အခန်း ၃၂.၅
Vol. 4 Ch. 32.5
ကြားဖြတ်အခန်း။ လျူကျန့်ကော်၏ အတိတ်နေ့ရက်များ..(အပိုင်း ၅)
'ပြစ်ဒဏ်ခတ်ဆောင်'ဆိုသည်မှာ အလတ်စား တစ်ထပ်အဆောက်အအုံဖြစ်ပြီး အောက်ခြေတွင် မြေအောက်အကျဉ်းထောင်တစ်လွှာသာ ရှိသည်။
ကြောက်စရာကောင်းသော နာမည်နှင့် ဆန့်ကျင်ဘက်အနေဖြင့် ထိုနေရာတွင် ရက်စက်သော ညှဉ်းပန်းနှိပ်စက်မှုမျိုး ချက်ချင်း ဖြစ်ပျက်လေ့မရှိပါ။ စင်စစ်တော့ ၎င်းသည် ‘ရှောင်ဂိုဏ်း’ ၏ စည်းကမ်းဖောက်ဖျက်သော တပည့်များကို ခေတ္တထိန်းသိမ်းရန် အကျဉ်းခန်း ဒါဇင်ပေါင်းများစွာဖြင့် ဆောက်ထားသည့် အဆောင်မျှသာ ဖြစ်သည်။ ဂိုဏ်း၏ ပြစ်ဒဏ်စနစ်အရ ဤအခြေအနေသည် အပေါ့ပါးဆုံးအဆင့်ဖြစ်ပြီး၊ အပြစ်ကျူးလွန်သူသည် မိမိအပြစ်အလိုက် အကျဉ်းခန်းငယ်ထဲ၌ တစ်ရက် သို့မဟုတ် ရက်ပိုင်းမျှသာ နေထိုင်ဖြတ်သန်းရုံသာ ဖြစ်၏။
ထိုဂိုဏ်းသားများအနက် ဉာဏ်ရှိသူများသည် ဤသို့ အကျဉ်းချခံရသည့် ဆိတ်ငြိမ်သော အချိန်ကို အလဟဿ မဖြုန်းတီးဘဲ၊ မိမိတို့ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအင်များကို စိတ်စုစည်း၍ ‘တရားထိုင်ကျင့်ကြံခြင်း’ အပေါ်၌သာ အားထုတ်လေ့ရှိကြသည်။
သို့သော်လည်း... ထိုလမ်းစဉ်သည် ချီစွမ်းအင်ကြောများ ပျက်စီးနေသည့် သမားတော်ကြီး လျူကျန့်ကော်အတွက်တော့ ဘယ်လိုမှ ရွေးချယ်ခွင့်မရှိသော အရာ ဖြစ်ပေသည်။
ယခုအခါ သူနှင့် ဂိုဏ်းသား လီပေါ်ချင်တို့သည် ထိုမြေအောက်အကျဉ်းထောင်၏ ဘေးချင်းကပ် အကျဉ်းခန်းငယ် နှစ်ခန်းအတွင်း၌ သီးခြားစီ ပိတ်လှောင်ခံထားရပြီ။ အကျဉ်းခန်းတစ်ခုစီ၏ အတွင်း၌မူ အိပ်ရန်အတွက် စောင်စုတ်တစ်ထည် တင်ထားသည့် ‘ကောက်ရိုးပုံ’ တစ်ခုစီသာ ရှိသည်။ ထိုမြေအောက်ထောင်အတွင်း၌ မည်သည့် လေဝင်ပေါက်၊ ပြတင်းပေါက်မျှ ရှိမနေသဖြင့်၊ လင်းပွင့်လာမည့် တစ်ခုတည်းသော အလင်းရောင်မှာ အကျဉ်းခန်းအပြင်ဘက် တံခါးဝဆီ၌ မှိန်ပျပျ တောက်လောင်နေသည့် ဖယောင်းတိုင်မီးရောင်ဖျော့ဖျော့သာ ဖြစ်တော့သည်။
လျူကျန့်ကော်၏ ဆေးပညာအချိန်တွက်ချက်မှုအရ... သူတို့နှစ်ဦး ဤမြေအောက်ထောင်ထဲသို့ ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရသည်မှာ လက်ရှိအချိန်တွင်နေ့တစ်ဝက်ကျော်ခန့်ပင် ကုန်လွန်သွားခဲ့ပြီ။
... သမားတော်ကြီး လျူကျန့်ကော်သည် ဤသို့ အကျဉ်းချခံထားရသော်လည်း သူ့အသက်ဘေးအတွက် စိုးစဉ်းမျှ စိုးရိမ်ပူပန်နေခြင်း မရှိပေ။ သို့ရာတွင်‘အဘိုးအိုကောင်း’ တို့ ဇနီးမောင်နှံထံ၌ စိတ်မချစွာဖြင့် ထားရစ်ခဲ့ရသော သူ၏ သားငယ် လျူကျင်းလေးအတွက် ရင်ထဲ၌ မီးတောင်ပမာ အသည်းကွဲမတတ် စိုးရိမ်သောကရောက်နေမိသည်။ သူ၏ သားငယ်လေး လျူကျင်းအား မိမိ၏ လက်ဖဝါးနှစ်ဖက်ဖြင့် ပထမဆုံးအကြိမ် ပွေ့ချီခဲ့ဖူးသည့် ထိုနေ့မှစ၍ ယနေ့တိုင်အောင်၊ လျူကျန့်ကော်သည် သားဖြစ်သူနှင့် ဤမျှအထိ ရှည်လျားသော အချိန်ကာလပတ်လုံး ခွဲခွာနေခဲ့ရသည်မှာ ယခုပထမဆုံးအကြိမ်ပင် ဖြစ်ပေသည်။ ဤသည်မှာ သမားတော်ကြီးအတွက် ဘယ်လိုမှ အကျွမ်းတဝင်မရှိသော ဆိုးရွားသည့် အခြေအနေတစ်ခု ဖြစ်သည့်အပြင်၊ သူ့ရင်ထဲ၌လည်း ဤသို့သော ခွဲခွာခြင်းဝေဒနာကို စိုးစဉ်းမျှ အလိုမရှိခဲ့သည်ကတော့ အမှန်ပင် ဖြစ်တော့သည်။
သေချာပါသည်... သူသည် မထွက်ခွာမီက ထိုသက်ကြီးရွယ်အို ဇနီးမောင်နှံထံသို့ သားငယ်လေးအား မည်သို့ပြုစုစောင့်ရှောက်ရမည်ဟူသော ဆေးပညာဆိုင်ရာ တင်းကျပ်သည့် ညွှန်ကြားချက်များကို မှာကြားခဲ့သော်လည်း၊ ဖခင်တစ်ဦး၏ ရင်တွင်းသောကကိုမူ မည်သို့မျှ ဖြေဖျောက်၍ မရနိုင်ခဲ့ချေ။
အကယ်၍ ညဉ့်နက်သန်းခေါင်ယံ၌ သားငယ်လေး နိုးထကာ ရှိုက်ကြီးတငင် ငိုကြွေးချိန်တွင် မိမိက ဘေးနား၌ ရှိမနေခဲ့လျှင် ဘာဖြစ်မည်နည်း...။
အကယ်၍ သားငယ်လေး ရုတ်တရက် ဖျားနာသွားခဲ့လျှင်ကော...။ အဘိုးအိုကောင်းသည် ဆေးပညာနှင့် ပတ်သက်၍ စိုးစဉ်းမျှ ဗဟုသုတ ရှိသူမဟုတ်ပေ။ လျူကျန့်ကော်သည် မျက်မှောင်ကြုတ်လိုက်မိရင်း ဖြစ်နိုင်ခြေရှိသော အခြေအနေများမှသည် မဖြစ်နိုင်သော ကိစ္စရပ်များအထိ စိုးရိမ်စိတ်ကြောင့် အတွေးပေါင်းသောင်းခြောက်ထောင် လှုပ်ခတ်လာခဲ့ရသည်။ သူ၏ စိတ်အာရုံက ထိုမျှဆိုးရွားသော ဘေးဒုက္ခမှန်သမျှကို တကယ့်ကို အလေးအနက်ကြီး တွေးတောကာ ပူပန်နေမိတော့သည်။
"ကျွန်တော့်အမှားတွေပါဗျာ... ဆရာကြီးကို အားနာလိုက်တာဗျာ"
ဘေးအကျဉ်းခန်းမှ ထွက်ပေါ်လာသော လီပေါ်ချင်၏ တုန်ရီနေသည့်အသံက သမားတော်ကြီးကို သောကအတွေးများထဲမှ ချက်ချင်း ဆွဲထုတ်ပေးလိုက်သဖြင့် သူ မျက်တောင်တစ်ချက် ခတ်လိုက်မိသည်။ လျူကျန့်ကော်သည် ဘေးသို့ လှည့်ကြည့်လိုက်သော်လည်း အကျဉ်းခန်း၏ ခိုင်ခံ့သော နံရံကြီးများက ပိတ်ဆို့ထားသဖြင့် လီပေါ်ချင်ကို မမြင်ရချေ။
"မင်း ငါ့ကို အားနာရအောင် ဘာအမှားလုပ်ခဲ့လို့လဲကွာ"
လီပေါ်ချင်၏ ခါးသက်သက် ရယ်သံက ထိုဆိတ်ငြိမ်ခြောက်ခြားလှသော မြေအောက်ထောင်ကြီးအတွင်း ပြည့်နှက်သွားသည်။
"အဟက် …ဆရာကြီးလျူ... ဆရာကြီးရဲ့ ဟာသဉာဏ်ကတော့ အမြဲတမ်း တကယ့်ကို ကောင်းလွန်းပါတယ်။ ဒါပေမဲ့ အခုက အဲလိုနောက်ပြောင်ရမယ့် အချိန်မဟုတ်တော့ဘူး ထင်တယ်ဗျာ။ ဆရာကြီးကို ဒီနေရာအထိ လာကုပေးဖို့ ဇွတ်အတင်း တောင်းပန်ခေါ်ခဲ့တာ... ကျွန်တော်ဆိုတာ ဘယ်လိုမှ ငြင်းလို့မရတဲ့ အမှန်တရားပါပဲ။ အကယ်လို့ ကျွန်တော်သာ မတောင်းပန်ခဲ့ရင် အခုအချိန်မှာ ဆရာကြီးက သားငယ်လေးနဲ့အတူ အေးအေးချမ်းချမ်း ရှိနေမှာပေါ့။ ကျွန်တော်... ကျွန်တော် ကိစ္စတွေ ဒီလိုမျိုး အကျဉ်းကျပြီး လမ်းဆုံးသွားနိုင်တယ်ဆိုတာကို ကြိုသိခဲ့ပါတယ်၊ ဒါပေမဲ့ ရင်ထဲကနေ အရာရာတိုင်း အဆင်ပြေသွားလိမ့်မယ်လို့ တကယ့်ကို ရူးရူးမူးမူး ယုံကြည်မိခဲ့တာဗျာ။"
သူ့လေသံထဲမှ နက်ရှိုင်းလှသော နောင်တတရားများကို အတိုင်းသား ကြားသိနေရပြီး၊ တစ်ဖက်က ကြည့်မည်ဆိုပါကလည်း ၎င်း၏ စကားလုံးများအပေါ် သဘောတူ ထောက်ခံရန် အလွန်ပင် လွယ်ကူလှပေသည်။ သို့သော်ငြားလည်း...
