← Chapters

အခန်း ၃၂.၃

Vol. 4 Ch. 32.3

အခန်း ၃၂.၃

Vol. 4 Ch. 32.3

ကြားဖြတ်အခန်း။ လျူကျန့်ကော်၏ အတိတ်နေ့ရက်များ..(အပိုင်း ၃)

သမားတော် လျူကျန့်ကော်နှင့် ရှောင်ဂိုဏ်းမှ လူငယ်တို့ စကားပြောပြီး တစ်ပတ်ခန့်အကြာတွင် ‘ရှောင်ဂိုဏ်း’ မှ သိုင်းသမားများကို မြို့တော်တစ်ခုလုံးသို့ အလုံးအရင်းနှင့် စေလွှတ်လိုက်ကြတော့သည်။ ၎င်းတို့သည် မြို့တော်၏ ဈေးတန်းကြီးများ၊ လူစည်ကားရာ ကွင်းပြင်ကြီးများနှင့် မြို့တံတိုင်းပြင်ပရှိ ဆင်းရဲသားရပ်ကွက်များအထိပါ တစ်အိမ်တက်ဆင်း မကျန် ခြေဆန့်ခဲ့ကြသည်။ ၎င်းတို့၏ ပြောဆိုပုံ လေသံများ ကွဲပြားချင်ကွဲပြားမည်ဖြစ်သော်လည်း ကြေညာချက်ကတော့ တစ်ခုတည်းသာ ဖြစ်ပေသည်။

"ကိုယ့်ကိုယ်ကို ဆေးပညာကျွမ်းကျင်တယ် လို့ထင်တဲ့ သမားတော်မှန်သမျှ... ငါတို့ ရှောင်ဂိုဏ်းရဲ့ ဂိုဏ်းတံခါးကို လာခေါက်ပြီး အစွမ်းပြနိုင်တယ်!"

သေချာပေါက်ပင် ဤကြေညာချက်ကြောင့် ‘အရှေ့ဘက် ဆိပ်ကမ်းမြို့တော်’ တစ်ခုလုံး အုန်းအုန်းကျွက်ကျွက် ဖြစ်သွားတော့သည်။ မြို့တော်၏ လမ်းကြိုလမ်းကြားမကျန် ဤအကြောင်းကသာ အဓိက စကားဝိုင်း ဖြစ်နေခဲ့ပြီး၊ လောကီကိစ္စများကို ကျောခိုင်း၍ အေးအေးချမ်းချမ်း နေလိုသော လျူကျန့်ကော်ပင်လျှင် ဤသတင်းမုန်တိုင်းထဲက လွတ်အောင် မရှောင်နိုင်ခဲ့ပေ။ ယခုအချိန်တွင်တော့ လူတိုင်း စိတ်ထဲ၌ သံသယဖြစ်စရာ လုံးဝမရှိတော့။ အစကတော့ သာမန် ကောလာဟလမျှသာ ဖြစ်သော်လည်း ယခုမူ ငြင်းမရသည့် အမှန်တရား ဖြစ်လာခဲ့ပြီ။

ဂိုဏ်းချုပ်ကြီး ‘ရှောင်ကျန်း’ သည် အသက်အန္တရာယ်ရှိသော ရောဂါဆိုးကြီးကို ပြင်းထန်စွာ ခံစားနေရချေပြီ။

ရှောင်ဂိုဏ်းကဲ့သို့သော အထွတ်အထိပ် အာဏာစက်ကြီးမားလှသည့် အဖွဲ့အစည်းက မြို့တော်အတွင်းရှိ သာမန် သမားတော်များကို ဤကဲ့သို့ ပင့်ဖိတ်အကူအညီတောင်းရသည်အထိ ခြေလှမ်းလှည့်လာခြင်းမှာ သိုင်းလောကတွင် ဘယ်လိုမှ မဖြစ်နိုင်သော အရာမျိုး ဖြစ်ပေသည်။ အကြောင်းမူ ရှောင်ဂိုဏ်းသည် ဤအရှေ့ဘက် ဆိပ်ကမ်းမြို့တော်တစ်ခုလုံးတွင် အင်အားအကြီးမားဆုံးသော သိုင်းဂိုဏ်းကြီးဖြစ်သည့်အပြင်၊ ၎င်းတို့၏ လက်အောက်၌ပင် မြို့တော်၏ ထိပ်သီး သမားတော်ကြီးများစွာ အခိုင်အမာ ရှိနှင့်နေပြီးသား ဖြစ်သောကြောင့်ပင်။ ထို့ပြင် လိုအပ်ပါကလည်း ‘သမားတော်ကြီး ဝူ’ ကဲ့သို့သော တန်ခိုးရှင်မျိုးကိုပင် အလွယ်တကူ ငွေပုံပေး၍ ပင့်ဖိတ်နိုင်စွမ်း ရှိပေသည်။ သို့ဖြစ်ရာ ၎င်းတို့အနေဖြင့် မြို့တော်အတွင်းရှိ အမည်မသိ၊ အဆင့်နိမ့် လမ်းဘေးသမားတော်ငယ်များကို လှည့်ပတ်တိုင်ပင်နေစရာ အကြောင်း လုံးဝမရှိချေ။

ထိုကဲ့သို့သော သာမန် သမားတော်ငယ်များဟူသည် ဆင်းရဲသား လူပြိန်းများအတွက်သာ ဖြစ်ပြီး၊ ရှောင်ဂိုဏ်းသားတို့၏ မျက်မှောင်အကြည့်ကို ခံယူရန်ပင် ထိုက်တန်သူများ မဟုတ်ကြကြောင်း မြို့တော်ရှိ လူတိုင်း ကောင်းကောင်းကြီး နားလည်ထားကြသည်။

သို့သော် ယခုမူ... သူတို့သည် မြို့တော်ရှိ သမားတော်မှန်သမျှကို သိမ်းကျုံးခေါ်ယူနေကြပြီ ဖြစ်ရာ၊ ၎င်းမှာ သူတို့၏ လက်ဝယ်တွင် မည်သည့် လမ်းစမှ မရှိတော့ခြင်းကြောင့် ဖြစ်ပေလိမ့်မည်။

အခြားသော စကားလုံးများဖြင့် အဓိပ္ပာယ်ဖွင့်ရလျှင်မူ... သူတို့သည် မြို့တော်၏ အစွမ်းဆုံးသော သမားတော်ကြီးများ အားလုံးကို ပင့်ဖိတ်ကုသစေခဲ့ပြီးဖြစ်သော်လည်း၊ မည်သူမျှ ဂိုဏ်းချုပ်ကြီး၏ ရောဂါဆိုးကို မတတ်နိုင်ဘဲ လက်မှိုင်ချခဲ့ရခြင်းကြောင့်သာ ဖြစ်ပေတော့သည်။

ယခုအခါ ရှောင်ဂိုဏ်းအတွက် ကျန်ရှိတော့သည့် တစ်ခုတည်းသော မျှော်လင့်ချက်လမ်းစမှာ ဤမြို့တော်ကြီးအတွင်း၌ လူမသိသူမသိ ကွယ်ဝှက်နေနိုင်သော သမားတော်ဆန်းတစ်ဦးဦးနှင့် ကံကြမ္မာအကြောင်းတိုက်ဆိုင်၍ ဆုံတွေ့နိုင်မလားဆိုသည့် အချက်ပင် ဖြစ်တော့သည်။ ဤမြို့တော်အတွင်း၌ အသက်မွေးဝမ်းကျောင်းပြုနေကြသော သမားတော်ပေါင်းများစွာအတွက်မူ ဤသည်မှာ သေချာပေါက် တစ်သန်းတွင် တစ်ကြိမ်သာ ရခဲလှသော အခွင့်အရေးကြီး ဖြစ်ပေသည်။ အကယ်၍သာ ၎င်းတို့အနက် တစ်ဦးဦးက ဂိုဏ်းချုပ်ကြီး ရှောင်ကျန်း၏ ရောဂါဆိုးကို အောင်မြင်စွာ ခြေမှုန်းကုသပေးနိုင်ခဲ့မည်ဆိုပါက၊ ထိုသူ၏ ကံကြမ္မာ ဓနဥစ္စာနှင့် ဂုဏ်သိက္ခာအဆင့်အတန်းသည် တစ်ညတာအတွင်းမှာတင် ကောင်းကင်ဘုံသို့ ရောက်ရှိသွားသကဲ့သို့ အဆမတန် ပြောင်းလဲတိုးတက်သွားရပေလိမ့်မည်။

သို့သော်ငြားလည်း လူတိုင်း သိထားကြသည့်အတိုင်း ယခုထက်ထိ မည်သည့်သမားတော်မျှ ရှောင်ဂိုဏ်း၏ ဂိုဏ်းတံခါးကြီးဆီသို့ သွားရောက်ရန် ခြေလှမ်းပြင်ရဲခြင်း လုံးဝမရှိကြသေးပေ။ ဤသည်မှာ တစ်သက်တွင် တစ်ကြိမ်သာ ရခဲလှသော ကောင်းကင်ဘုံ၏ အခွင့်အရေးကြီး ဖြစ်နေလင့်ကစား၊ မည်သူတစ်ဦးတစ်ယောက်မျှ ထိုအမိန့်တော်ကို သွားရောက်ထူးရဲသည့် သတ္တိမျိုး ရှိမနေခဲ့ချေ။ အဘောင်ကြောင့်ဆိုသော် အကြောင်းရင်းကတော့ အလွန်ပင် ထင်ရှားလွန်းလှသောကြောင့် ဖြစ်၏။

အကယ်၍... အကယ်၍သာ ၎င်းတို့ သွားရောက်ကုသရာတွင် မအောင်မြင်ဘဲ ကျရှုံးခဲ့မည်ဆိုပါက နောက်ဆက်တွဲ ကံကြမ္မာက ဘာဖြစ်လာမည်နည်း။

