အခန်း ၃၂.၆
Vol. 4 Ch. 32.6
ကြားဖြတ်အခန်း - လျူကျန့်ကော်၏ အတိတ်နေ့ရက်များ (အပိုင်း ၆)
ထိုမီးလျှံပေါက်ကွဲမှု ဖြစ်ရပ်ဆိုးကြီး ပြီးဆုံးသွားခဲ့ပြီးနောက် တစ်ရက်အပြည့် ကုန်လွန်သွားခဲ့သည့် အချိန်ကျမှသာ၊ ကင်းစောင့်ဂိုဏ်းသားများသည် သမားတော်ကြီး လျူကျန့်ကော်အား ရွှေ့ပြောင်းချုပ်နှောင်ထားသည့် အကျဉ်းခန်းအသစ်ဆီသို့ ရောက်လာကြ တော့သည်။
"ငါတို့နောက်ကနေ ချက်ချင်း လိုက်ခဲ့" ကင်းစောင့်ဂိုဏ်းသားတစ်ဦးက တည်ကြည်ခက်ထန်လွန်းလှသော မျက်နှာထား၊ လေသံများဖြင့် အမိန့်ပေးလိုက်သည်။
လျူကျန့်ကော်သည် စကားတစ်လုံးမျှ ပြန်လည်မဟတော့ဘဲ ထိုဂိုဏ်းသား၏ခေါ်ရာသို့ တိတ်ဆိတ်စွာပင် လိုက်ပါသွားသည်။ သူသည် ရဲမက်များ၏ ဖမ်းဆီးခေါ်ဆောင်ခြင်းကို ခံရစဉ်အတွင်း ဘေးခန်းရှိ လီပေါ်ချင်၏ စိုးရိမ်ပူပန်နေသော မျက်ဝန်းအစုံကို လှမ်း၍မြင်တွေ့လိုက်ရသဖြင့်၊ စိတ်အေးစေရန်အတွက် ခေါင်းတစ်ချက် ညိတ်ပြလိုက်သေးသည်။
ကောင်းကင်ယံထက်၌ ညဉ့်အမှောင်ထုကြီးက တဖန်ပြန်လည် ကျရောက်နေခဲ့ပြီဖြစ်ရာ ပြင်ပလောကတွင် သွားလာနေသူ အလွန်နည်းပါးလှပေသည်။ သို့သော်ငြားလည်း လျူကျန့်ကော်သည် မှောင်မိုက်သော အရိပ်အာဝါသများကြားထဲမှ မိမိတို့အား တိတ်တဆိတ် ချောင်းမြောင်းကြည့်ရှုနေကြသော ဂိုဏ်းသားတစ်ဦး၊ နှစ်ဦးခန့်၏ စူးစမ်းလိုသည့် အကြည့်များကို ကောင်းကောင်းကြီး အကဲခတ်မိပေသည်။
မည်သူမျှ စကားမပြောကြချေ။ လျူကျန့်ကော်ကလည်း မည်သည့်မေးခွန်းကိုမျှ ထပ်မံမမေးမြန်းခဲ့သလို၊ ကင်းစောင့်ဂိုဏ်းသားများကလည်း မည်သည့်သတင်းအချက်အလတ်ကိုမျှ ထုတ်ဖော်ပြောဆိုခြင်း မရှိခဲ့ကြချေ။ သူတို့၏ ခြေလှမ်းများက ကျောက်ခင်းလမ်းမကြီး အပေါ်သို့ နင်းခြေလိုက်တိုင်း ထွက်ပေါ်လာသည့် ခြေသံဗလံများကသာ ဤတိတ်ဆိတ်ခြောက်ခြားလှသော ညဉ့်နက်သံစဉ်ကို ဖြိုခွဲလျက် ရှိနေတော့သည်။
ကင်းစောင့်ဂိုဏ်းသားများသည် သူ့အား ဂိုဏ်း၏ ခံ့ညားထည်ဝါလှသော ပင်မအဆောင်တော်ကြီးအတွင်းသို့ ခေါ်ဆောင်သွားသည့် အချိန်အထိ သမားတော်ကြီး လျူကျန့်ကော်သည် နှုတ်ဆိတ်ခြင်းကိုသာ ဆက်လက်စောင့်ထိန်းနေခဲ့သည်။ ထို့နောက် လွန်ခဲ့သောရက်က ဆုံတွေ့ခဲ့ဖူးသည့် ဂိုဏ်းအကြီးအကဲကြီးနှစ်ဦး အဆင်သင့် စောင့်ကြိုနေကြသော ဂိုဏ်းချုပ်ကြီး ရှောင်ကျန်း၏ ခန်းဆောင်တံခါးဝရှေ့မှောက်သို့ ရောက်ရှိသွားသည့် အချိန်အထိလည်း သူသည် စိုးစဉ်းမျှ စကားမဟခဲ့ချေ။
"ကဲ ခဏရပ်စမ်းပါဦးကွယ်"
အကြီးအကဲဂန်းက လေးနက်စွာ ဆိုလိုက်သည်။ ယခုမူ ၎င်း၏ မျက်ဝန်းအစုံအတွင်း၌ ကနဦး ဆုံတွေ့ခဲ့စဉ်တုန်းကကဲ့သို့ ပြင်းထန်လှသော ရန်လိုမုန်းတီးမှု အရိပ်အယောင်များ အဆမတန် လျှော့နည်းပျောက်ကွယ်နေလေသည်။ ဆန့်ကျင်ဘက်အနေဖြင့် အကြီးအကဲဟွေ့၏ မျက်နှာထားမှာမူ မည်သည့်စိတ်ခံစားချက်မျိုးမျှ ခန့်မှန်း၍မရနိုင်လောက်အောင်အထိ လုံးဝအေးစက်ငြိမ်သက်လျက် ရှိနေပေသည်။
"သူ့ကို ဒီမှာပဲ ထားခဲ့လိုက်တော့"
ကင်းစောင့်ဂိုဏ်းသားများသည် ဦးခေါင်းကို နှိမ့်ချဦးညွှတ်၍ ရိုသေစွာ ဂါရဝပြုလိုက်ကြပြီးနောက် အမိန့်အတိုင်း ချက်ချင်း ပြန်လည်ထွက်ခွာသွားခဲ့ကြသဖြင့်၊ သမားတော်ကြီး လျူကျန့်ကော်တစ်ဦးတည်းသာလျှင်... ကောင်းကင်ယံက ငှက်ငယ်တစ်ကောင် တောင်ပံတစ်ချက် ခတ်လိုက်မည့် အချိန်ထက်မက တိုတောင်းလှသော စက္ကန့်ပိုင်းအတွင်း (မိမိအား အကြိမ်ပေါင်း ရာထူးထောင်သောင်းမက အလွယ်တကူ သတ်ဖြတ်ပစ်နိုင်စွမ်းရှိသည့် ) ထိပ်သီးတန်ခိုးရှင်ကြီးနှစ်ဦး၏ ရှေ့မှောက်တွင် အကာအကွယ်မဲ့စွာ တိတ်ဆိတ်စွာ ကျန်ရစ်ခဲ့ရရှာတော့သည်။
"လာ အထဲဝင်ခဲ့..." အကြီးအကဲဂန်းက ပြောပြောဆိုဆိုဖြင့် ဂိုဏ်းချုပ်ကြီး ရှောင်ကျန်း၏ ခန်းဆောင်တံခါးကြီးကို အသာအယာ တွန်းဖွင့်ပေးလိုက်ရင်း ဆိုလိုက်သည်။
"ငါတို့ ဂိုဏ်းချုပ်ကြီးက... မင်းနဲ့ စကားအရမ်းပြောချင်နေတယ်ကွဲ့"
သမားတော်ကြီး လျူကျန့်ကော်သည် ဂိုဏ်းအကြီးအကဲ တစ်ဦးပြီးတစ်ဦးကို အကဲခတ်ကြည့်ရှုလိုက်ပြီးနောက်၊ ဦးခေါင်းကို အသာအယာ နှိမ့်ချကာ ခန်းဆောင်အတွင်းသို့ ခြေလှမ်းကျဲ ဝင်ရောက်ခဲ့သည်။ သူ အတွင်းသို့ ရောက်သည်နှင့် တပြိုင်နက် နောက်ကွယ်မှ တံခါးကြီးသည် တိတ်ဆိတ်စွာ ပြန်ပိတ်သွားတော့သည်။
ဂိုဏ်းချုပ်ကြီး ‘ရှောင်ကျန်း’ ၏ ခန်းဆောင်ကြီးမှာ ယခင်အတိုင်းပင် ထုထည်ကြီးမားပြီး ခမ်းနားထည်ဝါလွန်းဆဲ ဖြစ်သော်လည်း၊ ယခုမူ ၎င်းအတွင်း၌ ငြင်းပယ်၍မရနိုင်လောက်အောင် ကြောက်စရာကောင်းသော ကျင့်ကြံခြင်း အရှိန်အဝါ အာဏာစက်ကြီးတစ်ခု လွှမ်းမိုးနေသည်။ ဤနေရာ၌ ရှိနေသူသည် အခြားသော သာမန်လူတစ်ဦး ဖြစ်ခဲ့လျှင် ထိုအရှိန်အဝါကြောင့် သွေးပျက်မတတ် ထိတ်လန့်တုန်လှုပ်သွားပေလိမ့်မည်။ သို့သော်လည်း လျူကျန့်ကော်သည် အတိတ်တစ်ချိန်က တကယ့်အနှိုင်းမဲ့ မိစ္ဆာကောင်ကြီးများနှင့် ကြောက်မက်ဖွယ်ရာ ကပ်ဘေးဆိုးကြီးပေါင်းများစွာကို လုံလောက်အောင် မြင်တွေ့ခဲ့ဖူးသူ ဖြစ်သဖြင့်၊ ၎င်းထံ၌ ကြောက်ရွံ့စိုးရိမ်စိတ်ဟူ၍ အစအနမျှ ဖြစ်ပေါ်မလာခဲ့ချေ။
လျူကျန့်ကော် ၏တစ်ခုတည်းသော ကြောက်ရွံ့စိုးရိမ်မိသည့်အချက်မှာ... သူ့ အသက်တမျှ ချစ်ရသော သားငယ် လျူကျင်းလေးကို ပတ်ဝန်းကျင်၌ အချိန်အတော်ကြာအောင် တစ်ဦးတည်း ပစ်ထားခဲ့မိရခြင်း သက်သက်မျှသာ ဖြစ်တော့သည်။
သို့ဖြစ်ရာ... သူ့ ရှေ့မှောက်တွင် ရပ်တည်နေသူမှာ အထွတ်အထိပ် ဂိုဏ်းချုပ်ကြီး ရှောင်ကျန်းပဲဖြစ်စေ ရှောင်ဂိုဏ်း၏ အားအနည်းဆုံး အခြေခံအဆင့် တပည့်ငယ်တစ်ဦးပဲဖြစ်ဖြစ် သူ့အတွက်တော့ မည်သို့မျှ ကွဲပြားခြားနားမှု မရှိခဲ့ချေ။