"မင်း ထင်သလို... ငါက သူများ မြှောက်ပေးတိုင်း လိုက်လုပ်တဲ့ လူစားမဟုတ်ဘူးကွ.."
လျူကျန့်ကော်က ကောက်ရိုးပုံပေါ်တွင် ပြန်ထိုင်လိုက်ရင်း နံရံကို ကျောမှီကာ ခပ်အေးအေးပင် ပြန်ပြောလိုက်သည်။
"မင်းက ငယ်သေးတယ်၊ အဲဒါကြောင့်ပဲ... ငါကိုယ်တိုင် ရွေးချယ်ခဲ့တဲ့ လုပ်ရပ်မှန်သမျှအပေါ် မင်းကပဲ တာဝန်ယူနိုင်စွမ်း ရှိတယ်လို့ ထင်နေတာ။ ဒီနေရာကို ရောက်နေရတာ... ငါကိုယ်တိုင်ကပဲ ဒီလမ်းကို သွားဖို့ ဆုံးဖြတ်ခဲ့လို့ပဲ။ ဒီထက်မပိုသလို၊ ဒီထက်လည်း မလျော့ပါဘူးကွာ..။"
"ဒါပေမဲ့ ကျွန်တော့်ဘက်က အကြိမ်ကြိမ် ဇွတ်အတင်း တိုက်တွန်းခဲ့တာလေဗျာ!"
"မှန်တယ်... မင်း ဇွတ်အတင်း တောင်းဆိုခဲ့တာကတော့ အမှန်ပဲ။"
လျူကျန့်ကော်က ၎င်း၏ လေသံထဲတွင် ဒေါသ သို့မဟုတ် နာကျင်မှု အရိပ်အယောင် စိုးစဉ်းမျှ မပါဘဲ ခပ်အေးအေးပင် ထောက်ခံလိုက်သည်။
"မင်း ငါ့အနားမှာ အမြဲတမ်း လိုက်ပူဆာနေတာတော့ တော်တော် နားငြီးပီး စိတ်အနှောင့်အယှက် ဖြစ်စရာ ကောင်းတယ် ..ဟားဟားးး။"
"ဒါဆိုရင်လည်း ဆရာကြီး —"
"ဒါပေမဲ့..."
သမားတော်ကြီးက စကားကို ဖြတ်ပြောလိုက်ရင်း၊ နူးညံ့သော်လည်း တားဆီး၍မရလောက်အောင် ပြတ်သားသော လေသံဖြင့် ဆိုလိုက်သည်။
"ငါ မင်းနဲ့အတူ လိုက်ဖို့ ဆုံးဖြတ်ခဲ့တာဟာ... မင်း ငါ့အနားမှာ လိုက်ပူဆာနေတာတွေကို ရပ်စေချင်လို့ မဟုတ်ဘူး။ မင်း လောကအကျိုးအတွက် ပြခဲ့တဲ့ အကျိုးအကြောင်းတွေကို ငါကိုယ်တိုင် နားထောင်ပြီး သဘောတူခဲ့လို့သာ လိုက်လာခဲ့တာ။ အဓိကအချက်က ဒါပဲ။ မင်း ငါ့ကို အတင်းအကျပ် ဖိအားပေးပြီး ခေါ်လာတာ မဟုတ်ဘူး။ ငါကိုယ်တိုင် လွတ်လပ်တဲ့ ဆန္ဒနဲ့ ဒီနေရာကို လာခဲ့တာ ဖြစ်လို့... ငါရွေးချယ်ခဲ့တဲ့ လမ်းအတွက် မင်းအနေနဲ့ ဘာမှ အပြစ်ရှိစိတ် ခံစားနေစရာ မလိုဘူး။"
တွေးကြည့်လျှင် အမှန်ရယ်ချင်စရာ ကောင်းလှပေသည်။ အကယ်၍ အတိတ်တစ်ချိန်တုန်းကသာ တစ်စုံတစ်ယောက်က သူ့အား ယခုကဲ့သို့သော လောကီတရားသဘောမျိုးဖြင့် လာရောက်ဖျောင်းဖျ လမ်းညွှန်ပေးခဲ့မည်ဆိုပါက... သူ၏ အတိတ်ဇာတ်လမ်းဆိုးကြီးသည် ယခုကဲ့သို့ သွေးချောင်းစီးပြီး လမ်းဆုံးသွားခဲ့လိမ့်မည် မဟုတ်ပေ။
သို့သော်ငြားလည်း ယခုအချိန်တွင် လျူကျန့်ကော်၌ အတိတ်က ‘အကယ်၍များ’ ဆိုသည့် စိတ်ကူးယဉ် အတွေးပွားစရာများအတွက် ခေါင်းရှုပ်ခံနေရန် အချိန် လုံးဝမရှိတော့ချေ။ အနာဂတ်တွင် ဘာမှ ပြောင်းလဲနိုင်တော့မည် မဟုတ်သောကြောင့်ပင် ဖြစ်သည် ။
"ကျွန်တော်ထင်တဲ့အတိုင်းပဲ... ဆရာကြီးလျူက တကယ် လေးစားစရာကောင်းတဲ့ ပုဂ္ဂိုလ်ကြီးပါပဲဗျာ။" အတန်ကြာ တိတ်ဆိတ်သွားပြီးနောက် ဂိုဏ်းသား လီပေါ်ချင်က ရင်ထဲကနေ ချီးကျူးအံ့ဩစွာဖြင့် ဆိုရှာသည်။
"ဒါကြောင့်မို့လည်း ကောင်းကင်ဘုံ က ဆရာကြီးလျူကို ချီစွမ်းအင် သုံးလို့မရအောင် လုပ်ထားတာ ဖြစ်ရမယ်။ လူတစ်ယောက်တည်းက ဒီလောက်အထိ ကြီးမားတဲ့ အာဏာစက် ခွန်အားကော၊ ကောင်းကင်လို နက်နဲတဲ့ ဉာဏ်ပညာကိုပါ တစ်ပြိုင်နက်တည်း ပိုင်ဆိုင်ထားမယ်ဆိုရင်တော့... ဒါက လောကကြီးအတွက် တကယ့်ကို တရားမျှတမှု မရှိရာ ကျလွန်းလို့ပဲဗျ။"
“ဘာ…ဟားးဟားးဟားးး”
ထိုစကားကို ကြားလိုက်ရသည့် အခိုက်အတန့်တွင်... သမားတော်ကြီး လျူကျန့်ကော်သည် အားရပါးရ ရယ်မောမိလိုက်တော့သည်။
သူ မရယ်ဘဲ မနေနိုင်ခဲ့ပါ။ သူသည် စိတ်လွတ်ကိုယ်လွတ်ဖြင့် အချိန်အတော်ကြာအောင် ရှည်လျားကျယ်လောင်စွာ ရယ်မောနေမိတော့သည်။ ထိုရယ်မောသံကြီးသည် ဆိတ်ငြိမ်ခြောက်ခြားလှသော မြေအောက်အကျဉ်းခန်းကြီးတစ်ခုလုံးတွင် ဟိန်းဟောက်လျက် ကျယ်လောင်စွာ ပဲ့တင်ထပ်သွားခဲ့ရချေတော့သည်။
"ဆ ဆရာကြီးလျူ......"
လီပေါ်ချင်တစ်ယောက် နားမလည်နိုင်သဖြင့် ကြောက်ကြောက်လန့်လန့်ဖြင့် ခေါ်လိုက်မိသည်။
"စိတ်မရှိပါနဲ့ကွာ...မင်းပြောတာသဘောကျသွားလို့ပါကွ…"
လျူကျန့်ကော်က စိတ်ကို ထိန်းချုပ်ရင်း ရယ်မောနေဆဲဖြင့် မျက်ဝန်းမှ ထွက်ကျလာသည့် သဘောကျမျက်ရည်များကို သုတ်ရင်း ဆိုလိုက်သည်။
"ဒီလိုလေ... မင်းဆီကနေ ဒီလိုတရားသဘောမျိုး ထွက်လာလိမ့်မယ်လို့ ငါ လုံးဝ မျှော်လင့်မထားလို့ပါ။ လူတစ်ယောက်တည်းက ခွန်အားကော၊ ဉာဏ်ပညာကိုပါ တစ်ပြိုင်နက်တည်း ပိုင်ဆိုင်ထားမယ်ဆိုရင်လောကကြီးအတွက် တရားမျှတမှု မရှိရာ ကျလွန်းတယ် ဟုတ်လား ….၊မင်းက ကောင်းကင်ဘုံရဲ့ နိယာမတရားကို ဒီလိုအမြင်မျိုးနဲ့ပဲ မြင်နေခဲ့တာလား။"
တကယ့်ကို လီပေါ်ချင် တွက်ချက်ပြလိုက်သည့် အချက်မှာ သူကိုယ်တိုင် သိထားသည်ထက်မက အဆပေါင်းများစွာ ပိုမှန်နေခဲ့သည်မှာ သရော်စာဆန်လှပေသည်။
"တကယ်ရီစရာကောင်းတယ်ကွာ…
" သမားတော်ကြီးက ခပ်တိုးတိုး ရေရွတ်လိုက်ရင်း—
" ကံကြမ္မာဆိုတာ တကယ် ရယ်စရာကောင်းလွန်းတယ်ကွ …"
"ကဲ... ကဲ..."
