← Chapters

အခန်း ၃၃

Vol. 4 Ch. 33

အခန်း ၃၃

Vol. 4 Ch. 33

အခန်း ၃၃။ ရေခဲအဆိပ်မယ် နှင့် ရေစက်

လျူကျင်းသည် သူ့အဖေ၏အတိတ်ဖြစ်ရပ်များကို နားထောင်အပြီးတွင် သက်ပြင်းတချက်ဖွဖွချလိုက်သည်။

“ရေခဲအဆိပ် မယ် …..ဟုတ်လား အဖေ'

ထိုထူးဆန်းလှသော အသုံးအနှုန်းကား လျူကျင်းတစ်ယောက် ဆရာကြီးကျန်း၏ ရှေးဟောင်းကျမ်းစာများထဲတွင်သာ ဖတ်ရှုဖူးခဲ့သည့် အရာဖြစ်ပေသည်။ ထိုကဲ့သို့ အံ့ဖွယ်ဆန်းပြားလှသော ကမ္ဘာဦးခန္ဓာကိုယ်မျိုး လက်တွေ့လောက၌ အမှန်တကယ် တည်ရှိနိုင်လိမ့်မည်ဟု သူ တစ်ကြိမ်တစ်ခါမျှ မတွေးတောခဲ့ဖူးချေ။ ပုံပြင်ဒဏ္ဍာရီများထဲ၌သာ တည်ရှိနိုင်မည့် စိတ်ကူးယဉ်သက်သက်ဟုသာ မှတ်ထင်ခဲ့မိခြင်း ဖြစ်သည်။

သို့သော်... ယခုကဲ့သို့ ကောင်းကင်ဘုံ၏ မျက်နှာသာပေးမှုကို ရရှိထားသည့် ပါရမီရှင်မျိုးက ဤအရှေ့ဘက်ဆိပ်ကမ်းမြို့ငယ်လေးအတွင်း၌ သက်ရှိထင်ရှား ရှိနေလိမ့်မည်ဟု မည်သူက ကြိုတင်သိရှိနိုင်ပါအံ့နည်း။

"ဂိုဏ်းချုပ်ကြီး ရှောင်ကျန်းမှာ သမီးတစ်ယောက် ရှိနေတယ်ဆိုတာ ကျွန်တော် တကယ် မသိခဲ့ဘူး"

"မင်း မသိတာ မဆန်းပါဘူးကွာ" ဟု သူ့ဖခင်က ပြန်ဖြေသည်။

"ရှောင်ကျန်းက သူ့သမီးကို လူတွေရဲ့အမြင်နဲ့ ဝေးရာမှာပဲ သေသေချာချာ ဖုံးကွယ်ထားခဲ့တာ။ ရှောင်ဂိုဏ်းထဲက လူအတော်များများတောင် သူမရှိမှန်း မသိကြဘူး။ တချို့ဆိုရင် ဟိုးအရင်ကတည်းက သေဆုံးသွားပြီလို့တောင် ထင်နေကြတာ။ ဒါကတော့ ငါ အထူးတလည် ပြောနေဖို့ မလိုတော့ပါဘူး... အဖေအခုပြောပြတဲ့အရာအားလုံးကို မင်း လျှို့ဝှက်ချက်အနေနဲ့ပဲ ထိန်းသိမ်းထားရမယ်ဆိုတာ မင်း သိပါတယ်နော်"

လျူကျင်းက ခေါင်းကို အသည်းအသန် ငြိမ့်ပြလိုက်ရင်း—

"စိတ်ချပါ အဖေ၊ ကျွန်တော် ဘယ်သူ့ကိုမှ ပေးမသိစေရပါဘူး"

"ကောင်းပြီ... ဒါဆိုရင် တော်သေးတာပေါ့..."

လျူကျန့်ကော်သည် ရင်ထဲမှ ဝန်ထုပ်ဝန်ပိုးကြီးတစ်ခု ကျသွားသကဲ့သို့ သက်ပြင်းရှည်ကြီးတစ်ချက်ကို မှုတ်ထုတ်လိုက်သည်။ ထို့နောက် သားဖြစ်သူ၏ မျက်နှာကို စိုက်ကြည့်ရင်း လေးနက်တုန်ရီသော လေသံဖြင့် မေးခွန်းတစ်ခုကို ဆိုလာခဲ့သည်။

"သား... မင်း ငါ့ကို မမုန်းဘူးလားကွ..."

"ဗျာ..."

လျူကျင်းတစ်ယောက် အဖေဖြစ်သူ၏ ရုတ်တရက်ဆန်လှသော မေးခွန်းကြောင့် အံ့အားသင့်သွားကာ မျက်တောင်တဖျတ်ဖျတ် ခတ်လျက် စိတ်အစဉ်တို့ ဝေခွဲမရ ဖြစ်သွားရသည်။ အခြေအနေအရပ်ရပ်ကို မည်မျှပင် စဉ်းစားကြည့်စေကာမူ ဖခင်ဖြစ်သူက မိမိအား ဤကဲ့သို့သော မေးခွန်းမျိုး မေးမြန်းရမည့် အကြောင်းရင်းကို သူ လုံးဝ ရှာမတွေ့နိုင်ခဲ့ချေ။

"တကယ်တော့... အဲဒီ 'အဆုံးမဲ့စွမ်းအင်သစ်သီး' က ငါ မင်းအတွက်ပဲ ရည်ရွယ်ပြီး စိုက်ခဲ့တာ။ တကယ်လို့ မင်းသာ ငယ်ငယ်လေးကတည်းက အဲဒီသစ်သီးရဲ့ စွမ်းအားတွေနဲ့ ကျင့်ကြံခွင့်ရခဲ့ရင် အခုအချိန်မှာ မင်း ဘယ်လောက်တောင် အစွမ်းထက်နေမလဲ။ ငါ သေချာပေါက် ကျိန်ဆိုရဲတယ်... မင်းသာ အဲဒီလို ဖြစ်ခဲ့ရင် ဒီအရှေ့ဘက်ဆိပ်ကမ်းမြို့ရဲ့ လူငယ်တွေထဲမှာ ဘယ်သူမှ ယှဉ်လို့မရတဲ့ အတော်ဆုံး ပါရမီရှင် ဖြစ်နေလောက်ပြီ။ အဲဒီလို အရှိန်အဝါနဲ့ စွမ်းအားတွေသာ ရှိခဲ့ရင် မင်းလည်း လောကရဲ့ ဒုက္ခတွေဒဏ်ကနေ ကာကွယ်ပြီးသား ဖြစ်မှာပါ။ ဒါပေမဲ့ ငါကတော့... မင်း အေးအေးဆေးဆေး စိတ်ချမ်းသာလက်ချမ်းသာ နေရမယ့် အခွင့်အရေးကြီးကို တခြားသူလက်ထဲ အလွယ်တကူပဲ ပေးလိုက်မိတယ်။ အဲဒါကြောင့်... မင်း ငါ့ကို စိတ်နာနေလားဟင်..."