အကြောင်းမူ... ထိုသူနှစ်ဦးစလုံးသည် လက်ရှိ မသန်မစွမ်းဘဝသို့ ရောက်ရှိနေသော သူ့ကို မည်သည့် အချိန်ကာလအတွင်းမှာမဆို အလွယ်တကူ သတ်ဖြတ်ပစ်နိုင်စွမ်း ရှိကြသည်မှာ အတူတူပင် ဖြစ်သောကြောင့်ပင်။
"မင်း ဘေးကင်းကင်းနဲ့ ရှိနေတာ မြင်ရတာ ဝမ်းသာပါတယ်။"
ဂိုဏ်းချုပ်ကြီး ရှောင်ကျန်း၏ စကားသံက ခန်းဆောင်အတွင်း၌ အေးဆေးတည်ငြိမ်စွာ ပျံ့လွင့်ထွက်လာသည်။ ယခုတစ်ကြိမ်တွင်မူ... သူ့လေသံထဲ၌ မည်သည့်အားနည်းချက်နှင့် ဝေဒနာရိပ်မျှ စိုးစဉ်းမျှ မရှိတော့ပေ။ သူ့မျက်နှာက သွေးဆုတ်ဖြူလျော်နေဆဲ ဖြစ်သော်လည်း အသားအရေမှာ ယခင်ကထက် သွေးရောင်ပြန်လည် စိုပြည်လာသည့်အပြင်၊ မနေ့ကလို ပင်ပန်းနွမ်းနယ်နေသည့် အမူအရာမျိုးလည်း လုံးဝမရှိတော့ချေ။ ထို့ပြင် သူသည် သာမန်ညဝတ်ရုံကို ဝတ်မထားတော့ဘဲ ရွှေရောင်ဒီဇိုင်းများဖြင့် အနုစိတ်ခြယ်သထားသည့် ခံ့ညားထည်ဝါသော ‘အပြာရောင်ဝတ်ရုံတော်ကြီး’ ကိုပါ ဝင့်ကြွားစွာ ဝတ်ဆင်ထားသည်။
"ဂိုဏ်းချုပ်ကြီး ရှောင်ကျန်း..." လျူကျန့်ကော်က ထိုအထွတ်အထိပ် ပုဂ္ဂိုလ်ကြီးရှေ့တွင် ဒူးထောက်ဝပ်စင်းလျက် ရိုသေစွာ ဆိုလိုက်သည်။
"ကျွန်တော် ဘေးကင်းရုံတင်မကဘဲ အခုလို ဂိုဏ်းချုပ်ကြီးကိုယ်တိုင် ကျန်းမာသန်စွမ်းပြီး အားအင်တွေ ပြည့်ဝလာတာ မြင်ရလို့ အတိုင်းထက်အလွန် ဝမ်းသာပါတယ်ဗျာ။"
ဂိုဏ်းချုပ်ကြီး ရှောင်ကျန်း၏ နှုတ်ခမ်းတွင် ချိုသာသော အပြုံးတစ်ပွင့် ဖြစ်ပေါ်လာသည်။
"မင်းက... ငါအခုလို ပြန်သက်သာလာတာကို မြင်ရတာ နဲနဲတောင်အံ့ဩသွားပုံမရဘူးနော်။"
"ဂိုဏ်းချုပ်ကြီး အခုလို ပြန်ကျန်းမာလာတာ...အံသြစရာမရှိပါဘူး" ဟု လျူကျန့်ကော်က မျက်လုံးကို မြေပြင်ပေါ်သို့ နှိမ့်ချထားဆဲဖြင့် တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။
"ဘာလို့လဲဆိုတော့... ကျွန်တော် အသက်နဲ့လဲပြီး သေချာဖော်စပ်ခဲ့တဲ့ ‘နတ်ဘုရားဆေးလုံး’ ရဲ့ အာနိသင်က ဒီလိုရလဒ်မျိုးကလွဲလို့ အခြားဘာမှ ဖြစ်လာစရာ အကြောင်းမရှိလို့ပါပဲ။"
ထိုစကားကို ကြားလိုက်ရသည့် အခိုက်အတန့်တွင်... ဂိုဏ်းချုပ်ကြီး ရှောင်ကျန်းသည် ကျောက်စိမ်းခုတင်ပေါ်မှ ဖြည်းဖြည်းချင်း မတ်မတ်ထရပ်လိုက်တော့သည်။
ခန္ဓာကိုယ်အတွင်း၌ မည်သည့် ရောဂါဝေဒနာ အရိပ်အယောင်မျှ ကျန်မနေတော့သည့် အထွတ်အထိပ်အဆင့် ပုဂ္ဂိုလ်ကြီးသည် ကျောက်စိမ်းခုတင်ပေါ်မှ ထရပ်လိုက်ပြီး၊ သမားတော်ကြီး လျူကျန့်ကော်ရှိရာဘက်သို့ ဖြည်းဖြည်းချင်း လျှောက်လှမ်းလာသည်။
"မင်း စကားလုံးတွေက ရဲတင်းလှချည်လား" ဂိုဏ်းချုပ်ကြီးက လျူကျန့်ကော်ရှေ့ သုံးလှမ်းခန့်အကွာတွင် ခြေလှမ်းများကို ရပ်တန့်လိုက်ရင်း စူးစူးစိုက်စိုက် ဆိုသည်။
"ငါ့အသက်ဓာတ်တွေ ယခုလို အပြည့်အဝ ပြန်နိုးထလာတာဟာ... မင်းရဲ့ ဆေးပညာကြောင့်ပါဆိုတာကို ဘာလို့ ဒီလောက်အထိ ရဲရဲကြီး အာမခံရဲတာလဲ။"
"ကျွန်တော် ဖော်စပ်ခဲ့တဲ့ ဆေးလုံးကြောင့်ပဲ ဂိုဏ်းချုပ်ကြီးရဲ့ အသက်ဓာတ်တွေ ပြန်နိုးထလာတာလား၊ ဒါမှမဟုတ် တခြားအကြောင်းကြောင့်လား ဆိုတာကို... ဒီလောကမှာ ဂိုဏ်းချုပ်ကြီးကိုယ်တိုင်ထက် ပိုသိမယ့်သူ မရှိပါဘူး။"
လျူကျန့်ကော်က တည်ငြိမ်စွာပင် ဆက်ပြောသည်။
"ဒါပေမဲ့ ဂိုဏ်းချုပ်ကြီးက ငြင်းလို့မရတဲ့ သက်သေကို အလိုရှိတယ်ဆိုရင်တော့... ကျွန်တော့်ဆေးကို သောက်ပြီးတဲ့နောက် အဲဒီကြောက်စရာကောင်းတဲ့ ‘ဝိညာဉ်စုပ်ကပ်ပါးကောင်’ ကြီး ခင်ဗျားကိုယ်ထဲကနေ အန်ထွက်သွားတဲ့ မျက်မြင်သက်သေတစ်ခုတည်းနဲ့တင် လုံလောက်ထက်တောင် ပိုပါတယ် ဂိုဏ်းချုပ်။"
လျူကျန့်ကော်က မျက်လုံးကို အသာအယာ ပင့်ကြည့်လိုက်ရင်း—
"အဲ့ဆေးရဲ့ အာနိသင်ပြင်းကြောင့် ဂိုဏ်းချုပ်ကြီးရဲ့ ကိုယ်ထဲမှာ ခဏလောက် အသေအလဲ နာကျင်မွန်းကျပ်တာမျိုး ခံစားရမယ်ဆိုတာကို... ကြိုတင်သတိပေးဖို့ ပျက်ကွက်ခဲ့တဲ့အတွက် တောင်းပန်ပါတယ်။ ဘာလို့လဲဆိုတော့ အဲဒီတုန်းက ကြိုရှင်းပြဖို့ အချိန်စက္ကန့်ပိုင်းမျှတောင် မရှိခဲ့လို့ပါပဲ။ ဂိုဏ်းချုပ်ကြီးရဲ့ ကင်းစောင့်တွေက... ကျွန်တော့်ကို စကားတစ်လုံးမှ ရှင်းပြခွင့်မပေးဘဲ လက်နက်တွေနဲ့ အတင်းဝင်ဖမ်းပြီး ချုပ်နှောင်ခဲ့ကြလို့ပါ ဂိုဏ်းချုပ်။"
အမှန်တော့ ထိုစဉ်က အခြေအနေက အလွန်အရေးကြီးလွန်းသဖြင့် မည်သည့်အရာအတွက်မှ အချိန်ပို ရှိမနေခဲ့ပါ။ ထိုညက သခင်လေးရှောင်နန်သည် ဆေးချက်ဖိုထဲမှ ထွက်လာသော နတ်ဘုရားဆေးရည်ကို အချိန်ကိုက် ချက်ချင်း ဖမ်းဆုပ်ယူဆောင်သွားပြီး ဂိုဏ်းချုပ်ကြီးကို ချက်ချင်း တိုက်ကျွေးနိုင်ခဲ့ခြင်းက တကယ့်ကို ကံကောင်းမှုကြီး ဖြစ်သည်။ သို့မဟုတ်လျှင်... ယခုအချိန်တွင် သူတို့နှစ်ဦး ဤခန်းဆောင်အတွင်း၌ အေးအေးဆေးဆေး စကားပြောခွင့် ရကြလိမ့်မည် မဟုတ်ပါ။
ဂိုဏ်းချုပ်ကြီး ရှောင်ကျန်းက နှာခေါင်းတစ်ချက် ရှုံ့လိုက်ရင်း—
"မင်းက သာမန်သမားတော်တစ်ယောက် ဖြစ်နေပြီးတော့... တော်တော် ရဲတင်းလွန်းပါလား။
"ကျွန်တော့်အနေနဲ့ ဂိုဏ်းချုပ်ကြီးရှောင်ကျန်းဟာ သစ္စာတရားနဲ့ ကိုယ်ကျင့်တရားကို တန်ဖိုးထားတဲ့ မြင့်မြတ်တဲ့ ခေါင်းဆောင်တစ်ယောက် ဖြစ်တယ်လို့ ယုံကြည်လို့သာ... အခုလို ရင်ထဲက စကားတွေကို ရဲရဲဝံ့ဝံ့ ပြောရဲတာပါ။ ကိုယ့်အသက်ကို ကယ်ခဲ့တဲ့ ကျေးဇူးရှင် သမားတော်ကိုမှ ရက်ရက်စက်စက် ပြန်ရန်ပြုမယ့်လူမျိုးအဖြစ် ဂိုဏ်းချုပ်ကြီးကို ကျွန်တော် ဘယ်လိုမှ မတွေးဝံ့ပါဘူး ဂိုဏ်းချုပ်။"
ရှောင်ဂိုဏ်း’ ၏ အထွတ်အထိပ် ဂိုဏ်းချုပ်ကြီးသည် လက်ပိုက်လိုက်မိသည်။ သူ၏မျက်နှာတွင် ပြုံးစစသဘောကျနေသော အမူအရာနှင့် မယုံနိုင်လောက်အောင် အံ့ဩမှင်သက်နေသည့် အမူအရာတို့ တစ်ပြိုင်နက်တည်း ထင်ဟပ်နေသည်။
"မင်းက... ဘယ်လိုလူလဲ မင်းနောက်ကြောင်းကိုပြောစမ်းကွာ.."
