← Chapters

အခန်း ၃၂.၂

Vol. 4 Ch. 32.2

အခန်း ၃၂.၂

Vol. 4 Ch. 32.2

ကြားဖြတ်အခန်း။ လျူကျန့်ကော်၏ အတိတ်နေ့ရက်များ..(အပိုင်း ၂)

" ကျေးဇူးတင်လိုက်တာ သမားတော်ကြီးရယ်!"ဟု သူ့ဆေးခန်းအား လာပြသော လူငယ်က ဝမ်းသာအားရ ထ ပြောသည်။

"ဟဲ့ ငါ နင့် ပြောသားပဲ မဟုတ်လား။ ဒီသူငယ်က ပါရမီရှင် သမားတော်ပါဆိုတာကို …အခုတော့ ယုံပြီမလား ဟားးးဟားးး"

အဘိုးအိုကောင်း၏ အာပေါင်ရင်းသန်သန် ရယ်မောသံကြီးက လျူကျန့်ကော်၏ ဆေးခန်းလေးထဲတွင် ပြည့်နှက်သွားသည်။ အဘိုးအိုသည် ခေါင်းကို နောက်သို့မော့ကာ သဘောကျစွာ ရယ်မောရင်း လျူကျန့်ကော်၏ ပခုံးကို အားရပါးရ ပုတ်လိုက်ရာ ၎င်း၏ ပူထွက်နေသော ဝမ်းဗိုက်ကြီးက ဝတ်ထားသည့် အင်္ကျီကြယ်သီးများ ပြုတ်ထွက်မတတ်ပင် ဖြစ်သွားသည်။

"အာ မဟုတ်တာဗျာ ၊ကျွန်တော့်အလုပ် ကျွန်တော်လုပ်တာပဲ …၊အထူးတလည် ကျေးဇူးတင်မနေပါနဲ့ဗျ" ဟုလျူကျန့်ကော်က ဆေးလာပြသူ လူငယ်အား ခပ်အေးအေးပြန်ပြောလိုက်သည်။

ထို့နောက် သူ့မိတ်ဆွေဖြစ်သူ အဘိုးအိုကောင်းဘက်သို့ လှည့်ကာ—

"အဘိုးကလည်း... ကျွန်တော့်ကို မြှောက်မနေပါနဲ့တော့" ဟု ဆိုလိုက်သည်။

“မြှောက်တယ် ဟုတ်လား..." အဘိုးအိုကောင်း၏ ရယ်သံကြီးက ဆေးခန်းအတွင်း တစ်ဖန် ပဲ့တင်ထပ်သွားပြန်သည်။

ထိုအခိုက်အတန့်တွင် လျူကျန့်ကော်အနေဖြင့် ဤမျှကျယ်လောင်လှသော ဆူညံသံများကြောင့် သားငယ် လျူကျင်းလေး နိုးလာမလားဟု ခဏမျှ စိုးရိမ်မိသွားသော်လည်း သူ့သားလေးကတော့ ထိုမျှလောက်သော ဆူညံသံများကို မမှုဘဲ ကောင်းကောင်းကြီး အိပ်ပျော်နေနိုင်ဆဲပင်ဖြစ်သည်။

"ဒီ မြို့စွန်ရပ်ကွက်တစ်ခုလုံးမှာ မောင်ရင်နဲ့ ယှဉ်နိုင်မယ့် သမားတော်မျိုး တစ်ယောက်မှ မရှိတာ အမှန်ပဲဥစ္စာ…"

အချိန်အနည်းငယ်အတွင်းမှာတင် အခြေအနေအရပ်ရပ်က ဤမျှအထိ ပြောင်းလဲသွားခဲ့ခြင်းမှာ အံ့ဩစရာ ကောင်းလွန်းလှပေသည်။

လျူကျန့်ကော် အဘိုးအိုကောင်းထံသို့ ထိုဆေးလုံးများကို အတင်းပေးခဲ့စဉ်က ဤမျှအထိ ကြီးမားသော ဂယက်ရိုက်ခတ်မှုမျိုး ဖြစ်လာလိမ့်မည်ဟု မတွေးတောခဲ့မိချေ။ သူသည် မိမိအပေါ် ကရုဏာတရား ထားရှိခဲ့ဖူးသူတစ်ဦးအား တတ်နိုင်သမျှ ကောင်းကျိုးပြုရန်သာ ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။ ထိုလုပ်ရပ်မှာ သူ့အတွက်တော့ အထူးတလည် စွမ်းအင်သုံးခဲ့ရခြင်းမျိုး လုံးဝမဟုတ်ပေ။ အကြောင်းမူ ထိုဆေးလုံးများသည် ကုန်ကျစရိတ် အလွန်သက်သာပြီး အလွယ်တကူ ဖော်စပ်နိုင်သော သာမာန် ဆေးလုံးများသာ ဖြစ်သောကြောင့်ပင် ဖြစ်သည်။ အတိတ်တစ်ချိန်က သူ ဖော်စပ်နိုင်ခဲ့ဖူးသော ကောင်းကင်ဘုံ ဆေး များနှင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါက ဤဆေးလုံးများမှာ အမှိုက်သရိုက် သက်သက်မျှသာ ဖြစ်ပေသည်။

အကယ်၍ အတိတ်တုန်းက လျူကျန့်ကော်သည် မိမိ၏ ဆရာသခင် (ဆရာကြီးကျန်း) ဆီသို့ ယခုကဲ့သို့သော စုတ်ပြတ်လှသည့် ဆေးဝါးမျိုးကို ယူဆောင်ပြသခဲ့မည်ဆိုပါက၊ စံနှုန်းမမီဘဲ ပေါ့ဆစွာ လုပ်ဆောင်ခဲ့မှုကြောင့် ဆရာဖြစ်သူက သူ့ကို ဂိုဏ်းတံခါးပြင်ပသို့ ချက်ချင်းပင် ရိုက်နှက်မောင်းထုတ်ခဲ့ပေလိမ့်မည်။

သို့သော်ငြားလည်း... ၎င်းက ဤဆေးလုံးများသည် အာနိသင်မရှိသည့် ဆေးညံ့များဟု ဆိုလိုခြင်းမျိုးတော့ လုံးဝမဟုတ်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် ထိုဆေးလုံးများသည် လျူကျန့်ကော် တွက်ချက်ထားသည့်အတိုင်းပင် ရောဂါဝေဒနာကို အမြစ်ပြတ်အောင် တိကျစွာ ကုသပေးနိုင်စွမ်း ရှိခဲ့ချေပြီ။

အဘိုးအိုကောင်းသည် ထိုဆေးလုံးများကို မည်သည့်အချိန်တွင် အတိအကျ သောက်သုံးခဲ့သလဲ ဆိုသည်ကိုကော၊ ချီစွမ်းအင်ကြောများ ပျက်စီးနေသည့် မသန်မစွမ်းတစ်ဦး ဖော်စပ်ထားသော ဆေးဝါးအပေါ် မည်သည့်အချက်က သူ့ကို ယုံကြည်သွားစေခဲ့သလဲ ဆိုသည်ကိုပါ လျူကျန့်ကော်တစ်ယောက် မသိရှိခဲ့ချေ။ သူ သိလိုက်ရသည်ကတော့... အဘိုးအိုထံ ဆေးလုံးများ ပေးအပ်ပြီး နှစ်ပတ်ခန့် ကြာမြင့်သောအခါတွင် အဘိုးအိုကောင်းသည် ဆေးခန်းသို့ ကိုယ်တိုင်ရောက်ရှိလာပြီး သူ့ကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်စကား ဆိုခဲ့ခြင်းပင် ဖြစ်သည်။