"အဖေ... ကျွန်တော်က ဘာဖြစ်လို့ အဖေ့ကို နာကျည်းရမှာလဲဗျာ..."

လျူကျင်းက ခေါင်းကို လေးပင်စွာခါယမ်းလိုက်ရင်း ပြန်ပြောလိုက်သည် ။

"ဒါပေမယ် ကျွန်တော်... ပိုပြီး အစွမ်းထက်တဲ့ ခွန်အားတွေကို လိုချင်ခဲ့မိတဲ့ အချိန်တွေ ရှိခဲ့ဖူးတယ်ဆိုတာကိုတော့ ကျွန်တော် မငြင်းပါဘူး။" .."

ဤအရှေ့ဘက်ဆိပ်ကမ်းမြို့အတွင်း၌ ကျင်လည်ခဲ့ရစဉ်အတွင်း ဖခင်ဖြစ်သူအား လှောင်ပြောင် သရော်ကြသူတို့၏ ပါးစပ်များကို ပိတ်ပစ်နိုင်ရန်အတွက် သူ့ကိုယ်သူ ယခုထက်မက ပိုမိုအစွမ်းထက်ချင်မိသည့် အချိန်အခိုက်အတန့်ပေါင်းများစွာ သူ့တွင်ရှိခဲ့ဖူးသည်။ ထို့ပြင် လဆန်းမြို့ ငယ် ၌ ကြုံတွေ့ခဲ့ရစဉ်ကလည်း သူ့ သိုင်းပညာ နိမ့်ကျမှုအကျိုးဆက်အား သူ ကောင်းကောင်းကြီး ခံစားခဲ့ရဖူးသည်။ အကယ်၍သာ မိမိသည် အနည်းဆုံး ရှောင်ဖန်းလောက်ပင် အစွမ်းထက်ခဲ့မည်ဆိုပါက ထိုအရေးကိစ္စများကို ယခုထက် ပိုမိုကောင်းမွန်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့လိမ့်မည်။ ထိုကဲ့သို့သော အတွေးမျိုး မိမိရင်ထဲ၌ ဝင်ရောက်ခဲ့ဖူးသည်ကို သူ မငြင်းလိုချေ။

"ဒါပေမဲ့... ကျွန်တော် အလေးစားဆုံး အဖေ့ကို ဟိုးအတိတ်က ကိစ္စတွေအတွက်နဲ့ ဘာလို့ မုန်းရမှာလဲဗျာ..”

လျူကျင်း၏ လေသံမှာ စိတ်လှုပ်ရှားမှုကြောင့် တုန်ရီလေးနက်လာခဲ့သည်။

"ကျွန်တော့်အတွက်တော့ လူတွေရဲ့ အသက်ကို ကယ်တင်ပေးနေတဲ့ အဖေဟာ လောကမှာ အကြီးမြတ်ဆုံး ပုဂ္ဂိုလ်ပါပဲ။ တကယ်လို့ ကျွန်တော်ရမယ့် ခွန်အားတွေက အဖေ့ရဲ့ မြင့်မြတ်တဲ့ စိတ်ထားတွေကို စွန့်လွှတ်၊ လဲလှယ်ပြီးမှ ရလာမှာမျိုးဆိုရင်တော့… ကျွန်တော် အဲဒီလို ခွန်အားမျိုးကို မလိုချင်ဘူး အဖေ!"

"ဒါဆိုလည်း... ကောင်းဘီကွာ..."

အတန်ကြာမှ လျူကျန့်ကော်က တုံ့ပြန်စကား ဆိုလာခဲ့သည်။ သူသည် မိမိ၏ လေသံကို ပုံမှန်အတိုင်း တည်ငြိမ်အောင် မနည်းထိန်းထားသော်လည်း တုန်ရီနေသော စကားသံနောက်ကွယ်၌ ခံစားချက်တစ်ခုခု ကိန်းအောင်းနေသည်မှာ သိသာလှပေသည်။ ထို့နောက် ဖခင်ဖြစ်သူ၏ မျက်နှာထက်တွင် ကြည်နူးရိပ်သန်းသော အပြုံးတစ်ခု ပေါ်လွင်လာခဲ့တော့သည်။

"ဖခင်တစ်ယောက် ဖြစ်ရတာ ကောင်းတော့ကောင်းသားပဲဟေ့ သားနဲ့ မတွေ့ရတာ တစ်လပဲ ရှိသေးပေမဲ့... ငါ့သားလေးဟာ အများကြီး ရင့်ကျက် သွားပြီလို့ ခံစားရတယ်ကွာ..."

လျူကျင်း၏မျက်နှာထက်တွင် ရှက်သွေးဖြန်းသွားကာ ခေါင်းကိုငုံ့လျက် သူ့ပေါင်ပေါ်သို့သာ ကြည့်နေမိတော့သည်။ ထုံးစံအတိုင်းပင်… လူအများစုသည် သူတို့လေးစားရသူများထံမှ ချီးမွမ်းစကားများကို ကြုံတွေ့ရလျှင် မည်သို့တုံ့ပြန်ရမည်ကို မသိဘဲ စိတ်လှုပ်ရှားတတ်သည့် စရိုက်ရှိပေသည်။

"အဖေ... ကျွန်တော့် နားမလည်နိုင်တဲ့ အချက်တစ်ချက်တော့ ကျန်သေးတယ်ဗျာ"

လျူကျင်းသည် စကားဝိုင်းကို အဓိကစကားခေါင်းစဥ်သို့ ပြန်လည်ဆွဲခေါ်ရန် ကြိုးပမ်းရင်း ဆိုလိုက်သည်။

"ကျွန်တော့်ရဲ့ စေ့စပ်ကြောင်းလမ်း အကြောင်း သိချင်လို့ မေးထားတာ မဖြေသေးဘူးနော်၊ အဖေက ဒီအကြောင်းတွေကို စပြောပြတာ မဟုတ်လား။ ဒါပေမဲ့ အခုထိ ကျွန်တော့် သတို့သမီးလောင်းက ဘယ်သူလဲဆိုတာ ကျွန်တော် မသိရသေးဘူးလေ..."