"ကျွန်တော်က... လူနာတွေကို ကယ်တင်တတ်တဲ့ သာမန်သမားတော်တစ်ယောက် သက်သက်ပါပဲ ဂိုဏ်းချုပ်။ ဒီထက်လည်း မပိုသလို... ဒီထက်လည်း ဘာမှ မလျော့ပါဘူးခင်ဗျာ.."
ဂိုဏ်းချုပ်ကြီး ရှောင်ကျန်းသည် သမားတော်ကြီး လျူကျန့်ကော်၏ မျက်ဝန်းများကို မျက်တောင်မခတ်တမ်း စိုက်ကြည့်ရင်း ရင်ထဲတွင် လိမ်ညာမှု ရှိမရှိ စစ်ဆေးနေသည်။ သို့သော်လည်း သူ မည်သည့် မရိုးသားမှုကိုမျှ ရှာမတွေ့ခဲ့ပါ။
"ကောင်းပြီလေ..."
သူက နောက်သို့ ဖြည်းဖြည်းချင်း ခြေလှမ်းလှည့်လိုက်ရင်း ဆိုသည်။
"မင်းရဲ့ ဂုဏ်သိက္ခာကို ထောက်ပြီး ငါ မင်းစကားတွေကို ယုံပေးလိုက်ပါ့မယ်။ ကိုယ့်အသက်ကယ်တင်ရှင်ကိုမှ အမှန်တရားသိဖို့ ညှဉ်းပန်းနှိပ်စက် စစ်ဆေးနေရင် ငါ့သိက္ခာနဲ့ အရှိန်အဝါကို အကြီးအကျယ် ညှိုးနွမ်းစေမှာပဲ"
"ကျွန်တော်... ဂိုဏ်းချုပ်ကြီးရဲ့ ကရုဏာတရားအပေါ် လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်ဗျာ။"
"ဒါပေမဲ့လည်း... မင်းကို ထပ်မေးချင်တဲ့ မေးခွန်းတစ်ခု ရှိသေးတယ် သမားတော်။ မင်းက တကယ့်ကို ဗဟုသုတ နက်နဲတဲ့သူဆိုတာ အခုတော့ ထင်ရှားသွားပြီပဲ။ ငါ့ခန္ဓာကိုယ်ကို ညှဉ်းပန်းခဲ့တဲ့ ဒီ ‘ဝိညာဉ်စုပ်ကပ်ပါးကောင်’ ဆိုတာမျိုးက သိုင်းလောကမှာ ဘယ်လောက်အထိ အတွေ့ရများသလဲ။"
ဤသည်က သမားတော်ကြီး လျူကျန့်ကော် လုံးဝမျှော်လင့်မထားသည့် မေးခွန်းတစ်ခု ဖြစ်သည်။ သို့သော် မိမိအသက်ကို ရန်ရှာခဲ့သည့် မိစ္ဆာအဆိပ်အတောက်အကြောင်း အသေးစိတ် သိချင်သည်မှာ လူ့သဘာဝအရ လုံးဝမမှားပေ။ လျူကျန့်ကော်က နှုတ်ခမ်းကို တင်းတင်းစေ့ကာ ခဏမျှ နက်နဲစွာ အတွေးပွားလိုက်ပြီးမှ ပြန်ပြောလိုက်သည်။
"ဒီ ‘ဝိညာဉ်စုပ်ကပ်ပါးကောင်’ ရဲ့ သဘောသဘာဝက သိုင်းလောကမှာ လုံးဝ ကွယ်ဝှက်နေတဲ့ လျှို့ဝှက်ချက်တော့ မဟုတ်ပါဘူး ဂိုဏ်းချုပ်။ မဟာအင်ပါယာ မြို့တော်ကြီးထဲက ထိပ်သီး နတ်ဘုရားသမားတော်ကြီးတွေဆိုရင် ဂိုဏ်းချုပ်ကြီးရဲ့ ရောဂါလက္ခဏာကို မြင်ရုံနဲ့တင် တိကျစွာ ခွဲခြားပြနိုင်ကြသလို၊ ‘ပင်မမဟာသိုင်းဂိုဏ်းကြီးလေးခု’ ရဲ့ သမားတော်တွေဟာလည်း ဒီအချက်ကို ကောင်းကောင်းကြီး သိကြပါတယ်ဗျာ။"
ဤအချက်ကို ကြည့်ပါက... သခင်လေးရှောင်နန်သည် ပြင်ပမဟာသိုင်းဂိုဏ်းကြီးများထံ အကူအညီတောင်းခံခြင်းဖြင့် ဦးလေးဖြစ်သူ၏ရောဂါကို အလွယ်တကူ ဖြေရှင်းနိုင်လိမ့်မည်ဟု တွေးတောခဲ့မိခြင်းမှာ လုံးဝမမှားချေ။ သို့သော်လည်း ထိုအကူအညီနောက်ကွယ်တွင် ပေးချေရမည့် ဝါးမြိုခြင်းဘေးဒုက္ခက မည်မျှအထိ ပြင်းထန်မည်ဆိုသည်ကိုမူ မည်သူမျှ ကြိုတင်မခန့်မှန်းနိုင်ခဲ့ကြချေ။
"ဒါဆိုရင်... ငါတို့ မြို့တော်ရဲ့ အစွမ်းဆုံး သမားတော်ကြီး ‘ဝူ’ လို လူမျိုးကော..." ဂိုဏ်းချုပ်ကြီး ရှောင်ကျန်းက အလွန်ပင် တည်ကြည်လေးနက်သော မျက်နှာထားဖြင့် မေးမြန်းလိုက်သည်။
"မင်းလည်း အနည်းဆုံးတော့ သူ့ နာမည်ကို ကြားဖူးလိမ့်မယ်လို့ ငါ ယုံကြည်တယ်။"
"ကျွန်တော် ကောင်းကောင်း ကြားဖူးပါတယ် ဂိုဏ်းချုပ်။"
လျူကျန့်ကော်က ခေါင်းညိတ်လျက် ပြန်ပြောလိုက်သည်။
"သူဟာ ဒီ ‘အရှေ့ဘက် ဆိပ်ကမ်းမြို့တော်’ တစ်ခုလုံးမှာ အစွမ်းဆုံး သမားတော်ကြီးပါဆိုပြီး လူတိုင်းက ချီးမွမ်းနေကြတာကို ကျွန်တော် သိပါတယ်။ ဒါပေမဲ့... သူ့ရဲ့ ဆေးပညာ ဘယ်လောက်အထိ နက်နဲသလဲဆိုတာကိုတော့ ကျွန်တော်ကိုယ်တိုင် မကြုံဖူးသေးလို့ အာမခံချက်ပေးပြီး လျှောက်တင်ဖို့ ဗဟုသုတ နည်းပါးပါသေးတယ် ဂိုဏ်းချုပ်။ ဒါပေမဲ့... တစ်ခုတော့ ကျွန်တော် ရဲရဲကြီး ပြောနိုင်တာက၊ တကယ်လို့ သူဟာ လူတကာ ချီးမွမ်းနေကြသလို တကယ့်ကို အစွမ်းထက်တဲ့ နတ်ဘုရားသမားတော်စစ်စစ် ဖြစ်ရင်တော့... ဂိုဏ်းချုပ်ကြီး ခံစားနေရတဲ့ ရောဂါရဲ့ အခြေခံပြဿနာဟာ ‘အောက်အတွင်းအားအပိုင်း’ ထဲမှာ ခိုအောင်းနေတယ်ဆိုတဲ့ အချက်ကိုတော့... ဆေးပညာအရ သေချာပေါက် ကောင်းကောင်းကြီး ကြိုတင်ရိပ်မိ သိထားရမှာ ဖြစ်ပါတယ် ဂိုဏ်းချုပ်။"
ထိုစကားကို ကြားလိုက်ရသည့် အခိုက်အတန့်တွင်... ဂိုဏ်းချုပ်ကြီး ရှောင်ကျန်း၏ မျက်မှောင်အစုံသည် တားဆီး၍မရလောက်အောင် ပြင်းထန်စွာ တွန့်ချိုးသွားတော့သည်။
"ငါ့ ဂိုဏ်းက သမားတော်တွေကလဲ... ပြဿနာရဲ့ အရင်းအမြစ်ဟာ ‘အောက် အတွင်းအားအပိုင်း မှာ ရှိနေနိုင်တယ်လို့ ငါ့ကို သေသေချာချာ ပြောခဲ့တာပဲ"
ဂိုဏ်းချုပ်ကြီးသည် သူ့မေးစေ့အား လက်တစ်ဖက်ဖြင့် အသာအယာ ကိုင်လျက် အတွေးကမ္ဘာထဲ၌ နက်ရှိုင်းစွာ နစ်မျောနေပုံဖြင့် ဆိုသည်။
"ဒါပေမဲ့လည်း... နတ်ဘုရားသမားတော်ကြီး ‘ဝူ’ ကတော့ အဲဒီသမားတော်တွေရဲ့ အမြင်တွေအားလုံး မှားနေပါတယ်ဆိုပြီး ငါ့ကို အပြတ်အသတ် ဖျောင်းဖျ ငြင်းဆန်ခဲ့တာကွ"
