အခန်း ၃၆၁
Vol. 37 Ch. 361
အခန်း (၃၆၁) ကိုယ့်ကိုယ်ကိုယ် ဒုက္ခရှာတာပဲ
နောက်တစ်နေ့မနက်တွင် ပါးလွှာသော မြူခိုးများကြားမှ နေရောင်ခြည်က မြေပြင်ပေါ်သို့ ညင်သာစွာ ကျဆင်းလာခဲ့သည်။
ထုံးစံအတိုင်း ကျန်းယဲ့က ရပ်ကွက်ထဲတွင် ဦးစွာ ပြေးလွှားလေ့ကျင့်ခန်း လုပ်လိုက်၏။
ထို့နောက် ရင်းနှီးနေသော နံနက်စာဆိုင်လေးထဲသို့ ဝင်ကာ အဆာပလာများ အပြည့်ပါဝင်သော အခွံပါးတိုဟူးမုန့် လေးခုနှင့် အရသာရှိသော ပဲနို့တစ်ခွက်ကို မှာယူလိုက်သည်။
သူ၏ နံနက်စာကို ဖြည်းညှင်းစွာနှင့် သက်တောင့်သက်သာ စားသောက်ပြီးနောက် တစ်ကိုယ်လုံး နွေးထွေးသွားသည်ကို ခံစားရကာ အချိန်နှင့် ဟင်းလင်းပြင် ခရီးသွားအေဂျင်စီသို့ အေးအေးဆေးဆေး ပြန်လျှောက်လာလေသည်။
ဒုတိယထပ်ရှိ နေထိုင်ရာ ဧရိယာသို့ ရောက်သည်နှင့် သူက မနက်ခင်း ပြေးထားသဖြင့် ထွက်နေသော ချွေးများကို ဆေးကြောရန် ရေနွေးနွေးလေးဖြင့် ဦးစွာ ရေချိုးလိုက်သည်။
ထို့နောက် မီးပူတိုက်ထားသော အဖြူရောင်ချည်သားရှပ်အင်္ကျီနှင့် သက်တောင့်သက်သာရှိသော ဘောင်းဘီအပွတစ်ထည်ကို လဲလှယ်ဝတ်ဆင်လိုက်ပြီး နောက်ဆုံးတွင် ရိုးရှင်းသော ရွှေရောင်ဘောင် မျက်မှန်လေးကို တပ်ဆင်လိုက်လေသည်။
သူက လန်းဆန်းပြီး သပ်ရပ်နေပုံရကာ ယမန်နေ့ တိုက်ရိုက်ထုတ်လွှင့်မှုမှ အကြည့်စူးရှပြီး ဩဇာတိက္ကမ ကြီးမားလှသော ဒါရိုက်တာကျန်း နှင့် လုံးဝကို ဆန့်ကျင်ဘက် ဖြစ်နေချေသည်။
ရှစ်နာရီတိတိတွင် လူခေါ်ဘဲလ်သံက အချိန်ကိုက် မြည်လာခဲ့ပြီး လင်ရှောင်နှင့် ချန်ချင်းက အချိန်ကိုက် ရောက်လာသည့်အလား တံခါးဝတွင် ပေါ်လာကြသည်။
ကျန်းယဲ့က နှစ်ယောက်ကို အထဲသို့ ဖိတ်ခေါ်လိုက်ပြီး သူတို့အတွက် ရေနွေးနွေးလေး တစ်ခွက်စီ ငှဲ့ပေးလိုက်၏။
သူ၏ရှေ့ရှိ ကြည်လင်နေသော ရေခွက်ကို ကြည့်ကာ လင်ရှောင်က တခစ်ခစ် ရယ်မောလိုက်ပြီး နောက်ပြောင်လိုက်၏။ "ဒါရိုက်တာကျန်း... ခင်ဗျားရဲ့ ဧည့်ဝတ်ကျေပွန်မှုက ဒီနေ့ အဆင့်နိမ့်သွားတယ်နော်... လက်ဖက်ရည်တစ်ခွက်တောင် မတိုက်တော့ဘူးလား..."
ကျန်းယဲ့က တစ်ယောက်ထိုင် ဆိုဖာပေါ်တွင် ပြန်ထိုင်လိုက်ပြီး ထိုစကားကို ကြားသောအခါ ပြုံးလိုက်သည်။ "မနက်စောစောစီးစီး ဘာလို့ လက်ဖက်ရည် သောက်ရမှာလဲ... ရိုးရိုးရေသောက်တာက ပိုပြီး ကျန်းမာရေးနဲ့ ညီညွတ်ပါတယ်..."
