← Chapters

အခန်း ၄

Vol. 1 Ch. 4

အခန်း ၄

Vol. 1 Ch. 4

Ch-4

ရေကြီးရေလျှံမှုများနှင့် ရွှံ့နွံတောင်ပြိုကျမှုများအောက်တွင် ဟွမ်ရှီရွာလေး ပျက်စီးသွားခဲ့လေပြီ။ လင်းယွဲ့တစ်ယောက် ကြက်သီးမွေးညင်းများထကာ ချွေးစေးများပြန်လာ၏။ အကယ်၍ သူတို့သာ ထိုနေရာတွင်ရှိနေသေးလျှင် မည်သို့ဖြစ်သွားမည်ကို တွေးပင်မတွေးဝံ့ချေ။ တစ်ချိန်တည်းမှာပင် ရင်ထဲ၌ စိတ်သက်သာရာရသွားသလို ခံစားလိုက်ရသည်။

ဤသို့ဆိုလျှင် သူတို့ဘာလုပ်ခဲ့သလဲဆိုသည်ကို သိသူပိုနည်းသွားပြီပင်။ အကြောက်တရားနှင့် ပင်ပန်းမှုများကြောင့် ဆာလောင်မှုကအထွတ်အထိပ်သို့ ရောက်လာ၏။

နောက်ဆုံးကျန်နေသည့် အသားပေါက်ဆီလေးကိုထုတ်ကာ တစ်ဝက်ဖဲ့လိုက်သည်။ တစ်ဝက်ကို ရင်ဘတ်ထဲလုံခြုံအောင်သိမ်းထားပြီး ကျန်တစ်ဝက်ကိုတော့ ပါးစပ်ထဲအမြန်ထိုးသွင်းလိုက်သည်။

အမှန်က ထိုအသားပေါက်ဆီလေးကို သူမနှမြောတသဖြစ်မိသည်။ ဤသည်မှာ ငယ်စဉ်ကတည်းက စွဲလမ်းခဲ့ရသည့် အရသာပင်။ နောင်တစ်ချိန် အစားအသောက်လောကတွင် ထိပ်တန်းအဆင့်ရောက်မည်ဟူသော ရည်မှန်းချက်ဖြင့် အစားအသောက်ဘလော့ဂါတစ်ဦးဖြစ်လာပြီး အရသာပိုရှိသော အသားပေါက်စီများကိုယ်တိုင်လုပ်နိုင်လာသည့်တိုင်အောင် ဤအလွမ်းပြေအရသာလေးကို အမြဲတမ်း တမ်းတနေခဲ့မိသည်။

သို့သော် ဤတစ်ပိုင်းကိုစားလိုက်သည်နှင့် ထပ်စားစရာမရှိတော့ပေ။

“မရီး ဘာလို့ငိုနေတာလဲ”

ကုတန်မှာ သူဖဲ့ထားသည့်အသားပေါက်စီတစ်ဝက်ကို လင်းယွဲ့ထံကမ်းပေးလာသည်။ သွားရည်များကို မျိုချနေသည့်တိုင် သူအားတင်းကာ ပြောရှာ၏။

“မရီးပဲ စားလိုက်ပါ၊ ကျွန်တော် မဆာသေးပါဘူး”

လင်းယွဲ့မျက်ရည်များကို သုတ်လိုက်ပြီး ကလေးငယ်၏လက်ကို ပြန်တွန်းပေးလိုက်၏။

“ငါတို့သွားရမယ့်ခရီးက အဝေးကြီးကျန်သေးတယ်၊ တ့ာယာလိုမေ့လဲသွားရင် ရှေ့ဆက်ဖို့ဘယ်လွယ်ပါ့မလဲ”

စားသောက်ပြီးနောက် မိုးအဆက်မပြတ် ရွာသွန်းနေမှုကြောင့် အချိန်ကို ခန့်မှန်းရန်ပင်ခက်ခဲနေသည်။

လင်းယွဲ့လည်း သူ့စိတ်ထင်အရ မွန်းတည့်ချိန်ခန့်ရှိပြီဟုသာ မှန်းဆလိုက်ရသည်။

“မရီး အောက်ဘက်လမ်းက လျှောက်ရတာ အများကြီးပိုလွယ်လိမ့်မယ်”

