အခန်း ၃၂.၄
Vol. 4 Ch. 32.4
ကြားဖြတ်အခန်း။ လျူကျန့်ကော်၏ အတိတ်နေ့ရက်များ..(အပိုင်း ၄)
'ရှောင်ဂိုဏ်း' ၏ ဝင်းခြံကျယ်ကြီးကို စနစ်တကျ စစ်ဆေးကြည့်မည်ဆိုပါက အဝိုင်းပတ်သဏ္ဌာန် နယ်မြေသုံးခုအဖြစ် ခွဲခြားထားနိုင်ပေသည်။
ပထမဆုံးနယ်မြေမှာ ဂိုဏ်းတံခါးကြီး၏ ကပ်လျက်နောက်ကွယ်တွင် တည်ရှိသော 'အပြင်စည်းနယ်မြေ' ဖြစ်သည်။ ထိုနေရာသည် ကျယ်ဝန်းလှသော ကွင်းပြင်ကြီးများဖြင့် ပြည့်နှက်နေပြီး 'အပြင်စည်းတပည့်' များ နေထိုင်ကျင့်ကြံရာ အဆောင်အယောင်များ တည်ရှိကြသည်။ ထိုနယ်မြေကို ကျော်လွန်သွားခဲ့ပြီးနောက်တွင်မူ 'အလယ်စည်းနယ်မြေ' သို့ ရောက်ရှိပေလိမ့်မည်။ ၎င်းသည် အပြင်စည်းနယ်မြေနီးပါး အကျယ်အဝန်းရှိသော်လည်း၊ ဆောက်လုပ်ထားသော ဗိသုကာလက်ရာများနှင့် အဆောက်အအုံများမှာမူ ယခုထက် အဆပေါင်းများစွာ ပိုမိုနုနယ်ဆန်းပြားလှပေသည်။
ထို့နောက်တွင်မူ... 'အတွင်းစည်းနယ်မြေ' သို့ ဆိုက်ရောက်ပေတော့မည်။ ၎င်းသည် အရှေ့က နယ်မြေနှစ်ခုထက် အကျယ်အဝန်း ပိုမိုသေးငယ်သော်လည်း၊ ဗိသုကာလက်ရာများ၏ ထည်ဝါခိုင်ခံ့မှုအပိုင်းတွင်မူ ကောင်းကင်နှင့်မြေကြီးလို ကွာခြားလှပေသည်။ ထိုနေရာရှိ အဆောက်အအုံများမှာ ရှောင်ဂိုဏ်း၏ စံနှုန်းမြင့်မားလှသော အမြင်များနှင့်ယှဉ်လျှင်ပင် အလွန်အမင်း ခံ့ညားထည်ဝါလွန်းလှသဖြင့် ငေးမောအံ့ဩရပေသည်။ ထို့ပြင် ထိုနယ်မြေအတွင်းရှိ လေထုကြီးတစ်ခုလုံးသည်ပင် လောကီအညစ်အကြေးများ ကင်းစင်ကာ ပိုမိုသန့်စင်လန်းဆန်းနေသကဲ့သို့ ခံစားရချေသည်။ သေချာပေါက်ပင်... ဤနေရာသည် 'ပင်မစည်းတပည့်' များနှင့် ထိပ်သီးအကြီးအကဲများမှလွဲ၍ အခြားသူများ ခြေချခွင့်မရှိသော 'တားမြစ်နယ်မြေ' အစစ်အမှန်ပင် ဖြစ်တော့သည်။
ဤနယ်မြေသုံးခုစလုံးကို တင်းကျပ်လှသော ကင်းစောင့်စစ်ဆေးရေးဂိတ်များဖြင့် စောင့်ကြပ်ပိတ်ဆို့ထားရှိသည်။ သို့သော်ငြားလည်း ယခုခရီးစဉ်တွင် သခင်လေး ရှောင်နန်ကိုယ်တိုင် ဘေးနားကနေ ဝန်းရံလိုက်ပါလာခဲ့သဖြင့်၊ လီပေါ်ချင်နှင့် သမားတော်ကြီး လျူကျန့်ကော်တို့နှစ်ဦးအနေဖြင့် ထိုစစ်ဆေးရေးဂိတ်အားလုံးကို မည်သည့်အခက်အခဲမျှမရှိဘဲ လွယ်ကူစွာ ဖြတ်ကျော်ခွင့် ရခဲ့သည်။အကယ်၍သာ ယခုအချိန်သည် ညဉ့်နက်သန်းခေါင်အချိန် မဟုတ်ခဲ့ပါက၊ ချီစွမ်းအင် လုံးဝမရှိသည့် မသန်မစွမ်းတစ်ဦး ဤနေရာသို့ ဝင်ရောက်လာမှုကြောင့် ဂိုဏ်းတစ်ခုလုံး ဟိုးဟိုးကျော်ကာ ကြီးမားသော အုတ်အော်သောင်းနင်း ဖြစ်ရပ်ကြီး ဖြစ်ပွားသွားနိုင်သော်လည်း၊ ယခုမူ လူအများစုမှာ အိပ်မက်ကမ္ဘာဆီသို့ ရောက်ရှိနေကြပြီ ဖြစ်သောကြောင့် အဆင်ပြေနေခြင်း ဖြစ်၏။
သို့ရာတွင်... လူတိုင်းတော့ အိပ်ပျော်နေကြသည် မဟုတ်ပေ။ သမားတော်ကြီး လျူကျန့်ကော်သည် မှောင်မိုက်သော အရိပ်အာဝါသများကြားထဲမှ မိမိတို့အဖွဲ့အား တိတ်တဆိတ် ချောင်းမြောင်းကြည့်ရှုနေကြသော စူးစမ်းလိုသည့် မျက်ဝန်းအချို့ကို ကောင်းကောင်းကြီး အကဲခတ်မိပေသည်။ ၎င်းတို့မှာ ယခုအချိန်အထိ အိပ်ရာမဝင်ကြသေးသော ဂိုဏ်းသားအချို့နှင့် အစေအပါးများသာ ဖြစ်ကြ၏။
"ဝိုးးးးကျွန်တော် ဂိုဏ်းရဲ့ ဒီလောက်အထိ နက်ရှိုင်းတဲ့ အတွင်းစည်းနယ်မြေထဲကို တစ်ခါမှ ခြေချခွင့်မရဖူးဘူး ဆရာကြီး"
လျူကျန့်ကော်တို့နှစ်ဦး နောက်ဆုံး စစ်ဆေးရေးဂိတ်ကို ဖြတ်ကျော်ပြီးသည်နှင့် လီပေါ်ချင်က သူ့အနားသို့ တိုးကပ်ကာ တုန်ရီသော လေသံဖြင့် ခပ်တိုးတိုး ကပ်ပြောရှာသည်။ လက်ရှိ ရင်တထိတ်ထိတ် ဖြစ်နေရသော အခြေအနေဆိုးကြားထဲမှာပင်... ထိုလူငယ်၏ ရင်တွင်းမှ စိတ်လှုပ်ရှားတက်ကြွမှုနှင့် အံ့ဩမှင်သက်မှုများကတော့ အတိုင်းထက်အလွန် ပေါ်လွင်နေခဲ့သည်။
လျူကျန့်ကော်အနေဖြင့် ထိုလူငယ် ဘာကြောင့် ဤမျှအထိ စိတ်လှုပ်ရှားနေရသလဲ ဆိုသည့်အချက်ကို ကောင်းကောင်းကြီး စာနာနားလည်ပေးနိုင်ပေသည်။
အကြောင်းမူ... ရှောင်ဂိုဏ်း ဝင်းခြံကျယ်ကြီး၏ ဗဟိုချက်မ တည့်တည့်တွင် တည်ရှိသော၊ သူတို့၏ မျက်စိရှေ့မှောက်၌ ခံ့ညားထည်ဝါစွာ ပေါ်ထွက်လာခဲ့သည့် 'ပင်မအဆောင်တော်ကြီး' ၏ မြင်ကွင်းမှာ တကယ့်ကို ကောင်းကင်ဘုံ နတ်နန်းတစ်ခုအလား... ရင်သပ်ရှုမောဖွယ်ရာ ခမ်းနားကြီးကျယ်လွန်းလှသောကြောင့်ပင် ဖြစ်တော့သည်။
လူတိုင်းက ထိုနေရာကို အဆောင်တော်ဟုသာ သမုတ်ကြသော်လည်း၊ လက်တွေ့တွင်မူ ‘နတ်နန်းဗိမာန်ကြီး’ တစ်ခုနှင့် ပိုမိုတူညီလှပေသည်။ ၎င်း၏ ထုထည်ကြီးမားလှသော အကျယ်အဝန်းကလည်း နတ်နန်းတစ်ခုအဖြစ် သတ်မှတ်ရန်အတွက် အလုံအလောက်ထက်ပင် ပိုမိုပြည့်စုံလှပေ၏။ ဤကြီးကျယ်လှသော အဆောက်အအုံကြီးကို ‘အရှေ့ဘက် ဆိပ်ကမ်းမြို့တော်’ ၏ အဝေးဆုံးသော ပြင်ပရပ်ကွက်များဆီကနေပင် လှမ်း၍ ကွက်ကွက်ကွင်းကွင်း မြင်တွေ့နိုင်ပေသည်။
အဆောက်အအုံကြီးသည်အထပ်ပေါင်းများစွာ မြင့်မားလှသော အဝိုင်းပတ်ပုံစံ အဆောက်အအုံကြီးဖြစ်ပြီး၊ ခေါင်မိုးများကို အုတ်ကြွပ်ပြားများဖြင့် မွမ်းမံကာ အောက်ခြေကိုမူ ကျောက်စိမ်းတုံးများ နှင့်စကျင်ကျောက်တုံးများဖြင့် အခိုင်အမာ တည်ဆောက်ထားခြင်း ဖြစ်သည်။ ပင်မတံခါးကြီးဆီသို့ ဦးတည်ထားသည့် မြင့်မားလှသော ကျောက်လှေကားထစ်ပေါင်းများစွာသည် ဤမြို့တော်အတွင်း၌ ကြီးပြင်းလာခဲ့ရသော သာမန်လူသားမှန်သမျှကို မြင်ရုံမျှဖြင့်တင် ရင်ဒူးတုန်ကာ ကြောက်ရွံ့ထိတ်လန့်သွားစေလောက်ပေသည်။
"ကျွန်တော့်နောက်ကနေ ငြိမ်ငြိမ်လေး လိုက်ခဲ့ကြ။" ဟုသခင်လေး ရှောင်နန်က တည်ငြိမ်စွာပင် ပြောလိုက်သည်။
"အထူးတလည် ပြောနေစရာမလိုဘူး ထင်တယ်နော်... အခုအချိန်မှာတော့ ခင်ဗျားတို့နှစ်ယောက်လုံးအတွက် နောက်ဆုတ်ဖို့ လမ်း လုံးဝမရှိတော့ဘူးဆိုတာကိုပေါ့။"
ဂိုဏ်းသား လီပေါ်ချင် သည် စိတ်ထဲတွင် တုန်လှုပ်စွာဖြင့် တံတွေးတစ်ချက်ကို ဂလုခနဲမြိုချလိုက်မိသည်။ သို့ရာတွင် သူခြေလှမ်းများကိုမူ နောက်တွန့်မသွားဘဲ ဆက်လက်လျှောက်လှမ်းနေသည်။
အဆောင်တော်တံခါးကြီးဝ၌ စောင့်ကြပ်နေကြသော ကင်းစောင့်ဂိုဏ်းသားများက သူတို့အား အတင်းအကျပ် ဝင်ရောက်တားဆီးရန် ကြိုးပမ်းခဲ့ကြသေးသည်။ ၎င်းတို့သည် ရှေ့က ဖြတ်သန်းခဲ့ရသော ရဲမက်များထက်မက ပိုမိုပြတ်သားစွာဖြင့် ငြင်းဆန်ခဲ့ကြသော်လည်း၊ သခင်လေး ရှောင်နန်သည် သူ၏ဂုဏ်အဆင့်အတန်းဖြင့် ထိုသူအားလုံးကို လမ်းဘေးသို့ ချက်ချင်းပင် ဖယ်ရှားလိုက်သည်။
သမားတော်ကြီး လျူကျန့်ကော်အနေဖြင့် ဤကလေးငယ်သည် ရှောင်ဂိုဏ်းအတွင်း၌ မည်မျှအထိ ကြီးမားသော အရိုအသေပေးမှုကို ရရှိထားသလဲဟူသောအချက်ပေါ်တွင် အံ့ဩချီးကျူးမိရသည်။ သာမန်အားဖြင့် အဆင့်နိမ့်ရဲမက်များဟူသည် အထက်လူကြီးများ၏ အမိန့်အာဏာစက်ရှေ့မှောက်တွင် ဦးညွှတ်ရိုးထုံးစံ ရှိကြသော်လည်း၊ ဤပင်မအဆောင်တော်ကြီးကို စောင့်ကြပ်ရသော အဆင့်မြင့် အစောင့်များမှာမူ တချို့ကိစ္စများကို ကိုယ်ပိုင်ဆုံးဖြတ်နိူင်ခွင့်ရှိကြသည်။
