက်ရည်ခွက်ကို ခပ်ဖွဖွ မှုတ်လိုက်သည်။
ပြင်ပလောကကြီးတွင်တော့ မှောင်မိုက်သွားခဲ့ချေပြီ။
နူးညံ့လှသော ဖယောင်းတိုင်မီးရောင်ဖျော့ဖျော့က ဆေးခန်းအခန်းငယ်လေးကို အလင်းပွင့်စေလျက် ရှိသည်။
"သား... အဖေတစ်ယောက်အနေနဲ့တော့ မင်းကို သွေးထွက်သံယိုတွေနဲ့ လုံးဝမပတ်သက်ဘဲ အေးအေးချမ်းချမ်းပဲ နေစေချင်တာပေါ့။ ဒါက အဖေ့ရဲ့ စိတ်ရင်းပါ။ ဒါပေမဲ့ တကယ်ဖြစ်နိုင်လိမ့်မယ်လို့ ထင်လောက်အောင်အထိ အဖေက လောကကြီးအကြောင်း မသိရလောက်အောင် မအပါဘူး။ အဖေတို့နေတဲ့ ဒီကျင့်ကြံခြင်းလောကဆိုတာ ခပ်လွယ်လွယ်နေလို့ရတဲ့လောက မှ မဟုတ်တာ။ စောစောဖြစ်ဖြစ် နောက်ကျမှဖြစ်ဖြစ်... မင်းအနေနဲ့ သွေးမြေကျပြီး အဖြေရှာရမယ့် အခြေအနေမျိုးနဲ့ ကြုံရလိမ့်မယ်ဆိုတာ အဖေ ကြိုသိထားပြီးသားပါ။ အထူးသဖြင့် မင်း ဆရာကြီးကျန်း တပည့်ဖြစ်လာတဲ့ နေ့ကတည်းက ဒါက ပိုပြီးတော့ သေချာသွားခဲ့တာပေါ့..”
"ဒါပေမယ် အဖေ... သားကြောင့်မရှက်ဘူးလားဟင်..."
"မဖြစ်နိူင်တာတွေ မပြောပါနဲ့... သားရယ်"
အဖေ၏ လေသံထဲတွင် သံသယဖြစ်ဖွယ် အရိပ်အယောင်မျှပင် ကပ်ညှိမနေခဲ့ပေ။ သူ၏ အဖြေစကားမှာ ပြတ်သားခိုင်မာလွန်းလှသဖြင့် လျူကျင်းအနေဖြင့် ထိုစကားကို ငြင်းပယ်၍မရသော အမှန်တရားအဖြစ်သာ လက်ခံလိုက်ရတော့သည်။
"ဘာလို့ရှက်ရမှာလဲသားရယ် …၊ . တစ်မိနစ်၊ တစ်စက္ကန့်တောင် အဖေ မင်းအပေါ် စက်ဆုပ်ရွံရှာတာမျိုး မရှိခဲ့ပါဘူး။ အခုအချိန်မှာ အဖေ စိတ်မကောင်းဖြစ်ရတာက မင်း ဒီလိုမျိုးသွေးပျက်စရာကိစ္စကြီးကို ကြုံခဲ့ရလို့ပဲ။ ပြီးတော့ ဒီလိုအခြေအနေတွေကြားထဲကနေ အဖေ့ဆီကို အသက်ဘေးကင်းကင်းနဲ့ ပြန်ရောက်လာနိုင်ခဲ့လို့ အများကြီး ဝမ်းသာမိတယ်။"
"ဒါပေမဲ့ ကျွန်တော် က လူတွေကို သတ်ခဲ့မိတာလေ!ကျွန်တော်က... လူတွေကို မသတ်သင့်ဘူး မဟုတ်လား။ အဖေ့လိုမျိုး သူများကို ကယ်တင်ရမယ့် သမားတော်တစ်ယောက် ဖြစ်လာရမှာလေ!"
"သား..."