အပြန်အလှန် နှုတ်ဆက်စကား ပြောပြီးနောက် ချန်ချင်းက သူ၏ လက်ဆွဲအိတ်ထဲမှ စာရွက်စာတမ်းတစ်ခုကို ထုတ်ယူကာ ကျန်းယဲ့ရှေ့ရှိ ကော်ဖီစားပွဲပေါ်သို့ လေးလေးနက်နက် တင်ပေးလိုက်သည်။
"ကျန်းယဲ့... ဒါက ခင်ဗျား အရင်က တောင်းဆိုထားတဲ့အပေါ် အခြေခံပြီး ကျွန်တော်တို့ အချိန်နဲ့ ဟင်းလင်းပြင်ရေးရာ အထူးညှိနှိုင်းရေးဗျူရိုက အကြိမ်ကြိမ် စိစစ်အတည်ပြုပြီး အပြီးသတ်ထားတဲ့ စာရင်းနဲ့ အသေးစိတ် အချက်အလက်တွေပါ..."
ကျန်းယဲ့က စာရွက်စာတမ်းကို ယူကာ စာမျက်နှာ တစ်ရွက်ချင်းစီကို ဂရုတစိုက် ဖတ်ရှုလိုက်၏။
စာရွက်စာတမ်းထဲတွင် လူနာတစ်ဦးချင်းစီ၏ အမည်၊ အသက်၊ ရောဂါနှင့် ဆိုးရွားမှုအဆင့်တို့ကို မှတ်တမ်းတင်ထားရုံသာမက သူတို့၏ မိသားစု အခြေအနေ၊ စီးပွားရေးအခြေအနေနှင့် နိုင်ငံနှင့် လူ့အဖွဲ့အစည်းအပေါ် သူတို့ သို့မဟုတ် သူတို့၏ မိသားစုဝင်များ၏ စွမ်းဆောင်မှုများအကြောင်း အကျဉ်းချုပ်ကိုပါ မှတ်တမ်းတင်ထားချေသည်။
အချက်အလက်များ၏ အသေးစိတ်ကျမှု အဆင့်အတန်းက သာမန် ပရဟိတအဖွဲ့အစည်းများ၏ စိစစ်မှုစံနှုန်းများထက် များစွာ သာလွန်နေခဲ့သည်။
လင်ရှောင်က ဝင်ပြောလိုက်၏။ "ဒီစာရင်းထဲမှာ နိုင်ငံအတွက် ထူးချွန်ပြောင်မြောက်တဲ့ စွမ်းဆောင်မှုတွေ ပြုလုပ်ခဲ့ပေမဲ့ အခုတော့ ရောဂါဝေဒနာ ခံစားနေရတဲ့ သူရဲကောင်းတွေ ဒါမှမဟုတ် သူတို့ရဲ့ မိသားစုတွေ ပါဝင်ပါတယ်... ပြီးတော့ အရမ်းကို ဆင်းရဲနွမ်းပါးတဲ့ မိသားစုကနေ လာပြီး အသက်အန္တရာယ်ရှိတဲ့ ရောဂါကို ခံစားနေရလို့ အသက်ရှင်ဖို့ လမ်းစမရှိတော့တဲ့ ကလေးငယ်တွေလည်း ပါပါတယ်... အချက်အလက်တွေ မှန်ကန်စေဖို့အတွက် ကျွန်တော်တို့ အပြင်းထန်ဆုံး နောက်ခံစစ်ဆေးမှုတွေကို လုပ်ဆောင်ခဲ့ပါတယ်..."
ကျန်းယဲ့က တိတ်ဆိတ်စွာ ဖတ်ရှုပြီးနောက် စာရွက်စာတမ်းကို ညင်သာစွာ ပိတ်လိုက်ပြီး သူတို့နှစ်ယောက်ကို မော့ကြည့်လိုက်၏။ "အားလုံးပဲ ပင်ပန်းသွားကြပြီ... အထူးညှိနှိုင်းရေးဗျူရိုရဲ့ အရည်အချင်းနဲ့ စေ့စပ်သေချာမှုကို ကျွန်တော် ယုံကြည်ပါတယ်..."
