အခန်း ၃၆၆
Vol. 37 Ch. 366
အခန်း (၃၆၆) ရန်စခြင်း
နံပါတ် ၁၅ ဟု သတ်မှတ်ထားသည့် ဧရာမအကျဥ်းထောင် အဆောက်အဦးကြီးထဲသို့ ဝင်ရောက်လိုက်သည်နှင့် ကျန်းယဲ့နှင့် သူ့အဖွဲ့ဟာ အရပ်မျက်နှာအသီးသီးမှ စိုက်ကြည့်နေသည့် အကြည့်များကို ချက်ချင်းပင် ခံစားလိုက်ကြရ၏။
အပေါ်ထပ်ရှိ အချုပ်ခန်းအသီးသီး၏ သံတိုင်များအနောက်မှ ခေါင်းများထွက်လာကာ အသစ်ရောက်လာသည့် သူတို့အုပ်စုအား လှောင်ပြောင်လိုကာ ရက်စက်ကြမ်းကြုတ်သည့် အကြည့်များဖြင့် စိုက်ကြည့်နေကြလေသည်။
ကျယ်လောင်စူးရှသည့် လေချွန်သံများနှင့် မကောင်းဆိုးဝါးဆန်ဆန် ရယ်မောသံများက U ပုံစံ ဟင်းလင်းပြင်ကြီးထဲ၌ ပဲ့တင်ထပ်လျက်ရှိသည်။
လောဘ၊ တပ်မက်မှုနှင့် ရမ္မက်များ ပြည့်နှက်နေသည့် မရေမတွက်နိုင်သော မျက်လုံးများက အချိုးအစားကျနပြီး အသားအရေနုဖတ်နေသည့် ကျန်းယဲ့တို့ လူသစ်အုပ်စုအား မရှက်မရွံ့ စိုက်ကြည့်နေကြ၏။
ထိုရက်စက်ကြမ်းကြုတ်လှသည့် အကျဥ်းသားများ၏ အမြင်တွင် ကျန်းယဲ့နှင့် သူ့အဖွဲ့က ဝံပုလွေအုပ်ထဲ လမ်းမှားရောက်လာသည့် သိုးသူငယ်လေးများသာ ဖြစ်နေချေတော့သည်။
ထိုကြောက်မက်ဖွယ်ကောင်းသည့် အကြည့်များကို ရင်ဆိုင်လိုက်ရချိန်၌ စုချန်၊ မော့ကျဲနှင့် အခြားသော ခရီးသွားများဟာ အလိုအလျောက်ပင် ကျန်းယဲ့အနားသို့ တိုးကပ်သွားကြသည်။
လူတိုင်းက စိတ်ထဲမှနေ၍ ကျိန်ဆဲလိုက်ကြ၏။ ချီးပဲ... ဒါက ဘယ်လို ကြယ်တာရာခရီးသွားလာမှုမျိုးလဲကွ...
ဘယ်မလဲ... ကြယ်တွေ၊ ပင်လယ်တွေဆီ သွားမယ့် ရိုမန်တစ်ဆန်ဆန် စွန့်စားခန်းတွေ....
ဘာလို့ ငါတို့က ဒီရက်စက်ကြမ်းကြုတ်တဲ့ ကြယ်တာရာအကျဥ်းထောင်ဆီ တိုက်ရိုက် အပို့ခံလိုက်ရတာလဲဟ...
တကယ်ပဲ ငါတို့က ခုနစ်ရက် အကျဥ်းထောင်ခရီးစဥ်အလည်အပတ် ထွက်လာတာလား....