"ငါတို့နှစ်ယောက် ဆုံခွင့်ရတာ တကယ့်ကို ကံကောင်းတာပဲ မောင်ရင်ရာ"

အဘိုးအိုကောင်းက ဝမ်းသာအားရ ဆိုသည်။

"အဲဒီချောင်းဆိုးရောဂါက ငါ့ကို လနဲ့ချီပြီး ဒုက္ခပေးနေတာကွ..။ မကြာသေးခင်ကမှ ပိုဆိုးလာတာလေ။ အခုတော့ မောင်ရင့်ကျေးဇူးနဲ့ လုံးဝ ပျောက်သွားပြီ"

လျူကျန့်ကော်ကတော့ အကယ်၍ အဘိုးအိုသာ ဤဆေးလုံးများကို မသောက်ခဲ့ပါက ၎င်း၏ရောဂါမှာ ယခုထက် အဆပေါင်းများစွာ ပိုဆိုးသွားနိုင်သည်ဟူသောအချက်ကို ထုတ်မပြောဘဲ မြိုသိပ်ထားလိုက်သည်။ အဆုတ်နှင့် ပတ်သက်သော ဝေဒနာများသည် ကုသရန် အလွန်လက်ဝင်လှပြီး ရောဂါရင့်သွားပါက ပို၍ပင် ဆိုးတတ်သောကြောင့် ဖြစ်၏။

မည်သို့ပင်ဆိုစေကာမူ သူအချိန်မီ အဘိုးအိုကောင်းနှင့် ဆုံတွေ့ခွင့်ရခဲ့ခြင်းမှာ အလွန်ပင် ကံကောင်းလှပေသည်။

လျူကျန့်ကော်သည် မိမိအား ဤမျှအထိ ကြီးကြီးကျယ်ကျယ် ကျေးဇူးတင်မနေရန် အဘိုးအိုကို နားဝင်အောင် ပြောဖူးသည်။ အမှန်အတိုင်းပြောရလျှင် သူသည် လူအများ၏ အာရုံစိုက်မှုကို လုံးဝမလိုလားချေ။ ဤကဲ့သို့သော အခြေခံဆေးဝါးလေးတစ်ခု ဖော်စပ်ပေးရုံမျှဖြင့် လူတကာ၏ ချီးမွမ်းခန်းကို ခံနေရခြင်းက သူ့အတွက် အလွန်ပင် အားနာစရာ ဖြစ်နေသောကြောင့်ပင် ဖြစ်သည်။

သို့သော်ငြားလည်း အဘိုးအိုကောင်းမှာမူ ဤမျှဖြင့်တင် ကိစ္စရပ်များကို ရပ်တန့်ပစ်ရန် စိတ်ကူး လုံးဝမရှိခဲ့ချေ။ အတိတ်တုန်းကတော့ သူသည် လျူကျန့်ကော်တို့ သားအဖအပေါ် ဖြူစင်သော စေတနာသက်သက်ဖြင့်သာ ကူညီဖေးမခဲ့ခြင်း ဖြစ်သော်လည်း၊ ယခုအခါ လျူကျန့်ကော်သည် ထူးချွန်ထက်မြက်သည့် ဆေးပညာအတတ်ပညာများ ရှိနေကြောင်း သိရှိသွားရပြီးနောက်တွင် ဆေးခန်း၏ ပုံမှန်လူနာစစ်စစ် ဖြစ်လာခဲ့သည့်အပြင်၊ မိမိ၏ မိသားစုဝင်အားလုံးကိုပါ ၎င်းထံသို့ ခေါ်ဆောင်၍ ဆေးကုသမှု ခံယူစေခဲ့တော့သည်။

ပတ်ဝန်းကျင်ရှိ သိုင်းလောကသားအချို့က အဘိုးအိုကောင်းအနေဖြင့် မသန်မစွမ်း သမားတော်တစ်ဦး၏ အကူအညီအပေါ် စည်းကပ်ယုံကြည်နေခြင်းအား လှောင်ပြောင်ကဲ့ရဲ့ကြသော်လည်း၊ အဘိုးအိုကတော့ ထိုအချက်များကို စိုးစဉ်းမျှ ဂရုမစိုက်ခဲ့ချေ။ အမှန်တကယ်လည်း အဘိုးအို၏ ဆုံးဖြတ်ချက်က မှန်ကန်ကြောင်း သက်သေပြခဲ့ချေပြီ။ အကြောင်းမူ သမားတော်ကြီး လျူကျန့်ကော်သည် မိမိထံသို့ ယူဆောင်လာသမျှသော မည်သည့် ပြင်းထန်ဆိုးရွားသည့် ရောဂါဝေဒနာမျိုးကိုမဆို အမြဲတမ်း အလွယ်တကူ အမြစ်ပြတ် ချေမှုန်းကုသပေးနိုင်စွမ်း ရှိခဲ့သောကြောင့်ပင် ဖြစ်သည်။

ထိုအချိန်မှစ၍ အဘိုးအိုကောင်းသည် သူ့စကားကို နားထောင်လိုသူမှန်သမျှအပေါ် လျူကျန့်ကော်၏ ဆေးပညာအစွမ်းများကို အားရပါးရ လိုက်လံညွှန်းဆို ကြော်ငြာပေးလေတော့သည်။

နောက်ပိုင်းတွင်မှ သိရှိရသည်မှာ အဘိုးအိုကောင်းတွင် အလွန်ပင် ကျယ်ပြန့်လှသော မိတ်ဆွေအသိုင်းအဝိုင်းကွန်ရက် ကြီးမားစွာ ရှိနေခဲ့ချေပြီ။ လျူကျန့်ကော်အပေါ် မိတ်ဆွေစစ်အဖြစ် သံယောဇဉ်တွဲခဲ့သည့် ၎င်း၏ ဖြူစင်လှသော ကိုယ်ကျင့်တရား စရိုက်လက္ခဏာရပ်များကြောင့်ပင် ဤ 'အရှေ့ဘက် ဆိပ်ကမ်းမြို့တော်' တစ်ခုလုံးရှိ လူပေါင်း မရေမတွက်နိုင်အောင်ကိုလည်း မိတ်ဆွေများအဖြစ် သိမ်းပိုက်ထားနိုင်ခဲ့ခြင်း ဖြစ်သည်။ အဘိုးအိုကောင်းသည် သူ့စကားကို နားထောင်လိုသူမှန်သမျှနှင့် ရင်းနှီးစွာ စကားစမြည် ပြောဆိုတတ်ပြီး၊ အကျပ်အတည်းဖြစ်နေသူ မည်သူ့ကိုမဆို ကူညီဖေးမရန်အတွက်လည်း အမြဲတမ်း အသင့်ရှိနေတတ်သူ ဖြစ်၏။ ကြည့်ရသည်မှာ ဤမြို့တော်ကြီးအတွင်း ၎င်းအား မုန်းတီးစက်ဆုပ်သူဟူ၍ တစ်ဦးတစ်ယောက်မျှပင် ရှိမနေခဲ့သည့်အလားပင် ဖြစ်သည်။

