← Chapters

အခန်း ၃၆၉

Vol. 37 Ch. 369

အခန်း ၃၆၉

Vol. 37 Ch. 369

အခန်း (၃၆၉) စွန့်ပစ်သတ္တုတွင်း

​အာကာသယာဉ်ပျံကြီးက အသံနိမ့်နိမ့်ဖြင့် ဟိန်းဟောက်ကာ တစ်နာရီခန့် ပျံသန်းပြီးနောက် အလွန်တရာ ကျယ်ဝန်းပြီး လူသူကင်းမဲ့နေသည့် သတ္တုတွင်းကြီးတစ်ခု၏ အစွန်အဖျား၌ တည်ငြိမ်စွာ ရပ်တန့်သွားသည်။

​ယာဉ်၏ တံခါးပွင့်သွားသည်နှင့် စက်ရုပ်ထောင်စောင့်တစ်ရုပ်က အကျဥ်းသားများအားလုံးကို အမြန်ဆင်းကြရန် အေးစက်စက် အီလက်ထရောနစ်အသံဖြင့် အမိန့်ပေးလိုက်၏။

​မြေပြင်ပေါ်သို့ ခြေချလိုက်သည်နှင့် မျက်စိတစ်ဆုံး ကျယ်ဝန်းလှသည့် သတ္တုတွင်းကြီးက သူတို့၏ မြင်ကွင်းထဲသို့ ဝင်ရောက်လာလေသည်။

​အဆုံးအစမဲ့ ရှည်လျားနေသည့် တောင်တန်းကြီးများမှာ အစိမ်းရောင် သစ်ပင်တစ်ပင်မျှပင် မရှိဘဲ ပြောင်ရှင်းနေကာ သေမင်းတမန်ကဲ့သို့ အမည်းရောင်ကြီးဖြစ်နေ၏။

​လေထဲတွင်မူ ဖုန်မှုန့်များနှင့်အတူ ကန့်နံ့သဲ့သဲ့လေးကို ရနေခဲ့သည်။

​ထို့နောက် စက်ရုပ်ထောင်စောင့်များက အကျဥ်းသားတစ်ယောက်ချင်းစီအား ရိုးရှင်းသည့် ပေါက်တူးတစ်လက်စီ ဝေပေးလိုက်သည်။

​ထိုအချိန်မှာပင် သတ္တုတွင်းအပေါ်၌ ဝဲပျံနေသည့် စောင့်ကြည့်စက်လုံးများမှနေ၍ အေးစက်စက် စည်းမျဥ်းများကို လူတိုင်းကြားနိုင်ရန် ကြေညာလိုက်၏။

​【 ညနေ ၅ နာရီမတိုင်မီ စုရပ်သို့ မဖြစ်မနေ ပြန်လာရမည်။ 】

​【 တစ်ယောက်လျှင် ကြယ်တာရာအမြုတေကျောက် ၁၀၀ ကျင်တိတိ အပ်နှံရမည်။ 】

​【 သတ္တုရိုင်းများကို ကိုယ်ပိုင်အဖြစ် သိမ်းဆည်းထားခြင်းကို တင်းကြပ်စွာ တားမြစ်ထားသည်။ စည်းကမ်းဖောက်ဖျက်သူများကို ကြိမ်ဒဏ် သို့မဟုတ် တိုက်ပိတ်ခြင်းစသည့် ပြင်းထန်သော ပြစ်ဒဏ်များ ချမှတ်မည်။ 】

​ကျန်းယဲ့က ပေါက်တူးကို ယူလိုက်ပြီး မလှမ်းမကမ်းရှိ ဒါးရ်ဆီသို့ အကဲခတ်ကြည့်လိုက်သည်။

​ဒါးရ်က ကိရိယာများ ရရှိပြီးသည်နှင့် ယုန်တစ်ကောင်လို ဦးတည်ချက်တစ်ခုဆီသို့ ချက်ချင်း ပြေးထွက်သွား၏။ အခြားသော အတွေ့အကြုံရင့် အကျဥ်းသားအများစုကလည်း အလားတူပင် ကိုယ်စီ ရင်းနှီးကျွမ်းဝင်ပြီး သတ္တုရိုင်းအထွက်ကောင်းသည့် နယ်မြေများဆီသို့ သွားနေကြသည်မှာ သိသာလှသည်။

​ကျိုးယွီဟွာက ကျန်းယဲ့အား အသံနှိမ့်၍ ပြောလိုက်လေသည်။ "ဒါရိုက်တာကျန်း... သူတို့ကို ကြည့်ရတာ သတ္တုကောင်းကောင်းထွက်တဲ့ နေရာတွေကို သိနေကြပုံပဲ..."

