← Chapters

အခန်း ၃၂.၁

Vol. 4 Ch. 32.1

အခန်း ၃၂.၁

Vol. 4 Ch. 32.1

ကြားဖြတ်အခန်း။ လျူကျန့်ကော်၏ အတိတ်နေ့ရက်များ..(အပိုင်း ၁)

လျူကျန့်ကော်သည် သူနှင့် လူမမည်သားလေး နေရမည့် အိမ်နေရာကို ကြည့်ရင်း သက်ပြင်းကြီးတချက်ချလိုက်မိသည်။

အိမ်ဂေဟာလေးသည် ယခင်ပိုင်ရှင်များ နေစဥ်ကမူ သစ်လွင်တောက်ပကောင်း တောက်ပခဲ့လိမ့်မည်။

လက်ရှိသူ့ရှေ့တွင်မူ အိမ်အရှေ့ဘက်မျက်နှာစာတစ်ခုလုံးသည် ညစ်ပတ်ပေရေနေပြီး၊ အမိုးပေါ်မှ အုတ်ကြွပ်ပြားအချို့မှာလည်း လွင့်စင်ပျောက်ဆုံးနေခဲ့ချေပြီ။ ကြမ်းခင်းတစ်ခုလုံးတွင်လည်း အပေါက်ဗလာများဖြင့် ပြည့်နှက်နေသည့်အပြင်၊ လှေကားထစ်များမှာလည်း ချက်ချင်းပင် ပြုပြင်ထိန်းသိမ်းရန် အလွန်အမင်း လိုအပ်နေသော အခြေအနေဆိုးသို့ ဆိုက်ရောက်နေသည်။

မြေညီထပ် ပထမအလွှာတစ်ခုလုံးသည် အခန်းကျယ်ကြီးတစ်ခုတည်းအဖြစ် တည်ရှိနေသော်လည်း၊ 'အခန်းကျယ်' ဟူသော စကားလုံးကို သုံးနှုန်းရန်အတွက်ပင် တော်တော်လေး စိတ်ကူးယဉ်ပေးရမည့် အနေအထားမျိုး ဖြစ်ပေသည်။ ဒုတိယအထပ်တွင်မူ အခန်းငယ်အချို့ ရှိနေသော်လည်း အိမ်၏ ကြမ်းခင်းမြေနေရာ အကျယ်အဝန်းက သေးငယ်လွန်းလှသဖြင့် အခန်းတိုင်းမှာ ကြည့်ရသည်မှာ တကယ့်ကို သနားစရာကောင်းလောက်အောင်အထိ သေးသိမ်ကျဉ်းမြောင်းလွန်းလှသည်။

စင်စစ်မူ ... သမားတော်ကြီး လျူကျန့်ကော်၏ ယခင်နေထိုင်မှုအဆင့်အတန်းအရ ဤကဲ့သို့သောအိမ် ဟောင်း အိမ်စုတ်မျိုး၌ သူ့အိမ်မွေးတိရစ္ဆာန်တစ်ကောင်ကိုပင် ပေးအိပ်လိမ့်မည် မဟုတ်ပေ။

“အင့်…”

ထိုစဉ် သူ့ကျောပေါ်၌ ပိုးချီထားသော ကလေးငယ်လေးသည် စတင်လှုပ်ရှားလာခဲ့သည်။ သားဖြစ်သူ ကလေးငယ်လေး လျူကျင်းအား ယခုအချိန်တွင် မနိုးထစေချင်သေးသဖြင့် လျူကျန့်ကော်သည် ရပ်နေသည့်နေရာမှာပင် ခန္ဓာကိုယ်ကို ခပ်ဖွဖွလေး လွှဲယမ်းရင်း ကလေးငယ်အား အိပ်မက်ကမ္ဘာဆီသို့ ပြန်လည်ပို့ဆောင်ပေးရန် ချော့မြှူလိုက်မိသည်။ ထိုသို့ဖြင့် သူသည်အသံတစ်ချက်မျှပင် မပြုရဲဘဲ ဆယ်မိနစ်ကျော်ခန့် အချိန်ကို ငြိမ်ငြိမ်လေး ရပ်နေရင်း ခလေးငယ်အား ချော့နေလိုက်သည်။

ထို့နောက် သူသည် သက်ပြင်းတစ်ချက်ကို ခပ်လေးလေး ချလိုက်မိပြန်သည်။

'ငါ လုပ်တာတွေမှားများ မှားနေဘီလား...' ဟု တချက်တွေးလိုက်မိသည်။

စင်စစ်မူ ဤအိမ်လေးသည် စုတ်ပြတ်သတ်နေသည်မှာ အမှန်ပင်ဖြစ်သော်လည်း၊ သူ ဝယ်ယူကတည်းက ဤအခြေအနေ ကြိုတင်သိရှိထားပြီးသား ဖြစ်သည်။ အိမ်ကြီးအိမ်ကောင်းဆိုပါကလည်း ဤမျှအထိ သက်သာလှသော အဖိုးအခဖြင့် ရရှိနိုင်လိမ့်မည် မဟုတ်ပေ။ သို့သော် အနည်းဆုံးတော့ ဤအိမ်လေးသည် မြို့တံတိုင်းကြီး၏ အတွင်းဘက်၌ တည်ရှိနေပေသည်။

သို့ဖြစ်လေရာ လှည့်လည်သွားလာနေတတ်သော သောင်းကျန်းသူ ဓားပြများ၏ အန္တရာယ်ကို စိုးရိမ်ပူပန်နေစရာ မလိုတော့ပေ။

မြို့တော်သို့ ပေးဆောင်ရမည့် အခွန်အတုတ်များအတွက် ငွေကြေး မှာလည်း သူ့အတွက် ပြဿနာတစ်ခု မဟုတ်ခဲ့ပေ။ အကြောင်းမူ လျူကျန့်ကော်၏ လက်ဝယ်တွင် အသုံးပြုရန်အတွက် အလုံအလောက်ထက်ပိုသော ငွေကြေးအမြောက်အမြား ရှိနှင့်နေပြီးသား ဖြစ်သောကြောင့်ပင် ဖြစ်သည်။

ထိုငွေကြေးပမာဏသည် ဤအိမ်ထက် အဆပေါင်းများစွာ ပိုမိုကောင်းမွန် ခမ်းနားထည်ဝါသော အိမ်တော်အကြီးစားမျိုးကိုပင် အလွယ်တကူ ဝယ်ယူနိုင်လောက်ပေသည်။

လျူကျန့်ကော် ခေတ္တတွေဝေသွားသည်။ ပိုမိုခမ်းနားထည်ဝါသော အိမ်ကြီးတစ်လုံးကို ဝယ်ယူလိုသည့် စိတ်အလိုဆန္ဒက အလွန်ပင် ပြင်းပြနေခဲ့သည်။ အကြောင်းမူ သူသည် ဆင်းရဲမွဲတေနေသူတစ်ဦး လုံးဝမဟုတ်သည့်အပြင်၊ 'အရှေ့ဘက် ဆိပ်ကမ်းမြို့တော်' သည်လည်း ကုန်ကျစရိတ် အဆမတန်ကြီးမားလှသည့် နေရာမျိုး မဟုတ်ပေ။ အကယ်၍ သူသာ တကယ်အလိုရှိပါက မြို့တော်၏ အချမ်းသာဆုံး အထက်တန်းလွှာ ရပ်ကွက်ထဲတွင် အိမ်ကောင်းတစ်လုံးကို အလွယ်တကူ ဝယ်ယူနိုင်ပြီး၊ သားဖြစ်သူကို ပြုစုစောင့်ရှောက်ရန်အတွက် အစေအပါး အချို့ကိုပင် ငှားရမ်းထားနိုင်ပေသည်။

သေချာပေါက်ပင်... သူ၏ သားငယ် လျူကျင်းသည် လောက၏ အကောင်းဆုံးသော အရာရာတိုင်းနှင့်သာ ထိုက်တန်သူ ဖြစ်ပေသည်။