အထူးတလည် ပြောနေစရာပင်မလိုဘဲ... သမားတော်ကြီး လျူကျန့်ကော်ထံသို့ လာရောက်ကုသကြသော လူနာဦးရေမှာလည်း တစ်ဟုန်ထိုး တိုးတက်များပြားလာခဲ့ချေပြီ။ တစ်ပတ်လျှင် လူနာ လက်တစ်ဆုပ်စာမျှပင် မရှိခဲ့သော သူ၏ ဆေးခန်းငယ်လေးသည် ယခုအခါတွင်မူ နေ့စဉ်နှင့်အမျှ လူနာသစ်များဖြင့် စည်ကားသိုက်မြိုက်လာခဲ့တော့သည်။

တစ်ခါတရံတွင် လူနာများသည် နေထွက်သည့် နံနက်ခင်းအချိန်၌ ရောက်ရှိလာတတ်ကြသည်။ တစ်ခါတရံတွင်မူ... ချီစွမ်းအင်ကြောများ ပျက်စီးနေသည့် မသန်မစွမ်းတစ်ဦးထံတွင် ဆေးကုသမှု ခံယူနေသည်ကို သူတစ်ပါး မြင်တွေ့သွားမည်ကို စိုးရိမ်ပူပန်ကြသဖြင့်၊ ကောင်းကင်ယံ မှောင်မိုက်သွားသည့် ညဉ့်နက်သန်းခေါင်အချိန်ကျမှသာ လူမသိသူမသိ လျှို့ဝှက်စွာ ရောက်ရှိလာတတ်ကြရှာသည်။ ၎င်းတို့ ယူဆောင်လာသော ရောဂါဝေဒနာအချို့မှာ သာမန်ကာလျှံကာများ ဖြစ်ကြသော်လည်း၊ အချို့သော ဝေဒနာများမှာမူ ဆေးပညာရှင်ပီပီ နက်နက်ရှိုင်းရှိုင်း တွေးတောဆင်ခြင်ပြီးမှသာ ဖော်စပ်ကုသရမည့် ပြင်းထန်သော ရောဂါဆန်းများ ဖြစ်ကြသည်။

မည်သို့ပင်ဆိုစေကာမူ... သမားတော်ကြီး လျူကျန့်ကော်၏ နက်နဲလှသော ဆေးပညာ ကျွမ်းကျင်မှုရှေ့မှောက်တွင် မဖြေရှင်းနိုင်သည့် ရောဂါဟူ၍ လုံးဝမရှိခဲ့ချေ။ ဤအချက်သည် လူနာများပြားလာလေလေ ပိုမိုထင်ရှားပေါ်လွင်လာလေလေ ဖြစ်ပေသည်။ သူ၏ ဆေးကုသမှု အောင်မြင်မှု သတင်းစကားများက လူထုကြားထဲတွင် တစ်ဆင့်စကား တစ်ဆင့်နားဖြင့် တောမီးပမာ ပြန့်နှံ့သွားခဲ့ပြီးနောက်တွင်မူ၊ ယခုအခါ လျူကျန့်ကော်၏ ဆေးခန်းလေးသည် ကျန်းမာ စည်ပင်သော လုပ်ငန်းတစ်ခုအဖြစ် အခြေခိုင်သွားခဲ့ချေပြီ။ မြို့တော်၏ ထိပ်သီး သမားတော်ကြီးများနှင့် နှိုင်းယှဉ်ပါက များပြားလှသည်မဟုတ်သော်လည်း၊ သူနှင့် သားငယ် လျူကျင်းလေးတို့ သားအဖနှစ်ဦး တစ်ဘဝလုံး အေးချမ်းစွာ ရပ်တည်ရှင်သန်နိုင်ရန်အတွက်မူ အလုံအလောက်ထက်ပင် ပိုမိုဖူလုံလှပေသည်။

ယခုအချိန်တွင်တော့... ပတ်ဝန်းကျင်ရှိ မနာလိုသူများအနေဖြင့် သူ့ထံ၌ အဖိုးတန်ငွေကြေးများ မည်သည့်နေရာမှ ဝင်နေသလဲဟူသောအချက်ကို သံသယဝင်ကာ လိုက်လံစုံစမ်းနေကြစရာ အကြောင်း လုံးဝမရှိတော့ပေ။

"ကျွန်တော်လည်း အဘိုးကောင်းပြောတာကို အပြည့်အဝ ထောက်ခံပါတယ်..တကယ်လို့သာ... သမားတော်ကြီးနဲ့ မဆုံခဲ့ရင် မနက်ဖြန် သိုင်းပြိုင်ပွဲမှာ ကျွန်တော် အသက်ပါ ပျောက်သွားနိုင်တဲ့အထိ အန္တရာယ်ကြီးမှာ သေချာတယ်ဗျာ"

ယခုတစ်ကြိမ်တွင် အဘိုးအိုကောင်း ခေါ်လာသည့် လူနာသစ်မှာ သူ့ပရိဘောဂဆိုင်လေးသို့ ခဏခဏ လာတတ်သော ‘ရှောင်ဂိုဏ်း’ က တပည့်တစ်ဦးဖြစ်သည်။ ထိုသူသည် ဂိုဏ်းတူချင်း သိုင်းကွက် လေ့ကျင့်စမ်းသပ်စဉ် ဒဏ်ရာရခဲ့ခြင်းဖြစ်ပြီး၊ ဤဒဏ်ရာကို အခြားဂိုဏ်းသားများ မသိစေရန် လျှို့ဝှက်ထားချင်နေခြင်း ဖြစ်၏။

လျူကျန့်ကော်အတွက်တော့ ဤသည်မှာ အလွန်ပင် သဘာဝကျလှသည်။ မည်သည့်မြို့၊ မည်သည့် တိုင်းနိုင်ငံမှာပဲဖြစ်စေ သိုင်းလောက၏ နိယာမဟူသည် အတူတူပင် မဟုတ်ပါလော။ ဂိုဏ်းသားများဟူသည် ထိပ်သီးအဆင့်သို့ တက်လှမ်းနိုင်ရန်အတွက် အချင်းချင်း အမြဲတမ်း တိုက်ခိုက်ယှဉ်ပြိုင်နေကြရသူများသာ ဖြစ်သည်။

‘အပြင်စည်းတပည့်’ မှသည် ‘အတွင်းစည်းတပည့်’၊ ထိုမှတစ်ဆင့် ‘ဂိုဏ်းမွေခံ တပည့် အထိ... ဂိုဏ်းအလိုက် အဆင့်အတန်း အခေါ်အဝေါ်များ ကွဲပြားနိုင်သော်လည်း ၎င်းတို့အားလုံး၏ နောက်ဆုံးရည်မှန်းချက်ကတော့ ဂိုဏ်းအတွင်း၌ အခွင့်ထူးခံ ရာထူးနှင့် အာဏာကို ရယူနိုင်ရန်အတွက်သာ ဖြစ်ပေသည်။

"အရင် ရက်ပိုင်းက ကျွန်တော် တခြားအတွင်းစည်းတပည့်တစ်ယောက်နဲ့ သိုင်းပြိုင်တုန်းက နိုင်တော့နိုင်ခဲ့တယ်၊ ဒါပေမဲ့ ဒီလို ဒဏ်ရာအပြင်းအထန် ရသွားတာပဲဗျာ "