"အော်... ဟုတ်သားပဲ"

ဖခင်ဖြစ်သူက လက်ဖက်ရည်ကို အေးအေးလူလူ တစ်ငုံသောက်ရင်း ပြန်ပြောလိုက်သည်။

"ငါ့သားက ဘယ်တုန်းကမှ မညံ့ခဲ့ပါဘူးကွာ။ မင်းရဲ့ သတို့သမီးလောင်းက ဘယ်သူလဲဆိုတာ ရိပ်မိဖို့ကတော့ တကယ်ကို လွယ်လွယ်လေးပါ..."

'လွယ်တယ်... ဟုတ်လား...'

လျူကျင်းသည် မျက်မှောင်ကြုတ်လျက် အပြင်းအထန် စဉ်းစားခန်း ဝင်သွားရတော့သည်။ ဖခင်ဖြစ်သူ ပြောပြခဲ့သည့် ဇာတ်ကြောင်းတစ်ခုလုံးကို အကြိမ်ကြိမ်အခါခါ မည်မျှပင် ပြန်လည်သုံးသပ်ကြည့်စေကာမူ မိမိ၏ စေ့စပ်ကြောင်းလမ်းမှုနှင့် ပတ်သက်သည့် အရေးကိစ္စမှာ တစ်ကြိမ်တစ်ခါမျှ ပါဝင်ခဲ့ခြင်း မရှိချေ။ စင်စစ်မူ... ဖခင်ဖြစ်သူ ပြောပြခဲ့သည့် ထိုဇာတ်ကြောင်းထဲ၌ ပါဝင်ခဲ့သော တစ်ဦးတည်းသော မိန်းကလေးမှာ...

“ဒုန်း…”

လျူကျင်းသည် လက်ထဲမှ လက်ဖက်ရည်ခွက်ကို စားပွဲပေါ်သို့ ဒုန်းခနဲမြည်အောင် ဆတ်ခနဲ အရှိန်ပြင်းစွာ ချလိုက်မိသည်။ သူ၏ မျက်ဝန်းအစုံမှာ ပြူးကျယ်သွားရုံမျှမက အံ့ဩလွန်းသဖြင့် ပါးစပ်ကြီး အဟောင်းသား ဖြစ်သွားရသည့် ပုံစံမှာ ကြည့်ရသည်ပင် အတော်ဆိုးလှပေသည်။

"မဖြစ်နိုင်တာ..."

လျူကျန့်ကော်ကတော့ တည်ငြိမ်မြဲ တည်ငြိမ်လျက်ပင် လက်ဖက်ရည်ကို နောက်တစ်ငုံ အေးအေးလူလူ ထပ်မံသောက်လိုက်ရင်း—

"အေး ဒါပေမဲ့ အမှန်ပဲကွ"

"ဟမ်... အဲဒါက..."

"အဖေ သိတာပေါ့ သားရာ "

"အဖေ… ..အဲ့မိန်းကလေးက."

"အဖေ နားလည်ပါတယ်"

"ပြီးတော့ ကျွန်တော်တို့ သားအဖက သာမန်..."

"ရှောင်ကျန်းက အရမ်း ခေါင်းမာတဲ့ လူစားမျိုးကွ"

လျူကျန့်ကော်က သားဖြစ်သူကို ကြည့်ကာ ဆိုလိုက်သည်။ သူ၏ မျက်ဝန်းအစုံကို ကြည့်လိုက်ပါက သနားကရုဏာစိတ်နှင့်အတူ ရယ်ချင် သည့်စိတ်ကို မနည်းထိန်းထားရမှန်းသိသာနေသည်။

လျူကျင်းသည် သူ့အဖေကို စိုက်ကြည့်နေမိရင်း မျက်နှာမထားတတ်ဖြစ်နေသည် ။ သူသည် လက်ဖက်ရည်တစ်ခွက်ကို ခပ်သွက်သွက် ငှဲ့လိုက်ပြီးနောက် တစ်ငုံတည်းဖြင့် အကုန်မော့ချပစ်လိုက်တော့သည်။ မီးဖိုငယ်လေးကြောင့် လက်ဖက်ရည်မှာ အေးစက်မသွားဘဲ ရှိနေသဖြင့် နွေးထွေးသည့် အရသာက လျူကျင်း၏ ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားရပေသည်။ သို့သော်လည်း ထိုနွေးထွေးမှုက သူ့ရင်ထဲက တုန်လှုပ်ခြောက်ခြားမှုများကိုမူ အနည်းငယ်မျှပင် သက်သာရာမရစေခဲ့ချေ။ လျူကျင်းသည် လက်ထဲမှ ခွက်အလွတ်ကလေးကို စိုက်ကြည့်နေမိသည်။ ကမ္ဘာလောကကြီး၏ ပဟေဠိအဖြေအားလုံး ထိုခွက်ကလေးထဲ၌ ကိန်းအောင်းနေပါစေတော့ဟု ဆုတောင်းနေမိသည့်အလား စိုက်ကြည့်နေရင်းမှ

"အဖေ..."

အတန်ကြာမှ သူသည် ခွက်ကလေးကို စိုက်ကြည့်နေမိဆဲဖြင့်ပင် စကားဆိုလာခဲ့သည်။

"ကျွန်တော် အဖေဆိုလိုချင်တာကို သေသေချာချာ နားလည်ရဲ့လားဆိုတာ ပြန်ဆန်းစစ်ချင်လို့ပါ။ အဖေ အခုပြောနေတာက... ကျွန်တော်ဟာ ရှောင်ဂိုဏ်းချုပ်ကြီးရဲ့ သမီးနဲ့ စေ့စပ်ထားတယ်လို့ ပြောတာလား..."