သူ့ဝေစုထဲမှ တစ်ဝက်ကိုသာစားရသေးပြီး ကုတန်မှာ နှုတ်ခမ်းထောင့်မှဆီများကို လျှာဖြင့်လျက်ရင်း အောက်ဘက်ရှိ လမ်းလေးကို လက်ညှိုးထိုးပြသည်။

“တစ်ယောက်ယောက်က ကျောက်တုံးတွေနဲ့ လှေကားထစ်လေးတွေလုပ်ပေးထားတယ်”

လင်းယွဲ့ ခေါင်းညိတ်ပြလိုက်သည်။

နေဝင်ရီတရောအချိန်သို့ ရောက်သောအခါ ဇီရှန်းရွာလေးသို့ ဆိုက်ရောက်လာကြပြီး ပါလာသည့် အသားပေါက်စီများလည်း ကုန်သွားလေပြီ။ ဇီရှန်းရွာက လူနေပိုမိုထူထပ်ပြီး အိမ်များကိုလည်း စုဝေးဆောက်လုပ်ထားကာ မီးရောင်များဖြင့်လင်းထိန်နေသည်။ အအေးဒဏ်ကိုအန်တုနိုင်မည့် နွေးထွေးမှုအရိပ်အယောင်လေးများက မျက်စိရှေ့တွင်ပေါ်လာ၏။

“နင့်ဆွေမျိုးတွေက ဒီမှာနေတာလား”

ကုတန် ခေါင်းခါပြသည်။

“လိုပါသေးတယ်၊ ဖြတ်လမ်းကနေသွားရင်တောင် တောင်သုံးလုံးလောက် ကျော်ရဦးမှာ၊ လွင်ပြင်ကိုရောက်မှ ရှီထိုင်ကို ရောက်မှာလေ”

လင်းယွဲ့မျက်စိရှေ့တွင် အမှောင်ကျသွားသလို ခံစားလိုက်ရသည်။ အလင်းရောင်ထွက်ပေါ်နေသော အိမ်လေးများကို မျှော်လင့်တကြီးစိုက်ကြည့်လိုက်မိ၏။

“တည်းခိုခန်းမှာနေဖို့ ပိုက်ဆံမရှိဘူး၊ တစ်အိမ်အိမ်မှာ အကူအညီတောင်းပြီး ညအိပ်ခွင့်တောင်းမှပဲရလိမ့်မယ်”

လက်ထဲတွင် ကြေးပြားလေးပြားသာကျန်တော့သည်ကို သတိရသွားချိန်၌ ပို၍ပင်အားငယ်သွားရသည်။ ထင်းတဲထဲတွင်သာအိပ်ရဖို့ သေချာနေပြီပင်။

“မလိုပါဘူး”

ကုတန်က ရှေ့မှခပ်သွက်သွက်ပြေးသွားရင်း လမ်းပြသည်။

“အစ်ကို အမဲလိုက်ထွက်လို့အိမ်မပြန်ဖြစ်တဲ့အခါ အဖွားလီအိမ်မှာခဏခဏ ဝင်အိပ်တတ်တယ်၊ အဲ့ဒီကိုသွားကြမယ်၊ အဖွားလီက သဘောအရမ်းကောင်းတာ”

ကုတန်က ရွာလမ်းအတိုင်းအတန်ကြာအောင် ဆက်လျှောက်သွားပြီး နောက်ထပ်တောင်တစ်လုံး၏ တောင်ခြေနားအရောက်တွင် ရပ်တန့်လိုက်သည်။ သူတို့ရှေ့ရှိတစ်ထပ်အိမ်လေးမှာ သစ်သားအိမ်ဖြစ်ပြီး သူတို့ရွှံ့အိမ်လေးထက် အများကြီးပိုခိုင်ခံ့သပ်ရပ်သည်။

လင်းယွဲ့ ရင်တထိတ်ထိတ်ဖြင့် တံခါးကို ခေါက်လိုက်သည်။ သုံးလေးချက်ခန့် ခေါက်ပြီးနောက် အိမ်ထဲမှလှုပ်ရှားသံများ ထွက်ပေါ်လာ၏။

