← Chapters

အခန်း ၃၆၅

Vol. 37 Ch. 365

အခန်း ၃၆၅

Vol. 37 Ch. 365

အခန်း (၃၆၅) နံပါတ် ၁၅

​အာကာသယာဉ်တံခါးက တစ်ဖန် ပြန်ပွင့်လာပြီး မျက်နှာထားတင်းမာနေသော အရာရှိက လက်နက်အပြည့်အစုံ တပ်ဆင်ထားသည့် စစ်သားများကို ခေါ်ဆောင်ကာ ပြန်ဝင်လာခဲ့သည်။

​သူက နံရံကို စိတ်မရှည်စွာ ထုရိုက်လိုက်ရာ စူးရှသော သတ္တုသံကြီး ထွက်ပေါ်လာပြီး အော်ဟစ်လိုက်၏။ "ထကြစမ်း... ဘာတွေ အချိန်ဆွဲနေကြတာလဲ... မင်းတို့ရဲ့ နံပါတ်စဉ်အလိုက် တန်းစီပြီး ထွက်ခဲ့ကြ... မြန်မြန်လုပ်..."

​သူ၏ အမူအရာက အလွန်တရာ ရန်လိုနေပြီး သူ၏ အကြည့်များက အကျဉ်းသားများကို တိရစ္ဆာန်များကဲ့သို့ ဝေ့ကြည့်နေချေသည်။

​အခန်းထဲရှိ အခြားအကျဉ်းသားများက ကျင့်သားရနေပုံရပြီး တိတ်ဆိတ်စွာ ထရပ်လိုက်ကြ၏။ သူတို့ ခြေကျင်းဝတ်ရှိ အီလက်ထရောနစ် ခြေကျင်းများမှ တိုးညင်းသော တီဆိုသည့် အသံများ ထွက်ပေါ်လာပြီး သူတို့၏ လှုပ်ရှားမှု အကွာအဝေးကို ကန့်သတ်ထားလိုက်သည်။

​ကျန်းယဲ့က သူ့ပတ်လည်ရှိ ခရီးသွားများကို မျက်စိတစ်ချက် မှိတ်ပြလိုက်ပြီး တိုးတိုးလေး ပြောလိုက်၏။ "အားလုံးပဲ... ကျွန်တော့်နောက်က လိုက်ခဲ့ကြ..."

​ခရီးသွားငါးဆယ်က အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြပြီး အခြားအကျဉ်းသားများကို အတုခိုးကာ မတ်တတ်ရပ်ပြီး တန်းစီလိုက်ကြလေသည်။ ထို့နောက် အမည်မသိ ကျောက်တုံးနက် ကြယ်တာရာနယ်မြေ အကျဉ်းထောင်ခံတပ်၏ အတွင်းပိုင်းဆီသို့ ဦးတည်သွားလိုက်ကြသည်။

​ကျောက်တုံးနက်ကြယ်တာရာနယ်မြေ အကျဉ်းထောင်ခံတပ်.... ဧရာမ လက်ခံရေး စင်မြင့်ကြီးတစ်ခု...

​အရပ်ရှည်ရှည်နှင့် မျက်နှာထား တင်းမာနေသော ထောင်ပိုင်ကြီးက စွမ်းအင်ကြိမ်တို့များကို ကိုင်ဆောင်ထားသည့် ကြမ်းကြုတ်သော အသွင်အပြင်ရှိသော ထောင်စောင့်တစ်စုနှင့်အတူ သူတို့အထက်တွင် ရပ်နားထားသော ကြယ်တာရာသယ်ယူပို့ဆောင်ရေး အာကာသယာဉ်ကြီးကို မော့ကြည့်နေခဲ့သည်။

​အာကာသယာဉ်၏ အောက်ဘက်တံခါး ပွင့်လာပြီး ထူထဲသော အဖြူရောင်ဆွဲငင်အား အလင်းတန်းကြီးတစ်ခု အောက်သို့ ထိုးဆင်းလာလေသည်။

​ပထမဆုံးအကျဉ်းသားက အလင်းတန်းထဲမှနေ၍ ဖြည်းညှင်းစွာ ဆင်းသက်လာခဲ့သည်။ သူ၏ ခြေထောက်များက အေးစက်သော သတ္တုကြမ်းပြင်ပေါ်သို့ ထိရုံသာ ရှိသေးပြီး မတ်မတ်ပင် မရပ်နိုင်သေးခင်မှာပင် ထောင်စောင့်တစ်ယောက်က သူ့ကို အားကုန် ကန်ချလိုက်လေသည်။

​"ဘုန်း...."