သူ့အဖေက စကားစလိုက်သောအခါ ဆေးခန်းအခန်းငယ်လေးအတွင်းရှိ လေထုတစ်ခုလုံး ရုတ်တရက် ပြောင်းလဲသွားသကဲ့သို့ လျူကျင်း ခံစားလိုက်ရသည်။
"မင်းအဖေ ငါကရော အတိတ်တုန်းက လူမသတ်ခဲ့ဖူးဘူးလို့ ထင်နေတာလား"
ထိုအခိုက် အခန်းအတွင်းဆိတ်ငြိမ်ခြင်းက ကြီးစိုးသွားသည်...။
လျူကျင်း၏ လက်ထဲမှ လက်ဖက်ရည်ခွက်သည် အောက်သို့ လျှောကျလုနီးပါးပင် ဖြစ်သွားခဲ့ရပြီး၊ ထိုအခိုက်အတန့်တွင် သူ အသက်ရှူဖို့ရန်ပင် မေ့လျော့သွားခဲ့ရရှာသည်။
"အဖေ... ဘာ... ဘာတွေ ပြောနေတာလဲဟင်"
"အဖေက မွေးကတည်းက ချီစွမ်းအား သုံးလို့မရတဲ့သူ မဟုတ်ဘူးဆိုတာ မင်း သိပြီးသားပဲ။ ပြီးတော့ အဖေ ဆရာကြီးကျန်းဆီမှာ ကျင့်ကြံခြင်းပညာတွေ သင်ခဲ့ရတယ်ဆိုတာလည်း မင်းသိတာပဲလေ။ အခု မင်းကြုံခဲ့တဲ့ လဆန်းမြို့တော်က အတွေ့အကြုံတွေကိုပါ ထည့်စဉ်းစားကြည့်ဦး။ အဖေ့ဘဝမှာ သူများအသက်ကို တစ်ခါမှ မသတ်ခဲ့ဖူးဘူးလို့ မင်း တကယ်ထင်နေတာလား။"
"အဲဒါက..."
ဤကိစ္စသည် လျူကျင်းတစ်ယောက် တစ်ကြိမ်တစ်ခါမျှ တွေးတောခြင်း မရှိခဲ့ဖူးသည့် အချက်ပင် ဖြစ်သည်။ သို့သော် အဖေက ယခုကဲ့သို့ ရုတ်တရက် ဖွင့်ချလိုက်သည့်အခါတွင်မူ သူယုံရပေတော့မည်။ သူ့အဖေ၏ ခန္ဓာကိုယ်အတွင်းရှိ ကျင့်ကြံခြင်း စွမ်းအင်ကြောများ သည် မွေးရာပါ ပျက်စီးနေခဲ့ခြင်း မဟုတ်ပေ။
အသေအချာတွေးကြည့်ပါက သူ့အဖေသည် အတိတ်က လူအများအပြား သတ်ဖြတ်လုယူချင်လောက်အောင်အထိ နက်ရှိုင်းလှသော ဆေးပညာနှင့် ကျင့်ကြံခြင်း ဗဟုသုတများကို ပိုင်ဆိုင်ထားသည့် 'ဆရာကြီးကျန်း' ၏ လက်အောက်တွင် ပညာသင်ကြားခဲ့ဖူးသည့် ကျင့်ကြံသူတစ်ဦး ဖြစ်ခဲ့ဖူးသည် မဟုတ်ပါလား။
'လွန်ရှု' သည် 'လဆန်းမြို့တော်' ကို အပိုင်စိုးမိုးနိုင်ရန်အတွက် လူပေါင်းများစွာကို သတ်ဖြတ်ရန် ဝန်မလေးခဲ့ပေ။ သို့ဆိုလျှင်... ဆရာကြီးကျန်း၏ ရန်သူများကော မည်မျှအထိ ရက်စက်ကြမ်းကြုတ်ခဲ့ကြမည်နည်း။ ၎င်းတို့၏ ရန်ပြုမှုများကြောင့် အဖေသည် မည်မျှအထိ ကြောက်မက်ဖွယ်ကောင်းသော ဘေးဒုက္ခစမ်းသပ်ချက်များကို ဖြတ်သန်းခဲ့ရမည်နည်း။