“ဘယ်သူလဲ”

“ကျွန်တော်တို့ပါ၊ ကုတန်ပါ”

ကုတန်က အသံကျယ်ကျယ်ဖြင့်အော်ပြောလိုက်သည်။

“ဒီည တစ်ညလောက်တည်းခွင့်ပြုဖို့ လာတောင်းဆိုတာပါ”

အမှောင်ထုဖုံးလွှမ်းနေသော အိမ်ထဲတွင် မီးရောင်ငယ်လေးတစ်ခု လင်းလက်လာသည်။ အဘွားလီမှ ဖယောင်းတိုင်မီး ထွန်းလိုက်ခြင်းပင်။ မီးရောင်လေးက တဖြည်းဖြည်းနီးကပ်လာ၏။ တံခါးသော့ဖြုတ်သံနှင့်အတူ တံခါးပွင့်ဟသွားပြီး အသားအရေတွန့်နေသောမျက်နှာတစ်ခု ပေါ်လာသည်။

“အိုး ကုမိသားစုက ကလေးတွေပဲ၊ ဘယ်လိုလုပ် ဒီရောက်လာကြတာတုန်း”

သူမက တံခါးကိုကျယ်ကျယ်ဖွင့်ပေးလိုက်သည်။

“မြန်မြန်ဝင်လာကြ၊ သနားစရာလေးတွေ အပြင်မှာမိုးတွေသည်းနေတာပဲ”

“ကျွန်တော်တို့က...”

ကုတန် စကားဆက်မပြောနိုင်ဖြစ်သွားသည်။ ထိုအခါ လင်းယွဲ့ချက်ချင်းဝင်ပြောလိုက်၏။

“မိုးတွေ ဆက်တိုက်ရွာနေလို့ ဆက်နေလို့မရတော့တာနဲ့ ဆွေမျိုးတွေဆီသွားနေမလို့ပါ၊ လမ်းမှာ ရွာကြီးပျက်စီးသွားတာကို တွေ့လိုက်ရလို့လေ၊ ကံကောင်းလို့သာ....”

“အိုကွယ် တကယ့်ကိုသီသီလေးလွတ်လာတာပဲ”

အဖွားလီက လင်းယွဲ့ပခုံးကိုအသာပုတ်ပေးရှာသည်။

“အဝတ်တွေလည်း စိုရွှဲနေပြီ၊ မြန်မြန် သုတ်လိုက်ကြဦး”

အဘွားလီက ဖယောင်းတိုင်ကို ဧည့်ခန်းစားပွဲပေါ် တင်ထားခဲ့ပြီး အဝတ်ခြောက်နှစ်ထည်ယူပေးကာ မီးဖိုချောင်ဘက်သို့ ကမန်းကတန်း ဝင်သွားသည်။

“မီးမွှေးပေးမယ်၊ မီးလာလှုံကြ”

ဒယ်အိုးထဲသို့ ရေအနည်းငယ်ခပ်ထည့်ပြီး မီးဖိုထဲတွင်မီးမွှေးလိုက်သည်။

ထို့နောက် ဗီရိုကိုဖွင့်ကာ နေ့လယ်ကကျန်ခဲ့သည့် ဟင်းရွက်ဆန်ပြုတ်တစ်ပန်းကန်နှင့် ဂျင်းတစ်တက်ကို ထုတ်ယူလာ၏။ ဆန်ပြုတ်ကို ဒယ်အိုးထဲလောင်းထည့်ပြီး ဂျင်းကိုပါးပါးလှီးကာ ဆန်ပြုတ်ထဲ ထည့်လိုက်သည်။ ဂျင်းနံ့သင်းသင်းလေးက မီးခိုးငွေ့များနှင့်အတူ လွင့်ပျံ့လာသည်။

အဘွားလီသည် ဗီရိုရှေ့တွင်ရပ်ကာ တွေဝေတုံ့ဆိုင်းနေပြီး အကြိမ်ကြိမ် စဉ်းစားနေပုံရသည်။ နောက်ဆုံးတွင်တော့ ကြက်ဥနှစ်လုံးကိုထုတ်ယူလိုက်ပြီး ဆန်ပြုတ်ထဲဖောက်ထည့်ကာ ကျက်သည်အထိ ပြုတ်လိုက်လေသည်။