သူတို့သာ ရှောင်ဂိုဏ်းသို့ သွားရောက်ပြီးမှ ဂိုဏ်းချုပ်ကြီး၏ ရောဂါကို မတတ်နိုင်ဘဲ လက်မှိုင်ချခဲ့ရလျှင်၊ ၎င်းမှာ အရှိန်အဝါကြီးမားလှသော ရှောင်ဂိုဏ်း၏ အဖိုးတန်အချိန်များကို အလဟဿ ဖြုန်းတီးပစ်လိုက်ခြင်းထက် မပိုပေ။

ကျိန်းသေပေါက်... ရှောင်ဂိုဏ်း၏ ကျေးဇူးတုံ့ပြန်မှုတရား ဆိုသည်မှာ ကောင်းကင်ဘုံသို့ ရောက်ရှိသွားသကဲ့သို့ စိတ်ကူးယဉ်အိပ်မက်ထက်ပင် ပိုမိုကြီးကျယ်ခမ်းနားနိုင်သော်လည်း၊

တစ်ပြိုင်နက်တည်းမှာပင်... ရှောင်ဂိုဏ်း၏ ဒေါသအာဏာစက်ဆိုသည်မှာလည်း အမှောင်ဆုံးသော ငရဲဘုံသို့ ကျရောက်သွားသကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော မိစ္ဆာအိပ်မက်ဆိုးကြီးထက်ပင် ပိုမိုရက်စက်ကြမ်းကြုတ်နိုင်ပေသည်။

အကြောင်းမူ ထိုအမိန့်တော် ထွက်ပေါ်လာပြီးနောက်ပိုင်း သီတင်းပတ်များစွာတိုင်အောင် ‘အရှေ့ဘက် ဆိပ်ကမ်းမြို့တော်’ အတွင်းရှိ သမားတော်မှန်သမျှသည် မိမိတို့၏ အသက်ဘေး လောင်းကြေးထပ်ရမည့် အခွင့်အလမ်းကို ရင်တထိတ်ထိတ်ဖြင့် အကြိမ်ကြိမ် တွက်ချက်နေခဲ့ကြရရှာသည်။ ဤသည်မှာ မိမိတို့၏ တစ်သက်တာလုံးစာ ကံကြမ္မာကို တိုက်ရိုက်ဆုံးဖြတ်ပေးမည့် အရေးပါလှသော ခြေလှမ်းဖြစ်သဖြင့်၊ အလွန်ပင် သတိကြီးစွာဖြင့် စဉ်းစားဆင်ခြင်ရန် လိုအပ်ပေသည်။

လူနာများက ၎င်းတို့အား ရှောင်ဂိုဏ်းသို့ သွားရောက်ကာ ကံစမ်းစစ်ဆေးရန် စိတ်ကူးရှိမရှိ လှမ်း၍မေးမြန်းကြသည့်အခါတိုင်း ထိုသမားတော်များသည် ဟန်မပျက် ရယ်မောကာ ကိစ္စရပ်ကို ပေါ့ပေါ့ပါးပါးပင် လွှဲချပစ်လိုက်ကြသော်လည်း၊ ၎င်းတို့၏ ရင်တွင်း၌မူ မည်မျှအထိ ဘေးအန္တရာယ်ကြီးမားလှသည်ကို အသည်းအသန် ချိန်ဆနေခဲ့ကြရရှာသည်။

သို့သော်လည်း... သမားတော်ကြီး လျူကျန့်ကော်၏ အခြေအနေကတော့ ၎င်းတို့နှင့် လုံးဝကွဲပြားခြားနားနေခဲ့ပေသည်။

"ကျွန်တော်ကတော့ ဆရာကြီးလျူအနေနဲ့ သေချာပေါက် သွားသင့်တယ်လို့ ပြောချင်တယ်ဗျာ!"

ဆေးခန်းသို့ အမြဲတမ်းလိုလို လာရောက်လေ့ရှိသော ထိုရှောင်ဂိုဏ်းမှ အတွင်းစည်းတပည့် လူငယ်လေးသည် လျူကျန့်ကော်က သူ့ခန္ဓာကိုယ်ကို စစ်ဆေးပေးနေစဉ်အတွင်း ရင်ဘတ်ပေါ် လက်ပိုက်လိုက်ရင်း အားရပါးရ ဆိုလိုက်သည်။ ယခုတစ်ကြိမ်တွင် သူ ရောက်ရှိလာရခြင်းမှာ မည်သည့် ပြင်းထန်သော ဒဏ်ရာ သို့မဟုတ် ရောဂါဝေဒနာကြောင့်မှ မဟုတ်ပေ။ ထိုလူငယ်သည် သာမန် ခန္ဓာကိုယ်ကျန်းမာရေး စစ်ဆေးမှု ခံယူရန်အတွက်သာ ရောက်ရှိလာခြင်း ဖြစ်သည်။

ဤသို့ဖြင့်... သူသည် လွန်ခဲ့သော သီတင်းပတ်နှစ်ပတ်အတွင်းမှာတင် ဆေးခန်းသို့ ဒုတိယအကြိမ်မြောက်အဖြစ် လျှို့ဝှက်ခြေချလာခဲ့ခြင်း ဖြစ်ချေတော့သည်။

ထိုလူငယ်သည် အမှန်တကယ် ကျန်းမာရေးစစ်ဆေးရန် မဟုတ်ဘဲ၊ လျူကျန့်ကော်ထံသို့ လာရောက်ရသည့် စစ်မှန်သော ရည်ရွယ်ချက်မှာ အလွန်ပင် ကွက်ကွက်ကွင်းကွင်း ပေါ်လွင်လွန်းလှပေသည်။ သူသည် သမားတော်ကြီးအား ရှောင်ဂိုဏ်း၏ ထိုအသက်ဘေးစိန်ခေါ်မှုကို လက်ခံရန်အတွက် နည်းမျိုးစုံဖြင့် လာရောက်တိုက်တွန်း ဆွဲဆောင်နေခြင်း ဖြစ်၏။ ဂိုဏ်းဘက်က တရားဝင် ထုတ်ဖော်အတည်ပြုခြင်း မရှိသေးသော်လည်း၊ ယခု ဆေးပညာအကူအညီ အရေးပေါ် လိုအပ်နေသူမှာ ဂိုဏ်းချုပ်ကြီး ‘ရှောင်ကျန်း’ ကိုယ်တိုင်ဖြစ်ကြောင်းကို ထိုလူငယ်က ဖုံးကွယ်ထားရန် စိုးစဉ်းမျှ ကြိုးပမ်းခြင်း မရှိခဲ့ချေ။

"ငါ့လိုမျိုး အကာအကွယ်မဲ့ပြီး ချီစွမ်းအား ကင်းမဲ့နေတဲ့သူတစ်ယောက်ကသာ ရှောင်ဂိုဏ်းရဲ့ ဂိုဏ်းတံခါးရှေ့ကို သွားရပ်မိရင်တော့...ကုဖို့နေနေသာသာ အထဲတောင်အဝင်ခံမှာမဟုတ်ဖူးကွ.. သူတို့ကို စော်ကားရာကျပြီး ရန်ငြိုးဖွဲ့သလိုပဲ ဖြစ်သွားလိမ့်မယ်။"

လျူကျန့်ကော်က ဤဆင်ခြေကို ပထမဆုံးအကြိမ် သုံးခြင်း မဟုတ်တော့ပေ။

"ဒါ့အပြင် ငါ့လို သာမန် သမားတော်တစ်ယောက်ရဲ့ အခြေခံပညာလေးက... ရှောင်ဂိုဏ်းရဲ့ အထွတ်အထိပ် ဂိုဏ်းချုပ်ကြီးအတွက် ဘာအသုံးဝင်မှာမို့လို့လဲ။ ဒီလိုမျိုးကုသနိူင်ဖို့က ဘယ်လိုမှ မဖြစ်နိုင်ပါဘူးကွာ"

သို့သော်ငြားလည်း... ဤစကားလုံးများမှာ လျူကျန့်ကော်၏ လိမ်ညာမှုသက်သက်မျှသာ ဖြစ်ပေသည်။

လျူကျန့်ကော်၏ အခြေအနေမှာ မြို့တော်အတွင်းရှိ အခြားသော လမ်းဘေးသမားတော်များ၏ ဘဝနှင့် မိုးနဲ့မြေလို ကွဲပြားခြားနားနေခဲ့သည်။ ထိုသမားတော်များသည် ကုသရာတွင် ကျရှုံးပြီး အသက်ဘေးအန္တရာယ် ကြုံတွေ့ရမည်ကို ကြောက်ရွံ့သဖြင့် တွန့်ဆုတ်နေကြခြင်း ဖြစ်သော်လည်း၊ လျူကျန့်ကော်မှာမူ ကျရှုံးခြင်းဟူသော စကားလုံးကို စိုးစဉ်းမျှ ကြောက်ရွံ့ခြင်း မရှိခဲ့ချေ။

လျူကျန့်ကော်အနေဖြင့် ကျရှုံးခြင်းကို မကြောက်ရွံ့ခြင်းမှာ... သူ သွားရောက်ကုသပါက သေချာပေါက် ကုသနိူင်လိမ့်မည်ဟူသော အချက်ကို မိမိကိုယ်ကိုယ် အကြွင်းမဲ့ ယုံကြည်နေသောကြောင့်ပင် ဖြစ်တော့သည်။

