← Chapters

အခန်း ၃

Vol. 1 Ch. 3

အခန်း ၃

Vol. 1 Ch. 3

Ch-3

အလွန်တရာဆာလောင်နေသည့်အပြင် လူသေအလောင်းကို မြင်လိုက်ရသ ကလေးမလေးမှာ တုန်လှုပ်ချောက်ချားမှုကြောင့်ဖျားပြီး သတိလစ်သွားခြင်း ဖြစ်သည်။

လင်းယွဲ့သည် ကလေးမလေးကို အသာထူလိုက်ပြီး သကြားရည်အနည်းငယ် တိုက်လိုက်၏။

“မရီး ဒီသကြားတွေက...”

ကုတန်မျက်ဝန်းထဲတွင် နှမြောတွန့်တိုနေသော ပုံရိပ်များပေါ်နေသည်။

သကြားရည်တစ်ဝက်ကျော်ခန့် သောက်ပြီးနောက် သူ့ညီမလေးမှာ ခေါင်းကိုဟိုဘက်လှည့်သွားပြီး ထပ်မသောက်တော့ပေ။ လင်းယွဲ့က ကုတန်ဘက်သို့ပေးလိုက်သည်။

“နင်လည်း နည်းနည်းသောက်လိုက်ဦး”

ကုတန်သည် သကြားရည်ခွက်ကိုစိုက်ကြည့်ရင်း သွားရည်များကို မျိုချနေရသည်။ သို့သော် သူခေါင်းခါပြီး ငြင်းဆိုလိုက်၏။

“ကျွန်တော်က ယောက်ျားလေးပဲလေ မလိုပါဘူး၊ မရီးနဲ့ ညီမလေးပဲသောက်ကြပါ”

သူ့ကိုကြည့်ရသည်မှာ အသက်ခြောက်နှစ်၊ ခုနစ်နှစ်ခန့်သာ ရှိဦးမည်။ အလွန်ပိန်လှီပြီး လူကောင်သေးလှသည်။ အသားအရေ ခမ်းခြောက်နေသဖြင့် မျက်လုံးများမှာ ပြူးထွက်နေသလိုဖြစ်နေပြီး နံရိုးများမှာလည်း တစ်ချောင်းချင်းရေတွက်၍ ရနိုင်လောက်အောင်ပင်။

ယောက်ျားလေးဆိုသည်ထက် ပဲပင်ပေါက်လေးတစ်ပင်နှင့် ပိုတူနေသည်။

“ငါတို့ မကြာခင်ထွက်ပြေးရတော့မယ်၊ နင်အားရှိဖို့လိုတယ်”

လင်းယွဲ့သည် သူမအနောက်မှ အသားပေါက်စီနှစ်လုံးကို ထုတ်ပေးလိုက်သည်။

“ဒီမှာ၊ နင့်အတွက်တစ်လုံး၊ ညီမလေးအတွက်တစ်လုံး”

“ပေါက်စီလား”

ကုတန် မျက်လုံးများပြူးကျယ်သွားပြီး အံဩတကြီးမေးလိုက်၏။

“မရီး ဒါတွေဘယ်ကရတာလဲ”

“ငါက လူကြီးပဲ၊ နည်းလမ်းမျိုးစုံရှိတာပေါ့”

လင်းယွဲ့က သူ့ခေါင်းလေးကိုပုတ်ပေးလိုက်ရင်း တိုက်တွန်းလိုက်သည်။

“မြန်မြန်စား”

သို့သော် ကုတန်စိတ်ထဲတွင် သံသယအနည်းငယ်ဝင်လာသည်။ လင်းယွဲ့ကို သူ့အစ်ကိုဝယ်လာခဲ့စဉ်ကတည်းက သူမသည် အခန်းထဲမှာသာအမြဲအောင်းနေတတ်ပြီး ထမင်းကိုပင် အခန်းထဲအထိလာပို့ပေးရသည်။