ထိုဂိုဏ်းသားက ယခုအခါ လုံးဝပျောက်ကင်းသွားပြီဖြစ်သော သူ့လက်မောင်းကို အံ့ဩမှင်သက်စွာ ပွတ်သပ်ရင်း ဆိုသည်။ သူ၏ မျက်နှာသွင်ပြင်က သာမန်မျှသာဖြစ်ပြီး လူတကာကြားထဲ မေ့ပျောက်လွယ်လှသော်လည်း ထူးထူးခြားခြား ကြီးမားသော နှာခေါင်းကြီးတစ်ခုတော့ ရှိနေသည်။

"ဒါပေမယ် ဒီဒဏ်ရာကို ကျွန်တော့်ဘက်က အားနည်းချက်အဖြစ် လူသိမခံနိုင်ဘူးလေ။ ရထားတဲ့ဒဏ်ရာကလည်း ထင်သလောက် မြန်မြန်မသက်သာဘူး ဖြစ်နေတာ။ တကယ်လို့ ကျွန်တော်သာ ဂိုဏ်းထဲက သမားတော်တွေဆီ သွားပြရင် အခြားသူတွေ ချက်ချင်း ရိပ်မိသွားကြမှာပေါ့။ အခုလို ဆရာကြီးရဲ့ ဆေးပညာအကူအညီ မရခဲ့ရင်တော့... ကျွန်တော် တကယ့်ကို ဒုက္ခလှလှတွေ့မှာ သေချာတယ်ဗျာ"

မိမိ၏ ဂိုဏ်းတူညီအစ်ကိုများအပေါ်၌ပင် ယုံကြည်ကိုးစားခွင့် မရှိခြင်း...။ အချို့သော လူနုံများကတော့ ဤအချက်ကို ကြည့်ပြီး ဝမ်းနည်းစရာ ကောင်းလှသည်ဟု တွေးတောမိကြပေလိမ့်မည်။ သို့သော် လျူကျန့်ကော်၏ အမြင်တွင်မူ ဤသည်မှာ ထိုလူငယ်၌ ပါရမီရှင်တစ်ဦး ဖြစ်လာနိုင်မည့် အလားအလာ ခွန်အားများ ရှိနေကြောင်း ပြသနေသည့် သက်သေတစ်ခုသာ ဖြစ်ပေသည်။ အကယ်၍ သူသည် အခြားဂိုဏ်းသားများ၏ ချုံခိုတိုက်ခိုက် ပစ်မှတ်ထားခြင်းကို ကြောက်ရွံ့နေရသည်ဆိုပါက၊ ၎င်းမှာ သူ၏ အစွမ်းသတ္တိများက အခြားသူများအတွက် ကြီးမားသော ခြိမ်းခြောက်မှုတစ်ခု ဖြစ်နေသောကြောင့်ပင် ဖြစ်လိမ့်မည်။

သို့သော်လည်း စိတ်မကောင်းစရာတစ်ခုကတော့... သူသည် မိမိ၏ ဒဏ်ရာကို ကုသရန်အတွက် သူ့လိုမျိုး သိုင်းလောကအပြင်ပက မသန်မစွမ်း သမားတော်တစ်ဦးထံအထိ လျှို့ဝှက်လာရောက် အားကိုးနေရသည်ကို ထောက်ဆရလျှင်၊ ထိုလူငယ်သည် ရှောင်ဂိုဏ်းအတွင်း၌ အားကိုးအားထားပြုရမည့် နောက်ခံမိတ်ဆွေ အသိုင်းအဝိုင်း ခိုင်ခိုင်မာမာ မရှိသေးကြောင်း ထင်ရှားလှပေသည်။ အင်မတန် ရင်နာစရာ ကောင်းလှပေသည်။ သူ့လိုလူမျိုးသည် သိုင်းလောကထဲတွင် မှန်ကန်သော မိတ်ဆွေစစ်များကို အချိန်မီ ရှာဖွေမထားနိုင်ပါက၊ ရေရှည်တွင် အသက်ရှင်သန်နိုင်ရန် မည်သို့မျှ မလွယ်ကူနိုင်ချေ။ ဤသည်မှာ သိုင်းလောက၏ ရှင်သန်ခြင်း နိယာမအတိုင်း ဖြစ်ပျက်နေကျ ကိစ္စရပ်တစ်ခုသာ ဖြစ်တော့သည်။

သမားတော်ကြီး လျူကျန့်ကော်၏ ရင်တွင်းမှ နက်နဲလှသော အတွေးများကို စိုးစဉ်းမျှ ရိပ်မိခြင်းမရှိရှာသော ထိုဂိုဏ်းသားလူငယ်ကတော့ အားရပါးရ အော်ဟစ်ရယ်မောလိုက်ရင်း ဆက်ပြောသည်။

"မကြာခင်မှာ အရေးကြီးတဲ့ သိုင်းပြိုင်ပွဲရှိနေတော့ ကျွန်တော် တော်တော်လေး စိုးရိမ်နေတာဗျ။ ဒါပေမဲ့ အခုတော့ ဘာမှ ပူစရာမလိုတော့ဘူး။ ဆရာကြီးလျူကျန့်ကော်... ဆရာကြီး အခုကူညီပေးလိုက်တဲ့သူက တစ်နေ့နေ့ကျရင် 'ရှောင်ဂိုဏ်း' ရဲ့ ထိပ်သီး 'အမွေခံ တပည့်' ဖြစ်လာမယ့်သူ ဖြစ်နိုင်တယ်နော်!"

လျူကျန့်ကော်ကတော့ ဤလူငယ်လေးအနေဖြင့် ထိုမျှအထိ မြင့်မားသောအဆင့်သို့ တက်လှမ်းနိုင်ပါ့မလားဟု စိတ်ထဲက သံသယဝင်မိသော်လည်း ဘာမှ ထုတ်မပြောခဲ့ပေ။ အဘိုးအိုကောင်းကတော့ ထိုစကားကို ကြားပြီး သဘောကျစွာ ခပ်ဟဟ ရယ်မောလိုက်လေသည်။

"ဒါဆိုရင်လည်း အဆင့်တက်သွားတဲ့အခါ ဆရာလေးကို ကျေးဇူးတင်ဖို့ မမေ့နဲ့ဦး ဟုတ်ပြီလား။ ပြင်ပရပ်ကွက်မှာ ဂိုဏ်းထဲက သမားတော်တွေထက်မက တော်တဲ့ သမားတော်တစ်ပါးရှိနေတယ်ဆိုတာကို လူတိုင်းသိအောင် လိုက်ပြောပေးလိုက်ဦး"

"ဟာ …ကျေးဇူးပြုပီး အဲဒီလိုမျိုး လျှောက်မပြောပါနဲ့ဗျာ။ ကျွန်တော်ကတော့ ကိုယ့်ခေါင်းလေး ကိုယ့်ပခုံးပေါ်မှာပဲ မြဲနေတာကို ပိုသဘောကျလို့ပါ" လျူကျန့်ကော်က ခေါင်းခါရင်း တားလိုက်ရသည်။

