အခန်း ၃၆၃
Vol. 37 Ch. 363
အခန်း (၃၆၃) ဝယ်ယူခွင့် ကန့်သတ်ချက်
ဗီဒီယိုကို တင်ပြီးနောက် ကျန်းယဲ့က ကွန်ပျူတာကို ချက်ချင်းပိတ်လိုက်ပြီး သန်းဝေကာ အိပ်ရန် ပြင်ဆင်လိုက်၏။
ရောဂါလုံးဝ ပျောက်ကင်းသွားပြီဖြစ်သော်လည်း သူက စောစောအိပ်၊ စောစောထသည့် ကျန်းမာရေးနှင့် ညီညွတ်သော အလေ့အကျင့်ကို ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်ပြီး ည ၁၀ နာရီခွဲတိတိတွင် အိပ်ရာဝင်လေ့ရှိသည်။
သူက သာယာသော အနားယူမှုလေးကို ခံစားနေချိန်တွင် သူ၏ ဗီဒီယိုအဆုံးရှိ တုန်လှုပ်ဖွယ်ရာ သတိပေးချက်က ဗုံးတစ်လုံးကဲ့သို့ ကမ္ဘာတစ်ဝန်းတွင် ချက်ချင်း ဆူညံပွက်လောရိုက်သွားခဲ့ရသည်။
အထူးသဖြင့် အမျိုးသမီးများ၏ တုံ့ပြန်မှုက အပြင်းထန်ဆုံးပင်။
ဗီဒီယို၏ မှတ်ချက်များကဏ္ဍတွင် မျက်စိဖြင့် မြင်နိုင်သော အမြန်နှုန်းဖြင့် ပေါက်ကွဲထွက်လာခဲ့သည်။
[ သုံးစွဲသူ ၁ ] : ဘာလို့လဲ... ဘာလို့ ဒီတစ်ခါ မိန်းကလေးတွေ သွားလို့မရတာလဲ... ဘာအကြောင်းပြချက်ကြောင့်လဲ.... ကြယ်တာရာခေတ်ကြီးမှာတောင် ကျားမခွဲခြား ကန့်သတ်ချက်တွေ ရှိနေသေးလို့လား...
[ သုံးစွဲသူ ၂ ] : ဒါရိုက်တာကျန်းဆီကနေ ဒီလောက် လေးနက်တဲ့ သတိပေးချက်မျိုး မြင်ဖူးတာ ဒါပထမဆုံးပဲ... ကြည့်ရတာ ဒီတစ်ခါ သွားရမယ့်နေရာက တကယ့်ကို ထူးခြားပြီး မိန်းကလေးတွေအတွက် အရမ်းကို အန္တရာယ်များတဲ့ နေရာမျိုး ဖြစ်နေပုံပဲ...
[ သုံးစွဲသူ ၃ ] : အား... အရမ်းကို သိချင်လာပြီ.... အကြောင်းပြချက်က ဘာလဲဟင်... အဲ့ဒီကမ္ဘာရဲ့ ဓလေ့ထုံးစံတွေကြောင့်လား... ဒါမှမဟုတ် ပတ်ဝန်းကျင်က အမျိုးသမီးတွေအတွက် အန္တရာယ်ရှိလို့လား... ဒါရိုက်တာကျန်း... ကျေးဇူးပြုပြီး သေချာလေး ရှင်းပြပေးလို့ ရမလား....
[ သုံးစွဲသူ ၄ ] : မကျေနပ်ပေမဲ့လည်း... ဒါရိုက်တာကျန်းက အကြောင်းပြချက်မရှိဘဲ ဘယ်တော့မှ စကားမပြောဘူးလေ... သူ့ရဲ့ လေးနက်တဲ့ သတိပေးချက်က သေချာပေါက် ခိုင်လုံတဲ့ အကြောင်းပြချက် ရှိမှာပါ... ညီမလေးတို့ရေ... ဘေးကင်းရေးက ပထမပဲဆိုတော့ ဒီတစ်ခါတော့ စိတ်လျှော့လိုက်ကြတာပေါ့...
[ သုံးစွဲသူ ၅ ] : အမျိုးသား: ဟားဟားဟား.... ဘာကြောင့်လဲဆိုတာ မသိပေမဲ့ ပြိုင်ဘက်တစ်ဝက်လောက် လျော့သွားပြီဟေ့... အရမ်းပျော်တာပဲ... ညီအစ်ကိုတို့... ငါတို့ အခွင့်အရေး ရောက်လာပြီကွ...