“လာ လာ မီးလာလှုံကြ၊ အအေးပတ်သွားဦးမယ်”

အဘွားလီက သူတို့ကိုမီးဖိုနားသို့ဆွဲခေါ်သွားသည်။ မီးရောင်က လင်းယွဲ့မျက်နှာပေါ်သို့ ထိုးကျနေပြီး နွေးထွေးမှုကို အပြည့်အဝခံစားလိုက်ရတော့သည်။ သူမသည် စောင်အောက်မှ တာ့ယာကိုထုတ်ကာ ပေါင်ပေါ်တွင်တင်ထားလိုက်သည်။

“ညီမလေး ဘယ်လိုနေသေးလဲ”

ကုတန်မျက်နှာတွင် စိုးရိမ်မှုများ အထင်းသားပေါ်လွင်နေသည်။

လင်းယွဲ့က တ့ာယာခေါင်းလေးကိုပွတ်သပ်ပေးလိုက်၏။ တစ်နေကုန် စောင်ပတ်ထားရသဖြင့် ချွေးများရွှဲနေသော်လည်း အဖျားတော့ကျသွားပြီဖြစ်သည်။ လင်းယွဲ့က တ့ာယာတစ်ကိုယ်လုံးကို အဝတ်ဖြင့်သုတ်ပေးပြီးနောက် ခန္ဓာကိုယ်နွေးထွေးသွားစေရန် မီးဖိုရှေ့တွင် ထားပေးလိုက်သည်။

“အစ်ကို ဟင့်အင်း...”

တာ့ယာက ခြေထောက်လေးများကို ကန်ကျောက်ရင်း အလွန်ဂနာမငြိမ်ဖြစ်နေကာ မျက်ရည်များလိမ့်ဆင်းလာသည်။

“မကြောက်နဲ့ မကြောက်နဲ့နော်”

လင်းယွဲ့ ချက်ချင်းနှစ်သိမ့်ပေးကာ ကျောလေးကို ညင်သာစွာပုတ်ပေးလိုက်သည်။

“ကဲ ဆန်ပြုတ်သောက်ကြ”

ထိုစဉ် အဘွားလီက လင်းယွဲ့နှင့်ကုတန်တို့အတွက် ဆန်ပြုတ်နှစ်ပန်းကန်ချပေးလာသည်။

“ကုတန်၊ နင်နဲ့ နင့်ညီမတစ်ပန်းကန်ခွဲသောက်ကြ”

ပန်းကန်နှစ်လုံးမှာ လက်သီးဆုပ်ခန့်သာ ရှိသည်။ ဟင်းရွက်များအပြည့်ပါသော်လည်း ဆန်စေ့များကိုတော့ ရေတွက်၍ရနိုင်လောက်အောင် နည်းပါးလှ၏။

သို့တိုင်အောင် အဘွားလီ၏စေတနာနှင့် နွေးထွေးမှုက အတိုင်းမသိကြီးမားလှသည်။

အထူးသဖြင့် လင်းယွဲ့မှာ သူမပန်းကန်အောက်ခြေမှ ထူးခြားသောအရာတစ်ခုကို ခပ်ယူလိုက်မိချိန်တွင် ပိုသိသာသွားသည်။ သေချာကြည့်လိုက်ရာ ကြက်ဥတစ်လုံးဖြစ်နေ၏။

ဤခေတ်ကာလတွင် လူအများစုမှာ နှစ်သစ်ကူးချိန်မှသာ ဝက်သားကိုစားရလေ့ရှိသည်။

နေ့စဉ်ဘဝတွင် ကြက်ဥက အသားနေရာတွင် အစားထိုးနိုင်ပြီး အလွန်တန်ဖိုးကြီးလှသည်။ ကျေးလက်ဒေသများတွင် ကြက်ဥကိုအတွေ့ရများသော်လည်း ကြက်ဥနှစ်လုံးကိုကြေးပြားတစ်ပြား ပေးရဆဲပင်။ မြို့ပေါ်တွင်မူ ကြက်ဥတစ်လုံးလျှင် ကြေးပြားတစ်ပြား ပေါက်ဈေးရှိသည်။