​ခုန်တယ်ကျွင်းကလည်း ခေါင်းညိတ်ကာ "သေချာတာပေါ့... ကိုယ့်အိမ်နောက်ဖေးလို ကျွမ်းနေကြတာ..."

​ကျန်းယန်ကျွင်းက မေးလိုက်၏။ "ဒါရိုက်တာကျန်း... ကျွန်တော်တို့ကရော ဘယ်တစ်ခုကို သွားကြမလဲ..."

​လူတိုင်းက ကိရိယာများ ရရှိပြီးသည်နှင့် အမိန့်တစ်ခုခုကို စောင့်ဆိုင်းနေသည့်အလား သူတို့၏ မျက်လုံးများက ကျန်းယဲ့ထံသို့ ကျရောက်နေခဲ့ကြသည်။

​ကျန်းယဲ့က စနစ်မှ ပေးထားသည့် မြေပုံကို ဖွင့်လိုက်ရာ သတ္တုရိုင်းများ၏ သိပ်သည်းဆကို ကိုယ်စားပြုသည့် အနီရောင်အစက်လေးများက မြေပုံတစ်ခုလုံးတွင် ပြန့်ကျဲနေသည်ကို တွေ့လိုက်ရသည်။

​သူက အနီရောင်အစက်လေးများ ထူးထူးခြားခြား များပြားနေသည့် နေရာတစ်ခုကို အလျင်အမြန်ပင် ရှာတွေ့သွားခဲ့သည်။ သို့သော် ထူးဆန်းသည်မှာ ထိုဦးတည်ချက်ဆီသို့ သွားနေသည့် အကျဥ်းသားမှာ အလွန်နည်းပါးနေခြင်းပင်။

​ကျန်းယဲ့က ထိုဦးတည်ချက်သို့ လက်ညှိုးထိုးပြကာ "ငါတို့ အဲဒီကို သွားကြမယ်..."

​ကျန်းယန်ကျွင်းက ထိုဘက်သို့ လှမ်းကြည့်လိုက်ပြီး အံ့အားသင့်စွာဖြင့် ပြောလိုက်လေသည်။ "ဒါရိုက်တာကျန်း... အဲဒီဘက်ကို သွားတဲ့လူ သိပ်မရှိပါလား။ သွားနေတဲ့လူ အများစုကလည်း သိပ်သန်မာပုံမရတဲ့ အိုမင်းမစွမ်းတွေ.... အားနည်းတဲ့သူတွေနဲ့ နာမကျန်းဖြစ်နေတဲ့ လူတွေချည်းပဲ..."

​ကျန်းယဲ့က ပြုံးကာ "ငါ့ကိုယုံ... မင်းတို့ နောင်တရမှာ မဟုတ်ဘူး..."

​ခရီးသွားငါးဆယ်က ကျန်းယဲ့အား အပြည့်အဝ ယုံကြည်ကြသဖြင့် မည်သည့်တွေဝေမှုမျှမရှိဘဲ သူ၏နောက်သို့ လိုက်ကာ မည်သူမျှ သွားချင်ဟန်မပေါ်သည့် တောင်တန်းများဆီသို့ ဦးတည်သွားလိုက်ကြသည်။

​သူတို့၏ လှုပ်ရှားမှုက ဒါးရ်၊ လွေ့ရှီ၊ မီကာတိုနှင့် အခြားသော စိတ်ဝင်စားသူများစွာ၏ အာရုံစိုက်မှုကို အလိုအလျောက်ပင် ရရှိသွားစေလေသည်။

​မီကာတိုက သူတို့ ထွက်သွားသည်ကို ကြည့်ကာ လှောင်ပြောင်လိုက်၏။ "ဒီအရူးအုပ်စုက စွန့်ပစ်သတ္တုတွင်းနယ်မြေဆီကို ပြေးသွားကြတာလား။ ဟားဟား... ဒီနေ့ သူတို့ တာဝန်ကို ပြီးအောင်လုပ်နိုင်မှာ မဟုတ်ဘူး။ အဲဒီအခါကျရင်..."