[ သုံးစွဲသူ ၆ ] : တောက်... အရှက်မရှိလိုက်တာ... ဒါပေမဲ့... ဒီတစ်ခါ တကယ်ကြီး ကွဲပြားတယ်လို့ ခံစားရတယ်... ဒါရိုက်တာကျန်းရဲ့ အမူအရာက နောက်နေတဲ့ပုံ မပေါ်ဘူး...
မှတ်ချက်များ.... အထူးသဖြင့် နားမလည်မှုများ၊ မကျေနပ်မှုများနှင့် စိုးရိမ်ပူပန်မှု အနည်းငယ်တို့ ပါဝင်နေသော အမျိုးသမီး အင်တာနက်အသုံးပြုသူများ၏ မှတ်ချက်များက ခရီးစဉ်အသစ်အတွက် မျှော်လင့်ချက်များနှင့် ပတ်သက်သော ယခင်ဆွေးနွေးမှုများကို အလျင်အမြန် လွှမ်းမိုးသွားခဲ့သည်။
ကျန်းယဲ့၏ လေးနက်သော သတိပေးချက်က ဤ ကြယ်တာရာ ကောင်းကင်ယံသို့ လှည့်လည်သွားလာခြင်းဆိုသည့် ဆွဲဆောင်မှုအသစ်အပေါ်သို့ ဆန်းကြယ်ပြီး အန္တရာယ်ရှိသော အငွေ့အသက်များကို လွှမ်းမိုးသွားစေကာ လူများကို ပို၍ပင် စူးစမ်းရှာဖွေချင်စိတ် ဖြစ်ပေါ်လာစေချေသည်။
တစ်ချိန်တည်းမှာပင် ဂျပန်နိုင်ငံ၌...
ကျန်းယဲ့၏ ပရိုမိုးရှင်းဗီဒီယိုက အင်တာနက်မှတစ်ဆင့် တရုတ်နိုင်ငံတွင် ပျံ့နှံ့သွားချိန်တွင် လူမှုရေး လေထုတစ်ခုလုံးက ပို၍ပင် မှိုင်းညို့လာရသည်။
အဆင့်မြင့် အစည်းအဝေးခန်းမကြီးထဲတွင် တစ်စုံတစ်ယောက်က နောက်ဆုံးကျန်ရှိနေသော မျှော်လင့်ချက်လေး တစ်စွန်းတစ်စကို ဆုပ်ကိုင်ထားရင်း မေးလိုက်၏။ "ငါတို့ တကယ်ပဲ... ဝယ်လို့မရတော့ဘူးလား... ဒါမှမဟုတ် သူက စဉ်းစားနေတယ်လို့ပဲ ပြောခဲ့တာမို့ တကယ်ကြီး အကောင်အထည် မဖော်လောက်ဘူးလား..."
ဘေးမှ တစ်စုံတစ်ယောက်က ခါးသီးစွာ ပြန်ဖြေလိုက်၏။ "ဖြစ်နိုင်ပါတယ်... ဒီတစ်ခါတော့ အဆင်ပြေမပြေ စောင့်ကြည့်ရမှာပေါ့..."
လူတိုင်းက အလွန်တရာ လေးလံသော စိတ်နှလုံးများဖြင့် ရှိနေကြပြီး လေထုထဲတွင် ဖိနှိပ်နေသော စိတ်ပျက်အားငယ်မှုများက ပြည့်နှံ့နေချေသည်။
အချိန်များက လျင်မြန်စွာ ကုန်ဆုံးသွားပြီး တနင်္ဂနွေနေ့ နံနက် ၁၁ နာရီ ၅၉ မိနစ်သို့ ရောက်ရှိလာခဲ့သည်။
ကမ္ဘာတစ်ဝန်းရှိ မရေမတွက်နိုင်သော လူများက အသက်အောင့်ကာ သူတို့၏ ဖုန်း သို့မဟုတ် ကွန်ပျူတာစခရင်များကို စူးစိုက်ကြည့်နေကြပြီး သူတို့၏ မောက်စ် သို့မဟုတ် လက်ချောင်းများက လင်းလာတော့မည့် ဝယ်ယူရန် ခလုတ်ပေါ်တွင် အသင့်အနေအထားဖြင့် ရှိနေကြ၏။
၎င်းတို့အထဲတွင် ဂျပန်ပြည်သူများ၏ ခံစားချက်များက အရှုပ်ထွေးဆုံးနှင့် စိုးရိမ်ပူပန်မှု အများဆုံး ဖြစ်နေကြသည်။
တိုကျိုမြို့ရှိ ရုပ်တုငယ်များ.... ရုပ်ပြစာအုပ်များဖြင့် ပြည့်နှက်နေသော တိုက်ခန်းငယ်လေး တစ်ခုထဲတွင်...
