← Chapters

အခန်း ၁

Vol. 1 Ch. 1

အခန်း ၁

Vol. 1 Ch. 1

Ch-1

“မိန်းမငယ်လေး ဒီဘက်ကို လာစမ်းပါ၊ ဘာပဲဖြစ်ဖြစ် နင့်ယောကျ်ားကလည်း သေသွားပြီပဲ၊ ငါ့နောက်ကိုပဲလိုက်ခဲ့စမ်း”

ထိုသူပြောလိုက်သည်။ လင်းယွဲ့ မျက်လုံးပွင့်လာချိန်တွင် မြင်လိုက်ရသည်မှာ လက်နှစ်ဖက်ကို ပွတ်သပ်လျက် သူမထံတဖြည်းဖြည်းချဥ်းကပ်လာသော အမျိုးသားတစ်ဦးကို မြင်လိုက်ရသည်။

သူ့မျက်နှာပေးမှာ စပ်ဆုပ်ရွံရှာဖွယ်ကောင်းပြီး စူးရဲရဲမျက်လုံးများဖြင့်စိုက်ကြည့်လျက်ရှိသည်။ ညိုမည်းနေသောမျက်နှာထက်တွင် အရေးကြောင်းများမှာ အထင်းသားပေါ်နေလေ၏။ သူ့သွားများမှာလည်း ကျိုးနေသေးသည်။

သူ့မျက်နှာပေါ်မှာ ကာမရမ္မက်ဇောကြွနေဟန်ကို မြင်တွေ့လိုက်ရချိန်တွင် လင်းယွဲ့ရင်ထဲ၌ ရွံရှာလွန်းသဖြင့် ချမ်းစိမ့်သွားရကာ အော်ဟစ်လိုက်သော်လည်း သူမအသံမှာ အားအင်ချည့်နဲ့လျက်ရှိသည်။

“ထွက်သွားစမ်း”

အားတင်းပြီးထရပ်ရန် ကြိုးစားလိုက်ချိန်တွင် အမြင်အာရုံသည်ဝေဝါးသွားပြီး လဲကျသွားလေ၏။ ခုတင်ပေါ်မှ ဆင်းလိုက်သည်နှင့် ခြေထောက်တို့မှာ ပျော့ခွေနေပြီး မြေပြင်ပေါ်သို့ပင်မရပ်နိုင်တော့ပေ။

“ငါ နင့်ကိုကောင်းကောင်းထားမှာပါ”

တာ့ဟွမ်ယာက အရှက်မရှိသောမျက်နှာပေးဖြင့် လင်းယွဲ့လက်ကို ဆုပ်ကိုင်လိုက်သည်။ သူ့လက်ချောင်းများမှာ ညစ်ပေနေပြီး လက်သည်းကြားတွင်လည်း ဂျီးများဖြင့်ပြည့်နှက်နေ၏။

သူသည်ခုတင်ပေါ်သို့တက်ရန် ပြင်လိုက်ချိန်တွင် သူမအားတင်း၍အော်လိုက်၏။

‘’ဝေးဝေးသွားစမ်း’’

လင်းယွဲ့သည်အသိစိတ်ဖြင့် ရှောင်တိမ်းရန် ကြိုးစားသော်လည်း ဘယ်ဘက်သို့ခြေတစ်လှမ်းတိုးလိုက်သည်နှင့် ဦးခေါင်းတစ်ခုလုံး မူးနောက်သွားရသည်။

ခန္ဓာကိုယ်မှ အားအင်ချည့်နဲ့မှုကြောင့် သူမသည် မတ်တပ်ရပ်နိုင်ရန်ပင် ခဲယဉ်းနေတော့သည်။

တာ့ဟွမ်ယာသည် သူမလက်နှစ်ဖက်ကို အလွယ်တကူပင် ဖမ်းချုပ်လိုက်လေသည်။

‘မဖြစ်ဘူး’