"ဟုတ်တယ် သား.. အဲဒါ အမှန်ပဲ။"

ရေနွေးကတ္တရာအောက်မှ မီးလျှံကလေးများသည် မြူးထူးပျော်ပါးစွာ ကခုန်နေကြသည်။ ထိုမီးလျှံငယ်လေးများကြောင့် လှုပ်ခတ်နေသော အရိပ်များသည် လောကကြီးတွင် မည်သည့်ပူပန်သောကမှ မရှိကြသည့်အလား ပင်ဖြစ်သည်။

လျူကျင်းသည် ထိုအရိပ်ကလေးများကိုပင် မနာလိုဖြစ်မိတော့သည်။

"ကျွန်တော် လုံးဝ နားမလည်နိုင်တော့ဘူးဗျာ..."

ဂိုဏ်းချုပ်ကြီး ရှောင်ကျန်းအနေဖြင့် ဖခင်အပေါ် ကျေးဇူးတင်ရှိနေမည်မှာ သဘာဝကျလှပေသည်။ ထိုမျှလောက်ကိုမူ လျူကျင်း ကောင်းကောင်းကြီး နားလည်နိုင်သည်။ ဖခင်ဖြစ်သူသည် ရှောင်ကျန်း၏ အသက်ဇီဝိန်ကို ကယ်တင်ပေးခဲ့ရုံမျှမက သမီးဖြစ်သူ၏ အသက်ကိုပါ မရမက ဆွဲယူပေးခဲ့သည် မဟုတ်ပါလော။ သို့ဖြစ်ရာ ရှောင်ဂိုဏ်းကြီး၏ ဂိုဏ်းချုပ်တစ်ဦးအနေဖြင့် ဖခင်ဖြစ်သူ၏ ဆန္ဒကို ဆန့်ကျင်၍ပင် ဤကဲ့သို့ ကြီးမားလှသော အောင်မြင်မှုအတွက် ပြန်လည်ဆုလာဘ်ချီးမြှင့်ခြင်းမှာ အလွန်တရာမှ သင့်လျော်လှပေသည်။

သို့သော်လည်း... ဂိုဏ်းချုပ်ကြီး ရှောင်ကျန်းအနေဖြင့် ဖခင်ဖြစ်သူအား ထိုက်တန်သော ဆုလာဘ်တစ်ခု ပေးအပ်ခြင်းနှင့် မိမိ၏ ရင်နှစ်သည်းချာ သမီးအရင်းခေါက်ခေါက်ကို ထိမ်းမြားလက်ထပ်ခွင့် ပေးသနားခြင်းကြားတွင်မူ ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားလှပေသည်။

ဖခင်ဖြစ်သူ၏ အတိတ်သမိုင်းက မည်သို့ပင် ရှိခဲ့စေကာမူ... လက်ရှိအချိန်တွင် သာမန်သမားတော်တစ်ဦးအဖြစ်သာ အခြေချ နေထိုင်နေသည်မှာ ငြင်းပယ်၍မရသော အရှိတရားပင် ဖြစ်သည်။ လျူကျင်း မှတ်မိရသရွေ့လည်း ဖခင်ဖြစ်သူမှာ ဤကဲ့သို့ပင် ရိုးရိုးသားသား ဖြတ်သန်းလာခဲ့ခြင်း ဖြစ်ပေသည်။ ထို့ပြင် လျူကျင်းသည် မိမိ၏ လက်ရှိအခြေအနေနှင့် အဆင့်အတန်းကိုလည်း ကိုယ့်ကိုယ်ကိုယ် ကောင်းကောင်းကြီး သိရှိနေသည်။ ရှောင်ဂိုဏ်းကြီးအတွင်း၌မူ သူသည် အပြင်စည်းတပည့် တစ်ဦးအဖြစ် သတ်မှတ်ရန် သင့်လျော်ရုံမျှသာ ရှိပြီး ထိုထက်ပို၍ မည်သည့်အရာမျှ မဟုတ်ချေ။ ဂိုဏ်း၏ စံနှုန်းများနှင့် တိုင်းတာမည်ဆိုပါက သူသည် ထူးချွန်ပြောင်မြောက်သော ပါရမီရှင်တစ်ဦးဖြစ်ကြောင်း သက်သေပြနိုင်ခြင်း မရှိခဲ့သလို... လွန်ခဲ့သည့် နှစ်နှစ်နီးပါး ကာလပတ်လုံးလည်း သူ၏ ကျင့်ကြံခြင်းအဆင့်မှာ အနည်းငယ်မျှ တိုးတက်လာခြင်း မရှိခဲ့ပေ။

အကယ်၍သာ... မိမိသည် လောက၌ အနှိုင်းမဲ့သည့် ပါရမီရှင်ထူးချွန်သူတစ်ဦး ဖြစ်နေခဲ့မည်ဆိုပါက ဂိုဏ်းချုပ်ကြီး ရှောင်ကျန်း၏ လုပ်ရပ်ကို နားလည်ပေးနိုင်ကောင်း ပါလိမ့်မည်။ သို့သော်လည်း လက်တွေ့တွင်မူ လျူကျင်းသည် သာမန်လူငယ်တစ်ဦးမျှသာ ဖြစ်နေသည်မဟုတ်ပါလော။

မိမိနှင့် ရှောင်ဂိုဏ်းချုပ်ကြီး၏ သမီးငယ်တို့အကြား ပေါင်းဖက်ခြင်းဟူသည်မှာ အလွန်တရာမှ အဆင့်အတန်းချင်း မိုးနဲ့မြေလို ကွာခြားလွန်းလှပေသည်။ ဤအရေးကိစ္စသာ လူသိရှင်ကြား ဖြစ်သွားခဲ့မည်ဆိုလျှင် လောကသားအားလုံးကလည်း ထိုကဲ့သို့ပင် တွေးတောကြမည်မှာ အသေအချာပင်။ အကယ်၍ ဂိုဏ်းချုပ်ကြီး ရှောင်ကျန်းအနေဖြင့် မိမိအား ရှောင်ဂိုဏ်းကြီးနှင့် ပိုမိုခိုင်မြဲစွာ ရစ်ပတ်နှောင်ဖွဲ့ထားချင်ရုံသက်သက် ဆိုပါကလည်း... ဂိုဏ်းအတွင်း၌ အဆင့်အတန်း ပိုမိုနိမ့်ကျသော အခြားအမျိုးသမီးငယ်များနှင့်သာ စေ့စပ်ကြောင်းလမ်းပေးသင့်သည် မဟုတ်ပါလော။

ထို့အပြင်...

