← Chapters

အခန်း ၅

Vol. 1 Ch. 5

အခန်း ၅

Vol. 1 Ch. 5

Ch-5

“အပြင်ကို ထုတ်လို့ရမလား”

“အသားပေါက်စီတွေ ထွက်လာစမ်း”

လင်းယွဲ့ စိတ်ထဲကတွေးလိုက်သည်နှင့် သူမလက်ထဲတွင် အသားပေါက်စီလေးခု ပြန်ပေါ်လာသည်။

သူမသည် ရေခဲသေတ္တာကို စိုက်ကြည့်နေရင်းမှ ယနေ့နံနက်အစောပိုင်းက သတိမထားမိခဲ့သော အစိတ်အပိုင်းတစ်ခုကို သတိပြုမိသွားသည်။

အသားပေါက်စီများ၏ အောက်ဘက်တွင် အဖြူရောင်သန်းပြီး စာသားမှိန်ဖျော့ဖျော့သေးသေးလေးတစ်ခုရှိနေ၏။

ပြန်လည်ဖြည့်တင်းချိန် - ၀၅:၅၉:၄၀

“ဒါဆိုရင်၊ ဒီအသားပေါက်စီတွေက ခြောက်နာရီတစ်ကြိမ်ပြန်လည်ဖြည့်တင်းပေးတာလား၊ ဒါဆို တစ်နေ့ကို အသားပေါက်စီရဖို့ အခွင့်အရေး လေးကြိမ်ရှိမယ်၊ တစ်နေ့ကိုအသားပေါက်စီ ၁၆ခုတောင် ရမှာပေါ့”

*ဒုတ်... ဒုတ်... ဒုတ်*

လင်းယွဲ့ရင်ခုန်သံများ မြန်ဆန်လာသည်။ သူမ ထပ်ခါတလဲလဲပြန်ကြည့်ရင်း စိတ်လှုပ်ရှားမှုနှင့်အတူ လုံခြုံစိတ်ချမှုကိုပါ ခံစားလိုက်ရသည်။

“ရေခဲသေတ္တာထဲက မုန့်တွေက တကယ်ပဲ အလိုလိုပြန်ပြည့်နေတာပဲ၊ ဒါဆို ငါ ဘယ်တော့မှ ငတ်မသေတော့ဘူး”

လင်းယွဲ့သည် အသားပေါက်စီနှစ်ခုကို ထုတ်ယူပြီးနောက် ကျန်ရှိသောနှစ်ခုနှင့် ပလတ်စတစ်အိတ်ကို နေရာလပ်ထဲသို့ ပြန်ထည့်ထားလိုက်သည်။

သူမသည် အသားပေါက်စီကိုကိုက်လိုက်ရာ မွှေးကြိုင်လှသော အသားရည်များ ပါးစပ်ထဲတွင် စိမ့်ထွက်လာပြီး အလွန်ပင် ကျေနပ်အားရသွားလေသည်။

“ချွေတာစားနေစရာမလိုသလို သတိထားစားနေစရာမလိုတော့ဘူး၊ ဗိုက်ဝအောင် စားလို့ရပြီ”

အသားပေါက်စီနှစ်ခုကို အမြန်စားလိုက်ပြီးနောက် သူမ ဗိုက်ဆာနေသည်မှာ ပျောက်ကွယ်သွားပြီး အာဟာရပြည့်ဝသော အစားအစာများကြောင့် ဗိုက်ပြည့်သွားသည်။

တစ်နေ့တာလုံး ပင်ပန်းနွမ်းနယ်ခဲ့သမျှ အားအင်များတိုးလာပြီး လင်းယွဲ့သည် ချက်ချင်းပင် အိပ်ပျော်သွားတော့၏။

“မရီး ထတော့”

လင်းယွဲ့သည် ကုတန်၏လှုပ်နှိုးမှုကြောင့် နိုးလာသည်။ မျက်လုံးဖွင့်ကြည့်လိုက်ချိန်တွင် အပြင်ဘက်မှာ အမှောင်ကျနေလေသည်။

သို့သော် ကြက်များမှာ တစ်ကောင်ပြီးတစ်ကောင် တွန်နေကြပြီဖြစ်သည်။

အဖွားလီသည် တံခါးအပြင်ဘက်တွင် ရပ်လျက်ပြောလာ၏။

“ကောင်မလေး ငါတို့သွားကြရအောင်”