​အကျဉ်းသားမှာ ကန်ခံလိုက်ရသဖြင့် အနောက်သို့ ယိမ်းယိုင်သွားရသည်။

​သူက ရုတ်တရက် ခေါင်းမော့လာပြီး သူ၏ မျက်ဝန်းများထဲတွင် ကြမ်းကြုတ်သော အလင်းရောင်များ လက်ဖြာသွားကာ ထောင်စောင့်ကို စူးစိုက်ကြည့်လိုက်၏။

​ဤသည်ကို မြင်သောအခါ ထောင်စောင့်က အနည်းငယ်မျှပင် ကြောက်ရွံ့သွားခြင်း မရှိဘဲ အထင်အမြင်သေးစွာ လှောင်ပြောင်လိုက်ချေသည်။ "ထွီး.... ဘာလဲ... မကျေနပ်ဘူးလား..."

​သူ စကားပြောလို့ပင် မဆုံးသေးခင် သူ၏ လက်ထဲရှိ စွမ်းအင်ကြိမ်တို့က လေခွင်းသံတစ်ခုနှင့်အတူ ကြမ်းတမ်းစွာ ရိုက်ချလိုက်ပြီး ဖြစ်သည်။

​ကြိမ်တို့က အကျဉ်းသားကို ထိမှန်သွားပြီး အပြာရောင်လျှပ်စစ်မီးပွားများ ထွက်ပေါ်လာကာ အကျဉ်းသားမှာ ချက်ချင်းပင် နာကျင်စွာ ညည်းတွားလိုက်ရသည်။

​သူက ပြန်လည်ခုခံရန် ကြိုးစားလိုက်သော်လည်း သူ၏ ခြေကျင်းဝတ်ရှိ အီလက်ထရောနစ် ခြေကျင်းက ချက်ချင်း အနီရောင်လင်းလက်သွားပြီး အစွမ်းထက်သော လျှပ်စစ်စီးကြောင်းတစ်ခုက သူ၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားလေသည်။

၎င်းကြောင့် သူက တက်သွားပြီး ခုခံနိုင်စွမ်း လုံးဝ ပျောက်ကွယ်သွားခဲ့ရသည်။ သူက မြေပြင်ပေါ်တွင် ကွေးကွေးလေးသာ နေနိုင်တော့ပြီး ထောင်စောင့်များ၏ ထိုးကြိတ်ကန်ကျောက်မှုများနှင့် စွမ်းအင်ကြိမ်တို့ဖြင့် ရိုက်နှက်မှုများကို ငြိမ်ခံနေရတော့သည်။

​ကျန်းယဲ့နှင့် အခြားခရီးသွားများက လမ်းညွှန်အလင်းတန်းတစ်လျှောက် ဆင်းသက်လာချိန်တွင် အကျဉ်းသားများအား ထောင်စောင့်များက ရက်ရက်စက်စက် ရိုက်နှက်နေသည့် မြင်ကွင်းကို မျက်မြင်တွေ့လိုက်ကြရ၏။

​လေထုထဲတွင် အကြမ်းဖက်မှုနှင့် ဖိနှိပ်မှု အငွေ့အသက်များက ထူထပ်နေလေသည်။

​ထောင်ပိုင်ကြီးက အာကာသယာဉ်ကို လိုက်ပါပို့ဆောင်ပေးသော အရာရှိနှင့် ဝတ်ကျေတမ်းကျေ စကားအနည်းငယ် ပြောဆိုလိုက်သည်။

​"ဒီတစ်ခေါက် လူသုံးရာပါတယ်။ လူစာရင်း စစ်လိုက်ဦး" ပို့ဆောင်ရေးအရာရှိက အေးစက်စွာ ပြောလိုက်၏။