ထိုစဉ် ဆိတ်ငြိမ်လှသော မြေအောက်ထောင်လမ်းမဆီမှနေ၍ ကျွမ်းဝင်လှသောအသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီ။
"ခင်ဗျားတို့နှစ်ယောက်စလုံးက ဒီနေရာမှာ တကယ့်ကို ပျော်ရွှင်မြူးထူးနေကြတာပဲကိုး။ ဒီနေရာဟာ ပြစ်ဒဏ်ကျခံရမယ့် ‘တားမြစ်ချုပ်နှောင်ရာအရပ်’ ဆိုတာကို ခင်ဗျားတို့ မေ့နေကြပြီလား။ အနည်းဆုံးတော့... ဂိုဏ်းအကြီးအကဲတွေ အလွန်သဘောကျတဲ့ အမှားအတွက် နောင်တရနေတဲ့ပုံစံမျိုး ဟန်ဆောင်ပြီးတော့မှ ငြိမ်နေသင့်တာပေါ့ဗျာ။"
"သခင်လေး ရှောင်နန်!" ဘေးခန်းမှ လီပေါ်ချင်က ထိတ်လန့်တုန်လှုပ်စွာဖြင့် လှမ်းအော်လိုက်မိသည်။
သမားတော်ကြီး လျူကျန့်ကော်မျက်မှောင်ကြုတ်လိုက်မိသည်။ အဘယ်ကြောင့်ဆိုသော် အသက် (၁၀) နှစ်မပြည့်သေးသည့် ထိုကလေးငယ်လေးသည် အစားအသောက်များ ထည့်သွင်းထားသည့် ဆေးလင်ဗန်း တစ်ခုကို ကိုင်စွဲလျက် သူ့အကျဉ်းခန်း၏ တံခါးဝရှေ့သို့ ဖြည်းညှင်းစွာ လျှောက်လှမ်းလာသည်ကို မြင်တွေ့လိုက်ရသောကြောင့်ပင်။
"... သခင်လေး။" လျူကျန့်ကော်က ဦးခေါင်းကို အသာအယာ နှိမ့်ချလျက် ရိုသေစွာ ဆိုလိုက်သည်။
"အမှန်အတိုင်းပြောရရင် ကျွန်တော်တို့လို လမ်းဘေးကလူနှစ်ယောက်ကို... သခင်လေးလို ဂိုဏ်းရဲ့ အရေးကြီးပုဂ္ဂိုလ်တစ်ယောက်က လာတွေ့လိမ့်မယ်လို့ တစ်ခါမှမတွေးလိုက်မိဘူးဗျာ"
"သေချာတာပေါ့... ခင်ဗျားတို့ဆီမှာ အဲဒီလို လာကြည့်ခံရလောက်တဲ့ အရည်အချင်းမျိုး လုံးဝကို မရှိတာပါ။"
သခင်လေး ရှောင်နန်က စိုးစဉ်းမျှ တွန့်ဆုတ်ခြင်းမရှိဘဲ ပွင့်ပွင့်လင်းလင်းပင် ပြန်ပြောလိုက်သည်။
"ဒါပေမဲ့ ဘာပဲဖြစ်ဖြစ်... အခုအချိန်မှာတော့ ကျွန်တော် လည်း ခင်ဗျားတို့နဲ့ဒီဇာတ်ရှုပ်မှာ ပါမိနေတာကိုး …”
သူက စကားပြောနေစဉ်အတွင်း လက်ထဲမှ ဆေးလင်ဗန်းကို ကြမ်းပြင်ပေါ်သို့ အသာချလိုက်ပြီး၊ အကျဉ်းခန်း၏ သံတံခါးသော့ခလောက်ကို ဖြည်းညှင်းစွာ ဖွင့်လှစ်လိုက်တော့သည်။ ထို့နောက်တွင်မူ အစားအစာများ အပြည့်အဝ ထည့်သွင်းထားသည့် ဆေးပန်းကန်ပြားကြီးကို သံတံခါးအောက်ခြေမှနေ၍ အထဲသို့ အမိအရတွန်းပို့လိုက်သည်။
"ခင်ဗျားက သမားတော်ဆိုတော့ သိမှာပါ။ အားနည်းတဲ့ ကျင့်ကြံသူတွေတောင် တစ်ရက်နှစ်ရက်လောက်ကတော့ ဘာမှမစားဘဲ နေနိုင်ကြတာပဲ။"
ရှောင်နန်က တံခါးကို ပြန်ပိတ်ဖို့ မကြိုးစားဘဲ အေးအေးဆေးဆေး ပြောလိုက်သည်။ သူ တံခါးပိတ်စရာမလိုပါ။ သူ့လိုအစွမ်းထက်တဲ့ သခင်လေးတစ်ယောက် ရှေ့မှာရပ်နေသရွေ့ အတွင်းအားမရှိတဲ့ လျူကျန့်ကော် မည်သို့မျှ ထွက်ပြေး၍မရနိူင်ပေ။
"ဂိုဏ်းစည်းကမ်းကြီးကြီးမားမားဖောက်ဖျက်လို့ လနဲ့ချီအပိတ်ခံရတဲ့ အပြစ်သားတွေကလွဲရင် သာမန်ဆို ဒီနေရာကို ထမင်းလာပို့လေ့မရှိဘူး။ ဒါပေမဲ့ ခင်ဗျားက အတွင်းအားမရှိတဲ့ လူဖျင်းတစ်ယောက် ဖြစ်နေတော့ သာမန်လူတွေလိုပဲ စားမှဖြစ်မှာမို့ ကျွန်တော်ကိုယ်တိုင် လာပို့ပေးတာ။"
"ကျွန်တော် ကျေးဇူးတင်ပါတယ် သခင်လေး။"
"သာမန်ဆိုရင်တော့ ခင်ဗျားအတွက် ထမင်းကို အစေအပါးတစ်ယောက်ယောက်နဲ့ပဲ ပို့ခိုင်းမှာပေါ့။ ဒါပေမဲ့ အခုတော့ အကြီးအကဲတွေ အားလုံးက ကျွန်တော့်ကို အကြီးအကျယ် စိတ်ဆိုးနေကြတာကိုး။"
သခင်လေးရှောင်နန်က ဒီကိစ္စသည် သူနှင့်မဆိုင်သည့်အလား ပုခုံးတစ်ချက် အသာတွန့်ပြရင်း ဆိုသည်။
"အဲဒါကြောင့်ပဲ ခင်ဗျားရဲ့ထမင်းဗန်းကို ကျွန်တော်ကိုယ်တိုင် လာပို့ပေးနေရတာ။ ကဲ... ကျွန်တော်တို့နှစ်ယောက်ရဲ့ အဆင့်အတန်းတွေ ဘယ်လောက်တောင် ပြောင်းလဲသွားလဲဆိုတာ အားရပါးရကြီးသာ ခံစားလိုက်ပါဦးဗျာ။"
"ကျွန်တော် ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ် သခင်လေး။"
သမားတော်ကြီး လျူကျန့်ကော်က ဦးခေါင်းကို ဖြည်းဖြည်းချင်း နှိမ့်ချဂါရဝပြုလိုက်ရင်း မိမိရှေ့ရှိ ပန်းကန်ကို လှမ်းယူကာ စတင်စားသောက်တော့သည်။ ထိုအစားအစာမှာ ဆန်ဖြူ၊ အမဲသားနှင့် ဟင်းခတ်အမွှေးအကြိုင်အချို့ ရောစပ်ချက်ပြုတ်ထားခြင်း ဖြစ်၏။ ကြီးကျယ်လှသော ရှောင်ဂိုဏ်း၏ စံနှုန်းများနှင့် ယှဉ်ကြည့်လျှင် ခမ်းနားလှသော ရတနာအာဟာရမျိုး မဟုတ်သော်လည်း၊ သမားတော်တစ်ဦး၏ အမြင်တွင်မူ အရသာရှိသော အစားအစာကောင်းတစ်ခု ဖြစ်သည်မှာ အမှန်ပင် ဖြစ်သည်။
သခင်လေး ရှောင်နန်သည် မိမိတာဝန် ပြီးဆုံးသွားသော်လည်း ချက်ချင်း ပြန်မထွက်သွားဘဲ၊ ရင်ဘတ်ပေါ် လက်ပိုက်လိုက်ရင်း နံရံကို ကျောမှီကာ ထိုနေရာ၌ပင် ဆက်ရပ်နေသည်။ သူ၏ ရှိနေမှု အရှိန်အဝါကြောင့် ဘေးခန်းရှိ လီပေါ်ချင်မှာ စကားတစ်လုံးမျှ မဟရဲတော့ဘဲ ငြိမ်သက်သွားသော်လည်း၊ သမားတော်ကြီး လျူကျန့်ကော်ကမူ ဘာကိုမျှ စိုးရိမ်ခြင်းမရှိဘဲ အေးအေးဆေးဆေးသာ ဆက်လက်စားသောက်နေမိတော့သည်။
ထိုသို့ဖြင့်... ဆိတ်ငြိမ်လှသော လေထုအတွင်း မိနစ်အနည်းငယ်မျှ အချိန်ကာလသည် ကုန်လွန်သွားခဲ့ချေပြီ။ သို့သော်လည်း ရှောင်နန်သည် ထိုနေရာမှ စိုးစဉ်းမျှ ရွေ့လျားခြင်း မရှိသေးပေ။ အတန်ကြာမှ သူသည် လျူကျန့်ကော်အား စူးရှစွာ စိုက်ကြည့်လိုက်မိရင်း ခပ်တိုးတိုး ဆိုလိုက်သည်။
"ခင်ဗျား ခုနက ပြောခဲ့တဲ့ စကားတွေက... တကယ်ပဲ အမှန်တရားတွေလား။"
လျူကျန့်ကော်သည် ထမင်းဝါးနေရင်း ခဏရပ်သွားကာ ထိုကလေးငယ်ကို စိုက်ကြည့်လိုက်သည်။
"တကယ်လို့ ရှောင်ဂိုဏ်းရဲ့ သခင်လေးက... ကျွန်တော့်ကို ဂိုဏ်းချုပ်ကြီးရှောင်ကျန်းရဲ့ ရောဂါအခြေအနေနဲ့ ပတ်သက်ပြီး အမှန်အတိုင်း ပြောခဲ့တာလားလို့ မေးတာဆိုရင်တော့ အဖြေက ‘မှန်ပါတယ်’ သခင်လေး။ တကယ်လို့ သခင်လေးက... သူ့ကို အမြစ်ပြတ်အောင် ကုနိုင်မယ့် ဆေးမြစ်ဆန်း လျှို့ဝှက်ချက်တွေအကြောင်း ပြောခဲ့တာကော အမှန်ပဲလားလို့ ထပ်မေးဦးမယ်ဆိုရင်လည်း အဖြေက သေချာပေါက် ‘မှန်ပါတယ်’ သခင်လေး။"
ရှောင်နန်က မျက်မှောင်ကြုတ်ကာ စူးစူးစိုက်စိုက် ကြည့်လိုက်ရင်း— "ဒါဆိုရင်... ခင်ဗျား ကျွန်တော့်ကို လိမ်မနေဘူးဆိုတာ ကျွန်တော် ဘယ်လိုလုပ် သိနိုင်မှာလဲ။"
"ဆရာကြီးလျူက ဘယ်တော့မှ လိမ်ညာ—"
"ပါးစပ်ပိတ်ထားစမ်း!"