အကယ်၍သာ သူသည် ဂိုဏ်းချုပ်ကြီး ရှောင်ကျန်းကို သွားရောက်ကြည့်ရှုခွင့် ရခဲ့မည်ဆိုပါက၊ ၎င်းခံစားနေရသော ရောဂါဝေဒနာ၏ အရင်းအမြစ် လျှို့ဝှက်ချက်ကို ရှာဖွေဖော်ထုတ်နိုင်ရန်အတွက် သူ့စိတ်ထဲ၌ စိုးစဉ်းမျှ သံသယရှိမနေခဲ့ချေ။ အနည်းဆုံးတော့... ၎င်း၏ ရောဂါအခြေအနေနှင့် အဆိပ်အတောက် အမျိုးအစားကို တိကျစွာ ခွဲခြားစိတ်ဖြာပြနိုင်စွမ်း ရှိပေသည်။ ထိုဂိုဏ်းချုပ်ကြီး ရှောင်ကျန်းအား အမြစ်ပြတ်အောင် ပြန်လည်ကုသနိုင်ခြင်း ရှိမရှိ ဆိုသည်ကတော့ လိုအပ်သော ဆေးမြစ်ဆန်းများနှင့် ရှောင်ဂိုဏ်း၏ လက်ဝယ်တွင်ရှိသော ကျင့်ကြံခြင်း အရင်းအမြစ်များအပေါ်၌သာ အဓိက မူတည်ပေလိမ့်မည်။

သို့သော်လည်း... သူ ကုသအောင်မြင်သွားခဲ့ပါက ဤထူးဆန်းလှသော ဆေးပညာအစွမ်းကို ပြင်ပလောကအား ဘယ်လိုနည်းဖြင့် ရှင်းပြရမည်နည်း။

သူ့ကဲ့သို့ ကျင့်ကြံခြင်း ချီစွမ်းအား လုံးဝမရှိတော့သည့် မသန်မစွမ်းတစ်ဦးက... မြို့တော်၏ ထိပ်သီး နတ်ဘုရားသမားတော်ကြီးများအားလုံး လက်မှိုင်ချခဲ့ရသည့် ရောဂါဆိုးကြီးကို အောင်မြင်စွာ ခြေမှုန်းပြလိုက်နိုင်လျှင်၊ ထိုအချက်ကို လူအများအမြင်တွင် သာမန်အဖြစ် ဘယ်လိုပုံစံမျိုး ဟန်ဆောင်ဖုံးကွယ်ထားနိုင်ပါမည်နည်း။

ထိုသို့သော အောင်မြင်မှုသည် သူ မလိုလားအပ်ဆုံးသော ပြင်ပလောက၏ အာရုံစိုက်မှုမြောက်မြားစွာကို အတင်းအဓမ္မ ဖိတ်ခေါ်ရာ ရောက်ပေလိမ့်မည်။ အခြားသော လောကီသမားတော်များ လိုလားတောင့်တကြသည့် ဂုဏ်ဒြပ်၊ အာဏာနှင့် စည်းစိမ်ဓန ရတနာများဟူသည်... သူ့အတွက်တော့ မိမိ၏လည်ပင်းကို တင်းကျပ်စွာ ညှဉ်းပန်းနှောင်ဖွဲ့မည့် ‘သံခြေကျင်း ဝန်ထုပ်ဝန်ပိုးကြီး’ များသက်သက်မျှသာ ဖြစ်လာပေလိမ့်မည်။

သူ၏ ကျော်စောမှုဂုဏ်သတင်းသည် မိမိကိုယ်တိုင် ထိန်းချုပ်နိုင်စွမ်းရှိသည့် အတိုင်းအတာထက်မက ကျယ်ပြန့်သွားခဲ့မည်ဆိုပါက၊ သေချာပေါက် သိုင်းလောကရှိ မနာလိုသူများနှင့် ရန်သူပေါင်းများစွာ၏ ရန်ငြိုးဖွဲ့ ချုံခိုတိုက်ခိုက်ခြင်းကိုသာ ခံရပေတော့မည်။

ထိုအခိုက်အတန့်တွင် သမားတော်ကြီး လျူကျန့်ကော်၏ စိတ်အာရုံထဲသို့ ဝါးပုခက်ငယ်လေးထဲ၌ အေးချမ်းစွာ အိပ်စက်အနားယူနေသည့် သားငယ် လျူကျင်းလေး၏ ပုံရိပ်က ချက်ချင်း ဝင်ရောက်လာခဲ့ပြီး၊ သူ့ရင်ထဲ၌ မွန်းကျပ်စွာဖြင့် အသည်းအသန် ရင်နာခံစားလိုက်ရလေတော့သည်။

သူ့အနေဖြင့် မလိုလားအပ်သော ရန်သူများ၏ ပစ်မှတ်အာရုံစိုက်မှုကို ဘယ်လိုနည်းနှင့်မျှ မခံယူနိုင်ချေ။ သူသည် ဂိုဏ်းချုပ်ကြီး ‘ရှောင်ကျန်း’ ၏ အခြေအနေဆိုးအပေါ် စာနာစိတ်မကောင်းဖြစ်ရသည်မှာ အမှန်ပင်ဖြစ်သော်လည်း၊ ၎င်း၏ အသက်ဇီဝိန်သည် သူ ဝင်ရောက်ကယ်တင်နိုင်သော အရာမျိုး လုံးဝမဟုတ်ပေ။ အကယ်၍... အကယ်၍သာ သူသည် မိမိ၏ သားငယ်လေးအား ပျော်ရွှင်အေးချမ်းသော ဘဝတစ်ခု ပေးအပ်လိုပါက ဤသွေးစွန်းမည့် ကိစ္စရပ်ကြီးအတွင်းသို့ ဘယ်သောအခါမှ ခြေမလှမ်းမသင့်ချေ။

"တကယ်လို့ ဆရာကြီးလျူက ရှောင်ဂိုဏ်းဒေါသထွက်မှာကို စိုးရိမ်နေတာဆိုရင်တော့ ... ကျွန်တော်ကိုယ်တိုင် ဆရာကြီးနဲ့အတူ အသက်နဲ့လဲပီး ကာကွယ်စောင့်ရှောက်ပေးပါ့မယ်ဗျာ။"

ထိုရှောင်ဂိုဏ်းမှ အတွင်းစည်းတပည့် လူငယ်လေးက ပြောပြောဆိုဆိုဖြင့် သူ့ရင်ဘတ်ကို လက်သီးဖြင့် ခပ်ဖွဖွ ပုတ်ပြလိုက်ရင်း သစ္စာဆိုလိုက်သည်။

"ကျွန်တော်က ရှောင်ဂိုဏ်းရဲ့ တရားဝင် အတွင်းစည်းတပည့် တစ်ယောက်ပဲဥစ္စာ။ တကယ်လို့ ကျွန်တော်ကိုယ်တိုင် ဆရာကြီးကို ဂိုဏ်းဆီ လမ်းညွှန်ခေါ်ဆောင်သွားတာဆိုရင်တော့... ဆရာကြီးအနေနဲ့ ရှောင်ဂိုဏ်းရဲ့ ပြစ်ဒဏ်ခတ်မှုကို စိုးစဉ်းမျှ ကြောက်ရွံ့နေစရာ မလိုတော့ပါဘူး။ နောက်ဆက်တွဲ တာဝန်မှန်သမျှကို ကျွန်တော်ကိုယ်တိုင်ပဲ ခေါင်းခံ တတာဝန်ယူပါ့မယ်"

အကယ်၍ သူသာ ထိုသို့ လုပ်ဆောင်ပြီး သမားတော်ကြီး လျူကျန့်ကော်က ဂိုဏ်းချုပ်ကြီး ရှောင်ကျန်းကို အောင်မြင်စွာ ကုသပေးနိုင်ခဲ့မည်ဆိုပါက၊ ၎င်းသည် ဂိုဏ်းချုပ်ကြီး၏ အသက်ကယ်တင်မှု ကျေးဇူးရှင်ကို ခေါ်ဆောင်‌ပေးလိုက်ခြင်းနှင့် အတူတူပင် ဖြစ်ပေလိမ့်မည်။ သို့သော်ငြားလည်း...

"မင်းသာ အဲဒီလို သွားလုပ်လို့ ရှောင်ဂိုဏ်းက ငါ့လို ဒုက္ခိတတစ်ယောက် ရောက်လာတာကို စိတ်ဆိုးသွားရင်... မင်းဘယ်လိုလုပ်မလဲ..မင်းလဲအလိုတူအလိုပါ ပဲဆိုပီး အပြစ်ခံရမှာနော် .."

အကယ်၍ ဂိုဏ်းချုပ်ကြီး ရှောင်ကျန်း၏ ရောဂါအခြေအနေသည် လျူကျန့်ကော် တွက်ချက်ထားသည့်အတိုင်း တကယ့်ကို အသက်လုနေရလောက်အောင်အထိ စိုးရိမ်ရသော အခြေအနေဆိုး ဖြစ်နေမည်ဆိုပါက၊ ယခုအချိန်တွင် ရှောင်ဂိုဏ်းသားများသည် အလွန်ပင် စိတ်ဖိစီးပြီး ရင်တထိတ်ထိတ် ဖြစ်နေကြရပေလိမ့်မည်။

သူတို့သည် မိမိတို့၏ အထွတ်အထိပ် ခေါင်းဆောင်ကြီးကို ကယ်တင်ပေးနိုင်မည့် ‘နတ်ဘုရားသမားတော်ဆန်း’ တစ်ဦးဦး ရှေ့မှောက်သို့ ရုတ်တရက် ရောက်ရှိလာမလားဆိုသည့် အလွန်သေးငယ်လှသော အံ့ဩဖွယ် မျှော်လင့်ချက်ကလေးကိုသာ ရင်တွင်း၌ ဖက်တွယ်ထားကြရရှာသည်။

သို့ဆိုလျှင် စဉ်းစားကြည့်လော့... သူတို့ သေလုမျောပါး မျှော်လင့်နေကြချိန်တွင် လျူကျန့်ကော်ကဲ့သို့သော ကျင့်ကြံခြင်းစွမ်းအား လုံးဝမရှိသည့် မသန်မစွမ်းတစ်ဦးက ဂိုဏ်းတံခါးဝရှေ့သို့ လာရောက်အစွမ်းပြရန် ရောက်ရှိလာခဲ့မည်ဆိုပါက ထိုဂိုဏ်းအကြီးအကဲများ၏ ရင်ထဲ၌ မည်သို့သော ခံစားချက်မျိုး ဖြစ်ပေါ်သွားကြမည်နည်း။

