အခန်း ၂
Vol. 1 Ch. 2
Ch-2
တံခါးသုံးပေါက်ပါသော အဖြူရောင်ရေခဲသေတ္တာကြီး၏ မျက်နှာပြင်ထက်တွင် ရောင်စုံရေခဲသေတ္တာကပ်အလှဆင်ပစ္စည်းလေးများ စီတန်းနေသည်။
‘ဒါ... ငါ့ရဲ့ရေခဲသေတ္တာပဲ’
‘ငါ့နဲ့အတူ ပါလာခဲ့တာလား’
ခေတ်သစ်ကမ္ဘာမှာတုန်းက သူမသည် အစားအသောက်ဘလော့ဂါတစ်ယောက်ဖြစ်ပြီး ဤရေခဲသေတ္တာထဲလည်း သူမအနှစ်သက်ဆုံးသော အစားအစာများကို အပြည့်အသိပ် ထည့်ထားခဲ့ခြင်းဖြစ်သည်။
အအေးခန်းထဲ၌ဆိုလျှင် ကိုကာကိုလာ၊ စပရိုက်၊ ဖန်တာအစရှိသည့် အချိုရည်များသာမက သစ်သီးဝိုင်နှင့် အရက်ဖြူပုလင်းများပါ ရှိနေသည်။ ဟင်းခတ်အမွှေးအကြိုင်များဖြစ်သည့် ခရုဆီ၊ သကြားဖြူ၊ ဟင်းခတ်မှုန့်၊ ပဲငပိရည်၊ ကိုရီးယား ငရုတ်သီးနှစ်၊ ကင်ချီ၊ ချိုစပ်ဆော့စ်၊ စီချွမ်ငရုတ်ဆီနဲ့ ဟင်းခတ်မှုန့်မျိုးစုံကလည်း နေရာအပြည့်ယူထားကြသည်။
အသီးအရွက်ထည့်သည့်အခန်းတွင်တော့ အပတ်စဉ်ဝယ်ယူထားသော လတ်ဆတ်သည့် ဟင်းနုနွယ်၊ အာလူး၊ ကန်စွန်းဥ၊ ဖရုံသီး၊ ငရုတ်သီးနဲ့ ကြက်ဥများက အစီအရီ၊ သစ်သီးဝလံတွေဖြစ်သည့် ဖရဲသီး၊ သလဲသီး၊ ချယ်ရီသီး၊ ဆောင်းသီး၊ လိမ္မော်သီး၊ ဟာမီဖရဲသီး၊ ငှက်ပျောသီးနှင့် မက်မွန်သီးများကလည်း လတ်ဆတ်မှုအပြည့်ရှိနေတုန်းပင်။ ဤအရာအားလုံးမှာ သူမ၏ပစ္စည်းစုဆောင်းတတ်သည့် အလေ့အထကြောင့်ဖြစ်ပြီး ရေခဲသေတ္တာထဲ အစားအသောက်များပြည့်နေမှသာ သူမ စိတ်လုံခြုံမှုကို ခံစားရလေ့ရှိသည်။
အအေးခန်းထဲမှာတော့ ပို၍တောင် စုံလင်သေးသည်။ သူမသည် အစားအသောက်အပေါ် အလွန်တရာစေ့စပ်သေချာသူဖြစ်ရာ အသားဟူသမျှ အွန်လိုင်းမှမှာယူထားသော ပရီမီယံအသားများချည်းပင်။
ကိုဘေးအမဲသား၊ ဩစတေးလျ ဝဂ်ယူအမဲသား၊ ဝက်ပခုံးသား၊ ရှင်ကျန်းသိုးနံရိုးနှင့် တောင်ပေါ်၌မွေးမြူထားသော တောကြက်သားများကို တစ်နပ်စာစီ သေချာထုပ်ပိုးထား၏။