အစ်ကိုဖြစ်သူထွက်သွားပြီးနောက်ပိုင်းတွင်လည်း သူမသည် မောင်နှမနှစ်ယောက် ရှာဖွေကျွေးမွေးသည်ကိုသာ မှီခိုနေခဲ့ခြင်းဖြစ်သည်။ လမ်းတောင် ကောင်းကောင်းမလျှောက်နိုင်အောင် ဆာလောင်နေပါလျက် အပြင်ထွက်၍ အလုပ်မလုပ်ခဲ့သူက အသားပေါက်စီကြီးကို ရုတ်တရက်ထုတ်ပေးနိုင်သည်မှာ ကုတန်သည် ချက်ချင်းပင် အခန်းထဲသို့ပြေးဝင်သွားပြီး ခုတင်အောက်သို့ ငုံ့ကြည့်ကာ မြေကြီးကိုတူးလိုက်သည်။

ထို့နောက် ငွေအိတ်လေးကိုထုတ်ယူကာ ကြေးပြားများကို ထပ်ခါတလဲလဲ ရေတွက်ကြည့်လိုက်၏။ ကြေးပြားတစ်ထောင် အတိအကျပင်။ သူ သေချာချည်ထားသည့် အထုံးမှာလည်း ပြေလျော့ခြင်းမရှိပေ။

ဤငွေများမှာ သူ့အစ်ကိုပေးသွားခဲ့ခြင်းဖြစ်သည်။ အကယ်၍ မရီးဖြစ်သူက ထွက်သွားချင်လျှင် ထွက်သွားခိုင်းရန်နှင့် သူတို့မောင်နှမနှစ်ယောက်က ဤငွေကိုယူ၍ ရှီထိုင်မှဆွေမျိုးများထံ သွားရောက်ခိုလှုံရန် အစ်ကိုဖြစ်သူမှာကြားခဲ့သည်။

ဤအရာမှာ သူတို့အတွက် အသက်ကယ်ငွေပင်။

ငွေတစ်ပြားမှမလျော့သည်ကိုမြင်မှသာ ကုတန် စိတ်အေးသွားတော့သည်။ သူသည် လင်းယွဲ့ကို ခုတင်အောက်မှ ချောင်းကြည့်လိုက်ပြီး ငွေအိတ်ကို အင်္ကျီထဲထိုးထည့်ကာ အပြင်သို့ပြန်ထွက်လာခဲ့၏။

လင်းယွဲ့မှာ အားကိုးရမည့်သူမဟုတ်သဖြင့် ဤငွေအကြောင်းကို သူမအားပြောပြရန် သူမဝံ့ရဲပေ။ ဆွေမျိုးများအိမ်မရောက်ခင်မှာတင် ဤငွေများကုန်သွားပြီး သူတို့ငတ်သေသွားမည်ကို သူစိုးရိမ်နေမိသည်။

“ကျွန်တော် ခုတင်အောက်မှာတစ်ခုခု ကျန်နေမလားလို့ သွားကြည့်နေတာပါ”

သူက မလုံမလဲဖြင့် ဆင်ခြေပေးလိုက်သည်။ လင်းယွဲ့ကတော့ ခြောက်နှစ်သားလေး ဘာတွေကြံစည်နေသလဲဆိုသည်ကို ဂရုမစိုက်အားပေ။

“လက်ဆေးပြီး ပေါက်စီစားလိုက်တော့၊ ပြီးရင် ငါတို့မြန်မြန်ထွက်သွားရမယ်”

“ဟုတ်”

ကုတန်သည် ပေါက်စီကို ပါးစပ်ထဲ ထည့်လိုက်သည့်အခါတွင် အိပ်မက်မက်နေသည်ဟုပင် ထင်မှတ်သွား၏။

ဖြူဖွေးနေသော ပေါက်စီနှင့် မွှေးကြိုင်လှသော အသားအရသာပင်။

သွားရည်များ စီးကျလာသော်လည်း သူသည် နည်းနည်းချင်းသာကိုက်စားနေသည်။ လွန်ခဲ့သည့်ရက်များအတွင်း သူ စားခဲ့ရသမျှထဲတွင် အကောင်းဆုံးမှာ တောဟင်းရွက်ဆန်ပြုတ်သာဖြစ်၏။ များသောအားဖြင့် ဂျုံဖွဲများကိုသာ စားခဲ့ရသည်။