ထိုပြတ်သားလှသော တားမြစ်သံတစ်ချက်တည်းနှင့်တင် ဘေးခန်းမှ လီပေါ်ချင်တစ်ယောက် စကားဆက်မပြောရဲတော့ဘဲ ချက်ချင်း ငြိမ်သက်သွားခဲ့ရသည်။ သခင်လေး ရှောင်နန်၏ စူးရှလှသော မျက်ဝန်းအစုံကမူ သမားတော်ကြီး လျူကျန့်ကော်ထံမှ စိုးစဉ်းမျှ လွင့်စင်သွားခြင်း မရှိခဲ့ချေ။ "ကျွန်တော် နောက်တစ်ကြိမ် ထပ်မေးမယ်။ ခင်ဗျား ကျွန်တော့်ကို လိမ်မနေဘူးဆိုတာ ကျွန်တော် ဘယ်လိုနည်းနဲ့ ယုံကြည်ရမှာလဲ။"
"သခင်လေးအနေနဲ့ ဘယ်လိုနည်းနဲ့မှ ယုံလို့ရ၏မရ၏ ကြိုမသိနိုင်ပါဘူး။" လျူကျန့်ကော်က ခပ်အေးအေးပင် ပြန်ပြောလိုက်သည်။
"ဘာ..." ရှောင်နန်တစ်ယောက် မမျှော်လင့်ထားသော အဖြေကြောင့် ခဏမျှ ကြောင်အန်းအန်း ဖြစ်သွားရတော့သည်။
"ကျွန်တော်ကိုယ်တိုင် ဝင်ကုပြီး ရောဂါကို ပျောက်အောင် လုပ်မပြနိုင်သရွေ့တော့... သခင်လေး ယုံကြည်လာအောင် ပြောနိုင်မယ့် နည်းလမ်းမရှိဘူး ထင်ပါတယ်" ဟု လျူကျန့်ကော်က အေးဆေးတည်ငြိမ်စွာပင် ဆက်ရှင်းပြသည်။
"သခင်လေး ကျွန်တော့်ကို သံသယဝင်တာ လုံးဝမမှားပါဘူး။ ဘာပဲဖြစ်ဖြစ်... ကျွန်တော်က အတွင်းအားမရှိတဲ့ လူဖျင်းတစ်ယောက် ဖြစ်နေတာကိုး။ ကျွန်တော့်လိုလူမှာ ဒီမြို့တော်ရဲ့ အစွမ်းဆုံး နတ်ဘုရားသမားတော်တွေထက် သာတဲ့ ဆေးပညာဗဟုသုတတွေ ရှိနေတယ်ဆိုတာက... လူတိုင်းအတွက်တော့ ပြက်လုံးတစ်ခုထက် မပိုပါဘူး။ ကျွန်တော်က အသက်ဘေးက လွတ်ချင်လို့ ဉာဏ်ဆင်နေတဲ့ ‘ရမ်းကု သမားတော်ယုတ်’ တစ်ယောက်ပဲ ဖြစ်လိမ့်မယ်လို့ သခင်လေး တွေးလိုက်တာက ပိုပြီးတော့တောင် အဆင်ပြေပါလိမ့်ဦးမယ်။"
"ခင်ဗျား သိလား..."
သခင်လေးရှောင်နန်က ဘယ်ဘက်မျက်ခုံးတစ်ချက် တွန့်လိုက်ရင်း— "ခင်ဗျား ဒါကို လူရှေ့မှာ ဒီလိုဗြောင်ကျကျ ဝန်မခံသင့်ဘူးဗျ။ သာမန်လူဆိုရင် ကျွန်တော့်ရှေ့မှာ ဒူးထောက်ပြီး မိမိကိုယ်ကိုယ် သက်သေပြခွင့်ရဖို့ အသည်းအသန် ငိုကြီးချက်မနဲ့ တောင်းပန်နေကြရမှာ မဟုတ်ဘူးလား။"
"တကယ်လို့ ကျွန်တော်သာ သခင်လေးရဲ့ ခြေဖမိုးပေါ်မှာ ဒူးထောက်ပြီး အသည်းအသန် တောင်းပန်နေခဲ့ရင်... သခင်လေးက ကျွန်တော့်ကို အသက်ဘေးကြောင့် လမ်းပျောက်နေတဲ့ လူမိုက်တစ်ယောက်လို မြင်သွားပြီး ဒီထက်မက ပိုပြီးတော့တောင် ယုံကြည်ရဲတော့မှာ မဟုတ်ပါဘူး။" ဟုသမားတော်ကြီးက သူ့အတွင်းစိတ်ကို ခပ်အေးအေးပင် ထောက်ပြလိုက်သည်။
"ကျွန်တော် အသက်မသေချင်ဘူးဆိုတာကတော့ သံသယဖြစ်စရာမလိုတဲ့ အမှန်တရားပါပဲ။ ပြီးတော့ သခင်လေးရဲ့ ယုံကြည်မှုကို ရတာက ကျွန်တော့်ကို ဘေးကင်းကင်းနဲ့ ရှင်သန်နိုင်အောင် ကူညီပေးလိမ့်မယ်လို့လည်း တွေးမိပါတယ်။ ဒါပေမဲ့လည်း... သခင်လေးဘက်က ကျွန်တော့်ကို ရုတ်တရက်ကြီး ယုံကြည်လာဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ကျွန်တော် သခင်လေးရဲ့ ဦးလေးကို သေချာပေါက် ကုပေးနိုင်တာက အမှန်တရား ဖြစ်ပေမဲ့၊ သခင်လေးအမြင်မှာတော့... ကျွန်တော့်စကားတွေက ကျွန်တော်ကိုယ်တိုင် မဟာအင်ပါယာ တပ်မတော်ကြီးရဲ့ စစ်သေနာပတိချုပ်ကြီးပါလို့ လိမ်နေတာ ဒါမှမဟုတ် တခြားနိုင်ငံက မင်းသားတစ်ပါးပါလို့ စိတ်ကူးယဉ် အော်ဟစ်နေတာတွေနဲ့ ထပ်တူကျနေမှာပဲ မဟုတ်လား။"
သခင်လေးရှောင်နန်က သက်ပြင်းတစ်ချက် ခပ်လေးလေးချလိုက်ရင်း လက်ဖဝါးဖြင့် ဆံပင်များကို အားမလိုအားမရ ပွတ်သပ်လိုက်မိသည်။
"ဟူးးးကျွန်တော့်မှာ ဒီလိုအရာတွေအတွက် အချိန်မရှိဘူး။ တကယ့်ကို အချိန်မရှိတာဗျာ..."
ထိုကလေးငယ်သည် အကျဉ်းခန်းဝတွင် စိတ်မရှည်စွာဖြင့် ဟိုဟိုဒီဒီ လမ်းလျှောက်နေသော်လည်း ထိုနေရာမှ ထွက်ခွာသွားရန် ခြေလှမ်းမပြင်သေးပေ။ သူက နှုတ်ခမ်းကို တင်းတင်းစေ့၊ လက်သီးနှစ်ဖက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်ရင်း—
"တကယ်လို့... တကယ်လို့သာ ဦးလေးက ဂိုဏ်းပြင်ပက တခြားသိုင်းဂိုဏ်းကြီးတွေဆီ ချက်ချင်း အကူအညီတောင်းခဲ့ရင် ဒီလိုဘေးဒုက္ခတွေ ဘာတစ်ခုမှ ဖြစ်လာစရာ အကြောင်းမရှိဘူး! သူနဲ့ အကြီးအကဲတွေအားလုံးက တကယ့်ကို အမြော်အမြင်မရှိဘဲ အလွန်အမင်း ခေါင်းမာလွန်းတာဗျာ!"
ထိုသို့ ဒေါသတကြီး အော်ဟစ်လိုက်ပြီးနောက် ထိုကလေးငယ်သည် ရင်ဘတ်ကြီး နိမ့်ချည်မြင့်ချည်ဖြင့် ပြင်းထန်စွာ အသက်ရှူနေရှာတော့သည်။ သမားတော်ကြီး လျူကျန့်ကော်ကမူ ၎င်း၏ အမျက်ဒေါသထွက်နေသော မျက်နှာထားကို အကဲခတ်ကြည့်ရှုလိုက်ရင်း—
"ကျွန်တော့်အနေနဲ့ သိုင်းလောကရဲ့ လှည့်ကွက်မှန်သမျှကို အကုန်သိတယ်လို့ မပြောချင်ပါဘူး။ ဒါပေမဲ့... ဒီအရေးကိစ္စနဲ့ ပတ်သက်ပြီးတော့ ဂိုဏ်းချုပ်ကြီးရှောင်ကျန်း ဆုံးဖြတ်ခဲ့တဲ့ လမ်းစဉ်ဟာ တကယ့်ကို အမှန်ကန်ဆုံးနဲ့ အမြော်အမြင်အရှိဆုံး ခြေလှမ်းဖြစ်တယ်လို့ ကျွန်တော် အပြည့်အဝ ယုံကြည်ပါတယ် သခင်လေး" ဟု ဆိုလိုက်သည်။
ထိုစကားကြောင့်... သခင်လေး ရှောင်နန်၏ ခြေလှမ်းများ ချက်ချင်းပင် တုံ့ခနဲ ရပ်တန့်သွားခဲ့ရပြီ။ သူသည် ခြေလှမ်းများကို ငြိမ်သက်စေလျက်၊ ဦးခေါင်းကို လျူကျန့်ကော်ရှိရာဘက်သို့ ဖြည်းညှင်းစွာ လှည့်ကြည့်လိုက်မိရင်း—
"အော်... ဟုတ်လား။ ဒါဆိုရင် ခင်ဗျား ကျွန်တော့်ကို သိုင်းလောက နဲ့ ပတ်သက်ပြီး တစ်ခုခု ထပ်ပြောချင်လို့လား သမားတော်။"
"သခင်လေးအနေနဲ့ ကျွန်တော့်ရဲ့ အတွေးအမြင်အချို့ကို ပြောခွင့်ပြုမယ်ဆိုရင်တော့... ဂိုဏ်းချုပ်ကြီးရှောင်ကျန်းရဲ့ ဆုံးဖြတ်ချက်နောက်ကွယ်က အကြောင်းအရင်းကို နားလည်ဖို့ တကယ်ပဲ လွယ်ကူပါတယ် သခင်လေး။"
သခင်လေး ရှောင်နန်က မကျေမနပ်ဖြင့် သူ့ဘက်သို့ လက်တစ်ချက် ဝေ့ယမ်းပြလိုက်ရင်း— "ဒါဆိုရင်လည်း ပွင့်ပွင့်လင်းလင်း ပြောစမ်းဗျာ!" ဟု ဆိုလိုက်သည်။
"ဂိုဏ်းတစ်ခုရဲ့ အထွတ်အထိပ် ခေါင်းဆောင်ဆိုတာ... မိမိရဲ့ ကိုယ်ပိုင်အသက်ရှင်သန်ရေး တစ်ခုတည်းတင် မဟုတ်ဘဲ၊ ဂိုဏ်းကြီးတစ်ခုလုံးရဲ့ ဘေးကင်းလုံခြုံရေးနဲ့ အနာဂတ် ရေရှည်တည်တံ့ခိုင်မြဲရေးကိုပါ မဖြစ်မနေ အာမခံချက် ပေးရမယ့် တာဝန်ရှိသူ ဖြစ်ပါတယ် သခင်လေး။ ဂိုဏ်းချုပ်ကြီး ရှောင်ကျန်းဟာ ယခုထက်ထိ ပြင်ပက တခြားဂိုဏ်းကြီးတွေဆီ အကူအညီမတောင်းခဲ့ဘူးဆိုရင်... ကျွန်တော်တို့ ရှောင်ဂိုဏ်းကြီးတစ်ခုလုံးကို ကြီးမားတဲ့ အန္တရာယ်ကပ်ဘေးဆိုးကြီးထဲ ကျရောက်သွားအောင် လမ်းဖွင့်ပေးသလို ဖြစ်သွားမှာကို ရင်ထဲကနေ ပြင်းပြင်းထန်ထန် ကြောက်ရွံ့စိုးရိမ်နေလို့ပဲ ဖြစ်လိမ့်မယ်။"
ရှောင်နန်သည် စကားဖြတ်ပြောရန် ဟန်ပြင်လိုက်သော်လည်း စိတ်ကို ပြန်ထိန်းကာ နှုတ်ဆိတ်သွားသည်။ သမားတော်ကြီး လျူကျန့်ကော်က ထိုကလေးငယ်၏ ရင့်ကျက်မှုကို သဘောကျသဖြင့် ခေါင်းတစ်ချက် ညိတ်လိုက်ရင်း ဆက်ပြောသည်။
"သခင်လေး ကောင်းကောင်း နားလည်ထားရမှာက... သိုင်းလောကက ဂိုဏ်းအချင်းချင်း ဆက်ဆံရေးဆိုတာ ဘယ်တော့မှ ညီအစ်ကိုလို တန်းတူရှိနေကြတာ မဟုတ်ပါဘူး။ ၎င်းတို့ဟာ အခြေခံအားဖြင့်... အားကြီးသူက အထက်၊ အားနည်းသူက အောက် ဆိုတဲ့ ‘အုပ်စိုးခြင်းနဲ့ အုပ်စိုးခံရခြင်း’ စနစ်အပေါ်မှာပဲ တည်ဆောက်ထားကြတာ ဖြစ်ပါတယ်။ ဒီ ‘အရှေ့ဘက် ဆိပ်ကမ်းမြို့တော်’ အတွင်းမှာလည်း ဒီအတိုင်းပဲ ဖြစ်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ဒီမြို့ထဲက မရေမတွက်နိုင်တဲ့ သိုင်းမျိုးနွယ်စုတွေဟာ ရှောင်ဂိုဏ်းရဲ့ အာဏာအောက်မှာ ခေါင်းငုံ့ အုပ်စိုးခံနေကြရတာ... ဒါ အမှန်တရား မဟုတ်ဘူးလား သခင်လေး။"
"သေချာတာပေါ့!" ရှောင်နန်က စိတ်မရှည်စွာ အော်ဟစ်လိုက်ရင်း—
"ဒီမြို့ထဲက သိုင်းအဖွဲ့အစည်းမှန်သမျှဟာ ‘ယွန်းဂိုဏ်း’ ရဲ့လက်အောက်ခံ မဟုတ်ရင်... ကျွန်တော်တို့ ရှောင်ဂိုဏ်းရဲ့ လက်အောက်ခံတွေချည်းပဲဥစ္စာ။ ဒါပေမဲ့ ဒါက အခုဖြစ်နေတဲ့ ဦးလေးရဲ့ ရောဂါကိစ္စနဲ့ ဘာဆိုင်လို့လဲ။"
"နေဦး... ခင်ဗျား အခု ပြောချင်တာက... မဟုတ်မှလွဲရော...?"