ထိုဖြစ်နိုင်ခြေအား တွေးမိလိုက်သည်နှင့် လူတိုင်း၏ စိတ်ဓာတ်များ အောက်ဆုံးထိ ထိုးကျသွားရတော့သည်။ သူတို့တွေ ဘယ်လိုလုပ် ဒီလောက်တောင် ကံဆိုးနေရသည်နည်း။
ကျန်းယဲ့က သူ့ဘေးနားရှိ လူများ၏ စိုးရိမ်ပူပန်မှုနှင့် စိတ်ပျက်အားငယ်မှုတို့ကို ခံစားမိလိုက်ရာ "စိတ်အေးအေးထားကြပါ" ဆိုသည့် အကြည့်မျိုးဖြင့် ကြည့်လိုက်သည်။
ထိုစဥ် အကျဥ်းထောင်မှူးက အီလက်ထရောနစ် စာရင်းကို အသုံးပြုကာ အချုပ်ခန်းများ စတင်ခွဲဝေပေးလေသည်။
"နံပါတ် ၁၅-၇၃၇ နဲ့ ၁၅-၇၃၈ ... မင်းတို့နှစ်ယောက် အခန်း ၅-၅၀၈ ကိုသွား..."
အမည်ခေါ်ခံလိုက်ရသည့် အကျဥ်းသားနှစ်ယောက်မှာ ထောင်စောင့်များ၏ တွန်းပို့မှုဖြင့် ဘေးဘက်ရှိ အကြည်ရောင်ဆလင်ဒါပုံစံ နေရာတစ်ခုထဲသို့ ဝင်သွားရသည်။
ထို ဓာတ်လှေကား၌ ကေဘယ်ကြိုးများလည်းမရှိသလို မြင်နိုင်သည့် စွမ်းအင်အရင်းအမြစ်လည်း မရှိချေ။ သို့သော်လည်း ၎င်းက အပေါ်သို့ တည်ငြိမ်စွာဖြင့် တက်သွားကာ အဆိုပါနှစ်ယောက်ကို ပဉ္စမထပ်ရှိ သက်ဆိုင်ရာ အချုပ်ခန်းတံခါးရှေ့သို့ အသံတိတ် ပို့ဆောင်ပေးလိုက်သည်။ ၎င်းက အလွန်တရာ အဆင့်မြင့်လှသော နည်းပညာဖြစ်ပြီး ကျန်းယဲ့နှင့် သူ့အဖွဲ့ကို အံ့အားသင့်သွားစေချေသည်။
ထောင်မှူးက နံပါတ်များကို တစ်ခုပြီးတစ်ခု ခေါ်လိုက်သည်နှင့်အမျှ အကျဥ်းသားများ တစ်ယောက်ပြီးတစ်ယောက် ခေါ်ဆောင်သွားခံလိုက်ရ၏။
မကြာမီမှာပင် ကျန်းယဲ့၏ အလှည့်သို့ ရောက်လာခဲ့သည်။ အချို့လူများက သုံးယောက်တစ်ခန်းတည်း ကျရန် ကံကောင်းခဲ့သော်လည်း အများစုကတော့ နှစ်ယောက်တစ်ခန်းသာ နေကြရသည်။ ကျန်းယဲ့၏ နံပါတ်ကို ခေါ်လိုက်ချိန်တွင်တော့ သူတစ်ယောက်တည်းသာ ကျန်ရစ်နေခဲ့တော့သည်။
"နံပါတ် ၁၅-၁၀၀၁၊ မင်းက အခန်း ၇-၇၇၇ ကို သွား..."