ဝါရင့် အိုတာကူဖြစ်သူ မက်ဆုရီရှီဂီကီ၏ မျက်လုံးများက သွေးရောင်များ လွှမ်းနေပြီး ကွန်ပျူတာစခရင်ပေါ်ရှိ ရေတွက်နေသော အချိန်ကို စူးစိုက်ကြည့်နေ၏။
သူက သူ၏ ကံကြမ္မာကို ပြောင်းလဲနိုင်မည့် အခွင့်အရေးတစ်ခုအတွက် ချွေတာစုဆောင်းကာ ငွေတောင် ချေးငှားပြီး ယွမ် တစ်သိန်းတိတိ ရအောင် စုဆောင်းထားခဲ့ခြင်း ဖြစ်၏။
ကြယ်တာရာကမ္ဘာထဲသို့ ဝင်ရောက်နိုင်ခဲ့ပြီး အနာဂတ်နည်းပညာ အပိုင်းအစလေး အနည်းငယ်လောက် ကောက်ရခဲ့လျှင်တောင် သူ၏ လက်ရှိ သနားစရာကောင်းလှသော ဘဝမှ လွတ်မြောက်နိုင်ပြီဟု သူ စိတ်ကူးယဉ်နေခဲ့သည်။
"အောင်မြင်ရမယ်.. အောင်မြင်ရမယ်" သူက အကြိမ်ကြိမ် ရေရွတ်နေပြီး အလွန်အမင်း တင်းမာနေမှုကြောင့် သူ၏ လက်ချောင်းများက အနည်းငယ် တုန်ယင်နေချေသည်။
၁၂:၀၀:၀၀ ....
အချိန်စေ့ပြီ....
မက်ဆုရီရှီဂီကီက ၂၅ နှစ်ကြာ စော်မရှိခဲ့သူ တစ်ဦး၏ အမြန်နှုန်းဖြင့် ချက်ချင်း လင်းလာသော ဝယ်ယူရန် လင့်ခ်လေးကို အရူးအမူး ကလစ်နှိပ်လိုက်၏။
ထို့နောက် စာမျက်နှာက ပြောင်းလဲသွားခဲ့သည်။
သို့သော် သူ မျှော်လင့်ထားသည့် အချက်အလက်ဖြည့်စွက်ရန် သို့မဟုတ် ငွေပေးချေရန် မျက်နှာပြင်က ပေါ်မလာဘဲ မျက်စိကျိန်းမတတ် နီရဲနေသော သတိပေးချက်တစ်ခုက စခရင်ပေါ်တွင် ရုတ်တရက် ပေါ်လာလေသည် ။
[ သတိပေးချက် : သင်၏ ဒေသက လက်ရှိတွင် ဝယ်ယူခွင့် မရှိသေးပါ။ ကျေးဇူးပြု၍ ဝယ်ယူခွင့်များကို ဦးစွာ အသက်သွင်းပါ။ ]
မက်ဆုရီရှီဂီကီမှာ ကြောင်အသွားပြီး မျက်လုံးများက ပန်းကန်ပြားကြီးများလောက် ပြူးကျယ်သွားကာ စခရင်ပေါ်ရှိ စာသားများ၏ အဓိပ္ပာယ်ကို နားမလည်နိုင်သည့်အလား ဖြစ်သွားရသည်။
သူက မသိစိတ်အရ စာမျက်နှာကို Refresh ပြန်လုပ်ပြီး ထပ်မံကလစ်နှိပ်လိုက်၏။
သို့သော် တူညီသော သတိပေးချက်သာ ထပ်ပေါ်လာပြန်သည်။
စာမျက်နှာကို ပြန်လုပ် Refresh ပြီး ထပ်နှိပ်ပြန်သည်။
တူညီသော မက်ဆေ့ချ်သာ ထပ်ပေါ်လာပြန်၏။
"ဝယ်ယူခွင့်... ဝယ်ယူခွင့် မရှိဘူးတဲ့လား..." သူက တိုးတိုးလေး ရေရွတ်လိုက်ပြီးနောက် မီးညှိခံလိုက်ရသော ယမ်းအိုးတစ်အိုးကဲ့သို့ ကုလားထိုင်ပေါ်မှ ရုတ်တရက် ခုန်ထကာ စားပွဲပေါ်ရှိ ကီးဘုတ်ကို မြေပြင်ပေါ်သို့ ဆောင့်ပေါက်လိုက်ပြီး ရူးသွပ်လုမတတ် ဟစ်အော်လိုက်၏။
"ဘာကာ ယာရိုး... "
"ဘာလို့လဲ... ဘာလို့ ငါတို့ ဝယ်လို့မရတာလဲကွ..."