သူ့အစ်ကိုရှိစဉ်ကအခြေအနေမှာ ယခုထက် သာလွန်သော်လည်း အမဲလိုက်ပြီးမှသာ အသားနှင့်ကလီစာစားရခြင်းဖြစ်သည်။

အသားပေါက်စီဆိုသည်မှာ သူတစ်ခါမှ မစားဖူးခဲ့သော အရာပင်။ ကုတန်သည် သူ့ဘဝတွင် ပြည့်စုံသွားပြီဟုခံစားလိုက်ရသည်။ သူသည် တစ်ဝက်သာစားပြီး ကျန်တစ်ဝက်ကို အင်္ကျီထဲထည့်သိမ်းထားလိုက်သည်။

“ကျွန်တော် အကုန်မစားနိုင်တော့ဘူး၊ နေ့ဘက်ကျမှ စားတော့မယ်”

သူရှက်ပြုံးလေးဖြင့် ပြောသည်။

လင်းယွဲ့စိတ်ထဲတွင် စိတ်မကောင်းဖြစ်သွားမိသည်။ ဤမျှဆာလောင်နေသည့် ကလေးတစ်ယောက်က အကုန်မစားနိုင်စရာ အကြောင်းမရှိပေ။ သူနှမြောနေခြင်းသာ ဖြစ်လိမ့်မည်။

ခေတ်သစ်ကမ္ဘာမှာဆိုလျှင် ဤအသက်အရွယ်ကလေးများသည် အလိုလိုက်ခံရပြီး ဗိုလ်ကျနေမည်ဟု တွေးမိလေသည်။ အသက်ငယ်သော်ငြား အလွန်ပင်သိတတ်လွန်းလှ၏။

“စိတ်မပူပါနဲ့၊ နောက်ဆိုရင် အ‌မတို့မှာ စားစရာတွေ အများကြီးရှိလာမှာပါ”

သူမ ချော့မော့လိုက်သော်လည်း ကုတန်ကတော့ ဘာမှပြန်မပြောပေ။

မရီးဖြစ်သူက အလုပ်မလုပ်တတ်သလို သူကိုယ်တိုင်ကလည်း အမဲလိုက်အတတ်ကို မသင်ယူရသေးသဖြင့် စားစရာအများကြီးရှိလာမည်ဆိုသည့် စကားကို သူ မယုံကြည်နိုင်ပေ။

လင်းယွဲ့သည် ပစ္စည်းများကို သိမ်းဆည်းရင်း စိတ်ပျက်မှုများသာ တိုးလာခဲ့သည်။ အိပ်ခန်းထဲတွင် အပိုအင်္ကျီတစ်စုံသာရှိပြီး ရွှေ၊ ငွေ၊ ရတနာဟူ၍ ဘာမှမရှိပေ။

ဝါဂွမ်းစောင်အဟောင်းတစ်ထည်သာလျှင် တန်ဖိုးရှိသည်။ ထိုစဉ် သူမသည် မူလပိုင်ရှင်ဝှက်ထားသည့် ကျောက်စိမ်းဆွဲပြားလေးကို ရှာဖွေကြည့်လိုက်သော်လည်း ဘယ်မှာမှရှာမတွေ့တော့ပေ။

“ထားလိုက်ပါတော့လေ၊ ဒါလည်းကံတရားပေါ့”

သူမ ငွေအိတ်လေးကိုစစ်ဆေးကြည့်ရာ ကြေးပြားလေးပြားသာကျန်တော့သည်။ ခေတ်သစ်ကမ္ဘာ၏ ငွေတန်ဖိုးအရ ကြေးပြားတစ်ပြားလျှင် တစ်ယွမ်ခန့်သာရှိမည်ဖြစ်ရာ လေးပြားဆိုသည်မှာ ဘယ်နေရာမှသုံး၍မရနိုင်ပေ။

မနက်လင်းခါနီးအချိန်တွင် လင်းယွဲ့သည် ကြမ်းပြင်ပေါ်ရှိ တာ့ဟွမ်ယာ၏ အလောင်းကိုကြည့်ရင်း စဉ်းစားနေသည်။

မြေမြှုပ်ပစ်ရန်မှာလည်း သူမတို့တွင် အားအင်မရှိပေ။ တောင်ပေါ်သို့ ပစ်ထားရန်မှာလည်း လူတွေ့သွားနိုင်၏။

နောက်ဆုံးတွင်တော့.....