ဤမျှတင်မကသေး။ ဘော့စတွန် ပုစွန်ထုပ်ကြီးများ၊ ရေချိုပုစွန်၊ ပင်လယ်မျှော့၊ ငါးဥ၊ ပြည်ကြီးငါး၊ တူနာငါးနှင့် အခြားသောဂျပန်အစားအစာ ကုန်ကြမ်းများလည်းရှိနေသည်။ အသင့်စား စတိတ်အသားပြားများ၊ ဖက်ထုပ်များ၊ ခေါက်ဆွဲ၊ ဆန်မုန့်လုံး၊ ဝမ်တန်၊ ကြက်သွန်မြိတ်ကိတ်နှင့် ဘေကွန်များကလည်း အပြည့်အသိပ်ပင်။
ကတ်စတိုမှဝယ်ထားသည့် ရေခဲမုန့်ပုံးကြီး၊ ဘလူးဘယ်ရီသီးများနှင့် ထောပတ်များကလည်း နေရာယူထားသည်။
ယခင်ကတော့ သူမသည်ပစ္စည်းများကို ဝယ်ပြီး သေချာမစီဘဲရေခဲသေတ္တာထဲ စုပြုံထည့်တတ်သူဖြစ်သည်။ ယခုမူ သူမသည် စိတ်အာရုံထဲတွင် ထိုပစ္စည်းတွေကို တစ်ခုချင်းစီလိုက်လံစစ်ဆေးရင်း ပစ္စည်းတစ်ခုစီကိုမြင်တွေ့တိုင်း အတိုင်းမသိပျော်ရွှင်နေသည်။
“ဒီပစ္စည်းတွေသာရှိရင် အနည်းဆုံးတော့ ငါငတ်မသေတော့ဘူး၊ ငါ့ရဲ့အရင်အလုပ်အတိုင်း စားသောက်ဆိုင်တောင် ပြန်ဖွင့်လို့ရသေးတယ်”
သူမနှလုံးသားထဲတွင် အလွန်တရာပျော်ရွှင်နေသည်။ လင်းယွဲ့သည် မစင်တွင်းထဲကျသွားသဖြင့် အလွန်ကံဆိုးလှပြီဟု မှတ်ယူထားရာမှ တွင်းဘေး၌ ရွှေခဲကြီးကို မမျှော်လင့်ဘဲတွေ့လိုက်ရသူကဲ့သို့ ပျော်ရွှင်နေမိသည်။
သူမသည် ညာဘက်လက်ကို နောက်ပစ်ထားရင်း ရေခဲသေတ္တာထဲရှိပစ္စည်းများအား အပြင်ထုတ်၍ရမရ စမ်းသပ်ကြည့်လိုက်သည်။
သို့သော် သူမစိတ်အာရုံကထိတွေ့လိုက်သော ပစ္စည်းတိုင်းမှာ ဝေဝါးနေပြီး အပြင်သို့ထုတ်ယူ၍မရနိုင်ဖြစ်နေသည်။
“ဘာဖြစ်တာလဲ”
စိုးရိမ်စိတ်များ တဖန်မြင့်တက်လာပြန်သည်။
[သင် ကူးပြောင်းရောက်ရှိလာပါပြီ။ ရေခဲသေတ္တာနှင့် ဝိညာဉ်ချိတ်ဆက်ပြုလုပ်လိုပါသလား]
‘ဝိညာဥ်ချိတ်ဆက်ရမယ် ဟုတ်လား၊ ဒါပေါ့’
[လုပ်မယ် လုပ်မယ်၊ အခုချက်ချင်း ချိတ်ဆက်ချင်တယ်]
လင်းယွဲ့ စိတ်ထဲမှနေ အလောတကြီး အော်ဟစ်လိုက်သည်။
[ချိတ်ဆက်ခြင်း ပြီးမြောက်ပါပြီ၊ ရေခဲသေတ္တာကို အသုံးပြုနိုင်ပါပြီ၊ ရေခဲသေတ္တာထဲမှ သင်ယူဆောင်လိုသော မည်သည့်ပစ္စည်းကိုမဆို ရွေးချယ်ပါ]