အကယ်၍ အဆင့်မြင့် အစေအပါးများကပင် ဤသခင်လေး ၏ အမိန့်ကို ဤမျှလွယ်ကူစွာ နာခံနေကြရသည်ဆိုပါက၊ သူသည် ဤရှောင်ဂိုဏ်းအတွင်း၌ အလွန်ပင် အရှိန်အဝါကြီးမားလှသော အထူးပုဂ္ဂိုလ်တစ်ဦး ဖြစ်နေကြောင်း ထင်ရှားလှပေသည်။
သို့သော်ငြားလည်း... သူတို့၏ ကံကောင်းမှု ကာလသည် ရှည်ကြာစွာ မတည်တံ့နိုင်ခဲ့ချေ။ သခင်လေး ရှောင်နန်သည် သူတို့နှစ်ဦးအား ထိုနတ်နန်းကြီး၏ အနက်ရှိုင်းဆုံးသော အတွင်းဆောင်များဆီသို့ လမ်းညွှန်ခေါ်ဆောင်သွားရန် အစပြုလိုက်သည့် အခိုက်အတန့်တွင်ပင်၊ သူတို့၏ နောက်ကွယ်ဆီမှနေ၍ ဟိန်းဟောက်လှသော အသံဗလံတစ်ခု အသံကျယ်ကြီးတခု ထွက်ပေါ်လာလေသည်။
"သခင်လေး...ဒါ ဘာလုပ်တာလဲ.. ဂိုဏ်းရဲ့ တားမြစ်နယ်မြေ ပင်မအဆောင်တော်ကြီးထဲကို သာမန် အတွင်းစည်းတပည့်တစ်ယောက်ကို ခေါ်လာတာလား... ဒါက ဘယ်လိုအဓိပ္ပာယ်လဲဆိုတာကို ကျုပ်ကို နည်းနည်းလောက် ရှင်းပြပေးစမ်းပါဦး"
သမားတော်ကြီး လျူကျန့်ကော်၏ နှုတ်ခမ်းအစုံသည် ခပ်စေ့စေ့ ဖြစ်သွားကာနောက်သို့ ဖြည်းညှင်းစွာ လှည့်ကြည့်လိုက်မိသည်။ သူတို့အား လှမ်း၍ ဟန့်တားလိုက်သော ထိုပုဂ္ဂိုလ်သည် ဦးခေါင်းတစ်ခုလုံး ဆံပင်ဖြူများဖြင့် ပြည့်နှက်နေပြီး၊ နှုတ်ခမ်းထက်တွင်လည်း သပ်ရပ်စွာ ရိတ်သင်ထားသည့်နှုတ်ခမ်းမွှေးတစ်စုံ ရှိနေပေသည်။ သူသည် လေးထောင့်ကျကျ မေးရိုးမျိုး ရှိပြီး မျက်နှာတစ်ခုလုံးသည်လည်း မျက်နှာထားမှာ အလွန်အမင်း တည်ကြည်ခက်ထန်လွန်းလှပေသည်။
သို့သော်လည်း ထိုအချက်များက သူ့ထံတွင် အထင်ရှားဆုံးသော အရာများတော့ လုံးဝမဟုတ်ခဲ့ချေ။ အကြောင်းမူ ထိုသူသည် သာမန် အစေအပါးများ ဝတ်ဆင်တတ်သော အဝတ်အစားမျိုးကို ဆင်မြန်းထားခြင်း မရှိသလို၊ သာမန် ဂိုဏ်းသား တပည့်များကဲ့သို့လည်း ဝတ်ဆင်ထားခြင်းမျိုး မရှိခဲ့ချေ။
ထိုသူသည် ရွှေရောင်ချုပ်ရိုးချုပ်သားများဖြင့် အနုစိတ်ခြယ်သထားသည့် ‘အပြာရင့်ရောင် ဝတ်ရုံတော်’ ကို ခံ့ညားထည်ဝါစွာ ဆင်မြန်းထားသည်။ ထိုအချက်နှင့်အတူ ထိုသူ့ထံမှ တားဆီး၍မရလောက်အောင် လျှံထွက်နေသည့် ချီစွမ်းအင်လှိုင်း အရှိန်အဝါကြီးမားမှု၊ ထို့ပြင် ဘေးနားရှိ လီပေါ်ချင်၏ မျက်နှာတစ်ခုလုံး ရုတ်တရက် သွေးဆုတ်ဖြူလျော်သွားပုံတို့ကို ပေါင်းစပ်ကြည့်ရှုပြီးနောက် သမားတော်ကြီး လျူကျန့်ကော်၏ စိတ်ထဲ၌ ကောက်ချက်တခုချလိုက်သည်။
ဤပုဂ္ဂိုလ်ကား... ‘ရှောင်ဂိုဏ်း’ ၏ ထိပ်သီး ‘ဂိုဏ်းအကြီးအကဲ’ တစ်ဦး ဖြစ်ပေမည်။
"အကြီးအကဲဂန်းက လူကြီးတယောက်ပဲဟာ..ကျွန်တော်ဘာလုပ်လဲ နားမလည်ဘူးလားဗျ..”
သခင်လေး ရှောင်နန်သည် သူ့ရှေ့တွင် ဂိုဏ်း၏ ထိပ်သီးအကြီးအကဲတစ်ဦး ရှိနေသည်ကို စိုးစဉ်းမျှ ဂရုမစိုက်ဟန်ဖြင့် တည်ငြိမ်စွာပင် ပြောလိုက်သည်။
"ဒီက အတွင်းစည်းတပည့်လေးက ဦးလေးကျန်းမာရေးအတွက် တကယ်စိတ်ပူလို့... ကျွန်တော်တို့ဆီကို သမားတော်ကောင်းတစ်ယောက် ခေါ်လာပေးတာဗျ။"
"သမားတော် ဟုတ်လား..." အကြီးအကဲဂန်းက ရေရွတ်လိုက်ရင်း လျူကျန့်ကော်ရှိရာဘက်သို့ စူးရှသော မျက်ဝန်းအစုံဖြင့် စိုက်ကြည့်လိုက်မိသည်။
အတိတ်တစ်ချိန်တုန်းကဆိုလျှင် ထိုသူ၏ ကျင့်ကြံခြင်းအရှိန်အဝါ အကြည့်မျိုးသည် လျူကျန့်ကော်အတွက် စိုးစဉ်းမျှ အရေးစိုက်စရာ ဒုက္ခမဟုတ်ခဲ့ပေ။ သို့သော်လည်း ယခုအခါတွင်မူ သူသည် ချီစွမ်းအင်ကြောများ ပျက်စီးနေသည့် မသန်မစွမ်းတစ်ဦး သက်သက်မျှသာ ဖြစ်ပေသည်။ ဤအခြေအနေတွင် ၎င်း၏ မျက်ဝန်းများကို တည့်တည့်ရင်ဆိုင်ကြည့်မိပါက ရိုင်းစိုင်းစော်ကားရာကျပြီး ရန်ငြိုးဖွဲ့သလို ဖြစ်သွားနိုင်သဖြင့်၊ သမားတော်ကြီးသည် မိမိ၏ နှုတ်ခမ်းကို အသာခဲလျက် ဦးခေါင်းကို မြေပြင်သို့ ဖြည်းညှင်းစွာ နှိမ့်ချလိုက်မိသည်။ တစ်ပြိုင်နက်တည်းမှာပင် ထိုဂိုဏ်းအကြီးအကဲက သူ့အား ခြေဆုံးခေါင်းဆုံး အကဲခတ်လိုသော မျက်ဝန်းများဖြင့် စစ်ဆေးနေသည်ကို ခံစားလိုက်ရပေသည်။
သေချာပေါက်ပင်... ထိုသူ၏ ကျင့်ကြံခြင်းအမြင်တွင် လျူကျန့်ကော်သည် စံနှုန်းမမီသည့် အားနည်းသူတစ်ဦးအဖြစ်သာ မြင်တွေ့သွားခဲ့ရချေပြီ။
"ဒီလူက ချီစွမ်းအား လုံးဝမရှိတဲ့ ဒုက္ခိတတစ်ယောက်ပဲဥစ္စာ။"
အကြီးအကဲဂန်းက လေးနက်စွာ ပြောလိုက်သည်။ သူ၏ လေသံထဲတွင် မနာလိုဒေါသ သို့မဟုတ် စက်ဆုပ်ရွံရှာမှု အရိပ်အယောင်မျှပင် ရှိမနေခဲ့ဘဲ၊ လောက၏ ရိုးရိုးသာမန် သဘာဝတရားတစ်ခုကို ပြောဆိုနေသည့်အလား အလွန်ပင် ခပ်အေးအေး ဖြစ်နေခဲ့ပေသည်။
"မင်းက ဒီလို ဒုက္ခိတတစ်ယောက်ကို ဂိုဏ်းရဲ့ ပင်မအဆောင်တော်ကြီးထဲအထိ ပေးဝင်လိုက်တယ်ပေါ့။"
"ကျွန်တော်သိတယ်လေ…" ရှောင်နန်က စိုးစဉ်းမျှ တုန်လှုပ်ခြင်းမရှိဘဲ ခပ်အေးအေးပင် ပြန်ပြောလိုက်သည်။ "ဒါပေမဲ့ ဘာပဲဖြစ်ဖြစ်... သမားတော်ဆိုတာ သမားတော်ပါပဲ။ ကျွန်တော်ပြောတာ မှားလို့လား။"
"ဒီခလေးကတော့လေ ... မင်း တကယ်ပဲ ဘာတွေ လုပ်နေလဲဆိုတာ သေသေချာချာ သိရဲ့လား။" အကြီးအကဲဂန်း၏ လေသံထဲတွင် နောက်ဆုံး၌ စိတ်မရှည်မှုနှင့် အမျက်ဒေါသရိပ်များ တဖြည်းဖြည်း လွှမ်းမိုးလာသည်။
"တကယ်လို့ ဒီကိစ္စသာ အပြင်ကို သတင်းပေါက်သွားရင် ဘာတွေ ဖြစ်လာမလဲဆိုတာ မင်း စဉ်းစားဖူးရဲ့လား။ မင်း ဒီဒုက္ခိတကို ဒီနေရာအထိ ခေါ်လာတာကို... ဂိုဏ်းရဲ့ အပြင်စည်း၊ အတွင်းစည်းတပည့် ဘယ်နှစ်ယောက်တောင် ချောင်းကြည့်နေခဲ့ကြလဲဆိုတာ မင်း သိရဲ့လား။"
" ဂိုဏ်းအကြီးအကဲခင်ဗျာ..." သခင်လေးရှောင်နန်က ပြန်ပြောလိုက်သည်။
"ကျွန်တော် အကြီးအကဲရဲ့ အသက်အရွယ်နဲ့ အမြင်ကို လေးစားပါတယ်၊ ဒါပေမဲ့ တစ်ခုတော့ ပြန်ပြောပါရစေ။ ဦးလေးရဲ့ ရောဂါသတင်းက အခုအချိန်မှာ ‘အရှေ့ဘက် ဆိပ်ကမ်းမြို့တော်’ တစ်ခုလုံးမှာ လူတိုင်း ကွယ်ရာမှာ အတင်းပြောနေကြတဲ့ ကိစ္စကြီး ဖြစ်နေပြီဗျ။ ကျွန်တော်တို့ဘက်က ဒုက္ခိတတစ်ယောက်ကို ခေါ်လာရုံနဲ့တော့ သူတို့တွေ ဒီထက်ပိုပြီး ကောလာဟလတွေ ဖြန့်နေကြတော့မှာ မဟုတ်ပါဘူး။ ဒါ့အပြင် ကျွန်တော်တို့က မြို့တော်ရဲ့ အတော်ဆုံး ‘နတ်ဆေးသမားတော်ကြီး ဝူ’ ကိုယ်တိုင် ပင့်ဖိတ်ကုခိုင်းခဲ့ပြီးပြီလေ၊ ဒါပေမဲ့ သူလည်း ဘာမှ မတတ်နိုင်ဘဲ လက်မှိုင်ချခဲ့ရတာပဲ မဟုတ်လား။ တကယ်လို့ ဦးလေးအနေနဲ့ ပြင်ပက ကောလာဟလတွေကို အပြီးတိုင် တားချင်ခဲ့တယ်ဆိုရင်တော့... အစကတည်းက တခြားသိုင်းဂိုဏ်းကြီးတွေဆီ အမြန် အကူအညီတောင်းခဲ့သင့်တာပေါ့။"
"သခင်လေး..." အကြီးအကဲဂန်းက စိတ်ရှည်သည်းခံမှုအပေါင်းကို အစွမ်းကုန် စုစည်းလျက် လေးနက်စွာ ပြောလိုက်သည်။
"မင်းက ငယ်ပါသေးတယ်ကွာ..အဲဒါကြောင့်ပဲ... ဂိုဏ်းချုပ်ကြီး ရှောင်ကျန်းရဲ့ လုပ်ရပ် တွေကို သေသေချာချာ နားမလည်နိုင်သေးတာပေါ့။"