အကယ်၍ ဤလူငယ်သာ လျူကျန့်ကော်ကို ဂိုဏ်းအကြီးအကဲများ၏ ရှေ့မှောက်သို့ တိုက်ရိုက်ခေါ်ဆောင်သွားခဲ့မည်ဆိုပါက၊ ၎င်းမှာ ဂိုဏ်းကြီးတစ်ခုလုံး၏ ဂုဏ်သိက္ခာကို မျက်နှာကို တံတွေးဖြင့် ထွေးလိုက်သကဲ့သို့ ပြင်းထန်လှသော စော်ကားမှုကြီး ဖြစ်သွားပေလိမ့်မည်။

ဤကဲ့သို့သော နောက်ဆက်တွဲ အကျိုးဆက်ဆိုးကြီးကို ထိုလူငယ်အနေဖြင့် ကြိုတင်မတွက်ချက်မိဘဲ နေလိမ့်မည်မဟုတ်ပေ။ အမှန်တကယ်လည်း... သူ့စကားလုံးများ ရပ်တန့်သွားပြီး မျက်နှာတစ်ခုလုံး လေးနက်တည်ငြိမ်သွားရခြင်းက ဤအန္တရာယ်ဆိုးကြီးကို ကောင်းကောင်းကြီး သိရှိနားလည်ကြောင်း သက်သေပြနေခဲ့ချေပြီ။

"မင်းက ဘာဖြစ်လို့ ဒီလောက်အထိ ဇွတ်အတင်း တိုက်တွန်းနေရတာလဲ။ မင်း ဘဝနဲ့ အနာဂတ်တစ်ခုလုံးကို လောင်းကြေးထပ်ပြီး ဒီလောက်ကြီးမားတဲ့ ဘေးအန္တရာယ်ကို ဘာဖြစ်လို့ ရင်ဆိုင်ချင်နေရတာလဲ။"

သူ့ရှေ့တွင် ရှိနေသော လူငယ်လေးသည် တောက်ပလှသော အနာဂတ်လမ်းစများစွာ စောင့်ကြိုနေသည့် ရှောင်ဂိုဏ်း၏ အတွင်းစည်းတပည့်တစ်ဦး ဖြစ်ပေသည်။ သူသည် စိတ်ရှည်လက်ရှည် ကြိုးပမ်းသွားမည်ဆိုပါက အချိန်တန်လျှင် ‘‌ဂိုဏ်းမွေခံ တပည့်’ အဆင့်အထိပင် တက်လှမ်းနိုင်မည့် ပါရမီရှင်တစ်ဦးလည်း ဖြစ်၏။

ထို့ကြောင့် သူ၏ အရာရာကို လောင်းကြေးထပ်ပြီး ဂိုဏ်းချုပ်ကြီး ရှောင်ကျန်း၏ ရောဂါကို ကုသရန်အတွက် စွန့်စားနေစရာ အကြောင်း လုံးဝမရှိချေ။ သူသာ ဂိုဏ်းအတွင်း၌ ခေါင်းငုံ့ကာ မိမိ၏ တာဝန်ကိုသာ အေးအေးလူလူ လုပ်ဆောင်နေမည်ဆိုပါက မည်သည့်အရာကိုမျှ ကြောက်ရွံ့စိုးရိမ်နေရစရာ အကြောင်းမရှိချေ။

"အဲဒါကတော့..."

ထိုဂိုဏ်းသားလူငယ်က ခေါင်းကို အသာအယာ နှိမ့်ချလိုက်ရင်း ဆက်ပြောသည်။

"ကျွန်တော့် စကားကို ဆရာကြီးလျူအနေနဲ့ စိတ်ကူးယဉ်ပြက်လုံးတစ်ခုလိုမျိုး လှောင်ပြောင်ရယ်မောချင်လည်း ရပါတယ်ဗျာ... ဒါပေမဲ့... ကျွန်တော်ကတော့ ဒီမြို့တော်ကြီးတစ်ခုလုံး ဖရိုဖရဲဖြစ်ပြီး သွေးချောင်းစီးမယ့် ကပ်ဘေးဆိုးကြီးထဲကို ကျရောက်သွားမှာကို လုံးဝ မမြင်ချင်တော့လို့ပါ"

သမားတော်ကြီး လျူကျန့်ကော်သည် မိမိရှေ့တွင် ရှိနေသော ဂိုဏ်းသားလူငယ်အား အကဲခတ်လိုသော မျက်ဝန်းအစုံဖြင့် သေသေချာချာ စိုက်ကြည့်လိုက်ရင်း—

"ဟမ် ဆိုစမ်းပါဦး …အကျိုးအကြောင်းကို သေချာလေး ရှင်းပြကွာ.."

"ဒီလိုဗျာ..."

ထိုလူငယ်သည် မျက်ဝန်းအစုံကို မည်သည့်နေရာသို့ ထားရမှန်းမသိ ဖြစ်နေရှာသဖြင့် သူ့အကြည့်များက မြေပြင်ပေါ်သို့သာ ဝဲကျသွားခဲ့ရသည်။

"ဂိုဏ်းချုပ်ကြီး ရှောင်ကျန်း ရောဂါဖြစ်နေတယ်ဆိုတဲ့ ကောလာဟလတွေ စထွက်လာကတည်းက ကျွန်တော် ဒါကို အခါခါ တွေးကြည့်နေခဲ့တာပါ။ အမှန်အတိုင်း ပြောရမယ်ဆိုရင်တော့... ‘ရှောင်ဂိုဏ်း’ က ဒီအရှေ့ဘက် ဆိပ်ကမ်းမြို့တော်ကြီးတစ်ခုလုံးကို အထက်ကနေ အပိုင်စိုးမိုးချုပ်ကိုင်နိုင်တာရဲ့ အဓိက လျှို့ဝှက်ချက်က... ကျွန်တော်တို့ရဲ့ ဂိုဏ်းချုပ်ကြီး ရှောင်ကျန်း တစ်ယောက်တည်းပဲ ဧကရာဇ်အဆင့်’ ကို ရောက်ထားတဲ့ အနှိုင်းမဲ့ တန်ခိုးရှင် ဖြစ်နေလို့ပဲဗျ။"

ထိုဂိုဏ်းသားလူငယ်က သူပြောဆိုသော စကားလုံးများနောက်ကွယ်မှ အမှန်တရားကို အကြွင်းမဲ့ ယုံကြည်ချက်ရှိနေပုံဖြင့် ခေါင်းကို အားရပါးရ ညိတ်ပြလိုက်သည်။ စင်စစ်တော့... သူ တွက်ချက်ထားသည့် အချက်က စိုးစဉ်းမျှ မှားယွင်းခြင်း မရှိခဲ့ချေ။

"‘ယွန်းဂိုဏ်း’ က ဒီမြို့တော်ကြီးထဲမှာ အင်အားအကြီးဆုံး နံပါတ်နှစ် သိုင်းဂိုဏ်းကြီးအဖြစ် လူတိုင်း သိထားကြတာ မှန်ပေမဲ့၊ တကယ်တမ်း ဂိုဏ်းနှစ်ခုကြားက ကျင့်ကြံသူတွေရဲ့ အရည်အသွေးနဲ့ အစွမ်းချင်း နှိုင်းယှဉ်ကြည့်ရင်တော့ ကြီးကြီးမားမား ကွာခြားလှတာမျိုး မဟုတ်ဘူးဗျ။ သူတို့ရဲ့ အပြင်စည်း၊ အတွင်းစည်းတပည့်တွေက ကျွန်တော်တို့ ဂိုဏ်းကတပည့်တွေနဲ့ အဆင့်အတန်းချင်း တူတူပါပဲ။ သူတို့ရဲ့ ‘ဂိုဏ်းမွေခံတပည့်’ တွေကလည်း ကျွန်တော်တို့ရဲ့ ‘ဂိုဏ်းမွေခံတပည့်’’ တွေနဲ့ အစွမ်းချင်း တူတူပဲ။ ဒီလိုပဲ သူတို့ရဲ့ ဂိုဏ်းအကြီးအကဲတွေရဲ့ ကျင့်ကြံခြင်း စွမ်းအင်အဆင့်ကလည်း ကျွန်တော်တို့ ဂိုဏ်းက အကြီးအကဲတွေနဲ့ သိပ်ပြီး ကွာခြားတာ မဟုတ်ဘူးဗျ။ အင်း... ကျွန်တော်တို့ဘက်က နည်းနည်းလေး ပိုတော်ချင် တော်နေလိမ့်မယ်ဆိုပေမဲ့၊ ဒါကတော့ ကျွန်တော်ကိုယ်တိုင် ရှောင်ဂိုဏ်းသားတစ်ဦးဖြစ်လို့ ဘက်လိုက်ပြီး ပြောတာမျိုးလည်း ဖြစ်နိုင်တာပေါ့။ ဒါပေမဲ့ နောက်ဆုံး ကောက်ချက်ချရမယ်ဆိုရင်တော့... ဂိုဏ်းချုပ်ကြီး ရှောင်ကျန်းရဲ့ ခွန်အားတစ်ခုတည်းကပဲ ရှောင်ဂိုဏ်းရဲ့ ထိပ်ဆုံးက အုပ်စိုးမှု အဆင့်အတန်းကို တည်မြဲစေတာကတော့ လုံးဝ ငြင်းလို့မရတဲ့ အမှန်တရားပဲဗျာ။"

စကားပြောနေစဉ်အတွင်း ထိုဂိုဏ်းသားလူငယ်၏ မျက်နှာတစ်ခုလုံးသည် သာမန်အချိန်များနှင့် လုံးဝမတူဘဲ အလွန်ပင် တည်ကြည်လေးနက်နေခဲ့သည်။ ၎င်း တည်ကြည်မှုသည် ထိုလူငယ် အမြဲတမ်း ပြသလေ့ရှိသော သာမန်ကာလျှံကာ ဟာသစရိုက်မျိုးနှင့် မိုးနဲ့မြေလို ကွာခြားလွန်းလှပေသည်။