“ကုတန် ငါ့ကိုကူပြီး သူ့ကိုအပြင်ထုတ်ပေးဦး”

ယခုအချိန်တွင် မိုးများသဖြင့်မြစ်ရေလျှံတက်နေရာ သူ့ကိုမြစ်ထဲသို့သာ မျှောပစ်ရန် သူမဆုံးဖြတ်လိုက်၏။

လင်းယွဲ့သည် အလောင်း၏ခြေထောက်တွင် ကျောက်တုံးကြီးတစ်တုံးကို ချည်နှောင်ကာ မြစ်ထဲသို့တွန်းချလိုက်သည်။ ဤအလုပ်များပြီးစီးသည့်အခါတွင် မိုးသောက်ယံသို့ရောက်ရှိနေပြီ ဖြစ်သည်။

ခေတ်သစ်ကမ္ဘာတွင် ဥပဒေကို လေးစားလိုက်နာခဲ့သော နိုင်ငံသားတစ်ဦးဖြစ်သည့် သူမအတွက် ရှေးခေတ်၏ပထမဆုံးနေ့မှာပင် လူသတ်မှုကျူးလွန်ခဲ့ရခြင်းက စိတ်လှုပ်ရှားဖွယ်ရာပင်။

သို့သော် ကလေးနှစ်ယောက်ရှေ့တွင်တော့ သူမသည် တည်ငြိမ်နေဟန် ဆောင်ရသည်။

“ကဲ သွားကြစို့”

လင်းယွဲ့သည် သတိမေ့နေသည့် ညီမလေးကို စောင်ဖြင့်ပတ်ကာ ပွေ့ချီလိုက်ပြီး ကုတန်ကတော့ အထုပ်အပိုးကို သယ်ဆောင်ကာ အိမ်နောက်ဘက်လမ်းအတိုင်း ထွက်လာခဲ့ကြ၏။

“ဒီတောင်ကို ကျော်လိုက်ရင် ဇီရှန်းကျေးရွာကိုရောက်ပြီ၊ အဲဒီမှာ လူတွေပိုများပြီး ဈေးလည်းရှိတယ်”

ကုတန်က အရှေ့မှလမ်းပြနေသည်။ လင်းယွဲ့သည် အားပြတ်နေသည့်ကြားမှ အံကြိတ်ကာ တောင်ပေါ်သို့တက်ခဲ့ရ၏။ တောင်ထိပ်သို့ရောက်သည့်အခါတွင် သူမခြေထောက်များမှာ အားမရှိတော့ဘဲ မြေပေါ်သို့လဲကျသွားတော့သည်။

“မရီး ဟိုမှာကြည့်ဦး”

ကုတန် ရုတ်တရက်အော်ဟစ်လိုက်သည်။ လင်းယွဲ့ လှည့်ကြည့်လိုက်သည့်အခါ တောင်များကြားမှ သဘာဝရေကာတာကြီး ကျိုးပေါက်သွားပြီး ရွှံ့နွံနှင့် ကျောက်တုံးများရောနှောနေသည့်ရေလှိုင်းလုံးကြီးများမှာ ဟွမ်ရှီးကျေးရွာဆီသို့ တဟုန်ထိုးစီးဆင်းသွားသည်ကို မြင်တွေ့လိုက်ရသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် အိမ်ခြေများမှာ ပုရွက်ဆိတ်ငယ်များကဲ့သို့ ရေအောက်တွင် ပျောက်ကွယ်သွားတော့၏။

All Chapters