"အော်... ဟုတ်လား။" ရှောင်နန်က ရင်ဘတ်ပေါ် လက်ပိုက်လိုက်ရင်း— "ကိုယ့်ကိုယ်ကိုယ် ရောဂါနဲ့ ဒီအတိုင်း အသေခံတာက ဉာဏ်ကြီးတဲ့ လက္ခဏာပေါ့။ ဒါဆိုရင်လည်း အကြီးအကဲကပဲ ဒီလို မိုက်မဲတဲ့ ကလေးကို ဉာဏ်အလင်း ပေးပါဦး။ ဒီလိိူ... ကျွန်တော်တို့နှစ်ယောက် ‘မြွေဆိပ်စွယ်ချောက်ကမ်းပါး’ ရဲ့ အလယ်တည့်တည့်ဆီကို အတူတူ လမ်းလျှောက်သွားကြမလား၊ ဒါဆို ကျွန်တော်တို့လည်း ဒီလောကကြီးထဲမှာ ဉာဏ်အကြီးဆုံးသူတွေ ဖြစ်လာကြမှာပေါ့နော်..ဟုတ်လား။"
ထို သို့ ရွဲ့စောင်းလှသော စကားလုံးများကြောင့် အကြီးအကဲဂန်း၏ မျက်နှာတစ်ခုလုံးသည် ဒေါသထွက်ကာ နီမြန်းတောက်လောင်လာသည်။ သမားတော်ကြီး လျူကျန့်ကော်သည် သူ့ခန္ဓာကိုယ်အတွင်းရှိ တိုက်ခိုက်ရေးဗီဇက အလိုလိုပင် အဆင်သင့် လှုပ်ရှားပြင်ဆင်သွားသည်ကို ခံစားလိုက်ရသည်။ သို့သော်လည်း ထိုအခိုက်အတန့်မှာပင် သူ၏ စိတ်အာရုံက ယခုအချိန်တွင် ထိုသို့လုပ်ဆောင်ခြင်းမှာ မည်သို့မျှ အသုံးမဝင်ကြောင်း ပြန်လည်သတိပေးလာသည်။ အကြောင်းမူ လက်ရှိတွင် သူသည် ချီစွမ်းအင်ကြောများ ပျက်စီးနေသည့် မသန်မစွမ်းသက်သက်မျှသာ ဖြစ်သဖြင့်၊ မိမိကိုယ်ကိုယ် ကာကွယ်ရန် မည်သို့မျှ မစွမ်းသာချေ။ သူတို့နှစ်ဦး၏ အမျက်ဒေါသအရှိန် အောက်တွင် အသက်ဘေးကို လောင်းကြေးထပ်ပြီး ကရုဏာသက်သက်ကိုသာ ခံယူရမည့် အခြေအနေဆိုးသို့ ဆိုက်ရောက်နေခြင်း ဖြစ်သည်။
ဤအခြေအနေမှာ အလွန် စိတ်ပျက်စရာ ကောင်းလှ ပေသည် ။
"တောက်.. ဒီမလောက်လေးမလောက်စားကလေးကတော့—"
"ကဲ... ကဲ... ဒါက ဘာတွေ ဖြစ်နေကြတာလဲကွယ်။ မင်းတို့နှစ်ယောက်လုံး ဂိုဏ်းချုပ်ကြီး ရှောင်ကျန်းရဲ့ ခန်းဆောင်တံခါးဝနားမှာ အခြေအတင် အော်ဟစ်ငြင်းခုံနေကြတာလား။ ဂိုဏ်းချုပ်ကြီးကို ဒီထက်ပိုပြီး စိတ်အနှောင့်အယှက် ဖြစ်အောင် လုပ်ချင်နေကြလို့လားကွဲ့ ..။"
ထိုနူးညံ့အေးဆေးလှသော စကားသံကလေး ထွက်ပေါ်လာရုံမျှဖြင့်... ပြင်းထန်လှသော အကြီးအကဲဂန်း၏ ဒေါသအဟုန်ကြီးတစ်ခုလုံး ချက်ချင်းပင် ရပ်တန့်သွားသည်။
"အကြီးအကဲဟွေ့..."
အကြီးအကဲဂန်းက အသစ်ရောက်ရှိလာသူကို နှုတ်ဆက်လိုက်ရာ၊ ၎င်း၏ ဒေါသအဟုန်များ ရုတ်တရက် ငြိမ်သက်သွားပြီး တည်ငြိမ်မှု အနည်းငယ် ပြန်လည်ရရှိလာသည်။
"အကြီးအကဲ ပြောတာ... သေချာပေါက် မှန်ပါတယ်။ ကျုပ်အမှားအတွက် တောင်းပန်ပါတယ်။ ဂိုဏ်းချုပ်ကြီးရဲ့ အခြေအနေအပေါ် စိုးရိမ်စိတ်လွန်ကဲပြီး... ကိုယ့်ကိုယ်ကိုယ် ထိန်းဖို့ ခဏမေ့သွားမိပါတယ်။"
ယခု ကြားဝင်စကားပြောဆိုလိုက်သော ထိုဂိုဏ်းအကြီးအကဲဟွေ့သည် အကြီးအကဲဂန်းထက် ပိုမိုအသက်ကြီးရင့်ပုံရပြီး၊ ဦးခေါင်းတစ်ခုလုံး ဖြူဆွတ်နေသော ဆံကေသာများနှင့် ရှည်လျားလှသော မုတ်ဆိတ်ဖြူကြီးတစ်စုံကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။ သူ၏ မျက်နှာကျမှာ ဝိုင်းဝန်းနေပြီး အစဉ်အမြဲ စိတ်ရှည်သည်းခံတတ်သော သူတော်ကောင်းတစ်ဦး၏ မျက်နှာထားမျိုး ရှိနေပေသည်။
“ကိစ္စမရှိပါဘူး... အကြီးအကဲဂန်း။ အကြီးအကဲအနေနဲ့ ဂိုဏ်းချုပ်ကြီးအပေါ် စိုးရိမ်တဲ့ စိတ်ရင်းနဲ့ လုပ်ခဲ့တာကို ကျုပ် ကောင်းကောင်း နားလည်ပါတယ်။"
အကြီးအကဲဟွေ့က လှပစွာ ဖျောင်းဖျလိုက်ပြီးနောက်၊ သူ၏ အဘိုးအိုတစ်ဦးကဲ့သို့ ကြင်နာတတ်သော မျက်ဝန်းအစုံကို သခင်လေး ရှောင်နန်ရှိရာဘက်သို့ လှည့်ကြည့်လိုက်မိသည်။
"ပြီးတော့ မင်း... ရှောင်နန်လေး။ ကနေ့ည လူဆိုးလေးလုပ်ပီး စည်းကမ်းတွေဖောက်နေပါလားကွဲ့…”
မိမိ၏ ရှေ့မှောက်တွင် ဂိုဏ်း၏ ထိပ်သီးအကြီးအကဲကြီးနှစ်ဦးစလုံး ပိတ်ဆို့ရပ်တည်နေကြလင့်ကစား၊ သခင်လေး ရှောင်နန်ကမူ စိုးစဉ်းမျှ နောက်ဆုတ်ရန် ငြင်းဆန်ခဲ့ပေသည်။ သူသည် ထိုအဘိုးအိုကြီးနှစ်ဦးကို မမှိတ်မသုန် ပြန်လည်စိုက်ကြည့်နေခဲ့ပြီး၊ သူ၏ မျက်ဝန်းအစုံအတွင်း၌မူ မိမိ၏ အမှားအတွက် နောင်တရစိတ်ဟူ၍ အစအနမျှ ကပ်ညှိမနေခဲ့ချေ။
"ဟူး..." အကြီးအကဲဟွေ့က ခေါင်းကို အသာအယာ ခါယမ်းလိုက်ရင်း သက်ပြင်းချကာ—
" မင်းကို ဘယ်လို ကိုင်တွယ်ရမလဲ မသိတော့ဘူး... ရှောင်နန်လေးရာ။"
"ဘယ်လို ကိုင်တွယ်ရမလဲ ဟုတ်လား။" အကြီးအကဲဂန်းက ထိုစကားကို ဒေါသတကြီးဖြင့် ထပ်မံရေရွတ်လိုက်မိသည်။
"ဒါက ရှင်းရှင်းလေးပဲ မဟုတ်လား။ ကျွန်တော်တို့အနေနဲ့ ဂိုဏ်းရဲ့ တားမြစ်ချက်ကို ဖောက်ဖျက်တဲ့ ဒီလမ်းဘေးလူနှစ်ယောက်ကို အခုချက်ချင်းပဲ 'ပြစ်ဒဏ်ခတ်ဆောင်' ဆီ လွှဲပြီး အပြစ်ပေးရလိမ့်မယ်။"
ထိုစကားကို ကြားလိုက်ရသည့် ထိုအခိုက်အတန့်တွင်... ဘေးနား၌ ရှိနေသော ဂိုဏ်းသားလီပေါ်ချင်တစ်ယောက် ရင်ဘတ်ထဲက သွေးပျက်မတတ် ဆို့တက်လာသဖြင့် အသက်ရှူသံများပင် ပြင်းထန်စွာ တုန်ရီသွားရရှာလေတော့သည်။
"မှန်ပါတယ်။ ဒါက ဂိုဏ်းဥပဒေအရ လုပ်ထုံးလုပ်နည်းအတိုင်း မှန်တဲ့ လုပ်ရပ်ဖြစ်လိမ့်မယ်၊ ဒါပေမဲ့ ကျုပ် အမြင်အရတော့ အဲဒီလို လုပ်တာက အကောင်းဆုံး ရလဒ် ဖြစ်လာမှာ မဟုတ်ဘူး။ သေချာတာကတော့ ကျုပ် တို့ ဒီလူတွေကို အပြစ်ပေးလိုက်ရင်... ရှောင်နန်လေးဟာ တခြား နည်းလမ်းပေါင်းစုံ သုံးပြီး ဂိုဏ်းအပြင်က တခြား သမားတော်တစ်ယောက်ယောက်ကို ဒီနေရာအထိ ထပ်ခေါ်ဖို့ပဲ ကြိုးစားဦးမှာပဲ။"
အကြီးအကဲဟွေ့က မိမိ၏ ရှည်လျားလှသော မုတ်ဆိတ်ဖြူကြီးကို ခပ်ဖွဖွ သပ်လိုက်ရင်း၊ ရှေ့တွင် မတ်မတ်ရပ်နေသော ကောင်လေးအား ငေးမောကြည့်ကာ ဆိုလိုက်သည်။
"အကြီးအကဲဂန်း... ကျုပ် မြင်တာကတော့ ရှောင်နန်လေးရဲ့ ဒီလို ဇွတ်တရွတ် လုပ်ရပ်တွေဟာ ဂိုဏ်းချုပ်ကြီး ရှောင်ကျန်းအပေါ်မှာ ထားတဲ့ သူ့ရဲ့ သံယောဇဉ် ပြင်းထန်လွန်းလို့ပဲ ဖြစ်လိမ့်မယ်။ သူက ရင်ထဲက ပူဆွေးတာတွေကို ဒီလို ဆိုးသွမ်းတဲ့ နည်းလမ်းမျိုးနဲ့ ဖွင့်ချပြနေတာလေ။ တကယ်လို့ ကျုပ် တို့က ဒီလူနှစ်ယောက်ကို ဂိုဏ်းအပြင်ကို မောင်းထုတ်ပစ်လိုက်ရင်... သူက ပိုပြီးတော့ ဆိုးတဲ့ တခြားနည်းလမ်းတွေနဲ့ ပြဿနာရှာလာဦးမှာပဲ။"
"ဒါဆိုရင်...ကျုပ်တို့ ဘာဆက်လုပ်ကြမလဲဗျာ။ အကြီးအကဲဟွေ့ က ဒီလမ်းဘေးကကောင်နှစ်ယောက်ကို ဂိုဏ်းချုပ်ကြီးရဲ့ ရှေ့မှောက်အထိ ပေးဝင်ခွင့်ပြုဖို့ စိတ်ကူးနေတာတော့ မဟုတ်ဘူးမလား!" ဟုအကြီးအကဲဂန်းက မယုံနိုင်လောက်အောင် ဖြစ်သွားရကာ အမျက်ဒေါသတကြီးဖြင့် ထပ်မံမေးမြန်းလိုက်သည်။
အကြီးအကဲဟွေ့က ပုခုံးတစ်ချက်ကို အသာအယာ တွန့်ပြလိုက်ရင်း—
"ပေးဝင်လိုက်ရင် ဘာဖြစ်မှာလဲကွယ်။ သူတို့ ဝင်သွားရုံနဲ့တော့ လက်ရှိ ဂိုဏ်းချုပ်ကြီးရဲ့ ဆိုးရွားနေတဲ့ ရောဂါကို ဒီထက်ပိုပြီး ပျက်စီးသွားအောင် လုပ်နိုင်မှာ မဟုတ်ပါဘူး။ ပြီးတော့ ဂိုဏ်းသားတွေကလည်း ဒီဒုက္ခိတ ခြေချလာတာကို ကောင်းကောင်းကြီး မြင်သွားကြပြီးပြီလေ။ ကျုပ်တို့ ဒီလူနှစ်ယောက်ကို ပေးဝင်ဝင်၊ မဝင်ဝင်... အပြင်လူတွေကတော့ ရှောင်ဂိုဏ်းထဲကို ဒုက္ခိတသမားတော်တစ်ယောက် ဝင်ကုခဲ့ပြီဆိုပြီး သေချာပေါက် ကောလာဟလတွေ လျှောက်ပြောနေကြတော့မှာပဲ။ ဒါဆိုရင်တော့... ရှောင်နန်လေးစိတ်ကျေနပ်သွားအောင် ဒီတခေါက် လွှတ်ထားပေးလိုက်တာက ပိုပြီး မကောင်းဘူးလားလို့လေ.."