"အဲဒါကြောင့်ပဲ ကျွန်တော့်စိတ်ထဲမှာ စိုးရိမ်မိတာက... တကယ်လို့သာ ဂိုဏ်းချုပ်ကြီး ရှောင်ကျန်း ရောဂါနဲ့ ကွယ်လွန်သွားခဲ့မယ်ဆိုရင် ဘာတွေ ဆက်ဖြစ်လာမလဲ ဆိုတာပါပဲ။ အစပိုင်း ရက်ပိုင်းမှာတော့ အခြေအနေတွေက ငြိမ်နေနိုင်တယ်ဆိုပေမဲ့၊ အချိန်တန်ရင်တော့ ‘ယွန်းဂိုဏ်း’ က လူတွေဟာ ဒီအခွင့်အရေးကို အမိအရ ဆုပ်ကိုင်ပြီး ကျွန်တော်တို့ကို အမြစ်ပြတ် ချေမှုန်းဖို့၊ ပြီးတော့ ‘အရှေ့ဘက် ဆိပ်ကမ်းမြို့တော်’ ရဲ့ နံပါတ်တစ် သိုင်းဂိုဏ်းကြီးအဖြစ် နေရာလုဖို့အတွက် သေချာပေါက် သွေးချောင်းစီးမယ့် စစ်ပွဲကြီးကို စလာကြမှာ မြေကြီးလက်ခတ်မလွဲပဲဗျ"

သမားတော်ကြီး လျူကျန့်ကော်က လေးနက်စွာဖြင့် ခေါင်းညိတ် ထောက်ခံလိုက်မိသည်။ ထိုလူငယ် တွက်ချက်ပြသနေသည့် အချက်များမှာ သိုင်းလောက၏ သဘာဝအတိုင်း အလွန်ပင် ကျိုးကြောင်းဆီလျော်လှပေသည်။ ဤအချက်သည်ပင်... အတိတ်တုန်းက ဤလူငယ်သည် ဂိုဏ်းတူချင်း သိုင်းပြိုင်ရာ၌ ဒဏ်ရာရရှိခဲ့စဉ်က ဂိုဏ်းအတွင်းရှိ သမားတော်ကြီးများထံ သွားရောက်ကုသမှု မခံယူဝံ့ဘဲ၊ သူ့လိုမျိုး သိုင်းလောကပြင်ပက မသန်မစွမ်းတစ်ဦးထံ လျှို့ဝှက်ခြေချလာခဲ့ရခြင်း၏ စစ်မှန်သော အကြောင်းအရင်း မဟုတ်ပါလော။

သိုင်းလောက၏ နိယာမစနစ်အတွင်း ကျင်လည်နေကြသူများဟူသည်... မိမိ၏ အားနည်းချက် သို့မဟုတ် ဒဏ်ရာအခြေအနေကို ပြင်ပလောကအား ဘယ်သောအခါမှ ထုတ်ဖော်မပြသဝံ့ကြချေ။ အဘောင်ကြောင့်ဆိုသော် မင်းဘေးပတ်ဝန်းကျင်၌ ရှိနေကြသော ရန်သူမှန်သမျှသည် မင်း အားနည်းသွားမည့် အခိုက်အတန့်ကို ဆာလောင်မွတ်သိပ်နေသည့် ‘တောခွေးရိုင်းကြီးများ’ အလား နှုတ်ခမ်းသပ်ရင်း စောင့်ဆိုင်းနေကြသောကြောင့်ပင် ဖြစ်တော့သည်။

သမားတော်ကြီး လျူကျန့်ကော်သည် စိတ်မကောင်းစွာဖြင့်ပင် ထိုဂိုဏ်းသားလူငယ် မည်သည့်အချက်ကို ကြောက်ရွံ့နေရသလဲ ဆိုသည်နှင့် အဘယ်ကြောင့် သူ့အသက်ဘေး အန္တရာယ်ကို လောင်းကြေးထပ်ပြီး စွန့်စားချင်နေရသလဲ ဆိုသည့် အကြောင်းအရင်းကိုပါ ကွက်ကွက်ကွင်းကွင်း မြင်တွေ့လာခဲ့ရသည်။

"တကယ်လို့ အဲဒီလိုမျိုး အာဏာလုပွဲကြီး ဖြစ်လာခဲ့ရင်တော့... ကျွန်တော်တို့ ရှောင်ဂိုဏ်းဘက်ကလည်း လက်ပိုက်ကြည့်နေပြီး ဒီအတိုင်း အရှုံးပေးမှာ မဟုတ်ဘူးဗျ။ ရှောင်ဂိုဏ်းက နံပါတ်တစ် သိုင်းဂိုဏ်းကြီးအဖြစ် ဆက်ရပ်တည်နိုင်ဖို့အတွက် ရှိတဲ့အစွမ်းအစ အကုန်ထုတ်သုံးပြီး အစွမ်းကုန် ခုခံကြလိမ့်မယ်။ အဲဒီလို အခြေအနေမျိုးမှာတော့... မကြာခင် အချိန်အတွင်းမှာပဲ ပြင်းထန်တဲ့ သွေးချောင်းစီး တိုက်ပွဲကြီးတွေက မြို့တော်တစ်ခုလုံးမှာ ပေါက်ကွဲထွက်လာတော့မှာပဲဗျာ။ ဒါက ကျွန်တော်ကိုယ်တိုင် အရင်က ပါဝင်ပတ်သက်ခဲ့ဖူးတဲ့ ဂိုဏ်းအချင်းချင်း ဖြစ်တတ်တဲ့ သာမန် ရန်ပွဲအသေးစားလေးတွေနဲ့ လုံးဝတူမှာ မဟုတ်ဘူး။ လူတွေအများကြီးရဲ့ သွေးစွန်းပေးဆပ်မှုတွေ မရှိဘဲနဲ့တော့ ဘယ်လိုနည်းနဲ့မှ ဖြေရှင်းလို့မရနိုင်မယ့် မဟာကပ်ဘေး စစ်ပွဲကြီး ဖြစ်သွားလိမ့်မယ်။ ကျွန်တော်ကတော့ ဒါတွေကို ကြိုတွေးပြီး စိုးရိမ်နေမိတာပါ။"

လျူကျန့်ကော်က မျက်ခုံးတစ်ချက် ပင့်လိုက်ရင်း—

"ဒါဆိုရင်... ငါ့လိုမျိုး ကျင့်ကြံခြင်းစွမ်းအား လုံးဝမရှိတဲ့ ဒုက္ခိတတစ်ယောက်က ဒီလောက်ကြီးမားတဲ့ ကပ်ဘေးစစ်ပွဲကြီးကို တားဆီးနိုင်လိမ့်မယ်လို့ မင်း တကယ်ပဲ ထင်နေတာလား။"

"မှန်ပါတယ် ဆရာကြီး..."

ထိုလူငယ်က စိုးစဉ်းမျှ တွန့်ဆုတ်ခြင်းမရှိဘဲ ပြတ်သားစွာ ပြန်လည်ဖြေကြားလိုက်သည်။

"ဆရာကြီးလျူရဲ့ ဆေးပညာက ရှောင်ဂိုဏ်းထဲမှာရှိတဲ့ သမားတော်ကြီးတွေထက် အဆပေါင်းများစွာ ပိုတော်ပြီး အစွမ်းထက်တယ်ဆိုတာ ကျွန်တော် ကောင်းကောင်းကြီး သိပါတယ်။ ဘာဖြစ်လို့လဲဆိုတာကိုတော့ ကျွန်တော်လည်း မရှင်းပြတတ်ဘူး၊ ဒါပေမဲ့ ဒါက အကြွင်းမဲ့ အမှန်တရားဆိုတာကိုတော့ ကျွန်တော့်ရင်ထဲကနေ ရဲရဲကြီး ယုံကြည်နေမိတာဗျ။ အနည်းဆုံးတော့... တကယ်လို့သာ ဆရာကြီးလျူ ဝင်ကုပေးမယ်ဆိုရင် ဒီလို သွေးထွက်သံယို ကိစ္စတွေကို အပြီးတိုင် တားဆီးပေးနိုင်လိမ့်မယ်လို့ ကျွန်တော် မျှော်လင့်အားကိုးချင်တာပါ။"

"မင်း ဒီလောက်အထိ ကြိုးပမ်းနေတာဟာ... ဂိုဏ်းချုပ်ကြီး ရှောင်ကျန်း ကွယ်လွန်ပြီးနောက်ပိုင်း ဖြစ်ပွားလာမယ့် သိုင်းလောကရဲ့ စစ်ပွဲတွေကြားထဲမှာ မင်းကိုယ်တိုင် အသက်ပျောက်သွားရမှာကို ကြောက်နေလို့လား။"

"ကျွန်တော့်အနေနဲ့ သေမှာကို မကြောက်ဘူးလို့ ပြောရင်တော့ ဒါက လိမ်ရာကျပါလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော့်ရဲ့ ကိုယ်ပိုင် အသက်ဘေးတစ်ခုတည်းအတွက်တင် မဟုတ်ဘူးဗျ။"

ထိုဂိုဏ်းသားလူငယ်က ခေါင်းကို အသည်းအသန် ခါယမ်းလိုက်ရင်း ဆက်ပြောသည်။

"ကျွန်တော့်မှာ အသက်ငယ်သေးတဲ့ ညီလေးတစ်ယောက် ရှိသေးတယ်ဗျ။ သူက အသက်ပြည့်လို့ ကြီးပြင်းလာတဲ့တစ်နေ့ကျရင် ဒီရှောင်ဂိုဏ်းထဲကို ဝင်ပြီး သိုင်းပညာသင်ဖို့ မျှော်မှန်းချက် ရှိနေတာကိုး။ ကျွန်တော်ကတော့... ကျွန်တော့်ညီလေးကို ဒီလို ရက်စက်တဲ့ အာဏာလုပွဲ သွေးမြေကျမှုတွေကြားထဲမှာ မြေစာပင် ဖြစ်သွားရမှာကို လုံးဝ လုံးဝ မမြင်ချင်တော့ဘူးဗျာ။"