ကျန်းယဲ့က တွဲလောင်းဖြစ်နေသည့် အကြည်ရောင် ဓာတ်လှေကားထဲသို့ တစ်ယောက်တည်း ဝင်လိုက်ရာ အထက်သို့ တက်သွားစဥ် အလေးချိန်မဲ့နေသကဲ့သို့ ခံစားလိုက်ရပြီး မကြာမီမှာပင် သတ္တမထပ်သို့ ရောက်ရှိသွားချေသည်။
အခန်းနံပါတ် ၇၇၇ ၏ သတ္တုတံခါးက တင်းကြပ်စွာ ပိတ်ထားလျက်ရှိသည်။ ထို့နောက် တံခါးအပေါ်ဘက်ရှိ စကင်ဖတ်သည့် စက်လုံးတစ်ခုမှ အလင်းတန်းတစ်ခု ထွက်ပေါ်လာကာ ကျန်းယဲ့အား အထက်မှအောက်သို့ စကင်ဖတ်လိုက်ပြီး အေးစက်စက် အီလက်ထရောနစ်အသံတစ်ခု ထွက်ပေါ်လာ၏။
【 မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုပြီးပါပြီ။ သက်သေခံကတ်ပြား ၁၅-၁၀၀၁၊ ခွင့်ပြုချက် အတည်ပြုပြီးပါပြီ။ 】
ထို့နောက် ကလစ်ဆိုသည့် အသံနှင့်အတူ အချုပ်ခန်းတံခါးက ဘေးသို့ ပွင့်သွားရာ ကျန်းယဲ့ အထဲသို့ ဝင်လိုက်လေသည်။
အချုပ်ခန်းက ထင်ထားတာထက် ပိုမိုကျယ်ဝန်းသော်ငြားလည်း အေးစက်စက် သတ္တုရောင်များ လွှမ်းခြုံထားဆဲဖြစ်ပြီး ရိုးရှင်းသည့် သတ္တုကုတင်လေးလုံး ရှိနေခဲ့သည်။
ယခုအချိန်တွင် အခန်းထဲ၌ အကျဥ်းသားသုံးယောက် ရှိနေပြီးသား ဖြစ်နေ၏။
ထိုလူသုံးယောက်စလုံးက တောင့်တင်းခိုင်မာသည့် ခန္ဓာကိုယ်များရှိပြီး ကြမ်းကြုတ်သည့် အငွေ့အသက်များကို ထုတ်လွှတ်နေကြသည်။
ခေါင်းဆောင်ဖြစ်ဟန်တူသူ၏ မျက်နှာပေါ်တွင်တော့ ရုပ်ဆိုးလှသည့် အမာရွတ်ကြီးတစ်ခု ရှိနေချေသည်။ ၎င်းက ညာဘက်မျက်ခုံးရိုးမှနေ၍ နှာခေါင်းကိုဖြတ်ကာ ဘယ်ဘက်ပါးပြင်အထိ ကန့်လန့်ဖြတ်ရှိနေပြီး ကင်းခြေများတစ်ကောင် တွားသွားနေသကဲ့သို့ ဖြစ်နေရာ သူ့၏ မျက်နှာတစ်ခုလုံးကို ပုံပျက်ပန်းပျက်နှင့် ကြောက်မက်ဖွယ်ကောင်းနေစေခဲ့သည်။
အခြားတစ်ယောက်၏ လက်ကောက်ဝတ်အောက်ပိုင်း လက်နှစ်ဖက်စလုံးမှာမူ အေးစက်သည့် သတ္တုရောင် တလက်လက်တောက်နေသည့် စက်ပစ္စည်းများ အပြည့်အဝ တပ်ဆင်ထားသည်ကို တွေ့ရလေသည်။
နောက်ဆုံးတစ်ယောက်၌မူ တစ္ဆေတစ်ကောင်ကဲ့သို့ အလင်းရောင်များ ထုတ်လွှတ်နေသည့် စက်ပစ္စည်းတပ်ဆင်ထားသော မျက်လုံးများ ရှိနေ၏။
ကျန်းယဲ့ အချုပ်ခန်းထဲသို့ ခြေချလိုက်သည်နှင့် တစ်ပြိုင်နက် ထိုသူသုံးယောက်စလုံး၏ မျက်လုံးများက သူ့ထံသို့ ကျရောက်လာကြသည်။ သူတို့၏ အကြည့်များက ဖုံးကွယ်ထားခြင်းမရှိသည့် စူးစမ်းမှုများ၊ အလွန်တရာ နေရခက်စေသည့် ရန်လိုမှုများဖြင့် ပြည့်နှက်နေချေသည်။
ယောက်ျားလေးများသာ လုံးလုံးနီးပါးရှိသည့် ဤအကျဥ်းထောင်ပတ်ဝန်းကျင်၌ ကျန်းယဲ့၏ ခန့်ညားလှသည့် ရုပ်ရည်၊ အရပ်မြင့်မြင့်နှင့် ဖြူဖွေးနေသည့် အသားအရည်တို့က စိတ်ပိုင်းဆိုင်ရာ ဖောက်ပြန်နေသည့် အကျဥ်းသားအချို့အတွက်မူ ဝံပုလွေတွင်းထဲကျနေသည့် အလှလေးတစ်ယောက်ကဲ့သို့ ဖြစ်နေစေသည်။
ထိုသုံးယောက်ထဲတွင် အမာရွတ်နှင့်လူ၏ အကြည့်က အသိသာဆုံးပင်။
သူ၏ အကြည့်များက ကျန်းယဲ့အပေါ်သို့ အတားအဆီးမရှိ ကျရောက်နေပြီး မျက်လုံးများထဲ၌ မူလဗီဇနှင့် ညစ်ညမ်းလှသည့် ရမ္မက်ဆန္ဒများ ပြည့်နှက်နေ၏။ နှုတ်ခမ်းပေါ်တွင်လည်း ညစ်ညမ်းသည့် အပြုံးတစ်ခု ပေါ်လာခဲ့ပြီး အကြည့်များက ပိုပိုပြီး ရိုင်းစိုင်းလာလေသည်။
(NT- လူချောလေးတွေကို ဖိတ်ခေါ်ပါတယ်ခင်ဗျာ...)