ထိုကဲ့သို့သော အမွှမ်းတင် ကြွားဝါမှုမျိုးသည် သူ့အတွက် မလိုလားအပ်သော ဘေးဒုက္ခများကိုသာ ဖိတ်ခေါ်ရာ ရောက်ပေလိမ့်မည်။ လျူကျန့်ကော်သည် သိုင်းလောကသားတို့၏ မိုက်မဲလှသော မာနတရား ကြောင့် ကိစ္စရပ်အသေးအမွှားလေးများမှသည် ကြီးမားသော သွေးမြေကျပဋိပက္ခများအထိ မလိုအပ်ဘဲ ကူးစက်တတ်သည်ကို ကောင်းကောင်းကြီး သိရှိနားလည်ထားသည်။ စင်စစ်တော့ ယခုအချိန်တွင် သူ့၌ ချီ ချီစွမ်းအင်လှိုင်း ဟူ၍ လုံးဝရှိမနေတော့သဖြင့် ထိုကဲ့သို့သော သေဘေးအန္တရာယ်မျိုးကို သူ မည်သို့မျှ မစွန့်စားနိုင်ချေ။

သို့သော် အဘိုးအိုကောင်းနှင့် ရှောင်ဂိုဏ်းမှ လူငယ်လေးတို့ကမူ သမားတော်ကြီး လျူကျန့်ကော်က ဟာသစကား ပြောနေသည်ဟု ထင်မှတ်ကာ အားရပါးရ ထပ်မံရယ်မောလိုက်ကြပြန်သည်။

"ကောင်းပါပြီ... ဆရာကြီးလျူ။ ဆရာကြီးအတွက် ဒုက္ခမဖြစ်စေရပါဘူး။ ဒါပေမဲ့ နောက်တစ်ကြိမ် ကျွန်တော် ဒဏ်ရာရရင်တော့ ဆရာကြီးဆီပဲ သေချာပေါက် ပြန်လာခဲ့မှာနော်" ရှောင်ဂိုဏ်းသားလူငယ်က ပြုံးစစဖြင့် ဆိုသည်။

"ငါကတော့ အဲဒီလိုမျိုး မဖြစ်လာဖို့ပဲ မျှော်လင့်ပါတယ်" လျူကျန့်ကော်က သက်ပြင်းခပ်ဖွဖွချရင်း ပြောလိုက်သည်။

"ငါက သမားတော်တစ်ယောက်လေ။ မင်း ငါ့ဆီ နောက်တစ်ခေါက် ရောက်လာတယ်ဆိုရင် အဲဒါ ဒဏ်ရာရလို့ ဒါမှမဟုတ် နေမကောင်းလို့ပဲ ဖြစ်မှာပေါ့။ ဒါက ငါ့ဆေးသေတ္တာထဲ ဝင်ငွေတိုးဖို့ ကောင်းတယ်ဆိုပေမဲ့ မင်းကျန်းမာရေးအတွက်တော့ သိပ်ဆိုးတာပေါ့။ ဖြစ်နိုင်ရင်တော့... မင်းနဲ့ ငါနဲ့ ဒီဘဝမှာ ဆေးကုဖို့အတွက် နောက်တစ်ခါ ထပ်မဆုံရတာကပဲ အကောင်းဆုံးပါ"

"ဟားဟားဟား!"

အဘိုးအိုကောင်းက သဘောကျလွန်းသဖြင့် သူ့ဒူးသူပြန်ပုတ်ကာ မျက်လုံးထောင့်မှ အရီသန်သဖြင့် ထွက်ကျလာသည့် မျက်ရည်စများကိုသုတ်ရင်း ဆိုသည်။

“အိုးဟိုး... မောင်ရင်ရာ! မင်းကတော့ တကယ့်ကို ရှားမှရှားတဲ့ ဆေးဆရာပဲကွ"

လျူကျန့်ကော်သည် ဤစကားလုံးများမှာလည်း ဟာသအဖြစ် ပြောဆိုခဲ့ခြင်းမျိုး လုံးဝမဟုတ်ပါကြောင်း ၎င်းအား ထပ်မံရှင်းပြရန် စဉ်းစားမိသော်လည်း၊ နောက်ဆုံးတွင်တော့ ဘာမှ ဆက်မပြောဘဲ မြိုသိပ်ထားလိုက်တော့သည်။

မည်သို့ပင်ဆိုစေကာမူ... သူ့ဆေးခန်းလေး ဤမျှအထိ လူသိများလာပြီး စည်ကားလာခဲ့ခြင်းမှာ အဘိုးအိုကောင်း၏ ကျေးဇူးတရားကြောင့် ဖြစ်သည့်အပြင်၊ လူ့လောကတွင် ရယ်မောခြင်းဟူသည်မှာလည်း မည်သည့် အဖိုးအခမှ ပေးချေရန် မလိုအပ်သောကြောင့်ပင် ဖြစ်တော့သည်။

သမားတော် လျူကျန့်ကော်က မျက်ခုံးတစ်ချက် ပင့်လိုက်ရင်း—

"ဟင် …မင်း နောက်တစ်ခါ ဒဏ်ရာရလာပြန်ပြီလား..."

"ဟုတ်တယ် ဆရာကြီးရာ။ သိုင်းလောကရဲ့ သဘာဝအကြောင်းကို ဆရာကြီးလည်း သိပြီးသားဖြစ်မှာပါ။ အာ... မဟုတ်သေးပါဘူး၊ ဆရာကြီးက သမားတော်တစ်ယောက်ဆိုတော့ ဒီလို သွေးထွက်သံယို ဖြစ်ရတဲ့ ကိစ္စတွေအကြောင်း သိပ်ပြီး နားလည်ချင်မှ လည်မှာပေါ့။ ဒါပေမဲ့ ကျွန်တော် ပြောတာယုံ.... ဒါမျိုးက သိုင်းလောကမှာ အမြဲလိုလို ဖြစ်ပျက်နေကျ ရိုးရိုးသာမန် အကြောင်းအရာတစ်ခုပါပဲ" ရှောင်ဂိုဏ်းသားလူငယ်က ခပ်ရဲရဲပင် ပြန်ပြောလိုက်သည်။

ထိုဂိုဏ်းသားလူငယ်က မိမိဘာသာ ခပ်ဟဟ ရယ်မောနေစဉ်အတွင်း လျူကျန့်ကော်က ထိုလူငယ်၏ ရင်ဘတ်တစ်ခုလုံးကို ဆေးပတ်တီးဖြင့် သေသေချာချာ အနုစိတ် စည်းနှောင်ပေးနေခဲ့သည်။ စင်စစ်မူထိုလူငယ် ပြောဆိုနေသည့် သိုင်းလောက၏ လှည့်ကွက် ဇာတ်လမ်းများအကြောင်းကို လျူကျန့်ကော်သည် ၎င်းထက်မက အဆပေါင်းများစွာ ပိုမိုနက်ရှိုင်းစွာ သိရှိနားလည်ထားပြီးသား ဖြစ်ပေသည်။

အဘိုးအိုကောင်းက ‘ရှောင်ဂိုဏ်း’ မှ ဤလူငယ်ကို သူ့ထံသို့ စတင်ခေါ်ဆောင်လာခဲ့သည်မှာ လအနည်းငယ်ခန့် ရှိခဲ့ပြီ ဖြစ်သည်။ ထိုနေ့မှစ၍ ဤလူငယ်သည် ဒဏ်ရာအပြင်းအထန် ရရှိသည့်အခါတိုင်း ဆေးခန်းသို့ လျှို့ဝှက်လာရောက်ပြသလေ့ရှိသော ပုံမှန်လူနာတစ်ဦး ဖြစ်လာခဲ့ချေပြီ။

"ဒီလိုဗျ ဆရာကြီး... ကျွန်တော်နဲ့ ကျွန်တော့်ဂိုဏ်းတူ ညီအကို တွေက သာမန်မျိုးနွယ်စုအသေးလေးတစ်ခုနဲ့ နည်းနည်း အခြေအတင် ဖြစ်ခဲ့ကြတာ။ အစကတော့ ဒါက အလွယ်တကူ ရှင်းလို့ရမယ့် ကိစ္စအသေးအမွှားလေးလို့ ထင်ခဲ့ပေမဲ့ နောက်ပိုင်းကျမှ အဲဒီမျိုးနွယ်စုက ‘ယွန်းဂိုဏ်း’ ရဲ့ လက်အောက်ခံဖြစ်တဲ့ နာမည်ကြီး သိုင်းကျောင်းတော်တစ်ခုက လူတွေနဲ့ ပတ်သက်နေမှန်း သိလိုက်ရတော့... အဲဒါနဲ့ပဲ..."