ထိုစကားကြောင့်... ခန်းဆောင်အတွင်းရှိ လေထုတစ်ခုလုံး ရုတ်တရက် အေးခဲသွားသကဲ့သို့ မွန်းကျပ်စွာ တိတ်ဆိတ်သွားခဲ့ရသည်။ အနည်းဆုံး သုံးမိနစ်ခန့်မျှ ကြာမြင့်သည့်တိုင်အောင် မည်သူတစ်ဦးတစ်ယောက်မျှ စကားတစ်လုံးပင် ထွက်မလာရဲကြချေ။ သမားတော်ကြီး လျူကျန့်ကော်သည် ဂိုဏ်းချုပ်ကြီး ရှောင်ကျန်းထံမှ မလွှဲမရှောင်သာ ထွက်ပေါ်လာတော့မည့်... ပြင်းထန်လှသော ‘အမျက်ဒေါသမီးလျှံ ’ ကို ရင်တမမဖြင့် ကြိုတင်စောင့်ဆိုင်းနေမိတော့သည်။
သို့သော်ငြားလည်း... ၎င်းအမျက်ဒေါသကြီးမှာ ဘယ်လိုနည်းနှင့်မျှ ထွက်ပေါ်လာခြင်း မရှိခဲ့ချေ။
ဆန့်ကျင်ဘက်အနေဖြင့် ထိုခြောက်ခြားဖွယ်ရာ ဆိတ်ငြိမ်ခြင်းကို ဖြိုခွဲလိုက်သည်ကား... ဂိုဏ်းချုပ်ကြီး ရှောင်ကျန်းထံမှ ထွက်ပေါ်လာသည့် နူးညံ့အေးဆေးလှသော ရယ်မောသံကလေးတစ်ခု ဖြစ်ပေသည်။
"အော်...အဟက်ဟက် ငါ နားလည်ပြီ... နားလည်ပြီ။ တကယ်တော့ ကိစ္စတွေက ဒီလိုကောက်ကျစ်စဉ်းလဲစွာ လှည့်ကွက်ဆင်ထားကြတာကိုး။ အို... ငါ ‘ရှောင်ကျန်း’ တစ်ယောက် လောကီလူယုတ်မာတွေရဲ့ ရှေ့မှာ ဒီလောက်အထိ လူမိုက်အဖြစ် သနားစရာကောင်းအောင် အလှည့်စားခံရလုနီးပါး ဖြစ်ခဲ့တာပဲ။ မဟုတ်သေးဘူး... ဒီလိုအရာမျိုးကို ငါ ဘယ်တော့မှ ခွင့်မပြုနိုင်ဘူး။ ဘယ်လိုနည်းနဲ့မှ ခွင့်ပြုမှာမဟုတ်ဘူး။"
ထိုအခိုက်အတန့်တွင်... ဂိုဏ်းချုပ်ကြီး ရှောင်ကျန်း၏ မျက်နှာထက်၌ ပေါ်ထွက်လာသော အပြုံးရိပ်ကြီးမှာ လောကတွင် မြင်တွေ့ရုံမျှဖြင့်တင် အသည်းအသန် ခြောက်ခြားဖွယ်ရာ ကြောက်မက်ဖွယ်ကောင်းလှသည်။
"ဒါပေမဲ့... ဒီလိုမိစ္ဆာကောင်တွေကို သုတ်သင်ရှင်းလင်းပီး သွေးစွန်းမယ့် အရေးကိစ္စတွေကိုတော့ နောက်မှပဲ ငါတို့ အေးအေးလူလူ ကိုင်တွယ်ကြတာပေါ့။"
ဂိုဏ်းချုပ်ကြီး ရှောင်ကျန်းက ၎င်း၏ မျက်နှာထားကို မြန်မြန်ဆန်ဆန် ပုံမှန်အတိုင်း ပြန်ပြင်လိုက်ရင်း ဆိုသည်။
"အခုအချိန်မှာတော့... မင်းက ငါ့ဆီကနေ အသက်ကယ်တင်ခအတွက် ထိုက်တန်တဲ့ ဆုလာဘ်တွေကို တောင်းချင်နေပြီလို့ ငါ ထင်ပါတယ်။ အလိုရှိရာမှန်သမျှကို... ရဲရဲဝံ့ဝံ့ တောင်းလို့ရပါဘီ သမားတော်။"
"ကျွန်တော်ဘာမှမလိုချင်ပါဘူး ဂိုဏ်းချုပ်။"
ထို ချက်ချင်းယတိပြတ် ငြင်းပယ်ချက်ကြောင့်... ဂိုဏ်းချုပ်ကြီး ရှောင်ကျန်း အလိုမကျစွာ မျက်မှောင်ကြုတ်လိုက်သည်။
"မင်းက... ငါ့ စေတနာကို ဒီလောက်အထိ ဗြောင်ကျကျ ငြင်းပယ်ရဲတယ်ပေါ့ ဟုတ်လား။"
" ကျွန်တော့်စကားကို တလွဲမတွေးပါနဲ့ ဂိုဏ်းချုပ်ကြီးခင်ဗျာ။"
သမားတော်ကြီး လျူကျန့်ကော်က ခေါင်းကို ဖြည်းဖြည်းချင်း ခါယမ်းရင်း လျှောက်တင်လိုက်သည်။
"ကျွန်တော်က ဂိုဏ်းချုပ်ကြီးရဲ့ စေတနာကို မလေးမစား ငြင်းပယ်ချင်တာ လုံးဝမဟုတ်ပါဘူး။ ဆန့်ကျင်ဘက်အနေနဲ့... ဂိုဏ်းချုပ်ကြီး ပေးအပ်မယ့် ခမ်းနားကြီးကျယ်တဲ့ ဆုလာဘ်မှန်သမျှဟာ အခုလို အတွင်းအားမရှိတဲ့ လူဖျင်းတစ်ယောက်အတွက်တော့... ကိုယ့်လည်ပင်းကိုယ် ပြန်ညှစ်မယ့် တကယ့် ဝန်ထုပ်ဝန်ပိုးကြီး ဖြစ်လာမှာမို့လို့ပါ ဂိုဏ်းချုပ်။"
"... ငါ့ကို သေချာရှင်းပြစမ်း။"
"ကျွန်တော်က အတွင်းအား လုံးဝမရှိတော့တဲ့ လူဖျင်းတစ်ယောက်ပါ ဂိုဏ်းချုပ်။" ဟု လျူကျန့်ကော်က တည်ငြိမ်စွာပင် လျှောက်တင်လိုက်သည်။
"ကိုယ့်လက်ထဲမှာ ရှိနေတဲ့အရာတွေကိုတောင် ကိုယ်တိုင် မကာကွယ်နိုင်ပါဘူး။ တကယ်လို့ကျွန်တော့်အနေနဲ့ ‘ရှောင်ဂိုဏ်း’ ဆီကနေ ကြီးကျယ်တဲ့ ဆုလာဘ်တွေကို လက်ခံရရှိခဲ့ရင်... ဒါက သိုင်းလောကက မနာလိုသူတွေနဲ့ လောဘသမားတွေရဲ့ ရန်ငြိုးကို ဖိတ်ခေါ်ရာ ရောက်ပါလိမ့်မယ်။ အဲဒီလို ဘေးဒုက္ခမျိုးက... ကျွန်တော့်သားငယ်လေးနဲ့ ကျွန်တော့်အတွက်တော့ ဘယ်တော့မှ ပြန်မရုန်းထွက်နိုင်မယ့် ပျက်သုဉ်းခြင်း ကပ်ဘေးဆိုးကြီး ဖြစ်လာပါလိမ့်မယ်။ ဒါကြောင့်မို့လို့... ဂိုဏ်းချုပ်ကြီး ပေးသနားနိုင်မယ့် အကြီးမားဆုံး ကရုဏာကတော့... ကျွန်တော့်ကို အရင်အတိုင်း ဘာမဟုတ်တဲ့ လမ်းဘေးသမားတော်လေ းတစ်ယောက်အဖြစ်ပဲ အပြင်လူတွေရဲ့ အာရုံစိုက်မှုထဲကနေ ချန်ထားပေးခဲ့ဖို့ပါပဲ ဂိုဏ်းချုပ်။"
"မင်း လိုချင်တာဒါပဲလားကွ..."
လျူကျန့်ကော်က လေးနက်စွာဖြင့် ခေါင်းညိတ်လိုက်ရင်း— "ဟုတ်ပါတယ် ဂိုဏ်းချုပ် ကျွန်တော့် သားငယ်လေးနဲ့အတူ ဘဝကို ဘာဘေးအန္တရာယ်မှမရှိဘဲ အေးအေးချမ်းချမ်း ဖြတ်သန်းသွားခွင့်ရဖို့... က ကျွန်တော့်ရဲ့အကြီးမားဆုံးဆန္ဒပါပဲ…” ဟု လျှောက်တင်လိုက်တော့သည်။
ဂိုဏ်းချုပ်ကြီး ရှောင်ကျန်းသည်... သမားတော်ကြီး လျူကျန့်ကော်အား အချိန်အတော်ကြာအောင် မမှိတ်မသုန် စိုက်ကြည့်နေမိတော့သည်။
"ကဲ ကဲ ထတော့..."