ထိုအကြည့်.... ထိုအပြုံးက ကျန်းယဲ့အား ရုပ်ပိုင်းဆိုင်ရာအရ နေရခက်စေပြီး ရွံရှာသွားစေကာ အကြောင်းပြချက် တစ်ခုခုကြောင့် သူ၏ လက်များက ယားယံလာခဲ့ရ၏။
အမာရွတ်နှင့်လူ၏ ရွံရှာဖွယ်အကြည့်များကို လျစ်လျူရှုကာ ကျန်းယဲ့က အခန်းထဲရှိ တစ်ခုတည်းသော အလွတ်ဖြစ်နေသည့် ကုတင်ဆီသို့ တန်းတန်းမတ်မတ် လျှောက်သွားလိုက်သည်။ ထိုနေရာက အခန်း၏ အနောက်ဘက်အကျဆုံးတွင်ဖြစ်ပြီး အနံ့ဆိုးများ ထွက်ပေါ်နေသည့် အိမ်သာငယ်လေး၏ ဘေးကပ်လျက်တွင် ရှိနေသည်။
အခန်းအလယ်သို့ ရောက်သည်နှင့် တစ်ပြိုင်နက် အမာရွတ်နှင့်လူက သူ့၏ တုတ်ခိုင်လှသည့် ခြေထောက်တစ်ဖက်ကို ဆန့်ထုတ်ကာ လမ်းပိတ်လိုက်၏။
သူက ကျန်းယဲ့အား ပြုံးစိစိဖြင့် ဆက်ကြည့်နေပြီး မျက်လုံးများထဲ၌ မကောင်းဆိုးဝါးဆန်သည့် အကြံအစည်များက လျှံကျမတတ် ဖြစ်နေချေသည်။
ကျန်းယဲ့ တစ်ခုခု မတုံ့ပြန်ရသေးခင်မှာပင် စက်လက်နှစ်ဖက် တပ်ဆင်ထားသည့် လူက အရင်စကားပြောလာ၏။
"မီကာတို..."