"ကိစ္စတွေက မလိုအပ်ဘဲ ပိုပြီး ကြီးသွားတာပေါ့" လျူကျန့်ကော်က ကြားဖြတ်၍ ဆိုလိုက်သည်။

"မှန်ပါတယ် ဆရာကြီး..."

ထိုဂိုဏ်းသားလူငယ်က လေးနက်စွာဖြင့် ခေါင်းညိတ်ပြသည်။

"နောက်ဆုံးမှာတော့ အချင်းချင်း မျက်နှာပျက်စရာမလိုဘဲ ကိစ္စတွေကို အဆင်ပြေအောင် ဖြေရှင်းနိုင်ခဲ့ကြတယ်ဆိုပေမဲ့ တကယ့်ကို သွေးထွက်သံယိုဖြစ်ပြီး ရက်စက်ကြမ်းကြုတ်တဲ့ ပွဲတစ်ပွဲ ဖြစ်ခဲ့ရတာပါပဲ"

လျူကျန့်ကော် ယခင်က တွက်ချက်ထားခဲ့သည့် ဟောကိန်းများနှင့် ဆန့်ကျင်ဘက်အနေဖြင့်၊ ထိုလူငယ်သည် ရှောင်ဂိုဏ်းအတွင်း၌ အခြေအနေ တော်တော်လေး ကောင်းမွန်နေပြီး အောင်မြင်မှု လမ်းစများ ပွင့်လန်းနေပုံရသည်။ သူသည် ဂိုဏ်းအတွင်း၌ မှန်ကန်သော မိတ်ဆွေကောင်း အသိုင်းအဝိုင်းကို ကိုယ်တိုင် ရှာဖွေနိုင်ခဲ့ခြင်း သို့မဟုတ် ထိုမိတ်ဆွေကောင်းများကပဲ သူ့ထံသို့ အလိုလို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာခဲ့ကြခြင်း ဖြစ်ပေလိမ့်မည်။ သူသည် ယခုတိုင် ‘အတွင်းစည်းတပည့်’ အဆင့်မှာသာ ရှိသေးသော်လည်း၊ ရှောင်ဂိုဏ်းအတွင်းရှိ သူ၏ အဆင့်အတန်းနှင့် အာဏာစက်ကတော့ အခိုင်အမာ တည်ငြိမ်သွားခဲ့ချေပြီ။ အကြောင်းမူ ယခုနောက်ပိုင်းတွင် သူသည် မိမိ၏ ဂိုဏ်းတူညီအစ်ကိုများနှင့် ဖြစ်ပွားခဲ့သော အတွင်းစည်း အားပြိုင်မှု ဒဏ်ရာများကြောင့် ဆေးခန်းသို့ ရောက်ရှိလာခြင်းမျိုး လုံးဝမရှိတော့သောကြောင့်ပင် ဖြစ်သည်။

ယခုအခါ... သူ ရောက်ရှိလာရခြင်းမှာ အခြားသော ပြင်ပသိုင်းမျိုးနွယ်စုများနှင့် အခြားသော သိုင်းဂိုဏ်းကြီးများ ကြား ဖြစ်ပွားခဲ့သည့် သိုင်းလောက၏ ပြင်ပပဋိပက္ခ ဒဏ်ရာများကြောင့်သာ ဖြစ်တော့သည်။

"မင်း အသက်ဘေးက လွတ်လာတာကိုပဲ ငါ ဝမ်းသာပါတယ်" လျူကျန့်ကော်က ပွင့်ပွင့်လင်းလင်းပင် ဆိုလိုက်သည်။

"ဒါပေမဲ့ ငါ သတိထားမိတာတစ်ခုကတော့... မင်း ငါ့ဆီမှာ ဆေးလာကုဖို့ ဆက်ပြီး လိုအပ်တော့မယ် မဟုတ်ဘူး။ ‘ရှောင်ဂိုဏ်း’ ထဲမှာလည်း ငါ့ထက်အများကြီး ပိုတော်တဲ့ ပါရမီရှင် သမားတော်ကြီးတွေ အများကြီး ရှိနေမှာပဲလေ"

ထိုရှောင်ဂိုဏ်းသား၏ အဆင့်အတန်းသည် ဂိုဏ်းထဲတွင် နေရာအတည်တကျမရှိ မရေမရာဖြစ်နေစဉ်တုန်းကတော့ သူ့ဒဏ်ရာတွေကို အခြားသူများမသိအောင် လျှို့ဝှက်ထားခြင်းက သဘာဝကျသော်လည်း ယခုမူ ထိုသို့လုပ်ဆောင်ရန် အကြောင်းမရှိတော့ပေ။ လျူကျန့်ကော်သည် မိမိဆေးပတ်တီး စည်းပေးနေသော ဤဂိုဏ်းသားလူငယ်တွင် ရန်သူဟူ၍ မရှိတော့ဘူးဟု ထင်မှတ်လောက်အောင်အထိ မိုက်မဲသူ မဟုတ်။ ထိုသို့ဖြစ်ဖို့ရန်မှာ ဘယ်လိုမှ မဖြစ်နိုင်သော်လည်း ယခုအချိန်တွင် ဂိုဏ်းအတွင်း၌ သူ၏ ရာထူးအခြေအနေက အခိုင်အမာ လုံခြုံနေပြီဖြစ်သဖြင့် သူ့ထံ လာမည့်အစား ဂိုဏ်း၏ တရားဝင် သမားတော်ကြီးများထံသို့သာ သွားရောက်ပြသသင့်ပေသည်။

"ဆရာကြီးလျူ... အဲဒီလိုမျိုး ဘယ်တော့မှ မပြောပါနဲ့ဗျာ။ ကျွန်တော် ဂိုဏ်းထဲက တခြားသမားတော်တွေရဲ့ ပညာကို ကောင်းကောင်းသိပါတယ်။ သူတို့တွေက ဆရာကြီးနဲ့ ယှဉ်ဖို့မပြောနဲ့... ခြေဖျားတောင် မမှီနိုင်ကြပါဘူး။ အမှန်အတိုင်း ပြောရရင်တော့ လက်ရှိ ရှောင်ဂိုဏ်းထဲမှာ ကျွန်တော့်အဆင့်အတန်း ဒီလောက်အထိ တက်လာတာဟာ ဆရာကြီးရဲ့ ဆေးပညာကြောင့် ဒဏ်ရာတွေ တခြားသူတွေထက် အများကြီး ပိုမြန်မြန် ပျောက်ခဲ့လို့ပဲဆိုတာ ရဲရဲကြီး ပြောရဲပါတယ်ဗျာ"

"မင်း ငါ့ကို အဲဒီလောက်ကြီး အမွှမ်းမတင်ပါနဲ့ဦး..."