လင်းယွဲ့ ကြက်ဥကို စားရန်ပြင်လိုက်စဉ် ကုတန်က ညီမဖြစ်သူကို ဆန်ပြုတ်တစ်ဝက်ခွံ့ပြီးနောက် သူ့ဝေစုကို သောက်လိုက်သည်အားတွေ့လိုက်ရသည်။

ကြက်ဥက ပန်းကန်အောက်ခြေတွင် ကျန်နေခဲ့၏။

“အဖွားလီ ကျွန်တော်မစားနိုင်တော့ဘူး၊ ဒီကြက်ဥကို လီရှောင်ယာအတွက် ချန်ထားလိုက်ပါ”

“အိုကွယ် နင်ဒီလောက် ပိန်နေတာကို၊ အားရှိအောင် မြန်မြန်စားလိုက်စမ်းပါ”

အဖွားလီက နွေးထွေးစွာတိုက်တွန်းရှာသည်။ သို့သော် ကုတန်လက်ကို အကြိမ်ကြိမ်ခါယမ်းပြ၏။ သူကဗိုက်ကိုပွတ်ရင်း ပြောသည်။

“ကျွန်တော် တကယ်ဗိုက်အရမ်းတင်းနေပြီ၊ မစားနိုင်တော့ပါဘူး”

ထိုအခါမှသာ လင်းယွဲ့က ဖခင်ဖြစ်သူ ပြောဖူးသည့်စကားများကို သတိရသွားတော့သည်။

ဖခင်ငယ်စဉ် အလွန်ဆင်းရဲခဲ့စဉ်က နှစ်သစ်ကူးကာလ အလည်အပတ်သွားလျှင် အိမ်တိုင်းမှာဧည့်သည်များကို ဆန်အရက်ချိုတစ်ပန်းကန်စီ တိုက်လေ့ရှိသည်။ ဆန်အရက်ချိုအောက်တွင် ကြက်ဥတစ်လုံးကို ပြုတ်ထည့်ထားတတ်၏။

သို့သော် ထိုကြက်ဥကိုစားခွင့်မရှိပေ။ အိမ်ရှင်က ဧည့်သည်များကိုဧည့်ခံရာတွင် ယဉ်ကျေးမှုနှင့် မျက်နှာပန်းလှစေရန်သာ ထည့်ထားခြင်းဖြစ်သည်။

နောက်လာမည့် ဧည့်သည်အတွက် ချန်ထားခဲ့ရမည်ဖြစ်သည်။

ပုံမှန်အားဖြင့် လဆန်းဆယ့်ငါးရက်နေ့ရောက်မှသာ မိသားစုဝင်များကိုယ်တိုင် ပြန်စားလေ့ရှိကြသည်။

ကြက်ဥကိုမစားခြင်းက လိုက်နာရမည့် ယဉ်ကျေးမှုတစ်ခုပင်ဖြစ်လေသည်။

ထို့အပြင် လမ်းတွင် ကုတန်ပြောပြ၍ အဘွားလီ၏ဘဝကလည်း မလွယ်ကူကြောင်း လင်းယွဲ့ သိထားပြီးဖြစ်သည်။

သူမခင်ပွန်းမှာ ယခင်ကမုဆိုးများထံမှ ပစ္စည်းများ လိုက်လံဝယ်ယူသူဖြစ်သည်။ ဈေးနှိမ်ခြင်းမရှိဘဲ သဘောကောင်းသူဖြစ်ရာ ကုချိုင်နှင့် ရင်းနှီးခဲ့ခြင်းဖြစ်သည်။ သို့သော် စစ်ပွဲများကြောင့် နန်းတော်မှစစ်သားစုဆောင်းရာ အဘွားလီ၏ခင်ပွန်းနှင့် သားနှစ်ယောက်လုံးစစ်ထဲလိုက်သွားခဲ့ရသည်။ ယခုအခါ မြေးလေးများသာ ကျန်ရစ်ခဲ့တော့၏။