လင်းယွဲ့တစ်ယောက် ကြောင်တောင်တောင် ဖြစ်သွားသည်။ သို့သော် ဤအရာကစနစ်တစ်ခုဖြစ်မှန်း သိလိုက်သဖြင့် နောက်မှသာ အသေးစိတ်လေ့လာရန် ဆုံးဖြတ်လိုက်သည်။ အခုလောလောဆယ်တော့ သူမ ဗိုက်ဆာလွန်းလို့ သေတော့မည်ဖြစ်ရာ မြန်မြန် တစ်ခုခုစားမှဖြစ်မည်။
အကယ်၍ သူမတစ်ယောက်တည်းသာဆိုလျှင် အေးခဲခန်းထဲရှိအကောင်းစား အသားတွေကို ချက်ချင်းထုတ်ယူမိမှာ သေချာသည်။ သို့သော် သူမထံမောင်လေးတစ်ယောက်နှင့် ညီမလေးတစ်ယောက်ရှိသေး၏။
ယခုအချိန်တွင် သူတို့အကြောင်းကို သေချာမသိသေးဘဲ သူမလျှို့ဝှက်ချက်ကို ထုတ်မပြသင့်သေးပေ။ ၎င်းအပြင် ဤရှေးဟောင်းခေတ်တွင် ထင်းရှာရန် ခက်ခဲသလို မီးမွှေးလိုက်လျှင်လည်း ထွက်လာမည့်အနံ့အသက်နှင့် မီးခိုးများက သူမလျှို့ဝှက်ချက်ကို သိသွားလိမ့်မည်။
လင်းယွဲ့ ခဏမျှစဉ်းစားပြီးနောက် လွယ်လွယ်ကူကူစားနိုင်မည့်အရာကို ရွေးချယ်လိုက်သည်။ ၎င်းမှာ အအေးခန်းထဲက အသားပေါက်စီထုပ် ဖြစ်သည်။ သူမ ယနေ့မနက်ကတင် ဝယ်လာပြီး မစားရသေးဘဲ ရေခဲသေတ္တာထဲထည့်ထားခဲ့ခြင်း ဖြစ်သည်။
ထိုပေါက်စီဆိုင်မှာ သူမငယ်ငယ်ကတည်းက စားလာသည့်ဆိုင်ဖြစ်ပြီး လတ်ဆတ်သောအသားကိုသာ သုံးသဖြင့် အရသာမှာ အလွန်ပင်ကောင်းလှသည်။ အသားများပြီး အရည်ရွှမ်းကာ အခွံပါးလွှာသော်လည်း ဝါးလိုက်လျှင် အိစက်ညက်ညောလှသည်။
*ဂလု*
တွေးကြည့်ရုံနှင့်ပင် လင်းယွဲ့ သွားရည်ကျလာသည်။ ယခုခန္ဓာကိုယ်မှာလည်း အလွန်အမင်းဆာလောင်နေသည်ဖြစ်ရာ နွားတစ်ကောင်လုံးကိုပင် အစိမ်းလိုက် ဝါးစားပစ်နိုင်သည့် အခြေအနေဖြစ်နေသည်။
“ငါတို့ပစ္စည်းတွေကို သွားသိမ်းလိုက်ဦးမယ်၊ နင့်ညီမလေးကို ကြည့်ထားပေးဦး”
လင်းယွဲ့သည် လူသူမရှိသောနေရာသို့ သွားကာ ပေါက်စီများအား မည်သို့ထုတ်ပိုးရမည်ကို စမ်းသပ်ချင်နေသည်။
သူမ မီးဖိုချောင်ထဲသို့ဝင်သွားပြီး စိတ်ထဲမှနေ အာရုံပြုလိုက်သည်နှင့် ပေါက်စီလေးလုံးက လက်ထဲသို့ရောက်လာသည်။
ပေါက်စီများသည် အနည်းငယ်အေးစက်နေသော်လည်း ဗိုက်ဆာလွန်းသဖြင့် မဆိုင်းမတွပင်တစ်လုံးကို ကောက်စားလိုက်သည်။ အေးစက်နေသော်လည်း ပေါက်စီထဲမှအသားအနှစ်နှင့် အဆီလေးများက ပါးစပ်ထဲတွင် အရည်ပျော်သွားသည်။