အဖေတစ်ဦးအနေဖြင့် သားဖြစ်သူအား ထိုကဲ့သို့ ပြည့်စုံမှုမျိုး ပေးဆောင်ရန်နှင့် မည်သည့် ဆင်းရဲဒုက္ခမျှ မကြုံတွေ့ရစေရန် ကာကွယ်ပေးဖို့က သူ့တွင် တာဝန်ရှိသည် မဟုတ်ပါလော။

သို့သော်ငြားလည်း... လက်ရှိတွင် လျူကျန့်ကော်၌ မည်သည့် ကျင့်ကြံခြင်း ခွန်အားမျှ ရှိမနေတော့ပေ။

သူသည် မိမိ၏ လက်ဖဝါးနှစ်ဖက်ကို စိုက်ကြည့်ရင်း၊ မိမိကိုယ်ကိုယ် မစွမ်းသာခြင်း၏ လေးလံလှသော ဝန်ထုပ်ဝန်ပိုးကြီးကို ထပ်မံ၍ ရင်နာစွာ ခံစားလိုက်ရပြန်သည်။ အတိတ်တစ်ချိန်တုန်းကမူ သူသည် ဧကရာဇ်အဆင့်' ကျင့်ကြံသူများပင် သူ့ရှေ့မှောက်တွင် ဦးညွှတ်ဝပ်စင်းခဲ့ရလောက်အောင်အထိ အစွမ်းထက်မြက်လှသော တန်ခိုးရှင်တစ်ဦး ဖြစ်ခဲ့ဖူးသည်။ တိုင်းပြည်တစ်ပြည်လုံး၏ အာဏာစက်သည်လည်း သူ့လက်ခုပ်တွင်း၌သာ ရှိခဲ့ဖူးသည်။

သူသည် အလိုရှိပါက အနှိုင်းမဲ့ ဘုရင်ဧကရာဇ်တစ်ဦးပင် ဖြစ်လာနိုင်ခဲ့ပေသည်။

သို့သော် ယခုအခါတွင်မူ လျူကျန့်ကော်သည် ဘာကောင်မှ မဟုတ်တော့ပေ။ သူ့ကိုယ်သူပင် ပြန်လည်ကာကွယ်နိုင်စွမ်း မရှိတော့သည့် သာမန်သမားတော်တစ်ဦး သက်သက်မျှသာ ဖြစ်တော့သည်။

သူ့တွင် ငွေကြေးအမြောက်အမြား ရှိနေသော်လည်း ဘာများအသုံးဝင်ဦးမည်နည်း။ အကယ်၍ သူက ဤငွေကြေးများကို သုံးပြီး အိမ်ကြီးအိမ်ကောင်းတစ်လုံး ဝယ်လိုက်သည်ပဲ ထားဦးတော့... နောက်ဆက်တွဲက ဘာဖြစ်လာမည်နည်း။

ဤအရှေ့ဘက် ဆိပ်ကမ်းမြို့တော်တစ်ခုလုံးတွင် မွေးကင်းစကလေးငယ်များမှလွဲ၍ လျူကျန့်ကော်ထက် ပိုမိုအားနည်းသူဟူ၍ မရှိတော့ပေ။ အကယ်၍ တစ်စုံတစ်ယောက်က သူ့အိမ်ထဲသို့ အဓမ္မကျူးကျော်ဝင်ရောက်ကာ ပစ္စည်းများကို လုယက်သိမ်းပိုက်မည်ဆိုပါက ၎င်းတို့ကို တားဆီးရန် သူ ဘာလုပ်နိုင်မည်နည်း။

သူဘာမှ မလုပ်နိုင်ပေ… လုံးဝကို ဘာမှမတတ်နိုင်ပေ။ ရန်သူများက သူ့ကို ရိုက်နှက်နှိပ်စက်ပြီး အလိုရှိရာမှန်သမျှကို စိတ်တိုင်းကျ လုယူသွားကြပေလိမ့်မည်။

အဆိုးရွားဆုံး အခြေအနေတွင်မူ... သူနှင့် သူ့သားငယ်လေးပါ အသက်ပျောက်သွားကြရပေလိမ့်မည်။

ကြုံတွေ့နေရသည့် အဖြစ်မှာ သူ့အတွက်ကရယ်ချင်စရာ ကောင်းလွန်းလှပေသည်။ အတိတ်တုန်းက ကမ္ဘာကို ကိုင်လှုပ်နိုင်ခဲ့သည့် သူ့လို လူမျိုးသည် ယခုအခါတွင် သာမန် လမ်းဘေးခိုးသားငယ်များကိုပင် ကြောက်ရွံ့စိုးရိမ်နေရသည်တဲ့လား။

အို... သူသည် မည်မျှအထိတောင် အနက်ဆုံးသော ချောက်ကမ်းပါးထဲသို့ ကျဆင်းသွားခဲ့ရရှာသနည်း။

'မဟုတ်သေးပါဘူး...' သမားတော်ကြီးက ခေါင်းကို အသာယမ်းခါလိုက်မိသည်။ သူ ဤသို့ ကျဆုံးနေခဲ့သည်မှာ ကြာမြင့်လှပြီ ဖြစ်သည်။ ဤသည်မှာ သူ ပြုခဲ့သမျှသော အတိတ်က အပြစ်ကြွေးများအတွက် မလွှဲမရှောင်သာ ခံစားရမည့် ဝဋ်ကြွေးသက်သက်မျှသာ ဖြစ်ပေသည်။

မည်သို့ပင်ဆိုစေကာမူ... လက်ရှိပြဿနာကတော့ ရှိနေဆဲပင်ဖြစ်သည်။

သူ့တွင် ငွေကြေးအမြောက်အမြား ရှိနေသော်လည်း ၎င်းကို ထုတ်ဖော်ပြသခြင်းက မည်သို့မျှ အကျိုးရှိမည်မဟုတ်ပေ။ အဆိုးရွားဆုံးအနေဖြင့် လောဘဇောတက်နေပြီး အကျင့်စာရိတ္တ ပျက်ပြားနေသည့် လူယုတ်မာများ၏ ပစ်မှတ်တစ်ခု ဖြစ်လာရုံသာ ရှိပေလိမ့်မည်။

အကယ်၍ ဤဘေးအန္တရာယ်က သူ့တစ်ဦးတည်းအပေါ်၌သာ သက်ရောက်မည်ဆိုပါက တစ်မျိုးဖြစ်သော်လည်း၊ ယခုမူ သူ့တွင် ရင်ခွင်ပိုက် သားငယ်လေး ရှိနေချေပြီ။ လျူကျန့်ကော်အနေဖြင့် သားဖြစ်သူ လျူကျင်းအပေါ် မည်သည့် ဘေးမျှ ကျရောက်လာခြင်းကို လုံးဝခွင့်ပြုနိုင်မည် မဟုတ်ပေ။ ထိုသို့ ဖြစ်လာမည့်အစား ကောင်းကင်နှင့် မြေကြီး နေရာချင်း ပြောင်းလဲသွားသည်ကပင် ပို၍ ဖြစ်နိုင်ချေ ရှိဦးမည် ဖြစ်သည်။

သမားတော်ကြီးသည် မိမိဘေးပတ်ဝန်းကျင်ရှိ စုတ်ပြတ်ပြီး ကြည့်ရဆိုးလှသော အိမ်ငယ်လေးကို စိုက်ကြည့်လိုက်မိသည်။ သူ့စိတ်ထဲမှ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ... ဤအခြေအနေကသာ သူတို့သားအဖအတွက် အလုံခြုံဆုံးနှင့် အကောင်းဆုံးသော လမ်းစဉ် ဖြစ်ပေသည်။

အကယ်၍... မိမိ၏ သားငယ်လေးအတွက်သာ ဆိုလျှင် လောက၏ မည်သို့သော အရှက်ရစရာ ဆင်းရဲဒုက္ခမျိုးကိုမဆို အကြိမ်ပေါင်း ထောင်သောင်းမက ကြံ့ကြံ့ခံ ရင်ဆိုင်သွားရန် သူ အသင့်ရှိနေပေသည်။