သမားတော်ကြီး လျူကျန့်ကော်သည် သူ့ရှေ့တွင် ရှိနေသော နှာခေါင်းကြီးကြီးနှင့် ထိုဂိုဏ်းသားလူငယ်အား အကဲခတ်လိုသော မျက်ဝန်းအစုံဖြင့် မမှိတ်မသုန် စိုက်ကြည့်လိုက်မိသည်။ ထိုလူငယ်၏ မျက်ဝန်းအစုံအတွင်း၌မူ မည်သည့် လိမ်ညာလှည့်စားမှု အစအနမျှ ကပ်ညှိမနေဘဲ ဖြူစင်လှသော စေတနာတရားကိုသာ မြင်တွေ့လိုက်ရပေသည်။

ထိုအခိုက်အတန့်တွင် သမားတော်ကြီးသည် ဝါးပုခက်ငယ်လေးထဲ၌ အပြစ်မဲ့စွာ အေးချမ်းစွာ အိပ်စက်အနားယူနေသည့် မိမိ၏ သားငယ် လျူကျင်းလေး၏ ပုံရိပ်ကို တဖန်ပြန်လည် တွေးတောမြော်မြင်မိသွားပြီးနောက်၊ ရင်ထဲ၌ သက်ပြင်းတစ်ချက်ကို ခပ်လေးလေး ချလိုက်မိတော့သည်။ မိမိနည်းတူ ဤလူငယ်သည်လည်း မိမိ၏ မိသားစု၊ မိမိ၏ ညီငယ်လေးကို ဘေးကင်းလုံခြုံစေချင်သည့် မေတ္တာစိတ်တစ်ခုတည်းဖြင့်သာ ဤမျှအထိ အသက်ဘေးလောင်းကြေးထပ်ကာ စွန့်စားနေခြင်း မဟုတ်ပါလော။

“... မင်းနာမည် ဘယ်လိုခေါ်လဲကွာ"

"ကျွန်တော့်နာမည်က ‘လီပေါ်ချင်’ ပါ ဆရာကြီးလျူ။"

"အေးကွာ... လီပေါ်ချင်။ မင်းပြောတဲ့ ရှောင်ဂိုဏ်းဆီကိုသာ ငါ့ကိုခေါ်သွားပေတော့ဟေ့…”

အကယ်၍သာ ဂိုဏ်းသား လီပေါ်ချင်၏ သဘောအတိုင်းသာ ဆိုပါက၊ သမားတော်ကြီး လျူကျန့်ကော်ထံမှ ထိုစကားလုံးများ ထွက်ပေါ်လာခဲ့သည့် ထိုအခိုက်အတန့်၌ပင် သူတို့နှစ်ဦးသည် ဆေးခန်းငယ်လေးထဲမှ ချက်ချင်း ခြေလှမ်းပြင် ထွက်ခွာသွားကြပေလိမ့်မည်။ သို့သော်လည်း လျူကျန့်ကော်၏ စိတ်အာရုံကမူ ထိုတက်ကြွနေသော လူငယ်လေးထက် အဆပေါင်းများစွာ ပိုမိုတည်ငြိမ်အေးစက်လျက် ရှိပေသည်။

အကြောင်းမူ အကယ်၍ သူတို့နှစ်ဦးသည် နေမင်းပွင့်လင်းလှသော မွန်းတည့်အချိန်၌သာ ရှောင်ဂိုဏ်းသို့ ဗြောင်ကျကျ ရောက်ရှိသွားခဲ့မည်ဆိုပါက၊ မြို့တော်ရှိ လူတိုင်းက ချက်ချင်း ရိပ်မိသွားကြမည် ဖြစ်သည်။ ထိုသို့သော အခြေအနေမျိုးတွင် ရှောင်ဂိုဏ်းသားများသည် မိမိတို့အနေဖြင့် ချီစွမ်းအင် လုံးဝမရှိသည့် မသန်မစွမ်းတစ်ဦးထံမှ ဆေးပညာအကူအညီကို နှိမ့်ချလက်ခံနေရသည်ဟူသော အချက်ကို ပြင်ပလောကအား မမြင်စေချင်ကြသဖြင့်၊ သူ့ကို ဂိုဏ်းတံခါးဝပြင်ပသို့ ချက်ချင်းပင် မောင်းထုတ်ပစ်ရန် အခွင့်အလမ်း ပိုမိုများပြားလှသောကြောင့်ပင် ဖြစ်သည်။

ထို့ပြင်... သူသည် မိမိ၏ သားငယ် လျူကျင်းလေးကိုလည်း ဆေးခန်းထဲတွင် တစ်ဦးတည်း ပစ်ထားခဲ့၍ မရနိုင်သလို၊ လျူကျန့်ကော်အနေဖြင့် သားဖြစ်သူအား အန္တရာယ်များလှသော ရှောင်ဂိုဏ်းအတွင်းသို့ ကိုယ်တိုင် ခေါ်ဆောင်သွားရန်မှာလည်း ဘယ်လိုနည်းနှင့်မျှ မဖြစ်နိုင်ချေ။ မည်သည့်အရာကိုမဆို စတင်မလုပ်ဆောင်မီ၊ လျူကျန့်ကော်သည် သားငယ်လေး လျူကျင်းအား သေသေချာချာ စောင့်ရှောက်ပြုစုပေးမည့်သူတစ်ဦးကို မဖြစ်မနေ ရှာဖွေရန် လိုအပ်ပေသည်။ ဤသည်မှာ ကြင်ဖော်ကွယ်လွန်သွားခဲ့ရှာပြီး သားတစ်ဦးတည်းဖြင့် ဘဝကို ရုန်းကန်နေရသော မုဆိုးဖိုအဖေအတွက်မူတကယ့်ကို စိတ်မသက်မသာ ဖြစ်ရသည့် သောကဗျာပါဒတစ်ခုပင် ဖြစ်တော့သည်။

နောက်ဆုံးတွင်တော့... ဤမြို့တော်ကြီးအတွင်း သူ စိတ်ချယုံကြည်နိုင်သည့် တစ်ဦးတည်းသော ဇနီးမောင်နှံကိုသာ သွားသတိရလိုက်တော့သည်။

"သေချာတာပေါ့ မောင်ရင်ရာ... ကလေးကို ကျုပ်တို့လင်မယား မြေးအရင်းလေးလို သေသေချာချာ ပြုစုစောင့်ရှောက်ပေးထားပါ့မယ်။"

အဘိုးအိုကောင်းက လျူကျင်းလေးအား လှမ်း၍ ပွေ့ချီလက်ခံလိုက်စဉ်အတွင်း စိတ်အေးစေရန် ဆိုခဲ့သည်။ လျူကျန့်ကော်အနေဖြင့် မိမိ၏ အသက်တမျှ ချစ်ရသော သားငယ်လေးကို လမ်းခွဲနှုတ်ဆက်ရန်အတွက် အချိန်အတော်ကြာအောင် ရင်နင့်စွာ ကြိုးပမ်းခဲ့ရသော်လည်း၊ ဤသည်မှာ မဖြစ်မနေ လုပ်ဆောင်ရမည့် ကိစ္စရပ်တစ်ခုသာ ဖြစ်ပေသည်။

ကောင်းကင်ယံထက်၌ မှောင်မိုက်သော ညဉ့်အမှောင်ထုကြီး ကျရောက်လာခဲ့သည့် အချိန်တွင်မှ သမားတော်ကြီး လျူကျန့်ကော်နှင့် လီပေါ်ချင်တို့နှစ်ဦးသည် ရှောင်ဂိုဏ်း၏ အဆောက်အအုံကြီးဆီသို့ လျှို့ဝှက်စွာ ချဉ်းကပ်လာခဲ့ကြတော့သည်။ လျူကျန့်ကော်သည် သူ၏ မျက်နှာတစ်ခုလုံးကို လုံခြုံစွာ ဖုံးကွယ်ထားနိုင်ရန်အတွက် ကိုယ်ရုံဝတ်ရုံနက်ကြီးတစ်ခုကို ခြုံနှောင်ထားခဲ့သည်။ တစ်ပြိုင်နက်တည်းမှာပင် လီပေါ်ချင်ကမူ ၎င်း၏ ဂိုဏ်းဝင်တပည့်အဝတ်အစား ဖြစ်သော အပြာရောင်အနားသတ်များ ပါဝင်သည့် ‘ဝတ်ရုံဖြူ’ ကို ဆင်မြန်းထားပြီး၊ ခါးတွင်လည်း အပြာရောင်ခါးစည်းကြိုးကို သပ်ရပ်စွာ ပတ်ထားသည်။

သူ၏ လက်မောင်းတွင်မူ ၎င်းသည် ရှောင်ဂိုဏ်း၏ တရားဝင် ‘အတွင်းစည်းတပည့်’ ဖြစ်ကြောင်း သက်သေပြနေသည့် အပြာရောင်လက်ပတ်တစ်ခုကို တင်းကျပ်စွာ ချည်နှောင်ထားရှိသည်။ သူသည် ကျောပြင်ကို မတ်မတ်ဆန့်ပြီး ဦးခေါင်းကို အားမာန်အပြည့်ဖြင့် မော့ထားသော်လည်း၊ သူ၏ မျက်နှာ ဂနာမငြိမ်ပဲ ခြောက်ခြားတုန်လှုပ်နေသည်ကိုတော့ မည်သို့မျှ ဖုံးကွယ်ထားနိုင်ခြင်း မရှိခဲ့ချေ။

" ရပ် လိုက် စမ်း..."