ဒီအရသာက ကောင်းကင်ဘုံကိုရောက်သွားသလိုပဲ။
ယခုခန္ဓာကိုယ်သည် ရက်ပေါင်းများစွာ အာဟာရပြတ်လပ်နေသည်ဖြစ်ရာ ဤပေါက်စီမှာ သူမအတွက်တော့ ကမ္ဘာပေါ်တွင် အကောင်းဆုံးသောအရသာ ဖြစ်နေတော့သည်။
သူမသည် ကျန်ရှိနေသော ပေါက်စီသုံးလုံးကိုပါ စားပစ်ချင်သော်လည်း နောက်ဆုံးတွင် အသိစိတ်က သူမကို တားဆီးလိုက်သည်။ မနက်လင်းလျှင် သူမတို့မောင်နှမတွေ ထွက်ပြေးကြရမည်။ သူတို့လည်း အားပြတ်နေကြသဖြင့် တစ်ခုခုမကျွေးလျှင် လမ်းလျှောက်နိုင်ကြမည် မဟုတ်ပေ။
သူမသည် မောင်နှမနှစ်ယောက်ကို ပစ်မထားရန် ဆုံးဖြတ်လိုက်သည်။ မူလပိုင်ရှင်ကို ဝယ်ယူခဲ့စဉ်ကတည်းက ကုချိုင်နှင့် ဤကလေးနှစ်ယောက်က သူမအပေါ် ကောင်းမွန်ခဲ့ကြသည်။ ပြီးတော့ မောင်လေးဖြစ်သူမှာ သူမအတွက်နှင့် အရိုက်ခံထားရသည်ပင်။
လင်းယွဲ့သည် သူမလက်ထဲရှိ ပလတ်စတစ်အိတ်ကိုကြည့်ရင်း ဝေခွဲမရ ဖြစ်နေသည်။ ဤအရာသည် ရှေးခေတ်နှင့် မအပ်စပ်ပေ။ ပြန်ထည့်လို့ရရင် ကောင်းမှာပဲဟုတွေးလိုက်သည်နှင့် ပလတ်စတစ်အိတ်က မျက်စိရှေ့မှာတင် ပျောက်ကွယ်သွားပြီး ရေခဲသေတ္တာထဲသို့ ပြန်ရောက်သွား၏။ ဤနေရာလပ်သည် ရေခဲသေတ္တာထဲမှ ပစ္စည်းများကိုသာ သိမ်းဆည်းနိုင်ပုံရသည်။
သူမသည် အိမ်ထဲပတ်ကြည့်လိုက်ရာ ဘာမှမရှိသည်ကို တွေ့ရ၏။ ရေပုံးအစုတ်တစ်လုံး၊ ဟောင်းနွမ်းနေသော ခြင်းတောင်းထဲရှိ ညှိုးနွမ်းနေသောဟင်းရွက်အနည်းငယ်နှင့် ဆန်အိုးထဲရှိဆန်အနည်းငယ်သာရှိသည်။
စားပွဲပေါ်တွင် ဆားအိုးတစ်လုံးနှင့် သကြားအိုးတစ်လုံးရှိသည်။
“ဒါပဲလား...”
လင်းယွဲ့သည် သကြားအိုးထဲမှသကြားအနည်းငယ်ကို ပန်းကန်လုံးအစုတ်ထဲ ထည့်ကာ သကြားရေတစ်ခွက်ဖျော်လိုက်သည်။
“မရီး”
ကုတန်သည် တံခါးဝတွင်ရပ်ကာ သူမကို ကြောက်ရွံ့တုန်လှုပ်နေသောမျက်နှာဖြင့်ကြည့်ရင်း ပြောလိုက်သည်။
“ညီမလေး ညီမလေးသတိလစ်သွားပြီ”