"ကျွန်တော် လုံးဝ လိမ်ပြောနေတာ မဟုတ်ပါဘူး။ ဒါက ကောင်းကင်ဘုံ သစ္စာ၊ မြေကြီးသစ္စာ အမှန်တရားပါဗျာ။ တကယ်လို့သာ... အခု ကျွန်တော့်ရှေ့မှာ ရှိနေတဲ့ ဆရာကြီးကိုယ်တိုင်သာ ‘ဂိုဏ်းချုပ်ကြီး’ ကို သွားကုပေးရင် ဂိုဏ်းချုပ်ကြီး ခံစားနေရတဲ့ ရောဂါဝေဒနာက အခုလောက်ဆို လုံးဝ ပျောက်သွားလောက်ပြီဗျ"

လျူကျန့်ကော်သည် ဒဏ်ရာကို ဆေးပတ်တီး စည်းပေးခြင်းကို အပြီးသတ်လိုက်ရင်း မျက်ဝန်းများကို ပင့်မော့ကြည့်ကာ မျက်တောင်တစ်ချက် ခတ်လိုက်မိသည်။

"ရောဂါဝေဒနာ ဟုတ်လား..."

‘ရှောင်ဂိုဏ်း’ ၏ အထွတ်အထိပ် ခေါင်းဆောင်ကြီးက ရောဂါဝေဒနာ ခံစားနေရသည်တဲ့လား။ သူ ထိုအကြောင်းနှင့် ပတ်သက်၍ တစ်ခါမျှ မကြားဖူးခဲ့ချေ။

ရှောင်ဂိုဏ်းမှ ထိုလူငယ်က မျက်လုံးပြူးသွားလျက် သူ့ကို အံ့ဩစွာ စိုက်ကြည့်ကာ—

"ဆရာကြီးက ဒါကို တကယ်ပဲ မသိသေးဘူး ဟုတ်လား။ အခုအချိန်မှာတော့ ဒါက လူတိုင်း ကွယ်ရာမှာ အတင်းပြောနေကြတဲ့ သတင်းကြီးပဲဥစ္စာ!"

"ငါက သူများအတင်းအဖျင်းတွေကို လိုက်နားစွင့်တတ်တဲ့ အကျင့်မျိုး လုံးဝမရှိဘူးကွ.." လျူကျန့်ကော်က စိတ်ပျက်လွန်းသဖြင့် မျက်လုံးလှန်မကြည့်မိစေရန် စိတ်ကို ထိန်းရင်း ဆိုလိုက်သည်။

"ဒါဆိုရင်တော့ ဆရာကြီးလျူကို ကျွန်တော်ကပဲ ပထမဆုံး ဖောက်သည်ချပါရစေဗျာ။"

ထိုလူငယ်သည် လျူကျန့်ကော်၏ စိတ်ပျက်လက်ပျက် စကားများကိုပင် အတင်းပြောရန် ဖိတ်ခေါ်ချက်တစ်ခုအဖြစ် မှတ်ယူလိုက်ပြီးနောက် စိတ်အားထက်သန်စွာ ဆက်ပြောတော့သည်။

"အမှန်ကတော့... ကျွန်တော်တို့လို ‘အတွင်းစည်းတပည့်’ တွေတောင် ဇာတ်လမ်းအပြည့်အစုံကို သေသေချာချာ မသိကြဘူးဗျ။ ကျွန်တော့်အထင်တော့... ‘ဂိုဏ်းမွေခံတပည့်’ တွေတောင် ဇာတ်လမ်းအစအဆုံးကို ကောင်းကောင်းသိကြလိမ့်မယ် မဟုတ်ဘူး"

အကယ်၍ အဆင့်မြင့်ကျင့်ကြံသူများပင် ဇာတ်လမ်းအစအဆုံးကို မသိနိုင်ပါက၊ ထိုလူငယ်အနေဖြင့် ဤအကြောင်းအရာကို နှုတ်လုံစွာဖြင့် ထုတ်မပြောသင့်ပေ။

"ဒါပေမဲ့ ကျွန်တော် တိတိကျကျ သိထားတာတစ်ခုကတော့... လွန်ခဲ့တဲ့ ရက်ပိုင်းကတည်းက ‘ဂိုဏ်းချုပ်ကြီး ရှောင်ကျန်း’ ကို ဘယ်သူမှ မြင်ခွင့်မရတော့တာပဲဗျ။ အခုဆိုရင် နှစ်လနီးပါးလောက် ရှိနေပြီ။ အဲဒီအတောအတွင်း သူဟာ ဂိုဏ်းရဲ့ ပင်မအဆောင်တော်ထဲကနေ အပြင်ကို တစ်လှမ်းမှ ထွက်မလာခဲ့ဘူး"

လျူကျန့်ကော်က မျက်မှောင်ကြုတ်လိုက်မိသည်။ နှစ်လမျှသာ ဟုတ်လား...။ အဲဒါက ဘာဖြစ်လို့ ဂိုဏ်းသားတွေကြားထဲ စိုးရိမ်စရာ ဖြစ်နေရတာလဲ။

သာမန်အားဖြင့် ‘ဧကရာဇ်အဆင့်’ သို့ ရောက်ထားသော ကျင့်ကြံသူကြီးတစ်ဦးအဖို့ အပြင်လောကနှင့် အဆက်အသွယ်ဖြတ်ကာ တစ်နှစ်ပတ်လုံး ‘တံခါးပိတ်ကျင့်ကြံခြင်း’ ဝင်နေခြင်းမှာ သိုင်းလောကတွင် ထူးဆန်းသည့် ကိစ္စမဟုတ်ပေ။ သို့ဆိုလျှင် ဤရှောင်ကျန်းကို လအနည်းငယ်ခန့် မြင်ခွင့်မရရုံမျှဖြင့် ဘာကြောင့် ဒီလောက်အထိ ထိတ်လန့်နေကြရသနည်း။

"အပြင်မှာ ထွက်နေတဲ့ ကောလာဟလတွေအရတော့... ဂိုဏ်းချုပ်ကြီး ရောဂါအသည်းအသန် ဖြစ်နေတယ်လို့ ဆိုကြတယ်ဗျ။" ထိုလူငယ်က ဆက်လက်ရှင်းပြသည်။

"အခုတလော ဂိုဏ်းထဲက သမားတော်တွေအားလုံး ပင်မအဆောင်တော်ထဲကို နေ့ရောညပါ ဝင်ချည်ထွက်ချည် ဖြစ်နေကြတာကိုး။ အစေအပါးတွေလည်း ရင်တထိတ်ထိတ်နဲ့ စိုးရိမ်နေကြရတယ်။"

သူက လျူကျန့်ကော်၏ အနားသို့ ပိုမိုတိုးကပ်လာပြီး လေသံကို ခပ်တိုးတိုး နှိမ့်ချလိုက်ရင်း—