လျူကျန့်ကော်သည် သူ့တွက်ကိန်းနှင့်တူ ခေါင်းညိတ်လိုက်ပြီးနောက် အင်္ကျီလက်စအစုံကို သေသေချာချာ ပင့်တင်၍ လိပ်တင်လိုက်တော့သည်။ ဤအိမ်စုတ်လေးသည်... သူ့သားငယ်လေး ဘေးကင်းလုံခြုံစွာ ကြီးပြင်းလာရမည့် အိမ် အစစ်အမှန် ဖြစ်လာပေတော့မည်။

ယခုအချိန်တွင်တော့... သူ ပြုပြင်ဖန်တီးရမည့် ကိစ္စရပ်များစွာသည် သူ့ရှေ့မှောက်၌ စောင့်ကြိုနေခဲ့ချေပြီဖြစ်လေသည်။

အသီးပုပ်နံ့များ နှုတ်ခေါင်းထဲ တိုးဝင်လာသဖြင့် သူ အိပ်ရာမှ ရုတ်တရက် နိုးထလာခဲ့ရသည်။ ယခုအချိန်တွင်တော့ ဤရနံ့ဆိုးသည် သူ့အတွက် အလွန်ပင် ရင်းနှီးကျွမ်းဝင်လှသော ရနံ့တစ်ခု ဖြစ်နေခဲ့ချေပြီ။

အသက်သုံးဆယ်ကျော်အရွယ်ခန့် ရှိပြီဖြစ်သော လျူကျန့်ကော်သည် အိပ်ရာမှထကာ ကိုယ်လက်ဆန့်တန်းလိုက်မိသည်။ သူ့ကုတင်၏ ဘေးနားတွင်မူ သူ့ ကိုယ်တိုင် သေသေချာချာ လုပ်ထားသည့် ဝါးပုခက်ငယ်လေးတစ်ခု ရှိနေပြီး၊ ထိုအထဲ၌ သားငယ်လေး လျူကျင်းသည် အေးချမ်းစွာ အနားယူလျက် ရှိသည်။

သို့သော် ကလေးငယ်လေးသည် အိပ်မပျော်ဘဲ နိုးနေသည်ကိုတွေ့လိုက်ရသည်။

သူ့သားငယ်လေး၏ ထူးခြားဆန်းပြားလှသော နီမြန်းသည့် မျက်ဝန်းအစုံသည် သူ၏ ကန့်သတ်ထားသော လှုပ်ရှားနိုင်စွမ်းအောက်မှ မြင်တွေ့ရသမျှသော ဘေးပတ်ဝန်းကျင် ရှုခင်းမှန်သမျှကို စူးစမ်းလေ့လာနေရှာသည်။ သာမန် ကလေးငယ်များနှင့်မတူဘဲ လျူကျင်းသည် သိပ်ဂျီမကျတတ်…သိပ်မငိုတတ်ပေ။ ကြည့်ရသည်မှာ မိခင်၏ ဝမ်းကြာတိုက်အတွင်း ကတည်းကပင် လောကီကျင့်ဝတ်များကို စနစ်တကျ သင်ကြားပြသခြင်း ခံထားရသည့်အလားပင် ထင်မှတ်ရပေသည်။

အတိတ်တစ်ချိန်တုန်းကတော့ သားဖြစ်သူ၏ ဤကဲ့သို့ အလွန်အမင်း တိတ်ဆိတ်လွန်းလှသော အမူအရာများကြောင့် လျူကျန့်ကော်တစ်ယောက် များစွာ စိုးရိမ်ပူပန်ခဲ့ဖူးသည်။ အကြောင်းမူ သူ ငယ်စဉ်ကတည်းက သူ့ဆရာဖြစ်သူ၏ အမိန့်အရ ကိုယ်ဝန်ဆောင်မိခင် အများအပြားကို ကလေးမီးဖွားနိုင်ရန်အတွက် ဘေးနားကနေ အကြိမ်ကြိမ် ကူညီပေးခဲ့ဖူး ရာ ထိုခလေးငယ်များနှင့် သူ့သားငယ်လေးသည် အနည်းငယ်ကွဲပြားနေသောကြောင့်ပင် ဖြစ်သည်။

သူသည် ထိုသို့ သားဖွားမီးယပ်အလုပ်များကို မလုပ်ချင်ခဲ့ပေ။

'ဟိတ်ကောင် ..ရှုံ့မဲ့မနေနဲ့ ..ကိုယ့်အလုပ်ကိုယ်သေချာလုပ်စမ်း' ဟု ဆရာကြီးကျန်းက ထိုစဉ်က ငေါက်ငမ်းဖူးသည်။ ထိုကဲ့သို့သော အတွေ့အကြုံများအရ လျူကျန့်ကော်သည် မွေးကင်းစကလေးငယ်များဟူသည် အမြဲတမ်း ငိုကြွေးတတ်ခြင်း၊ သွားရည်တောက်တောက်ကျခြင်း၊ ကျင်ကြီးကျင်ငယ် စွန့်ခြင်းနှင့် အန်ဖတ်ဆိုးများ ထုတ်တတ်သည့် အလုပ်ရုံကြီးများကဲ့သို့ မှတ်သားထားခဲ့ဖူးသည်။

သို့သော်ငြားလည်း... သူ့သားလေးကတော့ ထိုသို့သော ကလေးမျိုး လုံးဝမဟုတ်ခဲ့ပေ။

လျူကျန့်ကော်သည် သားဖြစ်သူ လျူကျင်း၏ ခန္ဓာကိုယ်အတွင်း၌ တစ်စုံတစ်ခု ချို့ယွင်းချက် ရှိမရှိကို သေချာစေရန်အတွက် ဆေးပညာဆိုင်ရာ စမ်းသပ်စစ်ဆေးမှု မြောက်အမြားကို ကိုယ်တိုင် ပြုလုပ်ခဲ့ဖူးသည်။ ထိုအခါမှသာ ကလေးငယ်သည် မွေးရာပါပင် ဉာဏ်ရည်ရင့်ကျက်ပြီး တိတ်ဆိတ်ငြိမ်သက်တတ်သည့် ကလေးငယ်တစ်ဦး ဖြစ်ကြောင်း သိရှိသွားရသည်။ ယခုကဲ့သို့ အန္တရာယ်များလှသော သူတို့၏ အခြေအနေဆိုးကြီးနှင့် ယှဉ်ကြည့်မည်ဆိုပါက ဤသည်မှာ ကောင်းကင်ဘုံမှ ပေးသနားလိုက်သည့် အကြီးမားဆုံးသော ကောင်းချီးမင်္ဂလာတစ်ခုပင် ဖြစ်တော့သည်။

“ခစ်ခစ်..”

ထိုစဉ် လျူကျင်းလေး၏ နူးညံ့လှသော ရယ်မောသံကလေးက သူ့နားထဲသို့ တိုးဝင်လာခဲ့သည်။ အမြဲတမ်းလိုလိုပင် ထိုကလေးငယ်၏ တစ်နေ့တာလုံးသည် တောက်ပလင်းပွင့်သွားခဲ့ရချေပြီ။ လျူကျင်းလေးသည် သူ၏ သေးငယ်ပြီး ဖူးဖူးခဲခဲ ရှိလှသော လက်မောင်းလေးနှစ်ဖက်ကို အဖေ လျူကျန့်ကော်ရှိရာဘက်သို့ အားရပါးရ ဆန့်တန်းပြလိုက်မိသည်။ ကလေးငယ်လေး ဖော်ပြလိုသည့် အဓိပ္ပာယ်ကတော့... အလွန်ပင် ထင်ရှားလွန်းလှပေသည်။

လျူကျန့်ကော်သည် နူးညံ့စွာ ပြုံးလိုက်ရင်း သားငယ်လေးအား မိမိ၏ ရင်ခွင်ထဲသို့ အသာအယာ ပွေ့ချီလိုက်ရာ၊ ကလေးငယ်၏ နှုတ်ခမ်းဖျားမှ ရွှင်လန်းလှသော ရယ်မောသံကလေးများ ထပ်မံ၍ လွင့်ပျံထွက်ရှိလာခဲ့သည်။

"သားလေးက ဒါကို သဘောကျတယ်ပေါ့ ဟုတ်လား..." လျူကျန့်ကော်က သားဖြစ်သူအား သူ့ဦးခေါင်းထက် မြင့်မားစွာ မြှောက်ချီလိုက်ရင်း မေးလိုက်မိသည်။ သူ့မျက်နှာထက်မှ အပြုံးရိပ်များကလည်း ပိုမိုတောက်ပလာခဲ့သည်။ "နိုးနေတာ ဘယ်လောက်တောင် ကြာပြီလဲ သားလေးရဲ့..."