​သူက ထိုညတွင် ကျန်းယဲ့နှင့် အခြားလူများ ကြုံတွေ့ရမည့် သနားစရာကောင်းသော အဆုံးသတ်ကို ကြိုမြင်နေသည့်အလား သူ့မျက်နှာပေါ်တွင် မကောင်းဆိုးဝါးဆန်သည့် ကျေနပ်မှုတစ်ခု ပေါ်လာရသည်။

​ဒီကောင်က တိုက်ရည်ခိုက်ရည် ကောင်းတော့ရော ဘာဖြစ်လဲ။

​နံပါတ် ၁၅ အကျဥ်းထောင်ထဲမှာ ပါရမီရှင်တွေ အများကြီး ရှိတယ်လေ...

​သူက လူဆယ်ယောက်၊ အယောက်တစ်ရာ ဒါမှမဟုတ် တစ်ထောင်လောက်ကို ယှဉ်တိုက်နိုင်လို့လား။

​မီကာတို၏ လှောင်ပြောင်ဝမ်းသာနေမှုနှင့် မတူဘဲ ဒါးရ်က မျက်လုံးများကို အနည်းငယ် ကျဉ်းလိုက်ကာ စိတ်ထဲတွင် ရေရွတ်လိုက်၏။

​'ဘာလို့ သူတို့က အဲဒီဘက်ကို သွားကြတာလဲ...'

​'တခြားလူတွေနဲ့ အလုအယက် မဖြစ်ချင်လို့ ရှောင်သွားတယ်ဆိုရင်တောင် သူတို့ရဲ့ ခွန်အားတွေနဲ့ဆို အဲဒီလို လုပ်စရာမှ မလိုတာ..'

​'အဲဒီဘက်မှာ ကြယ်တာရာအမြုတေကျောက် ထွက်နှုန်းက အရမ်းနည်းတယ်ဆိုတာ သူတို့ မသိကြဘူးလား..'

​အာကာသယာဉ်ပေါ်တွင် ကျန်းယဲ့နှင့် အခြားလူများက ကြယ်တာရာအမြုတေကျောက်အကြောင်း ဘာမှမသိခဲ့ကြသည်ကို တွေးမိသောအခါ ဒါးရ်က သူတို့ တကယ်ပဲ မသိတာများလားဟု တွေးလိုက်မိသည်။

​ပတ်ဝန်းကျင်မှ အကြည့်မျိုးစုံကို လျစ်လျူရှုကာ ကျန်းယဲ့နှင့် သူ့အဖွဲ့က ပြတ်သားသည့် ရည်ရွယ်ချက်တစ်ခုဖြင့် လူအုပ်ကြီးကို ဦးဆောင်ကာ ရှေ့သို့ ဆက်သွားကြလေသည်။

​သူတို့နှင့် တစ်လမ်းတည်း သွားနေသူများမှာ အကျဥ်းထောင်၏ အနိမ့်ကျဆုံး အဆင့်မှဖြစ်ဟန်တူသည့် ဖြူဖျော့ဖျော့မျက်နှာနှင့် ဒဏ်ရာရနေသော အကျဥ်းသားများသာ ဖြစ်၏။

​ကျန်းယဲ့နှင့် သူ၏ ကြောက်မက်ဖွယ်ကောင်းလှသည့် အရှိန်အဝါကို မြင်သည့်အခါ ထိုအကျဥ်းသားများက ကြောက်ရွံ့စွာဖြင့် လမ်းဖယ်ပေးကြပြီး မည်သည့် ပဋိပက္ခကိုမျှ မဖန်တီးရဲကြချေ။