လေသံက ရိုးရှင်းသော်ငြား သတိပေးမှုနှင့် ဟန့်တားမှု တစ်ခု ပါဝင်နေချေသည်။
မီကာတို၏ မျက်နှာကြွက်သားများ အနည်းငယ် တွန့်လိမ်သွားပြီး စက်လက်နှင့်လူအား သတိထားနေပုံပေါ်သည်။ သူက ခြေထောက်ကို မကျေမနပ်ဖြင့် ရုပ်သိမ်းလိုက်သော်လည်း သူ၏ အကြည့်များကမူ အဆိပ်ပြင်းမြွေတစ်ကောင်ကဲ့သို့ ကျန်းယဲ့အပေါ် စေးကပ်စွာ ကျရောက်နေဆဲပင်။
ကျန်းယဲ့က ခံစားချက်ကင်းမဲ့သည့် မျက်နှာဖြင့် သူ၏ ကုတင်ဆီသို့ လျှောက်သွားကာ အေးစက်နေသည့် သတ္တုနံရံကိုမှီပြီး မျက်လုံးများပိတ်လျက် အိပ်ချင်ယောင်ဆောင်နေလိုက်၏။
ထောင်စောင့်များ၏ ခြေသံများ အဝေးသို့ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်နှင့်အမျှ ဧရာမ အကျဥ်းထောင်အဆောက်အဦးကြီးတစ်ခုလုံးက ချက်ချင်း အသက်ဝင်လာသကဲ့သို့ ဖြစ်သွားပြီး အရပ်မျက်နှာအသီးသီးမှ ဆူညံသံများ၊ အော်ဟစ်သံများနှင့် ရိုက်နှက်သံများ ထွက်ပေါ်လာလေတော့သည်။
အထူးသဖြင့် မျက်နှာချင်းဆိုင်အချုပ်ခန်းမှ လက်သီးများ၊ ခြေထောက်များဖြင့် အသားကို ထိုးကြိတ်ရိုက်နှက်သည့် အသံများနှင့် သနားစရာကောင်းလှသည့် ခွင့်လွှတ်ရန် တောင်းပန်သံများ မကြာမီ ထွက်ပေါ်လာခဲ့ရာ ဖိနှိပ်ချုပ်ချယ်မှုများ ပြည့်နှက်နေသည့် ပတ်ဝန်းကျင်၏ ကြမ်းတမ်းမှုကို ပိုမိုဆိုးရွားသွားစေချေသည်။
ထိုအချိန်တွင် မီကာတိုက နောက်ဆုံး၌ ထပ်မံ၍ မထိန်းထားနိုင်တော့ဘဲ ကုတင်ပေါ်မှ ရုတ်တရက် မတ်တပ်ရပ်လိုက်၏။
ထို့နောက် နိမ့်ကျနေသည့် မျက်နှာကြက်ကိုပင် ထိလုနီးပါးဖြစ်နေသည့် သူ၏ ခန္ဓာကိုယ်ကြီးက အသားတောင်ကြီးတစ်ခုကဲ့သို့ ကျန်းယဲ့ရှေ့သို့ ရောက်လာခဲ့သည်။ သူက ကျန်းယဲ့အား ငုံ့ကြည့်နေပြီး မျက်လုံးများထဲ၌ ညစ်ညမ်းသည့် အရိပ်အယောင်များ ပိုမိုတိုးပွားလာကာ မျက်နှာတစ်ခုလုံးတွင်လည်း အောင်နိုင်သူတစ်ယောက်လို ကျယ်ပြည့်သည့် အပြုံးတစ်ခု ပေါ်လွင်နေ၏။
"ဟေ့ကောင်လေး... မင်းနာမည် ဘယ်လိုခေါ်လဲ..." သူက ကြမ်းတမ်းစွာ မေးလိုက်ပြီး သူ့လေသံတွင် အရာရာကို ထိန်းချုပ်ထားနိုင်သူတစ်ယောက်၏ အထက်စီးဆန်မှုများ ပါဝင်နေလေသည်။
ကျန်းယဲ့က မျက်လုံးမှိတ်ထားဆဲဖြစ်ပြီး မည်သည့် တုံ့ပြန်မှုမျှ မပြချေ။
သူ၏ အလျှော့မပေးသည့် သဘောထားကို မြင်သည့်အခါ မီကာတို၏ နှုတ်ခမ်းထောင့်တွင် ရက်စက်သည့် လှောင်ပြုံးတစ်ခု ကွေးတက်သွားရ၏။
"ကြည့်ရတာ ဒီအခန်းမှာ ဘယ်သူက ခေါင်းဆောင်လဲဆိုတာ နားလည်အောင် မလုပ်ပြရင် မင်းက စကားနားထောင်မယ့်ပုံ မပေါ်ဘူးပဲ။ ပြဿနာမရှိပါဘူး... ငါက မင်းလို နုနုရွရွနဲ့ မောက်မာနေတဲ့ ကောင်လေးတွေကို ဆုံးမရတာ သိပ်သဘောကျတာပဲ။ သင်ခန်းစာ နည်းနည်းလောက် ပေးလိုက်ရင် မင်းဘာသာမင်း မှတ်လောက်သားလောက် ဖြစ်သွားမှာပါ..."
