အခန်း ၇
Vol. 1 Ch. 7
Ch-7
တစ်ခန်းလုံးတွင် ပုပ်အဲ့အဲ့အနံ့များ ဖုံးလွှမ်းသွားသည်။
လင်းယွဲ့သည် ချက်ချင်းပင်မျက်စိ၊ နှာခေါင်းနှင့် နားများပါပိတ်ဆို့သွားသလို ခံစားလိုက်ရပြီး ခေါင်းထဲမူးနောက်သွား၏။
တာ့ယာပင်လျှင် သူမပါးစပ်နှင့် နှာခေါင်းကို အမြန်ပိတ်ထားလိုက်ရသည်။
တကယ်တော့ ဆီးသွားချင်လျှင် အပြင်က ကွင်းပြင်တစ်ခုခုတွင် သွားလိုက်ရုံသာပင်။ အိမ်သာအထိ သွားနေစရာမလိုပေ။
ကုတန်က လက်တစ်ဖက်ဖြင့် ယပ်ခပ်ရင်း အူကြောင်ကြောင်အပြုံးဖြင့် ပြောလိုက်သည်။
“ကျွန်တော်ကတော့ အဆင်ပြေပါတယ်လို့ ထင်တာပဲ”
လင်းယွဲ့သည် ပြတင်းပေါက်ကိုဖွင့်လိုက်ပြီး အပြင်ကလတ်ဆတ်သော လေကို ဝဝရှူသွင်းလိုက်သည်။
လေဝင်လေထွက်ရသွားပြီးနောက် အခန်းထဲက အနံ့ဆိုးများမှာ သိသိသာသာလျော့ပါးသွားလေသည်။
“မရီး ဒီမှာ ပိုက်ဆံတွေ”
ကုတန်သည် အိတ်ကိုထုတ်လိုက်ပြီး ကြေးပြားစေ့များကို အိတ်ပေါ်သို့သွန်ချလိုက်သည်။
“ဒါတွေ ဘယ်ကရတာလဲ”
“ဒါက အကိုကြီးမထွက်သွားခင် ကျွန်တော့်အတွက်ချန်ထားခဲ့တဲ့ အသက်ကယ်ပိုက်ဆံတွေပါ”
ကုချိုင်သည် မူလပိုင်ရှင်လင်းယွဲ့ကိုလည်း ကြေးပြားစေ့ ၅၀၀ပေးခဲ့သည်ကို လင်းယွဲ့ သိထားသည်။
“ဒါကို ဘာလို့မသိမ်းထားတာလဲ”
ကုတန် ခေါင်းကိုကုတ်ပြီး
“မရီး လမ်းခရီးမှာ ပိုက်ဆံလိုလိမ့်မယ်လို့ ကျွန်တော်တွေးမိလို့ပါ”
“မင်းက တကယ့်ကိုလိမ္မာတဲ့ကလေးလေးပဲ”
လင်းယွဲ့သည် အလွန်ပင်ကျေနက်သွားပြီး သူ့ခေါင်းလေးကို ပွတ်သပ်ပေးလိုက်သည်။
ကလေးတစ်ယောက်အတွက် ကြေးပြား ၂၀၀ ဆိုသည်မှာ အလွန်များပြားသော ပမာဏဖြစ်သည်။ ထို့အပြင် သူ့အကိုဖြစ်သူက အထပ်ထပ်မှာကြားခဲ့သော အသက်ကယ် ပိုက်ဆံလည်းဖြစ်သည်။ ကုတန်းသည် သူမကိုယုံကြည်သောကြောင့်သာ ဤပိုက်ဆံများကို ပေးအပ်ခဲ့ခြင်းဖြစ်၏။ ထိုယုံကြည်မှုသည် လင်းယွဲ့နှင့် ကလေးများကြားက စိမ်းသက်မှုကို ချက်ချင်းပင် ချေဖျက်ပေးလိုက်သည်။
လင်းယွဲ့သည် ကြေးပြားစေ့များကို အိတ်ထဲကထုတ်ရန် အဝတ်စတစ်ခုကို ဆွဲဖြတ်လိုက်ရာ ကုတန်ကလက်ဖြင့် ပိတ်တားလိုက်သည်။