သူမသည်မျက်လုံးများဝေဝါးနေသည်ကိုအံတုရင်း ပတ်ဝန်းကျင်အားကြည့်ရှုကာ တာ့ဟွမ်ယာကို တားဆီးရန်နည်းလမ်းရှာဖွေနေသည်။

သူမရောက်ရှိနေသည့်နေရာမှာ

ထရံတို့ဖြင့်ပြုလုပ်ထားသော စုတ်ပြတ်နေသည့် တဲအိုလေးတစ်လုံးဖြစ်ပြီး သက်ငယ်မိုးထားသော အမိုးထက်မှ မိုးရေတို့မှာ တစ်စက်စက်ကျနေသည်။

ပြတင်းပေါက်ကို စက္ကူတစ်ချပ်ဖြင့် ကပ်ထားသော်လည်း အပေါက်ကြီးမှာပြဲနေပြီး အပြင်ဘက်တွင် မိုးသည်းထန်စွာ ရွာသွန်းနေသည်ကိုတွေ့လိုက်ရသည်။

အိပ်ခန်းကြမ်းပြင်မှာလည်း ရွှံ့စေးများဖြင့်ရှုပ်ပွနေပြီး အဝင်ဝတွင် တံခါးချပ်ပင်မရှိချေ။ ဤသို့သောအခြေအနေမျိုးတွင် သန်းခေါင်ယံ၌ လူတစ်ဦးအလွယ်တကူ ကျူးကျော်ဝင်ရောက်နိုင်သည်မှာ မဆန်းတော့ပေ။

“ဘုရားရေ”

ငါဘယ်လိုလုပ်ပြီး ဒီကိုရောက်နေရတာလဲဟု တွေးမိနေသည်။

သူမ စဥ်းစားချိန်မရပေ။ တာ့ဟွမ်ယာလက်များက သူမအနားသို့ ချဥ်းကပ်လာကာ လှဲချရန်ကြိုးစားတော့သည်။

ရုတ်တရက် လင်းယွဲ့သည် တံခါးဝတွင် မတ်တပ်ရပ်နေသော ကလေးငယ်တစ်ဦးကိုမြင်လိုက်ရသည်။

“ကယ်...ကယ်ပါဦး!”

သူမတွင် အားအင်မရှိသဖြင့် နှုတ်ခမ်းလှုပ်ရုံမျှ အကူအညီတောင်းခံလိုက်သည်။

ကံကောင်းထောက်မစွာဖြင့် ကလေးငယ်သည်နားလည်သွား၏။

သူသည် ထင်းတုတ်တစ်ချောင်းကို ဆုပ်ကိုင်ကာချဥ်းကပ်လာပြီး တာ့ဟွမ်ယာ၏ခေါင်းကို အားကုန်လွှဲရိုက်ချလိုက်သည်။

လင်းယွဲ့သည် တာ့ဟွမ်ယာလဲကျသွားသည်ကို မြင်တွေ့ရသဖြင့် သက်ပြင်းချနိုင်သွားသည်။ သို့သော် ထိုစိတ်သက်သာရာရမှုမှာ ကြာရှည်မခံလိုက်ပေ။

တာ့ဟွမ်ယာသည် ခေါင်းကိုပွတ်ကာထလာပြီး ကလေးငယ်ကိုစိုက်ကြည့်လျက် ကောင်လေးဆံပင်ကိုဆောင့်ဆွဲကာ သူ့လက်ထဲရှိတုတ်ကိုလု၍ ရက်ရက်စက်စက်ရိုက်နှက်တော့၏။

“တောက် ဒီကောင်စုတ်လေးပဲ၊ မင်း သေချင်နေတာလား”

“အား”

ကောင်လေး၏အော်ဟစ်သံမှာ အလွန်ပင် သနားစရာကောင်းလှသည်။ နှစ်ချက်သုံးချက်ရိုက်ပြီးနောက် ကောင်လေး၏အသံအား မကြားရတော့ပေ။ သူမကြည့်လိုက်ချိန်တွင် ကြမ်းပြင်ပေါ်၌ သတိလစ်လဲကျနေသော ကောင်လေးကို တွေ့လိုက်ရသည်။