"မှန်ပါတယ် သခင်လေး..." လျူကျန့်ကော်က ခေါင်းညိတ်လျက် လေးနက်စွာ ဆိုလိုက်သည်။ "ရှောင်ဂိုဏ်းအနေနဲ့ ဒီအရှေ့ဘက် ဆိပ်ကမ်းမြို့ရဲ့ နယ်နိမိတ်ထဲမှာတော့... အားလုံးရဲ့အထက်က အနှိုင်းမဲ့အုပ်စိုးသူအဖြစ် ရပ်တည်နိုင်တာ မှန်ပေမဲ့၊ ဒါဟာ မြို့ပြင်က ကမ္ဘာဦး အင်ပါယာ သိုင်းဂိုဏ်းကြီးတွေနဲ့ ဆက်ဆံရတဲ့ အခါမျိုးမှာတော့ ဘယ်လိုမှ သက်ရောက်မှု ရှိမှာမဟုတ်ပါဘူး။ ဥပမာပြောရရင်.နတ်ဘုရားရေခဲနန်းတော် နဲ့ သူပုန် ချိုင့်ဝှမ်း တို့လိုမျိုးပေါ့ဗျာ။"
နံရံများက ပိတ်ဆို့ထားသဖြင့် လီပေါ်ချင်၏ ပုံရိပ်ကို မမြင်ရသော်လည်း၊ လျူကျန့်ကော်သည် ဤကမ္ဘာဦး အင်ပါယာသိုင်းဂိုဏ်းကြီးများ၏ နာမည်များကို ရွတ်ဆိုလိုက်သည့် အခိုက်အတန့်၌ပင်... ဘေးခန်းရှိ လီပေါ်ချင်တစ်ယောက် သေဘေးကြောင့် တုန်လှုပ်ခြောက်ခြားသွားသည်ကို စူးရှသော အာရုံခံစွမ်းရည်ဖြင့် ကောင်းကောင်းကြီး သိလိုက်သည်။ သခင်လေး ရှောင်နန်၏ မျက်နှာတစ်ခုလုံးသည်လည်း ရုတ်တရက် အမှောင်ထု ကျရောက်သွားသလို မည်းမှောင်သွားခဲ့သည်။
"ခင်ဗျားလို ချီစွမ်းအင် လုံးဝမရှိတဲ့ လူဖျင်းတစ်ယောက်က... ဒီလိုသိုင်းလောကရဲ့ ထိပ်သီး လျှို့ဝှက်ဆန်းပြားတဲ့ နာမည်တွေအထိ အတိအကျ သိနေလိမ့်မယ်လို့ ကျွန်တော် တစ်ခါမှ မထင်ထားဘူးဗျာ။ ခင်ဗျားကတော့... သာမာန်လူတော့မဟုတ်ဖူးပဲ…သေချာပေါက် လျှို့ဝှက်ချက်တွေ ရှိနေတဲ့ သမားတော်တစ်ယောက်ပဲ။"
"ဒါက ဘာမှ ထူးဆန်းတဲ့ ကိစ္စမဟုတ်ပါဘူး သခင်လေး။ အင်ပါယာတစ်ခုလုံးမှာရှိတဲ့ ‘ပင်မမဟာသိုင်းဂိုဏ်းကြီးလေးခု’ ထဲကမှ... ထိုဂိုဏ်းကြီးနှစ်ခုရဲ့ အာဏာစက် နယ်နိမိတ်တွေဟာ ဒီဒေသနဲ့ အနီးစပ်ဆုံး နေရာမှာ ရှိနေကြတာကိုး။ သူတို့ရဲ့ နာမည်တွေကို သိတာက နေနဲ့ လအကြောင်းကို သိနေသလိုမျိုး ရိုးရိုးလေးပါပဲ သခင်လေး။" ဟု လျူကျန့်ကော်က တည်ငြိမ်စွာပင် ပြန်ပြောလိုက်သည်။
"ဒါပေမဲ့ ဘာပဲဖြစ်ဖြစ်... ‘ရှောင်ဂိုဏ်း’ နဲ့ အင်ပါယာဂိုဏ်းကြီးနှစ်ခုကြား ဆက်ဆံရေးမှာ ရှောင်ဂိုဏ်းဟာ အထက်ကနေ အုပ်စိုးနိုင်တဲ့ အနေအထားမျိုး လုံးဝမရှိဘူးဆိုတာကတော့ ငြင်းလို့မရတဲ့ အမှန်တရားပါပဲ။ သခင်လေးဘက်က ဂိုဏ်းပြင်ပက တခြားဂိုဏ်းကြီးတွေဆီ အကူအညီတောင်းရမယ်လို့ ပြောခဲ့တာဟာ... အဲဒီ့အင်ပါယာဂိုဏ်းကြီးတွေကို ရည်ရွယ်ချက်ရှိရှိ ညွှန်းဆိုခဲ့ခြင်း ဖြစ်တယ် မဟုတ်လား သခင်လေး။"
အကြောင်းမူ ၎င်းအချက်တစ်ခုတည်းကသာ လုံးဝ ကျိုးကြောင်းဆီလျော်မှု ရှိသောကြောင့်ပင် ဖြစ်သည်။ လောကတွင် ဂိုဏ်းချုပ်ကြီး ရှောင်ကျန်း၏ လျှို့ဝှက်ဆန်းပြားသော ရောဂါဝေဒနာဆိုးကို တိကျစွာ ခွဲခြားစိတ်ဖြာပြီး အမြစ်ပြတ်အောင် ကုသပေးနိုင်မည့် ဆေးမြစ်ဆန်း အရင်းအမြစ်များ ခိုင်ခိုင်မာမာ ရှိနေကြသည်မှာ ထိုကမ္ဘာဦး မဟာဂိုဏ်းကြီးများမှလွဲ၍ အခြားမရှိချေ။
"သူတို့ကို ရည်ရွယ်ခဲ့တာပဲ ထားဦးတော့..."
သခင်လေးရှောင်နန်က မိမိကိုယ်ကိုယ် ကာကွယ်လိုသောလေသံဖြင့် ပြန်အော်လိုက်ရင်း—
"ဒါက ဘာဖြစ်လို့ ပြဿနာဖြစ်နေရတာလဲ။ သူတို့ဆီ အကူအညီတောင်းတာက ဘာတွေ ဘေးဒုက္ခ ကျရောက်လာမှာမို့လို့လဲ။" ဟု မေးမြန်းလိုက်သည်။
"အဓိကပြဿနာကတော့... ရှောင်ဂိုဏ်းနဲ့ သူတို့ကြားက အင်အားအဆင့်အတန်း ကွာခြားချက်ကြီးက အလွန်အမင်း ကြီးမားလွန်းလို့ပါပဲ သခင်လေး။"
လျူကျန့်ကော်က လေးနက်စွာ ရှင်းပြလိုက်သည်။
"သခင်လေး... ဒီရှောင်ဂိုဏ်းတစ်ခုလုံးမှာ အစွမ်းအထက်ဆုံးပုဂ္ဂိုလ်က ဂိုဏ်းချုပ်ကြီးရှောင်ကျန်းပါ။ ဒီအရှေ့ဘက်ဆိပ်ကမ်းမြို့တစ်ခုလုံးမှာလည်း သူတစ်ယောက်တည်းပဲ ‘အထွတ်အထိပ်ဧကရာဇ်အဆင့်’ ကို ရောက်ထားတာ။ ဒါပေမဲ့ ဒီမြို့ပြင်က လောကကြီးကို ကြည့်လိုက်ရင်တော့ အဲဒီ ‘ဧကရာဇ်အဆင့်’ ရောက်နေတဲ့ သိုင်းဆရာကြီးတွေကို မရေမတွက်နိုင်အောင် မြင်ရပါလိမ့်မယ်။ အထူးသဖြင့် ကျွန်တော် ခုနကပြောခဲ့တဲ့ နတ်ဘုရားရေခဲနန်းတော် နဲ့ သူပုန် ချိုင့်ဝှမ်း တို့လို နေရာမျိုးမှာဆိုရင် ဒါက ပိုပြီးတော့တောင် သေချာပါတယ် သခင်လေး။"
သမားတော်ကြီး လျူကျန့်ကော်၏ တွက်ချက်မှုအရ... ထိုအင်ပါယာ မဟာသိုင်းဂိုဏ်းကြီးတစ်ခုစီ၏ လက်အောက်တွင် အနည်းဆုံး ‘ဧကရာဇ်အဆင့်’ ကျင့်ကြံသူကြီးပေါင်း ဒါဇင်ဝက်၊ ဒါဇင်ကျော်မျှ သေချာပေါက် ရှိနေဦးမည်မှာ မြေကြီးလက်ခတ်မလွဲပေ။ ၎င်းတို့နှင့် ယှဉ်ကြည့်လျှင်... ဤအရှေ့ဘက် ဆိပ်ကမ်းမြို့တော်မှ ရှောင်ဂိုဏ်းဟူသည်မှာ သဲထဲက ရေတစ်မှုန်ပမာ သေးသိမ်လွန်းလှသဖြင့် ဘယ်လိုမှ နှိုင်းယှဉ်၍ မရနိုင်ချေ။
"ကောင်းပြီလေ! ခင်ဗျားပြောတာ မှန်တယ်ပဲ ထားလိုက်ပါဦးတော့!"