သူ့လက်ချောင်းကလေးဖြင့် လျူကျင်းလေး၏ ဝမ်းဗိုက်ကို ခပ်ဖွဖွ ကလိထိုးလိုက်သောအခါ ကလေးငယ်လေးထံမှ အသစ်တဖန် သဘောကျရယ်မောသံများ ဆက်တိုက် ထွက်ပေါ်လာခဲ့ရပြန်သည်။

"ဒီမှာ ခဏစောင့်နေနော်... ဟုတ်ပြီလား" ဟု လျူ ကျန့်ကော်က ပြောပြောဆိုဆိုဖြင့် လျူကျင်းလေးအား ဝါးပုခက်ငယ်လေးထဲသို့ တဖန်ပြန်လည် အသာချပေးလိုက်သည်။ အသက်အရွယ် အလွန်ငယ်ရွယ်လွန်းသေးသော်လည်း လျူကျင်းလေးသည် သူတစ်ဦးတည်း ထိုင်နိုင်နေချေပြီ။ ဤသည်မှာ အလွန်ပင် ရိုးရှင်းလှသောအချက် ဖြစ်သော်လည်း၊ အဖေ လျူကျန့်ကော်အတွက်မူ သားဖြစ်သူအပေါ် အတိုင်းထက်အလွန် ဂုဏ်ယူမဆုံး ဖြစ်နေရရှာသည်။

သူတို့နှစ်ယောက် ဤနေရာသို့ စတင်ရွှေ့ပြောင်းအခြေချခဲ့သည့် တစ်လတာကာလအတွင်း ဤအိမ်စုတ်လေးသည် များစွာ ပြောင်းလဲတိုးတက်သွားခဲ့ပြီ ဖြစ်သည်။ လျူကျန့်ကော်သည် နေ့မအား ညမနား ဤအိမ်လေးကို ကိုယ်တိုင်ပြုပြင်ရန် အစွမ်းကုန် ကြိုးပမ်းအားထုတ်ခဲ့ပြီး၊ ထိုရလဒ်များကလည်း ယခုအခါ အထင်အရှား ပေါ်လွင်နေခဲ့သည်။ ကြမ်းခင်းပေါက်များအားလုံးကို အကြွင်းမဲ့ ပြုပြင်ပြီးစီးသွားခဲ့ပြီ ဖြစ်၏။ ထိုသို့လုပ်ရန် လိုအပ်သော သစ်သားအမြောက်အမြားကို ဝယ်ယူရန်မှာ သူ့အတွက် မခက်ခဲသော်လည်း၊ ထိုလေးလံလှသော သစ်တုံးကြီးများကို ဤအိမ်အရောက် ကိုယ်တိုင် ထမ်းပိုးသယ်ဆောင်လာခဲ့ရခြင်းကတော့ အလွန် ပင်ပန်းလှသော ခရီးကြမ်းတစ်ခု ဖြစ်ခဲ့ရသည်။

ထို့ပြင် လျူကျန့်ကော်သည် မိမိကိုယ်တိုင်အတွက်သာမက အနာဂတ်တွင် ရောက်ရှိလာမည့် လူနာများအတွက်ပါ ကုတင်များနှင့် စောင်များကို အဆင်သင့် ဝယ်ယူပြင်ဆင်ထားရှိပြီး၊ မြေညီထပ်၏ အခန်းကျယ်နေရာကို ပိုမိုစနစ်တကျ အသုံးပြုနိုင်ရန်အတွက် အခန်းကန့် လိုက်ကာများကိုလည်း တပ်ဆင်ထားခဲ့သည်။ သူသည် ဆေးဝါးများ သိုလှောင်ရန်အတွက် ဂိုဒေါင်ငယ်တစ်ခု ဆောက်လုပ်ရန် စိတ်ကူးရှိသော်လည်း၊ ထိုအရာကိုတော့ လှေကားထစ်များနှင့် ဒုတိယထပ်တစ်ခုလုံးကို အခြေခံ ပြုပြင်ပြီးစီးမှသာ ဆက်လက်လုပ်ဆောင်ရန် ဆုံးဖြတ်ထားခဲ့သည်။

ယခုအချိန်တွင်တော့ လျူကျန့်ကော်သည် မိမိကိုယ်တိုင် လက်မှုပညာဖြင့် ဆောက်လုပ်ထားသော ဆေးပေးကောင်တာခုံဆီသို့ လျှောက်လှမ်းသွားကာ၊ သားငယ်ဖြစ်သူအတွက် တစ်နေ့တာ အာဟာရကို ပြင်ဆင်ပေးရန် အစပြုလိုက်တော့သည်။

သူသည် အမျိုးသမီးတစ်ဦး မဟုတ်သည့်အပြင်၊ ဤမြို့တော်ကြီးအတွင်း၌လည်း မိမိ၏ သားငယ်အား နို့ရည်တိုက်ကျွေးရန် စိတ်ချယုံကြည်ရမည့် မိန်းမပျိုဟူ၍ တစ်ဦးမျှ ရှိမနေခဲ့ပေ။ သို့သော်ငြားလည်း ဤကဲ့သို့သောအခြေအနေသည် လျူကျန့်ကော်ကဲ့သို့သော ဆေးပညာပါရမီရှင်တစ်ဦးအတွက်တော့ ဘာမှ စိုးရိမ်စရာ ပြဿနာမဟုတ်ခဲ့ပေ။ သူ့တွင် ကျင့်ကြံခြင်း ချီစွမ်းအင် မရှိတော့လျှင်ပင်... သားဖြစ်သူအား ဘေးအန္တရာယ်ကင်းကင်းဖြင့် ကျန်းမာသန်စွမ်းပြီး ထူးချွန်ထက်မြက်စွာ ကြီးပြင်းလာစေရန် လိုအပ်သော အာဟာရဓာတ်မှန်သမျှ ပြည့်စုံစွာ ပါဝင်သည့် ကျန်းမာရေးဆေးရည်တစ်မျိုးကို ကိုယ်ပိုင်ဆေးပညာဖြင့် ဖော်စပ်ပေးနိုင်စွမ်း အပြည့်အဝ ရှိနေသောကြောင့်ပင်ဖြစ်သည်။

သူသည် ဆေးကျည်ပွေ့နှင့် ဆေးဆုံကို ကိုင်စွဲလျက်... ဆေးဘက်ဝင် ရှားပါးဒြပ်စင်မျိုးစုံကို တိတ်ဆိတ်ငြိမ်သက်စွာဖြင့် အချိုးကျ စတင်ရောစပ် မွမ်းမံဖော်စပ်လိုက်လေတော့သည်။

ဤကဲ့သို့ ဖော်စပ်ရန်အတွက် ငါးမိနစ်မျှသာ ကြာမြင့်ခဲ့သော်လည်း လျူကျန့်ကော်အတွက်မူ ဤအချိန်သည် စိတ်ပျက်စရာကောင်းလောက်အောင်အထိ အလွန်အမင်း နှေးကွေးလွန်းနေခဲ့သည်။

အတိတ်တစ်ချိန်တုန်းကဆိုလျှင် ဤမျှရိုးရှင်းလှသော ကိစ္စရပ်မျိုးကို မျက်တောင်တစ်ခတ်အတွင်း ချက်ချင်းပင် ပြီးစီးအောင် လုပ်ဆောင်နိုင်ခဲ့ဖူးသည်။ မည်သို့ပင်ဆိုစေကာမူ... သမားတော်ကြီးသည် သားဖြစ်သူအား အာဟာရဆေးရည် တိုက်ကျွေးနေစဉ်အတွင်း မိမိကိုယ်ကိုယ် ဂုဏ်ယူစွာဖြင့် ချိုသာစွာ ပြုံးမိနေတော့သည်။ သားငယ် လျူကျင်းအတွက်သာဆိုလျှင် ဤသို့သော ပင်ပန်းမှုမှန်သမျှက ပေးဆပ်ရကျိုး လုံးဝနပ်လှပေသည်။