"ယီး.. ကျန်းယဲ့... ယီးကို ဝယ်ယူခွင့်.... ငါ့ရဲ့ မျှော်လင့်ချက်တွေကို ပြန်ပေး... ခွားမသေး...."
သူက စိတ်ပျက်အားငယ်မှုနှင့် ဒေါသများ လုံးဝ လွှမ်းမိုးသွားကာ ရူးသွပ်နေသူ တစ်ယောက်လို အခန်းငယ်လေးထဲရှိ ပစ္စည်းများကို ရိုက်ခွဲဖျက်ဆီးနေတော့သည်။
ဤရူးသွပ်ဖွယ် မြင်ကွင်းက ဂျပန်နိုင်ငံ၏ မရေမတွက်နိုင်သော ထောင့်အသီးသီးတွင် တစ်ပြိုင်နက်တည်း ဖြစ်ပေါ်နေချေသည်။
ကျန်းယဲ့၏ ခင်ဗျားတို့ကို ပိတ်ပင်လိုက်ရင် ဘယ်လိုနေမလဲဟူသော စကားများက အမှန်တကယ် ဖြစ်လာခဲ့ပြီး သူတို့၏ အနာဂတ်သို့ သွားရာလမ်းကို လုံးဝ ဖြတ်တောက်လိုက်ခြင်းပင်။
တစ်ချိန်တည်းမှာပင် ကမ္ဘာ၏ မတူညီသော ထောင့်အသီးသီးမှ နူးညံ့ပြီး ဖြူစင်လှသော အလင်းတန်း ၅၀ က လင်းလက်သွားခဲ့သည်။
နောက်တစ်စက္ကန့်တွင်တော့ အချိန်နဲ့ ဟင်းလင်းပြင် ဥမင်လိုဏ်ခေါင်းကို ဖြတ်သန်းသွားလာနေသည့် အနာဂတ်ဆန်ဆန် ငွေဖြူရောင်ဘတ်စ်ကားကြီးပေါ်တွင် ပုံရိပ် ၅၀ က အတူတကွ ထွက်ပေါ်လာကြသည်။
ကျန်းယဲ့က ကားရှေ့ခန်းတွင် ရပ်ကာ မျက်နှာသစ်များကို ဝေ့ကြည့်လိုက်၏။ အချို့က စိတ်လှုပ်ရှားနေကြပြီး အချို့က စိုးရိမ်နေကြကာ အချို့က သိချင်စိတ် ပြင်းပြနေကြသည်။
ဤတစ်ကြိမ်တွင် ခရီးသွားများကြား၌ နိုင်ငံခြားသား မျက်နှာများ သိသိသာသာတိုးလာသည်ကို သူ သတိထားမိလိုက်ပြီး အကြမ်းဖျင်း ခန့်မှန်းကြည့်ရသလောက် ဆယ်ဦးအထိ ရှိနေခဲ့သည်။ ကျန်သူများမှာ အများအားဖြင့် အာရှသားများဖြစ်ပြီး တစ်ယောက်ကတော့ ကျန်းယဲ့ကို အံ့အားသင့်သွားစေခဲ့သည်။
ကျန်းယဲ့ စကားပင် မစရသေးခင် လူတစ်ယောက်က ထိုင်ခုံမှ စိတ်လှုပ်ရှားစွာ ခုန်ထလာပြီး ခြေလှမ်းကျဲကြီးများဖြင့် ကျန်းယဲ့ဆီသို့ အပြေးလာကာ သူ၏ မျက်နှာပေါ်တွင် ဖိနှိပ်ထား၍မရသော ဝမ်းသာပျော်ရွှင်မှုများ လင်းလက်နေ၏။ "ဒါရိုက်တာကျန်း.... ဟားဟားဟား... ကျွန်တော် ထပ်ရပြန်ပြီ..."