​ထောင်ပိုင်ကြီးက သူ၏ တပည့်များကို စကင်နာဖြင့် လူဦးရေကို အမြန်ရေတွက်ရန် အချက်ပြလိုက်သည်။ ထို့နောက် အမှားအယွင်း မရှိကြောင်း အတည်ပြုပြီးနောက် သူ၏ လက်ထဲရှိ အီလက်ထရောနစ် တက်ဘလက်ပေါ်တွင် လက်ခံရရှိကြောင်း အတည်ပြုသည်ကို ကလစ်နှိပ်လိုက်၏။

​ပို့ဆောင်ရေးအရာရှိ၏ အေးစက်သော အကြည့်များက အောက်ဘက်ရှိ အကျဉ်းသားအုပ်စုကို ဝေ့ကြည့်လိုက်ပြီး သူ၏ မျက်နှာပေါ်တွင် ဖုံးကွယ်မထားနိုင်သော ရွံရှာမှုများဖြင့် ပြည့်နှက်နေခဲ့သည်။ "ဒီအမှိုက်ကောင်တွေက ဒီလောကကြီးမှာ အသက်ရှင်ပြီး အရင်းအမြစ်တွေကို အလဟဿ ဖြုန်းတီးမနေသင့်ဘူး..."

​ထောင်ပိုင်ကြီးက သဘောတူခြင်း မတူခြင်း မပြဘဲ အတင်းအဓမ္မ အပြုံးတစ်ခုကိုသာ ပြုံးပြလိုက်ပြီး ပို့ဆောင်ရေးအရာရှိ လှည့်ထွက်ကာ အာကာသယာဉ်ပေါ်သို့ တက်သွားသည်ကို ကြည့်နေလိုက်လေသည်။

​နောက်ခဏ၌ သယ်ယူပို့ဆောင်ရေး အာကာသယာဉ်၏ အင်ဂျင်များက ကျယ်လောင်စွာ ဟိန်းဟောက်သွားပြီး လေထဲသို့ ဖြည်းညှင်းစွာ မြောက်တက်သွားကာ နောက်ဆုံးတွင် မှောင်မိုက်နေသော စကြဝဠာကြီးထဲသို့ ပျောက်ကွယ်သွားလေတော့သည်။

​ပို့ဆောင်ရေးအဖွဲ့ကို နှုတ်ဆက်ပြီးနောက် ထောင်ပိုင်ကြီးက ချက်ချင်း ရှေ့တိုးလာပြီး ကောက်ကွေ့စွာ ရပ်နေကာ ရန်လိုမှုများ ပြည့်နှက်နေသည့် အကျဉ်းသားများကို အော်ဟစ်လိုက်၏။ "တန်းစီကြစမ်း... ဘာတွေ အချိန်ဆွဲနေကြတာလဲကွ..."

​ကျန်းယဲ့နှင့် သူ၏အဖွဲ့က အလွန်မြန်ဆန်စွာ တုံ့ပြန်လိုက်ပြီး သပ်ရပ်သော တန်းစီတစ်ခုကို ချက်ချင်း ဖွဲ့စည်းလိုက်ကြသည်။

​သို့သော် အခြားသော ဝါရင့်အကျဉ်းသားများမှာမူ အများအားဖြင့် နှေးကွေးပြီး တွန့်ဆုတ်နေခဲ့ကြသည်။ အနည်းငယ် နှေးကွေးသူများက ထောင်စောင့်များထံမှ သနားညှာတာမှု ကင်းမဲ့လှသော စွမ်းအင်ကြိမ်တို့များနှင့် ချက်ချင်းရင်ဆိုင်လိုက်ရပြီး ရိုက်နှက်သံများနှင့် နာကျင်စွာ ညည်းတွားသံများကို လေထဲတွင် ရံဖန်ရံခါ ကြားနေရလေသည်။

​နောက်ဆုံးတွင် အားလုံး သပ်ရပ်စွာ တန်းစီပြီးသွားသောအခါ ထောင်ပိုင်ကြီး၏ ရက်စက်သော အကြည့်များက အကျဉ်းသားအုပ်စုကို ဖြည်းညှင်းစွာ ဝေ့ကြည့်လိုက်သည်။