သူတို့နှစ်ဦး ဂိုဏ်းတံခါးကြီး၏ ရှေ့မှောက် ဆယ်လှမ်းခန့်အကွာအဝေးသို့ ချဉ်းကပ်မိသွားသည့် ထိုအခိုက်အတန့်တွင်၊ ဂိုဏ်းတံခါးဝ၌ အစောင့်ကျနေသော ကင်းစောင့်ဂိုဏ်းသားတစ်ဦး၏ ဟိန်းဟောက်သံကြီး ထွက်ပေါ်လာသည်။

“ဘယ်သူလဲဟေ့….”

“ဂိုဏ်းရဲ့ တားမြစ်နယ်မြေထဲကို ညဉ့်နက်သန်းခေါင်အချိန်ကြီး ဘယ်သူ လာရဲတာလဲ!"

“အကိုကြီးတို့ ကျွန်တော်ပါဗျ…" ဟုလီပေါ်ချင်က ပြောလိုက်ရင်း ၎င်းတို့၏ ရှေ့မှောက်တွင် လက်နှစ်ဖက်ကို ရှေ့သို့ဆန့်ထုတ်ကာ သိုင်းလောက ထုံးစံအရဂါရဝပြုနှုတ်ဆက်လိုက်သည်။

"ဟဲဟဲ အကိုကြီးတို့ကလဲဗျာ... ရှောင်ဂိုဏ်းရဲ့ အတွင်းစည်းတပည့်တစ်ယောက်ကို အကိုတို့ မျက်စိရှေ့မှာ မြင်နေရပါလျက်နဲ့ မသိချင်ယောင် ဆောင်မနေကြပါနဲ့ဗျာ။"

လီပေါ်ချင်က စကားပြောနေစဉ်အတွင်း ၎င်း၏ ခန္ဓာကိုယ်ထဲမှ ကျင့်ကြံခြင်း စွမ်းအင်လှိုင်းကို ခပ်ဖွဖွလေး ထုတ်ဖော်လှုပ်ရှားပြလိုက်သည်။ ဤလုပ်ရပ်မှာ ကင်းစောင့်ဂိုဏ်းသားများကို ဟန့်တားအထင်ကြီးစေရန် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း လျူကျန့်ကော် ကောင်းကောင်းကြီး ရိပ်မိပေသည်။ သို့သော်လည်း သူ့အတွက်မူ ၎င်းစွမ်းအင်လှိုင်းက မည်မျှအထိ ပြင်းထန်သလဲဆိုသည်ကို ခန့်မှန်းရန် ခက်ခဲလှပေသည်။ အကြောင်းမူ အတိတ်တစ်ချိန်တုန်းက သူသည် ယခုထက် အဆပေါင်းများစွာ ပိုမိုကြောက်မက်ဖွယ်ကောင်းသော အထွတ်အထိပ် တန်ခိုးရှင်ကြီးများ၏ ဘေးနားတွင်သာ အမြဲ ကျင်လည်ခဲ့ဖူးသည့်အပြင်၊ ယခုအခါ ချီစွမ်းအင်ကြောများ ပျက်စီးနေသည့် မသန်မစွမ်းတစ်ဦး ဖြစ်သွားခဲ့ရသဖြင့် ပြင်ပလောက၏ စွမ်းအင်လှိုင်းများကို အာရုံခံနိုင်စွမ်းမှာလည်း များစွာ လျော့နည်းသွားခဲ့ရသောကြောင့်ပင် ဖြစ်သည်။

လျူကျန့်ကော်၏ အမြင်အာရုံထဲတွင် ခဏမျှ ပတ်ဝန်းကျင်ရှိအရာအားလုံး အစိတ်စိတ်အမြွမြွ ကွဲကြေသွားသလို မြင်လိုက်ရသည်။

"ငါတို့ မင်းကို သိတယ်ကွ... ညီလေး။"

အခြားသော ကင်းစောင့်ဂိုဏ်းသားတစ်ဦးက စူးရှသော လေသံဖြင့် ပြောလိုက်သည်။

"ဒါပေမဲ့ ငါတို့ မေးနေတာက မင်းနောက်မှာ ပုန်းရပ်နေတဲ့ အဲဒီလူရိပ်အကြောင်းပဲ။ သူက ဘယ်သူလဲ...ဘာလို့ မင်းက ငါတို့ ဂိုဏ်းတံခါးဝရှေ့အထိ အတင်း ခေါ်လာခဲ့ရတာလဲ။"

"အော်... ကျွန်တော့်မိတ်ဆွေကြီးက တကယ့်ထူးချွန်တဲ့ သမားတော်တစ်ယောက်မို့လို့ပေါ့ အစ်ကိုတို့ရာ။"

လီပေါ်ချင်က စိုးစဉ်းမျှ တုံ့ဆိုင်းခြင်းမရှိဘဲ ချက်ချင်း ပြန်ဖြေလိုက်သည်။

"ကျွန်တော်ကိုယ်တိုင် တောင်းပန်ပြီး ပင့်ဖိတ်ခဲ့လို့... သူက ကျွန်တော်တို့ရှောင်ဂိုဏ်းကြီး ကိုလူနာကုပေးဖို့ကြွလာတာဗျ"

ထိုစကားကြောင့်... နေရာတွင် ခဏမျှ တိတ်ဆိတ်ငြိမ်သက်သွားခဲ့ရရှာသည်။

"ဒီမယ် ညီလေး... မင်း ရဲ့ရယ်စရာပြက်လုံးကို ငါတို့တွေ မကြားချင်ယောင် ဆောင်ပေးလိုက်မယ်။"

အစောပိုင်းက ဟိန်းဟောက်ခဲ့သော ကင်းစောင့်ဂိုဏ်းသားက မျက်မှောင်ကြုတ်လျက် ပြောသည်။

"ငါ စေတနာနဲ့ အကြံပေးမယ်... ချက်ချင်း နောက်လှည့်ပြန်တော့။"

"အစ်ကိုတို့ စေတနာကိုတော့ ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်က ဘယ်လို ရယ်စရာပြက်လုံးမှ ပြောနေတာ မဟုတ်ဘူး။"

""ဒါဆိုရင်... မင်းက ကျင့်ကြံခြင်းစွမ်းအား လုံးဝမရှိတဲ့ ဒုက္ခိတတစ်ယောက်ကို ငါတို့ ဂိုဏ်းတံခါးဝအထိ ခေါ်လာတာပေါ့လေ..ဒါကိုမှ ပြက်လုံးလို့ မခေါ်ရင် ဘာကိုခေါ်ရမှာလဲ!"ဟု ဒုတိယမြောက် ကင်းစောင့်ဂိုဏ်းသားက မျက်နှာတစ်ခုလုံး အမျက်ဒေါသများဖြင့် နီမြန်းလာသည်။ "မင်း နောက်ပြောင်ချင်ရင်တောင်... ဒါက အရမ်း လွန်လွန်းတယ် မဟုတ်လား!"

"ကျွန်တော်တို့ဂိုဏ်းက ဆေးပညာတတ်တဲ့ သမားတော်မှန်သမျှကို ရှာနေတာ မဟုတ်ဘူးလား။"

လီပေါ်ချင်က ပြောပြောဆိုဆိုဖြင့် လျူကျန့်ကော်၏ ရှေ့တွင် ကာကွယ်ပိတ်ဆို့လျက် ဝင်ရောက်ရပ်တည်လိုက်သည်။

"ဒါဆိုရင် သူ့မှာကော... ဂိုဏ်းချုပ်ကြီးကို လာကုခွင့် မရှိဘူးလို့ ဘယ်သူက သတ်မှတ်ထားလို့လဲ။"

"ညီလေး... မင်း တကယ်ပဲ ဘာတွေ လုပ်နေလဲဆိုတာ ကိုယ့်ကိုယ်ကိုယ် သေသေချာချာ နားလည်ရဲ့လား။ မင်းရဲ့ ဒီလို မိုက်မဲတဲ့ လုပ်ရပ်နောက်ကွယ်က အကျိုးဆက်တွေက—"

" ဘာတွေ ဆူညံနေကြတာတုန်း.."

ထိုစဉ်... သူတို့အားလုံး၏ နောက်ကွယ်ဆီမှ အေးစက်တည်ငြိမ်ပြီး အရှိန်အဝါ ကြီးမားလှသော အသံဗလံတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့ချေတော့သည်။

ထိုအခိုက်အတန့်တွင် ရှိရှိသမျှသော မျက်ဝန်းအစုံမှန်သမျှသည် ထိုအသံထွက်ပေါ်လာရာ အရပ်ဆီသို့ ချက်ချင်းပင် ဝဲကျသွားခဲ့ကြတော့သည်။ ထိုနေရာတွင် ရပ်တည်နေသည်မှာ အသက် (၁၀) နှစ်ပင် မပြည့်သေးသည့် ကလေးငယ်တစ်ဦး ဖြစ်ပေသည်။ သူသည် အပြာနှင့် အဖြူရောင် ရောစပ်ထားသည့် အလွန်ပင် သပ်ရပ်လှပသော အကောင်းစားဝတ်ရုံတော်ကို ဆင်မြန်းထားသည်။ လီပေါ်ချင်၏ ဝတ်ရုံမှာ အပြာရောင်အနားသတ်များ ပါဝင်သည့် ‘ဝတ်ရုံဖြူ’ မျှသာ ဖြစ်သော်လည်း၊ ဤကလေးငယ်၏ ဝတ်ရုံတော်မှာမူ အဖြူရောင် ကော်လာနှင့် အဖြူရောင် ခါးစည်းကြိုးတို့ဖြင့် သပ်ရပ်စွာ ပတ်သန်းထားသည့် ‘အပြာရင့်ရောင် ဝတ်ရုံတော်’ ဖြစ်ပေသည်။ သူ၏ လက်ထဲတွင်မူ သကြားလုံးထုပ်ကလေးတစ်ထုပ်ကို ကိုင်စွဲထားပြီး၊ ထိုအထဲမှ သကြားလုံးတစ်လုံးကို အားရပါးရ ဝါးစားနေခဲ့ချေသည်။