ထိုသို့ပြောလိုက်သူမှာ မော့ကျဲပင်။
ဘတ်စ်ကားပေါ်ရှိ အခြားခရီးသွားများက ထပ်ပြီးတော့ဆိုသည့် အရေးကြီးသော စကားလုံးကို ကြားလိုက်ရချိန်တွင် သူတို့၏ အာရုံစိုက်မှုများက သူ့ထံသို့ ရောက်ရှိသွားကြပြီး မျက်ဝန်းများထဲတွင် ဖုံးကွယ်မထားနိုင်သော အားကျမှုများဖြင့် ပြည့်နှက်သွာကြရသည်။
အလုပ်သမား ဝတ်စုံဝတ်ထားသော တောင့်တင်းခိုင်မာသည့် သက်လတ်ပိုင်း အမျိုးသားတစ်ဦးက မနေနိုင်ဘဲ အာမေဍိတ်သံ ထွက်သွားခဲ့သည်။ "ဝိုး... ညီလေး... မင်းရဲ့ ကံက အံ့မခန်းပဲနော်..."
မော့ကျဲက ကျေနပ်စွာဖြင့် တခစ်ခစ် ရယ်မောလိုက်သော်လည်း ပြီးခဲ့သည့်အကြိမ်က ရွှမ်ဝူတိုက်ကြီးသို့ သူ သွားခဲ့သည်ဆိုသည်ကိုတော့ ပါးနပ်စွာ ဖုံးကွယ်ထားလိုက်သည်။
အကယ်၍ ထိုအလွန်တရာ အဖိုးတန်လှသော နေရာများကို သူ ဆက်တိုက် နှစ်ကြိမ်တိုင်တိုင် ရခဲ့သည်ဆိုသည်ကိုသာ ဒီလူတွေ သိသွားပါက သူ့ကို ဆဲဆိုကြပေလိမ့်မည်။
ဘယ်အချိန်မှာ ရပ်တန့်ရမည်ကို သူသိသဖြင့် ပြုံးကာ ခေါင်းကုတ်လိုက်ပြီး ဘာမျှ ဆက်မပြောတော့ချေ။
ကျန်းယဲ့က ဝင်မပါတော့ဘဲ ဘတ်စ်ကားထဲရှိ ခရီးသည်အားလုံးကို ပြုံးပြကာ သူ၏ ပုံမှန် အဖွင့်အမှာစကားကို စတင်လိုက်၏။ "မင်္ဂလာပါ အားလုံးပဲ... ဒီ အချိန်ခရီးသွားဘတ်စ်ကားပေါ်ကနေ ကြိုဆိုပါတယ်... ကျွန်တော်က ခင်ဗျားတို့ရဲ့ ခရီးသွားလမ်းညွှန် ကျန်းယဲ့ပါ..."
"ထုံးစံအတိုင်း... ခရီးစဉ်ကို မရောက်ခင် အားလုံး အချင်းချင်း ရင်းနှီးသွားအောင် ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ကြရအောင်... ဒီဘက်ကနေ စလိုက်ပါ..."
ရှေ့ဆုံးတန်းတွင် ထိုင်နေသော အရပ်ရှည်ရှည်၊ အသားဖြူဖြူနှင့် အညိုရောင်ဆံပင်ရှိသည့် သက်လတ်ပိုင်း အမျိုးသားတစ်ဦးက ပထမဆုံး မတ်တတ်ရပ်လိုက်သည်။ ထို့နောက် သူက အလွန် ယဉ်ကျေးပျူငှာပြီး ကျန်းယဲ့အား ဦးစွာ အနည်းငယ် ဦးညွှတ်လိုက်ကာ ကားထဲရှိ လူများကို လှည့်ကြည့်လိုက်ပြန်သည်။
"မင်္ဂလာပါ အားလုံးပဲ... ကျွန်တော့်နာမည်က အာသာပါ... ဗြိတိန်နိုင်ငံက စက်ပြင်ဆရာတစ်ယောက်ပါ..."