ယခု သူ လျူကျင်းလေးကို တိုက်ကျွေးနေသည့် ဆေးရည်မှာ ယာယီအစီအမံ သက်သက်မျှသာ ဖြစ်ပေသည်။ လျူကျန့်ကော်၏ မျက်ဝန်းအစုံသည် ဆေးခန်း၏ ထောင့်တစ်နေရာ၊ ပြတင်းပေါက်များနှင့် ဝေးရာအရိပ်ထဲတွင် စိုက်ပျိုးထားသည့် အိုးသစ်ပင်ကလေးဆီသို့ အလိုလိုပင် ဝဲကျသွားခဲ့မိသည်။ ၎င်းမှာ နေရောင်ခြည် အနည်းငယ်မျှသာ လိုအပ်သည့် 'အဆုံးမဲ့စွမ်းအင်သစ်ပင်' ဖြစ်ပေသည်။

လျူကျန့်ကော် ပိုင်ဆိုင်ထားသမျှသော ရတနာပစ္စည်းများအနက် ဤအပင်ငယ်လေးသည် ငြင်းပယ်၍မရအောင်အထိ တန်ဖိုးအကြီးမားဆုံးသော ရတနာဆန်း ဖြစ်သည်။ အကယ်၍ တစ်စုံတစ်ယောက်က ဤ 'အရှေ့ဘက် ဆိပ်ကမ်းမြို့တော်' တစ်ခုလုံးရှိ ငွေကြေးဓနမှန်သမျှကို စုဆောင်းလာခဲ့လျှင်ပင် ထိုအပင်၏ တန်ဖိုးကို ပေးချေရန်အတွက် လုံးဝလုံလောက်လိမ့်မည် မဟုတ်ပေ။ ၎င်းသည် လျူကျန့်ကော် ကျင့်ကြံသူဘဝ အတိတ်ခန္ဓာဟောင်းတုန်းက ကျန်ရစ်ခဲ့ပြီး မိမိကိုယ်ကိုယ် သိမ်းဆည်းထားခွင့်ပြုခဲ့သည့် အနည်းငယ်မျှသော ကောင်းကင်ဘုံရတနာများအနက် တစ်ခုတည်းသော ရတနာလည်း ဖြစ်ပေသည်။

သူသည် ဤအပင်ကို အသက်စွန့်သိမ်းဆည်းခဲ့ခြင်းမှာ အနာဂတ်တွင် မိမိ၏ သားငယ်လေးအတွက် ကြီးမားသော အထောက်အကူ ဖြစ်လာလိမ့်မည်ကို ကြိုတင်မြော်မြင်ထားသောကြောင့်ပင် ဖြစ်သည်။

ဤကျင့်ကြံခြင်းအပင်ငယ် ပိုမိုကြီးထွားလာခဲ့သည့်တစ်နေ့တွင် လျူကျန့်ကော်သည် ၎င်း၏ ဆေးဘက်ဝင်သစ်ရွက်များကို အသုံးပြုကာ သားဖြစ်သူ၏ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုနှင့် စွမ်းအင်အခြေခံကို အဆမတန် မြှင့်တင်ပေးနိုင်မည့် ဆေးရည်တစ်မျိုးကို ဖော်စပ်ပေးနိုင်လိမ့်မည် ဖြစ်သည်။ ထို့ပြင် ၎င်းအပင်မှ အဖိုးတန်ရတနာ သစ်သီးများ သီးပွင့်လာခဲ့သည့် အချိန်ကျလျှင်မူ...

ဤ 'အဆုံးမဲ့စွမ်းအင်သစ်သီး' ၏ အစွမ်းအာနိသင်ကြောင့် သူ၏ သားငယ်လေးသည် အနာဂတ်တွင် သူတစ်ပါး၏ နှိပ်စက်နင်းခြေခြင်းကို ခံရမည့်အန္တရာယ်အတွက် ဘယ်သောအခါမှ စိုးရိမ်ပူပန်နေရတော့မည် မဟုတ်ပေ။ လျူကျင်းသည် ဤအရှေ့ဘက် ဆိပ်ကမ်းမြို့တော်၏ မိမိတို့မျိုးဆက်သစ် ကျင့်ကြံသူများထဲတွင် အစွမ်းထက်မြက်ဆုံးသော အနှိုင်းမဲ့ ပါရမီရှင်တစ်ဦး ဖြစ်လာပေလိမ့်မည်။

သို့သော်လည်း ယခုလက်ရှိအချိန်တွင်မူ... လျူကျန့်ကော်အနေဖြင့် အချိန်တန်သည်အထိ စိတ်ရှည်လက်ရှည် စောင့်ဆိုင်းရန်သာ တတ်နိုင်ပေသေးသည်။

အခြေအနေအရပ်ရပ်ကို ငြိမ်သက်စွာ စောင့်ဆိုင်းရင်း... လူနာများကို ကယ်တင်တတ်သော သမားတော်ကောင်းတစ်ဦးအဖြစ်သာ ဘဝကို အေးချမ်းစွာ ဖြတ်သန်းနေရုံမျှသာ ဖြစ်တော့သည်။

လျူကျန့်ကော်၏ မျက်မှောင်အစုံက ရုတ်တရက် တွန့်ချိုးသွားရသည်။ နောက်ဆုံးပြောခဲ့သော 'သမားတော်ကောင်းတစ်ဦးအဖြစ် ရှင်သန်ရန်' ဆိုသည့် အပိုင်းက လက်တွေ့တွင် အလွန်အမင်း ခက်ခဲလွန်းလှပေသည်။ သားငယ် လျူကျင်းအား ဝါးပုခက်ထဲ၌ ထားရစ်ခဲ့ကာ လျူကျန့်ကော်တစ်ယောက် အိမ်ပြင်ပသို့ ခြေလှမ်းလှည့်ခဲ့သည်။ မျှော်လင့်ထားသည့်အတိုင်းပင်... မနေ့ညက တစ်စုံတစ်ယောက်သည် သူ့အိမ်တံခါးဝကို ပုပ်စော်နံနေသော သစ်သီးဝလံများဖြင့် ပစ်ပေါက်သွားခဲ့ကြချေပြီ။ ထို့ပြင် အိမ်နံရံပေါ်၌လည်း 'ရမ်းကု သမားတော်' ဟူသော စုတ်ချက်အက္ခရာများကို ရေးသားကာ စော်ကားမော်ကား ပြုလုပ်သွားခဲ့ကြသေးသည်။

သူသည် ရင်ထဲ၌ သက်ပြင်းတစ်ချက်ကို ခပ်လေးလေးချလိုက်ရင်း အိမ်ထဲသို့ ပြန်ဝင်ကာ ရေစိုအဝတ်စတစ်ထည်ကို ယူ၍ ပြန်ထွက်လာခဲ့သည်။ ယခုအချိန်တွင်တော့ ဤကဲ့သို့သော အညစ်အကြေးများကို လိုက်လံသန့်ရှင်းနေရခြင်းက သူ့အတွက် နေ့စဉ်လုပ်ရိုးလုပ်စဉ် အလုပ်တစ်ခုလို ဖြစ်နေခဲ့ချေပြီ။

သူ့ကဲ့သို့ ချီစွမ်းအင်ကြောများ ပျက်စီးနေသည့် မသန်မစွမ်း တစ်ဦးသည် သိုင်းလောကသားတို့အတွက်တော့ လှောင်ပြောင်အော်ဟစ်စရာ သက်သက်မျှသာ ဖြစ်ပေသည်။ ထိုကဲ့သို့သောသူက မိမိကိုယ်ကိုယ် သမားတော်တစ်ဦးပါဟု ကြွေးကြော်နေခြင်းမှာ လူအများအတွက်တော့ ရယ်စရာပြက်လုံးတစ်ခုထက် မပိုခဲ့ချေ။ အကြောင်းမူ မည်သူကများ မျက်စိကန်းနေသူတစ်ဦး၏ လမ်းညွှန်ပြသမှုကို ယုံကြည်ကြပါမည်နည်း။ ထိုသို့လုပ်ဆောင်သူ ရှိခဲ့လျှင် ၎င်းမှာ လူမိုက်သာ ဖြစ်ပေလိမ့်မည်။