လျူကျန့်ကော်သည် ဂိုဏ်းချုပ်စကားအတိုင်း ဖြည်းညှင်းစွာ မတ်မတ်ထရပ်လိုက်သည်။
"ငါ့ နောက်ကနေ တိတ်တိတ်ဆိတ်ဆိတ် လိုက်ခဲ့..တကယ်လို့... မင်းသာ လောဘကင်းပြီး ဉာဏ်ပညာ ရှိတဲ့ လူသာဆိုရင် ငါခေါင်းခဲနေတဲ့ အရေးကြီးကိစ္စကို အကြံပေးလို့ရမှာပဲ…"
ဂိုဏ်းချုပ်ကြီး ‘ရှောင်ကျန်း’၏ ခမ်းနားထည်ဝါလှသော ခန်းဆောင်ကြီးအတွင်းရှိ အလှဆင်ပရိဘောဂ မျိုးစုံ၏ နောက်ကွယ်တွင်မူ... မည်သူမျှ မရိပ်မိနိုင်သော ‘လျှို့ဝှက်တံခါးစစ်စစ်’ တစ်ချပ် ကွယ်ဝှက်တည်ရှိနေသည်။ ၎င်းသည် မြေအောက်ဘက်သို့ ဦးတည်ထားသည့် လှေကားထစ်ပေါင်းများစွာဆီသို့ လမ်းပွင့်နေပြီး၊ ထိုလှေကားထစ်များ၏ အဆုံးသတ်တွင်မူ အခြားသော လျှို့ဝှက်တံခါးတစ်ချပ် ထပ်မံ၍ တည်ရှိနေပြန်သည်။
"မင်းလိုပဲ... ငါ့မှာလည်း အသက်ထက်မက ချစ်ရတဲ့ သားငယ်လေးတစ်ယောက် ရှိတယ်ကွ" ဟု ဂိုဏ်းချုပ်ကြီး ရှောင်ကျန်းက လျှို့ဝှက်တံခါးကို ဖြည်းညှင်းစွာ ဖွင့်လှစ်လိုက်ရင်း အေးဆေးစွာ ရှင်းပြလိုက်သည်။
"အခုအချိန်မှာ သူက ရင်ခွင်ပိုက် ကလေးလေးပဲ ရှိသေးပေမဲ့၊ ကောင်းကင်ဘုံက ပေးတဲ့ ကလေးလိုပဲ ကျန်းမာသန်စွမ်းပြီး အင်အားကြီးတယ်။ တစ်နေ့နေ့ကျရင်... သူက ငါ့ရဲ့ အထွတ်အထိပ် ဂိုဏ်းချုပ်ရာထူး အားလုံးကို အောင်အောင်မြင်မြင် ဆက်ခံနိုင်လိမ့်မယ်လို့ သေချာပေါက် ယုံကြည်တယ်ကွာ"
ဂိုဏ်းချုပ်ကြီး ရှောင်ကျန်းသည် ထိုလျှို့ဝှက်အခန်းငယ်အတွင်းသို့ အရင်ဆုံး ခြေချဝင်ရောက်သွားခဲ့ပြီး၊ သမားတော်ကြီး လျူကျန့်ကော်သည်လည်း နောက်မှ လိုက်သွားသည်။
"ဒါပေမဲ့လည်း... ငါ့သမီးငယ်လေးကတော့ သူနဲ့တခြားစီပေါ့"
ထိုစကားကို ကြားလိုက်ရသည့် ထိုအခိုက်အတန့်တွင်... သမားတော်ကြီး လျူကျန့်ကော်တစ်ယောက်ဆွံ့အသွားခဲ့ရသည်။
ထိုလျှို့ဝှက်အခန်းငယ်အတွင်းပိုင်းသည် အလွန်ပင် သန့်ရှင်းစင်ကြယ်နေသည့်အပြင်၊ အလင်းရောင်စုံများဖြင့်လည်း လင်းပွင့်တောက်ပလျက် ရှိနေပေသည်။ အခန်းတွင်းရှိ လေထုစီးဆင်းမှု စနစ်နှင့် အပူချိန်အပိုင်းမှာလည်း ဝေဒနာရှင်တစ်ဦးအတွက် အလွန်ပင် သင့်တော်မျှတလှပေသည်။
အခန်း၏ ထောင့်တစ်နေရာတွင်မူ... ဆေးပညာအရ လူနာများ၏ ဒဏ်ရာဝေဒနာများကို သက်သာစေမည့် အဖိုးတန် ‘ဆေးဘက်ဝင် အမွှေးတိုင်’တစ်ခုကို တိတ်ဆိတ်စွာ ထွန်းညှိတောက်လောင်စေလျက် ရှိ၏။ သို့သော်လည်း... ဤဆန်းပြားလှသော အပြင်အဆင်မှန်သမျှသည် သမားတော်ကြီး လျူကျန့်ကော်အား ဤမျှအထိ ထိတ်လန့်တုန်လှုပ်သွားစေခဲ့ခြင်း လုံးဝမဟုတ်ပေ။
သူ့ကို သေလုမျောပါး ဆွံ့အသွားစေခဲ့သည့် အဓိက အကြောင်းရင်းကား... ဝါးပုခက်ငယ်လေးထဲ၌ လဲလျောင်းနေသည့် ခလေးငယ်ကြောင့်သာ ဖြစ်တော့သည်။
... သမားတော်ကြီး လျူကျန့်ကော်တစ်ဦးတည်းသာလျှင် ဤကမ္ဘာမြေပေါ်၌ တုန်လှုပ်ချောက်ချားဖွယ်ရာ အဖြစ်တခုကို မြင်တွေ့လိုက်ရခြင်း ဖြစ်ပေသည်။ သူ့အနေဖြင့် ဤသို့အဖြစ်မျိုးမတွေ့ရသည်မှာ နှစ် ပေါင်းများစွာပင် ကြာမြင့်ခဲ့ပြီးဖြစ်လေသည်။
"ဒါ... ဒါက ... မဟုတ်သေးဘူး၊ ဒီလိုအဖြစ်ဆိုးမျိုးဘာလို့ရှိနေရတာလဲ…..."
"မင်း ဘာမြင်ရလို့လဲ ငါ့ကိုပြောစမ်း..”
ဂိုဏ်းချုပ်ကြီး ရှောင်ကျန်း၏ အသံကျယ်ကြီး ထွက်ပေါ်လာသည်။
"ငါ့သံသယတွေ အမှန်ဆိုတာ မင်းရဲ့ ဆေးပညာနဲ့ အခုချက်ချင်း သက်သေပြစမ်း သမားတော်!"
လျူကျန့်ကော် ရင်ထဲ၌ မွန်းကျပ်စွာဖြင့် တံတွေးတစ်ချက်ကို ခပ်ခက်ခက် မြိုချလိုက်မိရရှာသည်။ သေဘေးအန္တရာယ်ထက် ကြောက်မက်ဖွယ်ကောင်းသော ထိုမြင်ကွင်းကြောင့်... သူ၏ မျက်နှာဘေးတစ်ချက်မှနေ၍ စိုးရိမ်စိတ်ပြင်းပြလှသော ချွေးစေးများ တောက်တောက်ကျကာ ဖြည်းညှင်းစွာ စီးကျလာခဲ့ရချေတော့သည်။
"ဒီခလေးလေးက ..ယင်ဓာတ်အဆိပ်သင့်တဲ့ ခန္ဓာကိုယ် ကို ပိုင်ဆိုင်ထားတာပဲ ဂိုဏ်းချုပ်"
ထိုစကားလုံးများ ထွက်ပေါ်လာခဲ့ရုံမျှဖြင့်... ဂိုဏ်းချုပ်ကြီး ရှောင်ကျန်း၏ ရင်ဘတ်ကို ထုထည်ကြီးမားလှသော ကျောက်တုံးကြီးတစ်တုံးဖြင့် အရှိန်အဟုန်ပြင်းစွာ ထိုးနှက်လိုက်သကဲ့သို့ ပြင်းထန်လှသော ဒဏ်ချက်ကြီးတစ်ခု ဖြစ်သွားခဲ့ရသည်။ ထိုအနှိုင်းမဲ့ တန်ခိုးရှင်ကြီးသည် နေရာမှာတင် ခြေလှမ်းများ ယိုင်နဲ့သွားကာ လဲကျလုနီးပါးပင် ဖြစ်သွားခဲ့ရရှာသဖြင့်၊ သမားတော်ကြီး လျူကျန့်ကော်သည် ၎င်းအား အံ့ဩစူးရှသော မျက်ဝန်းများဖြင့် စိုက်ကြည့်လိုက်မိရင်း—
"ဂိုဏ်းချုပ်ကြီး... ဒါကို တကယ်ပဲ ကြိုမသိထားခဲ့ဘူးပေါ့... ဟုတ်လားဟင်..."
ဟု မေးမြန်းလိုက်မိသည်။
"ငါ... ငါ့အသက်နဲ့ရင်းပြီး အာမခံရဲပါတယ်... ဒါကို ငါ တကယ်မသိခဲ့ဘူးကွာ…"
"ဂိုဏ်းချုပ်ကြီး ရှောင်ကျန်း၏ တုန်ရီနေသော လေသံထဲတွင် မလွှဲမရှောင်သာသည့် ကံကြမ္မာဆိုးကြီးအား အရှုံးပေးလက်လျှော့လိုက်ရသည့် အရိပ်အယောင်များ ထင်ဟပ်နေသည်။
"ငါ ဂိုဏ်းရဲ့ ရှေးဟောင်းကျမ်းစာ အမြောက်အမြားကို ဖတ်ဖူးတယ်... သိုင်းလောကရဲ့ ကမ္ဘာဦးဒဏ္ဍာရီတွေကိုလည်း ကြားဖူးတယ်။ ဒါပေမဲ့ ဒီလိုထူးဆန်းတဲ့ ကောင်းကင်ဘုံကျိန်စာမျိုးကိုတော့ ငါ့မျက်စိနဲ့တစ်ကြိမ်မှ ကိုယ်တိုင်မမြင်ဖူးခဲ့ဘူး။ ပြီးတော့ ဒီအခြေအနေကို နားလည်တဲ့ ဘယ်သိုင်းလောက အထက်လူကြီးတစ်ယောက်နဲ့မှလည်း ဆွေးနွေးတိုင်ပင်ဖူးတာမျိုး လုံးဝမရှိခဲ့ဘူးကွ"
ထိုသို့ဖြစ်ရသည်မှာလည်း ဆီလျော်လှပေသည်။ သိုင်းလောကတွင် ကပ်ဘေးတစ်ခုပမာ အလွန်တွေ့ရခဲလှသည့် ‘ယင်ဓာတ်ခန္ဓာ (သို့မဟုတ်)ရေခဲအဆိပ်မယ်’ ဟူသည်မှာ မွေးရာပါ ထူးဆန်းလှသော ပါရမီတစ်ခု ဖြစ်လေသည်။ အတိတ်ကာလက ကမ္ဘာဦးနတ်ဘုရားသမားတော်ကြီး လျူကျန့်ကော်ကဲ့သို့သော ပုဂ္ဂိုလ်ပင်လျှင် သူ၏တစ်သက်တာလုံး၌ ဤကဲ့သို့သော ခန္ဓာကိုယ်မျိုးကို လက်တစ်ဆုပ်စာမျှသာ မြင်တွေ့ခဲ့ဖူးသည်။
ဤခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသူများသည် ကိုယ်တွင်း၌ ကမ္ဘာဦး ‘ယင်စွမ်းအင်လှိုင်း’ များနှင့် အနှိုင်းမဲ့ထူးခြားသော ဆွဲဆောင်မှုအာနိသင် တည်ရှိနေကြသူများ ဖြစ်သည်။ ထိုစွမ်းပကားကြောင့်ပင် ၎င်းတို့၏ ကျင့်ကြံခြင်းအရှိန်အဟုန်မှာ သာမန်လူသားများထက် အဆပေါင်းရာထောင်မက မြန်ဆန်လှသည့်အပြင်၊ အခြားသောသိုင်းလောကပါရမီရှင်များ ဘဝပေါင်းများစွာ ကြိုးပမ်းလျှင်ပင် နားမလည်နိုင်မည့် အဆင့်မြင့် ‘လျှို့ဝှက်ကျင့်စဉ်ဆန်း’ များကိုလည်း တစ်ခဏအတွင်း အလွယ်တကူ ဉာဏ်ပွင့်ကာ အပိုင်ချုပ်ကိုင်နိုင်စွမ်း ရှိကြပေသည်။"
ထိုပါရမီသည်... ကောင်းကင်ဘုံက မိန်းကလေးများအပေါ်၌သာ သီးသန့်ရွေးချယ် အပ်နှင်းတတ်သည့်၊ တန်ဖိုးအဆမတန် ကြီးမားလှသော ကမ္ဘာဦး ပါရမီဆန်းတစ်ခုပင် ဖြစ်တော့သည်။"
"ငါ နေမကောင်းဖြစ်ပြီး သိပ်မကြာခင်မှာပဲ... သမီးလေးဆီကနေ ဒီလိုထူးဆန်းတဲ့ လက္ခဏာတွေ စပြီး ပေါ်လာခဲ့တာ။"
ဂိုဏ်းချုပ်ကြီး ရှောင်ကျန်းက ဆက် ပြောသည်။ "အစပိုင်းတုန်းကတော့... ငါ့သမီးလေးလည်း ငါ့လို ရောဂါဆန်းကြုံနေရတာလားဆိုပြီး စိုးရိမ်ခဲ့သေးတယ်။ ဒါပေမဲ့ သိပ်မကြာခင်မှာပဲ... သမီးလေး ခံစားနေရတဲ့အရာက ငါနဲ့ လုံးဝမတူတဲ့ ကောင်းကင်ဘုံကျိန်စာတစ်ခု ဖြစ်နေမှန်း ရိပ်မိလိုက်တာ"
"ဒါဆိုရင်... ဒီလျှို့ဝှက်ချက်ကို ကျွန်တော်တို့နှစ်ယောက်အပြင်... အခြား ဘယ်သူတွေကများ ကြိုရိပ်မိထားကြသေးလဲဟင်..."