ထိုသို့ပြောပြီးနောက် သူ၏ စိတ်မှတွေးလိုက်ရာ ရောဂါဇစ်မြစ်များကို ဖယ်ရှားပေးနိုင်ပြီး နောက်ဆုံးအဆင့် ရောဂါဆိုးကြီးများကို ကုသပေးနိုင်သည့် အဆိပ်ဖြေဆေးလုံးများ ပါဝင်သော နွေးထွေးသည့် ကျောက်စိမ်းဖြူ ပုလင်းငယ်လေးတစ်ခုက သူ၏ လက်ထဲတွင် ထွက်ပေါ်လာခဲ့သည်။
ထို့နောက် သူက ကျောက်စိမ်းပုလင်းလေးကို ချန်ချင်းဘက်သို့ တွန်းပေးလိုက်၏။ "ဒါတွေက စာရင်းထဲမှာ ပါတဲ့လူတွေကို ကူညီပေးနိုင်ပါလိမ့်မယ်..."
ချန်ချင်းက ကျောက်စိမ်းပုလင်းလေးကို ဂရုတစိုက် ယူလိုက်ပြီးနောက် သူ၏အိတ်ထဲမှ သိသိသာသာ ပိုထူသော အခြားစာရွက်စာတမ်းတစ်ခုကို ထုတ်ယူလိုက်ပြန်သည်။
"ဒါကတော့..." ချန်ချင်း၏ အသံတွင် ပိုမိုနက်ရှိုင်းသော လေးစားမှုများ ပါဝင်နေချေသည်။ "နောက်ထပ် စာရင်းတစ်ခုပါ... ဒီအထဲမှာ အသက်အရွယ် ကြီးရင့်နေပြီဖြစ်ပေမဲ့ နယ်ပယ်အသီးသီးမှာ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် သူတို့ရဲ့ တစ်သက်တာလုံးကို မြှုပ်နှံခဲ့ကြတဲ့ အကြီးအကဲတွေရဲ့ နာမည်တွေကို မှတ်တမ်းတင်ထားပါတယ်... သူတို့ထဲက အများစုက ဆယ်စုနှစ်ပေါင်းများစွာ အမည်မသိ နေထိုင်ခဲ့ကြပြီး တကယ့်ကို နိုင်ငံတော်ရဲ့ သူရဲကောင်းတွေပါ... သူတို့ထဲက တစ်ယောက်ယောက်များ ကွယ်လွန်သွားခဲ့မယ်ဆိုရင် နိုင်ငံတော်အတွက် အတိုင်းအဆမသိနိုင်တဲ့ ဆုံးရှုံးမှုကြီး ဖြစ်သွားမှာပါ..."
ကျန်းယဲ့က လေးလံသော စာရွက်စာတမ်းကို ယူလိုက်ပြီး ယခင်ကထက် များစွာ ပိုမိုနှေးကွေးစွာ လှန်လှောကြည့်လိုက်ပြန်သည်။
တိုတောင်းသော်လည်း လေးနက်လှသော ကိုယ်ရေးရာဇဝင်များနှင့် လူမသိသူမသိ စွမ်းဆောင်မှုများ၊ ပေးဆပ်မှုများကို ကြည့်ရင်း သူ၏ စိတ်ထဲတွင် စကားလုံးအချို့က မသိစိတ်အရ ပေါ်လာခဲ့သည်။ အတုမရှိ နိုင်ငံတော် သူရဲကောင်းများ....
သူက ခေတ္တမျှ ရပ်နားလိုက်ပြီးနောက် လက်ကို ထပ်မံမြှောက်လိုက်ရာ အသက်နှစ်ဆယ် ပိုရှည်စေနိုင်သည့် အသက်ရှည်ဆေးလုံးများ ပါဝင်သော အနည်းငယ် ပိုကြီးသည့် ကျောက်စိမ်းပုလင်းတစ်ခု ထပ်မံထွက်ပေါ်လာပြန်သည်။
ပြင်ပကမ္ဘာကတော့ သူ လေလံတင်ရောင်းချလိုက်သည့် အလုံးနှစ်ဆယ်သာ သူ့ဆီမှာ ရှိသည်ဟု ထင်နေကြသော်လည်း သူ၏ သိုလှောင်နယ်မြေထဲတွင် ထိုထက်မက များပြားစွာ ရှိနေသေးသည်ကို မည်သူမျှ မသိကြချေ။
"ဒါတွေက ထိုက်တန်တဲ့ လူတွေအတွက်ပါ..." ကျန်းယဲ့က ကျောက်စိမ်းပုလင်းကို လှမ်းပေးလိုက်ပြီး သူ၏ လေသံက တည်ငြိမ်နေခဲ့သည်။
အရေးကြီးဆုံး လုပ်ငန်းဆောင်တာနှစ်ခုကို လွှဲပြောင်းပေးပြီးနောက် ဧည့်ခန်းထဲရှိ လေထုက အနည်းငယ် ပိုမိုပေါ့ပါးသွားရသည်။
လင်ရှောင်က စကားစပ်မိပြီး ရယ်မောကာ ပြောလိုက်၏။ "မနေ့က ခင်ဗျားရဲ့ လုပ်ရပ်က တကယ်ကို ရက်စက်လွန်းတယ်ဗျာ... အခုတော့ ဂျပန်တွေက ဒယ်အိုးပူပေါ်က ပုရွက်ဆိတ်တွေလို ဖြစ်နေပြီ... ခင်ဗျားရဲ့ ပိတ်ပင်ဖို့ စဉ်းစားထားတယ်ဆိုတဲ့ စကားကို ပြန်ရုပ်သိမ်းပေးနိုင်မလားဆိုတဲ့ မျှော်လင့်ချက်နဲ့ နေရာတကာကို လိုက်ချိတ်ဆက်ပြီး ကြိုးတွေ ဆွဲနေကြတာပဲ..."