ထို့ကြောင့် ဤ 'အရှေ့ဘက် ဆိပ်ကမ်းမြို့တော်' ၏ အမြင်တွင်တော့ သူသည် ငွေလိမ်ဉာဏ်ဆင်နေသည့် 'ရမ်းကု သမားတော်ယုတ်' မျှသာ ဖြစ်တော့သည်။

"ဒီနေ့မနက်တော့ မင်းအတွက် သိပ်ပြီး စိတ်ချမ်းသာစရာမကောင်းဘူးနဲ့ တူတယ်... မိတ်ဆွေကြီး"

လျူကျန့်ကော် နောက်သို့ လှည့်ကြည့်လိုက်ရာ ထိပ်ပြောင်ပြောင်၊ ပါးစပ်ကျယ်ကျယ်နှင့် ကိုယ်လုံးတုတ်တုတ် အဘိုးအိုတစ်ဦးကို မြင်လိုက်ရသဖြင့် အလိုလို ပြုံးမိသွားသည်။

"ဒါက ပုံမှန်ဖြစ်နေကျတွေပါပဲ။ မင်းလည်း ခေါင်းရှုပ်ခံပြီး စိတ်အနှောင့်အယှက် ဖြစ်မနေပါနဲ့"

ဤ 'အဘိုးအိုကောင်း' သည် အရှေ့ဘက် ဆိပ်ကမ်းမြို့တော်တွင် လျူကျန့်ကော် မိတ်ဆွေဟု ခေါ်နိုင်သည့် လက်ချိုးရေတွက်ရုံမျှသော လူအနည်းငယ်ထဲက တစ်ဦးဖြစ်သည်။ သူတို့နှစ်ဦး စတင်ဆုံတွေ့ခဲ့ကြသည်မှာ လျူကျန့်ကော်တစ်ယောက် အိမ်ထောင်ပရိဘောဂများ ဝယ်ရန်အတွက် ၎င်း၏ဆိုင်သို့ သွားခဲ့စဉ်က ဖြစ်သည်။ ထိုစဉ်က အဘိုးအိုသည် လျူကျန့်ကော်၏ မသန်စွမ်းမှုကို စိုးရိမ်ပူပန်ခြင်း သို့မဟုတ် အထင်သေးခြင်းမျိုး လုံးဝမရှိဘဲ၊ မိမိနှင့် စကားစမြည်ပြောမည့်သူ ရလာသဖြင့် အလွန်ပင် တက်ကြွရွှင်လန်းနေခဲ့သည်။

ထိုနေ့မှစ၍ အဘိုးအို ကောင်းသည် အချိန်ရလျှင် ရသလို လျူကျန့်ကော်၏ ဆေးခန်းလေးဆီသို့ အမြဲလိုလို လာရောက်တတ်တော့သည်။

"ငါကတော့ မနေနိူင်မထိုင်နိူင်ဝင်ပြောရမှာပဲ မောင်ရင်ရဲ့"

အဘိုးအိုကောင်းက ခပ်တိုးတိုး ချောင်းတစ်ချက်ဆိုးရင်း ဆိုသည်။

"လူတွေက ကိုယ့်အချိန်တွေကို ဒီလို ယုတ်ညံ့တဲ့ကိစ္စတွေမှာ ဖြုန်းနေကြတာ တကယ့်ကို အရှက်မရှိလွန်းရာကျတယ်။ တကယ့်ကို အောက်တန်းကျလွန်းတယ်။ အဲဒီလူယုတ်မာတွေသာ ငါ့ရှေ့မှာရှိရင်တော့ သေချာပေါက် ဆုံးမပစ်လိုက်မှာ"

"အဘိုးရဲ့ ဒီလိုစာနာစိတ်တစ်ခုနဲ့တင် ကျွန်တော့်ရင်ထဲက ဒေါသတွေ ပြေပျောက်သွားပါပြီ"

လျူကျန့်ကော်က ပြုံးလျက် ပြန်ပြောလိုက်သည်။ မိမိကိုယ်စား ဒေါသထွက်ပေးမည့်သူ ရှိနေခြင်းကပင် သူတစ်ပါး၏ စော်ကားမှုများကို ကြံ့ကြံ့ခံရန် ခွန်အားဖြစ်စေသည်မို့ ဤစကားက အပိုအလိုမရှိ စစ်မှန်လှပေသည်။

"ဒါပေမဲ့ အဘိုးက ဒီကို ဒေါသထွက်ဖို့ သက်သက်ပဲ လာတာတော့ မဟုတ်လောက်ဘူး။ ကျွန်တော် ဘာကူညီပေးရမလဲခင်ဗျာ"

"အော်... ဟုတ်သားပဲ"

အဘိုးအိုကောင်းက ချောင်းထပ်ဆိုးရင်း လက်ထဲက အထုပ်ကလေးကို မြှောက်ပြသည်။

"ငါ့မိန်းမအကြောင်းလည်း မောင်ရင် သိတဲ့အတိုင်းပဲ၊ အမြဲတမ်း ဟင်းတွေကို ပိုလျှံအောင် ချက်တတ်တာ။ သူသာ မရှိရင် ငါလည်း ဒီလောက်အထိ ဝတုတ်နေမှာ မဟုတ်ဘူး"

သူက မိမိစကားကို သက်သေပြသည့်အနေဖြင့် ပူထွက်နေသော ဝမ်းဗိုက်ကြီးကို ဖွဖွလေး ပုတ်ပြရင်း ဆက်ပြောသည်။

"အရင်ရက်က ငါ့အိမ်မှာ ပျော်ပွဲစားပွဲတစ်ခု လုပ်ဖြစ်သေးတယ်လေ။ ငါ့အငယ်ဆုံးသားလေး အိမ်ထောင်ပြုလို့ကွ အဲဒါကြောင့် စားစရာတွေ အများကြီး ပိုနေတာ။ ငါ့မိန်းမက ဒါတွေကို မောင်ရင့်ဆီ သွားပေးပါဆိုပြီး အတင်းထည့်ပေးလိုက်လို့။ ယူထားပေးပါဦး မောင်ရင်ရာ။ မောင်ရင် ယူပေးတာဟာ ငါ့ကို ကူညီရာရောက်ပါတယ်။ မဟုတ်ရင်တော့ အိမ်မှာ အလဟဿ ပျက်စီးကုန်တော့မှာ။ ဒါမှမဟုတ်လည်း ငါပဲ အကုန်လုံးကို အတင်း မရမက ပါးစပ်ထဲသွင်းရတော့မယ် အခုတောင် ငါ့ဗိုက်က ဒီလောက်အထိ ပူထွက်နေပြီဥစ္စာ ကြည့်ဦး"

စင်စစ်မူ ... အဘိုးအိုကောင်းသည် လိမ်ညာနေခြင်း ဖြစ်ပေသည်။

သူ့ဇနီးက အစားအစာများကို အလဟဿ ပိုလျှံအောင် ချက်ပြုတ်ခဲ့ခြင်း လုံးဝမဟုတ်ပေ။ အမှန်တကယ်တော့ သူမသည် လျူကျန့်ကော်တို့ သားအဖထံသို့ ဝေမျှပေးကမ်းရန် ရည်ရွယ်ချက်ဖြင့် ၎င်းတို့အတွက်ပါ သီးသန့် ချက်ပြုတ်ခဲ့ခြင်း ဖြစ်သည်။ အဘိုးအိုကောင်းနှင့် သူ့ဇနီးတို့ ဤကဲ့သို့ ကွယ်ဝှက်၍ ကူညီခဲ့ကြသည်မှာ ဤတစ်ကြိမ်တည်း မဟုတ်တော့ပေ။ တစ်ခါတရံတွင် ဇနီးဖြစ်သူက မုန့်များ ပိုလျှံအောင် လုပ်မိ၍ပါဟု ဆင်ခြေပေးတတ်ပြီး၊ တစ်ခါတရံတွင်တော့ သိုလှောင်ထားသည့် ဆန်ဟောင်းများပါဟု ဆိုတတ်သော်လည်း စင်စစ် ထိုဆန်များမှာ အလွန်လတ်ဆတ်သည့် ဆန်သစ်များသာ ဖြစ်ကြ၏။ အများဆုံးအနေဖြင့်မူ... သူ့သားငယ်လေး လျူကျင်းအတွက် နို့ရည်များကို တမင်တကာ ဝယ်ယူပေးအပ်လေ့ ရှိကြသည်။