သူ၏ လက်မောင်းတွင် တင်းကျပ်စွာ ချည်နှောင်ထားသည့် လက်ပတ်ကလေးမှာမူ... ‘အဝါရောင် လက်ပတ်’ ဖြစ်ပေသည်။

သူ ထွက်လာသည်နှင့် ချက်ချင်းပင် ကင်းစောင့်ဂိုဏ်းသားများအားလုံး ရုတ်တရက် ထိတ်လန့်တုန်လှုပ်သွားကြသည်။ ထို့နောက် တဆက်တည်း ခေါင်းငုံ့အလေးပြုရင်း

"မင်္ဂလာပါ... သခင်လေး ရှောင်နန်!" ဟုပြောလိုက်သည်။

ထိုကလေးငယ်သည် သူတို့ကို ခဏမျှ တိတ်ဆိတ်စွာ စိုက်ကြည့်နေမိသည်။ ထို့နောက် ခပ်တည်တည်ပင် သကြားလုံးတစ်လုံးကို ပါးစပ်ထဲသို့ ပစ်ထည့်လိုက်ပြီး အသံကျယ်လောင်စွာဖြင့် ဝါးစားလိုက်ပြန်သည်။

"နှုတ်ဆက်တာတွေကတော့ နားထောင်လို့ ကောင်းပါတယ်။" ထိုကလေးငယ်က တည်ငြိမ်စွာပင် ပြောလိုက်သည်။

"ဒါပေမဲ့ မင်းတို့နှုတ်ဆက်တာက ငါ့မေးခွန်းကိုတော့ အဖြေမပေးနိုင်သေးဘူး ဖြစ်နေတယ်။ မဟုတ်မှလွဲရော... မင်းတို့ နားတွေ ကန်းသွားလို့လား။"

"သခင်လေး ရှောင်နန်..." လီပေါ်ချင်သည် ကင်းစောင့်ဂိုဏ်းသားများ မတားနိူင်ခင်မှာပင် အလန့်တကြား အော်ဟစ်လိုက်မိရင်း၊ ဒူးထောက်ချလိုက်တော့သည်။

"ကျွန်တော်က ရှောင်ဂိုဏ်းဆီကို တကယ်တော်တဲ့ သမားတော်တစ်ယောက် ခေါ်လာတာပါ။ ကျွန်တော့်အနေနဲ့... သူက ဂိုဏ်းချုပ်ကြီးကို ကုပေးနိုင်လိမ့်မယ်လို့ ထင်လို့ပါခင်ဗျာ"

"သခင်လေး... ဒီငမိုက်သားစကားကိုနားမထောင်ပါနဲ့ …ကျွန်တော်တို့ချက်ချင်း ဂိုဏ်းအပြင်ကိုရိုက်ထုတ်…ထုတ်..”

"ရတယ် ထားလိုက်.."

"ဟုတ်ကဲ့ သခင်လေး... ဟင် ..ဘာ..ဘာကို."

"ငါက ထားလိုက်လို့ပြောနေတယ်လေ" ရှောင်နန်က ပျင်းရိငြီးငွေ့ဖွယ် မျက်နှာထားဖြင့် ဆိုလိုက်သည်။ "ငါ့ဘက်က သူတို့ကိုဝင်ဖို့ ခွင့်ပြုလိုက်ပြီ။ မင်းတို့ ဘာမှမဖြစ်ဘူး... သူတို့အတွက် ဂိုဏ်းတံခါးကြီးကို အခုချက်ချင်း ဖွင့်ပေးလိုက်။"

"ဒါ... ဒါပေမဲ့ သခင်လေးရာ!" ပထမဆုံး ကင်းစောင့်ဂိုဏ်းသားမှာ စကားပင် အသည်းအသန် ထစ်အ သွားရရှာသည်။

"ချီစွမ်းအင် မရှိတဲ့ မသန်မစွမ်းတစ်ဦးကို ကျွန်တော်တို့ ရှောင်ဂိုဏ်းရဲ့ မြင့်မြတ်လှတဲ့ နယ်မြေထဲကို ဘယ်လိုနည်းနဲ့မှ ပေးမဝင်နိုင်ပါဘူးခင်ဗျာ!"

"ငါတို့က အပြင်က တခြားသိုင်းဂိုဏ်းကြီးတွေဆီ အကူအညီတောင်းရမှာ ကြောက်လို့... ဒီအရှေ့ဘက် ဆိပ်ကမ်းမြို့တော်ထဲက သမားတော်တွေကို အကုန် သိမ်းကျုံးပြီး ဖိတ်ခဲ့ကြတာ မဟုတ်ဘူးလား။" ရှောင်နန်က မျက်လုံးတစ်ချက် လှန်ကြည့်ရင်း ပြန်ပြောလိုက်သည်။

"ငါကိုယ်တိုင်လည်း ဒါကို သဘောမပေါက်နိုင်ဘူးဆိုပေမဲ့၊ ဒါက ဦးလေးကိုယ်တိုင် ရွေးခဲ့တဲ့ အကြံပဲလေ..အခုလဲ သူတို့က ငါတို့ အမိန့်ထုတ်ထားတဲ့အတိုင်း လာကုတာမလား..၊ ငါတို့ဘက်က မကျေမနပ်ဖြစ်ပြီး ငြင်းပိုင်ခွင့် ရှိလို့လား ..ကဲ တံခါးကို ဖွင့်ပေးလိုက်စမ်း။"

ထိုကလေးငယ်၏ စကားလုံးများကြောင့် ကင်းစောင့်ဂိုဏ်းသားများ၏ မျက်ဝန်းအစုံမှာ ပိုမိုပြူးကျယ်သွားခဲ့ရပြီး— "ဒါ... ဒါပေမဲ့..."

ရှောင်နန် ဒေါသထွက်ကာ မျက်မှောင်ကြုတ်လိုက်သည်။

— "မင်းလိုအဆင့်နဲ့များ ငါ့ကို စောဒကတက်ပိုင်ခွင့် ရှိနေတယ်လို့ ထင်နေလား.. ဂိုဏ်း... တံခါး... ကို... ချက်ချင်း... ဖွင့်... စမ်း..."

ထိုစူးရှလှသော အကြည့်တစ်ချက်တည်းနှင့်တင် ကင်းစောင့်ဂိုဏ်းသားများအားလုံး လန့်ဖျန့်သွားကြကာ၊ ရှောင်နန်၏ မျက်ဝန်းများကို ရင်ဆိုင်ကြည့်ဝံ့ခြင်းမရှိတော့ဘဲ ဦးခေါင်းများကို မြေပြင်သို့ အမြန်နှိမ့်ချလိုက်ကြတော့သည်။ သူတို့သည် စကားတစ်လုံးမျှ ထပ်မံမဟရဲတော့ဘဲ ရှောင်နန်၏ အမိန့်တော်အတိုင်း ဂိုဏ်းတံခါးကြီးကို တိတ်ဆိတ်စွာပင် ဖွင့်လှစ်ပေးလိုက်ကြရချေတော့သည်။

"ဟေး... ခင်ဗျား!" ရှောင်နန်က မြေပြင်ပေါ်တွင် ဒူးထောက်ဝပ်စင်းနေဆဲဖြစ်သော လီပေါ်ချင်ဘက်သို့ လှည့်ကာ လှမ်း၍ ဆိုလိုက်သည်။

"ဗျာ... ဗျာ... သခင်လေး" လီပေါ်ချင်တစ်ယောက် တုန်တုန်ရီရီဖြင့် ပြန်လည်ထူးလိုက်ရှာတော့သည်။

"ခင်ဗျားအနေနဲ့ ကျွန်တော်က ကူညီလိုက်တယ်လို့ ထင်နေလိမ့်မယ်။ ဒါပေမဲ့... တကယ်လို့ ခင်ဗျားခေါ်လာတဲ့ သမားတော်က အသုံးမကျရင် ခင်ဗျားကံကြမ္မာ ဘာဖြစ်သွားမလဲဆိုတာ ကောင်းကောင်းကြီး သိတယ်မဟုတ်လား။ ကျွန်တော့်ဦးလေးက လူ‌ဖြောင့်စိတ်တိုဗျ၊ သူ့အချိန်လာဖြုန်းတာတို့ မျှော်လင့်ချက်အမှားတွေလာပေးတာတို့ဆို အရမ်းရွံတာ။ အခု ခင်ဗျားလုပ်နေတဲ့ပုံစံကတော့ အဲဒီအချက်နှစ်ခုစလုံးကို ကျူးလွန်မိတော့မယ့်ပုံ ပေါက်နေတာပဲ။"

လီပေါ်ချင် တံတွေးတစ်ချက်ကို ခပ်ခက်ခက် မြိုချလိုက်မိရင်း— "ကျွန်တော် သဘောပေါက်ပီးသားပါ... သခင်လေး။" ဟု ဆိုလိုက်သည်။

"အေး... သိထားရင် ပြီးတာပဲ။ ကြိုပြောထားတာ..ပီးမှ ဖင်ပိတ်ပြေးမယ်မကြံနဲ့…။"

ဂိုဏ်းတံခါးကြီး ပွင့်သွားပြီဖြစ်ရာ၊ သခင်လေး ရှောင်နန်သည် ‘ရှောင်ဂိုဏ်း’ ၏ ခံ့ညားထည်ဝါလှသော ဝင်းခြံကျယ်ကြီးအတွင်းသို့ ခြေလှမ်းကျဲကာ အရင်ဆုံး ဝင်သွားသည်။

လီပေါ်ချင်နှင့် သမားတော်ကြီး လျူကျန့်ကော်တို့နှစ်ဦးစလုံးသည်လည်း ‌သခင်လေးရှောင်နန်၏ နောက်မှ အသာလေး ကပ်လိုက်သွားတော့သည်။

All Chapters