“ဒါပေမဲ့”
လင်းယွဲ့က မေးခွန်းထုတ်သလိုကြည့်လိုက်ရာ သူ ရှင်းပြလာသည်။
“မရီး အသားပေါက်စီတွေ မဝယ်ပါနဲ့တော့၊ အဲဒါတွေက အရမ်းဈေးကြီးတယ်၊ ကျွန်တော်တို့ဟင်းရွက်ရိုင်းဆန်ပြုတ်ပဲ သောက်လို့ရပါတယ်”
လင်းယွဲ့ကတော့ ‘ဒါက ငါထိန်းချုပ်လို့ရတဲ့ အရာမှမဟုတ်တာ’ ဟု တွေးနေမိသည်။ အလကားရသည့် အသားပေါက်စီကိုမစားဘဲနေလျှင် နှမြောစရာကောင်းလှ၏။ သို့သော် ကုတန်းက တွန့်ဆုတ်နေသော အမူအရာဖြင့် ခေါင်းခါပြသည်။
“မရီးက လူကြီးပဲ၊ စားချင်ရင်တော့ တစ်ခါစားရင် တစ်လုံးပဲဝယ်စားလေ”
လင်းယွဲ့ စိတ်မကောင်းဖြစ်သွားပြီး
“လိမ္မာတဲ့ကလေး၊ ဒါတွေကို လူကြီးတွေက စီစဉ်ပေးပါ့မယ်”
“မဟုတ်ဘူး”
ကုတန်းက တည်တံ့သောမျက်နှာထားဖြင့် ပြောလာသည်။
“အကိုကြီးက ကျွန်တော်တို့ဆွေမျိုးတွေအကြောင်း မရီးကိုပြောဖူးလား”
မပြောဖူးပေ။ မူလပိုင်ရှင်သည် ကုချိုင်အပေါ် အေးစက်ခဲ့သူဖြစ်သည်။ ကုချိုင်က ကုတင်နားသို့ နည်းနည်းလေး ကပ်လာသည်နှင့် သူမကလည်ပင်းကို ဓားဖြင့်ထောက်ကာ သေကြောင်းကြံမည်ဟု ခြိမ်းခြောက်ခဲ့၏။
သူတို့နှစ်ဦး စကားနှစ်ခွန်းပင်မပြောဖြစ်ခဲ့ကြပေ။ ကုချိုင်က သူ့မိသားစုအကြောင်းကို မည်သို့ပြောပြနိုင်မည်နည်း။
သို့သော်လည်း မူလပိုင်ရှင်သာ ထိုမျှ ရက်စက်ကြမ်းကြုတ်ခြင်းမရှိခဲ့လျှင် လူကုန်ကူးသူများလက်က လွတ်မြောက်နိုင်ခဲ့မည်မဟုတ်ပေ။
ကုတန်သည် လူကြီးတစ်ယောက်လို သက်ပြင်းချရင်း စိုးရိမ်ပူပန်မှုများဖြင့် ပြောပြတော့သည်။
“ကျွန်တော်ထွက်လာတုန်းက ငယ်သေးပေမဲ့ အမှတ်ရနေသေးတယ်၊ ကျွန်တော့်မှာ ဘကြီးနဲ့ ဦးလေးလေးယောက်၊ အဒေါ် သုံးယောက်ရှိတယ်၊ အဖေက စတုတ္ထမြောက်သား၊ အဖေက မုဆိုးလုပ်ရင်း ကျားကိုက်လို့သေသွားတာ၊ နောက်တော့ အမေလည်း အဖေ့နောက် လိုက်သွားတယ်၊ အဲဒါကြောင့် ကျွန်တော်တို့ကို ဘယ်သူမှမချစ်ကြဘူး၊ ကျွန်တော်တို့က ကံဇာတာညံ့တဲ့သူတွေလို့ အားလုံးကပြောကြတယ်၊ ငယ်ငယ်လေးကတည်းက ငတ်တလှည့် ပြတ်တလှည့်ကြီးလာခဲ့ရတာ၊ ဘကြီးတွေ အဒေါ်တွေတင်မကဘူး၊ အဘိုးနဲ့ အဘွားကပါ ကျွန်တော်တို့ကိုမုန်းကြတာ၊ အဘိုးသေပြီးတော့ ဘကြီးက အမွေခွဲချင်တယ်လို့ ပြောတယ်၊ အမွေခွဲတာကိုတော့ ကျွန်တော်သိပ်နားမလည်ဘူး၊ ဒါပေမဲ့ အကိုကြီးကပြောတယ်၊ သူတို့က ကျွန်တော်တို့ကို ငတ်သေအောင်လုပ်ချင်နေတာတဲ့၊ ဒါကြောင့် ကျွန်တော်တို့ ကိုယ့်လမ်းကိုယ် ရှာရမယ်ဆိုပြီး ထွက်လာခဲ့တာ၊ ဒါကြောင့် အခုပြန်သွားရင် ကျွန်တော်တို့ နေစရာနေရာ ရှိမရှိတောင် မသိဘူး၊ အဲဒါကြောင့်မို့လို့ ပိုက်ဆံကို ချွေတာသုံးရမယ်”
‘ကိစ္စက အဲဒီလောက်တောင်ကြီးကျယ်တာလား’
လင်းယွဲ့ရင်ထဲတွင် အေးစက်သွားသည်။ သို့သော် မူလပိုင်ရှင်၏ဦးလေးက အရာအားလုံးကို သိမ်းပိုက်ရန် ကြံစည်ခဲ့သည်ကို ပြန်တွေးမိရာ ခေတ်သစ်ကာလတွင် မိဘမဲ့ကလေးများကို ဂရုစိုက်ချင်ယောင်ဆောင်ပြီး အမွေများကို သိမ်းပိုက်တတ်သော ဆွေမျိုးများရှိနေတတ်သည်။
အားကိုးရာမဲ့နေသည့် ဤကလေးသုံးယောက်အတွက် ထိုသို့အဆက်ဆံခံရခြင်းမှာ ဖြစ်လေ့ဖြစ်ထရှိသောကိစ္စတစ်ခုပင် ဖြစ်သည်။
“ဒါပေမဲ့ ဒါကမှားနေတာပဲ”
ရန်သူလာလျှင် ခုခံမည်၊ ရေလာလျှင် ငါးစာအဖြစ်သုံးမည် (ပြဿနာကို ထိပ်တိုက်ရင်ဆိုင်မည်)။
လင်းယွဲ့သည် သူတို့ခေါင်းလေးများကို ပွတ်သပ်ကာ နှစ်သိမ့်ပေးလိုက်သည်။
“ရပါတယ်၊ သူတို့က ငါတို့အပေါ် အရမ်းရက်စက်လာရင် မျိုးနွယ်စု လူကြီးမင်းတွေကို တရားမျှတအောင် ဆောင်ရွက်ပေးဖို့ ငါတို့တောင်းဆိုကြတာပေါ့”
“ကဲ အိပ်ကြရအောင်”
လင်းယွဲ့ပြုံးလျက် တိုက်တွန်းလိုက်၏။
“နွားလှည်းက မြန်ပါတယ်၊ မနက်ဖြန် ညနေဆိုရင်တော့ ငါတို့ရောက်လောက်ပါပြီ”
ကုတန်က အတွင်းဘက်ဆုံးတွင်အိပ်ပြီး တာ့ယာက အလယ်တွင်အိပ်ကာ လင်းယွဲ့ကတော့ အပြင်ဘက်ဆုံးတွင် အိပ်စက်ကြသည်။ ခရီးပန်းလှသည့်အပြင် နွားလှည်း၏တအိအိလှုပ်ခါမှုက ပို၍ပင်လူကိုနွမ်းနယ်စေသည်။
လင်းယွဲ့သည် ခဏချင်းပင်အိပ်ပျော်သွားပြီး အသက်ရှူသံခပ်ပြင်းပြင်း ထွက်ပေါ်လာတော့သည်။
ထိုအချိန်တွင် သူမဘေးနားရှိ တာ့ယာမှာ မျက်လုံးများကိုဖွင့်လိုက်သည်။