သခင်လေး ရှောင်နန်သည် ရုတ်တရက် အမျက်ဒေါသထွက်လာကာ သမားတော်ကြီး လျူကျန့်ကော်ရှိရာသို့ တိုးကပ်လာရင်း ဒေါသတကြီး အော်ဟစ်လိုက်မိပြန်သည်။
"ဒါဆိုရင်ကော... ကျွန်တော်တို့ဘက်က ၎င်းတို့ကို နှိမ့်ချပြီး အကူအညီတောင်းလိုက်တာက ဘာအန္တရာယ် ရှိ…"
"ကျွန်တော်တို့သာ အဲဒီလိုလုပ်လိုက်ရင်... ဒါက ရှောင်ဂိုဏ်းကြီးတစ်ခုလုံးကို ဘယ်တော့မှ ပြန်မဆပ်နိုင်တော့မယ့် ကျေးဇူးကြွေးတွင်းထဲ တွန်းပို့လိုက်တာနဲ့ အတူတူပဲ သခင်လေး။"
သမားတော်ကြီး လျူကျန့်ကော်က ထိုကလေးငယ်၏ မျက်ဝန်းကို စူးစိုက်ကြည့်ရင်း ပြန်ပြောလိုက်သည်။
"ရှောင်ဂိုဏ်းအနေနဲ့ အဲဒီမဟာအင်ပါယာဂိုဏ်းကြီးတွေနဲ့ ပတ်သက်မိပြီဆိုရင် ကိုယ့်ရဲ့အောက်ကျနောက်ကျဖြစ်နေတဲ့ အခြေအနေကို မပျက်စီးသွားအောင် အရမ်းသတိထားရမှာ လေ..၊အကယ်လို့ ရှောင်ဂိုဏ်းဘက်က ကိုယ့်အားနည်းချက်တွေကို အပြင်လူတွေကို ထုတ်ပြမိလိုက်ရင်တော့... ရှောင်ဂိုဏ်းက သူတို့အတွက် ဘာမှအသုံးမဝင်တော့တဲ့ အမှိုက်လို ဖြစ်သွားလိမ့်မယ်။ ပြီးတော့ သူတို့အကူအညီကိုပဲ အားကိုးပြီး ကျေးဇူးကြွေးတွေ တင်သွားရင် အချိန်တန်ရင် ရှောင်ဂိုဏ်းဟာ ဝါးမြိုသိမ်းပိုက်တာ ခံရမှာပဲ။ နောက်ဆုံးကျရင် ရှောင်ဂိုဏ်းဆိုတဲ့ နာမည်ပါ သိုင်းလောကမြေပုံပေါ်ကနေ အပြီးတိုင် ပျောက်ကွယ်သွားလိမ့်မယ်။"
"သခင်လေးအနေနဲ့ ဒီလိုမျိုး သိုင်းလောကရဲ့ ကြောက်စရာကောင်းတဲ့ ဝါးမြိုခြင်းလှည့်ကွက်တွေကို တစ်ခါမှ နက်နက်နဲနဲ မတွေးဖူးတာ ဖြစ်နိုင်ပေမဲ့၊ ကျွန်တော့်လို အတွင်းအားမရှိတဲ့ လူဖျင်းတစ်ယောက်အဖို့တော့... ဒါက ရှင်သန်ဖို့အတွက် နေ့တိုင်း နှလုံးသွင်းထားရတဲ့ သာမန်အသိတရား သက်သက်ပါပဲ။ ဘာလို့လဲဆိုတော့ ကျွန်တော်က လောကအလယ်မှာ အမြဲတမ်း အောက်ကျနောက်ကျခံနေရမည့် အခြေအနေထဲ ရှိနေလို့ပါပဲ။ အကယ်လို့ ကျွန်တော်သာ ဒီအခြေအနေကို သေသေချာချာ မစီမံနိုင်ရင်... ဘဝမှာ ဘယ်တော့မှ ပြန်မဆပ်နိုင်တော့မယ့် ဝဋ်ကြွေးတွေ တင်ပြီး သေဘေးနဲ့ ရင်ဆိုင်ရမှာမို့လို့ပါ။"
"ဒါဆိုရင်... ခင်ဗျားပြောချင်တာက ဦးလေးရဲ့ အသက်ကို ကယ်ဖို့ အကူအညီတောင်းလိုက်တာဟာ ဒီလိုကျေးဇူးကြွေးတွေ တင်သွားလိမ့်မယ်လို့ ဆိုလိုတာလား။"
"အနည်းဆုံးတော့... ဂိုဏ်းချုပ်ကြီး ရှောင်ကျန်းနဲ့ အကြီးအကဲတွေအားလုံးက ဒီအတိုင်း ဖြစ်လာလိမ့်မယ်လို့ အခိုင်အမာ ယုံကြည်နေကြတာကတော့ သေချာပါတယ် သခင်လေး။" လျူကျန့်ကော်က တည်ငြိမ်စွာပင် ပြန်ပြောလိုက်သည်။
"ပိုအင်အားကြီးတဲ့ အင်ပါယာမဟာသိုင်းဂိုဏ်းကြီးတွေဆီ အကူအညီတောင်းတာက ဂိုဏ်းချုပ်ကြီးရဲ့ အသက်ကို သေချာပေါက် ကယ်နိုင်လိမ့်မယ်ဆိုတာ မှန်ပေမဲ့၊ အဲဒီလိုကယ်တင်လိုက်ခြင်းနောက်ကွယ်မှာ... ‘ရှောင်ဂိုဏ်း’ ကြီးတစ်ခုလုံးကို ထိုမဟာဂိုဏ်းကြီးရဲ့ အာဏာအောက်မှာ လုံးဝ ကျွန်ပြုဝါးမြိုခံရမယ့် အခြေအနေဆိုးထဲ တွန်းပို့လိုက်သလို ဖြစ်သွားနိုင်လို့ပါ သခင်လေး။"
"တကယ်လို့ ခင်ဗျားပြောတာ မှန်တယ်ဆိုရင်..."
သခင်လေး ရှောင်နန်က မျက်မှောင်ကြုတ်လိုက်ရင်း— "ဘာလို့ ကျွန်တော့်ကို ဒီလိုလျှို့ဝှက်ချက်တွေ ဘယ်သူမှ လာမရှင်းပြခဲ့ကြတာလဲ။"
"ကျွန်တော့်အမြင်အရတော့... လောကမှာ ဘယ်သူမဆို ကိုယ့်ကိုယ်ကိုယ် အားနည်းသူပါလို့ သူများရှေ့ ထုတ်ဝန်ခံရမှာကို အလွန်ပဲ ရွံရှာတတ်ကြလို့ ဖြစ်လိမ့်မယ်။ ဒါက ဘယ်လိုမှ စိတ်ချမ်းသာစရာကောင်းတဲ့ အတွေ့အကြုံမှ မဟုတ်တာ။ အထူးသဖြင့် သူတို့က ဒီလောက်ရက်စက်တဲ့ သိုင်းလောကရဲ့ အမှန်တရားတွေနဲ့ သခင်လေးရဲ့ စိတ်ကို ဝန်ထုပ်ဝန်ပိုး မဖြစ်စေချင်ကြလို့ပါ သခင်လေး။"
“အဟက် ..ဝန်ထုပ်ဝန်ပိုး ဟုတ်လား..."
ရှောင်နန်က ခါးသက်သက် တစ်ချက် ရယ်လိုက်ရင်း— "ကျွန်တော့်စိတ်ထဲမှာတော့... အခုကိုယ့်ကိုယ်ကိုယ် အရူးတယောက်လို တကယ်ခံစားနေရတယ်ဗျာ။"
"ကျွန်တော့်ရဲ့ စကားလုံးတွေအတွက်... ခွင့်လွှတ်ပေးပါ သခင်လေး။"
သခင်လေး ရှောင်နန်က ချက်ချင်း ပြန်မပြောတော့ဘဲ ထိုနေရာမှာတင် ခဏမျှ တိတ်ဆိတ်စွာ ရပ်နေရင်း အတွေးကမ္ဘာထဲသို့ နက်နက်နဲနဲ နစ်မျောသွားပြန်သည်။
"ဟေး..."
သခင်လေး ရှောင်နန်၏ နက်မှောင်သော မျက်ဝန်းပြာတစ်စုံက သမားတော်ကြီး လျူကျန့်ကော်၏ မျက်ဝန်းများဆီသို့ မမှိတ်မသုန် စူးစိုက်ကြည့်လိုက်ရင်း— "တကယ်လို့သာ... ခင်ဗျားလက်ထဲမှာ အဲဒီကောင်းကင်ဘုံ ဆေးမြစ်ဆန်းတွေ တကယ်ပဲ စုံစုံလင်လင် ရှိနေရင် ကျွန်တော့်ဦးလေးကို သေချာပေါက် အမြစ်ပြတ်အောင် ကုပေးနိုင်တယ်ပေါ့၊ ဟုတ်လား။"
"ကျွန်တော် အကြိမ်ကြိမ် ပြောခဲ့ဖူးသလိုပဲ... အခုလည်း ထပ်ပြီး ကတိပေးရဲပါတယ်။ သေချာပေါက် ကုပေးနိုင်စွမ်း အပြည့်အဝ ရှိပါတယ် သခင်လေး။"
"အင်း... ကျွန်တော်နားလည်ပြီ။"
သခင်လေး ရှောင်နန်သည် သမားတော်ကြီးအား နောက်ဆုံးအကြိမ်အဖြစ် လေးနက်သော မျက်ဝန်းများဖြင့် စိုက်ကြည့်လိုက်ပြီးနောက်၊ အကျဉ်းခန်းထဲမှ ဖြည်းဖြည်းချင်း ထွက်ခွာသွားပြီး သံတံခါးကြီးကို ၎င်း၏နောက်ကွယ်မှ တိတ်ဆိတ်စွာ ပြန်ပိတ်လိုက်တော့သည်။
ညဉ့်နက်သန်းခေါင်ယံအချိန်ကြီးတွင် တစ်စုံတစ်ဦးက သူ့အကျဉ်းခန်းတံခါးကို လာရောက်ဖွင့်လှစ်နေသည်ကို အာရုံခံမိလိုက်သဖြင့် သမားတော်ကြီး လျူကျန့်ကော်သည် အိပ်ရာမှ နိုးထလာခဲ့ရသည်။
"ဟိတ်လူ.. ထတော့ဗျ..."
သခင်လေး ရှောင်နန်၏ ငြင်းပယ်၍မရသော လေသံကလေး ထွက်ပေါ်လာပြီး— "ခင်ဗျားရဲ့ စကားတွေက တကယ့်အမှန်တရားလားဆိုတာကို... ကျွန်တော့်ရှေ့မှာ လက်တွေ့ သက်သေပြခွင့် ပေးမယ်" ဟု ဆိုလိုက်သည်။
"ဟင် …သခင်လေး ရှောင်နန်..."
လျူကျန့်ကော်က အိပ်ပျော်နေစဉ်အတွင်း ရုတ်တရက် အနှောင့်အယှက်ခံလိုက်ရသော်လည်း၊ အတိတ်က အစွမ်းကြီးသူတစ်ဦးပီပီ အလွန်ပင် တည်ငြိမ်အမူအရာဖြင့် နေရာမှ ထရပ်လိုက်ရင်း မေးလိုက်သည်။
"... သခင်လေးကိုယ်တိုင် ဒီအကျဥ်းခန်းထဲအထိ လျှို့ဝှက်လာတာလား…ဘာလုပ်မလို့လဲ ။"
ယခင် လာရောက်ခဲ့စဉ်တုန်းကနှင့်မတူဘဲ၊ ယခုအခါ သခင်လေး ရှောင်နန်သည် ညဉ့်အမှောင်ထုအတွင်း ကိုယ်ယောင်ဖျောက်ရန်အတွက် အလွန်သပ်ရပ်သော ‘ဝတ်ရုံနက်’ ကို ဆင်မြန်းထားသည်။ သူ၏ လက်ထဲတွင်မူ ဖျင်အိတ် အကြီးစားတစ်ခုကို ကိုင်စွဲထားပြီး ၎င်းကို ကြမ်းပြင်ပေါ်သို့ အလျင်အမြန်ပင် ချလိုက်တော့သည်။
"ခင်ဗျား ရောဂါကုဖို့ လိုအပ်တဲ့ ကောင်းကင်ဘုံ ဆေးမြစ်ဆန်းအားလုံးကို ကျွန်တော် ကိုယ်တိုင် ယူလာခဲ့ပြီ။"
ထိုစကားကြောင့်... သမားတော်ကြီး လျူကျန့်ကော်၏ မျက်ဝန်းအစုံမှာ အံ့ဩလွန်းသဖြင့် အတိုင်းထက်အလွန် ပြူးကျယ်သွားသည်။
‘ဘုရားရေ ... ဒုက္ခတော့ ရောက်ပြီ...’ ဟု သူ စိတ်ထဲ၌ ရေရွတ်မိတော့သည်။
"ဒါတွေက... တကယ်ပဲ... "
"‘ဖီးနစ်ငှက်မင်းရဲ့ အမွေးအတောင် သုံးချောင်း’၊ ‘နဂါးသွေးပန်းပွင့်’ နဲ့ ‘မီးလျှံလှိုင်းကြာပန်း’ လေ ..ခင်ဗျားပြောတဲ့ဟာတွေအတိုင်းယူလာဘီ"
ရှောင်နန်က ပြောပြောဆိုဆိုဖြင့် ဖျင်အိတ်ထဲမှ တန်ဖိုးမဖြတ်နိုင်သော ကောင်းကင်ဘုံ ရတနာဆန်းများကို တစ်ခုပြီးတစ်ခု ထုတ်ပြလိုက်သည်။
"ခင်ဗျားက ဒါတွေသာရှိရင် ဦးလေးရဲ့ ရောဂါကို သေချာပေါက် ကုပေးနိုင်တယ်လို့ ကတိပြုခဲ့တယ်မဟုတ်လား။ ဒါဆိုရင်လည်း... အခုချက်ချင်း ဆေးရည်ဖော်စပ်တာကို မြန်မြန်လုပ်။ ကျွန်တော် ‘လရောင်မြက်ပန်းမှုန့်’ နဲ့ ‘အပြာရောင် ဝိညာဉ်သစ်မြစ်’ တွေကိုပါ တစ်ခါတည်း ယူလာခဲ့တယ်။ ကျွန်တော်တို့မှာ အချိန်အများကြီး မရှိဘူးနော်... မကြာခင်မှာ ဂိုဏ်းရဲ့ ကင်းစောင့်တွေဟာ ‘ရတနာသိုလှောင်ဆောင်’ ထဲကို တစ်စုံတစ်ယောက် ခိုးဝင်သွားပြီဆိုတာကို ရိပ်မိသွားကြတော့မှာ။ ပြီးတော့ ဘာတွေ ခိုးခံလိုက်ရလဲဆိုတာ အကြီးအကဲတွေ သိသွားတဲ့အချိန်ကျရင်... သူတို့ ဒီမြေအောက်ထောင်ဆီ ချက်ချင်း အလုံးအရင်းနဲ့ ပြေးလာကြမှာ မြေကြီးလက်ခတ်မလွဲဘူး.."
ဤကလေးငယ်သည်... သူ့အသက်ကို လောင်းကြေးထပ်ပြီး ကိုယ်ပိုင်သိုင်းဂိုဏ်း၏ အထွတ်အထိပ် ရတနာတိုက်ကို ကိုယ်တိုင် ဝင်ရောက်ခိုးယူခဲ့ခြင်း ဖြစ်သည်။
ဤကလေးငယ်သည်ဂိုဏ်း၏ တားမြစ်ထားသော ရတနာသိုလှောင်ဆောင်ကို အတင်းကျူးကျော်ဝင်ရောက်ကာ လျူကျန့်ကော် မနေ့က နာမည်တပ် ရွတ်ဆိုခဲ့သည့် ဆေးမြစ်ဆန်းမှန်သမျှကို အမိအရ ခိုးယူလာခဲ့ချေပြီ။
‘သတ္တိခဲ’ ဆိုသည့် စကားလုံးတစ်လုံးတည်းနှင့်တင် ၎င်း၏ ရူးသွန်းလှသော လုပ်ရပ်ကို ဖော်ပြရန် လုံးဝမလုံလောက်ပါ။ အကယ်၍ ဤအရေးကိစ္စကြောင့် သူ့လက်ရှိအသက်ဘေးသည် မည်မျှအထိ ချောက်ကမ်းပါးစွန်းသို့ ဆိုက်ရောက်သွားပြီလဲဆိုတာကို ကြိုတင်သတိမပြုမိခဲ့လျှင်၊ သမားတော်ကြီး လျူကျန့်ကော်သည် နေရာမှာတင် သဘောကျစွာ ပြုံးမိနေလိမ့်မည်။
ယခုအချိန်တွင်မူ တွန့်ဆုတ်တုံ့ဆိုင်းနေရန် အချိန်စက္ကန့်ပိုင်းမျှပင် မရှိတော့။ သူသည် ဂိုဏ်းအကြီးအကဲများ မရောက်လာခင် ထိုနတ်ဘုရားဆေးရည်ကို အမြန်ဆုံး ဖော်စပ်ရတော့မည် ဖြစ်သည်။
"ကောင်းပြီလေ... ဒါပေမဲ့ ကျွန်တော် ထပ် လိုတာက—"
"ကျွန်တော် ‘ဆေးချက်ဖို တစ်ခုပါ တစ်ခါတည်း ယူလာခဲ့တယ်"
သခင်လေး ရှောင်နန်က သမားတော်ကြီး၏ စကားကို ကြိုတင်သိနေသည့်အလား ဖြတ်ပြောလိုက်ရင်း၊ ဖျင်အိတ်ထဲမှ အနုစိတ်ထုဆစ်ထားသည့် ဆေးဖိုကရားငယ်တစ်ခုကို ထပ်မံထုတ်ပြလိုက်သည်။
"ဒါက ကျွန်တော်တို့ဂိုဏ်းက သမားတော်တွေ သုံးစွဲလေ့ရှိတဲ့ ဆေးဖိုပဲဗျ။ ဒါက ခင်ဗျားရဲ့ ဆေးဖော်စပ်နည်းနဲ့ ကိုက်ညီမှု ရှိမရှိဆိုတာတော့ ကျွန်တော်လည်း သေသေချာချာ မပြောတတ်ဘူး၊ ဒါပေမဲ့..."
"အဲဒါနဲ့အဆင်ပြေတယ် သခင်လေး။"
လျူကျန့်ကော်က ထိုဆေးဖို၏ မြင့်မားလှသော အရည်အသွေးကို ချက်ချင်း အကဲခတ်မိသွားသဖြင့် ပြန်ပြောလိုက်သည်။
"အကောင်းဆုံး ဆေးဖိုမျိုး မဟုတ်ပေမဲ့ အခုလို အရေးပေါ် အခြေအနေမှာ သုံးဖို့အတွက်တော့ တော်တော်ကြီး အဆင်ပြေတယ်.."