ကျန်းယဲ့ မလှုပ်မယှက် ဆက်နေသည်ကို မြင်သောအခါ မီကာတို စိတ်မရှည်နိုင်တော့ချေ။ အနံ့အသက်ဆိုးများ ထွက်ပေါ်နေသည့် သူ၏ ကြမ်းတမ်းလှသော လက်ဝါးကြီးက ကျန်းယဲ့၏ ကော်လာဆီသို့ တိုက်ရိုက် လှမ်းလာကာ အပေါ်သို့ ဆွဲမရန် ရည်ရွယ်လိုက်သည်။
သို့သော် သူ လှုပ်ရှားလိုက်သည့် ထိုအခိုက်အတန့်မှာပင်..
မူလက အားအင်မရှိပုံပေါ်သည့် ကျန်းယဲ့၏ လက်များက လျှပ်စီးလက်သကဲ့သို့ ထွက်ပေါ်လာကာ မီကာတို၏ လက်ကောက်ဝတ်အား တိကျစွာ ဖမ်းဆုပ်လိုက်၏။
မီကာတို အံ့သြသွားပြီး အလိုအလျောက်ပင် လက်ကို ပြန်ရုပ်ရန် ကြိုးစားလိုက်သည်။ သို့သော် သူ အံ့အားသင့်သွားရသည်မှာ အခြားလူ၏ လက်က သံညှပ်ကြီးတစ်ခုလို ဖြစ်နေပြီး သူ မည်မျှပင် ရုန်းကန်ပါစေ တစ်လက်မမျှပင် မရွေ့လျားသွားခြင်းပင်။
နောက်တစ်စက္ကန့်၌ ကျန်းယဲ့က လက်ကောက်ဝတ်ကို လှည့်လိုက်ရာ ကျွမ်းကျင်ပိုင်နိုင်လှသည့် ကြီးမားသော အားတစ်ခု ရုတ်တရက် ပေါက်ကွဲထွက်လာ၏။
မီကာတို၏ ဧရာမခန္ဓာကိုယ်ကြီးမှာ လုံးဝထိန်းချုပ်နိုင်စွမ်းမဲ့သွားပြီး ပြင်းထန်လှသည့် တွန်းကန်အားကြောင့် လေထဲသို့ မြောက်တက်သွားကာ ကြီးမားသည့် စက်ဝိုင်းခြမ်းပုံစံ မျဥ်းကွေးတစ်ခုကို ရေးဆွဲလိုက်သကဲ့သို့ ဖြစ်သွားချေသည်။
ထို့နောက် ဘုန်းဆိုသည့် ကျယ်လောင်သော အသံကြီးနှင့်အတူ သူက ပခုံးပေါ်မှ လွှဲပေါက်ခံလိုက်ရကာ အေးစက်နေသည့် သတ္တုကြမ်းပြင်ပေါ်သို့ အရှိန်ပြင်းပြင်းဖြင့် ရိုက်ချခံလိုက်ရသည်။
ကြမ်းပြင်ကြီးသည်ပင် တုန်ခါသွားလေသည်။
ထိုလှုပ်ရှားမှုက လျှပ်တစ်ပြက်မြန်ဆန်ပြီး သေသပ်ကာ ပြတ်သားလွန်းလှသည်။
စက်လက်နှင့် လွေ့ရှီရော... စက်မျက်လုံးနှင့် ဒါးရ်ပါ နှစ်ယောက်စလုံး မှင်တက်သွားကြရသည်။ ဤအားနည်းဟန်ပေါက်နေသည့် လူသစ်လေးထံတွင် ဤမျှကြောက်မက်ဖွယ်ကောင်းသော ခွန်အားနှင့် ကျွမ်းကျင်မှုမျိုး ရှိနေလိမ့်မည်ဟု သူတို့ လုံးဝ မထင်မှတ်ထားခဲ့ကြချေ။
အခန်း ၃၆၆ပြီး၏။