​ထို့နောက် သူ၏အကြည့်များက ကျန်းယဲ့နှင့် သူ၏အဖွဲ့အပေါ်သို့ ကျရောက်သွားသောအခါ သူက မနေနိုင်ဘဲ စက္ကန့်အနည်းငယ်ခန့် ကြာကြာ ကြည့်နေမိလိုက်သည်။

​ရိုးရိုးလေးပြောရလျှင် သူတို့က အလွန်တရာ မျက်စိဖမ်းစားနေသောကြောင့်ပင်။

​စက်ကိရိယာ အစိတ်အပိုင်းများ တပ်ဆင်ပြုပြင်ခြင်းက သာမန်ကိစ္စတစ်ခုဖြစ်နေသည့် ဤကြယ်တာရာခေတ်ကြီးတွင်... အထူးသဖြင့် ဆိုးရွားသော ရာဇဝတ်ကောင်များကို အကျဉ်းချထားသည့် ဤထောင်ထဲတွင်... ခန္ဓာကိုယ် အစိတ်အပိုင်းများ အပြည့်အစုံရှိသည့် သွေးသန့်လူသား အနည်းငယ်ကို ရှာတွေ့ရန်မှာ လုံးဝ မဖြစ်နိုင်သလောက်ပင်။

​အစွန်းအနာအဆာကင်းပြီး ပြည့်စုံသော ခန္ဓာကိုယ်တစ်ခုကို ထိန်းသိမ်းထားနိုင်ခြင်းက အမြင့်ဆုံး အထက်တန်းစား သူဌေးမျိုးရိုးဝင်များ၏ အခွင့်ထူးခံ သင်္ကေတတစ်ခု ဖြစ်လေ့ရှိ၏။

​အကျဉ်းထောင်တစ်ခုလုံးတွင် ထိုကဲ့သို့သော ပြည့်စုံသူများကို လက်ချိုးရေတွက်၍ ရနိုင်လေသည်။

​သို့သော် ဤတစ်ကြိမ်တွင်တော့ လူ ငါးဆယ့်တစ်ယောက်တောင် တစ်ပြိုင်နက်တည်း ပေါ်လာခဲ့သည်။

​ထောင်ပိုင်ကြီး၏ ရင်ထဲတွင် သံသယများ ဝင်ရောက်လာရသည်။

​အင်အားအကြီးဆုံးနဲ့ ဩဇာအာဏာအကြီးမားဆုံး မိသားစုတစ်ခုခုများ နိုင်ငံရေးပြိုင်ဘက်တွေရဲ့ ခြေမှုန်းခံလိုက်ရလို့ သူတို့ရဲ့ အဖွဲ့ဝင်တွေနဲ့ ကလေးတွေကို ဒီနေရာကို ပို့ပစ်လိုက်တာများလား...

​ဒါပေမဲ့... ဘာလို့ အဲ့ဒီအကြောင်းကို သတင်းတစ်လုံးမှ မကြားမိရတာလဲ...

​သူ၏ စိတ်ထဲတွင် အတွေးများ ပြေးလွှားနေခဲ့လေသည်။ ဤ အထက်တန်းစား အကျဉ်းသားများ၏ နောက်ခံသမိုင်းကြောင်းနှင့် သူတို့၏ အနောက်တွင် အင်အားစုများ ကျန်ရှိနေသေးသလားဆိုသည်ကို သေချာမသိရသေးခင် မလိုအပ်သော ပြဿနာများကို ရှောင်ရှားနိုင်ရန် သူတို့ထံမှ ငွေညှစ်ရန် မလောသေးဘဲ စောင့်ကြည့်ရန် သူ ဆုံးဖြတ်လိုက်၏။

​ထို့ကြောင့် သူက ဘာအသံမှမထွက်ဘဲ သူ၏ အကြည့်များကို ကျန်းယဲ့တို့ထံမှနေ၍ အခြားအကျဉ်းသားများထံသို့ ပြောင်းရွှေ့လိုက်ပြီး သူ၏ ပုံမှန် ထောင်တွင်း ဩဝါဒပေးခြင်းကို စတင်လိုက်လေရာ သူ၏ အသံက အေးစက်ပြီး ခြိမ်းခြောက်မှုများ ပါဝင်နေချေသည်။