ထိုခဏအတွင်းမှာပင် လင်းယွဲ့သည် အင်အားအနည်းငယ်ပြန်လည်ရရှိလာသည်။ အရေးပေါ်အခြေအနေတွင် အားကုန်နေသော ဘက်ထရီက တစ်ရာခိုင်နှုန်းခန့် ပြန်လည်တက်လာသကဲ့သို့ပင်။ သေရေးရှင်ရေးကြုံတွေ့နေရသောအချိန်တွင် သူမအားအင်ချည့်နဲ့နေသော ခန္ဓာကိုယ်မှ ခွန်အားများသည် ရုတ်တရက်သန်မာလာသည်။

“ပြေး”

ရှိသမျှအားအင်နှင့် အပြင်သို့ပြေးထွက်သွားပြီး ကယ်တင်မည့်သူကို ရှာဖွေတော့သည်။

သို့သော် ခြေလှမ်းအနည်းငယ်အတွင်း တာ့ဟွမ်ယာသည် သူမကိုပြန်လည် ဖမ်းမိသွားပြန်၏။ သူတို့နှစ်ဦးကြားရှိ အင်အားမှာ ဆင်နှင့် ပုရွက်ဆိတ်ကဲ့သို့ ကွာခြားလွန်းသည်။ ကြမ်းပြင်မှာလည်းချောကျိနေ၏။ လင်းယွဲ့သည် အကြမ်းပတမ်း ဆွဲချခံလိုက်ရပြီး ကောင်လေးဘေးတွင်လဲကျသွားရသည်။

“ဟီးဟီး ကိစ္စမရှိပါဘူး၊ ဒါကပိုတောင် ကောင်းသေးတယ်”

တာ့ဟွမ်ယာက သူမပေါ်သို့တက်လာသည်။

“ထွက်သွားစမ်း”

“ဘယ်တော့မှ မဖြစ်စေရဘူး”

ဤကဲ့သို့ လူ့တိရိစ္ဆာန်လူမျိုးကို အနိုင်ကျင့်ခွင့်မပေးနိုင်ချေ။

လင်းယွဲ့မျက်လုံးသည် တာ့ဟွမ်ယာပစ်ချထားသော ထင်းတုတ်ကိုလှမ်းမြင်လိုက်ရသည်။

သူမလက်ချောင်းများမှာ တဖြည်းဖြည်း ချဥ်းကပ်သွားပြီး တုတ်ကိုဆုပ်ကိုင်ကာ အားကုန်လွှဲရိုက်ချလိုက်တော့သည်။

“မင်း”

နောက်တစ်ချက်

နောက်ထပ် တစ်ချက်

တစ်ချက်ပြီးတစ်ချက် သူမသည် သတိလက်လွတ်ဖြစ်နေပြီး ဆက်တိုက်ရိုက်နှက်နေသည်။ တာ့ဟွမ်ယာသည် ငါးအသေတစ်ကောင်ကဲ့သို့ ငြိမ်ကျသွားသည့်တိုင်အောင် သူမသတိပြန်မဝင်သေးချေ။ တော်တော်ကြာမှသာ သူမ သတိပြန်ဝင်လာသည်။

သူမသည် တာ့ဟွမ်ယာအောက်မှ အားကုန်ရုန်းထွက်လိုက်ရသည်။ လင်းယွဲ့သည် တာ့ဟွမ်ယာနှာခေါင်းအောက်တွင် လက်ကိုစမ်းကြည့်ရာ အသက်မရှုူတော့သည်ကို သိလိုက်လိုက်ရ၏။

သူမစိတ်ထဲတွင် ကြောက်စိတ်နှင့် ဝမ်းနည်းခြင်းတို့ ပြည့်နှက်သွားသည်။ သူမသည်ခုတင်ဘေးသို့ တွားသွားရင်း စိတ်ကိုငြိမ်အောင် ထားလိုက်ရသည်။