​ကျန်းယဲ့တို့အဖွဲ့ ထွက်သွားပြီးနောက် အနောက်တွင် ကျန်ရစ်ခဲ့သည့် အဆင့်နိမ့်အကျဥ်းသားများက သူတို့ ထွက်သွားရာလမ်းကို ဝမ်းနည်းဖွယ် မျက်နှာများဖြင့် ကြည့်နေကြသည်။

​အကျဥ်းသားအိုကြီး တစ်ယောက်က သက်ပြင်းချလိုက်၏။ "ဟူး... အဲဒီဘက်မှာက သတ္တုထွက်တာ နည်းနေပါပြီဆိုမှ အခုသူတို့အုပ်စုကြီးပါ သွားလိုက်တော့ ဒီနေ့ ငါတို့ ဟင်းရည်တစ်ခွက်တောင် သောက်ရဖို့ မလွယ်တော့ဘူး..."

​အခြားတစ်ယောက်ကလည်း မတတ်နိုင်သည့် လေသံဖြင့် ဝင်ပြောလိုက်သည်။ "ဟုတ်တယ်... ဒါပေမဲ့ ငါတို့ ဘာတတ်နိုင်မှာလဲ။ သူတို့က လူအင်အားလည်း များတယ်... အင်အားလည်း ကြီးတယ်လေ။ သူတို့ကို သွားရှုပ်ဖို့ ငါတို့မှ မတတ်နိုင်တာ..."

​လူတိုင်း၏ မျက်နှာပေါ်တွင် စိတ်ပျက်အားငယ်မှုများ အထင်းသား ပေါ်လွင်နေပြီး ခေါင်းငိုက်စိုက်ကျကာ သက်ပြင်းချနေကြ၏။

​ကျန်းယဲ့နှင့် သူ့အဖွဲ့က ထိုအုပ်စုကို အလျင်အမြန်ပင် အနောက်၌ အဝေးကြီးချန်ထားရစ်ခဲ့သည်။

​ထို့နောက် သူက အတော်လေး သီးခြားဖြစ်နေသည့် အမည်းရောင်တောင်တစ်လုံးရှေ့တွင် ရပ်လိုက်ပြီး ဘယ်ညာ သေချာစွာအကဲခတ်လိုက်ကာ ကျောက်တုံးများ၏ မျက်နှာပြင်ကိုပင် စမ်းသပ်ကြည့်လိုက်သည်။ ထို့နောက် အထူးသဖြင့် အမည်းရောင်ရင့်ပြီး မာကျောကာ ပြောင်ရှင်းနေသည့် တောင်တစ်လုံးကို လက်ညှိုးထိုးကာ "ဒါပဲ..." ဟု ပြောလိုက်၏။

​တောင်အနီးသို့ ချဉ်းကပ်သွားသောအခါ တောင်တစ်ခုလုံးတွင် ပုရွက်ဆိတ်တွင်းများကဲ့သို့ မရေမတွက်နိုင်သော သတ္တုတွင်းပေါက်များ ရှိနေသည်ကို တွေ့လိုက်ရသည်။ တွင်းပေါက်တစ်ခုချင်းစီတိုင်းက အဆုံးကို မခန့်မှန်းနိုင်အောင် နက်ရှိုင်းပြီး ကြောက်မက်ဖွယ်ကောင်းသည့် လေထုကို ထုတ်လွှတ်နေလေသည်။

​ခရီးသွားများမှာ မရေမတွက်နိုင်သော တွင်းပေါက်များကို မြင်ပြီး တွေဝေသွားကြ၏။

​ယန်ကျွင်းကျဲက မေးလိုက်သည်။ "ဒါရိုက်တာကျန်း... တွင်းပေါက်တွေ ဒီလောက်များတာ... ကျွန်တော်တို့ ဘယ်တစ်ခုထဲကို ဝင်ကြမလဲ..."