ကုတန်နှင့် တာ့ယာတို့မှာ နိုးနှင့်နေကြပြီပင်။ လင်းယွဲ့လည်း ချက်ချင်း ထလိုက်သည်။

“တာ့ယာ အဆင်ပြေရဲ့လား”

လင်းယွဲ့သည် တာ့ယာကိုလက်ယမ်းခေါ်လိုက်ပြီး သူမနဖူးကို စမ်းကြည့်ရန်ပြင်လိုက်သည်။

သို့သော် မမျှော်လင့်ဘဲ တာ့ယာသည် နောက်သို့ခြေလှမ်းအနည်းငယ်ဆုတ်သွားပြီး အဖွားလီနောက်တွင် ပုန်းကာ အင်္ကျီကိုဆွဲထားသည်။ သူမသည် ခေါင်းငုံ့ထားပြီး လင်းယွဲ့အကြည့်ကို ရှောင်နေလေ၏။

“လာပါ ဒီကိုလာ”

လင်းယွဲ့ပြုံးလျက် ထပ်ခေါ်သော်လည်း တ့ာယာမှာလာရမည့်အစား တစ်ကိုယ်လုံးတုန်ရင်နေသည်။

‘သွားပြီ’

တာ့ယာသည် သူမ တာ့ဟွမ်ယာကို သတ်ခဲ့သည့်မြင်ကွင်းအား မှတ်မိနေပြီး ကြောက်လန့်နေပုံရသည်။

“ဒီကလေး ဘာဖြစ်နေတာလဲ”

အဖွားလီက တာ့ယာခေါင်းကိုထိလိုက်သော်လည်း တာ့ယာမှာထိတ်လန့်သွားသော ငှက်ငယ်လေးပမာ ချက်ချင်းပင် ထွက်ပြေးသွားပြန်သည်။ အဖွားလီက သက်ပြင်းချရင်း ဆက်မပြောတော့ပေ။

“ကျိုးကျားက နွားလှည်းကို ပစ္စည်းတင်နေပြီ၊ အခုမသွားရင် လွတ်သွားလိမ့်မယ်၊ မင်းတို့ပစ္စည်းတွေကို အမြန်ထုတ်ကြ အခုပဲ ထွက်ကြမယ်”

လင်းယွဲ့ ခေါင်းညိတ်လိုက်သည်။ သူတို့ပစ္စည်းများမှာ အထုပ်အပိုးအငယ်စားလေးတစ်ခုသာရှိသည်။ တာ့ယာမှာ နိုးနေပြီဖြစ်၍ ကိုယ်တိုင်လမ်းလျှောက်နိုင်သည်။

လင်းယွဲ့သည် တာ့ယာကိုပတ်ပေးထားသော ဂွမ်းစောင်ကိုခေါက်ကာ အထုတ်အပိုးအတွင်း ထည့်လိုက်ပြီး ပခုံးတွင် လွယ်လိုက်သည်။

“သွားကြစို့”

နွားလှည်းမှာ အလွန်ကြီးမားပြီး ကုန်ပစ္စည်းများဖြင့် ပြည့်နှက်နေသည်။ ကျိုးမိသားစုသည် တောလိုက်ရရှိသော အသားများနှင့် ဆေးမြစ်များကို စုဆောင်းကာ ရှီထိုင်သို့ သွားရောက်ရောင်းချလေ့ရှိသည်။ ဆယ့်ငါးရက်တစ်ကြိမ်ခန့် ခရီးထွက်လေ့ရှိရာ လင်းယွဲ့တို့အဖွဲ့သည် အချိန်ကိုက်ပင်ဖြစ်သွား၏။

သူတို့ရောက်သွားချိန်တွင် နွားလှည်းပေါ်၌ လူခုနစ်ဦး၊ ရှစ်ဦးခန့် ရှိနေပြီဖြစ်သည်။

“ဆယ်ပြား”

လှည်းမောင်းသူကျိုးကျားက အော်ပြောလိုက်သည်။ ရွာနီးချုပ်စပ်သို့သွားသောသူများမှာ ပုံမှန်အားဖြင့် အခမဲ့ သို့မဟုတ် လက်ဆောင်သဘောမျိုး တစ်ပြားနှစ်ပြားသာပေးရသော်လည်း လင်းယွဲ့တို့အုပ်စုမှာ အဝေးကြီးသွားရမည်ဖြစ်၍ အခကြေးငွေမှာစျေးကြီးလှသည်။