သူသည် စကားပြောနေစဉ်အတွင်းမှာပင်... မြန်မြန်ဆန်ဆန်လှုပ်ရှားလျက် ဆေးဖော်ရန် သေသေချာချာ စတင်ပြင်ဆင်လိုက်တော့သည်။ သူသည် အဖိုးတန် ဆေးမြစ်ဆန်းများကို အစီအစဉ်တကျ ခင်းကျင်းထားရှိပြီး ဆေးချက်ဖိုကို စတင်အပူပေးလိုက်သည်။ အကယ်၍သာ ယခုအချိန်တွင် သူ့၌ ချီ စွမ်းအင်လှိုင်းများသာ ခိုင်ခိုင်မာမာ ရှိနေသေးမည်ဆိုပါက ဤဆေးဖော်စပ်ခြင်း လုပ်ငန်းစဉ်သည် အဆပေါင်းများစွာ ပိုမိုလွယ်ကူ လျင်မြန်ပေလိမ့်မည်။
သို့သော်လည်း သူသည် လက်ရှိ မသန်မစွမ်းဘဝ အခြေအနေအတိုင်းသာ တတ်နိုင်သမျှ ကြိုးပမ်းရတော့မည် ဖြစ်သည်။ သူသည် ဆေးကျည်ပွေ့နှင့် ဆေးဆုံကို ကိုင်စွဲလျက် ‘နဂါးသွေးပန်းပွင့်’ နှင့် ‘မီးလျှံလှိုင်းကြာပန်း’ တို့ကို စိတ်အာရုံ စုစည်း၍ စတင်ကြိတ်ခွဲလိုက်တော့သည်။ သူသည် မိမိ၏ အသက်ရှူသံမှစ၍ ဆေးဖော်စပ်ခြင်း အနုပညာအပေါ်၌သာ အလုံးစုံ နှစ်မြှုပ်ထားသဖြင့်၊ သူ့ဘေးပတ်ဝန်းကျင်ရှိ ခြောက်ခြားဖွယ်ရာ မြေအောက်အကျဉ်းခန်းကြီးတစ်ခုလုံးကိုပင် စိုးစဉ်းမျှ သတိမပြုမိတော့ဘဲ အတွေးကမ္ဘာထဲသို့ နက်ရှိုင်းစွာ နစ်မျောနေခဲ့မိတော့သည်။
ထိုသို့ဖြင့် ကြိတ်ခွဲမှု ရလဒ်အပေါ် စိတ်တိုင်းကျ သေချာသွားသည့် အချိန်ကျမှသာ၊ သူသည် ဆေးမြစ်ဆန်းများကို ဆေးဖိုကရားအတွင်းသို့ စတင်ထည့်သွင်း ဖော်စပ်လိုက်သည်။
"ဟိတ်လူ..ခင်ဗျားက... ဖီးနစ်ငှက်မင်းရဲ့ အမွေးအတောင်ကို နှစ်ချောင်းတည်းပဲ ထည့်ထားတာာပါလား။"
ဘေးနားမှ စောင့်ကြည့်နေသော သခင်လေး ရှောင်နန်က အံ့ဩစွာဖြင့် သတိပြုမိသွားကာ လှမ်းပြောလိုက်သည်။
"နောက်ဆုံး ကျန်တဲ့ အမွေးအတောင် တစ်ချောင်းကိုတော့... အချိန်ကိုက်ထည့်ရမှာ ဖြစ်ပါတယ် သခင်လေး။" ဟုလျူကျန့်ကော်က ရှင်းပြလိုက်သည်။
"ကျွန်တော်တို့အနေနဲ့... ဆေးဖိုကရားထဲက ထွက်လာမယ့် ဆေးခိုးဆေးငွေ့တွေအားလုံး ‘ခရမ်းရောင်’ အဖြစ် လုံးဝပြောင်းသွားမယ့် အခိုက်အတန့်အထိ စိတ်ရှည်လက်ရှည် စောင့်ရပါလိမ့်မယ် သခင်လေး။"
ထိုအချိန်ကျမှသာ... ဆေးအာနိသင် အထွတ်အထိပ်သို့ ရောက်ရှိမည့် အချိန်တန်ပေလိမ့်မည်။ သို့သော်လည်း ယခုလက်ရှိအချိန်တွင်မူ... သမားတော်ကြီး လျူကျန့်ကော်အနေဖြင့် အပြင်ကနေ မည်သည့် ရန်သူမှ ဝင်ရောက်နှောင့်ယှက်ခြင်း မပြုပါစေနဲ့ဟုသာ ရင်ထဲကနေ ဆုတောင်းရင်း ငြိမ်သက်စွာ စောင့်ဆိုင်းနေရုံမျှသာ တတ်နိုင်ပေသေးသည်။
အသက်ရှူသံ တစ်ချက်...
အသက်ရှူသံ ငါးချက်...
အသက်ရှူသံ အချက်ပေါင်း ငါးဆယ်...။
ဆေးဖော်အိုး မှ ထွက်ပေါ်လာသော ဆေးအငွေ့များသည် ကနဦးတွင် မီးခိုးရောင်မှသည်၊ တဖြည်းဖြည်းချင်း လိမ္မော်ရောင်သို့ ပြောင်းလဲသွားခဲ့ပြီး၊ နောက်ဆုံး၌... သူ မျှော်လင့်စောင့်စားနေခဲ့ရသည့် ‘ခရမ်းရောင် ဆေးငွေ့’ အဖြစ်သို့ လုံးဝ ကူးပြောင်းသွားသည်။ ထိုအခိုက်အတန့်တွင် အကျဉ်းခန်းအတွင်းရှိ အချိန်ကာလကြီးတစ်ခုလုံးသည်ပင် ရပ်တန့်သွားသကဲ့သို့ ခံစားလိုက်ရတော့သည်။
"ဟိတ် ဟိတ် ခရမ်းရောင် ပြောင်းသွားပြီ။ အခုချက်ချင်း ထည့်လိုက်တော့!"
"စိတ်အေးအေးထားပါ သခင်လေး။ ဒီအပိုင်းမှာတော့ ကျွန်တော့်ကို ကူညီပေးဖို့ လိုလိမ့်မယ်။" ဟု လျူကျန့်ကော်က ဆေးဖိုကရားအောက်က မီးလျှံကို သေသေချာချာ ယပ်ခတ်ပေးရင်း ပြန်ပြောလိုက်သည်။
"ကျွန်တော် နောက်ဆုံး ဖီးနစ်အမွေးအတောင်ကို ထည့်လိုက်တဲ့ အခိုက်အတန့်ကျရင်... သခင်လေးက ကျွန်တော့်ကို အကျဉ်းခန်းထဲကနေ အပြင်ကို မြန်မြန်ဆွဲထုတ်ပေးဖို့ လိုအပ်လိမ့်မယ်။"
"နေဦး... အဲဒါ ဘာကို ပြောချင်တာလဲ။"
လျူကျန့်ကော်သည် ထိုဖီးနစ်အမွေးအတောင်ကို အခြားဆေးမြစ်များနှင့်အတူ ဆေးဖိုထဲသို့ မထည့်ဘဲ၊ တောက်လောင်နေသည့် ‘မီးလျှံထဲသို့’ တိုက်ရိုက် ပစ်ထည့်လိုက်သောအခါ သခင်လေး ရှောင်နန်၏ မျက်ဝန်းအစုံမှာ အလန့်တကြား ပြူးကျယ်သွားသည်။ သခင်လေးရှောင်နန်သည် အခြေအနေကို ရိပ်မိသည်နှင့် လျူကျန့်ကော်၏ ကိုယ်လုံးကို အမိအရ လှမ်းဆွဲကာ အကျဉ်းခန်းအပြင်ဘက်သို့ အသည်းအသန် ဆွဲထုတ်လိုက်တော့သည်။
“ဝုန်းးးး”
သူတို့ ခြေလှမ်းပြင်ပြီး တစ်စက္ကန့်မျှပင် မပြည့်သေးသည့် အချိန်မှာတင်... ဆေးချက်ဖို၏ ပတ်ဝန်းကျင်တစ်ခုလုံးတွင် ပြင်းထန်လှသော ‘မီးလျှံပေါက်ကွဲမှုကြီး’ တစ်ခု ဝုန်းခနဲ ဖြစ်ပွားသွားသည်။ ထိုပြင်းထန်လှသော မီးလျှံသည် လျူကျန့်ကော်၏ အကျဉ်းခန်းအတွင်းရှိ ကောက်ရိုးပုံနှင့် အရာရာတိုင်းကို ပြာကျသွားစေသည့်အပြင်၊ အကျဉ်းခန်း၏ ခိုင်ခံ့လှသော သံတိုင်များကိုပင် အရည်ပျော်ကျသွားစေသည်။
ထိုမီးလျှံပေါက်ကွဲမှုသည် မျက်တောင်တစ်ခတ်စာ အချိန်ကလေးသာ ကြာမြင့်သော်လည်း၊ ၎င်းထံမှ ထွက်ပေါ်လာသည့် ပြင်းထန်လှသော အပူရှိန်အဟုန်ကြီးက ထိုမြေအောက်ထောင် အလွှာတစ်ခုလုံးကို ရုတ်တရက် ပူပြင်းခြောက်သွေ့သွားစေသည်။
"ခင်ဗျား ရူးနေတာလား!"
သခင်လေး ရှောင်နန်က လန့်ဖျန့်သွားကာ ဒေါသတကြီးဖြင့် အော်ဟစ်လိုက်မိသည်။
"ဘယ်လိုလူမျိုးကများ... ဖီးနစ်ငှက်မင်းရဲ့ အမွေးအတောင်ကို မီးထဲကို တည့်တည့်ကြီး ပစ်ထည့်ရဲတာလဲ!"
"ဆေးအာနိသင် ကောင်းကောင်းရဖို့ အပူချိန်အမြင့်ဆုံးအဆင့်ကို ရောက်အောင်လုပ်ဖို့ လိုတယ် သခင်လေး..၊အဲ့လိုလုပ်ဖို့က ဒီနည်းလမ်းတစ်ခုပဲ ရှိတာပါ မဟုတ်ရင်တော့... ထွက်လာမယ့် ဆေးလုံးက အာနိသင်မပြည့်စုံဘဲ စံနှုန်းမမီတဲ့ ဆေးညံ့သက်သက်ပဲ ဖြစ်သွားလိမ့်မယ်။"
လျူကျန့်ကော်သည် သူကိုယ်တိုင်အရှင်လတ်လတ် မီးလောင်ပြာကျသွားမည့် သေဘေးဆိုးကြီးနှင့် တစ်စက္ကန့်မျှသာ လွဲချော်ခဲ့ခြင်းအပေါ် စိုးစဉ်းမျှ ပူပန်ခြင်းမရှိဘဲ ခပ်အေးအေးပင် ရှင်းပြလိုက်သည်။
"ဘာပဲဖြစ်ဖြစ်... ကျွန်တော် တွက်ထားတဲ့အတိုင်း အောင်အောင်မြင်မြင် ပြီးသွားလို့ ကံကောင်းတာပေါ့ သခင်လေး။"
ထိုအခါမှသာ သခင်လေးရှောင်နန်၏မျက်နှာတွင် မျှော်လင့်ချက်အလင်းရောင် ပြန်ပွင့်လာသည်။
"ဒါဆိုရင်... ဆေး ရပြီလား။"
သမားတော်ကြီးလျူကျန့်ကော်က လေးနက်စွာ ခေါင်းညိတ်ပြလိုက်သည်။
"သေချာပေါက် အောင်မြင်သွားပါပြီ။ သခင်လေးဦးလေးကို ကယ်နိုင်မယ့် ‘နတ်ဘုရားဆေးလုံး’ကို အပြီးသတ် ဖော်စပ်ပြီးပါပြီ။"
အတိအကျပင်... ထိုစကားထွက်လာသည့် အခိုက်အတန့်၌ပင် ဂိုဏ်းကင်းစောင့်ဂိုဏ်းသားအမြောက်အမြားသည် ၎င်းတို့ရှိရာ မြေအောက်ထောင်ထဲသို့ လက်နက်များကိုယ်စီဖြင့် ဝုန်းဒိုင်းကြဲကာ အလုံးအရင်းနှင့် ပြေးဝင်လာကြတော့သည်။