ဤအချိန်တွင် မှတ်ဉာဏ်များမှာ တဖြည်းဖြည်း ပေါ်ထွက်လာသည်။

ဤနေရာမှာ တယုံမင်းဆက်ဖြစ်ပြီး နည်းပညာနှင့် စီးပွားရေးမှာ မင်မင်းဆက်နှင့် ဆင်တူသည်။

မူလပိုင်ရှင်၏အမည်မှာလည်း လင်းယွဲ့ပင်ဖြစ်သည်။ သူမသည်မြို့တော်ရှိ ‘ထျန်းရှန်း’ စားသောက်ဆိုင်ပိုင်ရှင်၏ တစ်ဦးတည်းသောသမီးဖြစ်သည်။ သူမကို မွေးဖွားစဉ်၌ မိခင်ဖြစ်သူကွယ်လွန်သွားခဲ့၏။ ဖခင်ဖြစ်သူသည် သူမကိုအလွန်တရာအလိုလိုက်ခဲ့ပြီး နောက်အိမ်ထောင်လည်းမပြုခဲ့ပေ။ သို့သော် ဖခင်ဖြစ်သူကွယ်လွန်သွားသောအခါ သူမဦးလေးဖြစ်သူသည် အမွေများကိုသိမ်းပိုက်၍ သူမကိုရောင်းစားရန် ကြံစည်တော့သည်။

မူလက ပြည့်တန်ဆာရုံသို့ရောင်းစားခံရမည်ဖြစ်သော်လည်း မူလပိုင်ရှင်သည် အရူးလုပ်၍ ထွက်ပြေးခဲ့သည်။ ဝေးလံသော တောင်ပေါ်ရွာလေးတစ်ရွာသို့ ရောက်ရှိလာပြီးနောက် ထိုမိသားစုမှ အမျိုးသားတစ်ဦးက သူမကိုဝယ်ယူခဲ့သည်။ ထိုအမျိုးသား၏အမည်မှာ ကုချိုင်ဖြစ်ပြီး မိဘမရှိဘဲမောင်နှမများသာရှိသည်။ သူသည်အမဲလိုက်၍ အသက်မွေးသူဖြစ်သော်လည်း လင်းယွဲ့အပေါ် မဆိုးလှပေ။ သို့သော် မူလပိုင်ရှင်မှာ ဘဝ၏ရုတ်တရက် အပြောင်းအလဲကို မခံစားနိုင်သဖြင့် သူ့အပေါ် အလွန်စိမ်းကားသောကြောင့် သူတို့နှစ်ဦးကြားတွင် လင်မယားဆက်ဆံရေးမရှိခဲ့ချေ။

ထိုစဉ်က စစ်ပွဲများဖြစ်ပွားနေသဖြင့် ကုချိုင်သည် စစ်ထဲသို့အတင်းအဓမ္မ ခေါ်ဆောင်ခြင်းခံရကာ လင်းယွဲ့နှင့်သူ့မောင်နှမငယ်များသာ ကျန်ရစ်ခဲ့သည်။ ထိုအချိန်မှစ၍ ဟွမ်ရှီးရွာရှိ လူပျိုကြီးအချို့မှာ သူတို့ကိုအနိုင်ကျင့်ရန် ကြံစည်လာကြသည်။ မူလပိုင်ရှင်မှာ အိမ်ထဲ၌သာ ပုန်းအောင်းနေခဲ့ရရှာသည်။

မမျှော်လင့်ဘဲ လွန်ခဲ့သောရက်ပိုင်းက ကုချိုင် စစ်မြေပြင်တွင် သေဆုံးသွားပြီဖြစ်ကြောင်း သတင်းရောက်ရှိလာသည်။

ထို့ကြောင့် ရွာသားအချို့မှာ လှုပ်လှုပ်ရှားရှားဖြစ်လာကြပြီး နှစ်ရက်အကြာတွင် တာ့ဟွမ်ယာသည် တိတ်တဆိတ် ခိုးဝင်လာ၏။ လင်းယွဲ့မှတ်ဉာဏ်ထဲတွင် တာ့ဟွမ်ယာအကြောင်းမှာပေါ်လာသည်။