"ဒါလား...။ ဒီကမ္ဘာမြေပေါ်မှာ မင်းနဲ့ငါ နှစ်ယောက်ကလွဲရင် တခြားဘယ်သူတစ်ဦးတစ်ယောက်မှ မသိဘူးကွ..၊ အစတုန်းကတော့ ငါ့ရဲ့ အားအကိုးရဆုံး သမားတော်ကြီးတွေကို ပြသခဲ့ဖူးပေမဲ့၊ အသုံးမကျတဲ့ အဲဒီလူတွေအားလုံးဟာ ရောဂါရဲ့ ဇစ်မြစ်ကို ဘယ်လိုမှ ရှာမဖော်နိုင်ခဲ့ကြဘူး။ ဂိုဏ်းအကြီးအကဲတွေ သိတာကတော့ သမီးလေး နေမကောင်းဖြစ်နေတယ်ဆိုတာပဲ ရှိတာ။ ငါကိုယ်တိုင်လည်း သူတို့ကို သမီးလေးအဆောင်ထဲ လုံးဝဝင်ခွင့်မပြုခဲ့သလို... ဟိုငွေလိမ် ‘သမားတော်ကြီး ဝူ’ ကိုလည်း သမီးလေးအနားကို နည်းနည်းမှ အကပ်မခံခဲ့ဘူး။"
ဂိုဏ်းချုပ်ကြီး ရှောင်ကျန်းသည်... ရင်ထဲ၌ မွန်းကျပ်စွာဖြင့် အသက်ပြင်းပြင်းရှူလိုက်သည်။
"တကယ်လို့ မင်းသာ ဒီအရေးကြီးကိစ္စကို အပြင်လူ ဘယ်သူ့ကိုမဆို ပေါက်ကြားခဲ့မယ်ဆိုရင်တော့... ငါ မင်းကို အရှင်လတ်လတ် သတ်ပစ်မယ်။ ဒါပေမဲ့ မင်း ငါ့အပေါ်ပြုခဲ့ဖူးတဲ့ အသက်ကယ်ကျေးဇူးကို ထောက်ထားတဲ့အနေနဲ့... မင်းသားလေးကိုတော့ ငါ့ဂိုဏ်းထဲမှာပဲ အဆင့်မြင့်မြင့် ကောင်းကောင်းမွန်မွန် မွေးမြူစောင့်ရှောက်ပေးမယ့်အပြင်၊ သူ့ဘဝအတွက် ဘာတစ်ခုမှ လိုလေသေးမရှိအောင် အစွမ်းကုန် ဖြည့်ဆည်းပေးမယ်။ မင်းကတော့... အသေဆိုးနဲ့ သေရလိမ့်မယ်။"
"ကျွန်တော်... နားလည်ပါပြီ ဂိုဏ်းချုပ်ကြီး။ ပြီးတော့ ဂိုဏ်းချုပ်ကြီး ရှောင်ကျန်းရဲ့ ကရုဏာတရားအပေါ်မှာလည်း... ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်ခင်ဗျာ။"
မိမိနည်းတူ သားသမီးကို ရင်ခွင်ပိုက်ထားရသော ဖခင်အချင်းချင်း ဖြစ်သည့်အလျောက်... သမားတော်ကြီး လျူကျန့်ကော်သည် ဂိုဏ်းချုပ်ကြီး ရှောင်ကျန်း၏ ရင်တွင်းမှ သောကဗျာပါဒမှန်သမျှကို အပြည့်အဝ စာနာနားလည်ပေးနိုင်ပေသည်။ လောကီအမြင်အရ ကြည့်မည်ဆိုပါကလည်း ရှောင်ကျန်း၏ ပုခုံးထက်တွင် ထမ်းပိုးထားရသော ဝန်ထုပ်ဝန်ပိုးကြီးသည် သူ့ထက်မက အဆပေါင်းများစွာ ပိုမိုလေးလံလွန်းလှသည်။
ထိုသို့ဖြစ်ရသည်မှာလည်း ‘ရေခဲအဆိပ်မယ်’ ဟူသည်မှာ သိုင်းလောကတွင် တန်ဖိုးဖြတ်မရနိုင်လောက်အောင် ကြီးမားလှသော ကမ္ဘာဦးရတနာဆန်းတစ်ခု ဖြစ်သဖြင့်၊ မဟာအင်ပါယာအတွင်းရှိ အစွမ်းထက်မြက်ဆုံးသော မဟာသိုင်းဂိုဏ်းကြီးများပင်လျှင် ၎င်းအား လောဘဇောတက်ကာ လုယက်သိမ်းပိုက်ချင်ကြမည်မှာ အမှန်ပင်။ ၎င်းတို့အနက် ရက်စက်ကြမ်းကြုတ်ပြီး ကိုယ်ကျင့်တရားကင်းမဲ့လှသော သိုင်းဂိုဏ်းအချို့ဆိုလျှင် ဤ ‘ရေခဲအဆိပ်မယ်’ အသစ်များကို ထပ်မံပွားများရန်အတွက်... ရှောင်ကျန်း၏ သမီးငယ်လေးအား သာမန်တိရစ္ဆာန်တစ်ကောင်ပမာ ရက်ရက်စက်စက် သဘောထားကာ မွေးမြူရေးခြံကဲ့သို့ အဓမ္မ သားဖောက်ကျင့်ကြံခြင်းမျိုးကိုပင် ပြုလုပ်ရန် ဝန်လေးကြလိမ့်မည် မဟုတ်ပေ။
အင်အား တိုးပွားလာစေရန်အတွက် ယောကျာ်းတစ်ယောက်က ဤထူးဆန်းလှသော ခန္ဓာကိုယ်၏ ကောင်းကင်ဘုံပါရမီများကို မည်မျှယုတ်ညံ့စွာ အလွဲသုံးစားပြုလုပ်နိုင်သလဲဟူသည့် လျှို့ဝှက်ချက်များကို မပြောသေးခင်မှာတင်... ဤအခြေအနေသည် ကြောက်မက်ဖွယ်ကောင်းလှသော ကပ်ဘေးတစ်ခု ဖြစ်နေသည်။
"ထိုသို့ဖြစ်ရသည်မှာလည်း... ‘ရေခဲအဆိပ်မယ်’ ၏ ပထမဆုံးသော အပျိုစင်သွေး ဆိုသည်မှာ ဖြတ်လမ်း ကျင့်ကြံသူများအတွက် အတိုင်းထက်အလွန် အဖိုးတန်လှသော ရတနာ ဖြစ်သောကြောင့် ဖြစ်သည်။
"အခုမှပဲ... ဂိုဏ်းချုပ်ကြီးအနေနဲ့ ဘာဖြစ်လို့ အပြင်က တခြားမဟာဂိုဏ်းကြီးတွေဆီ အကူအညီမတောင်းခဲ့ရသလဲဆိုတဲ့ အကြောင်းရင်းကို ကျွန်တော် ကောင်းကောင်းကြီး သဘောပေါက်သွားပါပြီ ဂိုဏ်းချုပ်ကြီး။"
အကယ်၍သာ ‘ပင်မမဟာသိုင်းဂိုဏ်းကြီးလေးခု’ အနက် တစ်ခုခုမှ ထိပ်သီးသမားတော်ကြီးတစ်ဦးဦးအား ရှောင်ဂိုဏ်း၏ အနက်ရှိုင်းဆုံးသော အတွင်းဆောင်များအထိ ဝင်ရောက်ခွင့်ပြုပြီး ဂိုဏ်းချုပ်ကြီး ရှောင်ကျန်းကို ကုသစေခဲ့မည်ဆိုပါက၊ ထိုသူသည် ဤခန်းဆောင်အတွင်း ကွယ်ဝှက်ထားသည့် သမီးငယ်လေးထံမှ ထွက်ပေါ်နေသော ‘အသူရာယင်ခန္ဓာကိုယ်’ ၏ စွမ်းအင်လှိုင်းအရှိန်အဝါကို သေချာပေါက် ကြိုတင်အာရုံခံမိသွားကြပေလိမ့်မည်။ ဂိုဏ်းချုပ်ကြီး ရှောင်ကျန်းအနေဖြင့် ဤမျှအထိ ကြီးမားလှသော သေဘေးအန္တရာယ်ဆိုးကြီးကို ဘယ်လိုနည်းနှင့်မှ အဖြစ်မခံနိုင်သည်မှာ ရှင်းလင်းလှပေသည်။
"တခြား သိုင်းလောကထဲက အကြောင်းပြချက်တချို့လည်း ပါတာပေါ့ကွာ ..."