​"အပြင်ဘက်မှာ မင်းတို့ ဘယ်လောက်ပဲ မာနကြီးကြီး.... ဘယ်လောက်ပဲ အစွမ်းထက်ခဲ့ပါစေ.... ငါ ဂရုမစိုက်ဘူး... ဒီနေရာမှာတော့ မင်းတို့က နဂါးဖြစ်ခဲ့ရင်တောင် ငါ့ရှေ့မှာ ခွေနေရမယ်... ကျားဖြစ်ခဲ့ရင်တောင် ဝပ်နေရမယ်... ဒီမှာ စည်းမျဉ်းတစ်ခုပဲ ရှိတယ်... အဲ့ဒါက ငါ့ရဲ့ စည်းမျဉ်းပဲ... မင်းတို့အားလုံး လိမ္မာပါးနပ်စွာနေတာ အကောင်းဆုံးပဲ... မဟုတ်ရင်တော့..."

​သူ၏ အကြည့်များက ယခုလေးတင် ဆိုးဆိုးရွားရွား ရိုက်နှက်ခံထားရသဖြင့် မထနိုင်တော့သော မြေပြင်ပေါ်ရှိ အကျဉ်းသားများကို ဝေ့ကြည့်လိုက်ရာ သူ၏ ဆိုလိုရင်းက ရှင်းလင်းလှသည်။

​ထောင်ပိုင်ကြီးက သူ၏ ပုံမှန်ဩဝါဒပေးခြင်း ပြီးဆုံးသွားပြီးနောက် ထိုနေရာတွင် ဆက်မနေတော့ဘဲ လှည့်ထွက်သွားကာ အကျဉ်းသားသစ်အုပ်စုကို ကြမ်းကြုတ်သော အသွင်အပြင်ရှိသည့် ထောင်စောင့်မှူးထံ လွှဲအပ်ထားခဲ့လေသည်။

​ထောင်စောင့်မှူး၏ သိမ်းငှက်ကဲ့သို့ စူးရှသော မျက်လုံးများက သူ့ရှေ့ရှိ အကျဉ်းသားအုပ်စုကို ဝေ့ကြည့်လိုက်ပြီး သူ၏ အကြည့်များက ကျန်းယဲ့နှင့် သူ၏အဖွဲ့အပေါ်တွင် မသိစိတ်အရ စက္ကန့်အနည်းငယ်ခန့် ကြာကြာ ရပ်တန့်နေခဲ့သည်။ သူ၏ မျက်ဝန်းများထဲတွင် စိစစ်ဝေဖန်မှုများနှင့် သတိမထားမိနိုင်လောက်သည့် သံသယအနည်းငယ် ပါဝင်နေ၏။

​သို့သော် သူက စကားများများစားစား မပြောဘဲ ခပ်ကြမ်းကြမ်း လက်ယမ်းပြလိုက်သည်။ "ငါ့နောက်က လိုက်ခဲ့ကြ..."

​ထောင်စောင့်တစ်ဖွဲ့၏ အစောင့်အရှောက်ဖြင့် အကျဉ်းသားသုံးရာက လေးလံသော သတ္တုစပ်တံခါးကြီးများကို တိတ်ဆိတ်စွာ ဖြတ်သန်းသွားကြပြီး ဧရာမအဆောက်အအုံကြီးတစ်ခု၏ အတွင်းပိုင်းသို့ ဝင်ရောက်လိုက်ကြသည်။

​အထဲသို့ ဝင်ရောက်လိုက်သည်နှင့် အတွေ့အကြုံများပြားသော ကျန်းယဲ့နှင့် ခေတ်မီလူ့အဖွဲ့အစည်းမှ ခရီးသွားများပင် သူတို့ရှေ့ရှိ မြင်ကွင်းကြောင့် ကြက်သေ သေသွားကြရ၏။