သူမမျက်လုံးများက တောက်ပနေပြီး လက်ကလေးကို လင်းယွဲ့နှာခေါင်းအောက်သို့ တိတ်တဆိတ်တိုးကပ်လိုက်သည်။
နွေးထွေးသော အသက်ရှူသံကို ခံစားလိုက်ရပြီးမှ သူမသက်ပြင်းချနိုင်တော့သည်။
ဒါသရဲ မဟုတ်တာသေချာသွားပြီ။
တာ့ယာသည် သူမအသက်ငါးနှစ်အရွယ်သို့ ပြန်ရောက်နေသည်ကိုယုံရခက်နေဆဲဖြစ်သည်။
မရီးသည် တာ့ဟွမ်ယာနောက်သို့လိုက်မသွားခဲ့ပေ။ ထိုအစား တာ့ဟွမ်ယာကို သတ်ပစ်လိုက်ပြီး ရှီထိုင်မြို့ရှိ ဘကြီးများဆီသွားပြီး ခိုလှုံဖို့လုပ်နေသည်။
“ဒါ...ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ”
‘အရင်ဘဝတုန်းကတော့ ယောင်းမက တာ့ဟွမ်ယာရဲ့စော်ကားခံရပြီးတဲ့နောက် ကိုယ့်ကိုကိုယ်သေကြောင်းကြံချင်တဲ့အထိ စိတ်ဓာတ်ကျနေခဲ့တာ၊ တာ့ဟွမ်ယာကတော့ အောင်နိုင်သူလိုအိမ်ထဲက ထွက်လာခဲ့တယ်လေ၊ သူတို့အိမ်က ကုန်းမြင့်ပေါ်မှာရှိတော့ တာ့ဟွမ်ယာက ရေကြီးတော့မယ်ဆိုတာသိသွားပြီး ရွာသားတွေကို စုပြီးထွက်ပြေးဖို့ ဦးဆောင်ခဲ့တယ်၊ အဲဒီနောက်ပိုင်းကျ တာ့ဟွမ်ယာက ရွာမှာ လူရှိန်ရတဲ့သူဖြစ်လာရော၊ တာ့ဟွမ်ယာက ယောင်းမကို ခြိမ်းခြောက်ပြီး အဓမ္မလက်ထပ်ခဲ့တယ်၊ ငါနဲ့ ငါ့အကိုလည်း တာ့ဟွမ်ယာရဲ့အိမ်ကို လိုက်သွားခဲ့ရတယ်၊ ဒါပေမဲ့ အဲဒီမှာ ကောင်းကောင်းမွန်မွန်နေခဲ့ရတာမှ မဟုတ်တာ၊ သူတို့ဘဝတွေက သေတာထက်တောင် ဆိုးခဲ့သေးတယ်၊ ထမင်းဆိုတာကလည်း ဆန်ပြုတ်ရည် ကျဲကျဲလေးပဲ၊ အဝတ်လျှော်၊ ထမင်းချက်၊ ကြက်စာကျွေး၊ မြက်ရိတ်၊ လယ်ထွန်အလုပ်မျိုးစုံကို လုပ်ခဲ့ရတာ၊ သေမတတ်အလုပ်,လုပ်ရပြီး နွားတင်းကုပ်ထဲမှာ အိပ်ခဲ့ရတယ်၊ ငါ့အကိုဆိုရင် ပိုဆိုးသေးတယ်၊ တိရစ္ဆာန်တစ်ကောင်လို အနှိမ်ခံခဲ့ရတာ၊ သူတို့က တာ့ဟွမ်ယာမိသားစုရဲ့ ကျွန်တွေဖြစ်ခဲ့ရတာပေါ့၊ ဒါပေမဲ့ ဒီလောက်ဒုက္ခရောက်နေတာတောင် တာ့ဟွမ်ယာမိသားစုက ငါ့ကိုနှိပ်စက်နေတုန်းပဲ၊ ယောင်းမကလည်း ဒါတွေကိုမမြင်ချင်ယောင်ဆောင်နေတဲ့အပြင် သူကိုယ်တိုင်အနှိမ်ခံရရင် ငါ့အပေါ်ကိုပဲ ဒေါသပုံချလေ့ရှိတယ်၊ ဒါတင်မကသေးဘူး၊ ငါ့အသက် ၁၁ နှစ်အရွယ်မှာ တာ့ဟွမ်ယာက ငါ့ကိုပါ စော်ကားဖို့ကြိုးစားခဲ့တယ်၊ ငါကရုန်းကန်တဲ့အခါ တာ့ဟွမ်ယာက ဒေါသတကြီးနဲ့ ရိုက်လိုက်တာကြောင့် ငါသေသွားခဲ့ရတယ်၊ အခုတော့ ငါက ဒီမှာပြန်နိုးလာပြီ’