သူ့ဘေးတွင် ထိုင်နေသော ရုပ်ရည်သာမန်သာရှိသော်လည်း မျက်လုံးများ တောက်ပနေသည့် လူငယ်တစ်ဦးက မတ်တတ်ရပ်လိုက်ပြီး ရယ်မောကာ ပြောလိုက်၏။ "ကျွန်တော့်နာမည် ကျန်းယန်ကျွင်းပါ... တရုတ်လူမျိုးပါ... ပရိုဂရမ်မာတစ်ယောက်ပါ..."
မော့ကျဲက ထပ်မံ၍ မတ်တတ်ရပ်ကာ ပတ်ဝန်းကျင်ကို လက်ပြနှုတ်ဆက်လိုက်ပြီး ရိုးရှင်းရှင်းလင်းစွာ ပြောလိုက်သည်။ "မော့ကျဲ... တရုတ်နိုင်ငံကပါ..."
မိတ်ဆက်သည့် အစီအစဉ်က ချောမွေ့စွာ ဆက်လက် လည်ပတ်နေခဲ့သည်။
"ယန်ကန်း... စီးပွားရေး အသေးစားလေး လုပ်ပါတယ်... တရုတ်နိုင်ငံကပါ..."
"ကျိုးယွီဟွာ... ဆရာမ... တရုတ်နိုင်ငံကပါ..."
"စုချန်... ကျောင်းသား... တရုတ်နိုင်ငံကပါ..."
"ရှန့်ကျင်းပင်း... အလွတ်တန်းအလုပ်သမား... တရုတ်နိုင်ငံကပါ..."
"ဝူကွေ့လီ... အင်း... စွန့်စားရတာကို နှစ်သက်သူလို့ပဲ ပြောရမှာပေါ့... တရုတ်နိုင်ငံကပါ..."
လျိုကွမ်ရွှီ၊ ခုန်တယ်ကျွင်း၊ ချန်ချန်၊ ဖန်ရွှမ်၊ ဝမ်ယွီဟွိုင်၊ လီကျန်၊ ယန်ကျွင်းကျဲ၊ ဝမ်ယွီရှန်...
အလယ် သို့မဟုတ် နောက်ဘက်တန်းတွင် ထိုင်နေသော သိမ်မွေ့သည့် မျက်နှာထားရှိပြီး အနည်းငယ် ရှက်တတ်ပုံရသည့် လူငယ်တစ်ဦး၏ အလှည့်ရောက်လာသောအခါ သူက အနည်းငယ် ကသိကအောက်ဖြင့် မတ်တတ်ရပ်လိုက်ပြီး မကျယ်လောင်သော်လည်း အားလုံးကြားနိုင်လောက်သည့် အသံဖြင့် ပြောလိုက်၏။ "မင်္ဂလာပါ အားလုံးပဲ... ကျွန်တော့်နာမည် ကွမ်ယွီပါ... ကျွန်တော်လည်း တရုတ်လူမျိုးပါပဲ..."
သူ စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် ယန်ကန်းက အံ့အားသင့်စွာ အော်ဟစ်လိုက်သည်။ "ညီလေး... မင်း မိဘတွေက မင်းနာမည်ကို ကွမ်ယုလို့ ပေးထားတာလား... ကွမ်ယု နဲ့ နာမည်တူကြီးပဲ..."
ကွမ်ယွီ၏ မျက်နှာက ချက်ချင်း နီရဲသွားပြီး ရှင်းပြရန် လက်ကို အလျင်အမြန် ဝှေ့ယမ်းလိုက်၏။ "မဟုတ်ပါဘူး... မဟုတ်ပါဘူး... အစ်ကို နားလည်မှုလွဲသွားပြီ... ကျွန်တော့်နာမည်က စကြဝဠာရဲ့ ယုပါ... ငှက်မွေးရဲ့ ယုမဟုတ်ပါဘူး... ကွမ်ယုပါ... ဟို ကွမ်ယု မဟုတ်ပါဘူး.."
အခန်း ၃၆၃ပြီး၏။