မည်သို့ပင် တွေးတောကြည့်စေကာမူ... သူသည် အိမ်ထောင်ပြုရန်အတွက် အလွန်တရာမှ ငယ်ရွယ်လွန်းနေသေးသည် မဟုတ်ပါလား။

"အဖေ အစောက ပြောခဲ့သလိုပေါ့ ငါ့သားရာ... ရှောင်ကျန်းက အင်မတန် ခေါင်းမာတဲ့ လူစားမျိုးကွ"

လျူကျန့်ကော်က စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်းရှည်ကြီးတစ်ချက်ကို ချရင်း ဆိုလာခဲ့သည်။

"အဲဒီကတိကို သူကိုယ်တိုင် စပြောခဲ့တာမို့... အခုမှ ကတိဖျက်ပြီး နောက်ဆုတ်ရင် သူ့သိက္ခာကို စော်ကားသလို ဖြစ်လိမ့်မယ်လို့ သူက တွေးနေတာလေ။ တကယ်တော့ ဒါက အဓိပ္ပာယ်မရှိတဲ့ ကလေးကလား အတွေးမျိုးပဲဆိုတာ ငါ မင်းကို ရဲရဲကြီး အာမခံရဲတယ်..."

သူ့အဖေက ထိုသို့ပြောရင်း မျက်လုံးလှန်ကြည့်ကာ စိတ်ပျက်လက်ပျက် အမူအရာမျိုး ပြုလုပ်လိုက်သည်။ ဤသည်မှာ လျူကျင်းအဖို့ ခဲရာခဲဆစ် မြင်တွေ့ရခဲသော မြင်ကွင်းမျိုးပင်ဖြစ်သည်။ ဆရာကြီးကျန်းနှင့် ပတ်သက်သည့် အရေးကိစ္စများမှလွဲ၍ မိမိ၏ဖခင် ဤမျှလောက်အထိ စိတ်အနှောင့်အယှက် ဖြစ်နေသည်ကို သူ တစ်ခါမျှ မမြင်ဖူးချေ။

"အစပိုင်းမှာတော့... ရှောင်ကျန်းက နောက်ပြောင်နေတာမို့ မကြာခင်မှာပဲ ဒီကိစ္စကို မေ့ပျောက်သွားလိမ့်မယ်လို့ ငါ ထင်ခဲ့တာ။ ဒါပေမဲ့ သူက တကယ်ကြီး ပြောနေတာကိုသိလိုက်ရတဲ့ အချိန်မှာတော့ ငါ့ဘက်က မရမက ဖျောင်းဖျနားချဖို့ ကြိုးစားခဲ့ပါသေးတယ်"

ဖခင်ဖြစ်သူက တစ်ချက် ညည်းတွားလိုက်ရင်း—

"ဒါပေမဲ့ အဲဒီအချိန်ဝန်းကျင်မှာပဲ ဆရာကြီးက အရှေ့ဘက်ဆိပ်ကမ်းမြို့ကို ရုတ်တရက် ရောက်လာခဲ့တာလေ။ အဲ့အချိန်ကစပီး သူ့ကို ဖျောင်းဖျနားချဖို့ ငါ့ဘက်က ကြိုးစားသမျှ မျှော်လင့်ချက်အားလုံး သဲထဲရေသွန် ဖြစ်သွားရတော့တာပဲ..."

လျူကျင်းသည် ထိုစဉ်က အဖြစ်အပျက်ကို ပြန်လည်အမှတ်ရမိသဖြင့် မျက်တောင်တဖျတ်ဖျတ် ခတ်လိုက်မိသည်။ ဂိုဏ်းချုပ်ကြီး ရှောင်ကျန်းသည် မိမိ၏ဖခင်၊ အဘိုးအိုကျန်းတို့နှင့် အခန်းတွင်း၌ အရေးကြီးကိစ္စများ တိုင်ပင်နေစဉ်အတွင်း မိမိအား အပြင်ဘက်၌ စောင့်ဆိုင်းနေရန် ပြောခဲ့သည့် ထိုညကို သူ ပြန်လည်မြင်ယောင်လာခဲ့သည်။ ရှောင်ဂိုဏ်းချုပ်ကြီးသည် ဆေးခန်းထဲမှ ထွက်လာပြီး မိမိကို မြင်လိုက်ရသည့်အခါ၌ ပြုံးရွှင်စွာဖြင့် အားရပါးရ ရယ်မောခဲ့ပုံကိုလည်း သူ ကောင်းကောင်းကြီး မှတ်မိနေသေးသည်။

"ငါ့ရွေးချယ်မှုက သွေးထွက်အောင်မှန်မယ်ဆိုတာ ငါ ကောင်းကောင်းသိတာပေါ့…

ထိုစဉ်က ဂိုဏ်းချုပ်ကြီး ရှောင်ကျန်း ပြောခဲ့သည့် စကားဖြစ်သည်။

"ဒါဆို... ဆရာကြီးကျန်း ရောက်လာကတည်းက အဖေတို့က ဒီကိစ္စကို လူကြီးချင်း တရားဝင်ကတိထားလိုက်ပီပေါ့လေး..ဟုတ်လား..”

လျူကျန့်ကော်က ခေါင်းကို အသာအယာ ငြိမ့်ပြလိုက်သည်။

"ဒါဆို ဆရာကြီး ကျန်းလည်း အစကတည်းက သိနေခဲ့တာပေါ့..."

"သိရုံတင် ဘယ်ကမလဲကွာ... သူက ဂိုဏ်းချုပ်ကြီး ရှောင်ကျန်းကို ဒီကိစ္စမဖြစ်ဖြစ်အောင် မြှောက်ထိုးပင့်ကော် လုပ်သွားတာလေ..” "

လျူကျင်း မျက်ခုံးပင့်ကာ ရေရွတ်လိုက်သည်။

'ဒါပေါ့... ဆရာကြီး ကျန်းဆိုရင်တော့ ဒီလိုမျိုးပဲ လုပ်မှာ အသေအချာပဲ...'

ကျွန်တော် လုံးလုံးစဉ်းစားလို့ မရသေးဘူး..."