အကြီးအကဲဂန်းသည် အကြီးအကဲဟွေ့ကို ဒေါသတကြီးဖြင့် စူးရှစွာ စိုက်ကြည့်လိုက်မိသည်။ ထို့နောက် သခင်လေး ရှောင်နန်ကို တစ်လှည့်၊ ဘေးနားရှိ ဂိုဏ်းသား လီပေါ်ချင်နှင့် ကိုယ်ရုံဝတ်ရုံနက် ခြုံထားသော သမားတော်ကြီး လျူကျန့်ကော်တို့ကို တစ်လှည့်စီဖြင့် မျက်မှောင်ကြုတ်လျက် အမျက်ဒေါသတကြီး စိုက်ကြည့်နေမိသည်။
ထိုသို့ဖြင့်... တစ်ဦးချင်းစီကို အချိန်အတော်ကြာအောင် မခိုးမခန့် အကဲခတ်ကြည့်ရှုပြီးနောက်တွင်မှ၊ နောက်ဆုံး၌ အကြီးအကဲနှစ်ဦးသည် ဆုံးဖြတ်ချက်တစ်ခုကို သဘောတူချမှတ်လိုက်ကြသည်။
ဂိုဏ်းချုပ်ကြီး ‘ရှောင်ကျန်း’ ၏ ခန်းဆောင်သည် သမားတော်ကြီး လျူကျန့်ကော်၏ နှစ်ထပ်အိမ်ထက်ပင် ပိုမိုကျယ်ဝန်းလှပေသည်။
အခန်း၏ ဗဟိုချက်မတည့်တည့်တွင်မူ အနုစိတ်ဆစ်ထုပြီး အခိုင်အမာ တည်ဆောက်ထားသည့် ထုထည်ကြီးမားလှသော ‘ကျောက်စိမ်းခုတင်တော်’ ကြီးတစ်ခု ရှိနေသည်။ နီမြန်းသော ကန့်လန့်ကာအစုံက ထိုခုတင်ထက်၌ လဲလျောင်းအနားယူနေသော အထွတ်အထိပ် ပုဂ္ဂိုလ်ကြီးအား ပြင်ပလောကကြီးတစ်ခုလုံးနှင့် သီးခြားခွဲထုတ် ကာကွယ်ထားသည်။ ဂိုဏ်းအကြီးအကဲများနှင့် သခင်လေး ရှောင်နန်တို့သည် ဂိုဏ်းချုပ်ကြီးထံ အခြေအနေအရပ်ရပ်ကို ကြိုတင်ရှင်းပြရန်အတွက် အဆောင်တွင်းသို့ အရင်ဆုံး ဝင်ရောက်သွားကြပြီး၊ ဂိုဏ်းသား လီပေါ်ချင်နှင့် သမားတော်ကြီး လျူကျန့်ကော်တို့နှစ်ဦးမှာမူ ခန်းဆောင်တံခါးဝတွင်သာ ငြိမ်သက်စွာ စောင့်ဆိုင်းနေခဲ့ကြရသည်။
အတွင်းဘက်မှ ဂိုဏ်းအကြီးအကဲများ၏ ခပ်တိုးတိုး တိုင်ပင်သံများ ထွက်ပေါ်နေသည်။ အကယ်၍ လျူကျန့်ကော်သာ စိတ်အာရုံကို စုစည်းပြီး နားစွင့်လိုက်မည်ဆိုပါက ၎င်းတို့ ပြောဆိုနေသမျှကို ကောင်းကောင်းကြီး ကြားရနိုင်သော်လည်း၊ ထိုသို့သော အရာများအတွက် ခေါင်းရှုပ်ခံနေစရာ အကြောင်း လုံးဝမရှိချေ။ အဘောင်ကြောင့်ဆိုသော် သူတို့ ဘာပဲပြောပြော နောက်ဆက်တွဲ ထွက်ပေါ်လာမည့် ကံကြမ္မာရလဒ်ကို မည်သို့မျှ ပြောင်းလဲနိုင်လိမ့်မည် မဟုတ်ပေ။
ဘေးနားရှိ လီပေါ်ချင်မှာမူ... တစ်ကိုယ်လုံး ကျောက်ရုပ်တစ်ရုပ်အလား သွေးဆုတ်ဖြူလျော်လျက် မလှုပ်မယှက် တုန်လှုပ်ခြောက်ခြားနေရှာသည်။ ဤသည်မှာ အလွန်ပင် ဖြစ်သင့်ဖြစ်ထိုက်သော ကိစ္စရပ်တစ်ခုသာ ဖြစ်ပေသည်။ လျူကျန့်ကော်၏ တစ်သက်တာ ဆေးပညာအတွေ့အကြုံအရ... သာမန်လူသားများဟူသည် မိမိတို့၏ အသက်ဘေး သေမင်းတမန် ကံကြမ္မာနှင့် ဤမျှအထိ ထိပ်တိုက်ရင်ဆိုင်ရချိန်တွင် စိတ်တည်ငြိမ်အောင် ထိန်းချုပ်နိုင်စွမ်း မရှိကြသည်မှာ သဘာဝပင် မဟုတ်ပါလော။
လအနည်းငယ်ခန့်အလား ထင်မှတ်ရသော မိနစ်အနည်းငယ်မျှ ခပ်တိုးတိုး စကားပြောဆိုပြီးစီးသွားသည့် အချိန်တွင်မှ၊ ဂိုဏ်းအကြီးအကဲဂန်းသည် သူတို့အား အဆောင်တွင်းသို့ ဝင်ရောက်ခွင့်ပြုရန် သင့်တော်ပြီဟု ယူဆကာ... တည်ငြိမ်လှသော စကားလုံးတစ်လုံးကို ဟိန်းဟောက်၍ ဆိုလိုက်တော့သည်။
"ဝင်ခဲ့ဟေ့..."
လီပေါ်ချင်တစ်ယောက် သေဘေးကို ကြောက်ရွံ့လွန်းသဖြင့် ချက်ချင်း ခြေလှမ်းမကျဲနိုင်ဘဲ ဖြစ်နေသောကြောင့်၊ လျူကျန့်ကော်က လူငယ့်ခါးကို တချက်တို့ကာ သတိပေးလိုက်ရသေးသည်။ ထို့နောက်မှသာ သူတို့နှစ်ဦးသည် အလွန်ပင် နှေးကွေးလှသော ခြေလှမ်းများဖြင့် ထိုခန်းဆောင်ကြီးအတွင်းသို့ အတူတကွ တိတ်ဆိတ်စွာ ဝင်ရောက်လာခဲ့ကြတော့သည်။
"အဲဒီနေရာမှာတင် ချက်ချင်း ရပ်လိုက်စမ်း။"
သူတို့နှစ်ဦး ဂိုဏ်းချုပ်ကြီး၏ ခုတင်နှင့် တစ်ဆယ့်ငါးလှမ်းခန့် အကွာအဝေးသို့ ချဉ်းကပ်မိသွားသည့် ထိုအခိုက်အတန့်တွင်၊ အကြီးအကဲဂန်း၏ တားမြစ်သံကြီး ထွက်ပေါ်လာသည်။ သူတို့နှစ်ဦးလည်း ချက်ချင်းပင် ခြေလှမ်းများကို ရပ်တန့်ပစ်လိုက်ကြပြီး၊ ဘေးကင်းလုံခြုံစေရန်အတွက် ကြမ်းပြင်ပေါ်သို့ ဒူးနှစ်ဖက်ကို ဝပ်စင်းချလျက် ရိုသေစွာဖြင့် ဝတ်ပြုလိုက်ကြသည်။
ဤကဲ့သို့သော အသက်ဘေး အကျပ်အတည်း အခြေအနေမျိုးတွင်... ဂိုဏ်းအပေါ် မည်မျှအထိ ရိုသေမှု ပြသသည်ဖြစ်စေ ဘယ်သောအခါမှ လွန်လွန်းလှသည်ဟူ၍ မရှိနိုင်ချေ။
"ကိုင်း... ငါ့ရဲ့ အတွင်းစည်းတပည့်လေး။ မင်းက ငါ့ကို ကုပေးဖို့အတွက် အပြင်ကနေ သမားတော်တစ်ယောက်ကို ပင့်ဖိတ်လာခဲ့တယ်ဆိုတာ... တကယ်ပဲလား။"
နီမြန်းသော ကန့်လန့်ကာကြီး၏ နောက်ကွယ်ဆီမှနေ၍ ဂိုဏ်းချုပ်ကြီး ရှောင်ကျန်း၏ စကားသံ ထွက်ပေါ်လာသည်။ သူ၏ လေသံမှာ အားမာန်အပြည့်ဖြင့် လွန်စွာ အစွမ်းထက်နေဆဲဖြစ်သယောင် ထင်မှတ်ရသော်လည်း၊ သမားတော်ကြီး လျူကျန့်ကော်၏ စူးရှလှသော ဆေးပညာအမြင်ကိုမူ ထိုကဲ့သို့သော ဟန်ပြလှည့်ကွက်များဖြင့် ဘယ်လိုနည်းနှင့်မျှ လိမ်ညာလှည့်စားနိုင်လိမ့်မည် မဟုတ်ပေ။ အဘောင်ကြောင့်ဆိုသော် သူသည် မိမိ၏ တစ်သက်တာလုံးတွင် ဝေဒနာရှင် လူနာပေါင်း မရေမတွက်နိုင်အောင်ကို အိပ်သွန်ဖန်မှောက် ကုသပေးခဲ့ဖူးသဖြင့်၊ ဤကဲ့သို့ အသက်လုနေရချိန်တွင် အားတင်း၍ အော်ဟစ်နေသော အခြေခံလှည့်ကွက်မျိုးကို ကောင်းကောင်းကြီး ခွဲခြားသိမြင်နိုင်သောကြောင့်ပင် ဖြစ်တော့သည်။
အမှန်တရားမှာ ရိုးရှင်းလှပေသည်။ ထိုအဆန်းတကြယ် ပုဂ္ဂိုလ်ကြီး၏ အသံမှာ အသက်လု ဝေဒနာခံစားနေရသဖြင့် အားတင်းကာ ဟန်ပြမာန်တင်းနေသော လူမမာတစ်ဦး၏ လေသံသက်သက်မျှသာ ဖြစ်ချေသည်။
"သေ... သေချာ... သေချာပါတယ် ဂိုဏ်းချုပ်ကြီး။"
လီပေါ်ချင်တစ်ယောက် စကားလုံးများပင် အသည်းအသန် ထစ်အလျက် ဦးခေါင်းကို မြေပြင်ထိ ပိုမိုနှိမ့်ချဦးညွှတ်ရင်း ဆိုရှာသည်။ သူ၏တုန်လှုပ်ခြောက်ခြားနေသော စိတ်အာရုံကို ပြန်လည်စုစည်းနိုင်ရန်အတွက် လေထုကို အဝဝ ခပ်ပြင်းပြင်း ရှူသွင်းလိုက်မိရင်း— "ကျွန်တော့်မိတ်ဆွေက တကယ့်ကို တော်တဲ့ သမားတော်ကြီးတစ်ဦးပါ။ ကျွန်တော့်က နိမ့်ကျတဲ့ တပည့်ငယ်ဖြစ်ပေမယ်.. သူက ဂိုဏ်းချုပ်ကြီးရဲ့ ရောဂါကို သေချာပေါက် ကုပေးနိုင်လိမ့်မယ်လို့ ယုံကြည်မိလို့ အရဲစွန့် ခေါ်ခဲ့ရတာပါဗျာ …."