ဂိုဏ်းချုပ်ကြီး ရှောင်ကျန်းက သူ၏ နဖူးပြင်ထက်မှ ထွက်ကျလာသည့် ချွေးစေးများကို အသာသုတ်ရင်း ဆိုရှာသည်။
"ဒါပေမဲ့... ငါ့သမီးလေးရဲ့ ဘေးကင်းလုံခြုံရေးက အဓိကအကျဆုံး အကြောင်းရင်း ဖြစ်တယ်ဆိုတာကိုတော့ ငါ လုံးဝမငြင်းပါဘူး ငါ့မျက်စိရှေ့မှောက်မှာတင်... ငါ့သမီးလေးကို သူတစ်ပါးက အဓမ္မ သားဖောက်ဖို့ ကျင့်ကြံခံရမယ့် ‘မွေးမြူရေးဝက်မတစ်ကောင်’ လို ဘဝထဲ ကျရောက်သွားမှာကိုတော့ ငါ သေရင်သေပါစေ ဘယ်တော့မှ ခွင့်မပြုနိုင်ဘူးကွ!"
ထိုသို့ ဒေါသတကြီး ကြွေးကြော်လိုက်သည့် ထိုအခိုက်အတန့်တွင်... ၎င်းထံမှ တားဆီး၍မရလောက်အောင် လျှံထွက်လာခဲ့သည့် ချီစွမ်းအင်လှိုင်း များ၏ ပြင်းထန်လှသော ဖိအားအဟုန်ကြောင့်၊ လျှို့ဝှက်အခန်းငယ်၏ ခိုင်ခံ့လှသော နံရံကြီးများပင် ဝုန်းခနဲ အက်ကွဲကြောင်းများ ထင်ထင်ရှားရှား ဖြစ်ပေါ်သွားခဲ့ရချေတော့သည်။
"မင်း... မင်း သူ့ကို ကူညီကယ်တင်ပေးနိုင်မလားကွယ်..." ဂိုဏ်းချုပ်ကြီး ရှောင်ကျန်းက လျူကျန့်ကော်အား စိုက်ကြည့်လိုက်မိရင်း၊ ၎င်း၏ လေသံထဲတွင် မျှော်လင့်ချက် အလင်းရောင်ကလေးများနှင့်အတူ အသည်းအသန် တောင်းပန်တိုးလျှိုး လာသည်။
"တကယ်တော့... ငါ့သမီးလေးရဲ့ ခန္ဓာကိုယ်ထဲမှာ ဘယ်လိုမျိုး ချို့ယွင်းချက်တွေ ဖြစ်နေလို့လဲ.. တကယ်လို့ သူက ‘ရေခဲအဆိပ်မယ်’ အစစ်အမှန် ဖြစ်နေရင်... ဘာဖြစ်လို့ အခုလိုမျိုး အသက်အန္တရာယ်ရှိတဲ့အထိ အလွန်အမင်း အားနည်းနေရတာလဲ.. ငါ သိထားသလောက်တော့ ဒီလိုခန္ဓာကိုယ်မျိုးကို ပိုင်ဆိုင်ထားတဲ့သူဆိုတာ မွေးရာပါကတည်းက ကောင်းကင်လို ကြီးမားတဲ့ စွမ်းအားတွေကို ရရှိထားရမှာ မဟုတ်ဘူးလားကွာ"
"သာမန် သိုင်းလောက အခြေအနေမျိုးမှာဆိုရင်တော့... ဂိုဏ်းချုပ်ကြီး တွက်ထားတဲ့အတိုင်း သေချာပေါက် ကြီးမားတဲ့ စွမ်းအားတွေ ရှိရမှာ အမှန်ပါပဲဗျာ။"
"သမားတော်ကြီး လျူကျန့်ကော်က ပြန်လည်လျှောက်တင်လိုက်ရင်း ထိုမိန်းကလေးငယ်လေးရှိရာ ဝါးပုခက်အနားသို့ ဖြည်းညှင်းစွာ တိုးကပ်သွားသည်။ သူမ၏ အသားအရေမှာ သဘာဝမကျလောက်အောင် သွေးဆုတ်ဖြူလျော်နေရုံတင်မကဘဲ... ခန္ဓာကိုယ်လေးတစ်ခုလုံးမှာလည်း ကမ္ဘာဦးနှင်းခဲတုံးကြီးတစ်ခုအလား အလွန်အမင်း အေးစက်တုန်ရီနေရှာသည်။"
အကယ်၍သာ... ဤခလေးငယ်အား ဤအခြေအနေဆိုးအတိုင်း ဆက်လက်ပစ်ထားလိုက်မည်ဆိုပါက၊ သမီးငယ်လေး၏ အသက်ဇီဝိန်သည် ဘယ်လောက်အထိ ခံနိုင်ရည်ရှိတော့မည်နည်း။ တစ်လလော... သို့မဟုတ် နှစ်လမျှသာ တည်တံ့နိုင်တော့မည်လော..."
"ဒါပေမဲ့လည်း... သူက ဒီလိုပတ်ဝန်းကျင် အနေအထားမျိုးမှာတော့ ဘယ်လိုမှ ကျန်းမာသန်စွမ်းပြီး ကြီးပြင်းလာနိုင်မှာ မဟုတ်ပါဘူးဗျာ။"
ထိုစကားကြောင့် ဂိုဏ်းချုပ်ကြီး ရှောင်ကျန်း၏ မျက်နှာတစ်ခုလုံးသည် ခံပြင်းလှသော အမျက်ဒေါသများဖြင့် ချက်ချင်းပင် နီမြန်းတောက်လောင်လာသည်။
"မင်းစကားကိုသေချာ ရှင်းရှင်းပြောစမ်းကွ " ဟု ဟိန်းဟောက်လိုက်တော့သည်။
"ဂိုဏ်းချုပ်ကြီး ရှောင်ကျန်းကိုယ်တိုင်လည်း သေချာပေါက် ကြိုသိပြီးသား ဖြစ်မှာပါ၊ ကျွန်တော်တို့လူသားတွေရဲ့ ခန္ဓာကိုယ်ထဲမှာ ကျင့်ကြံခြင်း စွမ်းအင်ကြောတွေ ရှိနေသလိုမျိုးပဲ... ကမ္ဘာမြေကြီးရဲ့ အောက်ခြေမှာလည်း ‘နဂါးစွမ်းအင်ကြော’တွေဟာ မပြတ်မစဲ စီးဆင်းနေကြတာဗျ"
သမားတော်ကြီး လျူကျန့်ကော်က ဤအချက်သည် သိုင်းလောကရှိ လူတိုင်း သိရှိထားကြသော အခြေခံတရားတစ်ခု ဖြစ်သော်လည်း၊ ကိစ္စရပ်များကို အနုစိတ် နားလည်စေရန်အတွက် အစဦးဆုံးကတည်းကပင် စနစ်တကျ စတင်လျှောက်တင်လိုက်သည်။
"အဲဒီတော့... တချို့နယ်မြေတွေမှာ အဲဒီနဂါးစွမ်းအင်ကြောတွေရဲ့ စီးဆင်းမှုစွမ်းအားက တခြားနေရာတွေထက် ပိုပြီးပြင်းထန် အစွမ်းထက်လှတယ်။ ဒါ့အပြင် နဂါးစွမ်းအင်ကြော နှစ်ခု ဒါမှမဟုတ် နှစ်ခုထက်မက ဆုံတဲ့ ‘ဗဟိုချက်မနယ်မြေ’ တွေလည်း ရှိသေးတယ်ဗျ။ ဒီလိုဆုံစည်းမှုက... ကမ္ဘာဦး ချီစွမ်းအင် တွေ အရမ်းများတဲ့ နတ်နန်းမြေထူးတွေကို ဖြစ်လာစေတာပေါ့ …အဲဒီလိုနေရာမျိုးမှာ ကျင့်ကြံတာက သာမန်ထက် အဆပေါင်းများစွာ ပိုပြီးလွယ်ကူ လျင်မြန်လို့၊ သိုင်းလောကက ဂိုဏ်းအသီးသီးကြား ကျင့်ကြံခြင်းအဆင့်အတန်း ကွာခြားချက်တွေ ဖြစ်လာတာပေါ့ဗျာ ..”
ဤ ‘အရှေ့ဘက် ဆိပ်ကမ်းမြို့တော်’ နှင့် ၎င်း၏ ဘေးပတ်ဝန်းကျင် ကမ္ဘာမြေအောက်၌ စီးဆင်းနေသော နဂါးစွမ်းအင်ကြောများမှာ အလွန်ပင် ကျန်းမာကြံ့ခိုင်ကြပေသည်။ ထို့ကြောင့်ပင် ဤမြို့တော်၏ သိုင်းသမားများ၏ ကျင့်ကြံခြင်းအဆင့်အတန်းသည်... မဟာအင်ပါယာအတွင်းရှိ အခြားသော သာမန်မြို့ငယ်လေးများထက်မက သိသိသာသာ ပိုမိုမြင့်မားနေခြင်း ဖြစ်၏။
လျူကျန့်ကော်က လေးနက်တည်ကြည်သော မျက်နှာပေးဖြင့် လေသံကို လျှော့ကာ ဆက်ပြောရှာသည်။
"အဲဒီလို ပျက်စီးသွားတဲ့ အခြေခံအုတ်မြစ်ကို ပြန်ပြုပြင်ဖို့ဆိုတာ... ကမ္ဘာဦးချီစွမ်းအင်တွေ အမြောက်အမြားရှိရုံနဲ့တင် မရဘူးဗျ။ ပြင်းထန်တဲ့ ယန်ဓာတ်တွေ သိပ်သည်းဆများပြားတဲ့ နတ်မျက်စိလို နေရာမျိုး မဖြစ်မနေ လိုအပ်တာ။ အခု ဒီအရှေ့ဘက်ဆိပ်ကမ်းမြို့ရဲ့ လေထုထဲမှာရှိတဲ့ သဘာဝစွမ်းအင်ကတော့... ဂိုဏ်းချုပ်ရဲ့ သမီးလေးအတွက် လိုအပ်တဲ့ ယန်စွမ်းအင်ကို ဖြည့်ဆည်းပေးဖို့ ဝေးစွ၊ တကယ့်ကို မပြောပလောက်အောင် နည်းလွန်းလှပါတယ်..."