မှန်ပေသည်... ဤအချက်သည် အစကတည်းက အလွန်ထင်ရှားလှသော အမှန်တရား ဖြစ်သင့်သော်လည်း၊ လျူကျင်းအနေဖြင့် တစ်ကြိမ်တစ်ခါမျှ ထည့်သွင်းတွေးတောခြင်း မရှိခဲ့ဖူးချေ။
သူ ထိုသို့ မတွေးမိခဲ့ခြင်းမှာလည်း အကြောင်းရှိပေသည်။ အဘယ်ကြောင့်ဆိုသော် သူ့အဖေသည် တစ်ကမ္ဘာလုံးတွင် စိတ်ထားအနူးညံ့ဆုံးနှင့် အကြင်နာဆုံး ပုဂ္ဂိုလ်တစ်ဦး ဖြစ်နေသောကြောင့်ပင် ဖြစ်သည်။ အဖေသည် သူတစ်ပါးကို ကယ်တင်ကုသပေးရုံသာ သိပြီး၊ မည်သည့် ရန်စစိန်ခေါ်မှုမျိုးကိုမျှ တုံ့ပြန်ငြင်းခုံလေ့မရှိသူ ဖြစ်သည်။ လျူကျင်းအတွက်မူ အဖေက လူသတ်ခဲ့ဖူးသည်ဟု တွေးတောမိခြင်းထက် ကောင်းကင်နှင့် မြေကြီး နေရာချင်း ပြောင်းလဲသွားသည်ကပင် ပိုမိုလွယ်ကူဦးမည် ဖြစ်သည်။
.ဤအခိုက်အတန့် မတိုင်မီအထိပေါ့လေ။
"အတိတ်တုန်းကတော့... အဖေက အချို့လူတွေကို ခန္ဓာကိုယ်ထဲကနေ ဖယ်ထုတ်ပစ်ရမယ့် ရောဂါပိုးမွှားတွေလိုပဲ မြင်ခဲ့တာ။ ရှင်းလင်းဖျက်ဆီးပစ်ရမယ့် အညစ်အကြေးတွေ၊ အဆိပ်အတောက်တွေထက် မပိုခဲ့ဘူး။ အဲဒီတုန်းက အဖေ့ ကရုဏာတရားလည်း မရှိသလို ကိုယ့်ကိုယ်ကိုယ်လည်း မထိန်းချုပ်နိုင်ခဲ့ဘူး။ လူတွေအများကြီးအပေါ် ရက်စက်ခဲ့ပြီးမှ ကိုယ်က တရားမျှတမှုဘက်က ရပ်တည်နေတာပါဆိုပြီး ကိုယ့်ကိုယ်ကိုယ် ခဏခဏ လိမ်ညာခဲ့မိတာပေါ့။"
"အဲဒါကြောင့်ပဲ အဖေက... "
ထိုအပြစ်ရှိစိတ်ကြောင့်ပင် အဖေက မိမိ၏ ချီစွမ်းအင်ကြောများကို ကိုယ်တိုင်ဖျက်ဆီးပြီး မသန်မစွမ်းဘဝကို ရွေးချယ်ခဲ့ခြင်းလား...ဟုသူမေးချင်နေမိသည်။
"အင်း သားထင်သလို ဒါလဲပါတာပေါ့ကွာ … အဓိကအကြောင်းရင်းရဲ့ တစိတ်တဒေသပေါ့…" ဟု အဖေက ဝန်ခံလျက် ဆိုသည်။
"ဒါပေမဲ့ ဇာတ်လမ်းအပြည့်အစုံကို နားထောင်ဖို့ မင်း အသက်အရွယ်နဲ့ စိတ်ဓာတ်ပိုင်းက အဆင်သင့်မဖြစ်သေးဘူး သား။ တစ်နေ့နေ့ကျရင်တော့... အဖေ မင်းကို အကုန်အစင် ပြောပြမယ်..”