သူတို့ဇနီးမောင်နှံသည် ဤအကာအကွယ်မဲ့နေသော သားအဖနှစ်ဦးအား လောကအလယ်တွင် ငတ်မွတ်ခေါင်းပါးခြင်း ဘေးဒုက္ခနှင့် မကြုံတွေ့စေချင်ကြသောကြောင့်ပင် ဖြစ်တော့သည်။

သူတို့ဇနီးမောင်နှံသည် ဖြူစင်လှသော ကရုဏာတရားဖြင့် ကူညီဖေးမခဲ့ကြခြင်း ဖြစ်သော်လည်း၊ လျူကျန့်ကော်၏ စိတ်ကြီးဝင်တတ်သော မာနတရား မှာမူ ဤလုပ်ရပ်ကြောင့် အနည်းငယ် ထိခိုက်နာကျင်ရသည်ကတော့ အမှန်ပင် ဖြစ်သည်။ အတိတ်တစ်ချိန်က ကမ္ဘာကို စိုးမိုးခဲ့သည့် သူ့လိုလူမျိုးက ယခုအခါတွင် လမ်းဘေးသူတောင်းစားတစ်ဦးကဲ့သို့ သူတစ်ပါး၏ ပေးကမ်းစွန့်ကြဲမှုကို လက်ခံနေရလိမ့်မည်ဟု မည်သူက ထင်မှတ်ထားပါမည်နည်း။ စင်စစ်တော့ သူ့တွင် စားနပ်ရိက္ခာဝယ်ယူရန် ငွေကြေးဓန ချို့တဲ့နေခြင်း လုံးဝမဟုတ်ပေ။ သို့သော်လည်း ထိုသက်ကြီးရွယ်အို ဇနီးမောင်နှံအနေဖြင့် မိမိတို့အား ငတ်မွတ်ခေါင်းပါးနေကြပြီဟု ထင်မှတ်မှားသွားကြခြင်းအပေါ် သူ အပြစ်မဆိုရက်ခဲ့ပါ။

အကြောင်းမူ သူသည် မိမိ၏ ကြွယ်ဝချမ်းသာမှုများကို ဘယ်သောအခါမှ ထုတ်ဖော်မပြသခဲ့သည့်အပြင်၊ သူ့ဆေးခန်းလေးတွင်လည်း လူနာဟူ၍ တစ်ဦးမျှ ရောက်ရှိမလာခဲ့သောကြောင့်ပင် ဖြစ်သည်။ ထိုအဘိုးအို ဇနီးမောင်နှံသည် သူတို့သားအဖနှစ်ဦး အစာငတ်ခံကာ ဒုက္ခရောက်နေကြပြီဟု တွေးတောမိကြရှာပေလိမ့်မည်။

သာမန်အားဖြင့် သိုင်းလောကရှိ ကျင့်ကြံသူများသည် ခွန်အားအဆင့်အတန်း ပိုမိုမြင့်မားလာလေလေ၊ ခန္ဓာကိုယ်အတွက် စားနပ်ရိက္ခာ လိုအပ်ချက် ပိုမိုနည်းပါးလာလေလေ ဖြစ်သော်လည်း၊ ယခုအခါ လျူကျန့်ကော်သည် ချီစွမ်းအင်ကြောများ ပျက်စီးနေသည့် မသန်မစွမ်းသက်သက်မျှသာ ဖြစ်ပေသည်။ ထို့ကြောင့် သူသည် သာမန်လူသားများကဲ့သို့ နေ့စဉ်မှန်မှန် စားသောက်ရန် လိုအပ်နေပေသည်။ ဤအချက်ကို ထောက်ပြရလျှင် ထိုဇနီးမောင်နှံ၏ လုပ်ရပ်မှာ အလွန်ပင် ကျိုးကြောင်းဆီလျော်လှပေသည်။ လျူကျန့်ကော်ကိုယ်တိုင်လည်း သူတို့၏နေရာတွင် ရှိနေခဲ့ပါက ဤကဲ့သို့ပင် ဝေမျှပေးကမ်းမိမည်မှာ အမှန်ပင်ဖြစ်သည် ။

သို့သော်ငြားလည်း... သူ့ရင်ထဲတွင်တော့ နာကျင်ရဆဲ ဖြစ်ပေသည်။

ထိုမျှမက သူတို့၏ စေတနာတရားကို ငြင်းပယ်လိုက်ပါကလည်း အချင်းချင်း စိတ်ဝမ်းကွဲပြားကာ ရန်ငြိုးဖွဲ့သလို ဖြစ်သွားနိုင်သဖြင့် သူ လုံးဝ မငြင်းပယ်ရဲခဲ့ပါ။

"အဘိုးရဲ့ စေတနာကို တကယ်ကျေးဇူးတင်ပါတယ်ခင်ဗျာ"

လျူကျန့်ကော်က ပြောပြောဆိုဆိုဖြင့် စားစရာအထုပ်ကို လှမ်းယူလိုက်သည်။ အထုပ်က တော်တော်လေး လေးလံလှသဖြင့် အနည်းဆုံး နှစ်ရက်၊ သုံးရက်စာလောက်တော့ ကောင်းကောင်းကြီး ဖူလုံနိုင်ပေလိမ့်မည်။

"ငါ့ကို ကျေးဇူးတင်မနေပါနဲ့ မောင်ရင်ရာ။ မောင်ရင်က ဒါတွေကို ယူပေးပြီး ငါ့ဗိုက်ထဲအတင်းရောက်မယ့် ဝန်ထုပ်ဝန်ပိုးကို ကူလျှော့ပေးတာပဲ"

အဘိုးအိုကောင်းက ခပ်ဟဟ ရယ်မောလိုက်ပြီးနောက် ရုတ်တရက် ချောင်းတစ်ချက်ကို ပြင်းပြင်းထန်ထန် ဆိုးလိုက်ပြန်သည်။ ထိုအခိုက်အတန့်တွင် သမားတော်လေး လျူကျန့်ကော်၏ မျက်ဝန်းများ စူးရှသွားသည်။

"အဘိုးရဲ့ ချောင်းဆိုးသံက... တော်တော်လေး စိုးရိမ်ရမယ့်ပုံပဲ"

လျူကျန့်ကော်အနေဖြင့် ဤချောင်းဆိုးသံကို ကြားရသည်မှာ ပထမဆုံးအကြိမ် မဟုတ်သော်လည်း ယခုမူ ရောဂါဝေဒနာက ယခင်ထက် ပိုဆိုးလာနေသယောင် ရှိသည်။

"အော်... ဒါလား။ ဘာမှမဟုတ်ပါဘူး။ အရင် ရက်ပိုင်းကတည်းက ရင်ထဲမှာ တစ်မျိုးကြီးဖြစ်ပြီး နည်းနည်း စိတ်အနှောင့်အယှက် ပေးနေရုံတင်ပါ"

အဘိုးအိုက ပြောရင်းနှင့် ပြင်းပြင်းထန်ထန် ထပ်မံချောင်းဆိုးလိုက်ပြန်ရာ သမားတော်လေး လျူကျန့်ကော်သည် ၎င်း၏ ချောင်းဆိုးသံအတွင်း ကွယ်ဝှက်နေသည့် မူမမှန်သော ရောဂါလက္ခဏာများကို အကဲခတ်နိုင်ရန် စိတ်အာရုံ စုစည်း၍ နားစွင့်လိုက်မိသည်။

"အဘိုး... ဒီမှာ ခဏလောက် စောင့်ပေးပါဦး"

အဘိုးအိုကောင်းဘက်က ငြင်းဆန်ခွင့်ပင် မရလိုက်ခင်မှာတင် လျူကျန့်ကော်သည် ဆေးခန်းထဲသို့ အလျင်အမြန် ဝင်သွားပြီး၊ မကြာမီမှာပင် ဆေးလုံးများ ထည့်ထားသည့် ဆေးထုပ်ကလေးတစ်ထုပ် ကိုင်ကာ ပြန်ထွက်လာခဲ့သည်။

"အဘိုး ဒီဆေးလေး သောက်လိုက်ပါ။ တကယ်လို့ ဒီအတိုင်းသာ ပစ်ထားမယ်ဆိုရင်တော့... အဘိုးရဲ့ ချောင်းဆိုးရောဂါက အချိန်တိုအတွင်းမှာ အများကြီး ပိုဆိုးသွားလိမ့်မယ်လို့ ကျွန်တော် စိုးရိမ်လို့ပါ"

အမှန်တကယ်တော့... သာမန်ထက် အဆပေါင်းများစွာ ပိုမိုပြင်းထန်ဆိုးရွားသွားပေလိမ့်မည်။

"ဟာကွာ..နေ နေ..”