“အိုး ဘယ်လိုဖြစ်လို့ ဒီလောက်တောင် ဈေးကြီးရတာလဲ၊ ငါတို့က တစ်ရွာတည်းသားတွေပဲဟာ”

အဖွားလီက ကျိုးကျားကို မျက်နှာချိုသွေးလျက် ပြောလိုက်သည်။

“ဒါက ကုချိုင်ရဲ့ဇနီးလေ၊ မင်းလည်း ကုချိုင်ကိုသိသားပဲ၊ အရင်က သူပေးတဲ့ တောလိုက်ပစ္စည်းတွေက အကောင်းစားတွေမို့ မင်းလည်းအမြတ်အစွန်းအများကြီးရခဲ့တာမဟုတ်လား၊ အခုသူတို့က မင်းလှည်းကို ခဏလေးစီးတာပဲ၊ လူကြီးတစ်ယောက်နဲ့ ကလေးနှစ်ယောက်က နေရာအများကြီးလည်းမယူပါဘူး၊ ဘာလို့ ပိုက်ဆံတောင်းနေတာလဲ၊ ငါက သူတို့ကိုခေါ်လာတာ၊ ငါ့မျက်နှာကို ဘယ်နားသွားထားရမလဲ”

ကျိုးကျား၏ဇနီးဖြစ်သူက ပစ္စည်းတင်ရင်း မျက်နှာပျက်ပျက်ဖြင့်

“အဖွား ဒီကနေ ရှီထိုင်ကိုသွားဖို့ လမ်းက မနီးဘူးနော်၊ ဒီဈေးက တကယ်မများပါဘူး"

"ငါမင်းကို ငယ်ငယ်ကတည်းကကြည့်ပေးလာတာ၊ မင်းကလေးဘဝတုန်းက ရှီထိုင်ကို ငါ့လူနဲ့လိုက်သွားတော့ သူ တစ်ပြားမှမတောင်းခဲ့ဘူး”

အဖွားလီက ကျိုးကျား၏ဇနီးကို ဂရုမစိုက်ဘဲ ကျိုးကျားကိုသာ စိုက်ကြည့်ပြီးပြောလိုက်ရာ ကျိုးကျားလည်း ရယ်မောလျက် ပြောလာလေသည်။

“ဟားဟား ကုချိုင်ရဲ့မိန်းမကိုး၊ ကုချိုင်က ကျွန်တော့်အတွက် သားတစ်ယောက်လိုပါပဲ၊ အဖွားလီ မစိုးရိမ်ပါနဲ့၊ ကျွန်တော် ပိုက်ဆံမယူပါဘူး၊ သူတို့ကို ဘေးကင်းကင်းနဲ့ ပို့ပေးပါ့မယ်”

“ဒါက ဘယ်လိုလုပ်...”

ကျိုးကျား၏ဇနီးက မကျေမနပ်ဖြစ်သွားသော်လည်း ကျိုးကျားက ချက်ချင်းပင် စကားဖြတ်လိုက်သည်။

“ငါစကားပြောနေတာ၊ မိန်းမသားဖြစ်ပြီး ဘာလို့ ဝင်ပြောနေတာလဲ၊ အထဲကို ပြန်ဝင်စမ်း”

ထိုအခါမှ အဖွားလီသည် ပြုံးရွှင်သွားပြီး လင်းယွဲ့အနားသို့လာကာ ရင်ဘတ်ထဲမှ အဝတ်ထုတ်တစ်ခုကို ထုတ်လိုက်သည်။

ထိုအထဲတွင် မုန့်ပြားသုံးခုရှိပြီး လင်းယွဲ့လက်ထဲသို့ ထည့်ပေးလိုက်သည်။

“ငါ့မှာ ပေးစရာအများကြီးမရှိဘူး၊ ဒီမုန့်တွေကို လမ်းမှာစားသွားကြ”

လင်းယွဲ့ ငြင်းရန်ပြင်လိုက်သော်လည်း အဖွားလီက သူမလက်ကိုပုတ်ကာ လေးနက်သော အမူအရာဖြင့်ဆိုလိုက်ရာ လင်းယွဲ့မှာငြင်းဆန်ရန် ခက်ခဲသွားသည်။

“မင်းမစားရင်တောင် ကလေးတွေကိုတော့ အငတ်မထားပါနဲ့"