သူသည် ရွာထဲမှာအလုပ်မရှိ လိုက်လံနှောင့်ယှက်တတ်သော လူပျိုကြီးဖြစ်ပြီး လူတိုင်းကရွံရှာကြသည်။ သို့သော် သူ့တွင်ညီအစ်ကိုငါးယောက်ရှိပြီး တစ်မိသားစုလုံးမှာ လူမိုက်များဖြစ်ကြသည်။

ထိုရွာတွင် သားသမီးများပြားခြင်းမှာ အင်အားကြီးမားခြင်းကို ကိုယ်စားပြုသဖြင့် ရွာသားများမှာ သူတို့ကိုဝေးဝေးမှ ရှောင်ကြသည်။ ထို့အပြင် ဟွမ်ရှီးရွာရှိ လူအများစုမှာ ဟွမ်မျိုးရိုးများဖြစ်ကြပြီး လင်းယွဲ့တို့မှာ လူစိမ်းများဖြစ်နေလေသည်။

‘တစ်ကယ်လို့ တစ်ခုခုဖြစ်ခဲ့ရင် ပြဿနာပဲ၊ ငါပြေးမှဖြစ်မယ်’

လင်းယွဲ့သည် မြေကြီးပေါ်ရှိကလေးငယ်ကိုကြည့်လိုက်သည်။

သူသည် ကုချိုင်၏ညီဖြစ်ပြီး ကုတန်ဟုသာ ခေါ်ကြသည်။

သူသည် အသက်ရှူနေဆဲပင်။

“ယောင်းမ ယောင်းမ"

ထိုစဉ် အသက် ၃-၄ နှစ်အရွယ် ပိန်လှီနေသော ကလေးမလေးတစ်ဦးသည် တံခါးဝမှ ချောင်းကြည့်နေသည်။ ဖြူဖျော့နေသော သူမမျက်နှာမှာ အားအင်မရှိသည်ကို အထင်းသားမြင်နေရသည်။

“အစ်ကို”

သူမငိုသံမှာ အလွန်တရာတိုးတိမ်လှသည်။ သူမသည် ကုတန်ထံသို့ပြေးဝင်လာသော်လည်း တာ့ဟွမ်ယာကိုမြင်လိုက်ရသောအခါ ကြောက်လန့်တကြား နောက်ဆုတ်သွားသည်။

“ယောင်းမ ဘာ...ဘာလုပ်ကြမလဲ”

“ငါ”

လင်းယွဲ့ စကားပြောရန်ကြိုးစားသော်လည်း အားအင်များ ကုန်ခမ်းသွားသဖြင့် မူးဝေလာပြန်သည်။

‘ဆာလောင်မှု’

ဗိုက်ဆာလွန်းသဖြင့် မူးဝေလာသည်။

“စားစရာ....”

ကလေးမလေးသည် ခေါင်းညိတ်၍ မီးဖိုချောင်ထဲသို့ ချက်ချင်းပြေးဝင်သွားသည်။ သူမ ပြန်လည်ရောက်ရှိလာချိန်တွင် လက်ထဲ၌မာကျော၍ ညိုမည်းနေသော ပေါင်မုန့်လုံးတစ်ဝက်ကိုကိုင်လာပြီး လင်းယွဲ့ပါးစပ်ထဲသို့ အတင်းအဓမ္မထည့်ပေးသည်။

“ယောင်းမ မြန်မြန်စားပါ”

လင်းယွဲ့သည် ဘာကိုမျှဂရုမစိုက်နိုင်တော့ဘဲ ချက်ချင်းပင် ဝါးစားလိုက်သည်။ အနည်းငယ်ဗိုက်အဆာပြေလာမှ ပါးစပ်အတွင်းရှိ ချဉ်စုတ်စုတ် အရသာကို သတိပြုမိတော့သည်။