ဂိုဏ်းချုပ်ကြီး ရှောင်ကျန်းသည် ရင်ဘတ်တစ်ခုလုံး နင့်ခနဲ ခံစားလိုက်ရကာ ရင်နာလွန်းသဖြင့် မျက်လုံးအစုံကို တင်းကျပ်စွာ မှိတ်ချလိုက်မိသည်။ ဆို့နင့်နေသော အသံကို မနည်းထိန်းရင်း သူ ညည်းတွားလိုက်သည်။
"ဒါဆို... ငါ့သမီးလေး အသက်ရှင်ဖို့အတွက်၊ ဒီမြို့ထက် ချီစွမ်းအင် အဆပေါင်းများစွာ ပိုမိုသိပ်သည်းတဲ့ တခြားနေရာတစ်ခုခုဆီ... ငါ သမီးလေးကို မဖြစ်မနေ ပို့ပေးရတော့မယ်ပေါ့... ဟုတ်လား..."
ထိုသို့သော နေရာမျိုးကား... သူတို့ထက် အဆပေါင်းများစွာ ပိုမိုအင်အားကြီးမားပြီး ကောင်းကင်ကို လက်ဝါးဖြင့် အုပ်နိုင်သည့် 'မဟာအင်ပါယာ သိုင်းဂိုဏ်းကြီး' များ အပိုင်စီးထားသော တားမြစ်နယ်မြေများသာ ဖြစ်ပေလိမ့်မည်။ ထိုနေရာသို့ သမီးဖြစ်သူကို ပို့ရမည်ဟူသော အသိက သူ့နှလုံးသားကို ဓားဖြင့် မွှန်းနေသကဲ့သို့ ခံရခက်စေသည်။
"မဟုတ်သေးဘူး...! သေချာပေါက် တခြားနည်းလမ်းတစ်ခုခု ရှိဦးမှာပါ... ဟုတ်တယ်မလား!"
ရှောင်ကျန်းသည် ရုတ်တရက် အသိစိတ်လွတ်သွားသကဲ့သို့ လျူကျန့်ကော်၏ ပုခုံးနှစ်ဖက်ကို အားကိုးတကြီးဖြင့် တင်းကျပ်စွာ လှမ်းဆုပ်ကိုင်လိုက်မိသည်။ သူ၏ ကောင်းကင်ပြာရောင် မျက်ဝန်းအစုံ၌မူ... အသည်းအသန် တောင်းပန်တိုးလျှိုးနေသည့် မျှော်လင့်ချက် မျက်ရည်စများ ဝဲတက်လျက် လျှံကျလုနီးပါး ဖြစ်နေရှာတော့သည်။
ဤမျှ အထွတ်အထိပ် သိုင်းအာဏာကို ဆုပ်ကိုင်ထားနိုင်သော ပုဂ္ဂိုလ်ကြီးသည်... သွေးမျက်ရည်ကျလုမတတ် ပြင်းထန်လှသည့် ရင်နင့်စရာ ဝန်ထုပ်ဝန်ပိုးကြီးကို မိမိတစ်ဦးတည်း၏ ပုခုံးထက်တွင် ဘယ်မျှလောက်တောင် ရှည်လျားလှသော အချိန်ကာလပတ်လုံး အထီးကျန်စွာ ထမ်းပိုးလာခဲ့ရရှာသနည်း။ မြင်ရသူအဖို့ နှလုံးသားကို ဓားဖြင့် အမွှန်းခံရသကဲ့သို့ စိတ်မကောင်းခြင်းကြီးစွာ ဖြစ်ရုံမှတစ်ပါး အခြားမရှိချေ။
"သမားတော်ကြီး... မင်းက ငါ့ အသက်ဘေးကိုတောင် သေမင်းလက်ကနေ လုယူပြီး ကယ်တင်ပေးနိုင်ခဲ့တာပဲ မဟုတ်လား။ ငါ့ကို အခြားဆေးပညာလမ်းစ ရှိနေပါသေးတယ်လို့ အခုချက်ချင်း ပြောပြစမ်းပါ။ ကျေးဇူးပြုပြီး... ငါ့ရဲ့ သမီးငယ်လေးကို ကယ်တင်ပေးပါဦး..."
ရှောင်ကျန်းသည် စိတ်အခြေအနေ လုံးဝပျက်ပြားနေပြီဖြစ်ရာ အသံများ တုန်ရီလျက် အသည်းအသန် တောင်းပန်တိုးလျှိုးနေရှာသည်။
"မင်းသာ သမီးလေးကို ကယ်တင်ပေးနိုင်မယ်ဆိုရင်... မင်း အလိုရှိရာ စည်းစိမ်ဓန၊ ရတနာမှန်သမျှကို ငါ အကုန်အစင် ပုံပေးဖို့ အသင့်ပဲ။ ငါ့ရဲ့ အသက်ဇီဝိန် မချုပ်ငြိမ်းမချင်း... မင်းတို့ သားအဖနှစ်ဦးရဲ့ ဘေးကင်းလုံခြုံရေးကို ငါကိုယ်တိုင် အသက်နဲ့လဲပြီး ကာကွယ်ပေးမယ်။ မင်းတို့ကို ဘယ်တော့မှ ဘေးဒုက္ခ မကြုံတွေ့စေရဘူး။ ငါ့သမီးလေးကို ကယ်တင်ပေးပါ။ မင်းကိုယ်တိုင်လည်း ရင်ခွင်ပိုက် သားငယ်လေး ရှိနေတဲ့ အဖေတစ်ဦးပဲဥစ္စာ... ငါ့ရင်ထဲက ခံစားချက်ကို ကိုယ်ချင်းစာပြီး သမီးလေးကို ကယ်တင်ပေးပါဦး..."
သူသည် သမားတော်၏ လက်ကို အားကိုးတကြီး ဆုပ်ကိုင်ထားရင်းမှ မျှော်လင့်ချက် နောက်ဆုံးအလင်းတန်းအဖြစ် ကြီးမားလှသော ကတိကဝတ်ကိုပါ ထုတ်ပြောလိုက်တော့သည်။
"တကယ်လို့ ... တကယ်လို့သာ မင်းက သမီးလေးကို ယခုစောင့်ကြိုနေတဲ့ ရက်စက်လှတဲ့ ကံကြမ္မာဆိုးကြီးထဲကနေ ကယ်တင်ပေးနိုင်ခဲ့မယ်ဆိုရင်... ငါ အသက်တမျှ ချစ်ရတဲ့ သမီးငယ်လေးကို မင်းရဲ့ သားငယ်နဲ့ စေ့စပ်ကြောင်းလမ်းပေးပြီး လက်ထပ်ပေး ဖို့အထိ ငါ အသင့်ရှိပါတယ်..."
စင်စစ်မူ... ဤရောဂါဆန်းအား အမြစ်ပြတ်ချေမှုန်းနိုင်မည့် ‘တစ်ခုတည်းသော ဖြေဆေး သည် အသင့်ရှိနေခဲ့ပြီးသား ဖြစ်သည်။
ဂိုဏ်းချုပ်ကြီး ရှောင်ကျန်း၏ သမီးငယ် ခန္ဓာကိုယ်အတွင်း ပျက်စီးယိမ်းယိုင်နေသော စွမ်းအင်အချိုးအစားကို ပြန်လည်ကုစား မျှတစေရန်... အနီးနားပတ်ဝန်းကျင်၌ အလွန်ပြင်းထန်ပြီး အမြုတေဆန်လှသည့် ‘အသူရာယန် ချီစွမ်းအင်’ အရင်းအမြစ်တစ်ခု မဖြစ်မနေ ရှိနေဖို့သာ လိုအပ်ပေသည်။
ဤမြို့တော်အတွင်ထိုစွမ်းအား အား ရရှိနိူင်သည့် တခုတည်းသော နေရာကို သူသိထားသည် ။ ထိုနေရာမှာ လျူကျန့်ကော်၏ ဆေးခန်းအခန်းငယ်လေးထဲတွင် လျှို့ဝှက်စွာ စိုက်ပျိုးထားရှိသည့် ‘အဆုံးမဲ့စွမ်းအင်သစ်ပင်’ ပင် ဖြစ်တော့သည်။
ထိုသစ်ပင်မှ အဖိုးတန်ရတနာသစ်သီးများ သီးပွင့်လာမည့်အချိန်ကျလျှင်... ၎င်း၏ အစွမ်းာမှန်သမျှကို သူ့သားငယ် လျူကျင်းအား တိုက်ကျွေးကာ သိုင်းလောက၏ အနှိုင်းမဲ့ပါရမီရှင်တစ်ဦး ဖြစ်လာစေရန် သူ အစအဆုံး ကြိုတင်စီမံချက်ချထားခဲ့ခြင်း မဟုတ်ပါလော။
အကယ်၍သာ ထိုကောင်းကင်ဘုံရတနာ သစ်ပင်ကြီး မရှိတော့ပါက ... မိမိ၏ သားငယ်လေးသည် သိုင်းလောကအလယ်တွင် မည်သို့သော ပါရမီဆန်းမျှမရှိဘဲ သာမန်လူသားတစ်ဦးအဖြစ်သာ ကြီးပြင်းလာရပေလိမ့်မည်။ ထိုသို့ဆိုလျှင် သူသည် မိမိထက် အဆပေါင်းများစွာ ပိုမိုအင်အားကြီးမားလှသော ကျင့်ကြံသူ တန်ခိုးရှင်များ၏ ရက်စက်လှသော ကရုဏာအောက်တွင်သာ ဘဝကို ရုန်းကန်ရပေတော့မည်။
လက်ရှိ သူ ကြုံတွေ့နေရသည့် အနှိမ်ခံဘဝ အတိုင်း ပင် ဖြတ်သန်းရပေလိမ့်မည်...။
သို့သော်... အကယ်၍ သမားတော်ကြီး လျူကျန့်ကော်သည် လက်ရှိတွင် ဆုံးဖြတ်ချက်တခုကို ချရန် တွေဝေနေမိသည် ။ အကြောင်းမူ ဤအပြစ်မဲ့လှသော ခလေးငယ်လေး၏ အသက်ဇီဝိန်သည်...သူ့အပေါ်တွင်မူတည်နေခြင်းကြောင့်ဖြစ်သည် ။
"သူ့ကို ဒီမြို့ထဲမှာတင် ကုလို့ရတဲ့ နည်းလမ်းတစ်ခုတော့ ရှိပါတယ်..."
“ဟင် …တကယ်လား သမားတော်ကြီး..”