ချန်ချင်းကလည်း သိချင်စိတ်ကြောင့် မနေနိုင်ဘဲ မေးလိုက်၏။ "ကျန်းယဲ့... ဂျပန်နိုင်ငံသား အားလုံးကို တကယ်ပဲ ပိတ်ပင်လို့ ရနိုင်တာလားဟင်..."
ကျန်းယဲ့က အနောက်သို့ မှီချလိုက်ပြီး နူးညံ့သော ဆိုဖာပေါ်တွင် ပျင်းရိစွာ နစ်ဝင်သွားကာ စကားတစ်ခွန်းတည်းဖြင့် ရိုးရှင်းစွာ တုံ့ပြန်လိုက်သည်။ "အင်း..."
ရိုးရှင်းသော အင်းဆိုသည့် စကားတစ်ခွန်းက လင်ရှောင်နှင့် ချန်ချင်းတို့၏ နှလုံးသားများကို တုန်လှုပ်သွားစေပြီး အကြွင်းမဲ့ စွမ်းအားတစ်ခုကို ခံစားလိုက်ရစေသည်။
ယမန်နေ့က ကျန်းယဲ့ ပေါ့ပေါ့ပါးပါး ပြောခဲ့သည့် ဒီည ရှင်းလိုက်ပါ့မယ်ဆိုသည့် စကားကို တွေးမိတိုင်း ချန်ချင်းမှာ တုန်လှုပ်နေဆဲပင်။ သို့သော် သူက ကမ္ဘာကြီးကို တုန်လှုပ်သွားစေမည့် ဤကဲ့သို့ ဗုံးဆန်သော သတင်းကြီးကို ချပေးလိမ့်မည်ဟုတော့ မထင်မှတ်ထားခဲ့ချေ။
သူက တိုးတိုးလေး ရေရွတ်လိုက်၏။ "မနေ့က ခင်ဗျားပြောတဲ့ ရှင်းလိုက်မယ်ဆိုတာ ဒါကို ဆိုလိုတာကိုး..."
တကယ်တမ်းတွင် ပိတ်ပင်မှုကို အကောင်အထည်ဖော်နိုင်ခြင်း ရှိမရှိဆိုသည့် နောက်ဆုံး ဆုံးဖြတ်ချက်က ကျန်းယဲ့၏ ကိုယ်ပိုင်ဆန္ဒအပေါ်တွင်သာ လုံးလုံးလျားလျား မူတည်နေခြင်းတော့ မဟုတ်ချေ။
သို့သော် ဂျပန်၏ ဆက်တိုက်လုပ်ရပ်များက သူတို့၏ အားနည်းချက်များနှင့် အကြောင်းပြချက်များကို သူ့လက်ထဲသို့ ထည့်ပေးလိုက်ခြင်းပင်။
ခါမဲဒါအီချီရို သေဆုံးသွားချိန်ကတည်းက ကျန်းယဲ့က သူ၏ စိုးရိမ်ပူပန်မှုများနှင့် ပတ်သက်၍ စနစ်ကို မေးမြန်းထားပြီး ဖြစ်၏။
အကယ်၍ ခရီးသွားလမ်းညွှန်တစ်ဦးက အခြေအမြစ်မရှိသော စွပ်စွဲမှုများနှင့် မသမာသော အသရေဖျက်မှုများကို ခံရမည်ဆိုပါက... နောက်ဆုံးတွင် အမှန်တရား ပေါ်ပေါက်သွားခဲ့လျှင်တောင် အကြောင်းပြချက်မရှိဘဲ စော်ကားခံခဲ့ရသော ခရီးသွားလမ်းညွှန်အတွက် လျော်ကြေးပေးမည့် ကာကွယ်ရေး ယန္တရား သို့မဟုတ် တန်ပြန်အရေးယူခွင့်များ ရှိလားဆိုသည်ပင်...