အကယ်၍ အခြားသော ကလေးငယ်များသာဆိုလျှင် ဤသို့လျှို့ဝှက်ထားမှုကို မကျေမနပ်ဖြစ်ကာ အတင်းအကျပ် ဆိုးနွဲ့မေးမြန်းကြပေလိမ့်မည်။ သို့သော် လျူကျင်းကမူ သူ့အဖေ၏ စကားလုံးများကို တည်ငြိမ်စွာဖြင့်သာ နာခံလိုက်တော့သည်။
"သား နားလည်ပါတယ် အဖေ..အဲ့အချိန်ကို သားစောင့်ပါမယ်"
လျူကျန့်ကော်၏ နှုတ်ခမ်းအစုံတွင် ချိုသာသော အပြုံးတစ်ပွင့် ဖြစ်ပေါ်လာသည်။—
"သားက အဖေလို့ ခေါ်နေတုန်းပဲလား...။ အတိတ်က အဖေ ဘယ်လောက်တောင် ရက်စက်ခဲ့လဲဆိုတာ သိသွားရင်တောင် မင်း ငါ့ကို မမုန်းဘူးလား သားရယ်"
လျူကျင်းက ခေါင်းကို အသည်းအသန် ခါယမ်းလိုက်ပြီး— "ဘယ်တော့မှ မမုန်းပါဘူး အဖေ... စိတ်ထဲမှာလည်း တစ်ခါမှ မတွေးဖူးပါဘူး"
သူအဖေ လူသတ်ဖူးသည့်အဖြစ်ကို ကြားရခြင်းကြောင့် တုန်လှုပ်ချောက်ချား သွားရသည်ကတော့ အမှန်ပင် ဖြစ်သည်။ ဤကဲ့သို့သော သွေးစွန်းသည့် စကားလုံးမျိုး အဖေ၏ နှုတ်မှ ထွက်ပေါ်လာလိမ့်မည်ဟု လျူကျင်းတစ်ယောက် အိပ်မက်ပင် မက်မဖူးခဲ့ချေ။ သို့သော်ငြားလည်း...
"သားသိတဲ့ အဖေက အမြဲတမ်း ကြင်နာတတ်တဲ့ သမားတော်တပါးလေ..။ အဖေ အခုပြောတဲ့ အတိတ်ကလူကိုတော့ သားတစ်ခါမှ မဆုံဖူးခဲ့ဘူး။ ဒါကြောင့် အဲဒီလူအပေါ်မှာ သားအနေနဲ့ ဘာအပြစ်မှ မမြင်ပါဘူး အဖေ။"
"အင်းလေ ..ဒါဆို မင်းကကော ဘာလို့ အဖေ က မင်းကို အပြစ်တင်လိမ့်မယ်လို့ တွေးနေရတာလဲ သားလေးရယ်..."
ဖခင်ဖြစ်သူက တည်ငြိမ်အေးဆေးစွာဖြင့် ပြန်ပြောရှာသည်။
"မင်း သူများကိုမသတ်ရင် ကိုယ်တိုင်အသတ်ခံရမယ့် အခြေအနေမျိုးထဲ ရောက်ခဲ့တာပဲလေ။ ဒီလိုမလွှဲမရှောင်သာတဲ့ အကျပ်အတည်းထဲ တွန်းပို့ခံခဲ့ရတာ။ ဒီနေရာ ဒီလောကကြီးကိုက စိတ္တဇဆန်ဆန် ရက်စက်လွန်းနေတာလေ..အဲ့တော့ မင်းကိုယ်မင်း အပြစ်တင်ပြီး နှိပ်စက်နေတာဟာ တကယ့်ကို မိုက်မဲရာကျတယ် သား"
"ဒီလို နေရာမျိုး ဟုတ်လားဟင်..." လျူကျင်းက တိုးညှင်းစွာ ရေရွတ်မိသည်။
"အေးပေါ့... ရက်စက်လွန်းတဲ့ နေရာမျိုးပေါ့"
လျူကျင်း ရင်ထဲဆို့တက်လာသဖြင့် တံတွေးတစ်ချက်ကို ခက်ခက်ခဲခဲ မျိုချလိုက်ရသည်။ ရှောင်နန် တစ်ချိန်က ပြောခဲ့ဖူးသည့် စကားလုံးများက သူ့စိတ်အာရုံထဲတွင် တစ်ကျော့ပြန် ပဲ့တင်ထပ်လာပြန်ပြီ ဖြစ်သည်။
"ဒါဆိုရင်... ..."