“နင့်အစ်ကိုရော”

ကောင်မလေးက မျက်ရည်များဖြင့် လင်းယွဲ့ကိုကြည့်လာသည်။

“သမီး အဖိုးပိုင်ကို သွားခေါ်လိုက်မယ်”

ကောင်လေးမှာ အင်္ကျီမပါသဖြင့် သူ့ကိုယ်ပေါ်ရှိ ဒဏ်ရာများကို အထင်အရှားမြင်တွေ့နေရသည်။ နံရိုးတစ်ဝိုက်တွင် ညိုမည်းစွဲနေသော ဒဏ်ရာများကိုထင်းတုတ်ဖြင့် ရိုက်နှက်ခံထားရခြင်းဖြစ်၏။ သေစေနိုင်သော နေရာများတော့ မဟုတ်ပေ။

“မသွားနဲ့”

အဖိုးပိုင်မှာ ဤရွာရှိသမားတော်ဖြစ်သည်။ ဤနေရာရှိ လူတိုင်းမှာ ဆွေမျိုးတော်စပ်ကြသူများသာ ဖြစ်၏။ အကယ်၍ တာ့ဟွမ်ယာ သေဆုံးနေသည်ကို သူမြင်တွေ့သွားပါက သူတို့အားလုံးဒုက္ခရောက်ပေတော့မည်။

လင်းယွဲ့သည် ကုတန်မျက်နှာကို အသာကိုင်ကာပြောလိုက်သည်။

“ကုတန် သတိထားဦး”

ကုတန်မျက်လုံးများဖြည်းဖြည်းချင်း ပွင့်လာပြီး လေသံတိုးတိုးဖြင့်ပြောလာသည်။

“မရီး... ညီမလေး...”

လင်းယွဲ့ သက်ပြင်းချကာပြောလိုက်သည်။

“တာ့ဟွမ်ယာ သေသွားပြီ၊ ငါတို့ပြေးမှဖြစ်မယ်၊ ရွာသားတွေသိသွားရင် ငါတို့ကို အာဏာပိုင်တွေဆီအပ်တာ ဒါမှမဟုတ် ဝိုင်းသတ်ကြလိမ့်မယ်”

ကုတန်သည် ခေါင်းကိုကိုင်လျက် အားယူ၍ ထထိုင်လိုက်သည်။

“သေ... သေပြီလား”

ကောင်မလေး၏မျက်လုံးများ ပြူးသွားပြီး မျက်နှာမှာ ပို၍ဖြူဖျော့သွားသည်။

“ဒါဆို ဘာလုပ်ကြမလဲ”

မူလပိုင်ရှင်၏အခြေအနေအရ အရွယ်မရောက်သေးသော မောင်နှမငယ်များရှိသည့် အမျိုးသမီးတစ်ဦးမှာ မည်သူမဆို အနိုင်ကျင့်နိုင်သည့် ပစ်မှတ်ဖြစ်နေသည်။ မုဆိုးမအိမ်ရှေ့ပြဿနာတို့ ကင်းဝေးသည်ဟူ၍မရှိပေ။ အမျိုးသားမရှိ၊ မိသားစုအကာအကွယ်မရှိဘဲ ဤကဲ့သို့သော ရှေးခေတ် လူ့အဖွဲ့အစည်းတွင် ရှင်သန်ရန်မှာ အလွန်ပင်ခက်ခဲလှသည်။ သူတို့မှီခိုအားထားရမည့်သူ တစ်ဦးဦးကိုရှာဖွေရပေမည်။

“နင်တို့မှာ တခြားအမျိုးတွေရှိသေးလား၊ ဘယ်မှာနေကြလဲ”

ထိုစဉ် လင်းယွဲ့စိတ်ထဲ၌ မြင်ကွင်းတစ်ခု လင်းလက်လာသည်။ ၎င်းမှာ ရေခဲသေတ္တာတစ်လုံးပင်ဖြစ်သည်။

All Chapters