သူမ ထိတ်လန့်သလို တစ်ဖက်မှာလည်း ပျော်ရွှင်မိသည်။
‘ယောင်းမက အခြားလူတစ်ယောက်ဖြစ်သွားသလိုပဲ’
သူမကို ချီပိုးသည်၊ ရေချိုးပေး၏၊ အသားပေါက်စီတွေတောင် ကျွေးသေးသည်။ အရေးကြီးဆုံးကတော့ ယောင်းမတစ်ကိုယ်လုံးကနေ နွေးထွေးနူးညံ့သော ဂရုစိုက်မှုများကို သူမခံစားမိနေသည်။
‘ဒါတကယ်ပဲ ငါ့ယောင်းမလား’
တာ့ယာမှာ သူ့ယောင်းမ သရဲတစ်ကောင်ဖြစ်နေမည်ကို ကြောက်နေမိသည်။ ဒါပေမဲ့ သရဲကသာ ယောင်းမလိုမျိုးဆိုရင် သရဲဆိုတာ သိပ်မကြောက်ဖို့ကောင်းဘူးဟု သူမတွေးမိပြန်သည်။ တာ့ဟွမ်ယာမိသားစုလောက်တော့ မကြောက်ရသည်မှာ အမှန်ပင်။
သို့သော်လည်း သူမရင်ထဲရှိ နာကျင်မှုနှင့် ကြောက်ရွံ့မှုများကို ကျော်လွှားရန် အလွန်ခက်ခဲလှသည်။
တာ့ယာသည် စိတ်ဓာတ်ကျမှုကို မကြာခဏထိန်းချုပ်နိုင်စွမ်းမရှိဘဲ အတွေးလွန်နေတတ်သည်။ တစ်ခါတစ်ရံတွင် လင်းယွဲ့၏ ရုတ်တရက်ထိတွေ့မှုကြောင့်ပင် သူမ ခန္ဓာကိုယ်လေးက တုန်ရီသွားတတ်သည်။
တာ့ယာသည် သတ္တိကိုမွေးမြူကာ လင်းယွဲ့လက်သန်းလေးကို ဆုပ်ကိုင်လိုက်ပြီး စိတ်ထဲမှ တိတ်တဆိတ်ဆုတောင်းလိုက်သည်။
‘ယောင်းမက သရဲတစ်ကောင်ဖြစ်ဖြစ် ဘာဖြစ်ဖြစ် ကျေးဇူးပြုပြီး ကျွန်မတို့ကို ထားမသွားပါနဲ့’
နံနက်စောစော လင်းယွဲ့နိုးလာသည်နှင့် ပထမဆုံးလုပ်သည့်အလုပ်မှာ ရေခဲသေတ္တာကို စစ်ဆေးခြင်း ဖြစ်သည်။
[ကျေးဇူးပြုပြီး ပစ္စည်းတစ်ခုကို ရွေးချယ်ပြီး အသုံးပြုပေးပါ]
သူမ အသားပေါက်စီကိုမယူရသေးခင်မှာပင် ဤစကားသံက စိတ်ထဲတွင် ရုတ်တရက် မြည်ဟီးလာသည်။ လင်းယွဲ့မျက်လုံးများ ပြူးသွားပြီး အလွန်အမင်း စိတ်လှုပ်ရှားသွားတော့သည်။
‘ဖွင့်ပြီ စနစ်က နောက်ဆုံးတော့ပြန်ပေါ်လာပြီ’
ဒီတစ်ခါ ဘာကိုရွေးရမလဲ။ လင်းယွဲ့စိတ်အာရုံမှာ ရေခဲသေတ္တာအကန့်များကြားတွင် ဝေခွဲမရဖြစ်နေသည်။
‘အသားလား ငါးလား ကိတ်မုန့်လား အား... အကုန်လုံးကို လိုချင်တာပဲ၊ အထူးသဖြင့် ငရုတ်ကောင်းနဲ့ အရက်ဖြူ’