စနစ်က ပြန်လည်ဖြေကြားခဲ့သည်။
[ အချိန်နှင့် ဟင်းလင်းပြင်ခရီးသွားလာရေးအတွက် အထူးပြုလုပ်ထားသော ခရီးသွားလမ်းညွှန်တစ်ဦးအနေဖြင့်... ခရီးသွားစည်းမျဉ်းများနှင့် အစီအစဉ်များကို နှောင့်ယှက်ရန် ကြိုးပမ်းသည့် သတ်မှတ်ထားသော ဒေသတစ်ခုခုမှ ကြီးမားပြီး မသမာသော အသရေဖျက်မှုတိုက်ခိုက်မှုများကို ရင်ဆိုင်ရချိန်တွင်... ခရီးသွားလမ်းညွှန်က အရေးပေါ်လုပ်ပိုင်ခွင့်များကို အသက်သွင်းပိုင်ခွင့်ရှိပြီး ထိုဒေသအပေါ် ကန့်သတ်အရေးယူမှုများ ပြုလုပ်ပိုင်ခွင့် ရှိသည်။ ၎င်းတွင် ထိုဒေသမှ ပါဝင်သူများကို ယာယီ သို့မဟုတ် အမြဲတမ်း အရည်အချင်း ဖျက်သိမ်းခြင်းများလည်း ပါဝင်ပါသည်။ ]
ထို့ကြောင့် ကျန်းယဲ့သည် အစအဆုံး အရာအားလုံးမှ ကင်းလွတ်နေသည့် သဘောထားကို ထိန်းသိမ်းထားနိုင်ခဲ့ခြင်း ဖြစ်၏။
ဂျပန်မှ ပြဿနာရှာမည်ကို သူ မကြောက်ချေ။ တကယ်တမ်းဆိုရလျှင် အတိုင်းအတာတစ်ခုအထိ တစ်ဖက်လူက ပြဿနာပိုရှာလေ သူတို့၏ လုပ်ရပ်များက ပို၍ ဆိုးရွားလေ... စနစ်၏ စည်းမျဉ်းများအရ သူ့ကို လုပ်ပိုင်ခွင့် ပိုပေးလေဖြစ်ပြီး သူ၏ တန်ပြန်အရေးယူမှုများက ပို၍ တရားဝင်ကာ ဝန်ထုပ်ဝန်ပိုး ကင်းမဲ့လေ ဖြစ်လာမည်ပင်။
အရာအားလုံးက သူ မျှော်လင့်ထားသည့်အတိုင်း အတိအကျ ဖြစ်ပေါ်လာခဲ့သည်။
သူက နောက်ကွယ်မှ မီးလောင်ရာ လေပင့်ခြင်း မလုပ်ခဲ့သလို လူထုအမြင်ကို လမ်းကြောင်းလွှဲရန်လည်း မည်သူ့ကိုမျှ ညွှန်ကြားခဲ့ခြင်း မရှိချေ။ သူက ဂျပန်နိုင်ငံအတွင်းရှိ စိတ်ခံစားချက်များ ပေါက်ကွဲလာမှုနှင့် အချို့သော အင်တာနက်အသုံးပြုသူများ၏ မဆင်မခြင် ရူးသွပ်သော စကားများနှင့် လုပ်ရပ်များကိုသာ တည်ငြိမ်စွာ စောင့်ကြည့်နေခဲ့ပြီး ၎င်းကို သဘာဝအတိုင်း ဖွံ့ဖြိုးလာစေရန် ခွင့်ပြုကာ သက်သေအထောက်အထားများကို အဆက်မပြတ် စုဆောင်းနေခဲ့ခြင်း ဖြစ်သည်။
သူ၏ တုံ့ပြန်မှုနှင့် ဆုံးဖြတ်ချက်များ အားလုံးက စနစ်၏ လုပ်ပိုင်ခွင့် ဘောင်အတွင်းတွင်သာ လုံးလုံးလျားလျား ရှိနေခဲ့သည်။
လုပ်ငန်းစဉ်တစ်ခုလုံးက ယုတ္တိကျ၏။ အခြေအမြစ်ခိုင်လုံပြီး စနစ်တကျ ရှိလေသည်။ စနစ်ကိုယ်တိုင် အပြင်းထန်ဆုံး စိစစ်မှုများပြုလုပ်ခဲ့လျှင်တောင် မည်သည့် အမှားအယွင်းကိုမျှ ရှာတွေ့နိုင်မည် မဟုတ်ချေ။
လင်ရှောင်က ကျန်းယဲ့ကို ကြည့်ကာ မနေနိုင်ဘဲ အတည်ပြုလိုက်ပြန်သည်။ "ကျန်းယဲ့... ခင်ဗျား တကယ်ကြီး... ဂျပန်ကို လုံးဝ ပိတ်ဆို့ပစ်ဖို့ စီစဉ်ထားတာလား..."