​ကျန်းယဲ့က စနစ်မြေပုံကို ပြန်ဖွင့်ကာ သေချာစွာ စစ်ဆေးလိုက်ပြီးနောက် အတော်လေး ကွယ်ဝှက်နေပြီး ဝင်ပေါက်ငယ်သည့် သတ္တုတွင်းတစ်ခုကို ရွေးချယ်လိုက်သည်။

​"လာ... ဒီထဲကနေ ဝင်ကြမယ်..."

​သူက ဦးဆောင်ကာ အထဲသို့ ဝင်သွား၏။

​လူအုပ်ကြီးကလည်း သူ့နောက်မှ ကပ်လျက် လိုက်ပါလာကြသည်။

​သတ္တုတွင်းထဲသို့ ဝင်လိုက်သည်နှင့် သူတို့၏ ပေါက်တူးများပေါ်ရှိ အလိုအလျောက် ချိန်ညှိပေးသည့် အလင်းရောင်များက လင်းလက်လာခဲ့သည်။

​၎င်းတို့က ရွေ့လျားနိုင်သည့် မီးသီးလေးများကဲ့သို့ဖြစ်ပြီး လူများအောက်မှ လမ်းလျှောက်သွားသည်နှင့်အမျှ လိုက်လံရွေ့လျားပေးကာ လူကိုယ်တိုင် ထိန်းချုပ်ရန် လုံးဝ မလိုအပ်ချေ။ ၎င်းတို့က အလွန်တရာ အဆင့်မြင့်ပြီး အဆင်ပြေလှ၏။

​ဒီအရာကို ဝတ်ဆင်ထားခြင်းက ကိုယ့်ခေါင်းပေါ်မှာ သယ်ဆောင်ရလွယ်ကူတဲ့ စမတ်မီးသီးလေးတစ်လုံးကို ချိတ်ဆွဲထားရသလိုပင်။

​သတ္တုတွင်း လိုဏ်ခေါင်းများက ကွေ့ကောက်နေပြီး လေထုကလည်း စိုစွတ်ကာ အေးစက်နေ၏။

​သူတို့ အထဲရောက်ပြီး မကြာမီမှာပင် အနောက်မှ အကျဥ်းသားအဖွဲ့ အနည်းငယ် ထပ်မံရောက်ရှိလာကြပြန်သည်။ ထိုအကျဥ်းသားများက ပိုမိုအတွေ့အကြုံရှိသည်မှာ သိသာလှပြီး တစ်ယောက်ချင်းစီက သူတို့နှင့် ရင်းနှီးကျွမ်းဝင်သည့် သတ္တုတွင်း လိုဏ်ခေါင်းတစ်ခုဆီသို့ တိုးဝင်သွားကြကာ အမှောင်ထုထဲ၌ အလျင်အမြန်ပင် ပျောက်ကွယ်သွားကြသည်။

​ကျန်းယဲ့က သူ့အဖွဲ့ကို ဦးဆောင်ကာ သတ္တုတွင်းထဲ၌ ဝင်္ကပါကဲ့သို့ ရှုပ်ထွေးနေသည့် လမ်းခွဲများစွာကို ဖြတ်ကျော်သွားပြီးနောက် ကျောက်တံတိုင်းတစ်ခုရှေ့တွင် ရပ်တန့်လိုက်၏။

​ထို့နောက် ကျန်းယဲ့က လှည့်ကာ လူတိုင်းကို ပြောလိုက်သည်။ "ကဲ... ဒီနေ့တော့ ဒီနေရာကနေ စတူးကြတာပေါ့..."

​လူတိုင်းက အကျဥ်းထောင်မှ ဝေပေးထားသည့် ပေါက်တူးများကို ထုတ်ကာ တူးရန် ပြင်ဆင်နေချိန်၌ ကျန်းယဲ့က သူတို့ကို တားရန် လက်မြှောက်လိုက်ပြန်သည်။ "မတူးခင်... မင်းတို့ကို ကိရိယာအသစ်တစ်ခု ပေးမယ်..."