ဂိုဏ်းချုပ်ကြီး ရှောင်ကျန်း၏ တုံ့ပြန်ချက်စကားမှာ စိုးစဉ်းမျှ တွန့်ဆုတ်ခြင်းမရှိဘဲ ပြတ်သားစွာ ထွက်ပေါ်လာသည်။
"ဒါပေမဲ့ သူက ချီစွမ်းအား လုံးဝမရှိတဲ့ ဒုက္ခိတတစ်ယောက်ပဲဥစ္စာ။"
ထိုပြတ်သားလှသော စကားလုံးများကို ကြားလိုက်ရသည့် ထိုအခိုက်အတန့်တွင်... သမားတော်ကြီး လျူကျန့်ကော်၏ ရင်ဘတ်ထဲ၌ ဒေါသအဟုန်တစ်ခုက မီးတောင်ပမာ ဝုန်းခနဲ ဆို့တက်လာသည်။ မဟုတ်သေးပေ... ၎င်းသည် ထိုစကားလုံးများကြောင့်တင် မဟုတ်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် ဤသိုင်းလောကသားများ ဤစကားကို သုံးနှုန်းပြောဆိုလိုက်သည့် ‘လေသံအမူအရာ’ ကြောင့် ဖြစ်ပေသည်။ သူတို့သည် လျူကျန့်ကော်အား နာကျင်စေရန် တမင်တကာ စော်ကားပုတ်ခတ်လိုသော စိတ်ဖြင့် ပြောဆိုခြင်း လုံးဝမဟုတ်ပေ။ ၎င်းတို့၏ လေသံထဲတွင် မနာလိုဒေါသ သို့မဟုတ် စက်ဆုပ်ရွံရှာမှု အစအနမျှ ပါဝင်မနေခဲ့ချေ။
သူတို့သည် လောကကြီး၏ မပြောင်းလဲနိုင်သော ဖြစ်ရပ်မှန် လက်တွေ့အမှန်တရားတစ်ခုကို ရိုးရိုးသားသား ပြောဆိုနေကြခြင်းသာ ဖြစ်ပေသည်။ အဲဒီလိုမျိုး... သာမန်ကာလျှံကာ လေသံဖြင့် အမှန်တရားကို ရွတ်ဆိုလိုက်ခြင်းကပင် လျူကျန့်ကော်၏ နှလုံးသားကို ဓားချက်ပေါင်း ထောင်သောင်းမက တည့်တည့်ကြီး ထိုးနှက်လိုက်သကဲ့သို့ ပိုမိုရင်နင့်စွာ နာကျင်ရစေတော့သည်။
သို့သော်ငြားလည်း... သူကိုယ်တိုင် ငြင်းပယ်၍မရသော ထိုလက်တွေ့အမှန်တရားအပေါ် အချည်းနှီး ဒေါသထွက်မနေနိုင်ခဲ့ပါ။ သူသည် မိမိ၏ ရင်တွင်းမှ ခံပြင်းလှသော ဒေါသမီးတောက်မှန်သမျှကို အတင်းအကျပ် မြိုသိပ်ကာ ရှေ့ဆက်ရမည့် ခြေလှမ်းများကိုသာ အာရုံစိုက်ရတော့မည် ဖြစ်သည်။ ယခုဘဝတွင် သူသည် ချီစွမ်းအင်ကြောများ စုတ်ပြတ်သတ်နေသည့် မသန်မစွမ်းသက်သက်မျှသာ ဖြစ်ပေတော့သည်။ ဤသည်မှာ သူ၏ လက်ရှိရှင်သန်ခြင်း အစစ်အမှန် ဖြစ်ပြီး၊ လောကတွင် မည်သည့်အရာကမျှ ဤအချက်ကို ပြန်လည်ပြောင်းလဲပေးနိုင်တော့မည် မဟုတ်ချေ။
ထို ‘မသန်မစွမ်း’ ဟူသော စကားလုံးကို ကြားရသည်မှာ အကျွမ်းတဝင် ရှိလေလေ... သူ့အတွက် ဘဝကို ရုန်းကန်ရန် ပိုမိုအဆင်ပြေလေလေ ဖြစ်ပေလိမ့်မည်။
"ဂိုဏ်းချုပ်ကြီး မိန့်ကြားတာ မှန်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ဒါကို ကောင်းကောင်း နားလည်ထားပြီးသားပါ။ ဒါပေမဲ့... သူက လွန်ခဲ့တဲ့ လအနည်းငယ်တုန်းက ကျွန်တော့်ကိုယ်ပေါ်က ပြင်းထန်တဲ့ ဒဏ်ရာတွေကို အမြစ်ပြတ်အောင် အောင်အောင်မြင်မြင် ကုပေးခဲ့တဲ့ ကျေးဇူးရှင် သမားတော်ကြီးလည်း ဖြစ်နေလို့ပါဗျာ။"
"အော်... ဟုတ်လား။" အကြီးအကဲဂန်းက သူ၏ မေးစေ့ကို ခပ်ဖွဖွ သပ်လိုက်ရင်း စူးရှစွာ ပြောလိုက်သည်။
"ဒါဆိုရင် မင်းက ဘာဖြစ်လို့ ငါတို့ ရှောင်ဂိုဏ်းထဲမှာရှိတဲ့ သမားတော်ကြီးတွေဆီ သွားမကုတာလဲ။ ငါတို့ဂိုဏ်းက အဖိုးတန် တပည့်တစ်ယောက်ဟာ ဘာမဟုတ်တဲ့ ဒုက္ခိတတစ်ယောက်ရဲ့ အကူအညီကို အားကိုးနေရတယ်ဆိုတာ ငါ ဘယ်လိုမှ စဉ်းစားလို့ မရဘူး။"
"ကျွန်တော်တို့ ရှောင်ဂိုဏ်းထဲမှာ တကယ့်ကို တော်ပြီး အရည်အချင်းရှိတဲ့ သမားတော်ကြီးတွေ အများကြီး ရှိတာကတော့ သေချာပါတယ် အကြီးအကဲ..." လီပေါ်ချင်က ဦးခေါင်းကို မြေပြင်ထိ ပိုမိုနှိမ့်ချဦးညွှတ်ထားဆဲဖြင့် တုန်ရီစွာ ပြန်ဖြေရှာသည်။
"ဒါပေမဲ့လည်း... ကျွန်တော့်အနေနဲ့ မိမိရဲ့ ဒဏ်ရာတွေကို ဂိုဏ်းတူညီအစ်ကိုတွေကြားထဲ သိသွားပြီး သူတို့ကို ဝန်ထုပ်ဝန်ပိုး မဖြစ်စေချင်လို့ပါခင်ဗျာ။"
ဤသည်မှာ မိမိ၏ ဂိုဏ်းတူညီအစ်ကိုများ၏ ရှေ့မှောက်တွင် အားနည်းချက်အဖြစ် အထင်မခံလိုပါဟူသော သိုင်းလောက၏ လှည့်ကွက်စကားကို အလွန်ပင် လိမ္မာပါးနပ်စွာ ပြောလိုက်ခြင်းဖြစ်သည်။
"သမားတော်ကြီး လျူကျန့်ကော်က ကျွန်တော့်ကိုကုတုန်းက ဒဏ်ရာအကြောင်း သူများမသိစေပဲ နှုတ်လုံလုံနဲ့ဆေးကုပေးခဲ့လို့... ကျွန်တော် သူ့ဆီပဲ အမြဲသွားခဲ့တာပါ။ အစပိုင်းတုန်းကတော့ ဒီအတိုင်းပဲ ဖြစ်ခဲ့ပေမဲ့၊ လအနည်းငယ် ကြာပြီးနောက်မှာတော့ ကျွန်တော် အရေးကြီးတဲ့ အချက်တစ်ခုကို ရိပ်မိသွားပါတယ်။ ဂိုဏ်းချုပ်ကြီးနဲ့ အကြီးအကဲတို့အနေနဲ့ ကျွန်တော့်စကားကို ယုံချင်မှ ယုံကြလိမ့်မယ်ဆိုပေမဲ့... ကျွန်တော့်အမြင်အရတော့ ဆရာကြီးလျူရဲ့ ဆေးပညာက ကျွန်တော်တို့ ဂိုဏ်းထဲက သမားတော်ကြီးတွေအားလုံးထက် အဆပေါင်းများစွာ ပိုတော်ပြီး သာလွန်ပါတယ်ခင်ဗျာ။"
ထိုစကားလုံးများ ထွက်ပေါ်လာခဲ့ရုံမျှဖြင့်... ခန်းဆောင်အတွင်းရှိ လေထုတစ်ခုလုံး ရုတ်တရက် အပြင်းအထန် တုန်လှုပ်ချောက်ချားသွားသည်။
"သောက် ရူး ကောင် !" အကြီးအကဲဂန်းက ဒေါသတကြီးဖြင့် ဟိန်းဟောက်လိုက်တော့သည်။
အကြီးအကဲဂန်းရာ စိတ်အေးအေးထားပါဦး။" အကြီးအကဲဟွေ့က ၎င်း၏ ပြင်းထန်လှသော ဒေါသအဟုန်ကို ဝင်ရောက်ဖျောင်းဖျရန် ကြိုးပမ်းခဲ့သော်လည်း၊ မည်သို့မျှ အသုံးမဝင်ခဲ့ချေ။
"ဒီလို ဂိုဏ်းရဲ့ သိက္ခာကို ချမယ့် စကားမျိုး ကြားနေရတာကို ကျုပ်ကို ငြိမ်နေပါလို့ တကယ်ပဲ တောင်းဆိုနေတာလား။ ဒီလို လမ်းဘေးပြက်လုံးလို လှည့်ကွက်တွေက အရမ်း လွန်လွန်းလှပြီ မဟုတ်—"
"တော် ကြ စမ်း.."