ထန်မင်းဆက်တွင် ငရုတ်ကောင်းဆိုသည်မှာ ရွှေတစ်ကျပ်သားကို ငရုတ်ကောင်းတစ်ကျပ်သားနှင့်လဲရလောက်အောင် တန်ဖိုးကြီးသည်။ ဤအရာများထဲမှ တစ်ခုခုကိုသာထုတ်လိုက်လျှင် သူမသူဌေးဖြစ်သွားမည်မှာ အသေအချာပင်။ သို့ပေမဲ့ အရင်းအမြစ်မရှိဘဲ ဤမျှတန်ဖိုးကြီးသည့်အရာများကို ထုတ်ရောင်းလျှင် သူမ ချက်ချင်းအဖမ်းခံရပြီး ထောင်ထဲ ရောက်သွားနိုင်သည်။
တန်ဖိုးကြီးရတနာကို ပိုင်ဆိုင်ထားရခြင်းက ပစ်မှတ်တစ်ခုဖြစ်လာစေသည်။
နောက်ဆုံးတွင် လင်းယွဲ့အကြည့်က ကြက်ဥကတ်တစ်ကတ်ပေါ်သို့ ကျရောက်သွားသည်။
ကြက်ဥသည် ဤခေတ်ကာလတွင် တန်ဖိုးရှိသော အရာတစ်ခုဖြစ်သည်။ ၎င်းကို ငွေအဖြစ်ရောင်းချနိုင်သလို ဗိုက်ပြည့်ဖို့အတွက်ပင် စားသုံးနိုင်သည်။ ထို့အပြင် သိပ်ပြီးထူးဆန်းနေသော အရာလည်းမဟုတ်ပေ။
တစ်ကတ်တွင် ကြက်ဥ ၃၀ပါသည်။ တစ်နေ့လျှင် လေးကြိမ်အသစ်ပြန်ဖြစ်မည်ဆိုလျှင် သူမ ကြက်ဥ ၁၂၀ရနိုင်သည်။
၎င်းမှာ ကြေးပြား၆၀နှင့် ညီမျှသည်။ ကျေးလက်တွင်တော့ ၎င်းမှာ အတော်အတန် များပြားသောပမာဏပင်ဖြစ်သည်။
လင်းယွဲ့သည် ကြက်ဥများကို အမြန်ပင် အသုံးပြုခွင့်ဖွင့်လိုက်သည်။ ကြက်ဥကတ်ကိုထုတ်ယူပြီး ဟင်းလင်းပြင်ထဲသို့ထည့်လိုက်ပြီးနောက် ကြက်ဥများ၏ အောက်တွင် အသစ်ပြန်ဖြစ်မည့် အချိန်ကို တွေ့လိုက်ရသည်။
၀၅ : ၅၉ : ၅၃
‘ဒါပေမဲ့... ဒီစနစ်က ဘယ်လိုနည်းနဲ့ အသုံးပြုခွင့် ပွင့်သွားတာလဲ’
သေချာလိုက်ရှာကြည့်ပြီးနောက် လင်းယွဲ့ သဲလွန်စတစ်ခုကို တွေ့သွားသည်။ မနေ့က ကုတန်းပေးခဲ့သော ကြေးပြားစေ့ ၂၀၀ပျောက်ကွယ်သွားပြီဖြစ်သည်။ သူမခေါင်းထဲသို့ အတွေးတစ်ခုဝင်လာသည်။
လွန်ခဲ့သည့်အကြိမ်ကလည်း ကျောက်စိမ်းဆွဲသီး ပဟေဠိဆန်ဆန် ပျောက်ကွယ်သွားသည်ကို သတိရသွားသည်။
‘ဒါက တိုက်ဆိုင်မှုမဟုတ်ဘူး၊ စနစ်က ကျောက်စိမ်းတွေ၊ ကြေးပြားစေ့တွေကို သုံးပြီး အဆင့်မြှင့်တင်တာဖြစ်ရမယ်’
ဤပုံစံကိုသိသွားပြီးနောက် လင်းယွဲ့ ပို၍စိတ်အေးသွားရသည်။
‘ပိုက်ဆံလား အေးလေ ရှာလိုက်ရုံပေါ့’