လင်းယွဲ့ တံတွေးမြိုချလိုက်သည်။ ကလေးတစ်ယောက်လောက်တောင် ယဉ်ကျေးမှုမရှိသူတော့ အဖြစ်မခံနိုင်ပေ။ စားချင်စိတ်ကို အတင်းအကျပ် ဖိနှိပ်ချုပ်တည်းကာ ဆန်ပြုတ်ကိုကုန်အောင်သောက်ပြီး ကြက်ဥကျန်နေသည့် ပန်းကန်ကိုပြန်ပေးလိုက်သည်။

“ကျွန်မလည်း မဆာတော့ဘူး၊ ဒီဆန်ပြုတ်က တော်တော်ဗိုက်ပြည့်တာပဲ၊ ဂျင်းလေးနဲ့ဆိုတော့ အစာအိမ်ကို နွေးသွားစေတယ်”

လင်းယွဲ့ အပြုံးလေးဖြင့်ပြောလိုက်၏။

“ကြက်ဥကိုတော့ တကယ်မစားနိုင်တော့လို့ပါ”

အပြန်အလှန် အားနာစွာငြင်းဆန်ကြပြီးနောက် နောက်ဆုံးတွင်တော့ အဘွားလီက ပန်းကန်ကို ဗီရိုထဲပြန်ထည့်လိုက်ရတော့သည်။

“မိုးလည်းချုပ်နေပြီ၊ မြန်မြန်အိပ်ကြတော့”

အဖွားလီက ပြောလာသည်။

“ညည်းတို့ ရှီထိုင်ကိုသွားကြမှာမလား၊ တိုက်တိုက်ဆိုင်ဆိုင် မနက်ဖြန်မနက်စောစော ကျိုးမိသားစုကနွားလှည်းနဲ့ အဲ့ဒီဘက်သွားစရာရှိတယ်၊ သူတို့လှည်းပေါ် လိုက်သွားလို့ရအောင် ငါပြောပေးမယ်”

“ကျေးဇူးတင်ပါတယ်ရှင်”

အဖွားလီက အခန်းတစ်ခန်းရှင်းလင်းပေးသည်။ နှစ်ပေါင်းများစွာမသုံးဘဲ ပစ်ထားခဲ့သဖြင့် ကောက်ရိုးများထံမှ အနံ့အသက်ဆိုးများ ထွက်နေသော်လည်း လင်းယွဲ့ကတော့ အလွန်ကျေးဇူးတင်နေမိပြီဖြစ်သည်။ ကလေးနှစ်ယောက်ကတော့ အခန်းထဲလှဲချလိုက်သည်နှင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျသွားကြလေပြီပင်။

လင်းယွဲ့ကတော့ အပြင်ဘက်မှ တဖွဲဖွဲရွာကျနေသော မိုးသံကို နားထောင်ရင်း အိပ်မပျော်နိုင်အောင်ဖြစ်နေသည်။

ခန္ဓာကိုယ်တွင် အဆီပိုမရှိသဖြင့် အလွန်လျင်မြန်စွာ ဗိုက်ဆာလာခြင်းပင်။ အသားပေါက်စီလေးသာ နည်းနည်းထပ်ရှိလျှင် သိပ်ကောင်းမှာပဲဟုတွေးမိလိုက်သည်။

ထိုသို့တွေးလိုက်မိသည်နှင့် လင်းယွဲ့တစ်ယောက် စိတ်ထဲရှိမြင်ယောင်နေကျ ဟင်းလင်းပြင်နေရာလွတ်လေးကို မနေနိုင်မထိုင်နိုင် ပြန်လည်အာရုံပြုလိုက်မိ၏။

ရုတ်တရက် အခြားအရာများအားလုံး မှုန်ဝါးဝါးဖြစ်သွားသော်လည်း ယနေ့နံနက်က သူမထုတ်ယူစားသောက်ခဲ့သော အသားပေါက်စီလေးများက ရေခဲသေတ္တာထဲတွင် ပြန်လည်ပေါ်လာသည်ကို အံ့ဩဖွယ်ရာမြင်တွေ့လိုက်ရသည်။ ၎င်းတို့က တဖျပ်ဖျပ်တောက်ပနေကြ၏။

[စနစ်အသိပေးချက် - ရေခဲသေတ္တာအတွင်းရှိ အသားပေါက်စီများ အလိုအလျောက် အသစ်ပြန်ပြည့်သွားပါပြီ]

All Chapters