ထိုစကားလုံးသည် အလွန်ပင် တိတ်ဆိတ်ငြိမ်သက်စွာ ထွက်ပေါ်လာခြင်း ဖြစ်သော်လည်း၊ ၎င်းနောက်ကွယ်မှ ကောင်းကင်ပြာအလား လေးနက်ပြတ်သားလှသော အာဏာစက်ကြောင့် ထိပ်သီးဂိုဏ်းအကြီးအကဲကြီး နှစ်ဦးစလုံး ချက်ချင်းပင် နှုတ်ဆိတ်သွားကြသည်။
"ဒီမယ် ငါ့တပည့်..." ဂိုဏ်းချုပ်ကြီး ရှောင်ကျန်းက တည်ငြိမ်စွာပင် ပြောလိုက်သည်။
"မင်း ခုနက ပြောခဲ့တဲ့ စကားတွေအပေါ်မှာ ရဲရဲဝံ့ဝံ့ သစ္စာဆိုနိူင်ပါ့မလား။"
"ကျွန်တော် ရဲရဲကြီး သစ္စာဆိုဝံ့ပါတယ် ဂိုဏ်းချုပ်ကြီး။"
"မင်းရဲ့ ဒီလို ဇွတ်တရွတ်လုပ်ရပ်နောက်ကွယ်မှာ... ဘယ်လို အပြစ်ပေးမှုမျိုးနဲ့မဆို ကြုံရနိုင်တယ်ဆိုတာ ကြိုသိပြီးသားဖြစ်နေတာတောင် တကယ်ပဲ သစ္စာဆိုနိူင်ပါ့မလား။"
ခန်းမဆောင်တော်အတွင်းရှိ အအေးဓာတ်က ရုတ်ချည်းပင် တိုးပွားလာသလို ခံစားလိုက်ရသည်။ နံရံတွင် ချိတ်ဆွဲထားသော သိုင်းဓားရှည်ကြီးကပင် လျှို့ဝှက်ဆန်းကြယ်သည့် အတွင်းအားလှိုင်းများ၏ ရိုက်ခတ်မှုကြောင့်လားမသိ၊ ခပ်တိုးတိုး တုန်ခါသံ ထွက်ပေါ်လာခဲ့၏။ လီပေါ်ချင်မှာမူ ဒူးထောက်လျက်သား အနေအထားဖြင့် ခေါင်းကိုပင် မဖော်ရဲတော့ဘဲ ၎င်း၏ စိတ်အာရုံထဲတွင် ဂိုဏ်းချုပ်ကြီး၏ ထူးခြားလှသော နှလုံးခုန်သံနှင့် အသက်ရှူနှုန်းကိုသာ အသည်းအသန် အကဲခတ်နေမိတော့သည်။
ထိုစဉ် ဂိုဏ်းချုပ်ကြီး ရှောင်ကျန်းက တော်ဝင်ခုတင်ထက်မှနေ၍ လီပေါ်ချင်ကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေရာမှ သက်ပြင်းတစ်ချက် ခပ်ဖွဖွချကာ စကားဆိုလာသည်။
"အေးပါ... မင်းပြောတာ ငါယုံပါတယ်။ ဒါပေမဲ့ မင်းခေါ်လာတဲ့ သမားတော်ကိုတော့ …အင်း တကယ်ရော စိတ်ချရလို့လားကွ"
ဂိုဏ်းချုပ်ကြီး၏ လေသံမှာ အားအင်ချည့်နဲ့နေသော်လည်း ဝါရင့်သိုင်းပညာရှင်တစ်ဦး၏ သြဇာညောင်းမှုက လေထုထဲတွင် ပျံ့လွင့်နေဆဲပင်ဖြစ်သည်။
လီပေါ်ချင်က အဝတ်စုတ်တစ်ခုလို တုန်ရီနေရှာသော်လည်း အံကိုကြိတ်ကာ ရိုးရိုးသားသားပင် ပြန်ဖြေလိုက်၏။
"စိတ်ချရပါတယ် ဂိုဏ်းချုပ်။ ကျွန်တော် သူ့ကို အသက်နဲ့လဲပြီး အာမခံတယ်။ သူက လူမြင်ရင်သာ ဒီလိုပုံစံ ဖြစ်နေတာ၊ ဆေးပညာမှာတော့ တကယ် ဆရာကြီးပါ။ ကျွန်တော့်ကို ယုံပေးပါဗျာ.."
ခုတင်ဘေးရှိ လိုက်ကာစများ လွင့်ခနဲ ဖြစ်သွားပြီးနောက် ဂိုဏ်းချုပ်ကြီး ရှောင်ကျန်းက ခေါင်းကို အသာအယာ ညိတ်ပြလိုက်ရင်း မျက်လုံးကို မှိတ်လိုက်တော့သည်။
"အေး... ပြီးတာပဲ။ ဒါဆိုလည်း မင်းသမားတော်ကို အနားလာခိုင်းလိုက်တော့။ အချိန်သိပ်မရှိဘူး... မြန်မြန်လုပ်"
"ဒါ..ဒါ ပေမဲ့ ဂိုဏ်းချုပ်ကြီး!"
အကြီးအကဲဂန်းက စိုးရိမ်တကြီး ရှေ့တိုးလာသည်။ "ဂိုဏ်းချုပ်ကြီးအနေနဲ့ ဒီလိုအဓိပ္ပာယ်မရှိတဲ့ကိစ္စတွေကို တကယ်ပဲ—"
"ငါ အမိန့်ပေးပြီးပြီ အကြီးအကဲဂန်း.. ငါ့စကားကို နှစ်ခါပြန်မပြောခိုင်းနဲ့။"
အက်ရှရှအသံက အခန်းထဲရှိ လေထုကို အေးခဲပစ်လိုက်သည်။ အကြီးအကဲဂန်း ပါးစပ်ပိတ်သွား၏။ သူသည် လီပေါ်ချင်နှင့် သမားတော်ကို အစိမ်းလိုက်ဝါးစားမတတ် စိုက်ကြည့်နေသော်လည်း ခြေတစ်လှမ်းမှ ရှေ့မတိုးရဲတော့ပေ။
ထိုစဉ် သခင်လေးရှောင်နန်နှင့် အကြီးအကဲဟွေ့တို့က ခေါင်းအသာညိတ်ပြလိုက်သည်။ ထိုအချက်ပြမှုကို ရပြီးနောက်တွင်မှ သမားတော်ကြီး လျူကျန့်ကော်က နေရာမှထကာ ဂိုဏ်းချုပ်ကြီးရှောင်ကျန်း၏ ကျောက်စိမ်းခုတင်ဆီသို့ သတိကြီးစွာဖြင့် ဖြည်းဖြည်းချင်း လျှောက်လှမ်းသွားတော့သည်။
သူ ကုတင်နား တိုးသွားသည့်အခိုက် သခင်လေးရှောင်နန်က ဘေးမှ နီရဲသောကန့်လန့်ကာကို ဆွဲဖွင့်ပေးလိုက်သည်။ သမားတော်ကြီး လျူကျန့်ကော်သည် ဤအရှေ့ဘက်ဆိပ်ကမ်းမြို့၏ အထွတ်အထိပ်ခေါင်းဆောင်ကြီး ရှောင်ကျန်းကို ပထမဆုံးအကြိမ် အနီးကပ် မြင်တွေ့လိုက်ရခြင်းဖြစ်သည်။
ဂိုဏ်းချုပ်ကြီး၏မျက်နှာမှာ သွေးဆုတ်ဖြူလျော်ကာ အသားအရေများ တွန့်လိပ်ခြောက်ကပ်နေသည်။ ခန္ဓာကိုယ်မှာလည်း အရိုးပေါ်အရေတင် ပိန်လှီလွန်းလှ၏။ ချွေးစေးများကြောင့် သူဝတ်ထားသည့် ဝါးခြမ်းရောင် ညဝတ်ရုံမှာ ကိုယ်လုံးနှင့် ကပ်ညှိနေသည်။ တောက်ပခဲ့ဖူးသော အညိုရောင်ဆံပင်များက ဖုန်မှုန့်လို စုတ်ပြတ်သတ်နေပြီ။ နက်မှောင်သော မျက်ဝန်းပြာတစ်စုံက အလင်းရောင်ကင်းမဲ့ကာ ဇီဝိန်ချုပ်လုနီးပါး ဖြစ်နေသည်။ အကယ်၍ ကျန်းမာစဉ်ကဆိုလျှင် လျူကျန့်ကော်ထက် အဆပေါင်းများစွာ အရပ်ရှည်ပြီး ကောင်းကင်ယံအထိ ထောင်ထွက်နေမည့် ပုဂ္ဂိုလ်မျိုး ဖြစ်သော်လည်း ယခုမူ မည်သည့်ကျင့်ကြံခြင်း အရှိန်အဝါမျှ ရှိမနေတော့ဘဲ သေအံဆဲဆဲ လူအိုကြီးတစ်ဦးသာ ဖြစ်တော့သည်။
"ကဲ... ငါ့ပုံစံကို ကြည့်ပြီး ဘာမြင်လဲ သမားတော်။"
ဂိုဏ်းချုပ်ကြီးက လှောင်ပြုံးတစ်ခု ပြုံးရင်း မေးသည်။
"ရှောင်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကြီးက အပြင်မှာသတင်းကြီးနေသလို တကယ်ရော ခံ့ညားသေးရဲ့လား။"
"ကျွန်တော် ဘာမှ မပြောဝံ့ပါဘူး။" ဟုလျူကျန့်ကော်က တည်ငြိမ်စွာပင် ပြန်ပြောလိုက်သည်။
"ကျွန်တော်က ချီစွမ်းအင် မရှိတဲ့ လူဖျင်းတစ်ယောက်ပါ။ လောကမှာရှိတဲ့လူတိုင်းက ကျွန်တော့်ထက် သာပါတယ်။ ကောင်းကင်က နေမင်းကြီးပဲဖြစ်ဖြစ်၊ လမ်းဘေးက ဖယောင်းတိုင်မီးပဲဖြစ်ဖြစ် ကျွန်တော့်အတွက်တော့ မျက်စိကျိန်းလောက်အောင် စူးရှလွန်းလို့ပါ။"
"ဟား!"