အဘိုးအိုကောင်းက ခေါင်းကို အသည်းအသန်ခါရင်း လက်နှစ်ဖက်ကို ရှေ့သို့ ဆန့်ထုတ်ကာ ယမ်းခါပြလိုက်သည်။

"မင်းဆီကနေ ဒီလို အဖိုးတန် ဆေးဝါးတွေကို ငါ ဘယ်လိုနည်းနဲ့မှ အလကား မယူရဲပါဘူး"

အဘိုးအို၏ လေသံထဲတွင် တွန့်ဆုတ်တုံ့ဆိုင်းမှုများ စွဲကပ်နေခဲ့ပြီး၊ လျူကျန့်ကော်အနေဖြင့် ထိုတွန့်ဆုတ်မှု၏ အကြောင်းရင်း လျှို့ဝှက်ချက်ကို ကောင်းကောင်းကြီး ရိပ်မိပေသည်။

အဘယ်ကြောင့်ဆိုသော်... အဘိုးအိုကောင်းသည် သူ၏ ဆေးပညာအတတ်ပညာအပေါ် ယုံကြည်မှု မရှိသောကြောင့်ပင် ဖြစ်၏။

အဘိုးအိုသည် လျူကျန့်ကော်အပေါ် စိတ်ထားကြင်နာပြီး၊ သူ့တွင် ချီစွမ်းအင် မရှိတော့သည့်အချက်အပေါ် တစ်ကြိမ်တစ်ခါမျှ နှိမ်ချစော်ကားခြင်း မပြုခဲ့သည်မှာ မှန်ပေသည်။ သို့သော်လည်း လျူကျန့်ကော်အား ထူးချွန်ထက်မြက်သည့် သမားတော်ကောင်းတစ်ဦးပါဟု သတ်မှတ်ရန်အတွက်မူ တွန့်ဆုတ်နေဆဲဖြစ်သည်။ သူတို့နှစ်ဦး အချိန်အတော်ကြာအောင် ရင်းနှီးကျွမ်းဝင်ခဲ့ကြဖူးသော်လည်း၊ အဘိုးအိုကောင်းသည် လျူကျန့်ကော်၏ ဆေးခန်းလေးဆီသို့ လူနာတစ်ဦးအနေဖြင့် မည်သည့်အခါမျှ ခြေလှမ်းမလှည့်ခဲ့ဖူးချေ။

အမှန်အတိုင်း ဝန်ခံရလျှင် လျူကျန့်ကော်အနေဖြင့် အဘိုးအိုကောင်းကို အပြစ်မဆိုရက်‌ ပေ။။ အဘိုးအို၏ တွန့်ဆုတ်မှုမှာ လူတို့၏ သာမန် ဆင်ခြင်တုံတရား အတိုင်းသာ ဖြစ်ပျက်ခဲ့ခြင်း မဟုတ်ပါလော။

" ဒီဆေးလေးကို လက်ခံပေးပါ အဘိုးရာ"

လျူကျန့်ကော်က ပြောပြောဆိုဆိုဖြင့် ဆေးထုပ်ကို အဘိုးအို၏ လက်ဖဝါးထဲသို့ အတင်းအကျပ် ထည့်ပေးလိုက်သည်။

"ဒါကို အဘိုးပေးတဲ့ စားစရာတွေအတွက် ကျေးဇူးတုံ့ပြန်တာလို့ပဲ သတ်မှတ်ပေးပါ။ ကျွန်တော်တို့ သားအဖအပေါ်မှာ အဘိုးတို့ ဇနီးမောင်နှံရဲ့ကျေးဇူးကြွေးတွေ အများကြီး ရှိပါတယ်"

ထိုအခါမှသာ အဘိုးအိုကောင်းမှာ ဘာမှပြန်မပြောနိုင်ဘဲ ဆွံ့အသွားရတော့သည်။ လျူကျန့်ကော်ကတော့ တဖက်လှည့်ဖြင့် သူ့ဆေးကိုယူစေမည့်နည်းလမ်း အောင်မြင်သွားကြောင်း သိလိုက်သည်။ အဘိုးအို ယခင်က ကူညီပေးခဲ့ဖူးသည့် ကျေးဇူးများကို ပြန်ဆပ်သည့် ပုံစံမျိုးဖြင့် စကားလမ်းကြောင်း လွှဲလိုက်ခြင်းကြောင့်၊ အဘိုးအိုကောင်းအနေဖြင့် လျူကျန့်ကော်၏ မျက်နှာကို ထောက်ထားသောအားဖြင့် ဤဆေးကို မငြင်းသာဘဲ လက်ခံရတော့မည် ဖြစ်သည်။ အဘိုးအိုသည် ထိုမျှအထိ သူတစ်ပါးကို အားနာတတ်ပြီး စာနာတတ်သူတစ်ဦး ဖြစ်ကြောင်းသူကောင်းကောင်းသိသည်။

"အေးပါကွာ ..." အဘိုးအိုကောင်းက ခေါင်းညိတ်လျက် သက်ပြင်းချကာ ဆိုသည်။ "ငါ့ကျန်းမာရေးအတွက် ဒီလောက်အထိ စိတ်ပူပေးလို့ တကယ် ကျေးဇူးတင်ပါတယ် မောင်ရင်ရာ"

"ဒါက သမားတော်တစ်ယောက်ရဲ့ တာဝန်ပဲလေဗျာ..။ တစ်နေ့ကို ဘယ်နှစ်ကြိမ် သောက်ရမလဲဆိုတာ သေသေချာချာ မှတ်ထားနော် သောက်ပြီးရင်တော့ ခန္ဓာကိုယ်လည်း သက်သာလာမှာပါ"

သူကိုယ်တိုင် ဖော်စပ်ထားသည့် ဆေးဝါးများ၏ အစွမ်းအာနိသင်က အားကောင်းလှပေသည်။ သို့သော်လည်း အဘိုးအိုကောင်းအနေဖြင့် ဤဆေးလုံးများကို တကယ် သောက်မသောက် ဆိုသည်ကတော့ ၎င်း၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်ပေါ်တွင်သာ မူတည်ပေလိမ့်မည်။ လျူကျန့်ကော်အနေဖြင့် ရောဂါအခြေအနေ ပိုမိုဆိုးရွား မလာခင်မှာတင် အဘိုးအို ဤဆေးကို သောက်သုံးမိပါစေဟုသာ ရင်ထဲကနေ ဆုတောင်းနေမိတော့သည်။

ထိုအခိုက်အတန့်တွင်... သမားတော်ကြီး လျူကျန့်ကော်သည် သူ လက်ရှိပေးအပ်လိုက်သော ဆေးလုံးကလေးများက နောင်တစ်ချိန်တွင် မိမိတို့ သားအဖနှစ်ဦး၏ ကံကြမ္မာဇာတ်လမ်းနှင့် သားဖြစ်သူ လျူကျင်း၏ ဘဝအလှည့်အပြောင်းအပေါ် မည်မျှအထိ ကြီးမားသော သက်ရောက်မှုမျိုး ဖြစ်ပေါ်စေလိမ့်မည်ကို စိုးစဉ်းမျှ ကြိုတင်မြော်မြင်ထားခြင်း မရှိခဲ့ချေ။

All Chapters