“ကျေးဇူးတင်ပါတယ် အဖွား”

လင်းယွဲ့သည် မုန့်ပြားများကိုယူလိုက်ရာ စိတ်ထဲတွင် နွေးထွေးမှုကိုခံစားလိုက်ရသည်။

မူလက သူမသည် အသားပေါက်စီများကို လမ်းတွင်စားရန် စိတ်ကူးထားသော်လည်း ထိုမုန့်များမှာ လူအများအမြင်တွင်ဆန်းသစ်နေပြီး ပြဿနာတက်နိုင်သည်ကို စဉ်းစားမိသွားသည်။

ယခုတော့ ဤမုန့်ပြားများဖြင့် ဗိုက်ဖြည့်နိုင်ပြီဖြစ်သည်။ အဖွားလီသည် တကယ်ပင် စိတ်ထားကောင်းသူတစ်ယောက်ဖြစ်၏။

အဖွားလီ အိမ်ပြန်ရောက်သောအခါတွင် မြေးဖြစ်သူများမှာနိုးနေပြီး ပေါက်စီဖြူဖြူကြီးများအား ဝါးစားနေကြသည်ကို တွေ့လိုက်ရသည်။

“ဂျုံမုန့်တွေလား၊ ဘယ်ကရတာလဲ”

သူမ အမြန်သွားကြည့်လိုက်ရာ ပန်းကန်လုံးထဲတွင် အဖြူရောင်အသားပေါက်စီသုံးလုံးကို တွေ့လိုက်ရသည်။ နှင်းပမာ ဖြူဖွေးနေသောပေါက်စီကြီးများကိုမြင်လိုက်ရသဖြင့် အဖွားအိုမှာ စိတ်လှုပ်ရှားသွားရသည်။ မြေးဖြစ်သူများက တစ်လုံးကိုခွဲဝေစားနေကြ၏။

“အရမ်းမွှေးတာပဲ”

ကလေးများက မုန့်ကိုဖဲ့လိုက်ရာ အသားရည်များ စိမ့်ထွက်နေသော အသားများ ပေါ်လာပြီး မြေးဖြစ်သူ၏လက်ချောင်းများပေါ်သို့ပင် အသားရည်များစီးကျလာသည်။

မြေးဖြစ်သူက ထိုအသားရည်များကို အားရပါးရလျက်နေလေသည်။

“အိုးအိုး အသားပေါက်စီတွေပဲ”

အဖွားလီ သက်ပြင်းချလိုက်သည်။

ဒါသည် လင်းယွဲ့ချန်ထားပေးခဲ့သော လက်ဆောင်ဖြစ်ကြောင်း သူမ ချက်ချင်း နားလည်လိုက်သည်။

“ဒီကောင်မလေးက တကယ်ပဲ အိမ်ထောင်မှုကို မစီမံတတ်လိုက်တာ”

ဤမျှကောင်းသော အသားပေါက်စီတစ်လုံးလျှင် အနည်းဆုံးသုံးပြားခန့် ပေးရမည်ဖြစ်သည်။ လေးလုံးဆိုလျှင် ၁၂ ပြား။ ဤခေတ်ကာလ ဤကျေးရွာတွင် ဤသည်မှာအလွန်ကြီးကျယ်သော လက်ဆောင်ဖြစ်သည်။

နှုတ်ကပြောနေသော်လည်း အဖွားလီစိတ်ထဲတွင် ကျေနပ်သွားလေသည်။

“ကုချိုင်လေးက လူကောင်း၊ ဒီကောင်မလေးကလည်း လူကောင်းလေးပဲ”

သူမ စိတ်ထဲတွင် ဝမ်းနည်းမှု အနည်းငယ်ဖြစ်မိသည်။

ဘာပဲဖြစ်ဖြစ် မနေ့ညက သူတို့ကို ကြက်ဥများကျွေးလိုက်သင့်သည်။ ယနေ့နံနက်ကလည်း မုန့်ပြားများပိုပေးလိုက်သင့်သည်။

လင်းယွဲ့ကထိုအကြောင်းများကို မသိပေ။ ယနေ့နံနက် နိုးလာသောအခါ ရေခဲသေတ္တာထဲမှ အသားပေါက်စီများ၏ ပြန်လည်ဖြည့်တင်းချိန်မှာ ၀၀:၀၀:၀၀ဖြစ်နေသည်ကို တွေ့ရသည်။