ကျန်းယဲ့က စားပွဲပေါ်ရှိ ရေခွက်ကို ကောက်ကိုင်လိုက်ပြီး ရေနွေးနွေးလေးကို အေးအေးဆေးဆေး တစ်ငုံသောက်လိုက်ကာ ရေခွက်ကို စားပွဲပေါ်သို့ ညင်သာစွာ ပြန်ချလိုက်၏။
သူက မော့ကြည့်လိုက်ပြီး သူ၏ အကြည့်များက တည်ငြိမ်ကာ တုန်လှုပ်ခြင်း အလျဉ်းမရှိဘဲ ပြန်မေးလိုက်၏။ "ခင်ဗျား ဘယ်လိုထင်လဲ..."
လင်ရှောင်နှင့် ချန်ချင်းက အကြည့်ချင်း ဖလှယ်လိုက်ကြပြီး တစ်ယောက်မျက်လုံးထဲတွင် တစ်ယောက်က တူညီသော အဖြေကို ချက်ချင်း မြင်တွေ့လိုက်ရကာ အချင်းချင်း မနေနိုင်ဘဲ ပြုံးလိုက်ကြသည်။
ကျန်းယဲ့၏ စရိုက်အရ သူက လူသိရှင်ကြား ပြောပြီးသွားလျှင် နောက်ကြောင်းပြန်လှည့်စရာ အကြောင်းမရှိဆိုသည်ကို သူတို့ စောစောစီးစီးကတည်းက သဘောပေါက်ထားသင့်သည်။
လင်ရှောင်က စိတ်သက်သာရာရသွားပြီး အခြားသူများ ဒုက္ခရောက်သည်ကို ဝမ်းသာသည့်လေသံဖြင့် ပြောလိုက်လေသည်။ "အင်း... အခုတော့ ဂျပန်တွေ အိမ်သာထဲမှာ တကယ်ကြီး ငိုယိုနေလောက်ပြီ ထင်တယ်..."
ချန်ချင်း၏ စဉ်းစားမှုများက ပို၍ လက်တွေ့ကျလေသည်။ သူက အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး စိုးရိမ်ပူပန်မှု အနည်းငယ်ဖြင့် ပြောလိုက်၏။ "ကျွန်တော် နည်းနည်းတော့ စိုးရိမ်တယ်... သူတို့က ဒီတစ်ခါ အရမ်းကို ကြီးမားတဲ့ ဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်လိုက်ရပြီး အနာဂတ်အတွက် သူတို့ရဲ့ မျှော်လင့်ချက်တွေလည်း လုံးဝနီးပါး ပျက်စီးသွားပြီဆိုတော့... သူတို့တွေ စိတ်ပျက်အားငယ်ပြီး ယုတ္တိမတန်တဲ့ အစွန်းရောက် လုပ်ရပ်တစ်ခုခုကိုများ လုပ်လာနိုင်မလားလို့..."
သို့သော် ချန်ချင်း အံ့အားသင့်သွားရသည်မှာ သူ ဤစကားကို ပြောလိုက်သည်နှင့် တစ်ပြိုင်နက် ကျန်းယဲ့၏ တည်ငြိမ်နေသော မျက်ဝန်းများက ရုတ်တရက် အရောင်လင်းလက်သွားခြင်းပင်။ စိုးရိမ်ပူပန်မှု တစ်စုံတစ်ရာ ပြသမည့်အစား သူ၏ စကားများတွင် ဖုံးကွယ်ထားခြင်းမရှိသော စိတ်လှုပ်ရှားမှုများ ပါဝင်နေချေသည်။
"တကယ်လား..."
အခန်း ၃၆၁ပြီး၏။