လျူကျင်းသည် စားပွဲပေါ်သို့ တံတောင်ဆစ်တစ်ဖက် ထောက်လိုက်ပြီးနောက် သူ့နဖူးသူ လက်ဖြင့် ပြန်ထောက်ထားလိုက်သည်။

"ဘာလို့ ဒီလောက်အထိ စောစောစီးစီး ဖြစ်လာရတာလဲ အဖေ။ ကျွန်တော်ကလည်း အိမ်ထောင်ပြုဖို့ အသက်မပြည့်သေးဘူးလေ။ ပြီးတော့ ရှောင်ဂိုဏ်းချုပ်ရဲ့ သမီးလေးကလည်း အသက်ပြည့်ဦးမယ်လို့ ကျွန်တော် မထင်ဘူး..."

အကယ်၍သာ... သူသည် ဆယ့်ခြောက်နှစ်အရွယ် လောက် ရောက်ရှိနေပြီဆိုပါက မည်သူကမျှ အထူးအဆန်း သဘောထားကြမည် မဟုတ်ချေ။ ထိုအသက်အရွယ်၌ ထိမ်းမြားလက်ထပ်ခြင်းမှာ ဤလောကတွင် ထုံးစံတစ်ခုလို ရိုးအီနေပြီ ဖြစ်သည်။ အနည်းဆုံး အသက် တစ်ဆယ့်လေးနှစ်ဆိုလျှင်ပင် လက်ထပ်ရန်အတွက် လက်ခံနိုင်လောက်သော အသက်အရွယ်ဟု ဆိုနိုင်သည်။ သို့သော်လည်း လက်ရှိတွင် လျူကျင်းသည် တစ်ဆယ့်ခြောက်နှစ်လည်းမဟုတ်၊ တစ်ဆယ့်လေးနှစ်လည်း မဟုတ်ချေ။ သူသည် အသက် တစ်ဆယ့်တစ်နှစ်ပင် မပြည့်သေးရာ... ရှောင်ဂိုဏ်းချုပ်၏ သမီးငယ်လေးသည်လည်း မိမိထက် အသက်ကြီးလိမ့်မည်မဟုတ်ကြောင်း သူ ရိပ်မိနေသည်။

လျူကျင်း ထိုအချက်ကို တွေးတောနေမိစဉ်မှာပင် ရုတ်တရက် အတွေးတစ်ခုက သူ့ဦးနှောက်ထဲသို့ လျှပ်ခနဲ ဝင်ရောက်လာခဲ့သည်။ သူမျက်မှောင်ကြုတ်လိုက်မိသည်။

"ဒါ့အပြင်... အခုလို အချိန်မျိုးမှာ မင်္ဂလာပွဲလုပ်တာက လူအများကြီးအာရုံစိုက်စရာဖြစ်သွားမှာပေါ့ အဖေ..."

သူ၏ လက်ချောင်းကလေးများက စားပွဲခုံပေါ်သို့ အလိုအလျောက် တဖျတ်ဖျတ် ခေါက်နေမိသည်။

"ဂိုဏ်းချုပ်ကြီး ရှောင်ကျန်းက သူ့သမီးကို လူတွေမသိအောင် နည်းလမ်းမျိုးစုံနဲ့ လျှို့ဝှက်ပြီး ဖုံးကွယ်ထားခဲ့တာ မဟုတ်လား။ အဲဒါကို ဘာဖြစ်လို့ အခုမှ ကျွန်တော်နဲ့ အလောတကြီး လက်ထပ်ပေးဖို့ ပြင်ဆင်နေရတာလဲ..." "

လျူကျင်း တွေးတောလေလေ... အခြေအနေအရပ်ရပ်က ပို၍ အဓိပ္ပာယ်မဲ့လေလေ ဖြစ်နေတော့သည်။ အကယ်၍သာ ဤမင်္ဂလာပွဲကို လွန်ခဲ့သည့် အချိန်ကာလကတည်းက ကြိုတင်သတ်မှတ်ထားခဲ့ခြင်း ဖြစ်ပါက... သူ လဆန်းမြို့ငယ်သို့ မထွက်ခွာမီကတည်းကပင် ဤမင်္ဂလာအခမ်းအနားအကြောင်းကို ကြိုတင်အသိပေးထားသင့်သည် မဟုတ်ပါလော။ စင်စစ်မူ ... မင်္ဂလာပွဲက ဤမျှအထိ မြန်မြန်ဆန်ဆန် ကျင်းပဖို့ ရှိနေခဲ့မည်ဆိုလျှင် အကိုကြီး ရှောင်နန် အနေဖြင့်လည်း သူ့ကို ထိုမြို့တော်ဆီသို့ ခေါ်ဆောင်သွားရန် ကမ်းလှမ်းလိမ့်မည် မဟုတ်ချေ။

ထို့ကြောင့် လျူကျင်းတစ်ယောက် ကောက်ချက်ချလိုက်မိသည်မှာ... ယခုကဲ့သို့ အလျင်အစောကြီး မင်္ဂလာပွဲ ကျင်းပရန် ဆုံးဖြတ်ချက်ချလိုက်ခြင်းသည် သူ လဆန်းမြို့တော်၌ ရောက်ရှိနေသည့် အချိန်အတောအတွင်းမှသာ ရုတ်တရက် ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

"မင်းမေးတာ မေးခွန်းကောင်းပဲကွ။"

ဖခင်ဖြစ်သူက သားဖြစ်သူ၏ အကဲခတ်ဉာဏ်ကို သဘောကျသဖြင့် ခေါင်းကို တညိတ်ညိတ် ငြိမ့်ပြရင်း ချီးမွမ်းစကား ဆိုလာခဲ့သည်။

"အရင်က ရှောင်ကျန်းက စေ့စပ်ပေးဖို့ ပြောခဲ့တုန်းက မင်းတို့နှစ်ယောက်စလုံး ဒီလောက်ထိ ငယ်သေးတဲ့ အချိန်မှာ လက်ထပ်ပေးဖို့ တစ်ခါမှ မရည်ရွယ်ခဲ့ဘူး။ ပြီးတော့ သူက သူ့သမီးကို လူတွေ သတိထားမိလာမယ့် အလုပ်မျိုးလည်း ဘယ်တော့မှ လုပ်မယ့်လူ မဟုတ်ဘူး..."