သူက အားတင်း၍ တစ်ချက် ရယ်လိုက်သည်။ "စကား ပြောတာကတော့ပါးနပ်သားပဲ… မင်းရဲ့ဆေးပညာကလည်း ဒီစကားတွေအတိုင်း တကယ် ထူးချွန်ဖို့ပဲ မျှော်လင့်ရတော့မှာပေါ့။"
"ကျွန်တော်... ဂိုဏ်းချုပ်ကြီး စိတ်ပျက်အားလျော့မသွားစေရအောင် အစွမ်းကုန် ကြိုးပမ်းပါ့မယ်။" လျူကျန့်ကော်က ပြန်ပြောလိုက်သည်။
"အကယ်၍ ဖြစ်နိုင်မယ်ဆိုရင်တော့... ဒီကျောက်စိမ်းခုတင်ရဲ့ အနားစွန်းဆီကို ခဏလောက် ရွေ့ပြီး ထိုင်ပေးပါ။ ဒါမှသာ ရောဂါရှာဖွေကုသရတာ ပိုလွယ်ကူ အဆင်ပြေမှာမို့လို့ပါ။"
ဂိုဏ်းချုပ်ကြီး ရှောင်ကျန်းက စကားတစ်လုံးမှ ထပ်မပြောတော့ဘဲ သူ့အမိန့်အတိုင်း ခုတင်အနားသို့ ဖြည်းဖြည်းချင်း ရွေ့ထိုင်လိုက်သည်။ ဒီလောက် ခန္ဓာကိုယ်လှုပ်ရှားမှု သေးသေးမွှားမွှားလေးကပင် သူ့အတွင်းရှိ အသက်ဇီဝိန်ကို အပြင်းအထန် ညှဉ်းပန်းနှိပ်စက်နေသည်မှာ ထင်ရှားလှသော်လည်း၊ သူက ထိုဝေဒနာကို အပြင်ပန်းတွင် အစွမ်းကုန် မြိုသိပ်ကာ ဟန်မပျက် ဖုံးကွယ်ထားသည်။
သူသည် ဘေးနားရှိ ဂိုဏ်းအကြီးအကဲများနှင့် သခင်လေး ရှောင်နန်တို့အား မိမိကို ဝင်ရောက်မတွဲစေရန် စူးရှသော သတိပေးအကြည့်တစ်ချက်ဖြင့် ချက်ချင်းပင် လှမ်းပိတ်လိုက်သည်။
ထိုသို့ဖြင့်... အခန်းတွင်းရှိ လူအားလုံး စိတ်ဝင်တစားဖြစ်နေကြသော ဆေးပညာ စမ်းသပ်စစ်ဆေးမှုကြီး စတင်ခဲ့ပြီ ဖြစ်သည်။
ခန်းဆောင်အတွင်း၌ သမားတော်ကြီး လျူကျန့်ကော်နှင့် ဂိုဏ်းချုပ်ကြီး ရှောင်ကျန်းတို့နှစ်ဦးမှလွဲ၍ မည်သူမျှ စကားတစ်လုံးပင် မဟရဲကြချေ။ လျူကျန့်ကော်က ခပ်တိုးတိုးဖြင့် လမ်းညွှန်ပြသရင်း ဂိုဏ်းချုပ်ကြီး၏ ရောဂါဝေဒနာ ခံစားရပုံများနှင့် ပတ်သက်၍ ဆေးပညာဆိုင်ရာ မေးခွန်းများကို အနုစိတ် မေးမြန်းနေသည်။ ဘေးကလူများမှာ အသက်ရှူရန်ပင် မေ့လျော့နေကြသလို လေထုတစ်ခုလုံး ဆိတ်ငြိမ်ခြောက်ခြားနေ၏။
ထိုသို့သော အခြေအနေဆိုးကြီးအတွင်းမှာပင်... တရွေ့ရွေ့ဖြင့် လအနည်းငယ်ခန့်အလား ထင်မှတ်ရသော တစ်နာရီကျော် အချိန်ကာလကြီးသည် ကုန်လွန်သွားလေသည်။
"ခုတင်ပေါ်မှာ ပြန်လဲပြီး အနားယူနိုင်ပါပြီ ဂိုဏ်းချုပ်။ ကျွန်တော် စစ်ဆေးလို့ ပြီးပါပြီ။"
လျူကျန့်ကော်က ပြောလိုက်သော်လည်း ဂိုဏ်းချုပ်ကြီး ရှောင်ကျန်းကမူ လှုပ်ရှားမှုမရှိဘဲ ငြိမ်သက်နေဆဲ။
"ကဲ... သမားတော်"
ဂိုဏ်းချုပ်ကြီးက လဲလျောင်းမည့်အစား သူ့ကို စူးစိုက်ကြည့်လျက်—
"မင်းရဲ့ ဆေးပညာအရ ကောက်ချက်ချပီးဘီလား…ငါ့ရောဂါက ဘာလဲ။ ငါ့ခန္ဓာကိုယ်ကို ညှဉ်းပန်းနေတဲ့ ရောဂါဆိုးရဲ့ အရင်းအမြစ်ကို မင်း တကယ်ပဲ ရှာဖွေဖော်ထုတ်နိုင်ခဲ့လို့လား" ဟု မေးလိုက်သည်။
သူ့မျက်နှာထက်တွင် သရော်စာဆန်ဆန် သဘောကျနေသော အပြုံးတစ်ပွင့် ရှိနေ၏။ လျူကျန့်ကော် အကဲခတ်မိသလောက်... ထိုပုဂ္ဂိုလ်ကြီးသည် သူ့အနေဖြင့် ၎င်း၏ အဖိုးတန်အချိန်များကို အလဟဿ ဖြုန်းတီးပစ်လိုက်ခြင်းသက်သက်သာ ဖြစ်လိမ့်မည်ဟု ရင်ထဲကနေ ရဲရဲကြီး ယုံကြည်နေပုံရသည်။ ဤသည်မှာ အမှန်ရင်နာစရာ ကောင်းလှပေသည်။
ကြည့်ရသည်မှာ... သူသည် ထိုအထွတ်အထိပ် ပုဂ္ဂိုလ်ကြီး၏ ထင်မြင်ချက်ကို အမြစ်ပြတ် ချေမှုန်းပြီး အံ့ဩမှင်သက်သွားအောင် လုပ်ဆောင်ရတော့မည် ဖြစ်ချေတော့သည်။
"ကျွန်တော် ရောဂါ ဇာစ်မြစ်ကို တွေ့ပါတယ် ဂိုဏ်းချုပ်။"
မျှော်လင့်ထားသည့်အတိုင်းပင်... ဂိုဏ်းအကြီးအကဲဂန်းက ဝုန်းဒိုင်းကျဲ အော်ဟစ်တော့သည်။
"ဟိတ်ကောင်….မင်းက ဒီလောက်အထိ ကြီးမားတဲ့ လိမ်ညာမှုကြီးကို ဟန်မပျက် ဆက်လက်ဖုံးကွယ်ထားဖို့ ကြိုးပမ်းနေသေးတယ်ပေါ့! မင်းအရှက်မရှိဘူးလား... ဘယ်လောက်အထိတောင် အောက်တန်းကျကျ လိမ်ချင်သေးတာလဲကွ!"
"အကြီးအကဲဂန်း..." ဂိုဏ်းချုပ်ကြီး ရှောင်ကျန်း၏ စကားလုံးတစ်ချက်က ထိုသူ့အား ချက်ချင်းပင် ဆွံ့အ နှုတ်ဆိတ်သွားစေခဲ့သည်။
"စိတ်အေးအေးထားစမ်း။"
ဂိုဏ်းချုပ်ကြီးက ထိုသို့ ဆိုလိုက်သော်လည်း သူ၏ မျက်နှာထားမှာမူ အစောပိုင်းကထက် အဆပေါင်းများစွာ ပိုမိုတည်ကြည်ခက်ထန်လျက် ရှိနေခဲ့ချေပြီ။
"ဒါဆိုရင်လည်း ငါ့ကို ရှင်းရှင်းလင်းလင်း ပြောစမ်း သမားတော်။ ငါ့အသက်ကို ခြိမ်းခြောက်နေတဲ့အရာက ဘာလဲ။"
"ဒါက ချီ စွမ်းအားရှိတဲ့ကပ်ပါးကောင်တစ်မျိုးပါပဲ ဂိုဏ်းချုပ်။"
လျူကျန့်ကော်က စိုးစဉ်းမျှ တုံ့ဆိုင်းခြင်းမရှိဘဲ ပြတ်ပြတ်သားသား ပြန်ပြောလိုက်သည်။
"လက်ရှိ ဂိုဏ်းချုပ်ကြီးရဲ့ ခန္ဓာကိုယ်ထဲမှာ... ကြောက်မက်ဖွယ်ကောင်းတဲ့ ‘ဝိညာဉ်စုပ်ကပ်ပါးကောင်’ တစ်ကောင် ခိုအောင်းစွဲကပ်ပြီး ကိုယ်ထဲကအသက်ဓာတ်တွေကို စုပ်ယူနေတာ ဖြစ်ပါတယ်။"
"ငါ့ ဘဝတလျှောက်လုံး... ဒီလိုကပ်ပါးကောင်အကြောင်းကို တစ်ခါမှမကြားဖူးဘူး..ဟုတ်မှလဲလုပ်ပါကွ။"
"ဒါ ထုံးစံပါပဲခင်ဗျ…ဂိုဏ်းချုပ်ကြီးအနေနဲ့ ကြားဖူးခဲ့မယ်ဆိုတာကမှ ထူးဆန်းစရာ ကောင်းနေပါလိမ့်မယ်။" ဟု သမားတော်ကြီး လျူကျန့်ကော်က တည်ငြိမ်စွာပင် ပြန်ပြောလိုက်သည်။
"ဒီအကောင်မျိုးက သိုင်းလောကမှာ တကယ့်ကို တွေ့ရခဲလှတဲ့ မျိုးစိတ်ဖြစ်လို့ပါ။ ဒီကပ်ပါးကောင်ရဲ့ ဥဆိုတာ တော်တော် သေးငယ်ပြီး၊ ကလေးတစ်ယောက်ရဲ့ လက်သည်းခွံထက်တောင် ပိုသေးပါတယ်။ အဲဒါကခန္ဓာကိုယ်ထဲကို အစားအသောက်ကတစ်ဆင့် ပါးစပ်ကနေ ဝင်ရောက်သွားတတ်ပြီး၊ အစာအိမ်ထဲ ရောက်တော့မှပဲ အကောင်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။ ထို့နောက်မှာတော့ အဲဒီကပ်ပါးကောင်ဟာ ခန္ဓာကိုယ်ထဲက ချီ စွမ်းအင်ကြောများ ကို လိုက်ရှာပီး‘အောက်ဘက် အတွင်းအားထဲ’မှာ တွယ်ကပ်စွဲမှီလိုက်တော့တာပါပဲ။ အဲဒီနေရာကနေတစ်ဆင့်... ၎ငးဟာ ခန္ဓာကိုယ်ပိုင်ရှင်ရဲ့ အသက်ဓာတ် ဇီဝိန်ခွန်အားတွေကို တရွေ့ရွေ့နဲ့ စုပ်ယူဖျက်ဆီးပစ်တော့တာ ပါ ဂိုဏ်းချုပ်။"
""ဒါပေမဲ့ မင်း... ငါ့လိုလူမျိုးက ကိုယ့်ကိုယ်ထဲက အတွင်းအားတွေ ခိုးစုပ်ခံနေရတာကို တစက်ကလေးတောင် သတိမထားမိဘဲ နေမလား….။"
"ဂိုဏ်းချုပ်ကြီး ရှောင်ကျန်းကိုယ်တိုင် ဒီလောက် အစွမ်းထက်တဲ့ သိုင်းဆရာကြီး ဖြစ်နေလို့သာ... အခုထိ လုံးဝ သတိမထားမိခဲ့တာ ဖြစ်ပါတယ် ဂိုဏ်းချုပ်။"
ထိုစကားကြောင့်... ဂိုဏ်းချုပ်ကြီး ရှောင်ကျန်း၏ မျက်ဝန်းပြာတစ်စုံက စူးရှစွာ ကျဉ်းမြောင်းသွားတော့သည်။
"အကျိုးအကြောင်းကို ရှင်းရှင်းလင်းလင်း ပြောစမ်း။"
"ပထမဆုံး တွယ်ကပ်ခါစတုန်းကတော့ ဒီကပ်ပါးကောင်က အလွန်သေးငယ်တဲ့ အတွင်းအား ပမာဏလေးကိုပဲ တိတ်တဆိတ် စုပ်ယူခဲ့တာပါ။ အကယ်လို့သာ ဂိုဏ်းချုပ်ကြီးက ‘နာမ်ဝိညာဉ်သန္ဓေတည်အဆင့်လောက်ပဲ ရှိသေးတဲ့ ကျင့်ကြံသူဆိုရင် ကိုယ့်ကိုယ်ထဲက စွမ်းအင်လျော့သွားတာကို ချက်ချင်း ရိပ်မိမှာ သေချာပါတယ်။ ဒါပေမဲ့ ဂိုဏ်းချုပ်ကြီးလို ‘အထွတ်အထိပ် ဧကရာဇ်အဆင့် ကို ရောက်နေတဲ့ သိုင်းဆရာကြီးအဖို့တော့ သူစုပ်သွားတဲ့ စွမ်းအင်က သမုဒ္ဒရာထဲက ရေတစ်စက်စာလောက်ပဲမို့ ဝင်သွားထွက်သွားမှန်း လုံးဝမသိနိုင်တာပါ။ နှစ်တွေကြာလာတာနဲ့အမျှ ဒီမိစ္ဆာကောင်က ဂိုဏ်းချုပ်ကြီးရဲ့ ကိုယ်ထဲမှာ တဖြည်းဖြည်း ကြီးထွားလာခဲ့တယ်။ ဒီဖြစ်စဉ်က အရမ်းနှေးလွန်းတော့ မိမိကိုယ်ထဲမှာ ကပ်ပါးကောင် ရှိနေမှန်းကို စိုးစဉ်းမျှ သတိမထားမိဘဲ ဖြစ်ခဲ့ရတာပါ။ ရေနွေးအိုးထဲမှာ ဖြည်းဖြည်းချင်း အပြုတ်ခံနေရတဲ့ ဖားတစ်ကောင်လိုပါပဲ။ အခုအချိန်မှာတော့ သူက ဂိုဏ်းချုပ်ကြီးရဲ့ အသက်ကို အပြီးတိုင် ချေမှုန်းဖို့အထိ ခြိမ်းခြောက်နေပြီ ဖြစ်ပေမဲ့ ဂိုဏ်းချုပ်ကြီးအနေနဲ့ သူ့ရဲ့တည်ရှိမှုကို ဘယ်လိုနည်းနဲ့မှ အာရုံခံလို့ ရနိုင်ဦးမှာ မဟုတ်ပါဘူး။"
ထိုပြတ်သားလှသော ဆေးပညာဖြင့်ကောက်ချက်ချမှုကြောင့်... ခန်းဆောင်အတွင်းရှိ လေထုတစ်ခုလုံး ရင်တထိတ်ထိတ်ဖြင့် အချိန်အတော်ကြာအောင် တိတ်ဆိတ်ငြိမ်သက်သွားခဲ့ရပြန်သည်။
"ကဲ... ငါက မင်းရဲ့ ဇာတ်လမ်းကို ယုံကြည်လိုက်ပြီပဲ ထားဦးတော့။"
ဂိုဏ်းချုပ်ကြီး ရှောင်ကျန်းက နောက်ဆုံးတွင်တော့ သက်ပြင်းတစ်ချက်ချကာ ဆိုလာသည်။
"အခုဘာဆက်ဖြစ်မှာလဲ …ဒီကြောက်စရာကောင်းတဲ့ ဝိညာဉ်စုပ်ကပ်ပါးကောင်ကို အမြစ်ပြတ်အောင် ဖယ်ရှားပစ်နိုင်မယ့်... လျှို့ဝှက်ဆေးနည်းကို သိထားတယ်လို့ ငါ့ကို ထပ်ပြောဦးမှာလား သမားတော်..မင်းသိလို့လား။"
"ကျွန်တော် ကောင်းကောင်း သိတာပေါ့။"
သမားတော်ကြီး လျူကျန့်ကော်က ခေါင်းကို ဖြည်းဖြည်းချင်း ညိတ်ရင်း ပြန်ပြောလိုက်သည်။
"ဒီရောဂါဆိုးကို အမြစ်ပြတ်အောင် ဖယ်ရှားဖို့ လိုအပ်တဲ့ ဆေးဖော်စပ်နည်းက အလွန် တန်ဖိုးကြီးပါတယ်။ ဒါပေမဲ့ အဲဒါတွေကိုသာ စုံအောင် စုပေးနိုင်ရင်တော့... ဒီကပ်ပါးကောင်ကို ဂိုဏ်းချုပ်ကြီးရဲ့ ကိုယ်ထဲကနေ အပြီးသတ် မောင်းထုတ်နိုင်မယ့် ‘နတ်ဘုရားဆေးရည်’ကို ကျွန်တော် သေချာပေါက် ဖော်စပ်ပေးနိုင်ပါတယ်။
လိုအပ်တဲ့ ဆေးမြစ်တွေကတော့... ‘ဖီးနစ်ငှက်မင်းရဲ့ အမွေးအတောင် သုံးချောင်း’၊ ‘နဂါးသွေးပန်းပွင့်’ နဲ့ ‘မီးလျှံလှိုင်းကြာပန်း’ တို့ပဲ ဖြစ်ပါတယ်။ ဒီကောင်းကင်ဘုံ ဆေးမြစ်ဆန်း သုံးမျိုးက ရောဂါကို ချေမှုန်းမယ့် ပင်မသော့ချက်တွေပါ။ ဒါ့အပြင် ‘လရောင်မြက်ပန်းမှုန့်’ နဲ့ ‘အပြာရောင် ဝိညာဉ်သစ်မြစ်’ တို့ကိုလည်း အချိုးကျ ထည့်ဖို့ လိုလိမ့်မယ်။ ဒါပေမဲ့ အဲဒီအရာတွေကတော့ သိုင်းလောကမှာ အလွယ်တကူ ရှာလို့ရတဲ့ သာမန် ဆေးမြစ်တွေမို့ ပြဿနာမရှိပါဘူး။"
"တယ်…ဒီငမိုက်သားကတော့"
ထိုပြတ်သားလှသော ကန့်ကွက်သံကြီး ထွက်ပေါ်လာသောအခါ၊ သမားတော်ကြီး လျူကျန့်ကော် အံ့ဩသွားရသည်က... ဒီစကားကို ဟိန်းဟောက်လိုက်သူမှာ အမြဲဒေါသထွက်တတ်သော အကြီးအကဲဂန်း လုံးဝမဟုတ်ပေ။
ဆန့်ကျင်ဘက်အနေဖြင့်... အမြဲတမ်း စိတ်ရှည်သည်းခံတတ်သည့် ‘ဂိုဏ်းအကြီးအကဲဟွေ့’ ဖြစ်နေခဲ့သည်။
"ဂိုဏ်းချုပ်ကြီးခဗျာ..."