​ဤသည်မှာ ဖော်ပြ၍မရနိုင်လောက်အောင် ခမ်းနားကြီးကျယ်လှသော အဆောက်အအုံကြီးတစ်ခုပင်။

​အဆောက်အအုံ၏ အလုံးစုံပုံစံမှာ ဧရာမ U-ပုံစံ တည်ဆောက်မှုကြီးဖြစ်ပြီး အလယ်တွင် အလွန်ကျယ်ဝန်းသော ကွင်းပြင်ကြီးတစ်ခု ရှိနေချေသည်။ အပေါ်သို့ မော့ကြည့်လိုက်ပါက အမြင်အာရုံက အေးစက်သော သတ္တုနံရံများတစ်လျှောက် အပေါ်သို့ တက်သွားပြီး အထပ်ပေါင်း ဆယ့်လေးထပ်ခန့် မြင့်မားနေခဲ့သည်။

​အထပ်တိုင်းက ဗဟိုရင်ပြင်ကို ဝန်းရံထားပြီး ပျားလပို့တစ်ခုကဲ့သို့ သိပ်သည်းစွာ စီတန်းထားသော အကျဉ်းခန်းပေါင်း ရာနှင့်ချီ ရှိနေသည်။

​အဆောက်အအုံအတွင်းပိုင်းတွင် အမည်းရောင်နှင့် အေးစက်သော မီးခိုးရောင်များက လွှမ်းမိုးထားလေသည်။ ဧရာမသတ္တုတည်ဆောက်မှုကြီးများက အပြင်သို့ ထွက်ပေါ်နေပြီး အေးစက်သော အလင်းရောင်များ တောက်ပနေ၏။

ပိုက်လုံးအမျိုးမျိုးနှင့် ဝါယာကြိုးများက နံရံများတစ်လျှောက် တွန့်လိမ်သွားလာနေပြီး စက်မှုလုပ်ငန်းနှင့် အနာဂတ်နည်းပညာအငွေ့အသက်များ အပြည့်ပါဝင်နေသော်လည်း တစ်ချိန်တည်းမှာပင် ၎င်းက ပြိုင်ဘက်ကင်းသော ဖိနှိပ်မှုနှင့် မှိုင်းညို့သော လေထုကို ယူဆောင်လာချေသည်။

​ဤကျယ်ပြောလှသော နေရာကြီး၏ အောက်ခြေတွင် ရပ်နေရုံဖြင့်ပင် မိမိကိုယ်ကိုယ် အလွန်သေးငယ်သွားသကဲ့သို့ ခံစားလိုက်ရစေသည်။

​"ဘုရားရေ... ဒါ... ဒါကြီးက အရမ်းကြီးတာပဲ..." ကျန်းယန်ကျွင်းက မနေနိုင်ဘဲ တိုးညင်းစွာ အာမေဍိတ်သံ ထွက်သွားပြီး သူ၏ အသံက ဟာလာဟင်းလင်းဖြစ်နေသော ပတ်ဝန်းကျင်တွင် ခပ်သဲ့သဲ့ ပဲ့တင်ထပ်သွားခဲ့သည်။

​မော့ကျဲက အံ့အားသင့်စွာ စုတ်သပ်လိုက်၏။ "တစ်ထပ်ကို အနည်းဆုံး အခန်းတစ်ရာလောက်တော့ ရှိမယ် ထင်တယ်... အဲ့ဒါဆို လူဘယ်လောက်တောင် ဆံ့လိုက်မလဲ..."

​အဆောက်အအုံထဲသို့ ဝင်ရောက်လာချိန်တွင် ဝင်ပေါက်အထက်ရှိ ဧရာမအနီရင့်ရင့် ဒီဂျစ်တယ် ဆိုင်းဘုတ်ကြီးတစ်ခုကို သူတို့ ရှင်းလင်းစွာ မြင်လိုက်ရ၏။

​[ ၁၅ ]

​ဆိုလိုသည်မှာ ဤကျောက်တုံးနက် ကြယ်တာရာနယ်မြေ အကျဉ်းထောင်ခံတပ်ဟုခေါ်သော နေရာတွင် ဤကဲ့သို့ ကြီးမားပြီး အသက်ရှူကြပ်ဖွယ်ကောင်းသော အကျဉ်းထောင် အဆောက်အအုံကြီး အနည်းဆုံး နောက်ထပ်ဆယ့်လေးခု ရှိနေသေးသည်ဟူသော အဓိပ္ပာယ်ပင်။

အခန်း ၃၆၅ပြီး၏။

All Chapters