"ဒါဆို... ဒီကြားထဲ တခုခုဖြစ်သွားတာပေါ့ ဟုတ်လား အဖေ"

"သေချာတာပေါ့။ ဒါပေမဲ့ ဘယ်လိုအကြောင်းရင်းကြောင့် ဒီလိုပြောင်းလဲသွားလဲဆိုတာတော့ ငါကိုယ်တိုင်လည်း ရေရေရာရာ မသိဘူး….ဒီအဖြေကို သိချင်ရင်တော့ ငါတို့ ဂိုဏ်းချုပ် ရှောင်ကျန်းကိုပဲ မေးကြည့်ရလိမ့်မယ် ထင်တယ်..."

ဖခင်ဖြစ်သူက ပြောပြောဆိုဆိုဖြင့် သူ၏ ဝတ်ရုံလက်အင်္ကျီအတွင်းသို့ လက်နှိုက်ကာ စာရွက်တစ်ရွက်ကို ထုတ်ယူလိုက်ပြီး လျူကျင်း၏ ရှေ့မှောက် စားပွဲခုံပေါ်သို့ အသာအယာ တင်ပေးလိုက်သည်။ လျူကျင်းလည်း အံ့အားသင့်လျက် မျက်တောင်တဖျတ်ဖျတ် ခတ်ရင်း ထိုစာရွက်ကို ကောက်ယူကြည့်လိုက်မိတော့သည်။

ထိုအရာကား... အခြားမဟုတ်၊ ဖိတ်စာတစ်စောင် ဖြစ်ချေသည်။

"ငါတို့ လာမယ့်အပတ်ထဲ ရှောင်ဂိုဏ်းဆီ သွားဖို့ ဖိတ်ထားတယ်ကွ။"

လျူကျင်းတစ်ယောက် ဖိတ်စာအတွင်းရှိ စာသားများကို သေသေချာချာ အသေးစိတ် ဖတ်ရှုနေစဉ်အတွင်းမှာပင် ဖခင်ဖြစ်သူက ဆက်လက်၍ ဆိုလာခဲ့သည်။

"ရှောင်ကျန်းကတော့... မင်းအနေနဲ့ သူ့သမီးနဲ့ သေသေချာချာ တွေ့ရမယ့် အချိန်ရောက်ပြီလို့ ငါ့ကို ပြောလာတယ်..."

လျူကျင်းသည် လက်ထဲမှ ဖိတ်စာကို တစ်လှည့်၊ ဖခင်ဖြစ်သူ၏ မျက်နှာကို တစ်လှည့် စိုက်ကြည့်လိုက်မိရင်း—

"ဒါဆို... အားလုံးက အတည်ဖြစ်သွားပြီပေါ့ ဟုတ်လား အဖေ။ ဒီမင်္ဂလာပွဲက တကယ်ကြီး ဖြစ်တော့မှာလား..."

"အဲဒါကတော့... ငါတို့တွေ ရှောင်ကျန်းနဲ့ တွေ့ဆုံတဲ့အခါ သူ ဘာတွေပြောမလဲဆိုတဲ့အပေါ်မှာပဲ မူတည်လိမ့်မယ်"

ဖခင်ဖြစ်သူက လျူကျင်း၏မျက်နှာကို သေသေချာချာ စိုက်ကြည့်ရင်း မေးခွန်းတစ်ခုကို ဆိုလာခဲ့သည်။

"သား... မင်း ဒီစေ့စပ်ပွဲကို သဘောမကျဘူးလား..."

လျူကျင်းက ခေါင်းကို ခါယမ်းလိုက်ရင်း— "အဲလိုမျိုးတော့ မဟုတ်ပါဘူး အဖေ"

မိမိတစ်ကြိမ်တစ်ခါမျှ မတွေ့ဆုံဖူးသေးသည့် သူစိမ်းတစ်ယောက်နှင့် ထိမ်းမြားလက်ထပ်ရမည်ဟူသော အသိက သူ့အတွက် အလွန်အမင်း နှစ်သက်စရာကောင်းလှသည့် ကိစ္စမျိုးတော့ မဟုတ်ချေ။ သို့သော်လည်း ထိုအရာကို သူ အပြင်းအထန် ကန့်ကွက်လိုစိတ်လည်း မရှိပါချေ။ အမှန်အတိုင်း ဝန်ခံရမည်ဆိုပါက... ရှောင်ဂိုဏ်းချုပ်၏ သမီးငယ်နှင့် လက်ထပ်ခြင်းဖြင့် မိမိရရှိလာမည့် အကျိုးကျေးဇူးများနှင့် ကြုံတွေ့ရနိုင်မည့် ဆိုးကျိုးများကို လျူကျင်း ကောင်းကောင်းကြီး တွေးဆနိုင်ပေသည်။

ခြုံငုံ၍ ပြောရမည်ဆိုလျှင်... ဤစေ့စပ်ပွဲအပေါ် ထားရှိသော လျူကျင်း၏ စိတ်ကူးစိတ်သန်းမှာ အေးတိအေးစက်နိုင်လှသည်။ အရာအားလုံးက ရုတ်တရက်ဆန်လွန်းလှပြီး မိမိအား ကြိုတင်အသိပေးခြင်း မရှိခဲ့သည့် အချက်ကသာ သူ့ကို စိတ်အနှောင့်အယှက် ဖြစ်စေခဲ့ခြင်း ဖြစ်သည်။

"တစ်ဖက်က ကြည့်ရင်တော့... တော်တော်စိတ်ပျက်စရာကောင်းတဲ့ ကိစ္စပဲဗျာ" ဟု လျူကျင်းက ရင်ဖွင့်သည်။

"ကျွန်တော် လက်ထပ်ရမှာမို့လို့ စိတ်ပျက်နေတာ မဟုတ်ပါဘူး။ ဒီလောက်ကြီးတဲ့ ကိစ္စကို အခုအချိန်ကျမှ သိရလို့ စိတ်ထဲ တစ်မျိုး ဖြစ်သွားတာပါ..."

"မင်း အဲလို ခံစားရတာ မဆန်းပါဘူးကွာ။ ဘယ်သူမဆို ဒီလောက်ထိ ရုတ်တရက်ဆန်တဲ့ လက်ထပ်ပွဲမျိုးနဲ့ ကြုံရရင် ဝေခွဲမရ ဖြစ်ကြမှာပဲ..."