"ကျွန်တော် ကြားတာကတော့... ‘ပါရမီရှင် သမားတော်ကြီး ဝူ’ ကိုယ်တိုင် ပင်မအဆောင်တော်ထဲ ဝင်သွားတာကို လူတချို့ မြင်ခဲ့ကြရတယ်တဲ့ဗျာ"

"သမားတော်ကြီး ဝူ ဟုတ်လား..." လျူကျန့်ကော်က လေသံအေးအေးဖြင့် ရေရွတ်လိုက်မိသည်။

"ဆရာကြီးလျူ..." ထိုလူငယ်က အံ့ဩသွားသော မျက်နှာထားဖြင့် စိုက်ကြည့်ကာ—

"ဆရာကြီးက သမားတော်ကြီး ဝူရဲ့ အကြောင်းကို တစ်ခါမှ မကြားဖူးဘူးလားဗျာ။ သူဟာ ဒီမြို့တော်ကြီးတစ်ခုလုံးမှာ အတော်ဆုံး ပါရမီရှင် သမားတော်ကြီးအဖြစ် လူတိုင်းက အသိအမှတ်ပြုထားကြသူလေ! အကုန်လုံးက နတ်ဆေး သမားတော်ကြီးလို့‌ တောင် သမုတ်နေကြတာ..ကျွန်တော့်လို ရှောင်ဂိုဏ်းက အတွင်းစည်းတပည့်တစ်ဦးတောင်မှ သူ့ဆေးခန်းတံခါးဝကို အလွယ်တကူ ခြေချခွင့်မရှိသလို၊ ဆေးကုဖို့ဆိုတာ အိပ်မက်တောင် မက်လို့မရဘူးဗျ…. အထက်တန်းလွှာတွေထဲကမှ တကယ့်အာဏာရှိသူတွေပဲ သူ့ဆီမှာ ဆေးကုခွင့် ရကြတာဗျ"

"ငါဗဟုသုတ နည်းတာကိုတော့ ခွင့်လွှတ်ပေးပါဦး ကွာ။ ငါက ဒီ မြို့စွန်ရပ်ကွက်ထဲကနေ အပြင်ကို သိပ်မထွက်ဖြစ်တဲ့ သာမန် သမားတော်တစ်ယောက် သက်သက်ပဲဥစ္စာ။ မြို့အတွင်းရပ်ကွက်တွေရဲ့ သတင်းတွေက ငါ့ဆီမရောက်ဘူးလေ" လျူကျန့်ကော်က အေးဆေးစွာပင် ဆိုလိုက်သည်။

"အော်... ဟုတ်သားပဲ။ ကျွန်တော် နားလည်ပါတယ်ဗျာ။" ထိုလူငယ်က ခေါင်းကို အားရပါးရ ညိတ်ပြလိုက်သည်။

"ဒါကလည်း ဟုတ်တာပဲလေ။ ဘာပဲဖြစ်ဖြစ်... ကျွန်တော် ပြောချင်တာကတော့ ဂိုဏ်းဘက်ကနေ မြို့တော်ရဲ့ အတော်ဆုံး သမားတော်ကြီးကိုအထိ ပင့်ထားရပြီဆိုရင်တော့... ကျွန်တော်တို့ ဂိုဏ်းချုပ်ကြီးဟာ တကယ့်ကို အသက်အန္တရာယ်ရှိတဲ့ ရောဂါကြီး ဖြစ်နေတာ သေချာသလောက် ရှိပြီဗျ"

"ကောလာဟလတွေပဲဖြစ်မှာပါကွာ … ငါ သိပ်ပြီး အာရုံမစိုက်ချင်ပါဘူး။" လျူကျန့်ကော်က တည်ငြိမ်စွာပင် ဆိုလိုက်သည်။

"ပီးတော့ သူတို့ဘက်က ဒီလောက်အထိ နာမည်ကြီးတဲ့ သမားတော်ကြီးကိုတောင် အားကိုးနေရပြီဆိုရင်တော့... ငါ့လိုမျိုး သာမန် ဆေးမြီးတိုလောက်ပဲ သိတဲ့သူက ဘယ်လိုမှ ဝင်ကူညီနိုင်မှာ မဟုတ်တော့ပါဘူး"

"အင်း... အဲဒါလည်း ဟုတ်နိုင်တာပါပဲလေ။ ဒါပေမဲ့ တကယ်လို့သာ... တကယ်လို့သာ သမားတော်ကြီး ဝူ မကုနိုင်တဲ့လူကို ဆရာကြီးလျူက အောင်အောင်မြင်မြင် ကုပေးနိုင်ခဲ့ရင် တကယ့်ကို အံ့ဩစရာ ကောင်းသွားမှာ မဟုတ်ဘူးလားဗျာ။ ဆရာကြီးရဲ့ ဂုဏ်သတင်းကလည်း သိုင်းလောကတစ်ခုလုံး ဟိုးဟိုးကျော်သွားမှာ သေချာတယ်။ အဲဒီလိုဆိုရင် ဆရာကြီးကို ကျွန်တော်တို့ ‘ရှောင်ဂိုဏ်း’ ဆီ ခေါ်သွားပေးခဲ့တဲ့ ကျွန်တော့်မှာလည်း မျက်နှာပွင့်ပြီး အဆင့်တက်သွားနိုင်တာပေါ့! တွေးကြည့်ရုံနဲ့တင် တကယ့် အကြံကောင်းမဟုတ်လားဗျာ"

ထိုဂိုဏ်းသားလူငယ်သည် မိမိစကားများမှာ စိတ်ကူးယဉ် ဟာသသက်သက်မျှသာ ဖြစ်ကြောင်း ပြသသည့်အနေဖြင့် အားရပါးရ အော်ဟစ်ရယ်မောလိုက်ပြန်သည်။ လျူကျန့်ကော်ကလည်း တည်ငြိမ်စွာပင် ပြုံးပြလိုက်ရင်း—

"မင်းကလည်း အဲဒီလိုမျိုး လျှောက်နောက်မနေပါနဲ့ကွာ။ ဒီလို ကိစ္စကြီးတွေက ငါ့လို သာမန်လူတစ်ယောက်ရဲ့ အဆင့်အတန်းနဲ့ မိုးနဲ့မြေလို ကွာခြားလွန်းလှပါတယ်"

သို့သော် သမားတော် လျူကျန့်ကော် တစ်ခုတည်း မသိခဲ့သည်ကတော့... ရှောင်ဂိုဏ်းမှ ထိုလူငယ် ပြောပြသွားသော ကောလာဟလများသည် သာမန် အတင်းအဖျင်းများ လုံးဝမဟုတ်ခဲ့ခြင်းပင်ဖြစ်သည်။ မကြာမီ သီတင်းပတ်အနည်းငယ် အတွင်းမှာပင် ထိုလျှို့ဝှက်ချက်ကြီးသည် သိုင်းလောကတစ်ခုလုံး အုန်းအုန်းကျွက်ကျွက် ဖြစ်သွားရမည့် အမှန်တရားကြီးတစ်ခု ဖြစ်လာတော့မည် ဖြစ်သည်။

ထိုဖြစ်ရပ်ကြောင့်ပင်... သူ၏ ကံကြမ္မာနှင့် ‘ရှောင်ကျန်း’ တို့၏ ဘဝသည် မလွှဲမရှောင်သာ ထိပ်တိုက် ဆုံစည်းသွားကြရတော့မည် ဖြစ်သည်။

All Chapters