သို့သော် စက္ကန့်အနည်းငယ်ကြည့်နေသော်လည်း အချိန်ကရွေ့မသွားပေ။

သူမမုန့်များကို အပြင်ထုတ်ယူလိုက်သည့်အချိန်မှသာ ၀၅:၅၉:၅၉ ဟု အချိန်ပြန်စတွက်လေသည်။

အပြင်ထုတ်ပြီးသား မုန့်များကို ရေခဲသေတ္တာထဲသို့ ပြန်ထည့်၍မရတော့ပေ။

သို့သော် ကံကောင်းထောက်မစွာဖြင့် ရေခဲသေတ္တာအပြင်ဘက်တွင်ရှိသော နေရာလွတ်ထဲသို့ ထည့်ထား၍ရသည်။ မနေ့ညက ထိုနေရာလွတ်ထဲထည့်ထားသော အသားပေါက်စီနှစ်လုံးသည် ယနေ့နံနက်ထုတ်ယူချိန်တွင် အေးစိမ့်နေဆဲပင်။

ဤသည်ကို ကြည့်ခြင်းအားဖြင့် ဤနေရာလွတ်သည် အစားအသောက်များကို အေးခဲစေရုံသာမက ပစ္စည်းများ၏မူလအခြေအနေကို မပျက်စီးအောင် ထိန်းသိမ်းထားနိုင်ကြောင်း လင်းယွဲ့ သဘောပေါက်လိုက်သည်။

“ဒါဆို အစားအစာတွေ ပုပ်သိုးသွားမှာကို ပူစရာမလိုတော့ဘူး”

သူမ၏ရေခဲသေတ္တာထဲတွင် အသားပေါက်စီသာမက အခြားကောင်းမွန်သော ပစ္စည်းများစွာရှိသေးသည်။

အကယ်၍ ထိုအရာအားလုံးကို စားသုံးနိုင်ပြီး အားလုံးက အလိုအလျောက် ပြန်ပြည့်နေမည်ဆိုလျှင် ဘယ်အရာကိုမှ ကြောက်နေစရာမလိုတော့ပေ။ ရှေးခေတ်တွင် သူမဂုဏ်ယူဝံ့ကြွားစွာ နေထိုင်သွားနိုင်မည်ဖြစ်သည်။

သို့သော် သူမ စိုးရိမ်စိတ်အနည်းငယ်ရှိနေသည်။ မနေ့ကအစောပိုင်းတွင် စနစ်သည် ရုတ်တရက်ပေါ်လာပြီး ရေခဲသေတ္တာကိုဖွင့်ပေးကာ ပစ္စည်းတစ်ခု ယူခွင့်ပေးခဲ့သော်လည်း ယနေ့တွင် မည်သည့်တုံ့ပြန်မှုမျှမရှိတော့ချေ။

လင်းယွဲ့တစ်ယောက် စနစ်ကို မည်သို့ပင် စမ်းကြည့်သော်လည်း စနစ်က ထူးခြားမလာသဖြင့် နောက်ဆုံးတွင် လက်လျှော့လိုက်ရသည်။

သို့သော် ရေခဲသေတ္တာနှင့် အသားပေါက်စီများရှိနေသရွေ့ စနစ်က ထွက်ပြေးသွားမည်မဟုတ်ဟု သူမ ခံစားမိသည်။

နွားလှည်းသည် တဂျောက်ဂျောက် မြည်သံပေးကာ ဖြည်းညင်းတည်ငြိမ်စွာ ရှေ့သို့ခရီးဆက်နေသည်။

လှည်းပေါ်မှ လူများကလည်း တစ်စုပြီးတစ်စု အတက်အဆင်း ရှိနေကြသည်။

နေဝင်ချိန်သို့ ရောက်သောအခါ သူတို့အပြင် လူလေးငါးဦးခန့်သာကျန်တော့သည်။

“ဒီညတော့ ဒီမှာပဲ နားကြမယ်"

ကျိုးကျားမှာ ကွင်းပြင်တွင် နွားလှည်းကိုရပ်ရင်း ထင်းတဲ သို့မဟုတ် လှည်းပေါ်မှာသာ အိပ်မလား ဒါမှမဟုတ် အိမ်ထဲမှာ ဝင်အိပ်မလားဟုမေးလိုက်သည်။

All Chapters