​သူ စကားပြောနေစဥ်မှာပင် လှပသေသပ်စွာ ဖန်တီးထားသည့် ပေါက်တူးတစ်လက်က သူ၏ လက်ထဲ၌ လေဟာနယ်ထဲမှ ရုတ်တရက် ထွက်ပေါ်လာ၏။ ယင်း၏ ကိုယ်ထည်တစ်ခုလုံးက အမည်းရောင် သတ္တုရောင်ဖြင့် တလက်လက်တောက်ပနေပြီး ပေါက်တူး၏ ခေါင်းပိုင်းတွင် သိမ်မွေ့သည့် မှော်စာလုံးများကို ရေးထွင်းထားပုံရလေသည်။

​"ဒါက ငါ့ဆိုင်လေးမှာ ရောင်းတဲ့ စွမ်းဆောင်ရည်မြင့် သတ္တုတူးပေါက်တူးပဲ။ အကျဥ်းထောင်က ဝေပေးထားတဲ့ဟာတွေထက် အများကြီး ပိုကောင်းတယ်။ သတ္တုတူးတဲ့နေရာမှာ ပိုမြန်ပြီး အားစိုက်ရတာလည်း သက်သာတယ်။ မင်းတို့ ဝယ်ချင်ကြလား..." ကျန်းယဲ့က ပြုံးကာ မေးလိုက်၏။

​ဒါက မေးစရာလိုသေးလို့လား.....

​လူတိုင်းက တက်ကြွစွာ တုံ့ပြန်လိုက်ကြပြီး ကျန်းယဲ့ထံမှ ပေါက်တူးအသစ်များကို ဝယ်ယူလိုက်ကြသည်။

​လူတိုင်း ပစ္စည်းအသစ်များ ပြောင်းလဲတပ်ဆင်ပြီးသွားသည့်အခါ ကျန်းယဲ့က နောက်ထပ် စိတ်လှုပ်ရှားဖွယ် ကြေညာချက်တစ်ခုကို ချပြလိုက်၏။ "ဒီနေ့ အားလုံး ပိုတူးလို့ရတယ်။ သတ်မှတ်ထားတဲ့ ၁၀၀ ကျင်ထက် ပိုသွားရင်လည်း စိတ်မပူနဲ့။ ပိုနေတဲ့ သတ္တုရိုင်းတွေကို ငါ့ဆီ အပ်ထားခဲ့လို့ရတယ်... မင်းတို့အတွက် ငါ ပြန်သယ်သွားပေးမယ်..."

​ယင်းကို ကြားသည်နှင့် လူတိုင်း၏ မျက်လုံးများက ချက်ချင်း အရောင်လက်သွားကြရသည်။

​ဒီကြယ်တာရာခရီးစဥ်မှာ သူတို့က ထောင်ထဲရောက်ပြီး ဘာအကျိုးအမြတ်မှ မရဘဲ ပြီးသွားလိမ့်မည်ဟု အစက ထင်မှတ်ထားခဲ့ကြတာ မဟုတ်ပါလော။

​ယခု၌ မထင်မှတ်ထားဘဲ အခြေအနေက ကောင်းမွန်တဲ့ဘက်ကို ပြောင်းလဲသွားချေပြီ။

​ဒါရိုက်တာကျန်းက သူတို့ကို ဒေသထွက်ကုန်တွေ အိမ်ပြန်သယ်သွားနိုင်အောင် ကူညီပေးနိုင်သည်မဟုတ်လော။

​ယင်းက လူတိုင်း၏ စိတ်အားထက်သန်မှုကို အပြည့်အဝ တောက်လောင်သွားစေခဲ့သည်။

​ထို့နောက် သူတို့ တစ်ယောက်ချင်းစီ နေရာယူလိုက်ကြပြီး အသစ်စက်စက် စွမ်းဆောင်ရည်မြင့် ပေါက်တူးများကို ကိုင်ဆောင်ကာ မာကျောလှသည့် ကျောက်နံရံများကို စတင်ထုခွဲကြလေတော့သည်။

​နောက်ခဏ၌ သတ္တုတူးသည့် ချွင်... ချွင်...အသံများက နက်ရှိုင်းလှသည့် သတ္တုတွင်း လိုဏ်ခေါင်းထဲ၌ ပဲ့တင်ထပ်ကာ ​ထွက်ပေါ်လာချေသည်။

အခန်း ၃၆၉ပြီး၏။

All Chapters