သူ့အဖေ့စကားသည် တကယ့် အမှန်တရားပင် ဖြစ်လေသည်။

"ဒါနဲ့ အဖေ... သူ့နာမည်က ဘယ်သူလဲ..."

"ရှောင် ရွှမ်း တဲ့ ..."

လျူကျင်းနှင့် သူ့အဖေသည် ညဉ့်နက်သန်းခေါင်တိုင်အောင် အရေးကိစ္စပေါင်းစုံကို တိုင်ပင်ဆွေးနွေးခဲ့ကြသော်လည်း... နောက်တစ်နေ့ နံနက်မိုးသောက်ချိန်တွင်မူ ပုံမှန်အတိုင်းပင် စောစီးစွာ နိုးထလာခဲ့ကြသည်။ နေမင်း၏အလင်းတန်းများ လောကမြေပြင်ထက်သို့ ဖြာကျလာပြီး တစ်နာရီမျှပင် မပြည့်သေးသည့် အချိန်၌ လျူကျင်းတစ်ယောက် ပတ်ဝန်းကျင်အနီးနားသို့ လိုက်လံပို့ဆောင်ရမည့် ဆေးသေတ္တာငယ်ကို ပိုက်လျက် အိမ်ပြင်သို့ လှမ်းထွက်လာခဲ့တော့သည်။

လျူကျင်းအနေဖြင့် အရှေ့ဘက်ဆိပ်ကမ်းမြို့မှ ခွဲခွာသွားခဲ့သည်မှာ တစ်လနီးပါးခန့် ရှိခဲ့ပြီဖြစ်ရာ ယခုကဲ့သို့ ဆေးလိုက်လံပို့ဆောင်ရသည့် အလုပ်ကို မလုပ်ဖြစ်သည်မှာ အတန်ကြာခဲ့ပြီ ဖြစ်ချေသည်။ သူ့မျက်နှာထက်တွင်မူ ကြည်နူးဖွယ်အပြုံးတစ်ခု လွင့်ပျံနေပြီး သူ၏ခန္ဓာကိုယ်ကလည်း ဤအကျွမ်းတဝင်ရှိလှသော နေ့စဉ်လုပ်ငန်းဆောင်တာကို ဝမ်းမြောက်ဝမ်းသာစွာဖြင့်ပင် လက်ခံကြိုဆိုနေမိသည်။

သို့သော်... အိမ်ရှေ့တွင် ရှောင်ဖန်းတစ်ယောက် သူ့အားကြိုတင်စောင့်ဆိုင်းနေလိမ့်မည်ဟုမူ သူ ဘယ်တုန်းကမှ မျှော်လင့်မထားခဲ့မိချေ။

ရှောင်ဂိုဏ်းကြီး၏ သခင်လေးဖြစ်သူ ရှောင်ဖန်းသည် မည်သည့်ကိုယ်ရံတော် သို့မဟုတ် နောက်လိုက်နောက်ပါမျှ မပါဘဲ သူ့ရှေ့တွင် တစ်ဦးတည်း မတ်မတ်ရပ်နေသည်။ သူ ဝတ်ဆင်ထားသော တန်ဖိုးကြီးလှသည့် ဝတ်ရုံကောင်းများမှာ ဆင်းရဲသားများ အခြေချရာ ဤမြို့ကွက်ငယ်အတွင်း၌ အလွန်တရာမှ သိသာထင်ရှားလွန်းနေတော့သည်။ လျူကျင်းနှင့် နောက်ဆုံးတွေ့ခဲ့သည့် အချိန်မှစ၍ တွက်ကြည့်လျှင် သူသည် တစ်လက်မခန့် ပိုမိုအရပ်ရှည်ထွက်လာခဲ့ပြီး မျက်နှာပေါက်မှာလည်း လူပျိုပေါက်အရွယ်သို့ စတင်ပြောင်းလဲလာခဲ့ပြီ ဖြစ်သည်။

သူ၏ မိုးပြာရောင် မျက်ဝန်းအစုံကမူ လျူကျင်းအား ဒေါသတကြီး စိုက်ကြည့်နေကြပေသည်။

"ငါ လုံးဝ လက်မခံဘူးကွ..."

လျူကျင်းတစ်ယောက် အံ့အားသင့်လျက် မျက်တောင်တဖျတ်ဖျတ် ခတ်မိသွားရင်း—

"ဟင်..."

"ငါ ဘယ်လိုနည်းနဲ့မှ လက်မခံနိုင်ဘူးကွ!"

ရှောင်ဖန်က လျူကျင်း၏ မျက်နှာနားသို့ လက်ညှိုးငေါက်ငေါက် ခပ်ကြမ်းကြမ်း ထိုးလျက် လေထဲတွင် ဝတ်ရုံစများ တဖျတ်ဖျတ် လွင့်ပျံနေအောင် လှုပ်ရှားရင်း ဒေါသတကြီး အော်ဟစ်လိုက်တော့သည်။

"ဒီကိစ္စကို ကောင်းကင်နဲ့ မြေကြီး ပြောင်းပြန်ဖြစ်သွားတောင် ငါ ကတော့ လုံးဝ သဘောမတူနိုင်ဘူးကွ!"

ရှောင်ဖန်းသည် ပြောချင်ရာများကို ဒေါသတကြီး ပေါက်ကွဲဖွင့်ဟပြီးသည်နှင့် တစ်ပြိုင်နက်... ဆောင့်ဆောင့်အောင့်အောင့်ဖြင့် ခြေလှမ်းကျဲကြီးများဖြင့် ချက်ချင်းပင် လှည့်ထွက်သွားတော့ရာ၊ ဇဝေဇဝါဖြစ်နေသော လျူကျင်းတစ်ဦးတည်းသာ ကြောင် အအ ဖြင့် ကျန်ရစ်ခဲ့ရှာတော့သည်။

'ဒုက္ခပဲဟ ..'

ယောက်ဖလောင်းဆိုသည့် အမျိုးအစားများမှာ... တကယ့်ကို အလွန်တရာမှ စိတ်ရှုပ်စရာကောင်းလှသည့် သက်ရှိများဖြစ်ကြောင်း လျူကျင်းတစ်ယောက် ပထမဆုံအကြိမ် ကောက်ချက် ချလိုက်မိတော့သည်။

All Chapters