အကြီးအကဲဟွေ့က ရှေ့သို့ လေးနက်စွာ လျှောက်လှမ်းလာပြီး ဂိုဏ်းချုပ်ကြီး ရှောင်ကျန်း၏ ကုတင်ရှေ့တွင် ဦးညွှတ်ကာ တောင်းပန်လိုက်သည်။
"အစတုန်းက ဒီလူဖျင်းကို ပေးဝင်ဖို့ တိုက်တွန်းခဲ့တာ ကျွန်တော်ကိုယ်တိုင်ပါ။ အခုတော့ ကျွန်တော့်ရဲ့ မှားယွင်းတဲ့ အမြော်အမြင် ကင်းမဲ့မှုအတွက် ဂိုဏ်းချုပ်ကြီးကို တောင်းပန်ပါတယ်။ ဒီကောင် အမည်တပ် ရွတ်ဆိုလိုက်တဲ့ ဆေးမြစ်ဆန်းတွေကိုသာ သုံးမယ်ဆိုရင်တော့... ဒါက ကျွန်တော်တို့ ရှောင်ဂိုဏ်းရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ ကျင့်ကြံခြင်း အရင်းအမြစ်တွေကို အလဟဿ ဖြုန်းတီးပစ်လိုက်တာနဲ့ အတူတူပါပဲ။ ဒီလိမ်လည်လှည့်ဖြားနေတဲ့ ‘ရမ်းကု သမားတော်ယုတ်’ ဟာ ကျွန်တော်တို့အားလုံး အံ့ဩသွားအောင် သူသိသမျှထဲက တန်ဖိုးအကြီးဆုံး ကောင်းကင်ဘုံ ရတနာတွေရဲ့ နာမည်တွေကို လျှောက်လိမ်နေတာ တကယ့်ကို ထင်ရှားလွန်းလှပါတယ် ဂိုဏ်းချုပ်။"
"အလျင်စလို မဆုံးဖြတ်နဲ့ဦးဗျ... အကြီးအကဲဟွေ့.."
ထိုစဉ် အကြီးအကဲဂန်းက ကြားဝင်၍ စကားဖြတ်ပြောလိုက်သည်။ ယခုမူ သူ၏ မျက်နှာတစ်ခုလုံးသည် အမျက်ဒေါသများဖြင့် နီမြန်းမနေတော့ဘဲ၊ သမားတော်ကြီး လျူကျန့်ကော်အား သေသေချာချာ အကဲခတ်လိုသော မျက်ဝန်းများဖြင့် စူးရှစွာ စစ်ဆေးကြည့်ရှုနေ၏။
" ခဏလောက် တွေးကြည့်စမ်းပါ။ သိုင်းလောကပြင်ပက ဘာမဟုတ်တဲ့ လူဖျင်းတစ်ယောက်က... ဒီလိုရှေးဟောင်း ကောင်းကင်ဘုံ ဆေးမြစ်ဆန်းတွေရဲ့ နာမည်တွေကို ဘယ်လိုနည်းနဲ့မှ လွယ်လွယ်ကူကူ သိစရာ အကြောင်းမရှိဘူးဗျ။ ကျုပ် တို့ဂိုဏ်းက အရည်အချင်းအရှိဆုံး ထိပ်သီး ‘ဂိုဏ်းမွေခံတပည့် တစ်ယောက်ကို ခေါ်လာရင်တောင်မှ... အဲဒီလူက ‘မီးလျှံလှိုင်းကြာပန်း’ ဆိုတာ ဘာလဲဆိုတာ သိမှာမဟုတ်ဘူး။ ဒီကောင်က အဲဒီအဖိုးတန် နာမည်တွေကို အတိအကျ သိနေတယ်ဆိုတဲ့ အချက်တစ်ခုတည်းနဲ့တင်... ကျုပ် တို့ နက်နက်နက်နဲနဲ တွေးရမယ့် အချက် ဖြစ်နေပြီ မဟုတ်လား။"
"အကြီးအကဲဂန်း... အစတုန်းက ဒီကိစ္စကို အပြင်းအထန်ဆုံး ကန့်ကွက်ခဲ့တာ ခင်ဗျားကိုယ်တိုင်ပဲလေ။ အဲဒီတုန်းက ခင်ဗျားရဲ့ အမြင်ကို ကျွန်တော် မလေးစားမိခဲ့တာ။" အကြီးအကဲဟွေ့က မကျေမနပ်ဖြင့် ပြန်ပြောလိုက်သည်။
"ဒါပေမဲ့ အခုကျမှ ဘာဖြစ်လို့ ဒီလူရဲ့မိုက်မဲတဲ့ စကားတွေကို နားထောင်နေရတာလဲ။ သူက အဲဒီရတနာ နာမည်တွေကို အတိအကျ သိနေရင်တောင်မှ... ကျွန်တော်တို့ဂိုဏ်းရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ အဖိုးတန် ဆေးမြစ်ဆန်းတွေကို ဒီလိုအခြေခံမရှိတဲ့သူ့လက်ထဲ တကယ်ပဲ စိတ်ချအပ်ရဲမှာလား။ ဒီလူဖျင်း ဖော်စပ်တဲ့ ဘယ်ဆေးရည်ကိုမဆို... ကျွန်တော်တို့အားလုံး အသက်ထက်မက ချစ်ရတဲ့ ဂိုဏ်းချုပ်ကြီးကို တိုက်ဖို့ ခင်ဗျားတို့ တကယ်ပဲ ရဲကြလို့လားဗျာ!"
"ဘာလို့မလုပ်ရဲရမှာလဲဗျ"
ထိုစဉ် သခင်လေးရှောင်နန်က ကြားဝင်၍ အားမာန်အပြည့်ဖြင့် လှမ်းပြောလိုက်သည်။
"အဆိုးဆုံး အခြေအနေ ဖြစ်လာခဲ့ရင်တောင် ဘာထပ်ဖြစ်ဦးမှာမို့လို့လဲ။ ဦးလေး သေသွားရုံပဲရှိတာပေါ့။ ဒီလောက်အထိ ရိုးရှင်းတဲ့ ကိစ္စကို... ကျွန်တော်လို ကလေးတစ်ယောက်က ဂိုဏ်းအကြီးအကဲကြီးတွေကို ထပ်ခါတလဲလဲ အကျိုးအကြောင်း ရှင်းပြနေစရာ မလိုတော့ဘူးလို့ ထင်ပါတယ်နော်။"
“ကိုင်း..တော်ကြတော့ မင်းတို့အားလုံးရဲ့ ဆွေးနွေးချက်တွေက ကျိုးကြောင်းဆီလျော်မှု ရှိသလို... ငါ့ကိုလည်း နက်နက်နဲနဲ တွေးတောစရာတွေ အများကြီး ပေးပါတယ်။"
သူတို့ အချင်းချင်း အခြေအတင် ငြင်းခုံနေကြစဉ်အတွင်း အတွေးကမ္ဘာထဲ၌ နက်ရှိုင်းစွာ နစ်မျောနေခဲ့သော ဂိုဏ်းချုပ်ကြီး ရှောင်ကျန်းက နောက်ဆုံး၌ တည်ငြိမ်စွာပင် ဆိုလာသည်။
"ဒါပေမဲ့လည်း... ဒီအရေးကိစ္စက ငါ့အသက်နဲ့ ဂိုဏ်းရဲ့ ကံကြမ္မာတစ်ခုလုံး သက်ရောက်နေတဲ့အတွက် ပေါ့ပေါ့ဆဆနဲ့ လွယ်လွယ်ကူကူ ဆုံးဖြတ်လို့ရမယ့် အရာမျိုး လုံးဝမဟုတ်ဘူး။ အထူးသဖြင့်... ဒီနေ့လို နေ့ရက်မျိုးမှာ ချက်ချင်း ဆုံးဖြတ်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။"
"ဂိုဏ်းချုပ်ကြီး ပြောတာ အလွန်မှန်ပါတယ်။"
အကြီးအကဲဂန်းက လေးနက်စွာဖြင့် ခေါင်းညိတ်ထောက်ခံလိုက်ရင်း— "ဒါဆိုရင် အခြေအနေတွေ မပြတ်သားသေးခင်စပ်ကြားမှာ... ဒီလမ်းဘေးလူနှစ်ယောက်ကို ကျွန်တော်တို့ ဘယ်လိုကိုင်တွယ်ထားရမလဲဗျာ" ဟု မေးမြန်းလိုက်သည်။
ထိုအခါ ဂိုဏ်းချုပ်ကြီး ရှောင်ကျန်း၏ ပြတ်သားလှသော အမိန့်ကတော့ ချက်ချင်းပင် ထွက်ပေါ်လာခဲ့သည်။
"လောလောဆယ်တော့... သူတို့နှစ်ယောက်လုံးကို ‘ပြစ်ဒဏ်ခတ်ဆောင်’ ရဲ့ မြေအောက်အကျဉ်းထောင်ထဲသို့ သေသေချာချာ ခေါ်သွားပြီး ပိတ်လှောင်ထားလိုက်။ သူတို့ ကို ဘယ်လိုအပြစ်ပေးရမလဲဆိုတာကိုတော့... နောက်မှပဲ ငါတို့ ဆက်ပြီး ဆုံးဖြတ်ကြတာပေါ့။"