သူ့မျက်ဝန်းများက အဖြေတစ်ခုကို အသည်းအသန် ရှာဖွေနေသယောင် ရှိသည်။
"လူတစ်ယောက်ကိုမှ မသတ်ဘဲနဲ့... အေးအေးချမ်းချမ်း ရှင်သန်သွားဖို့ဆိုတာ တကယ်ပဲ မဖြစ်နိုင်တော့ဘူးလား အဖေ"
လျူကျန့်ကော်သည် သူ့သား၏ လေးနက်လှသော မေးခွန်းကို ချက်ချင်းပြန်မဖြေဘဲ ခေတ္တမျှ ငြိမ်သက်သွားသည်။
"ဒါက ဖြစ်နိုင်လား၊ မဖြစ်နိုင်လားဆိုတာကိုတော့ အဖေလည်း အတတ်မပြောနိုင်ဘူး။ ဒါပေမဲ့ အဖေ မင်းကို တစ်ခုတော့ သေချာပြောရဲတယ်။ အတိတ်က အကြမ်းဖက်မှုတွေကို ကျောခိုင်းပြီးတဲ့နောက်ပိုင်း ဒီနေ့အထိ အဖေဟာ ဘယ်သူ့ကိုမှ မနာကျင်စေဘဲ အေးအေးချမ်းချမ်း နေလာခဲ့တာပဲ။ အနည်းဆုံးတော့... လွန်ခဲ့တဲ့ (၁၂) နှစ်လုံးလုံး အေးချမ်းတဲ့ဘဝကို တည်ဆောက်လို့ ရခဲ့တာဟာ သက်သေပဲပေါ့။ မင်းက ငါ့သားပဲ သားလေးရာ... အနာဂတ်မှာ အဖေ့ထက်တောင် ပိုပြီး အေးအေးချမ်းချမ်း ရှင်သန်သွားနိုင်လိမ့်မယ်လို့ အဖေ ယုံကြည်တယ်"
သူ့ဖခင်၏ စကားလုံးများသည် မှောင်မိုက်နေသော လျူကျင်း၏ စိတ်အာရုံထဲသို့ ဖြာကျလာသည့် မျှော်လင့်ချက် အလင်းရောင်ကလေးတစ်ခုကဲ့သို့ ခံစားလိုက်ရသည်။ သူ ထိုစကားများကို နှလုံးသားထဲအထိ အခိုင်အမာ စွဲမှတ်ထားလိုက်မိသည်။
"... ကျေးဇူးတင်ပါတယ် အဖေ"
ထို့နောက်တွင်မူ သားအဖနှစ်ဦးလုံး စကားဆက်မပြောဖြစ်ကြတော့ဘဲ ဆေးခန်းအခန်းငယ်လေးအတွင်းရှိ တိတ်ဆိတ်ငြိမ်သက်မှုကိုသာ အတူတူ ခံစားနေမိကြတော့သည်။
အတန်ကြာမှ လျူကျင်းက တစ်ခုခုကို သတိရသွားသလိုမျိုး အထိတ်တလန့် မေးလိုက်သည်။
"ဒါနဲ့ အဖေ... သား..သားမှာ စေ့စပ်ထားတဲ့ မိန်းကလေးရှိတယ်ဆိုတာ တကယ်ပဲလား"
ထိုစကားကြောင့် လျူကျန့်ကော်သည် သဘောကျသလို ခပ်ဟဟ ရယ်မောလိုက်သည်။
"ဟားဟား... အဲဒီကိစ္စလား။ အင်း ပြောရရင်တော့ ဇာတ်လမ်းက အရှည်ကြီးပေါ့ကွာ…"